← Chapters

အခန်း (၃၃၆)

Vol. 34 Ch. 336

အခန်း (၃၃၆)

Vol. 34 Ch. 336

အကယ်၍သာ တုပိုင်သည် ဤအကျပ်အတည်းကို ကိုယ်တိုင်မဖြေရှင်းနိုင်ဘဲ ပိုင်ဆယ်မြို့စောင့်တပ်မှူးကို မအနိုင်ယူနိုင်ပါက တုပိုင်တစ်ယောက် လုံးဝ ရှုံးနိမ့်သွားပြီဟု ဆိုရမည်ဖြစ်ပြီး အိပ်မက်စနစ်သည်လည်း သူ့ကို လုံးဝစွန့်ခွာကာ တရားဝင် လမ်းခွဲသွားတော့မည်ဖြစ်သည်။

တုပိုင်သည် ထိုကဲ့သို့သော ရလဒ်မျိုးကို မလိုလားချေ။

ထိုအချိန်တွင် ရွှဲ့ကွမ်ရင်သည် အလျင်အမြန် ဝင်ရောက်လာပြီး ပြောလိုက်သည်။ “တုပိုင်... အစ်မပြောင်ပြောင် သွေးထပ်အန်နေပြန်ပြီ။ ဒီတစ်ခါ အရမ်းဆိုးတယ်။ တစ်ကိုယ်လုံးကနေ သွေးတွေ စိမ့်ထွက်နေတာ”

တုပိုင်သည် ချက်ချင်းပင် ကွေ့မင်းသားနှင့် အခြားသူများကို ဦးညွှတ်နှုတ်ဆက်လိုက်ပြီးနောက် အလျင်အမြန် ထွက်ခွာလာခဲ့သည်။

**--**--**--**--**--**--**--**

ကျီပြောင်ပြောင်၏ အခြေအနေမှာ အလွန်ဆိုးရွားနေ၏။

သူမသည် သွေးများကို အဆက်မပြတ် အန်နေပြီး သွေးကြောများထဲရှိ အတွင်းအားများသည် တစ်ဖန်ပြန်လည် ပုန်ကန်ထကြွနေသဖြင့် မခံမရပ်နိုင်အောင် နာကျင်နေရသည်။ သူမ၏ ရောဂါအခြေအနေသည် ပိုမိုပြီးဆိုးရွားလာလေသည်။ အကယ်၍ သူမသာ အချိန်မီ ကုသမှုမခံယူပါက သူမ၏ သိုင်းပညာအားလုံး ဆုံးရှုံးသွားရုံသာမက အသက်အန္တရာယ်ပါ စိုးရိမ်ရပေတော့မည်။

သူမကို ကယ်တင်ရမည်။ အကယ်၍ အစ်မပြောင်ပြောင် တစ်ခုခုဖြစ်သွားပါက တုပိုင်အနေဖြင့် သူ့ကိုယ်သူ ဘယ်တော့မှ ခွင့်လွှတ်နိုင်မည် မဟုတ်ချေ။

‘ဒီအခြေအနေကို ဘယ်လို ဖောက်ထွက်ရမလဲ။ ဘယ်လိုလုပ်ရမလဲ။’

တုပိုင်သည် ဦးနှောက်ခြောက်မတတ် အလေးအနက် စဉ်းစားနေမိသည်။.မကြာမီတွင် စနစ်ပြောဖူးသည့် စကားတစ်ခွန်းကို သူသတိရလိုက်သည်။ အခြားကမ္ဘာမှ ဆေးလုံးတစ်လုံးဖြစ်သည့် သူတော်စင်မူလဆေးလုံးသည် ကျီပြောင်ပြောင်၏ အတွင်းဒဏ်ရာနှင့် လမ်းကြောင်းလွဲမှားခြင်းကို ကုသနိုင်ပေသည်။

ဤကမ္ဘာမှ ဆေးလုံးများဖြင့် ကုသ၍မရနိုင်ပေ။ သို့ဆိုလျှင် ထို သူတော်စင်မူလဆေးလုံးသည် ဘယ်မှာရှိသနည်း။ မကြာမီတွင် စကားလုံးအချို့ တုပိုင်၏ ခေါင်းထဲ၌ ရှင်းပြမရနိုင်အောင် ပေါ်လာခဲ့သည်။ “မိုမိသားစု တော်ဝင်ရတနာသိုက်”

ဟုတ်ပေသည်။ ထိုနေရာတွင် ရှိနေနိုင်ချေ အလွန်များသည်။ အဘယ်ကြောင့်ဆိုသော် စနစ်၏ လမ်းညွှန်မှုများတွင် အပိုအလိုမရှိဘဲ ခြေလှမ်းတိုင်းသည် အသုံးဝင်သောကြောင့် ဖြစ်သည်။

ထို့အပြင် ဤအကျပ်အတည်းကို မည်သို့ကျော်လွှားရမည့် နည်းလမ်း ၊ ပိုင်ဆယ်မြို့စောင့်တပ်မှူး၏ အင်အားငါးထောင်ကျော်ရှိသော စစ်တပ်ကို မည်သို့အနိုင်ယူရမည် ဆိုသည်မှာလည်း မိုမိသားစု တော်ဝင်ရတနာသိုက်ထဲတွင် ရှိနေနိုင်ပေသည်။ သို့သော် တုပိုင်သည် မိုမိသားစု ဘုရင့်အမိန့်ပေးလက်စွပ် အတွင်းရှိ ပုံစံများကို အကြိမ်ကြိမ်အခါခါ လေ့လာခဲ့သော်လည်း မည်သည့်ရလဒ်မှ မရရှိခဲ့ချေ။

ထို့အပြင် မိုမိသားစု ခေါင်းဆောင်အဆက်ဆက်သည်လည်း နှစ်ပေါင်းရာချီ လေ့လာခဲ့ကြသော်လည်း သဲလွန်စတစ်စုံတစ်ရာ မရရှိခဲ့ကြပေ။ ထို့ကြောင့် လူများစွာက မိုမိသားစု တော်ဝင်ရတနာသိုက် ဆိုသည်မှာ ကြီးမားသော လိမ်လည်မှုတစ်ခုဟုပင် ယုံကြည်နေကြသည်။ သို့မဟုတ်ပါက မိုဟန်သည် အဘယ်ကြောင့် ထိုလက်စွပ်ကို လူတိုင်းစစ်ဆေးကြည့်ရှုရန် လွယ်လွယ်ကူကူ ပေးထုတ်ထားရမည်နည်း။

တုပိုင်သည် မျက်လုံးများကိုမှိတ်ကာ တရားထိုင်ခြင်း ကမ္ဘာထဲသို့ ဝင်ရောက်လိုက်သည်။ တရားထိုင်ခြင်း ကမ္ဘာထဲတွင် သူသည် မိုမိသားစု ဘုရင့်အမိန့်ပေးလက်စွပ် ခရစ်စတိုကျောက်တုံးအတွင်းမှ ပုံစံများကို လေ့လာလိုက်သည်။ လ​​က်စွပ်သည် အလွန်ရှုပ်ထွေးနေပြီး စနစ်တကျမရှိဘဲ မရေမတွက်နိုင်သော မျဉ်းကြောင်းများနှင့် အစက်အပြောက်များ ပေါင်းစပ်ထားခြင်း ဖြစ်သည်။

အမှန်တကယ်ကို ရှုပ်ပွနေပြီး မည်သည့်သဲလွန်စ သို့မဟုတ် ပုံစံမှ မရှိချေ။

တုပိုင်သည် စိုက်ကြည့်ရင်း... စိုက်ကြည့်ရင်း... ရုတ်တရက် ဤပုံစံသည် ရင်းနှီးနေသလို ခံစားလိုက်ရသည်။ ဟုတ်ပေသည်။ ယင်းသည် ခေတ်သစ်ကမ္ဘာတွင် သူကစားခဲ့ဖူးသော လှည့်ကွက်များဖြစ်သည့် သုံးဖက်မြင် ပုံရိပ်များနှင့် တူညီနေသည်။

ပုံတစ်ပုံသည် လုံးဝရှုပ်ထွေးနေသည်ဟု ထင်ရသော်လည်း မျက်လုံးကို စွေပြီးကြည့်လိုက်ပါက သုံးဖက်မြင် ရုပ်လုံးကြွ စာလုံး သို့မဟုတ် ပုံစံတစ်ခု ချက်ချင်း ပေါ်လာတတ်သည်။ ရှေးခေတ် မိုမိသားစု ဘုရင်များသည် ဤမျှ ခမ်းနားသော လှည့်ကွက်မျိုးကို သုံးထားမည်လော။

တုပိုင်သည် ထိုရှုပ်ထွေးနေသော ပုံစံများကို မျက်လုံးစွေကာ ကြည့်လိုက်သော်လည်း မည်သည့်သတင်းအချက်အလက်မှ မရရှိသေးပေ။ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်၊ လေးကြိမ်၊ ငါးကြိမ်... ရုတ်တရက် အခိုက်အတန့်တစ်ခုတွင် သုံးဖက်မြင်ပုံရိပ်တစ်ခု ရှုပ်ထွေးသော အစက်အပြောက်များပေါ်တွင် ပေါ်လာတော့သည်။

ဤသည်က မြေပုံတစ်ခုဖြစ်ပြီး ပုံစံက ခေါင်းပေါ်မှာ ဦးချိုပါပြီး ပါးစပ်မှာ အစွယ်တွေပါတဲ့ မိစ္ဆာတစ်ကောင်ရဲ့ ပုံစံမျိုးဖြစ်သည်။ တုပိုင်သည် ချက်ချင်းပင် ဝမ်းသာအားရဖြစ်သွားပြီး တရားထိုင်ခြင်း ကမ္ဘာမှ ထွက်လာလိုက်သည်။ ထို့နောက် သူသည် ထိုမိစ္ဆာပုံသဏ္ဍာန် မြေပုံကို ချက်ချင်းပင် ရေးဆွဲလိုက်သည်။

တုပိုင်က မေးလိုက်သည်။ “အစ်မကွမ်ရင်... ဒီမြေပုံက ဘယ်နေရာလဲဆိုတာ သိလား”

ရွှဲ့ကွမ်ရင်က ယူကြည့်လိုက်ပြီး ပြောလိုက်သည်။ “ဒါ မိစ္ဆာကျွန်းပဲ”

တုပိုင်က ပြောလိုက်သည်။ “မိုမိသားစု တော်ဝင်ရတနာသိုက်က ဒီမိစ္ဆာကျွန်းပေါ်မှာ ရှိတယ်။ ကျွန်တော်သာ မမှားဘူးဆိုရင် ဒီရတနာသိုက်ထဲမှာ အစ်မပြောင်ပြောင်ကို ကယ်ဖို့ သူတော်စင်မူလဆေးလုံး ရှိနေသလို မြို့စောင့်တပ်မှူး ယန်ရှောင်ကို ဘယ်လိုအနိုင်ယူရမလဲဆိုတဲ့ ရတနာတွေလည်း ရှိနေလိမ့်မယ်”

ရွှဲ့ကွမ်ရင်၏ လှပသော မျက်လုံးများ အရောင်လက်သွားပြီး ပြောလိုက်သည်။ “တကယ်လား”

ထို့နောက် သူမ၏ မျက်နှာထား အုံ့မှိုင်းသွားပြီး ပြောလိုက်သည်။ “မောင်လေးတုပိုင်... အမတို့ ဒီမိစ္ဆာကျွန်းကို သွားလို့မရဘူး။ အဲဒီမှာ ကြောက်စရာကောင်းတဲ့ မုန်တိုင်းတွေ ၊ တိမ်မည်းတွေ ၊ လျှပ်စီးတွေနဲ့ ဧရာမရေဝဲကြီးတွေ နေရာတိုင်းမှာ ရှိနေတယ်။ ဘယ်သင်္ဘောမှ အဲဒီရေပြင်ကို ဖြတ်ကျော်လို့မရသလို ဘယ်သူမှလည်း မိစ္ဆာကျွန်းပေါ်ကို မတက်နိုင်ဘူး”

တုပိုင်က ပြောလိုက်သည်။ “ကျွန်တော် ကြိုးစားကြည့်ရမယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်မှာ တခြားရွေးချယ်စရာ မရှိတော့လို့ပဲ”

ရွှဲ့ကွမ်ရင်က တုပိုင်ကို ကြည့်ပြီး ပြောလိုက်သည်။ “ကောင်းပြီလေ။ ဒါဆိုရင်လည်း မောင်လေးနဲ့အတူ အစ်မ တိုက်ပွဲဝင်ပေးမယ်။ နည်းနည်းလောက် ပြင်ဆင်လိုက်အုံး... ဒီညပဲ ပိုင်ဆယ်စီရင်စုကနေ ထွက်ပြီး သဘက်ခါ ရွက်လွှင့်ကြတာပေါ့”

**--**--**--**--**--**--**--**

တုပိုင်သည် ကွေ့မင်းသားနှင့် ကျန်းရန်မင်တို့ကို ပြောလိုက်သည်။ “အရှင်မင်းကြီး... ကျေးဇူးပြုပြီး ပိုင်ဆယ်စီရင်စုမှာ ၁၀ ရက်လောက် နေပေးပါ။ ၁၀ ရက်နေလို့မှ ကျွန်တော် ပြန်မရောက်လာရင် ပိုင်ဆယ်စီရင်စုကနေ ထွက်ခွာပြီး ကျွန်တော့်ရဲ့ ကောင်းကင်မိစ္ဆာ သွေးစစ်တပ်သား ၆၀၀ ကို ခေါ်သွားလိုက်ပါ”

ကွေ့မင်းသားက တုပိုင်ကို လေးလေးနက်နက် ကြည့်ပြီး ပြောလိုက်သည်။ “မင်း သေချာရဲ့လား”

တုပိုင်က ပြန်ဖြေသည်။ “သေချာပါတယ်”

ကွေ့မင်းသားက ပြောလိုက်သည်။ “ဒါဆိုရင် ငါကိုယ်တော်တို့က ကြီးမားတဲ့ စွန့်စားမှုတစ်ခုလုပ်ပြီး ပိုင်ဆယ်စီရင်စုမှာ မင်းအတွက် ၁၀ ရက် စောင့်ပေးမယ်”

**--**--**--**--**--**--**--**

ထိုညတွင် တုပိုင်၊ ရွှဲ့ကွမ်ရင်နှင့် ကျီပြောင်ပြောင်တို့သည် ပိုင်ဆယ်စီရင်စုမှ ထွက်ခွာလာခဲ့ကြသည်။ ထို့အပြင် နောက်ထပ် အမြီးလေးတစ်ခုဖြစ်သည့် ကျီယင်ယင်လည်း ပါလာခဲ့သည်။ သူမက မလိုက်ရမနေနိုင် ဂျီကျနေပြီး တုပိုင် သူမကို လိုအပ်လာလိမ့်မည်ဟု ကျိန်တွယ်ပြောဆိုနေလေသည်။ ထိုအချိန်တွင် ကျီယင်ယင်၏ လေသံမှာ အလွန်လေးနက်နေပြီး ၈ နှစ်၊ ၉ နှစ်အရွယ် ကလေးမလေးတစ်ယောက်နှင့် လုံးဝ မတူတော့ချေ။

နှစ်ရက်အကြာတွင် သူတို့သုံးယောက် ရွက်လွှင့်ခဲ့ကြသည်။ မိစ္ဆာကျွန်းသည် ကွမ်ရှီးပြည်နယ်နှင့် လီနှစ်ထောင်ကျော် ဝေးကွာသော တောင်ဘက်ပင်လယ်တွင် တည်ရှိသည်။ ယင်းသည် တုပိုင်လာသည့် ခေတ်သစ်ကမ္ဘာတွင် မရှိသော ကျွန်းတစ်ကျွန်းဖြစ်ပြီး နက်နဲဆန်းကြယ်မှုများနှင့် ထူးဆန်းမှုများ ပြည့်နှက်နေသည်။

တစ်ရက်နှင့် နှစ်ညကြာ ပင်လယ်ခရီးနှင်ပြီးနောက် ပင်လယ်ခရီးစဉ်မှာ တည်ငြိမ်အေးချမ်းနေခဲ့သည်။

သို့သော် ရုတ်တရက် ပင်လယ်ပြင်ရှိ လေထုအခြေအနေမှာ ထူးဆန်းလာသည်။ ရှေ့တွင် ကြောက်မက်ဖွယ်ကောင်းသော မြူမည်းများနှင့် တိမ်တိုက်များ ဖုံးလွှမ်းလာပြီး လျှပ်စီးများ လက်လာသည်။ တုပိုင်သည် အလိုအလျောက်ပင် အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။ ဤပင်လယ်ပြင်ဧရိယာသည် ခေတ်သစ်ကမ္ဘာတွင် မရှိသလို မိစ္ဆာကျွန်းဆိုသည်မှာလည်း မရှိကြောင်း သူ ရာနှုန်းပြည့် သေချာနေသည်။

ထို့ကြောင့် ဤမိစ္ဆာကျွန်းအတွက် ရှင်းပြချက်တစ်ခုတည်းသာ ရှိသည်။ ယင်းမှာ အခြားကမ္ဘာမှ စွမ်းအင်များ ကျူးကျော်ဝင်ရောက်မှုကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

“မောင်လေးတုပိုင်... ရှေ့က ထူထပ်တဲ့ မြူတွေနဲ့ တိမ်မည်းတွေက မိစ္ဆာကျွန်းရဲ့ ပိုင်နက်ပဲ။ အရမ်းအန္တရာယ်များတယ်။ ဘယ်သင်္ဘောမှ ဘေးကင်းကင်းနဲ့ ဖြတ်မသွားနိုင်ဘူး။ ငါတို့ တကယ်ဝင်ချင်တာ သေချာရဲ့လား”

တုပိုင်က အံကြိတ်ပြီး ပြောလိုက်သည်။ “သွားမယ်”

ရွှဲ့ကွမ်ရင်သည် သင်္ဘောသားအားလုံးကို အခြားသင်္ဘောတစ်စင်းပေါ်သို့ ပြောင်းရွှေ့ပေးလိုက်သည်။ ထို့နောက် သူမသည်လည်း အံကိုကြိတ်ကာ မှောင်မိုက်ထူထပ်သော မြူခိုးများထဲသို့ သင်္ဘောကို မောင်းနှင်လိုက်သည်။

“ဂျိန်းးးး”

သို့သော် ရုတ်ချည်းပင် နောက်တစ်စက္ကန့်တွင် ကြီးမားသော သင်္ဘောကြီးသည် မိုးကြိုးပစ်ခံရမှုကြောင့် တစ်စစီ ကြေမွသွားတော့သည်။ ထို့နောက် ပင်လယ်ပြင်တွင် ကြောက်မက်ဖွယ်ကောင်းသော ရေဝဲကြီးတစ်ခု ပေါ်လာပြီး တုပိုင်၊ ရွှဲ့ကွမ်ရင်၊ ကျီပြောင်ပြောင်နှင့် ကျီယင်ယင်တို့ကို မျိုချလိုက်လေသည်။

လူအချို့သည် ရေဝဲ၏ ရက်ရက်စက်စက် ဝါးမျိုခြင်းကို ခံလိုက်ရသည်။ ဝါးမျိုသည့် အားအင်မှာ အလွန်ပြင်းထန်လွန်းသဖြင့် တုပိုင်နှင့် အခြားသူများ ချက်ချင်း သတိလစ်သွားကြသည်။

**--**--**--**--**--**--**--**

မည်မျှကြာသွားသည်မသိ။ တုပိုင် ပြန်နိုးလာချိန်တွင် သူသည် မြေအောက်လိုဏ်ဂူတစ်ခုထဲသို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။.ဤလိုဏ်ဂူထဲတွင် လေကောင်းလေသန့် အလုံအလောက်ရှိပြီး နံရံများတွင် ရောင်စုံအလင်းရောင်ထုတ်ပေးသော ကျောက်တုံးများဖြင့် ပြည့်နှက်နေကာ လိုဏ်ဂူတစ်ခုလုံးကို ကြည်လင်တောက်ပသော အလင်းရောင်များ ပေးစွမ်းနေသည်။

“အားလုံး အဆင်ပြေကြရဲ့လား” တုပိုင်က မေးလိုက်သည်။ “ကျီယင်ယင်... သမီး အဆင်ပြေရဲ့လား”

“သမီး အဆင်ပြေပါတယ်” ကျီယင်ယင်က ပြောလိုက်သည်။ “ဒီရေဝဲက ကြောက်ဖို့ကောင်းတယ် ထင်ရပေမဲ့ တကယ်တမ်းတော့ လူအသက်ကို အန္တရာယ်မဖြစ်စေပါဘူး”

ထို့နောက် ကျီယင်ယင်က ပြောလိုက်သည်။ “အားလုံး သမီးနောက် လိုက်ခဲ့ကြ။ ဒီထဲမှာ ထူးဆန်းတဲ့ သားရဲတွေ အများကြီးရှိလို့ အရမ်းအန္တရာယ်များတယ်”

ထိုစကားကို ကြားသောအခါ တုပိုင် ခေတ္တမျှ ကြောင်အသွားသည်။ ကျီယင်ယင်က ဤနေရာကို အရင်က ရောက်ဖူးနေတာ သိသာသည်။

“ဟုတ်တယ်။ သမီး ဒီကို ရောက်ဖူးတယ်။ လွန်ခဲ့တဲ့ ကြာမြင့်တဲ့အချိန်တုန်းကပေါ့” ကျီယင်ယင်က ပြောလိုက်သည်။ “မိုမိသားစု တော်ဝင်အုတ်ဂူသွားတဲ့ လမ်းကြောင်းကို ရှာတွေ့ဖို့ ဒီလိုဏ်ဂူထဲမှာ တစ်လပြည့်ပြည့် စူးစမ်းလေ့လာခဲ့ရတယ်”

တုပိုင်က ပြောလိုက်သည်။ “ဒါပေမဲ့ သမီးက မိုမိသားစု တော်ဝင်ရတနာသိုက်ကို ရအောင်မယူနိုင်ခဲ့ဘူးမလား”

ကျီယင်ယင်က ပြောသည်။ “သမီး အုတ်ဂူအခန်းဝမှာ သုံးလတိတိ စောင့်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး။ ဝင်လို့မရခဲ့ဘူး။ ပြီးတော့ ကောင်းကင်မိစ္ဆာဂိုဏ်းနဲ့ အကြာကြီး ခွဲမနေနိုင်တာနဲ့ပဲ လက်လျော့ပြီး ပြန်သွားခဲ့ရတယ်”

တုပိုင်က မေးလိုက်သည်။ “မိုမိသားစု ရတနာသိုက်က ဒီမှာရှိတယ်ဆိုတာ သိရက်နဲ့ ဘာလို့ ဦးဦးကို မပြောပြတာလဲ”

ကျီယင်ယင်က မျက်လုံးလေးပြူးကာ တုပိုင်ကို ပြောလိုက်သည်။ “သမီးက ဦးဦးကို အန္တရာယ်မသွားစေချင်လို့လေ။ ဦးဦးနေကောင်းကျန်းမာပြီး သမီးကို နေ့တိုင်း ပုံပြင်ပြောပြ ၊ မုန့်လုပ်ကျွေးတာပဲ လိုချင်တာ... ဒါပေမဲ့ နောက်ပိုင်း ဦးဦးဘာသာ မိစ္ဆာကျွန်းကို ရှာတွေ့သွားတော့ သမီး လိုက်လာမှဖြစ်တော့မယ်လေ။ မဟုတ်ရင် ဦးဦးတို့ မိုမိသားစု တော်ဝင်အုတ်ဂူကို သွားတဲ့လမ်း ရှာတွေ့မှာမဟုတ်ဘဲ အသက်အန္တရာယ်ပါ စိုးရိမ်ရမှာ”

တုပိုင် အလွန် စိတ်လှုပ်ရှားသွားရသည်။ ကျီယင်ယင်က သူ့ကို တကယ့် အစ်ကိုကြီးတစ်ယောက်လို ဆက်ဆံရှာသည်။

“သမီးနောက်လိုက်ခဲ့” ကျီယင်ယင်က ပြောလိုက်သည်။ ထို့နောက် သူမ၏ ခန္ဓာကိုယ်သေးသေးလေးဖြင့် ရှေ့မှ ဦးဆောင်သွားတော့သည်။

အပိုင်း ၃၃၆ ပြီး။

All Chapters