အခန်း (၃၃၁)
Vol. 34 Ch. 331
(စာစဥ် ၃၄ အစပိုင်းကတော့ ဇာတ်ရှိန်နည်းနည်းကျတယ်ဆိုပေမဲ့ သည်းခံပြီးတော့ ဆက်ဖတ်ပါဗျ။ ဇာတ်ရှိန်စပယ်ရှယ်တတ်တော့မာ 🤐)
“စနစ်ရှင် ၊ မင်းက တကယ့်ကို အထင်ကြီးစရာ ကောင်းတာပဲ”
“ငါ့ရဲ့ အကူအညီမပါဘဲနဲ့တောင် မင်းက ဒီတိုက်ပွဲကို နိုင်အောင် တိုက်နိုင်လိမ့်မယ်လို့ ငါ မထင်ထားမိဘူး”
“ငါ့ရဲ့ အရင်က အမြင်တွေနဲ့ ပြောစကားအချို့ကို ပြန်ရုပ်သိမ်းလိုက်ပါပြီ”
တုပိုင်က စိတ်ထဲတွင် တွေးလိုက်သည်။ 'ဒါပေမဲ့....'
ဆန်းကြယ်သော အလင်းရိပ်က ပြောလိုက်သည်။
“ဒါပေမဲ့... မင်း ကောင်းကင်မိစ္ဆာစစ်တပ်ကို သိမ်းသွင်းနိုင်ခဲ့တာက စွန့်စားမှုနဲ့ တိုက်ဆိုင်မှုတွေ ပါဝင်နေတယ် ၊ အဲဒါက မင်းရဲ့ စွမ်းရည်ကို လုံးဝ သက်သေပြနိုင်တာ မဟုတ်ဘူးလေ ၊ ဟုတ်တယ်မလား”
တုပိုင်က ပြောလိုက်သည်။
“မှန်တယ် ၊ ဒါပေမဲ့ အဲဒါကလည်း လူ့သဘောသဘာဝအပေါ် ကျွန်တော့်ရဲ့ နားလည်မှုနဲ့ ခန့်မှန်းတွက်ချက်မှုတွေအပေါ် အခြေခံထားတာပါ။ ဝိညာဉ်ဆရာသခင် ချွမ်ရှယ်ရဲ့ မှတ်ဉာဏ်တွေထဲမှာ ဂိုဏ်းချုပ်ကျီယင်ယင်အကြောင်း အများကြီး ပါဝင်နေလို့ ကျွန်တော် ဒီလို ဆုံးဖြတ်ချက်ချနိုင်ခဲ့တာပဲ။ ဒါက လောင်းကစားသက်သက် ၊ စွန့်စားမှုသက်သက် မဟုတ်ဘူး။ တခြားကမ္ဘာတစ်ခုမှာတုန်းက ကျွန်တော့်မှာ မိန်းမတွေ မရေမတွက်နိုင်အောင် ရှိခဲ့ဖူးတယ် ၊ ကျွန်တော် အကျွမ်းကျင်ဆုံးအရာက မိန်းမတွေရဲ့ စိတ်ကို ခွဲခြမ်းစိတ်ဖြာတာပဲ” (တုပိုင်သင်တန်းဖွင့်ရင် သွားတတ်ရမယ်။ 😪)
ဆန်းကြယ်သော အလင်းရိပ်က ပြန်ပြောလိုက်သည်။
“ဒါပေမဲ့ အဲဒါက လောင်းကစားနဲ့ စွန့်စားမှု ဖြစ်နေတုန်းပါပဲ။ မင်းရဲ့ စွန့်စားရဲတဲ့စိတ်ကို ငါ သဘောကျပေမဲ့ ၊ လက်တော့ မခံနိုင်ဘူး။ ငါ စီစဉ်ထားတဲ့ လမ်းကြောင်းက ပိုပြီး စိတ်ချရပြီး ပိုမှန်ကန်တယ်။ မင်းသာ ကျီချင်းကျူရဲ့ ထောက်ခံမှုကို ရယူခဲ့မယ်ဆိုရင် ၊ ကိစ္စအားလုံးက ချောချောမွေ့မွေ့ ပြီးသွားမှာ ၊ မင်းလည်း ပိုင်ဆယ်စီရင်စုမှာ တိုက်ရိုက် အခြေချနိုင်မှာပဲ။ ပိုင်ဆယ် လက်ထောက်ဗိုလ်ချုပ်ပဲဖြစ်ဖြစ် ၊ ထျန်တောက်အဖွဲ့က လီတောက်အန်းပဲဖြစ်ဖြစ် မင်းကို အလွယ်တကူ ထိရဲမှာ မဟုတ်ဘူး”
တုပိုင်က ပြောလိုက်သည်။ “ဟုတ်တယ် ၊ အဲဒီလမ်းကြောင်းက ပိုပြီး စိတ်ချရတယ်”
ဆန်းကြယ်သော အလင်းရိပ်က ပြောလိုက်သည်။
“ဒါပေမဲ့ မင်းက မိုက်မဲတဲ့ ခံစားချက်တွေကြောင့် ငြင်းပယ်ခဲ့တယ် ၊ ငါ့ဆန္ဒကို ဆန့်ကျင်ခဲ့တယ်။ တိမ်တိုက်အောက်ကမိစ္ဆာသခင် ဆိုတဲ့ မင်းရဲ့ အထောက်အထားကို မင်း လုံးဝ မငြင်းခဲ့သင့်ဘူး ၊ တုပိုင်ဆိုတာကို ဝန်ခံဖို့ဆိုတာ ပိုတောင် မလုပ်သင့်ဘူး။ ဒါက လမ်းကြောင်းကနေ လုံးဝ သွေဖည်သွားစေတယ် ၊ ကျီချင်းကျူက မင်းကို ထောက်ခံမယ့် အစီအစဉ်ကို လုံးဝ ပျက်စီးသွားစေတယ်။”
တုပိုင်က မေးလိုက်သည်။ “မေးပါရစေ ၊ ကျီချင်းကျူက ကျီပြောင်ပြောင်ကို တိမ်တိုက်အောက်ကမိစ္ဆာသခင်နဲ့ လက်ထပ်ဖို့ အဲလောက်တောင် ပြင်းပြင်းထန်ထန် ကန့်ကွက်နေတာ ၊ ခင်ဗျားက သူ့ကို ဘယ်လို သဘောတူအောင် လုပ်မှာလဲ”
ဆန်းကြယ်သော အလင်းရိပ်က ပြောလိုက်သည်။ “ဒါပေါ့ ၊ သီးသန့် လမ်းကြောင်းနဲ့ အစီအစဉ် ရှိပြီးသားပါ။ ဒါပေမဲ့ အခုချိန်မှာ ဒါကို ဆွေးနွေးနေတာက အဓိပ္ပာယ်မရှိတော့ဘူး ၊ ဘာလို့လဲဆိုတော့ မင်းရဲ့ မိုက်မဲမှုက ဒီလမ်းကြောင်းကို ဖျက်ဆီးပစ်လိုက်ပြီလေ။ ကျီပြောင်ပြောင်က ကိရိယာတစ်ခုပဲ ၊ ကိရိယာတစ်ခုအတွက်နဲ့ မင်းက လမ်းကြောင်းတစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်တာ”
တုပိုင်၏ စိတ်ထဲတွင် ချက်ချင်းပင် ဒေါသများ ပြည့်နှက်သွားလေ၏။ သူ စနစ်မှားယွင်းကြောင်းကို သက်သေပြလိုက်ပြီးပြီဖြစ်လေ၏။ စနစ်၏ အကူအညီမပါပဲနှင့် စစ်တပ်တစ်တပ်အား ရယူနိုင်ခဲ့သည်။ သာမန် ပေါချောင်ကောင်းစစ်တပ်မဟုတ်ဘဲ သန်မာသည့်စစ်တပ်ဖြစ်သလို သူ သေဆိုသေ ၊ ရှင်ဆိုရှင်မည်အထိ သစ္စာစောင့်တည်သော စစ်တပ်ဖြစ်လေ၏။ သို့သော် အဘယ်ကြောင့် ယခုအချိန်ထက်ထိ စနစ်က အကန်ကြီးဖြစ်နေရသနည်း။
ဆန်းကြယ်သော အလင်းရိပ်က ပြောလိုက်သည်။
“ကောင်းကင်မိစ္ဆာသွေးစစ်တပ်က အရမ်း စွမ်းအားကြီးတယ်လို့ မင်း ထင်နေတာမလား ၊ မိုမိသားစုရဲ့ အကြွင်းအကျန် အင်အားစုတွေထက် အများကြီး ပိုသာတယ်လို့ ထင်နေတယ်မလား”
တုပိုင်က ပြောလိုက်သည်။ “မှန်တယ် ၊ ကောင်းကင်မိစ္ဆာ သွေးစစ်တပ်က အကောင်းဆုံး လက်ရွှေးစင် စစ်တပ်ပဲ”
ဆန်းကြယ်သော အလင်းရိပ်က ပြောလိုက်သည်။
“ဒါဆို ငါ မင်းကို ပြောပြမယ် ၊ ဖန်းအုပ်စုရဲ့ နောက်ကွယ်က တကယ့်သခင်ဖြစ်တဲ့ ပင်လယ်ရပ်ခြား တိုင်းပြည်မှာ ကောင်းကင်မိစ္ဆာသွေးစစ်တပ်လိုမျိုး စွမ်းအားကြီးတဲ့ စစ်လက်နက် ယန္တရားပေါင်း တစ်သိန်း ပိုင်ဆိုင်ထားတယ် ၊ ပြီးတော့ ဆက်တိုက် တိုးပွားနေတုန်းပဲ”
အိပ်မက်စနစ်က ပထမဆုံး စကားစပြောလိုက်တာနဲ့ တုန်လှုပ်စရာ သတင်းတစ်ခုကို ထုတ်ဖော်လိုက်လေ၏။
ဖန်းအုပ်စု၏ နောက်ကွယ်မှ သခင်ဆိုသူမှာ ရိုးရှင်းမည့်ပုံ မပေါ်ချေ။ လက်ရှိအချိန်၌ ဖန်းအုပ်စု၏ အင်အားမှာ ကြီးမားလွန်းလှပြီး တာ့နင်အင်ပါယာ၏ အရပ်ဘက်အရာရှိ အသိုင်းအဝိုင်းတစ်ခုလုံးကိုပင် လွှမ်းမိုးလုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ထို့အပြင် သူတို့တွင် ပင်လယ်ရပ်ခြား တိုင်းပြည်တစ်ခု ရှိနေသေးသည့်အပြင် ကောင်းကင်မိစ္ဆာသွေးစစ်တပ်ဟု ခေါ်ဆိုသော စစ်လက်နက်ယန္တရားပေါင်း တစ်သိန်းကိုပါ ပိုင်ဆိုင်ထားလေရာ ထိုအင်အားမှာ တွေးကြည့်ရုံမျှနှင့်ပင် ကြောက်ခမန်းလိလိ ဖြစ်ရပေသည်။
ဆန်းကြယ်သော အလင်းရိပ်က ပြောလိုက်သည်။
“ဒါပေါ့ ၊ အဲဒါက နောက်မှ ပြောရမယ့် ကိစ္စပါ။ ဒီ ကောင်းကင်မိစ္ဆာသွေးစစ်တပ် ခြောက်ရာကလည်း ငါ့ရဲ့ မူလအစီအစဉ်ထဲမှာ မင်းပိုင်ဆိုင်ရမယ့်အရာတွေပါပဲ ၊ ဒါပေမဲ့ ကျီယင်ယင် သေဆုံးပြီးမှ ရမှာပေါ့”
တုပိုင်က မေးလိုက်သည်။ “သူ ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်သေးလဲ”
ဆန်းကြယ်သော အလင်းရိပ်က ပြောလိုက်သည်။ “ဆယ့်သုံးလ”
တုပိုင် တိတ်ဆိတ်သွားသည်။
ဆန်းကြယ်သော အလင်းရိပ်က ပြောလိုက်သည်။ “မင်းက မိုမိသားစုရဲ့ အကြွင်းအကျန် အင်အားစုတွေကို အထင်မကြီးဘူးမလား ၊ မိုဟန်ကိုလည်း အထင်သေးတယ်မလား”
တုပိုင်က ပြောလိုက်သည်။ “မှန်တယ် ၊ ပြီးတော့ သူ့ရဲ့ အကြွင်းအကျန် သွေးဂိုဏ်းကိုရောပဲ”
ဆန်းကြယ်သော အလင်းရိပ်က ပြောလိုက်သည်။ “မင်းအတွက် မိုဟန်ရဲ့ အရေးပါမှုက ကျီပြောင်ပြောင်ထက် ကျော်လွန်တယ်”
ထိုစကားကို ကြားတော့ တုပိုင် လုံးဝ ကြောင်အသွားသည်။
"အဲဒီ ငတုံးမကလား။ တစ်နေ့တစ်နေ့ ဘုရင်မကြီးလို လုပ်နေတဲ့ စိတ်ရောဂါသည် အရူးမကလား။"
ဆန်းကြယ်သော အလင်းရိပ်က ပြောလိုက်သည်။ "မိုဟန်ရဲ့ အရေးပါမှုနဲ့ ပတ်သက်ပြီး ၊ အချိန်တန်ရင် မင်း သိလာပါလိမ့်မယ်။ မင်း သူနဲ့ အဆက်အသွယ်ကို ဖျက်ဆီးမပစ်ဖို့ ငါ မျှော်လင့်ပါတယ်”
ဆန်းကြယ်သော အလင်းရိပ်က ဆက်ပြောလိုက်သည်။
“မင်းက ပထမတိုက်ပွဲကို အနိုင်ရပြီး အရှေ့ဘက်ကွပ်ကဲရေးရုံးရဲ့ သစ္စာဖောက်အင်အားစုတွေကို ရှင်းလင်းနိုင်ခဲ့ပေမဲ့ ၊ နောက်ထပ် ပိုကြီးမားတဲ့ အကျပ်အတည်းနဲ့ ရင်ဆိုင်ရလိမ့်မယ်။ ပိုင်ဆယ် လက်ထောက်ဗိုလ်ချုပ်ရဲ့ စစ်သည် ထောင်ပေါင်းများစွာရဲ့ တိုက်ခိုက်မှုကို မင်း ရင်ဆိုင်ရလိမ့်မယ်။ ရန်သူက မင်းကို အသက်ရှုချိန်တောင် ပေးမှာ မဟုတ်ဘူး။ ကောင်းကင်မိစ္ဆာ သွေးစစ်တပ်က အရမ်း သန်မာပေမဲ့ ၊ တစ်ယောက်ကို ဆယ်ယောက်နှုန်းနဲ့တော့ မတိုက်နိုင်ဘူး ၊ ဒါကြောင့် မင်းက ပိုင်ဆယ်စီရင်စုမှာ အောင်မြင်စွာ အခြေချနိုင်ဖို့ အဝေးကြီး လိုပါသေးတယ်”
တုပိုင်က ပြောလိုက်သည်။ “ငါ သိတယ်”
ဆန်းကြယ်သော အလင်းရိပ်က ပြောလိုက်သည်။
“မင်းက ကံတရားနဲ့ စွန့်စားမှုတွေ ပါဝင်နေပေမဲ့ ၊ ငါ့အကူအညီ မပါဘဲနဲ့ စွမ်းအားကြီးတဲ့ စစ်တပ်တစ်ခုကို ရယူနိုင်ခဲ့ပြီး ဒီတိုက်ပွဲကို အနိုင်ရခဲ့တယ်။ ဒါကြောင့် မင်းအတွက် နောက်ထပ် အခွင့်အရေးတစ်ခု ထပ်ရသွားပြီ ၊ ငါ ပြန်ပေါ်လာဖို့ အခွင့်အရေးပေါ့။ ပိုင်ဆယ် လက်ထောက်ဗိုလ်ချုပ် ယူဆောင်လာမယ့် အကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ ငါ မင်းကို ကူညီပေးနိုင်တယ် ၊ သူ့ရဲ့ စစ်သည် ထောင်ပေါင်းများစွာကို အနိုင်ယူဖို့ ငါ ကူညီပေးနိုင်တယ်”
တုပိုင်က မေးလိုက်သည်။ “ပေးဆပ်ရမယ့် တန်ဖိုးက ဘာလဲ”
ဆန်းကြယ်သော အလင်းရိပ်က ပြောလိုက်သည်။ “အရာအားလုံးက အရင်အတိုင်းပဲ။ ဒီနေ့ကစပြီး ငါ့ရဲ့ အမိန့်မှန်သမျှကို မင်း မဆန့်ကျင်ရတော့ဘူး ၊ မဟုတ်ရင် မင်းချက်ချင်း ပျက်စီးသွားလိမ့်မယ် ၊ ညှိနှိုင်းစရာ လုံးဝ မရှိဘူး”
တုပိုင်က မေးလိုက်သည်။ “ခင်ဗျားက သခင်အဖြစ် ဆက်ရှိနေပြီး ၊ ကျွန်တော်က တာဝန်ထမ်းဆောင်ဖို့ ခင်ဗျားရဲ့ ရုပ်သေးရုပ် ၊ ကိရိယာတစ်ခုအဖြစ်ပဲ ဆက်ရှိနေရမှာလား”
ဆန်းကြယ်သော အလင်းရိပ်က ခဏတာ တိတ်ဆိတ်သွားပြီး ဆက်ပြောလိုက်သည်။ “မင်း အဲဒီလို ပြောချင်တယ်ဆိုရင်လည်း ၊ ငါ မငြင်းပါဘူး”
တုပိုင်က လှောင်ရယ် ရယ်လိုက်ပြီး ပြောလိုက်သည်။ “ဒါဆိုရင် ဆွေးနွေးစရာ မရှိတော့ဘူး”
ဆန်းကြယ်သော အလင်းရိပ်က ပြောလိုက်သည်။ “မင်း ဒီလို သဘောထားမျိုး ရှိမယ်ဆိုတာ ငါ သိပြီးသားပါ ၊ ဒါပေမဲ့ ငါ ပြန်လင်းလာရဦးမယ်”
တုပိုင် တိတ်ဆိတ်နေပြီး ဆက်ပြောမည့်စကားကို စောင့်နေလိုက်သည်။
ဆန်းကြယ်သော အလင်းရိပ်က ပြောလိုက်သည်။ “ဒါကြောင့် ငါ မင်းကို ရွေးချယ်စရာ နှစ်ခု ပေးမယ်။ ပထမ ရွေးချယ်မှု ၊ အခုချက်ချင်း လက်နက်ချပြီး အရှုံးပေးလိုက် ၊ ဒီနေ့ကစပြီး ငါ့ရဲ့ အမိန့်မှန်သမျှကို မဆန့်ကျင်ပါဘူးလို့ အာမခံရမယ်။ ငါ ဘာလုပ်ခိုင်းခိုင်း မင်း လုပ်ရမယ် ၊ ငါ စီစဉ်တဲ့ လမ်းကြောင်းအတိုင်း မင်း လျှောက်ရမယ် ၊ ငါ ဘယ်သူ့ကို စတေးခိုင်းခိုင်း မင်း စတေးရမယ် ၊ အဲဒီလူက မင်းနဲ့ အရင်းနှီးဆုံးလူ ဖြစ်နေရင်တောင်မှပေါ့”
တုပိုင်က ဒေါသတကြီး ရယ်မောလိုက်သည်။ ဤခွေးစနစ်က သူ့အား ရုပ်သေးရုပ်ဖြစ်လိုနေသည်လော။
ဆန်းကြယ်သော အလင်းရိပ်က ပြောလိုက်သည်။
“ဒုတိယ ရွေးချယ်မှု ၊ ငါ့ရဲ့ အကူအညီ မပါဘဲ ၊ ပိုင်ဆယ် လက်ထောက်ဗိုလ်ချုပ်ရဲ့ အကျပ်အတည်း မစ်ရှင်ကို မင်းဘာသာမင်း ဖြေရှင်းရမယ် ၊ သူ့ရဲ့ စစ်သည် ထောင်ပေါင်းများစွာကို အနိုင်ယူရမယ်။ မင်း အောင်မြင်ခဲ့ရင် ၊ မင်းရဲ့ အောင်မြင်မှုက တိုက်ဆိုင်မှု မဟုတ်ကြောင်း သက်သေပြရာ ရောက်မယ် ၊ မင်းရဲ့ ပါရမီနဲ့ ကံတရားကို သက်သေပြရာ ရောက်လိမ့်မယ်။ အဲဒီအချိန်ကျရင် ငါ့ရဲ့ အရင်က လမ်းစဉ် မှန်ကန်မှု ရှိမရှိ ဆိုတာကို ငါ သေချာ ပြန်သုံးသပ်ပြီး ၊ ငါ့ရဲ့ ဗျူဟာကို ပြောင်းလဲဖို့ ကြိုးစားပါ့မယ်”
ဤနေရာတွင် ဆန်းကြယ်သော အလင်းရိပ်က ခဏ ရပ်တန့်လိုက်သည်။
“အဲဒီအချိန်ကျရင် ၊ မင်းက ရုပ်သေးရုပ် မဟုတ်တော့ဘဲ သခင် ဖြစ်လာလိမ့်မယ် ၊ ငါက လက်ထောက် ဖြစ်သွားလိမ့်မယ်”
အိပ်မက်စနစ်၏ စကားကို ကြားလိုက်ရသည်နှင့် တုပိုင်တစ်ယောက် လုံးဝကို မှင်သက်သွားရလေသည်။ ယခင်ကဆိုလျှင် ဤစနစ်သည် ဘုရားသခင်တစ်ပါးကဲ့သို့ နေရာယူထားကာ အနှိုင်းမဲ့စွမ်းအားများနှင့် မာနကြီးခဲ့သည် မဟုတ်ပါလော။ ယခုတွင်မူ သူက လက်ထောက်နေရာ၌ နေပေးမည်ဟု ဆိုလာသည်။ တုပိုင်ကို မစ်ရှင်၏ သခင်အဖြစ် သတ်မှတ်ပြီး လမ်းကြောင်းတစ်ခုလုံးကို အဆုံးအဖြတ် ပေးစေလိုသည်ဟု ဆိုသည်။ မိမိ၏ သခင်အာဏာကိုပင် စွန့်လွှတ်ရန် ဝန်မလေးတော့ပေ။ ဤသည်မှာ မည်မျှ ကြီးမားလိုက်သည့် လိုက်လျောမှုကြီး ဖြစ်ပါသနည်း။
ဆန်းကြယ်သော အလင်းရိပ်က ဆက်ပြောလိုက်သည်။
“ဒါတင် မကသေးဘူး ၊ ငါတို့ မင်းအပေါ်မှာ ပိုပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ပေးမယ်။ ပြောရရင် မင်းရဲ့ စနစ်ကို အဆင့်မြှင့်တင်ပေးမယ် ၊ ပြီးတော့ လုပ်ဆောင်ချက်အသစ်တစ်ခု ထပ်ထည့်ပေးမယ် ၊ အရမ်း အရေးကြီးပြီး စွမ်းအားကြီးတဲ့ လုပ်ဆောင်ချက်တစ်ခုပေါ့”
တုပိုင်မှာ စနစ်ကြောင့် နောက်တစ်ကြိမ် မှင်သက်သွားရပြန်သည်။ ယခုလက်ရှိစနစ်သည် အတော်လေး အားကောင်းနေပြီဖြစ်၏။ သို့သော် ပိုမိုပြီးတော့ အစွမ်းထက်လာနိုင်သည်လော။ ဤသည်က ကောင်းကင်၏ အလိုကို ဆန့်ကျင်နေခြင်း မဟုတ်လော။
အပိုင်း ၃၃၁ ပြီး။