အခန်း (၃၃၂)
Vol. 34 Ch. 332
ဤအရာအားလုံး၏ လိုအပ်ချက်မှာ တုပိုင်သည် စနစ်၏ အကူအညီမပါဘဲ ဤအကျပ်အတည်းကို တစ်ယောက်တည်း ကျော်ဖြတ်ရမည် ဖြစ်ပြီး ပိုင်ဆယ် လက်ထောက်ဗိုလ်ချုပ်၏ တပ်သားထောင်ပေါင်းများစွာကို အနိုင်ယူရမည် ဖြစ်သည်။
နက်နဲဆန်းကြယ်သော အလင်းရိပ်က ပြောလိုက်သည်။ “ဒါပေါ့... ဒါက ငါတို့ရဲ့ စွမ်းအင်တွေကို အများကြီး ၊ အများကြီး ကုန်ဆုံးစေလိမ့်မယ်။ ပြီးတော့ ငါတို့မှာ စွမ်းအင် သိပ်မကျန်တော့ဘူး။ ငါတို့အတွက်လည်း ဒါက ကြီးမားတဲ့ လောင်းကြေးတစ်ခုပဲ။ အံ့သြစရာကောင်းပြီး ပြန်ပြင်လို့ မရနိုင်လောက်တဲ့ ပေးဆပ်မှုကြီး တစ်ခုပေါ့”
တုပိုင် ခေါင်းညိတ်လိုက်သည်။
နက်နဲဆန်းကြယ်သော အလင်းရိပ်က ပြောလိုက်သည်။ “ဒါကြောင့် မင်း ရွေးချယ်မှု ပြုလုပ်တဲ့အခါ ကျေးဇူးပြုပြီး သတိထားပါ။ သတိကြီးကြီးထားပြီး စဉ်းစားပါ”
တုပိုင်က တွန့်ဆုတ်ခြင်းမရှိဘဲ ပြောလိုက်သည်။ “ကျွန်တော် ဒုတိယလမ်းကို ရွေးတယ်”
နက်နဲဆန်းကြယ်သော အလင်းရိပ်က ပြောလိုက်သည်။ “ပထမလမ်းက ပိုပြီး စိတ်ချရတယ်လေ။ အဲဒီလမ်းကို ရွေးရင် မင်းကရုပ်သေးရုပ်လို့ ခေါ်တဲ့ အရာတစ်ခု ဖြစ်သွားမယ့်တိုင်အောင် အနည်းဆုံးတော့ အဲဒီလောက် အန္တရာယ် မများဘူး”
တုပိုင်က ပြောလိုက်သည်။ “ကျွန်တော် ဒုတိယလမ်းကိုပဲ ရွေးတယ်။ ပိုင်ဆယ် လက်ထောက်ဗိုလ်ချုပ်ရဲ့ အကျပ်အတည်းကို တစ်ယောက်တည်း ဖြေရှင်းပြီး ခင်ဗျားတို့ရဲ့ ယုံကြည်မှုနဲ့ အပြောင်းအလဲကို ရယူမယ်”
နက်နဲဆန်းကြယ်သော အလင်းရိပ်က ပြောလိုက်သည်။ “တကယ်လို့ မင်းသာ ဒုတိယလမ်းကို ရွေးမယ်ဆိုရင် ငါ ထပ်ပြီး ငြိမ်းသွားလိမ့်မယ်။ မင်း ဒီမစ်ရှင်ကို ကိုယ့်အားကိုယ်ကိုးပြီး လုံးဝ ပြီးမြောက်သွားတဲ့အခါမှ ငါ ပြန်လင်းလာပြီး မင်းကို စနစ်အသစ် တစ်ခု ယူလာပေးမယ်။ ပြီးတော့ မစ်ရှင်အစီအစဉ်အပေါ် လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းကို မင်းဆီ အပ်နှင်းမယ်။ ဒါပေမဲ့ ဒီ ပိုင်ဆယ် လက်ထောက်ဗိုလ်ချုပ် မစ်ရှင်ကို လုပ်ဆောင်နေစဉ်ကာလအတွင်း ငါ လုံးဝ ပြန်လင်းလာမှာ မဟုတ်သလို ၊ လုံးဝ ပေါ်လာမှာလည်း မဟုတ်ဘူး။ မင်း သေသွားရင်တောင် ငါက ကယ်တင်ဖို့ ထွက်လာမှာ မဟုတ်ဘူး။ ဒါကြောင့် အရေးကြီးတဲ့ အချိန်ကျရင် ငါ လာကယ်မယ်လို့ လုံးဝ မတွေးလိုက်ပါနဲ့”
တုပိုင်က လေးနက်စွာ ပြောလိုက်သည်။ “ကျွန်တော် နားလည်ပါတယ်”
နက်နဲဆန်းကြယ်သော အလင်းရိပ်က ပြောလိုက်သည်။ “ဒါ့အပြင် ပိုင်ဆယ် မြို့စောင့်တပ်မှူး ယန်ရှောင်က မင်း ထင်ထားတာထက် ပိုပြီး ဆန်းကြယ်တယ် ၊ ပိုပြီး အစွမ်းထက်တယ်။ မင်း သေချာပြီလား။ ဒုတိယလမ်းကို ရွေးပြီး ပိုင်ဆယ် လက်ထောက်ဗိုလ်ချုပ်ရဲ့ အကျပ်အတည်းကို တစ်ယောက်တည်း ဖြေရှင်းမှာ သေချာရဲ့လား”
တုပိုင်က ပြောလိုက်သည်။ “ကျွန်တော် သေချာတယ်”
“နှုတ်ဆက်ပါတယ် ၊ ဒါမှမဟုတ် ထာဝရ နှုတ်ဆက်ခြင်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်” နက်နဲဆန်းကြယ်သော အလင်းရိပ်သည် တဖန် ပြန်လည် ငြိမ်းသက်သွားလေ၏။
တုပိုင်သည် သူ၏ တရားမှတ်ရာမှတဆင့် ရောက်ရှိနေသော အိပ်မက်ထဲမှ နိုးထလာခဲ့လေသည်။ အပြင်ဘက်တွင် ပိုင်ဆယ် လက်ထောက်ဗိုလ်ချုပ်၏ မြင်းတပ်ခေါင်းဆောင်က တင်းမာစွာ အော်ဟစ်လိုက်သည်။ “ငါ နောက်ဆုံးအကြိမ် ပြောလိုက်မယ်။ အထဲမှာရှိတဲ့ မိန်းမစိုးဂိုဏ်းသားတွေ အကုန်လုံး ထွက်ခဲ့ကြ။ ငါတို့ကို ရှာဖွေခွင့်ပြုပါ။ ဒါမှမဟုတ်ရင် မင်းတို့က မြို့စောင့်တပ်မှူးအိမ်တော်ကို လုံးဝ ဆန့်ကျင်နေတယ်လို့ သတ်မှတ်ပြီး နောက်ဆက်တွဲ ဆိုးကျိုးတွေကို ခံစားရလိမ့်မယ်”
တုပိုင် တိတ်ဆိတ်နေလိုက်သည်။ သူ့နောက်ရှိ ကောင်းကင်မိစ္ဆာ သွေးစစ်တပ်မှ စစ်သည် ခြောက်ရာသည်လည်း တိတ်ဆိတ်ငြိမ်သက်နေပြီး မလှုပ်မယှက် ရှိနေကြသည်။
ပိုင်ဆယ် မြို့စောင့်တပ်မှူးအိမ်တော်မှ မြင်းတပ်ခေါင်းဆောင်သည် မြင်းတပ်သား ဒါဇင်အနည်းငယ်နှင့်အတူ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီးနောက် အရှိန်ယူလိုက်သည်။
“တိုက်စစ်ဖွင့်... အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံးထဲ ဝင်ပြီး ရှာဖွေကြမယ်။ ခုခံတဲ့သူ ဘယ်သူ့ကိုမဆို သေဒဏ်ပေးမယ်”
ချက်ချင်းပင် မြင်းတပ်သား ဒါဇင်ပေါင်းများစွာသည် စတင် ဝင်ရောက်လာကြသည်။
“ဒုန်း... ဒုန်း... ဒုန်း... ဒုန်း...”
မြင်းတပ်သား ဒါဇင်ပေါင်းများစွာ ဒုန်းစိုင်း ဝင်ရောက်လာပြီး အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံး၏ တံခါးဝကို ဖြတ်ကျော်ဝင်ရောက်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
တုပိုင်က အေးစက်စွာ ပြောလိုက်သည် “အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံးက အင်ပါယာရဲ့ ဂုဏ်သိက္ခာကို ကိုယ်စားပြုတယ်။ ကျူးကျော်ဝင်ရောက်ရဲသူ ဘယ်သူ့ကိုမဆို သေဒဏ်ပေးမယ်။ ပြင်ထားကြ”
ရာပေါင်းများစွာသော အရှေ့ဘက်ကွပ်ကဲရေးရုံး ကောင်းကင်မိစ္ဆာ သွေးစစ်တပ်သားများသည် လေးများကို ဆွဲတင်လိုက်ကြပြီး မြှားများကို တပ်ဆင်လိုက်ကြသည်။ သူတို့၏ လှုပ်ရှားမှုများမှာ ပြိုင်ဘက်ကင်းအောင် တညီတညွတ်တည်း ရှိနေဆဲ ဖြစ်သည်။
လက်ထောက်ဗိုလ်ချုပ်၏ မြင်းတပ်ခေါင်းဆောင် မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အော်ဟစ်လိုက်သည် “တက်စမ်း”
ချက်ချင်းပင် လက်ထောက်ဗိုလ်ချုပ်၏ မြင်းတပ်သား ဒါဇင်ပေါင်းများစွာသည် အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံး၏ ကြွပ်ဆတ်သော တံခါးကို တိုက်ရိုက် ဖြိုခွင်းလိုက်ပြီး ဟိန်းဟောက်သံများနှင့်အတူ ဝင်ရောက်လာကြသည်။
ရိုးရိုးသားသား ပြောရလျှင် တုပိုင် တကယ်ကို လူမသတ်ချင်ခဲ့ပေ။ သို့သော် ရွှေးချယ်စရာမရှိဖြစ်နေ၏။
“သတ်...”
တုပိုင် အမိန့်ပေးလိုက်သည်။
“ရွှီးးးး ရွှီးးးး ရွှီးးးး ရွှီးးးး” ရာပေါင်းများစွာသော ကောင်းကင်မိစ္ဆာ သွေးစစ်တပ်သားများသည် သူတို့၏ ဒူးလေးများဖြင့် မြှားများကို ပစ်ခတ်လိုက်ကြသည်။
မဲနက်သော မြှားမိုးများသည် ပြင်းထန်စွာ ပျံသန်းထွက်ခွာသွားပြီး လက်ထောက်ဗိုလ်ချုပ်၏ မြင်းတပ်သား ဒါဇင်ပေါင်းများစွာနှင့် ကြမ်းတမ်းစွာ ထိပ်တိုက် တွေ့ဆုံလေသည်။ ချက်ချင်းပင် ဒီရေလှိုင်းများက ကျောက်ဆောင်မည်းများကို ရိုက်ခတ်သွားသကဲ့သို့ ဖြစ်သွားသည်။
ထို မြင်းတပ်သား နှစ်ဒါဇင်ခန့်သည် ချက်ချင်းပင် ဖြူကောင်တစ်ကောင်အလား မြှားများ စူးဝင်သွားကြသည်။ သနားစဖွယ် အော်ဟစ်သံများနှင့်အတူ သူတို့သည် လုံးဝ သေဆုံးသွားကြလေ၏။
စစ်မြင်းများသည် အလွန် တန်ဖိုးရှိလှသဖြင့် လူများကိုသာ ပစ်ခတ်ခဲ့ပြီး မြင်းများကို မပစ်ခတ်ခဲ့ပေ။ တုပိုင် လက်ဝှေ့ယမ်းလိုက်ရာ ချက်ချင်းပင် ကောင်းကင်မိစ္ဆာ သွေးစစ်တပ်သား အယောက် ၃၀ ပြေးထွက်သွားပြီး စစ်မြင်းများကို တစ်ကောင်စီ ဆွဲယူကာ ခေါ်ဆောင်သွားလိုက်ကြသည်။
တုပိုင်က ပြောလိုက်သည် “မြင်းတွေ ပေးတဲ့အတွက် မြို့စောင့်တပ်မှူးအိမ်တော်ကို ကျေးဇူးတင်ပါတယ်”
အပြင်ဘက်တွင် ရှိနေသော မြင်းတပ်ခေါင်းဆောင်သည် ဒေါသထွက်မည့်အစား ရယ်မောလိုက်လေသည်။ မြေပြင်ပေါ်တွင် သေဆုံးနေသော လက်ထောက်ဗိုလ်ချုပ်၏ စစ်သည် ဒါဇင်ပေါင်းများစွာကို ကြည့်ကာ သူက လှောင်ပြောင်လိုက်သည်။“တုပိုင်... မင်းက တကယ့်ကို ကိုယ့်သေတွင်း ကိုယ်တူးတာပဲ”
ထို့နောက် သူသည် ဝမ်းနည်းပူဆွေးသော အသံဖြင့် အော်ဟစ်လိုက်သည်။“ပိုင်ဆယ် အရှေ့ဘက်ကွပ်ကဲရေးရုံးက ငါ့ရဲ့ စစ်သည်တွေကို ဖမ်းဆီးရုံသာမကဘဲ မြို့စောင့်တပ်မှူးအိမ်တော်က စစ်သည်တွေကို ရှာဖွေခွင့်မပေးဘဲ တားဆီးခဲ့တယ်။”
“ဒါတင်မကဘဲ မြို့စောင့်တပ်မှူးအိမ်တော်က ငါ့ရဲဘော် ဒါဇင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့တယ်။ ဒီလို ယုတ်မာမှု ၊ ဒီလို မာနထောင်လွှားမှုတွေက ငါတို့ ပိုင်ဆယ် မြို့စောင့်တပ်မှူးအိမ်တော်ရဲ့ သည်းခံနိုင်စွမ်းကို ကျော်လွန်သွားစေပြီ။ မြို့စောင့်တပ်မှူးအိမ်တော် ကိုယ်စား... ပိုင်ဆယ်စီရင်စုရဲ့ တရားဥပဒေ စိုးမိုးရေးကို ပြန်လည် တည်ဆောက်ဖို့အတွက် ပိုင်ဆယ် အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံးကို တရားဝင် စစ်ကြေညာလိုက်ပြီ။ အရှင်မင်းကြီး... ကျွန်တော်မျိုးတို့ကို ခွင့်လွှတ်တော်မူပါ”
ထိုသို့ပြောပြီးနောက် မြင်းတပ်ခေါင်းဆောင်သည် သူ၏ ရင်ဘတ်ထဲမှ မြှားတစ်စင်းကို ဆွဲထုတ်လိုက်ပြီး ကောင်းကင်ပေါ်သို့ ပစ်တင်လိုက်သည်။
“ဖောင်း...” မြှားသည် လေထဲသို့ ပျံတက်သွားပြီး ရုတ်တရက် အနီရောင် မီးလုံးကြီးအဖြစ် ပေါက်ကွဲသွားရာ မိုင်ပေါင်းများစွာ အကွာမှပင် ရှင်းလင်းစွာ မြင်တွေ့နိုင်လေသည်။
ဤလူတွေက သရုပ်ဆောင်ရာတွင်အပင် သိပ်မပီပြင်လှပေ။ စစ်တပ်က ကြိုတင် စုဝေးပြီးနေပြီ ဖြစ်ကာ မြင်းတပ်သားတစ်ဦး ပြန်သွားပြီး သတင်းပို့သည်ကိုပင် မစောင့်နိုင်တော့ဘဲ အချက်ပြမြှားကို တိုက်ရိုက် အသုံးပြုလိုက်ကြသည်။
ပိုင်ဆယ်မြို့၏ အနောက်ဘက်တံခါး အပြင်ဘက်တွင် ပိုင်ဆယ် လက်ထောက်ဗိုလ်ချုပ်၏ တပ်သား ငါးထောင်သည် အားလုံး စုဝေးရောက်ရှိနေကြပြီ ဖြစ်သည်။
ထိုအထဲတွင် မြင်းတပ် တစ်ထောင် ၊ ခြေလျင်တပ် လေးထောင် ၊ ကျောက်ခဲပစ်စက် ဒါဇင်အနည်းငယ် ၊ မြို့သိမ်းဒူးလေးကြီး ဒါဇင်ပေါင်းများစွာနှင့် မရေမတွက်နိုင်သော ကျောက်တုံးများ ၊ မီးလောင်ဗုံးများ ပါဝင်လေသည်။
ယုန်တစ်ကောင်ကို ဖမ်းဖို့ ခြင်္သေ့က အစွမ်းကုန် သုံးလိုက်သကဲ့သို့ပင် ဖြစ်ချေ၏။ အနက်ရောင် သံချပ်ကာများ ဝတ်ဆင်ထားသော တပ်သား ငါးထောင်သည် ရက်စက်ကြမ်းကြုတ်မှုနှင့် သတ်ဖြတ်လိုသော အရှိန်အဝါများကို ထုတ်လွှတ်နေကြသည်။ လုံးဝကို လက်ရွေးစင်တပ်ဖွဲ့ပင်ဖြစ်လေ၏။ မြေပြင်ပေါ်တွင် ဖြန့်ကျက်ထားသော တပ်သား ငါးထောင်သည် ကျယ်ပြန့်ပြီး အဆုံးအစမဲ့ပုံ ပေါ်နေသည်။
“ဘုန်းးးး”
ကောင်းကင်ပေါ်သို့ အချက်ပြမြှား ပျံတက်သွားပြီး ပိုင်ဆယ်မြို့ထဲတွင် ပေါက်ကွဲသွားသည်ကို မြင်လိုက်ရသည်။
ထျန်တောက်အဖွဲ့ ခေါင်းဆောင် လီတောက်အန်း၏ သမီး လီလင်းယွီက ရယ်မောလိုက်သည်။“ဦးလေး... သမီး ပြောသားပဲ။ ဒီ တုပိုင်က ဟိုးအရင်တုန်းက ကျန်းရှောင်လိုပဲ ခေါင်းမာတဲ့ ငတုံးတစ်ကောင်ပါလို့။ သူက သူ့ဒေါသကို လုံးဝ မထိန်းချုပ်နိုင်ဘူး။ အနည်းငယ် စိန်ခေါ်လိုက်တာနဲ့ တုန့်ပြန်တတ်ပြီး ဖျက်ဆီးခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ထည့်မတွက်ဘဲ လက်ရှိအချိန် သတ်ဖြတ်ရတဲ့ အရသာကိုပဲ ဂရုစိုက်တဲ့လူမျိုးပါ”
ပိုင်ဆယ်စီရင်စု၏ အာဏာရှင် ၊ အင်ပါယာ၏ ဒုတိယအဆင့် စစ်ဘက်အရာရှိ ၊ ရည်မှန်းချက်ကြီးမားသော စစ်ဘုရင် မြို့စောင့်တပ်မှူး ယန်ရှောင်သည် လီလင်းယွီ၏ စကားကို ကြားပြီးနောက် မည်သို့မျှ ထူးခြားမသွားပေ။
“စစ်ချီမယ်... အရှေ့ဘက်ကွပ်ကဲရေးရုံးက မိန်းမစိုးခွေးကောင်ကို မျိုးဖြုတ် သတ်ပစ်ကြ”
သူ၏ အမိန့်ပေးသံနှင့်အတူ ကြီးကျယ်ခမ်းနားပြီး များပြားလှသော တပ်သား ငါးထောင်သည် ပိုင်ဆယ်မြို့ထဲသို့ ချီတက်လာပြီး တုပိုင်၏ အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံးဆီသို့ ဦးတည်သွားကြသည်။ ချက်ချင်းပင် မြို့ထဲရှိ မရေမတွက်နိုင်သော လူများ၏ မျက်နှာများ ဖြူဖျော့သွားကြသည်။
လမ်းပေါ်ရှိ လူများသည် ပြန့်ကျဲသွားကြပြီး နေအိမ်များသို့ ပြန်ကာ တံခါးများနှင့် ပြတင်းပေါက်များကို တင်းကျပ်စွာ ပိတ်လိုက်ကြသည်။ မိုင်အနည်းငယ် အကွာအဝေးမှပင် တုပိုင်၏ အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံးသည် မြေကြီး တုန်ခါမှုကို ခံစားနေရပြီး မြင်းခွာသံများ မြေကြီးကို ရိုက်ခတ်သံများကို ကြားနေရပြီ ဖြစ်သည်။
ကြောက်မက်ဖွယ်ကောင်းသော ဟိန်းဟောက်သံကြီးပင်ဖြစ်၏။ တပ်သား ငါးထောင်သည် ပို၍ ပို၍ နီးကပ်လာနေသည်။
ထို့အပြင် ဤ အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံးသည် အလွန် ဟောင်းနွမ်းနေပြီး ခုခံကာကွယ်ရန် လုံးဝ မဖြစ်နိုင်သလို ထိရောက်သော ခံစစ်စည်းကိုလည်း မတည်ဆောက်နိုင်ပေ။ ဟိန်းဟောက်သံများသည်လည်း သေမင်း၏ ခြေသံများ နီးကပ်လာသကဲ့သို့ပင် ဖြစ်နေသည်။
ကျီပြောင်ပြောင်၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားသည်။ သူမသည် တုပိုင်၏ ဘေးသို့ ရောက်လာပြီး ပြောလိုက်သည်။ “အမ အဖေ့ကို သွားပြီး တောင်းပန်လိုက်မယ်။ အမတို့ကို အပြာရောင်နဂါးဂိုဏ်းမှာ ခိုလှုံခွင့်ပေးဖို့ ပြောလိုက်မယ်။ သူ ဘာစည်းကမ်းချက်ပဲ သတ်မှတ် သတ်မှတ် အမ သဘောတူပါတယ်။ အမတို့ကို အပြာရောင်နဂါးဂိုဏ်းထဲ ဝင်ခွင့်ပေးရင် မြို့စောင့်တပ်မှူး ယန်ရှောင်ရဲ့ စစ်တပ်က အပြာရောင်နဂါးဂိုဏ်းကို လာတိုက်ရဲမှာ မဟုတ်ဘူး”
တုပိုင် ခေါင်းခါလိုက်သည်။
ကျီပြောင်ပြောင်က ပြောလိုက်သည်။ “ကောင်းကင်မိစ္ဆာ သွေးစစ်တပ်က အရမ်း အစွမ်းထက်ပါတယ်။ လူ တစ်ထောင် ၊ နှစ်ထောင်လောက်ကို အနိုင်ယူနိုင်စွမ်း ရှိပါတယ်။ ဒါပေမဲ့ ရန်သူက အမတို့ထက် ဆယ်ဆလောက် များနေတဲ့အပြင် သူတို့မှာ ကြီးမားတဲ့ စစ်လက်နက် ကိရိယာတွေလည်း ပါလာတယ်။ အမတို့ လုံးဝ မျိုးဖြုတ်သတ်ဖြတ်ခံရလိမ့်မယ်”
တုပိုင်သည် ကျီပြောင်ပြောင်၏ ကျောက်စိမ်းရောင် လက်ကလေးကို ဆုပ်ကိုင်လိုက်ပြီး ပြောလိုက်သည်။ “အစ်မပြောင်ပြောင်... စိတ်မပူပါနဲ့။ ဒီတစ်ခါ ကျွန်တော် အဆင်ပြေမယ်လို့ ပြောရင် သေချာပေါက် အဆင်ပြေမှာပါ။ ကျေးဇူးပြုပြီး ကျွန်တော်ကို ယုံကြည်ပြီး စောင့်ကြည့်နေပေးပါ”
အပိုင်း ၃၃၂ ပြီး။