အခန်း (၃၃၃)
Vol. 34 Ch. 333
မြို့စောင့်တပ်မှူး ယန်ရှောင်၏ စစ်တပ်သည် နီးကပ်သထက် နီးကပ်လာကာ မြေပြင်တုန်ခါမှုများမှာလည်း ပိုမိုပြင်းထန်လာချေသည်။
ထိုအချိန်တွင် ဆရာသခင်ကြီး ကျီချင်းကျူသည် ရုတ်တရက်ပေါ်လာပြီး တဲ့တိုးပင် ပြောလိုက်လေ၏။ “ပြောင်ပြောင်။ အဖေနဲ့ ပြန်လိုက်ခဲ့တော့။ အရင်က ဖြစ်ပြီးခဲ့တာတွေက တံတားအောက် ရေတွေ စီးဆင်းသွားသလို ပြီးပါစေတော့”
ကျီပြောင်ပြောင်က ဒူးထောက်လိုက်ပြီး ပြောလိုက်သည်။ “အဖေ။ သမီးတို့ကို ဒီတစ်ကြိမ်လောက် ကူညီပေးပါနော်။ တုပိုင်နဲ့ သူ့တပ်ဖွဲ့တွေကို သမီးတို့ရဲ့ အပြာရောင်နဂါးဂိုဏ်းမှာ ပုန်းခိုခွင့်ပေးပါနော်။ အဲ့လိုသာ လုပ်ပေးမယ်ဆိုရင် အဖေ သတ်မှတ်တဲ့ ဘယ်စည်းကမ်းချက်ကိုမဆို သမီး လက်ခံပါ့မယ်။ သမီးကို တစ်ယောက်ယောက်နဲ့ လက်ထပ်စေချင်တာလား။ သမီး လက်ထပ်ပါ့မယ်”
ကျီချင်းကျူသည် သူ့သမီးကို စိတ်ပျက်လက်ပျက်ဖြင့် ကြည့်လိုက်ပြီး တုပိုင်ဘက်သို့ လှည့်ကြည့်လိုက်သည့် အကြည့်များမှာ ရန်လိုမုန်းတီးမှုများဖြင့် ပြည့်နှက်နေလေသည်။
“အချစ်စိတ်မွှန်နေတဲ့ကောင်မ။ မင်းသဘောအတိုင်းသာ လုပ်ပေတော့” ကျီချင်းကျူက ဒေါသတကြီး ပြောလိုက်သည်။
အမှန်တကယ်တွင် ကျီပြောင်ပြောင် အသက်အန္တရာယ်ဖြစ်မှာကို သူပူပန်နေစရာမလိုပေ။ အဘယ်ကြောင့်ဆိုသော် မြို့စောင့်တပ်မှူး ယန်ရှောင်သည် ကျီပြောင်ပြောင်ကို သတ်ရဲမည် မဟုတ်သောကြောင့်ပင်။ သို့သော် သူမ၏ ပျက်စီးနေသော သွေးကြောများဖြင့် အတင်းအဓမ္မ တိုက်ခိုက်မည်ဆိုပါက ဒဏ်ရာကို ပိုမိုဆိုးရွားသွားစေလိမ့်မည်ဖြစ်သည်။
တုပိုင်က ရှေ့သို့တက်လာပြီး ကျီပြောင်ပြောင်ကို တွဲထူပေးလိုက်ကာ ပြောလိုက်သည်။ “အစ်မပြောင်ပြောင်။ ထလိုက်ပါဗျာ။ ကျွန်တော် ဘာမှမဖြစ်စေရဘူးလို့ ပြောထားတယ်မလား။ ဘာမှ မဖြစ်စေရပါဘူး”
ကျီချင်းကျူက တုပိုင်ကို စိုက်ကြည့်ပြီး အေးစက်စွာ ပြောလိုက်၏။ “မိန်းမစိုးခွေးကောင်။ ငါသာ ကြားနေဝါဒ မကိုင်စွဲထားရင် မင်းကို အခုချက်ချင်း သတ်ပစ်လိုက်ပြီ”
ထို့နောက် ကျီချင်းကျူသည် ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားလေတော့သည်။ ပိုင်ဆယ် မြို့စောင့်တပ်မှူး ယန်ရှောင်၏ စစ်တပ်သည် သိပ်မဝေးတော့သည့်နေရာသို့ ရောက်ရှိလာပြီဖြစ်သည်။ ရှေ့ပြေးမြင်းတပ်ဖွဲ့ကို ရှင်းလင်းစွာ မြင်တွေ့နေရပြီဖြစ်၏။
“တက်စမ်း။ မိန်းမစိုးခွေးကောင်က ငါတို့ မြို့စောင့်တပ်မှူးအိမ်တော်ကို စော်ကားရဲတယ်။ သူ့ကို အပိုင်းပိုင်းအစစဖြစ်အောင် ဆွဲဖြဲပစ်ကြ။ ဆွဲဖြဲပစ်ကြစမ်း”
“သတ်ကြ။ သတ်ကြ။ တုပိုင်နဲ့ မိန်းမစိုးခွေးကောင်တွေ အကုန်လုံးကို သတ်ပစ်ကြ”
ထိုအချိန်တွင်ပင် လမ်းမကြီး၏ အခြားတစ်ဖက်မှ တောက်ပသော သံချပ်ကာများ ဝတ်ဆင်ထားသည့် လျင်မြန်သော မြင်းတပ်ဖွဲ့လေးခုသည် မိုးခြိမ်းသံကဲ့သို့ မြည်ဟီးလျက် ဝင်ရောက်လာကြသည်။ လူအင်အား သိပ်မများလှပေ။ မြင်းစီးသမား တစ်ရာကျော်ခန့်သာ ရှိသော်လည်း ဦးဆောင်လာသည့် မြင်းတပ်ဖွဲ့သည် နဂါးအလံတော်ကို ကိုင်ဆောင်ထားလေသည်။
ရှေ့ဆုံးမှ မြင်းစီးလာသူ သုံးဦးမှာ ကွမ်ရှီးပြည်နယ်တွင် ရာထူးအကြီးဆုံး နယ်စားမင်းဖြစ်သည့် ကွေ့မင်းသား ၊ ကွမ်ရှီးဘုရင်ခံ ကျန်းရန်မင်နှင့် ကွမ်ရှီးပြည်နယ် အုပ်ချုပ်ရေးမှူး တုကျန်းတို့ ဖြစ်ကြသည်။ ကွမ်ရှီးပြည်နယ်၏ ထိပ်သီးပုဂ္ဂိုလ်ကြီး သုံးဦးစလုံး ရောက်ရှိလာခြင်းပင်။
မြင်းပေါ်ရှိ ကွေ့မင်းသားသည် ဧကရာဇ်၏ အမိန့်ပြန်တမ်းကို ထုတ်လိုက်ပြီး ပြောလိုက်သည်။ “ကောင်းကင်ဘုံ၏ အလိုတော်အတိုင်း အရှင်မင်းမြတ်မှ အမိန့်ပြန်တမ်း ထုတ်ပြန်လိုက်သည်။ ကွေ့မင်းသားသည် ကွမ်ရှီးဘုရင်ခံ ၊ ကွမ်ရှီးပြည်နယ် အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ပိုင်ဆယ်စီရင်စုကို စစ်ဆေးရန် အမိန့်ရှိသည်။ ပိုင်ဆယ်စီရင်စုမှူး ၊ ပိုင်ဆယ်မြို့စောင့်တပ်မှူး ၊ ပိုင်ဆယ် အရှေ့ဘက်ကွပ်ကဲရေးရုံးနှင့် အခြားတာဝန်ရှိသူများ ကြိုဆိုကြရမည်”
ထို့နောက် ကွေ့မင်းသားသည် မြင်းပေါ်မှ ဆင်းလိုက်ပြီး အတင်းတိုးဝင်လာနေသည့် မြို့စောင့်တပ်မှူးအိမ်တော်မှ စစ်သည်များဘက်သို့ လျှောက်သွားလိုက်သည်။ သူသည် ဘာဖြစ်နေမှန်း လုံးဝမသိသည့်ပုံစံဖြင့် မြို့စောင့်တပ်မှူး ယန်ရှောင်ကို ပြောလိုက်၏။
“မြို့စောင့်တပ်မှူးအိမ်တော်က ဒီမင်းသားကို ကြိုဆိုဖို့ ဒီလောက်ကြီးကျယ်ခမ်းနားတဲ့ ပြကွက်တွေ ခင်းကျင်းထားတာပဲ။ များလွန်းလှပါပြီ ၊ များလွန်းလှပါပေတယ်”
ထို့နောက် ကွေ့မင်းသား၊ ကျန်းရန်မင်၊ တုကျန်းနှင့် အခြားသူများသည် အပြင်ဘက်ရှိ မြို့စောင့်တပ်မှူးအိမ်တော်၏ စစ်တပ်ကို လုံးဝ လျစ်လျူရှုလျက် အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံးအတွင်းသို့ ဝင်ရောက်သွားကြလေသည်။ အပြင်ဘက်တွင်မူ ပိုင်ဆယ် မြို့စောင့်တပ်မှူး ယန်ရှောင်၏ မျက်နှာမှာ အလွန်အမင်း ပျက်ယွင်းနေပြီး ရင်ထဲတွင် ဒေါသများ ပေါက်ကွဲမတတ် ဖြစ်နေရရှာသည်။
ယခု သူဘာလုပ်နိုင်မည်နည်း။ စစ်တပ်ကို ဦးဆောင်ပြီး အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံးထဲ ဝင်ရောက်ကာ တုပိုင်နှင့် မိန်းမစိုးခွေးကောင်များအားလုံးကို သတ်ပစ်ရမည်လော။
ထိုအရာက မဖြစ်နိုင်ပေ။ ကွေ့မင်းသား၊ ကွမ်ရှီးဘုရင်ခံနှင့် ကွမ်ရှီးပြည်နယ် အုပ်ချုပ်ရေးမှူး စသည့် ပုဂ္ဂိုလ်ကြီးသုံးဦးစလုံး အထဲတွင် ရှိနေကြသည်။ ယခုအချိန်၌ အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံးကို တိုက်ခိုက်ခြင်းသည် ချက်ချင်း ပုန်ကန်ခြင်းပင် ဖြစ်ချေမည်။ လီမိသားစု စော်ဘွားသည် ချက်ချင်းပုန်ကန်ရန် အဆင်သင့် မဖြစ်သေးပေ။
ထိုစဉ် ပိုင်ဆယ် လက်ထောက်ဗိုလ်ချုပ်ကြီးသည် မျက်နှာဖုံးပြောင်းတပ်လိုက်သကဲ့သို့ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ပြောလိုက်သည်။ “အရှင်မင်းသားနဲ့ လူကြီးမင်းတွေ ရောက်လာမယ်ဆိုတာကို လက်အောက်ငယ်သားက သိနေတဲ့အတွက် ကာကွယ်စောင့်ရှောက်ပေးဖို့ တပ်တွေကို အထူးတလည် ခေါ်ဆောင်လာခဲ့တာပါ”
ကွေ့မင်းသားက မျက်နှာသေကြီးဖြင့် ပြောလိုက်သည်။ “မင်းက တော်တော် စဉ်းစားတွေးခေါ်တတ်တာပဲ”
မြို့စောင့်တပ်မှူး ယန်ရှောင်က ပြောလိုက်သည်။ “အရှင်မင်းသား ကျွန်တော်မျိုးရဲ့ မြို့စောင့်တပ်မှူးအိမ်တော်ကို ဧည့်သည်အနေနဲ့ လာရောက်လည်ပတ်ချင်ပါသလား”
ကွေ့မင်းသားက ပြန်ပြောလိုက်သည်။ “အဲ့ဒါက မဖြစ်မနေ လာရမှာပေါ့။ နောက်မှပဲ ဗိုလ်ချုပ်ယန်ရဲ့ နေအိမ်ကို လာလည်ပတ်ပါ့မယ်”
“ဒါဆိုရင် လက်အောက်ငယ်သားကို ပြန်ခွင့်ပြုပါဦး” ပိုင်ဆယ် လက်ထောက်ဗိုလ်ချုပ်ကြီးက ပြောလိုက်ပြီး သူ့စစ်တပ်ကို ဦးဆောင်ကာ ထွက်ခွာသွားလေတော့သည်။
ကွမ်ရှီးပြည်နယ်ရှိ တော်ဝင်မိသားစု၏ ကိုယ်စားလှယ်အနေဖြင့် ကွေ့မင်းသားသည် ပြည်သူများ၏ စိတ်နှလုံးကို သိမ်းသွင်းရန် ပိုင်ဆယ်စီရင်စုကို စစ်ဆေးရမည့် တာဝန်ရှိသည်။ ဤနေရာသည် တစ်ဝက်တစ်ပျက် လွတ်လပ်သောနိုင်ငံဖြစ်နေသောကြောင့် ကွေ့မင်းသားသည် တော်ဝင်မိသားစု၏ ရှိရင်းစွဲအာဏာကို ဤနေရာ၌ အထူးတလည် သက်ရောက်စေရန် လိုအပ်နေသည်။
ထို့ကြောင့် ဧကရာဇ်၏ အမိန့်ပြန်တမ်းကို လွန်ခဲ့သော ကာလကြာကတည်းက ထုတ်ပြန်ထားပြီးဖြစ်သည်။ ဝူကျိုးတွင် ရှိစဉ်ကပင် တုပိုင်သည် ကွေ့မင်းသားနှင့် ဆွေးနွေးထားခဲ့၏။ သူ ပထမဆုံးတိုက်ပွဲကို အနိုင်ရသည်နှင့် ကွေ့မင်းသားသည် ပိုင်ဆယ်စီရင်စုသို့ ချက်ချင်း ဝင်ရောက်လာမည်ဖြစ်သည်။
အမှန်တကယ်တွင် ကွေ့မင်းသားသည် တုပိုင်ထက် နောက်ကျပြီး ရောက်လာခြင်းမဟုတ်ပေ။ လမ်းတစ်လျှောက်တွင် ခြေရာဖျောက်ပြီး လိုက်ပါလာခဲ့ခြင်းဖြစ်ကာ တုပိုင်၏ အချက်ပေးမှုကို ရမှသာ အရှိန်မြှင့်တင်လိုက်ပြီး တောက်ပသော သံချပ်ကာများကို လဲလှယ်ဝတ်ဆင်၍ ကွေ့မင်းသားအိမ်တော်၏ အလံကို လွှင့်ထူကာ ပိုင်ဆယ်မြို့နှင့် အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံးထဲသို့ ဝင်ရောက်လာခြင်း ဖြစ်လေသည်။
တုပိုင်က ကွေ့မင်းသားကို ဦးညွှတ်ပြီး ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ် အရှင်မင်းသား”
ကွေ့မင်းသားက ပြောလိုက်၏။ “ကျေးဇူးတင်ရမှာက ငါတို့ပါကွ။ မင်းလို ၁၈ နှစ်အရွယ် ကလေးတစ်ယောက်က ဒီလို အန္တရာယ်များတဲ့နေရာမှာ ရုန်းကန်ခဲ့ရပြီး တကယ့်ကို သွေးစွန်းတဲ့ လမ်းကြောင်းတစ်ခုကို ဖောက်လုပ်နိုင်ခဲ့တာပဲ”
ထို့နောက် ကွေ့မင်းသားက ဆက်ပြောသည်။ “ပိုင်ဆယ်စီရင်စုရဲ့ အခြေအနေက ငါတို့ ထင်ထားတာထက် ပိုဆိုးနေတယ်။ လက်ထောက်ဗိုလ်ချုပ်ကြီး ယန်ရှောင်က အရမ်းမောက်မာလွန်းနေပြီ။ ငါတို့ရှေ့မှာတောင် သူက ဂနာမငြိမ်ဖြစ်ပြီး အင်အားသုံးဖို့ ကြိုးစားရဲသေးတယ်”
ကွေ့မင်းသား ၊ ကွမ်ရှီးဘုရင်ခံနှင့် ကွမ်ရှီးပြည်နယ် အုပ်ချုပ်ရေးမှူးတို့ ရောက်ရှိလာပြီးနောက်တွင်မူ တုပိုင်သည် ယာယီအားဖြင့် ဘေးကင်းသွားပြီဖြစ်သည်။
နောက်တစ်ဆင့်မှာ ဆွေးနွေးညှိနှိုင်းမှုများဖြစ်ပြီး ကွေ့မင်းသားသည် နန်းတွင်းကို ကိုယ်စားပြုကာ လီမိသားစု စော်ဘွားနှင့် ဆွေးနွေးမည်ဖြစ်သည်။ တုပိုင်၏ တည်ရှိမှုကို အသိအမှတ်ပြုရန်နှင့် စစ်ရေးအရ ဖိနှိပ်မှုများကို ရပ်တန့်ရန် လုပ်ဆောင်ရမည်ဖြစ်သည်။
“ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားကြ။ နောက်တစ်ဆင့်က လီရူဟိုင်နဲ့ ဆွေးနွေးရလိမ့်မယ်” ကွေ့မင်းသားက ပြောလိုက်သည်။ “ကျင့်ဝတ်ထုံးစံအရ ငါတို့က မင်းရဲ့ အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံးမှာ တည်းခိုလို့မရဘူး။ ငါ ပိုင်ဆယ်စီရင်စုမှူးရဲ့ နေအိမ်မှာပဲ တည်းခိုလိုက်မယ်။ ငါတို့ ဆွေးနွေးပွဲရဲ့ သတင်းကို စောင့်နေကြ”
ထို့နောက် ကွေ့မင်းသားသည် ကွမ်ရှီးဘုရင်ခံ ကျန်းရန်မင် ၊ ကွမ်ရှီးပြည်နယ် အုပ်ချုပ်ရေးမှူး တုကျန်းတို့နှင့်အတူ အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံးမှ ထွက်ခွာသွားပြီး ပိုင်ဆယ်စီရင်စုမှူးရုံးဆီသို့ ဦးတည်သွားကြလေသည်။
ကွမ်ရှီး အရှေ့ဘက်ကွပ်ကဲရေးရုံး ငြိမ်းချမ်းရေးမင်းကြီး လီယွီထန်ကမူ ယာယီကျန်ရစ်ခဲ့ပြီး တုပိုင်၏ ပခုံးကို အားပါးတရ ပုတ်ကာ ပြောလိုက်သည်။
“ခမ်းနားလိုက်တာကွာ။ သိပ်ကို ခမ်းနားတယ်။ မင်းဒီကိုရောက်တာ ရက်အနည်းငယ်ပဲ ရှိသေးပေမဲ့ သစ္စာဖောက် ကျန်းရှောင်ကို ရှင်းပစ်လိုက်ပြီး ငါတို့ အရှေ့ဘက်ကွပ်ကဲရေးရုံးကို သန့်ရှင်းရေး လုပ်ပေးလိုက်တာပဲ။ မင်းအဖေက မင်းကို သူ့အသက်လို သဘောထားတာ အံ့သြစရာမရှိပါဘူး။ မင်းက တကယ့်ကို ကြောက်စရာကောင်းတဲ့ကောင်ပဲ”
ထို့နောက် လီယွီထန်က ဆက်ပြောလိုက်သည်။ “တုပိုင်။ ငါ့အမိန့်ကို နားထောင်။ ဒီနေ့ကစပြီး ဒီငြိမ်းချမ်းရေးမင်းကြီးက မင်းကို ပိုင်ဆယ် အရှေ့ဘက်ကွပ်ကဲရေးရုံးရဲ့ တပ်မှူးငယ်အဖြစ် ခန့်အပ်လိုက်တယ်”
တုပိုင်က ဦးညွှတ်ပြီး ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ် ငြိမ်းချမ်းရေးမင်းကြီး”
ဤရာထူးတိုးမြှင့်မှုက မြန်ဆန်လွန်းလှပေသည်။ တစ်လပင် မပြည့်သေးခင်မှာ ယာယီတပ်မှူးငယ်ဘဝမှ တရားဝင်တပ်မှူးငယ်အဖြစ်သို့ ရောက်ရှိလာပြီး အဆင့် ၆ မှ တရားဝင် အဆင့် ၆ သို့ ရောက်လာ၏။ (ရေးထားတဲ့အတိုင်းပြန်ထားတာပဲ ၊ ဘာတွေလဲ ကျနော်လည်းမသိဘူး😢 ၊ ယာယီအဆင့်နဲ့ တရားဝင်အဆင့်ဆိုပြီးခွဲထားတာဖြစ်မယ်။)
လီယွီထန်က ပြောလိုက်သည်။ “ဒါ့အပြင် ပိုင်ဆယ်စီရင်စု အရှေ့ဘက်ကွပ်ကဲရေးရုံးက တပ်ရင်းမှူးတစ်ယောက် ခန့်အပ်မှာ မဟုတ်ဘူး။ မင်း ဒီနေရာမှာ ခြေကုပ်ယူပြီး နန်းတွင်းရဲ့ အုတ်မြစ်ကို ကိုယ်စားပြုနိုင်သရွေ့ နောက်ထပ် တစ်နှစ်လောက်ကြာရင် မင်း တပ်ရင်းမှူးအဖြစ် ရာထူးတိုးမြှင့်ခံရလိမ့်မယ်”
ထိုစကားကြောင့် တုပိုင် လန့်သွားရသည်။ ၁၉ နှစ်အရွယ် တပ်ရင်းမှူးလော။ တကယ့်ကို အံ့သြစရာကောင်းလွန်းလှသည်။ ဤသည် တကယ့် အဆင့် ၅ အရာရှိ အစစ်ဖြစ်သည်။
“မင်းလုပ်စရာရှိတာ လုပ်ပြီးပြီ။ ကျန်တာကို ငါတို့ လူကြီးတွေကို လွှဲပေးလိုက်တော့။ ငါတို့ အဲ့ဒီ အဆိပ်မြွေတွေ မြေခွေးတွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး မင်းခက်ခက်ခဲခဲ ရယူထားတဲ့ အသီးအပွင့်တွေကို သေချာပေါက် ကာကွယ်ပေးထားမယ်” လီယွီထန်က ပြောလိုက်သည်။ ထို့နောက် သူလည်း ထွက်ခွာသွားလေသည်။ နောက်ဆက်တွဲအနေဖြင့် တုပိုင်တစ်ယောက် အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံးတွင် အေးအေးလူလူ အနားယူချိန် ရရှိသွားလေ၏။
အပိုင်း ၃၃၃ ပြီး။