← Chapters

အခန်း (၃၄၀)

Vol. 34 Ch. 340

အခန်း (၃၄၀)

Vol. 34 Ch. 340

မည်သို့ပင်ဆိုစေကာမူ သူမသည် မိုထျန်နန်၏ မျိုးဆက်ဖြစ်ပေသည်။ ထို့ပြင် တုပိုင်သည်လည်း စားပွဲသောက်ပွဲတွင် မိုမိသားစု ရတနာသိုက်ကို ရှာတွေ့ပါက တစ်ဝက်ခွဲပေးမည်ဟု ကတိပေးခဲ့ဖူးသည်။

သို့သော် ယခုအခါ တစ်ဖက်လူက အင်အားသုံးလာပေသည်။ ထို့ကြောင့် တုပိုင်သည် ရွှေတစ်ပြာစ်ချပ်မှ မပေးလိုတော့ချေ။

သူတို့က တိုက်ခိုက်လိုသည်လား။ ထိုသို့ဆိုလျှင်လည်း တိုက်ခိုက်ကြသည်ပေါ့။ တုပိုင်၌ နိုက်ထရိုဂလစ်စရင်း ပေါင်ထောင်ချီ ကျန်ရှိနေသေးသည်။ ယခုအကုန်ထုတ်သုံးလိုက်လျှင် မြို့စောင့်တပ်မှူး ယန်ရှောင်နှင့် တိုက်ခိုက်ရန်အတွက် လက်နက်လျော့နည်းသွားမည် ဖြစ်သော်လည်း ဂရုမစိုက်နိုင်တော့ပေ။

ရှောင်မူကျစ်က ပြောလိုက်သည်။ “အစ်ကိုတု... ကျွန်တော် ရေတွက်တော့မယ်နော်။ တကယ်လို့ ခင်ဗျားက တစ်ဝက်ခွဲမပေးချင်ဘူးဆိုရင်တော့ ကျွန်တော်တို့ဘက်က အင်အားသုံးရပါလိမ့်မယ်”

“ငါး”

“လေး”

စစ်သင်္ဘောခြောက်စီးပေါ်ရှိ ဧရာမဒူးလေးကြီးများနှင့် လေးသည်တော်ရာပေါင်းများစွာသည် တုပိုင်၏ သင်္ဘောများကို ချိန်ရွယ်လိုက်ကြသည်။

ထိုအချိန်၌ပင် မလှမ်းမကမ်းရှိ ပင်လယ်ပြင်ထက်မှ နောက်ထပ် စစ်သင်္ဘော ခြောက်စီးသည် ထွက်ပေါ်လာပြီး အရှိန်ပြင်းစွာ မောင်းနှင်လာကြသည်။ တုပိုင် လန့်ဖျပ်သွားရသည်။ မည်သူ့သင်္ဘောများနည်း။ ရန်သူ့သင်္ဘောများ ထပ်မဖြစ်ပါစေနဲ့ဟု ဆုတောင်းရမည်။ ထိုသို့ဆိုလျှင် အလွန်ဒုက္ခရောက်ပေလိမ့်မည်။

ရှောင်မူကျစ်သည် အရှိန်ပြင်းစွာ မောင်းနှင်လာသော သူစိမ်းစစ်သင်္ဘောများကို မြင်လိုက်ရသဖြင့် ရေတွက်နေခြင်းကို ရပ်တန့်လိုက်သည်။.ခဏအကြာ သင်္ဘောများ နီးကပ်လာသောအခါ တုပိုင်သည် ထိုသင်္ဘောများပေါ်မှ အလံကို မြင်လိုက်ရသည်။ ယင်းသည် အန်နမ်ဘုရင်၏ အလံများပင်ဖြစ်လေ၏။

ထိုသည်က မဟာမိတ်စစ်သင်္ဘောများဖြစ်သဖြင့် တုပိုင်တစ်ယောက် ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားရသည်။

“ဒါက ငါတို့ရဲ့ ရေကြောင်းစစ်ဘက်နယ်မြေပဲ။ မဟာမိတ်မဟုတ်တဲ့ စစ်သင်္ဘောတွေအားလုံး ချက်ချင်းထွက်သွားကြ။ မထွက်သွားရင် အကုန်သတ်ပစ်မယ်” အန်နမ်ဘုရင် ရေတပ်၏ ဦးစီးသင်္ဘောကြီးဆီမှ အသံသည် ပင်လယ်ပြင်တစ်ခုလုံးသို့ ပျံ့လွင့်သွားသည်။

ထိုအသံကို ကြားလိုက်ရသည့်အခါ တုပိုင်တစ်ယောက် ရုတ်တရက် တုန်လှုပ်သွားပြီးနောက် ရင်ထဲ၌ ဝမ်းသာပီတိလှိုင်းလုံးများ ဒလဟော ဝင်ရောက်လာခဲ့သည်။ ချက်ချင်းပင် မျက်လုံးများ ပူနွေးလာပြီး မျက်ရည်များပင် ကျလုမတတ် ဖြစ်သွားရ၏။ ထိုအသံသည် မွေးစားအဖေ လီဝမ်ဟွေ့၏ အသံဖြစ်ပေသည်။

လွန်ခဲ့သော အချိန်က ကွမ်ရှီးပြည်နယ်တွင် မွေးစားအဖေ လီဝမ်ဟွေ့ ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြိုးစားပြီးနောက် ကယ်ဆယ်ခြင်းခံခဲ့ရသည်။ တုပိုင်သည် ဝမ်းနည်းပက်လက်ဖြင့် သွားရောက်တွေ့ဆုံခဲ့သော်လည်း သူသည် တောင်ဘက်သို့ ထွက်ခွာသွားခဲ့ပြီး ဖြစ်သည်။

မွေးစားအဖေ လီဝမ်ဟွေ့ကို ဤနေရာ၌ တွေ့ရလိမ့်မည်ဟု သူလုံးဝ မျှော်လင့်မထားခဲ့မိချေ။

“လီဝမ်ဟွေ့လားဗျ” ရှောင်မူကျစ်၏ စစ်သင်္ဘောပေါ်မှ ဗိုလ်ချုပ်တစ်ယောက် ထွက်လာပြီး မေးလိုက်သည်။

လီဝမ်ဟွေ့က ပြောလိုက်သည်။ “ကျုပ်က လီဝမ်ဟွေ့ပဲ။ ခင်ဗျားက... ကွမ်ရှီးရေတပ်ကလား”

ထိုဗိုလ်ချုပ်က ပြန်ဖြေလိုက်သည်။ “ကျွန်တော်မျိုးက ကွမ်ရှီးရေတပ်က ပြောက်ကျားတပ်မှူး တျန်ယိုကွမ်း ပါ။ ကျန်းနန်နယ်စားမင်း ဆုန်ချွဲကို လာရောက်ကူညီဖို့ အမိန့်ရထားပါတယ်”

အဖြစ်အပျက်က အတော်လေး ရယ်စရာကောင်းနေသည်။ ကွမ်ရှီးရေတပ်မှ ပြောက်ကျားတပ်မှူးသည် ရှောင်မူကျစ်၏ ကြိုးဆွဲရာအတိုင်း ကပြနေပြီး တုပိုင်ကို ဝိုင်းရံထားခြင်း ဖြစ်နေသည်။

ထိုအချိန်တွင် လီဝမ်ဟွေ့သည် သူ့ကို ဂရုမစိုက်နိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် တုပိုင်၏ ပုံရိပ်ကို ဝေဝါးဝါး လှမ်းမြင်လိုက်ရသောကြောင့်ပင်။ အစပထမတွင် သူအမြင်မှားသည်ဟု ထင်လိုက်မိသေးသည်။ တုပိုင်က ဤနေရာသို့ မည်သို့ ရောက်လာမည်နည်း။ သူသည် မွေးစားသားကို လွမ်းဆွတ်လွန်းသဖြင့် စိတ်အာရုံချောက်ခြားကာ မြင်ယောင်ခြင်း ဖြစ်တန်ရာ၏။

သူသည် မျက်လုံးကို အားကုန်ပွတ်သပ်ကြည့်လိုက်ရာ တုပိုင်အစစ်ဖြစ်နေကြောင်း တွေ့လိုက်ရသည်။

ချက်ချင်းပင် လီဝမ်ဟွေ့သည် ဝမ်းသာအားရဖြစ်သွားပြီး ရင်ထဲမှ စိတ်လှုပ်ရှားမှုများကို လုံးဝ ထိန်းချုပ်မထားနိုင်တော့ပေ။

တုပိုင်သည် သင်္ဘောဦးပိုင်းတွင် ဒူးထောက်ချလိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “သားက မွေးစားအဖေကို ဂါရဝပြုပါတယ်”

ထို့နောက် နှစ်ဖက်စလုံးမှ သင်္ဘောများသည် လျင်မြန်စွာ နီးကပ်သွားကြသည်။ ကောင်းကောင်း မကပ်ရသေးခင်မှာပင် လီဝမ်ဟွေ့သည် စိတ်လောကြီးစွာဖြင့် ခုန်ကူးလိုက်ပြီး တုပိုင်၏ သင်္ဘောကုန်းပတ်ပေါ်သို့ တိုက်ရိုက်ရောက်ရှိလာခဲ့သည်။

သူသည် တုပိုင်ကို ထူမလိုက်ပြီး လက်မောင်းကို ဆုပ်ကိုင်ကာ တုန်ရီသောအသံဖြင့် ပြောလိုက်သည်။ “လိမ္မာတဲ့ကောင်လေး... လိမ္မာတဲ့ကောင်လေး...”

တုပိုင်ခမျာ ခေတ္တမျှ စကားမပြောနိုင် ဖြစ်သွားရသည်။

အတန်ကြာမှ တုပိုင်က ပြောလိုက်သည်။ “မွေးစားအဖေ... အဖေက အန်နမ်ဘုရင် လီချန်ကို မြို့တော်ရွှေ့ဖို့ ကူညီပေးနေတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ် ဒီပင်လယ်ပြင်ဘက်ကို ရောက်လာရတာလဲ”

လီဝမ်ဟွေ့က ပြောသည်။ “ကုန်းလမ်းက မလုံခြုံဘူးလေ။ ဒါကြောင့် တန်ဖိုးရှိတဲ့ပစ္စည်းအများစုကို ရေလမ်းကနေ သယ်လာရတာ”

ထို့နောက် လီဝမ်ဟွေ့က မေးလိုက်သည်။ “ငါ့သား... မင်းကရော ဒီကို ဘယ်လိုရောက်လာတာလဲ။ ဘာလို့ ကွမ်ရှီးရေတပ်က မင်းကို ဝိုင်းထားရတာလဲ”

တုပိုင်က ပြောလိုက်သည်။ “သားက မိုမိသားစု တော်ဝင်ရတနာသိုက်ကို လာရှာတာပါ။ အဲ့ဒါကို မိုမိသားစုရဲ့ မျိုးဆက်တွေက ရေတပ်နဲ့ ဝိုင်းပြီး တစ်ဝက်ခွဲပေးဖို့ အကျပ်ကိုင်နေကြတာ။ ဟုတ်ပါတယ်။ သားက ကွေ့မင်းသားနဲ့ လီရူဟိုင်တို့ရှေ့မှာ ကတိပေးခဲ့ဖူးပါတယ်။ မိုမိသားစု တော်ဝင်ရတနာသိုက်ကို တွေ့ရင် မိုမိသားစု မျိုးဆက်တွေကို တစ်ဝက်ပေးမယ်ပေါ့။ ဒါပေမဲ့ သူတို့က အင်အားသုံးပြီး အကျပ်ကိုင်လာတော့ သားလည်း မပေးချင်တော့ဘူး”

လီဝမ်ဟွေ့က ပြောသည်။ “သူရဲကောင်း မိုထျန်နန်ရဲ့ ရတနာသိုက်လား”

တုပိုင်က ပြောသည်။ “ဟုတ်ပါတယ်”

တကယ်တမ်းတွင် ဤရတနာသိုက်သည် မိုထျန်နန်က သူ့မျိုးဆက်တွေအတွက် ချန်ထားခဲ့ခြင်း မဟုတ်ဘဲ သူ့တာဝန်ကို ဆက်လက်ထမ်းဆောင်မည့်သူအတွက် ချန်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုအကြောင်းကို ရှင်းပြရန် ခက်ခဲလှပေသည်။

လီဝမ်ဟွေ့က မေးလိုက်သည်။ “ဘယ်လောက်တောင် ရှိလို့လဲ”

တုပိုင်က ဖြေလိုက်သည်။ “ရွှေတုံးပေါင်း ငါးသိန်းကိုးသောင်းပါ”

လီဝမ်ဟွေ့က အာမေဋိတ်သံ ပြုလိုက်သည်။ “အဲ့ဒီလောက်တောင်လား”

ထို့နောက် လီဝမ်ဟွေ့က ညည်းတွားလိုက်သည်။ “နှမြောစရာကောင်းတာက အခုခေတ်မှာ ငွေကို တိုင်းပြည်အတွက် ထိထိရောက်ရောက် သုံးနိုင်တဲ့သူ သိပ်မရှိတော့တာပဲ။ အရှင်မင်းမြတ်ဆီ ပေးလိုက်ရင်တောင် နယ်စပ်တပ်တွေဆီ ခွဲဝေပေးတဲ့အခါ တစ်ဝက်ကျော်လောက်က အဲ့ဒီဗိုလ်ချုပ်တွေရဲ့ အိတ်ထဲ ရောက်သွားမှာပဲ”

တုပိုင်က ပြောလိုက်သည်။ “ကျန်းနန်နယ်စားမင်းက စစ်စရိတ် လိုနေတုန်းပဲလား”

လီဝမ်ဟွေ့က ပြောသည်။ “ပြီးခဲ့တဲ့တစ်ခေါက်က ငွေတုံး ငါးသိန်း ပေးထားတော့ လိုအပ်ချက်က သိပ်မကြီးမားတော့ပါဘူး။ ငွေတုံး တစ်သန်းကျော်လောက်ပဲ လိုတော့မှာပါ”

ကျန်းနန်နယ်စားမင်း ဆုန်ချွဲ၏ စစ်စရိတ်သုံးစွဲမှုသည် အလွန် ချွေတာလှပေသည်။ အခြားကမ္ဘာမြေမှ သမိုင်းကြောင်းအရ ဝမ်လီဧကရာဇ်လက်ထက် ကိုရီးယားစစ်ပွဲတွင် ကျန်းနန်နယ်စားမင်း ဆုန်ချွဲ၏ တပ်ဖွဲ့ထက် လူအင်အားနည်းပါးသော်လည်း ငွေတုံး ရှစ်သန်းအထိ ကုန်ကျခဲ့သည်။ သို့သော် ကျန်းနန်နယ်စားမင်း ဆုန်ချွဲ၏ စစ်စရိတ် စုစုပေါင်းသည် ငွေတုံး လေးသန်းထက် မကျော်လွန်ခဲ့ပေ။

သေချာသည်ကတော့ စစ်ပွဲက အခုမှ စတင်ခြင်းဖြစ်၍ နောက်ပိုင်းတွင် ငွေကြေးပိုမို ကုန်ကျလာဦးမည် ဖြစ်သည်။

တုပိုင်က ပြောလိုက်သည်။ “ဒါဆိုရင် သားက ကျန်းနန်နယ်စားမင်းကို စစ်စရိတ်အဖြစ် ရွှေတုံး တစ်သိန်း ထပ်လှူလိုက်ပါ့မယ်”

“ကောင်းပြီ” လီဝမ်ဟွေ့က ပြတ်သားစွာ ပြောလိုက်သည်။ “ကျန်တဲ့ငွေတွေကိုရော မင်းဘယ်လိုလုပ်ဖို့ စိတ်ကူးထားလဲ”

တုပိုင်က ပြောလိုက်သည်။ “သားက အများစုကို ကွေ့မင်းသားနဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူး ကျန်းရန်မင်တို့ကို ပေးချင်ပါတယ်။ ပြီးတော့ မွေးစားအဖေကို တောင်းဆိုချင်တာက အရှင်မင်းမြတ်ဆီ စာရေးပြီး ကွေ့မင်းသားကို စစ်သားစုဆောင်းခွင့် ၊ မြင်းတွေဝယ်ယူခွင့်နဲ့ စစ်တပ်လေ့ကျင့်ခွင့်ပေးဖို့ အမိန့်တော်ပြန်တမ်း ထုတ်ပေးစေချင်ပါတယ်။ ဒါမှသာ လီမိသားစုရဲ့ ပုန်ကန်မှုကို ကာကွယ်နိုင်မှာပါ။ လီမိသားစုရဲ့ ပုန်ကန်မှုက သားတို့ ထင်ထားတာထက် ပိုမြန်ပါလိမ့်မယ်။ နောက်နှစ် ဒါမှမဟုတ် သဘက်ခါလောက် ဖြစ်နိုင်ပါတယ်”

နယ်စားဘုရင်တစ်ပါးကို စစ်တပ်လေ့ကျင့်ခွင့် ပေးသည်ဆိုသည်မှာ အလွန်အရေးကြီးပြီး ကြီးမားသော ကိစ္စရပ်တစ်ခု ဖြစ်သည်။ လီဝမ်ဟွေ့က တွန့်ဆုတ်ခြင်းမရှိဘဲ သဘောတူလိုက်သည်။

လီဝမ်ဟွေ့က ပြောသည်။ “ဒါ့အပြင် ရွှေတွေအများကြီးကို မင်းဆီမှာ ထားထားတာက သိပ်မလုံခြုံဘူး။ ကွေ့မင်းသားနဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူး ကျန်းရန်မင်တို့ စစ်တပ်လေ့ကျင့်ဖို့အတွက် ဆိုရင်တောင် အရှင်မင်းမြတ် စေလွှတ်လိုက်တဲ့သူက အရင်ဆုံး လက်ခံရယူပြီးမှ သူတို့ဆီ လွှဲပြောင်းပေးရမှာ”

တုပိုင်က ပြောလိုက်သည်။ “ဟုတ်ကဲ့ပါ”

လီဝမ်ဟွေ့က ဆက်ပြောသည်။ “ဒီတစ်ခေါက် ကွမ်ရှီးရေတပ်က ပုဂ္ဂလိက အကျိုးစီးပွားအတွက် အသုံးချခံလိုက်ရတယ်။ ပြီးတော့ မင်းကိုတောင် ဝိုင်းရဲကြတယ်။ ဒီ ကွမ်ရှီးပြောက်ကျားတပ်မှူးကို ငါ လုံးဝ အလွတ်ပေးမှာ မဟုတ်ဘူး။ ဒါပေမဲ့ အခုချက်ချင်းတော့ သူ့ကို သတ်လို့မရသေးဘူး။ ကျန်းနန်နယ်စားမင်း ဆုန်ချွဲကို ပြောပြီး သူ့ကို သတ်ခိုင်းမယ်။ မင်းအတွက် တရားမျှတမှု ရစေရမယ်”

ထို့နောက် လီဝမ်ဟွေ့က ထပ်ပြောသည်။ “မင်းက မိုမိသားစု တော်ဝင်ရတနာသိုက်ကို တွေ့ရင် မိုမိသားစု မျိုးဆက်တွေကို တစ်ဝက်ပေးမယ်လို့ လူသိရှင်ကြား ကတိပေးခဲ့ဖူးတယ် မဟုတ်လား”

တုပိုင်က ပြောသည်။ “ဟုတ်ကဲ့... လူသိရှင်ကြား ကတိပေးခဲ့ဖူးပါတယ်”

လီဝမ်ဟွေ့က မေးလိုက်သည်။ “မိုမိသားစု မျိုးဆက်နဲ့ မင်းနဲ့က ဘယ်လိုပတ်သက်မှု ရှိလဲ”

တုပိုင်က ပြောသည်။ “သူက သားကို လူစိမ်းတစ်ယောက်လို ဆက်ဆံပါတယ်။ ဒါပေမဲ့ သူက လီမိသားစုကို တော်လှန်မယ့် အင်အားစုတွေထဲက တစ်ခုဆိုတာတော့ သေချာပါတယ်”

ဤသည်သာမကသေးပေ။ စနစ်ကလည်း ပြောဖူးသည်။ ဤမိုဟန်ဆိုသော မိန်းမက တုပိုင်အတွက် အလွန်အရေးပါလေ၏။ တုပိုင်ကတော့ ဤဦးနှောက်မရှိသည့်မိန်းမက သူ့အတွက် မည်ကဲ့သို့အရေးပါသနည်းဆိုသည်ကို စဉ်းစားလို့မရပေ။

လီဝမ်ဟွေ့က ပြောလိုက်သည်။ “ဒါဆိုရင် သူ့ကို ရွှေတုံး ငါးသောင်း ပေးလိုက်ရင်ရော။ ပထမအချက်က မင်းရဲ့ကတိကို တည်စေမယ်။ ဒုတိယအချက်က သူ့ကို စစ်သားစုဆောင်းပြီး မြင်းတွေဝယ်လို့ရစေမယ်။ ဒါမှသာ အနာဂတ်မှာ တစ်ခုခုဖြစ်လာရင် လီမိသားစုကို တော်လှန်မယ့် အင်အားစုတစ်ခု ရှိနေမှာပေါ့”

တုပိုင်က ပြောလိုက်သည်။ “မွေးစားအဖေ သဘောအတိုင်းပါပဲဗျာ”

လီဝမ်ဟွေ့က ရှေ့သို့တိုးသွားပြီး ပြောလိုက်သည်။ “ရှေ့မှာ ရှိနေတာ မိုမိသားစုရဲ့ မျိုးဆက် သခင်မလေး မိုဟန်လား”

“ကျွန်မပါ” မိန်းမအက ပြောလိုက်သည်။

လီဝမ်ဟွေ့က ပြောလိုက်သည်။ “ငါ့မွေးစားသား တုပိုင်က ရတနာသိုက်ကိုတွေ့ရင် မိုမိသားစု မျိုးဆက်ကို တစ်ဝက်ပေးမယ်လို့ ကတိပေးခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ မင်းက စစ်တပ်ကိုဦးဆောင်ပြီး သူ့ကို ဝိုင်းရံကာ အတင်းအဓမ္မ လုယူဖို့ ကြိုးစားခဲ့တယ်။ ဒါကြောင့် မင်းကိုပေးမယ့် ပမာဏကို တစ်ဝက်လျှော့မယ်။ ပြီးတော့ အဲ့ဒီတစ်ဝက်ကိုမှ ထပ်ပြီး တစ်ဝက်လျှော့မယ်”

ဦးနှောက်မရှိတဲ့မိန်းမ မိုဟန်က အေးစက်စွာ ပြောလိုက်သည်။ “ဘာလို့လဲ။ ဒါ ကျွန်မတို့ မိုမိသားစုရဲ့ တော်ဝင်ရတနာသိုက်လေ”

လီဝမ်ဟွေ့က ကြက်သီးထဖွယ် လေသံဖြင့် ပြောလိုက်သည်။ “နောက်ထပ် ထပ်ပြီး တစ်ဝက်လျှော့လိုက်မယ်။ နောက်ထပ် စကားတစ်လုံး ထပ်ပြောကြည့်လိုက်လေ။ မင်း တစ်ပြားမှ မရစေရဘူး”

မိုဟန်က ဒေါသတကြီး ဖြစ်သွားသော်လည်း ရှောင်မူကျစ်က တားလိုက်သည်။ သူက ဦးညွှတ်လိုက်ပြီး ပြောသည်။ “လီဝမ်ဟွေ့ရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နာပါ့မယ်”

လီဝမ်ဟွေ့က အေးစက်စွာ ပြောလိုက်သည်။ “ဒါ့အပြင် ငါ့မွေးစားသား တုပိုင်က ဒီရွှေတွေကို တစ်ပြားမှ ကိုယ်ကျိုးအတွက် သုံးမှာမဟုတ်ဘူး။ ကျန်းနန်နယ်စားမင်းဆီ လှူဒါန်းမှာဖြစ်သလို အရှင်မင်းမြတ်ဆီကိုလည်း ဆက်သမှာ ဖြစ်တယ်။ မင်းတို့ ရွှေတွေသယ်ဖို့ လှေငယ်တစ်စင်း ပြင်ဆင်လိုက်”

ခဏအကြာတွင် တစ်ဖက်စစ်သင်္ဘောပေါ်မှ လှေငယ်တစ်စင်း ဆင်းလာပြီး တုပိုင်၏ သင်္ဘောနားသို့ ကပ်လာသည်။

တုပိုင်သည် ရွှေတုံး ငါးသောင်းကို ရေတွက်ပြီး ကြိုးဖြင့် လှေငယ်ပေါ်သို့ ချပေးလိုက်ကာ မိုဟန်ကို ပေးအပ်လိုက်သည်။

ရှောင်မူကျစ်က လက်သီးဆုပ်ပြီး ပြောလိုက်သည်။ “လီဝမ်ဟွေ့က တကယ် ဖြောင့်မတ်မှန်ကန်သူပါပဲ။ ကျွန်တော်တို့ ဒီမှာပဲ လမ်းခွဲကြတာပေါ့။ နောက်မှ ပြန်တွေ့ကြမယ်”

လီဝမ်ဟွေ့က အေးစက်စွာ ပြောလိုက်သည်။ “မင်းလို သာမန်အရပ်သားတစ်ယောက်က နန်းတွင်းရေတပ်ကို ကြိုးဆွဲပြီး ငါ့မွေးစားသားကို ဝိုင်းရဲတယ်ပေါ့လေ။ ပြီးတော့မှ ဒီအတိုင်း ထွက်သွားချင်တယ်ပေါ့”

ထို့နောက် လီဝမ်ဟွေ့က ကျီပြောင်ပြောင်ကို လှမ်းကြည့်လိုက်သည်။ ကျီပြောင်ပြောင် ခဏမျှ တွန့်ဆုတ်နေသော်လည်း ခေါင်းညိတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် စောစောက ရှောင်မူကျစ် အင်အားသုံးရန် ပြင်ဆင်တုန်းက သူသည် ကျီပြောင်ပြောင်၏ ဂုဏ်သိက္ခာကို ထည့်စဉ်းစားပေးခဲ့လို့လား။

လီဝမ်ဟွေ့သည် စစ်ဓားကို ဆွဲထုတ်လိုက်သည်။ ကျီပြောင်ပြောင်သည်လည်း စစ်ဓားကို ဆွဲထုတ်ကာ ပင်လယ်ထဲသို့ ခုန်ချလိုက်ပြီး ရှောင်မူကျစ်၏ သင်္ဘောဆီသို့ သတ်ဖြတ်ရန် ပြေးဝင်သွားတော့သည်။

ရှောင်မူကျစ်၏ မျက်နှာပျက်သွားပြီး ဘာစကားမှ မဆိုတော့ဘဲ ပင်လယ်ရေထဲသို့ ခုန်ချကာ လျင်မြန်စွာ ထွက်ပြေးလေတော့သည်။

လီဝမ်ဟွေ့နှင့် ကျီပြောင်ပြောင်တို့ အရှိန်တင်လိုက်ကြသော်လည်း ရှောင်မူကျစ်၏ သိုင်းပညာက အလွန်မြင့်မားပြီး ရေကူးလည်း အလွန်ကျွမ်းကျင်သူ ဖြစ်သဖြင့် လျင်မြန်စွာပင် ဝေးကွာသွားတော့သည်။

သင်္ဘောဦးပိုင်းရှိ မိုဟန်က ထိုမြင်ကွင်းကို မြင်သောအခါ အော်ဟစ်လိုက်သည်။ “ရှင်တို့ ဘာလုပ်ကြတာလဲ။ သခင်လေးရှောင်ကို ထိခိုက်အောင် မလုပ်ရဘူးနော်”

ထို့နောက် သူမသည်လည်း ထက်ရှသောဓားကို ဆွဲထုတ်ပြီး ပင်လယ်ထဲသို့ ခုန်ဆင်းလိုက်လေသည်။

လီဝမ်ဟွေ့သည် ရှောင်မူကျစ်နှင့် ဝေးကွာသွားသည်ကို မြင်လိုက်ရသည်။ ကံကောင်းသည်မှာ သူခေါ်လာသော သင်္ဘောတပ်မှူးက အကင်းပါးသူဖြစ်သဖြင့် စစ်သင်္ဘောကို ချက်ချင်းပင် အနားသို့ မောင်းနှင်ပေးလိုက်လေသည်။

အပိုင်း (၃၄၀) ပြီး၏။

All Chapters