အခန်း (၃၃၅)
Vol. 34 Ch. 335
တုပိုင် ကြောင်အသွားရချေသည်။ သောက်ရူးမ မိုဟန်မည်သည်ကို ပြောချင်သနည်း။
အလွန်လှပသော မိန်းမအ မိုဟန်သည် မတ်တတ်ရပ်လိုက်ပြီး ပြောလိုက်လေ၏။ “ကျွန်မရဲ့ ဘိုးဘေးတွေက အန်နမ်နိုင်ငံ တော်ဝင်မိသားစုကဖြစ်ပြီး ရတနာသိုက်တစ်ခု ချန်ထားခဲ့ပါတယ်။ ဒဏ္ဍာရီတွေအရ ဒီရတနာသိုက်ကိုသာ ရှာဖွေတွေ့ရှိခဲ့မယ်ဆိုရင် ကျွန်မတို့ မိုမိသားစုက ပြန်လည်နိုးထလာနိုင်ပြီး တော်ဝင်မိသားစုရဲ့ ဘုန်းကံကို ပြန်လည်ရရှိနိုင်မယ်လို့ ဆိုပါတယ်”
လူတိုင်း ရှေ့သို့တိုးပြီး နားစွင့်လိုက်ကြသည်။
မိုဟန်က ဆက်ပြောလိုက်သည်။ “ဒီမှာရှိတဲ့ လူတော်တော်များများက ဒီရတနာသိုက်ကို လိုချင်နေကြတယ်ဆိုတာ ကျွန်မ သိပါတယ်။ အဲ့ဒါကြောင့်လည်း ကျွန်မအမေက အသတ်မခံရဘဲ အကျဉ်းချခံခဲ့ရတာပါ။ ဒီရတနာသိုက်ကြောင့်ပဲ ကျွန်မလည်း ကိုယ့်ကိုယ်ကိုယ် ထုတ်မပြရဲဘဲ မြေအောက်ကမ္ဘာမှာ ပုန်းအောင်းနေခဲ့ရတာပါ။”
“မိုမိသားစု တော်ဝင်ရတနာသိုက်ရဲ့ လျှို့ဝှက်ချက်က ဒီ ဘုရင့်အမိန့်ပေးလက်စွပ်ထဲမှာ ဝှက်ထားပါတယ်။ အမှန်တော့ မိုမိသားစုရဲ့ ခေါင်းဆောင်အဆက်ဆက်က ဒီလက်စွပ်ကို ထပ်ခါတလဲလဲ လေ့လာခဲ့ကြပေမဲ့ ရတနာသိုက်ရဲ့ လျှို့ဝှက်ချက်ကို ရှာမတွေ့ခဲ့ပါဘူး။ အဲ့ဒါကြောင့် ကျွန်မတို့အားလုံးရဲ့ ဉာဏ်ပညာကို စုပေါင်းလိုက်ကြရအောင်ပါ။ ဒီမှာရှိတဲ့လူတိုင်း လေ့လာကြည့်ရှုနိုင်ဖို့အတွက် ဒီဘုရင့်အမိန့်ပေးလက်စွပ်ကို ကျွန်မ ထုတ်ပေးပါ့မယ်။ ရတနာသိုက်ရဲ့ လျှို့ဝှက်ချက်က လက်စွပ်ပေါ်က ခရစ္စတယ်ကျောက်မျက်ထဲမှာ ရှိနေလောက်ပါတယ်”
“ရှင်တို့တစ်ယောက်စီ ခဏလောက် ကြည့်နိုင်ပါတယ်။ ပြီးရင် ပြန်ပြီး လေ့လာနိုင်ကြပါတယ်။ မိုမိသားစုရဲ့ ရတနာသိုက်ကို ရှာတွေ့ပြီဆိုတာနဲ့ ကျွန်မကို တစ်ဝက် ခွဲပေးရပါမယ်” မိုဟန်က ဆက်ပြောလိုက်သည်။ “နယ်စားမင်း လီရူဟိုင်လည်း ဒီမှာရှိသလို ကွေ့မင်းသားလည်း ရှိနေပါတယ်။ ကျွန်မအတွက် သက်သေအဖြစ် ဆောင်ရွက်ပေးနိုင်မလားရှင်”
“ရတယ်” လီရူဟိုင်က တဲ့တိုးပင် ပြောလိုက်သည်။
ကွေ့မင်းသားကလည်း ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။ “ငါကိုယ်တော် သက်သေလိုက်ပေးမယ်”
ထို့နောက် မိုဟန်သည် ပိုးပုဝါတစ်စကို အသုံးပြုပြီး ဘုရင့်အမိန့်ပေးလက်စွပ်ကို ကိုင်ကာ သူမဘေးရှိ လီတောက်အန်းအား ကမ်းပေးလိုက်လေသည်။ လီတောက်အန်းက လက်စွပ်ကို ချက်ချင်းပင် မီးရောင်တွင် ထောင်ကြည့်လိုက်ပြီး ခရစ္စတယ်ကျောက်မျက်ထဲရှိ ပုံစံများကို အသေအချာ လေ့လာကြည့်ရှုတော့သည်။
ဤအချိန်တွင် တုပိုင်တစ်ယောက် ဒေါသထွက်လွန်း၍ ပေါက်ကွဲလုမတတ် ဖြစ်နေသွားရ၏။ သူသည် သူ့အသက်ကိုပင် ပဓာနမထားဘဲ စွန့်စားကာ ဤလက်စွပ်ကို ရယူပေးခဲ့ရခြင်း ဖြစ်သည်။ မိမိကိုယ်ကျိုးအတွက်ပင် မသိမ်းဆည်းခဲ့ဘဲ ပေးအပ်ခဲ့ပါလျက်နှင့် ယခုအခါ၌မူ သူမသည် လူတကာရှေ့မှောက်တွင် ဗြောင်ကျကျ ထုတ်ပြလိုက်လေ၏။
ဤမိန်းမအသည် ရတနာကို ရတနာမှန်းပင် မသိချေ။ ဤလုပ်ရပ်မှာ သေချာပေါက် ရှောင်မူကျစ်၏ မြှောက်ပင့်သွေးထိုးမှုကြောင့်ပင် ဖြစ်ပေလိမ့်မည်။ မိုဟန်ကဲ့သို့သော မိန်းမအသည် အဘယ်ကြောင့်များ ရှောင်မူကျစ်၏ စကားကို ဤမျှလောက်အထိ နားဝင်ချိုနေရသနည်း။
လက်စွပ်သည် နာရီဝက်တိတိ လက်ဆင့်ကမ်း လှည့်လည်သွားခဲ့ပြီး ရှိနေသူအားလုံး ဘုရင့်အမိန့်ပေးလက်စွပ်ကို မြင်တွေ့လိုက်ကြရသည်။
မိုမိသားစု ခေါင်းဆောင်အဆက်ဆက် နှစ်ပေါင်းရာချီ ရှာမတွေ့ခဲ့သည့် ရတနာသိုက် လျှို့ဝှက်ချက်ကို ဒီလူတွေ ကြည့်လိုက်ရုံနဲ့ ရှာတွေ့နိုင်မှာ မဟုတ်ဘူးဟု မိုဟန် ယုံကြည်နေပုံရသည်။
ထို့အပြင် ယခုအချိန်မှစ၍ သူမသည် မြေအောက်ကမ္ဘာတွင် နေထိုင်စရာ မလိုတော့ပေ။ ရှိနေသူအားလုံးသည် မိုမိသားစု ရတနာသိုက်ကို အလွန်အမင်း လိုချင်တပ်မက်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ဤရတနာသိုက်သည် အမှန်တကယ်ပင် အလွန်အစွမ်းထက်ပြီး မိသားစုတစ်ခု၏ ကံကြမ္မာကို ပြောင်းလဲပေးနိုင်ကာ မိုမိသားစု တော်ဝင်မျိုးနွယ်ကို ပြန်လည်နိုးထစေနိုင်သောကြောင့် ဖြစ်သည်။ သို့သော် လက်စွပ်အတွင်းရှိ ပုံစံများကို ကြည့်ပြီးနောက် သူတို့အားလုံး လုံးဝ အာရုံမရ ဖြစ်သွားကြလေသည်။
သလင်းကျောက်မျက်ထဲရှိ ပုံစံများမှာ အလွန် ရှုပ်ထွေးပွေလီလှပြီး ရတနာသိုက်နှင့် ပတ်သက်သည့် မည်သည့်အချက်အလက်မျှ ပါဝင်ခြင်း မရှိချေ။ တုပိုင်ပင်လျှင် နောက်တစ်ကြိမ် ထပ်ကြည့်လိုက်သော်လည်း ဘာမှ နားမလည်ဘဲ ဖြစ်နေဆဲပင်ဖြစ်၏။
လီရူဟိုင်သည် သူ၏ တောင်ဝှေးဖြင့် ကြမ်းပြင်ကို ခေါက်လိုက်ပြီး ပြောလိုက်သည်။ “ဒီစားသောက်ပွဲရဲ့ ရည်ရွယ်ချက်က ပိုင်ဆယ်စီရင်စု အရှေ့ဘက်ကွပ်ကဲရေးရုံးရဲ့ ကံကြမ္မာကို ဆုံးဖြတ်ဖို့ပဲ။ တိတိကျကျ ပြောရရင် တုပိုင်ရဲ့ သေရေးရှင်ရေးကို ဆုံးဖြတ်ဖို့ပေါ့။ ဒါပေမဲ့ အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်မှူးငယ်လေး တစ်ယောက်အတွက် ကွေ့မင်းသားနဲ့ ဘုရင်ခံတို့ပါ တကူးတက ကြွရောက်လာကြတာကိုတော့ ကျုပ် အံ့သြမိပါတယ်”
“ဒါဆို ကျုပ် လိုရင်းကိုပဲ ပြောလိုက်မယ်” လီရူဟိုင်က ပြောလိုက်သည်။ “ပိုင်ဆယ်စီရင်စုမှာ ကျုပ်ကို ဆန့်ကျင်တဲ့ ဘယ်သူမဆို သေရမယ်။ မဟုတ်ရင် ကျုပ် လီမိသားစုက ဘယ်မျက်နှာထားစရာ ရှိတော့မလဲ။ ဒါပေမဲ့ ကွေ့မင်းသားသာ တောင်းဆိုချက်တစ်ခုကို သဘောတူမယ်ဆိုရင် ကျုပ် ဒီ မိန်းမစိုးခွေးကလေးရဲ့ အသက်ကို ချမ်းသာပေးနိုင်ပါတယ်”
ကွေ့မင်းသားက ပြောလိုက်၏။ “ဟုန်ဟယ် နယ်စားမင်း။ ပြောပါဦး”
လီရူဟိုင်က ပြောလိုက်သည်။ “ကွေ့မင်းသားမှာ ဉာဏ်ကောင်းပြီး လှပကာ ကျက်သရေရှိတဲ့ အချစ်တော် လီကျန်းမင်းသမီးလေး ရှိတယ်လို့ ကျုပ် ကြားပါတယ်။ ကျုပ်သား လီယန်အတွက် ကမ်းလှမ်းချင်ပါတယ်။ ကျုပ်တို့ မိသားစုနှစ်ခု လက်ထပ်ထိမ်းမြားပြီး မဟာမိတ်ဖွဲ့လိုက်ကြရင် ဘယ်လိုလဲဗျာ”
ထိုစကား ပြောလိုက်သည်နှင့် ကွေ့မင်းသား၏ မျက်နှာထားမှာ ချက်ချင်း ပြောင်းလဲသွားလေ၏။ တုပိုင်လည်း ချက်ချင်းပင် ဒေါသအိုး ပေါက်ကွဲသွားရသည်။
သူ လီကျန်းမင်းသမီးကို တွေ့ဖူးသည်။ သူမသည် အလွန် တက်ကြွရွှင်လန်းပြီး ချစ်စရာကောင်းကာ ကြင်နာတတ်သည့် မိန်းကလေးတစ်ယောက်ဖြစ်သလို တုပိုင်၏ ပရိသတ်တစ်ယောက်လည်း ဖြစ်သည်။
အဓိကအချက်မှာ လီယန်သည် လီရူဟိုင်၏ တရားမဝင်မယားက မွေးသည့်သားဖြစ်ပြီး လီကျန်းမင်းသမီးမှာမူ ကွေ့မင်းသား၏ တရားဝင် သမီးတော်ဖြစ်ကာ သူမ၏ လီကျန်းမင်းသမီး ဘွဲ့အမည်မှာလည်း ဧကရာဇ်ကိုယ်တိုင် ပေးသနားထားခြင်း ဖြစ်သည်။
ဒေသခံ ခေါင်းဆောင်တစ်ဦးဖြစ်သည့် လီရူဟိုင်သည် သူ့၏ တရားမဝင်သားကို တော်ဝင်မင်းသားတစ်ပါး၏ တရားဝင် သမီးတော်နှင့် လက်ထပ်ပေးချင်သည်လော။ ထို့နောက် လီကျန်းမင်းသမီးကဲ့သို့ နုနယ်သည့် မိန်းကလေးမျိုးသာ ကောက်ကျစ်စဉ်းလဲသည့် လီမိသားစုထံ ရောက်သွားပါက သေချင်သော်လည်း မသေနိုင်လောက်အောင် နှိပ်စက်ခံရပေလိမ့်မည်။ ဤသည်မှာ ပါးရိုက်လိုက်ရုံသာ မဟုတ်တော့ပေ။ လီရူဟိုင်သည် တော်ဝင်မိသားစု၏ ဂုဏ်သိက္ခာကို မြေကြီးပေါ်ချပြီး ထပ်ခါတလဲလဲ နင်းခြေလိုက်ခြင်းပင် ဖြစ်သည်။
ကွေ့မင်းသား စကားမပြောနိုင်ခင်မှာပင် တုပိုင်က တဲ့တိုး ဒေါသတကြီး အော်ပြောလိုက်လေသည်။ “မဖြစ်နိုင်ဘူး။ ငါ့ကို တစ်စစီ ဆွဲဖြဲပစ်ရင်တောင် လီကျန်းမင်းသမီးကို လီမိသားစုက တရားမဝင်ကောင်နဲ့ ပေးမစားနိုင်ဘူး”
“ဒါဆိုရင်လည်း မင်း သေရမှာပေါ့” လီရူဟိုင်က ဂရုမစိုက်သလို ပြောလိုက်သည်။ “ပိုင်ဆယ် မြို့စောင့်တပ်မှူး ယန်ရှောင်။ ကွေ့မင်းသားနဲ့ လူကြီးမင်းတွေ ပြန်သွားတာနဲ့ စစ်သည်တွေကို စေလွှတ်ပြီး အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံးကို ဖျက်ဆီးပစ်လိုက်။ ပြီးရင် ဒီမိန်းမစိုးခွေးကလေး တုပိုင်ကို တစ်စစီ ခုတ်ထစ်သတ်ဖြတ်လိုက်”
“အမိန့်အတိုင်းပါ” ပိုင်ဆယ် မြို့စောင့်တပ်မှူး ယန်ရှောင်က တုပိုင်ကို ရက်စက်ကြမ်းကြုတ်စွာ ကြည့်လိုက်ရင်း ချက်ချင်း ပြန်ပြောလိုက်သည်။
ထိုကဲ့သို့ပင် လီရူဟိုင်သည် မျက်နှာဖုံးကို လုံးဝ ခွာချလိုက်ပြီး ကွေ့မင်းသားနှင့် ကွမ်ရှီးဘုရင်ခံ ကျန်းရန်မင်တို့ကို လုံးဝ မျက်နှာသာမပေးတော့ချေ။
ပိုင်ဆယ် မြို့စောင့်တပ်မှူး ယန်ရှောင်က မေးလိုက်သည်။ “တကယ်လို့ ကွေ့မင်းသားနဲ့ ဘုရင်ခံကျန်းတို့ မပြန်ရင် ဘယ်လိုလုပ်မလဲ”
“မပြန်ဘူးလား” လီရူဟိုင်က ပြောလိုက်သည်။ “စစ်တပ်ကို အနီးနားက စီရင်စုတွေနဲ့ မြို့နယ်တွေဆီ ချီတက်ခိုင်းပြီး ဓားပြတွေအဖြစ် ဟန်ဆောင်ကာ ပြည်သူ အယောက်ရာချီ ၊ ထောင်ချီလောက် သတ်ပစ်လိုက်။ ဒါဆိုရင် လုံလောက်သွားပါလိမ့်မယ်”
ကွေ့မင်းသားနှင့် ကျန်းရန်မင်တို့ နှစ်ဦးစလုံး ဆွံ့အသွားကြရသည်း။
“လူစုခွဲပြီး ဝမ်ရှန်းမြို့ကို ပြန်ကြမယ်” လီရူဟိုင်က သူ့သမီး လီဝမ်ဝမ်ကို ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ” လီဝမ်ဝမ်က ပြန်ဖြေလိုက်သည်။
ထို့နောက် သားအဖနှစ်ယောက်သည် ကွေ့မင်းသားနှင့် ကွမ်ရှီးဘုရင်ခံ ကျန်းရန်မင်တို့ကို စားသောက်ပွဲတွင် ထားရစ်ခဲ့ကာ မောက်မာစွာဖြင့် ထွက်ခွာသွားကြလေတော့သည်။
လီမိသားစုက အနောက်တောင်ပိုင်း စော်ဘွားမဟာမိတ်အဖွဲ့ကို ပေါင်းစည်းသိမ်းသွင်းသည့် အစီအစဉ်သည် အလွန် ချောမွေ့နေသည်မှာ သိသာထင်ရှားလှပေသည်။ ထို့ကြောင့်သာ သူတို့သည် ကျင့်ဝတ်ထုံးစံများကို ပြောင်ပြောင်တင်းတင်း လျစ်လျူရှုရဲခြင်းဖြစ်ပြီး သူတို့၏ ပုန်ကန်လိုသည့် ရည်ရွယ်ချက်မှာ ဖုံးကွယ်မရနိုင်လောက်အောင် ဖြစ်နေလေ၏။ ကွေ့မင်းသားနှင့် ကျန်းရန်မင်တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။ သူတို့ ဒေါသထွက်မနေကြဘဲ စိုးရိမ်ပူပန်နေသည့်ပုံ ပေါက်နေသည်။
လီရူဟိုင်၏ တုံ့ပြန်ပုံအရ ပုန်ကန်မှုသည် သိပ်မဝေးတော့သည့် အနာဂတ်တွင် ဖြစ်လာတော့မည်။ နောက်နှစ်၊ သို့မဟုတ် နောက်နှစ်လောက်တွင် ဖြစ်ကောင်းဖြစ်နိုင်သည်။
**--**--**--**--**--**--**--**
အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူးရုံး အတွင်း၌ ကွေ့မင်းသားက ပြောလိုက်သည်။ “တုပိုင်။ လက်လျော့လိုက်ပါတော့။ အခြေအနေက ငါတို့ထင်ထားတာထက် ပိုဆိုးနေပြီ။ ပိုင်ဆယ်စီရင်စုကနေ ထွက်သွားလိုက်ပါ။ မင်း တတ်နိုင်သလောက် လုပ်ခဲ့ပြီးပါပြီ”
ကျန်းရန်မင်ကလည်း ပြောလိုက်၏။ “ဟုတ်တယ်။ လက်လျော့လိုက်ပါ။ ဒါက မတိုက်ခိုက်ဘဲ ထွက်ပြေးတဲ့ ပြစ်မှု မမြောက်ပါဘူး”
ကွမ်ရှီး အရှေ့ဘက်ကွပ်ကဲရေးရုံး ငြိမ်းချမ်းရေးမင်းကြီး လီယွီထန်က ပြောလိုက်သည်။ “ဟုတ်တယ်။ တုပိုင် လက်လျော့လိုက်ပါ။ ငါ မင်းကို တခြားနေရာတစ်ခုခုမှာ တပ်မှူးငယ်အဖြစ် တာဝန်ထမ်းဆောင်ဖို့ ပြောင်းရွှေ့ပေးနိုင်ပါတယ်”
တုပိုင်ကမူ ခေါင်းမာစွာဖြင့် ပြန်ပြောလိုက်သည်။ “လီမိသားစုက မကြာခင် ပုန်ကန်တော့မှာမို့လို့ ကျွန်တော်တို့ ပိုင်ဆယ်စီရင်စုကို လက်လွှတ်လို့ မဖြစ်တာပါ။ ဒါက လီမိသားစုရဲ့ အသက်သွေးကြော အချက်အချာနေရာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ ပိတ်ဆို့ထားရပါမယ်။ ကျွန်တော် ပထမအချီကို ကပ်သီးကပ်သပ် နိုင်ခဲ့တာပါ။ အခုသာ လက်လျော့လိုက်ရင် ကျွန်တော့်ရဲ့ ကြိုးစားအားထုတ်မှုတွေ အကုန်လုံး အလကားဖြစ်ကုန်မှာပေါ့”
လီယွီထန်က ပြောလိုက်သည်။ “မင်းရဲ့ လူ ခြောက်ရာက မြို့စောင့်တပ်မှူး ယန်ရှောင်ရဲ့ အင်အား ငါးထောင်ရှိတဲ့ စစ်တပ်ကို နိုင်နိုင်ပါ့မလား။ ပြီးခဲ့တဲ့တစ်ခေါက်က သူ မင်းကို မသတ်နိုင်ခဲ့လို့ အခု မင်းကို အရိုးထဲထိ မုန်းနေတာ။ ဒါကြောင့် ဒီတစ်ခါဆိုရင် သူက မင်းကို သေချာပေါက် အပိုင်းပိုင်းခုတ်ထစ်ပြီး မင်းလူတွေကို မျိုးဖြုတ်သတ်ဖြတ်ပစ်လိမ့်မယ်။ ဒီအခြေအနေက လူသားတွေ ဖြေရှင်းနိုင်တဲ့ အတိုင်းအတာထက် ကျော်လွန်နေပြီ။ မင်း တကယ် သေသွားလိမ့်မယ်။ ပိုင်ဆယ်စီရင်စုအတွက်နဲ့ ဒီနေရာမှာ သေရတာ မတန်ပါဘူးကွာ”
ဤအခြေအနေသည် အလွန်ခက်ခဲကြောင်း တုပိုင် ကောင်းကောင်းသိပါသည်။ သို့သော် အဓိကအချက်မှာ ပိုင်ဆယ်စီရင်စုတွင် သူခြေကုပ်ယူနိုင်ခြင်း ရှိမရှိ ဆိုသည်သာမက ပို၍အရေးကြီးသည်မှာ စနစ်နှင့် သူ၏ လောင်းကြေးထပ်ထားမှုကြောင့်ပင် ဖြစ်ပေသည်။
အပိုင်း ၃၃၅ ပြီး။