အခန်း (၃၃၈)
Vol. 34 Ch. 338
သူတင်မက အစ်မပြောင်ပြောင်၊ သွေးကွမ်ရင်မယ်တော်နှင့် ကျီယင်ယင်တို့ပါ ပါးစပ်အဟောင်းသား ဖြစ်သွားကြရသည်။ နေရာတိုင်းတွင် ရွှေတုံးရွှေခဲများ ပြည့်နှက်နေပြီး ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသည်မှာ ရွှေတုံးပေါင်း မည်မျှရှိသည်ကိုပင် မခန့်မှန်းနိုင်အောင်ပင်။
အလင်းရောင်ပေးသော ကျောက်တုံးများ၏ အလင်းရောင်အောက်တွင် ရွှေရောင်များက မျက်စိကျိန်းမတတ်ပင် တောက်ပနေလေသည်။ သို့သော် တုပိုင်အတွက်တော့ ရွှေဆိုသည်မှာ လက်ရှိအချိန်၌ အသုံးမဝင်ဆုံးအရာပင်။
သူလိုအပ်နေသည်က အစ်မပြောင်ပြောင်ကို ကုသပေးနိုင်မဲ့ သူတော်စင်မူလဆေးလုံး ဖြစ်သည်။ သူလိုအပ်နေသည်က ပိုင်ဆယ်မြို့စောင့်တပ်မှူး ယန်ရှောင်ရဲ့ ထောင်ချီသော စစ်သည်များကို အနိုင်ယူနိုင်မဲ့ လျှို့ဝှက်လက်နက် ဖြစ်သည်။
သူ့အကြည့်က တစ်နေရာသို့ ရောက်သွားပြီး ချက်ချင်းပင် အရာတစ်ခုကို မြင်လိုက်ရသည်။ ထို့နောက် သူလုံးဝ မှင်သက်သွားရတော့သည်။
ဤလက်နက်ဆန်းများနှင့်ဆိုလျှင် မြို့စောင့်တပ်မှူး ယန်ရှောင်၏ တပ်ဖွဲ့ကို အနိုင်ယူရန်မှာ မခဲယဉ်းတော့ပေ။ ထိုသည်က တုပိုင်အတွက် ယုံကြည်မှုတစ်ခု ဖြစ်လာစေသည်။ အထူးသဖြင့် မိုထျန်နန်၏ ရတနာသိုက်အတွင်း၌ လျှို့ဝှက်လက်နက်ဆန်းများမှာ တစ်မျိုးတည်း မဟုတ်သည်ကို တွေ့လိုက်ရသောအခါ ပို၍ပင် အံ့အားသင့်ရသည်။ ယခုမူ ထိုပစ္စည်းများ အားလုံးသည် တုပိုင်၏ပိုင်ဆိုင်မှုများ ဖြစ်လာ၏။
…
တုပိုင် ပထမဆုံး မြင်လိုက်ရသည်မှာ သေသေသပ်သပ် စီထားသော သံချပ်ကာဝတ်စုံ အစုံတစ်ရာ ဖြစ်သည်။ ယင်းတို့သည် သာမန်သံချပ်ကာများ မဟုတ်ကြပေ။
အကယ်၍ သာမန်သာဖြစ်ပါက မိုထျန်နန်သည် ရတနာသိုက်အတွင်း ထည့်သွင်းသိမ်းဆည်းထားလိမ့်မည် မဟုတ်ချေ။ ထူးခြားသည်မှာ ဤသံချပ်ကာများသည် ငွေရောင်၊ အဖြူရောင် မဟုတ်ဘဲ အနက်ရောင်များ ဖြစ်နေကြခြင်းပင်။ တုပိုင်က သံချပ်ကာတစ်စုံကို ယူလိုက်ရာ လန့်ဖျပ်သွားရသည်။
ရင်ဘတ်နှင့် ပေါင်နေရာများတွင် သံပြားများ ပါဝင်ပြီး ခြေသလုံး၊ လည်ပင်း၊ လက်မောင်းနှင့် လက်အိတ်နေရာများတွင် သံကွင်းဆက်များ ပါဝင်သည်။ တုပိုင်သံချပ်ကာကို ကိုင်ထားပြီး ပါးစပ်အဟောင်းသားဖြင့် အံ့ဩသင့်နေရသည်။ အဘယ်ကြောင့်ဆိုသော် ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်နိုင်သည့် သံချပ်ကာပြည့်ဖြစ်သော်လည်း အလေးချိန်မှာ ပေါင် ၃၀ ခန့်သာ ရှိသောကြောင့် ဖြစ်သည်။ ထိုသည်က ပုံမှန်ပေါင် ၁၀၀ ကျော်လေးလေ့ရှိသော သံချပ်ကာများနှင့် နှိုင်းယှဉ်လျှင် မည်သို့မျှ မယုံကြည်နိုင်စရာ ကောင်းနေပေသည်။
“ဒီသံချပ်ကာ ဘယ်လောက်မာလဲဆိုတာ စမ်းကြည့်ရအောင်” အစ်မပြောင်ပြောင်က ပြောလိုက်သည်။
ထို့နောက် သူမ၏ တိုက်ပွဲဝင်ဓားကို ဆွဲထုတ်လိုက်ပြီး သံချပ်ကာကို အားကုန်လွှဲခုတ်လိုက်လေသည်။
“ထန်းးး” မီးပွားများ လွင့်စင်သွားသည်။
တုပိုင် အံ့သြသွားရသည်။ သံချပ်ကာမှာ ခြစ်ရာတစ်ချက်မျှပင် မထင်ချေ။ အစ်မပြောင်ပြောင်၏ ဓားသွားသာ အနည်းငယ် ပဲ့သွားရ၏။ သူမ၏ဓားသည်လည်း အဖိုးတန် ရတနာဓားတစ်လက်ဖြစ်လေသည်။
ယင်းသံချပ်ကာမျိုးကို ဝတ်ဆင်ထားပါက ဓားလှံဘေးကို မှုစရာမလိုတော့ပေ။ သံချပ်ကာ အစုံတစ်ရာသာ ရှိသော်လည်း ထိုအရာများဖြင့် မည်သူမျှ တားဆီးမရနိုင်သော အထူးတပ်ဖွဲ့တစ်ခုကို ဖွဲ့စည်းနိုင်မည်မှာ မြေကြီးလက်ခတ်မလွဲပေ။ ဆက်လက်၍ တုပိုင် တွေ့ရှိလိုက်ရသည်မှာ အနက်ရောင် တိုက်ပွဲဝင်ဓား အလက်တစ်ရာကျော် ဖြစ်သည်။
ထိုဓားများသည်လည်း အနက်ရောင်ပင် ဖြစ်၏။ ဓားတစ်လက်ကို ကောက်ကိုင်ကြည့်လိုက်ရာ ၁၀ ပေါင်ခန့် လေးသည်။ ကျီပြောင်ပြောင်က စကားတစ်ခွန်းမှ မဆိုဘဲ သူမ၏ ဓားကို ထုတ်ကာ ဓားအနက်နှင့် ခုတ်ကြည့်လိုက်သည်။
“ထန်းးး” နောက်ထပ် မီးပွားများ လွင့်စင်သွားပြန်သည်။ ရလဒ်ကတော့ ထင်ထားသည့်အတိုင်းပင်။ ကျီပြောင်ပြောင်၏ ဓားမှာ နှစ်ပိုင်းကျိုးသွားလေတော့သည်။
ကျီပြောင်ပြောင်တစ်ယောက် ချက်ချင်းပင် မနာလိုဖြစ်သွားရသည်။ ဤသည်က တကယ့်ကို ထိပ်တန်းရတနာဓားပါလား။ ထို့နောက် သူမသည် အတွင်းအားများကို ထည့်သွင်းကာ အားကုန် ခုတ်ပိုင်းလိုက်ပြန်သည်။ ချီစွမ်းအင်များ ပြင်းထန်စွာ ထွက်ပေါ်လာသည်။
ဤအရာသည် အမှန်စင်စစ် ပြည့်စုံလွန်းလှပေသည်။ ယင်းဓား၏ အတွင်းအားနှင့် ရွှမ်းချီစွမ်းအင် စီးဆင်းမှုသည်လည်း အပြစ်ဆိုဖွယ်မရှိ ကောင်းမွန်လွန်းလှပြီး သူမ၏ ယခင်ဓားထက်ပင် အနည်းငယ် သာလွန်နေသေးသည်။
ထိုသည်က ပို၍ပင် မယုံနိုင်စရာ ကောင်းနေသေးတော့သည်။ ဤကမ္ဘာရှိ သိုင်းပညာရှင်များအတွက် ရတနာဓားတစ်လက်သည် မာကျောသလော ၊ ထက်မြက်သလော ဆိုသည်မှာ အဓိက မဟုတ်ချေ။ အဓိကအချက်မှာ အတွင်းအားနှင့် ရွှမ်းချီစွမ်းအင်ကို ယိုဖိတ်မှုအနည်းဆုံးနှင့် စီးဆင်းစေနိုင်ခြင်း ရှိ ၊ မရှိ ဆိုသည်သာ ဖြစ်ပေသည်။
ယေဘုယျအားဖြင့် အတွင်းအားနှင့် ရွှမ်းချီ ၇၀ ရာခိုင်နှုန်းကို အောင်မြင်စွာ စီးဆင်းစေနိုင်သော ဓားကိုပင် ထိပ်တန်းရတနာဓားဟု သတ်မှတ်ကြသည်။
ယခု ဤဓားအနက်မူ အနည်းဆုံး အတွင်းအား ၈၅ ရာခိုင်နှုန်းခန့်ကို စီးဆင်းစေနိုင်လေသည်။ ယင်း၏ တန်ဖိုးမှာ တွက်ချက်၍ပင် မရနိုင်အောင် မြင့်မားလှပေသည်။ အကယ်၍သာ ဤဓားအနက်များ ဈေးကွက်အတွင်းသို့ ရောက်ရှိသွားခဲ့လျှင် သေချာပေါက် မိုးထိအောင် ဈေးပေါက်မည်မှာ မလွဲဧကန်ပင်။
မိုမိသားစု၏ တော်ဝင်ရတနာသိုက်ကို ရရှိလိုက်လျှင် မိုမိသားစု ပြန်လည်ကြီးပွားလာမည်ဟု ကောလာဟလများ ထွက်ပေါ်နေခဲ့သည်။ အမှန်စင်စစ် ထိုစကားမှာ လျှော့ပြောထားခြင်းသာ ဖြစ်ချေသည်။ ဤသံချပ်ကာ အစုံတစ်ရာနှင့် ဓားအလက်တစ်ရာကို ရလိုက်သည့် မည်သည့်မိသားစုမဆို ကြီးပွားသွားမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
“ဒါက ဘာကြီးလဲ” သွေးကွမ်ရင်မယ်တော်က ရုတ်တရက် မေးလိုက်သည်။
စည်ပိုင်း ဒါဇင်ပေါင်းများစွာရှိပြီး အတွင်းတွင် ရေများဖြည့်ထားကာ ရေထဲ၌ ကြီးမားသော ကြည်လင်သည့် ဖန်ပုလင်းကြီးတစ်ခု ရှိနေသည်။ ဖန်ပုလင်းထဲတွင် အဝါရောင် အဆီရည်များ ပါရှိလေသည်။
တုပိုင်က အဖြေကို စဉ်းစားလိုက်သည်။ ချက်ချင်းပင် တုပိုင် မျက်လုံးပြူးသွား၏။ ဤခန္ဓာကိုယ်ပိုင်ရှင်ဟောင်း မိုထျန်နန်သည် အတော်ပင် စွမ်းဆောင်နိုင်သူ ဖြစ်ပေသည်။ နိုက်ထရိုဂလစ်ဆရင်းကိုပင် တီထွင်နိုင်ခဲ့သည် မဟုတ်ပါလော။
နိုက်ထရိုဂလစ်ဆရင်း ဆိုသည်မှာ အဘယ်နည်း။ ယင်းသည် ယမ်းမည်းထက် ၁၆ ဆ ပိုမိုပြင်းထန်သော ပေါက်ကွဲစေတတ်သည့် အရည်တစ်မျိုး ဖြစ်သည်။
ယင်း၏ ဖျက်ဆီးနိုင်စွမ်းသည်ကား ကောင်းကင်ကို အန်တုနိုင်လောက်သည်အထိပင်။
အာနိသင်မပြယ်သွားစေရန်အတွက် မိုထျန်နန်သည် နိုက်ထရိုဂလစ်ဆရင်းများကို ထူထဲသော ဖန်ပုလင်းများထဲတွင် အလုံပိတ်ကာ ရေထဲ၌ စိမ်ထားခြင်း ဖြစ်သည်။
သို့သော် နှစ်ပေါင်းရာချီ ကြာမြင့်ခဲ့ပြီ ဖြစ်သောကြောင့် အာနိသင် ရှိ ၊ မရှိကိုမူ တုပိုင် မသိနိုင်ချေ။ အာနိသင် မပျက်ပြယ်သေးပါစေနှင့်ဟုသာ ဆုတောင်းရတော့မည်။
လက်ရှိတွင် နိုက်ထရိုဂလစ်ဆရင်း စည်ပိုင်းပေါင်း ဒါဇင်ကျော်ရှိပြီး အလေးချိန် ပေါင် ၂၀၀၀ နီးပါးခန့် ရှိပေလိမ့်မည်။
နောက်ထပ် တုပိုင် တခြားအရာတစ်ခုကို မြင်လိုက်ရပြန်သည်။ ဒီတစ်ခုကိုတော့ သူလည်း ဘာမှန်းမသိပေ။
ယင်းသည် အစိမ်းရောင်အရည်ဖြစ်ပြီး ဖန်ပုလင်းငယ်လေးများထဲတွင် ထည့်ထားသည်။ စည်ပိုင်းတစ်ခုတွင် ပုလင်းငယ်ပေါင်း ဒါဇင်ချီ ပါဝင်ပြီး စုစုပေါင်း စည်ပိုင်း ၅၀ ခန့် ရှိသဖြင့် ပုလင်းငယ်ပေါင်း ၂၀၀၀ ခန့် ရှိပေလိမ့်မည်။
မည်သည့်အရာမှန်း မသိရသော်လည်း တစ်ချက်ကြည့်လိုက်ရုံမျှနှင့်ပင် အလွန်အန္တရာယ်များကြောင်း သိသာလှပေသည်။ တုပိုင် ခန့်မှန်းရသလောက် ထိုအရာသည်လည်း ဤကမ္ဘာမှ မဟုတ်ဘဲ အဖျက်စွမ်းအားကြီးမားသည့် ပစ္စည်းတစ်ခု ဖြစ်လောက်သည်။
ဤထိပ်တန်းလက်နက်ကြီး ၃ မျိုးကို မြင်တွေ့ပြီးနောက်တွင်မူ ဤတိုက်ပွဲကို သေချာပေါက် အနိုင်ရပြီဟု တုပိုင် ယုံကြည်သွားလေသည်။ မြို့စောင့်တပ်မှူး ယန်ရှောင်၏ စစ်သည် ၅ ထောင်ဆိုသည်မှာ စာရင်းထဲသို့ပင် ထည့်သွင်းတွက်ချက်ရန် မလိုတော့ချေ။
နောက်ဆုံးတွင် တုပိုင်သည် ရွှေများကို စတင်ရေတွက်ကြည့်လိုက်သည်။ တကယ်တော့ လက်ရှိ တုပိုင့်အတွက် ရွှေက သိပ်အသုံးမဝင်လှပေ။ သို့သော် သွေးကွမ်ရင်မယ်တော်၊ ကျီပြောင်ပြောင်နှင့် ကျီယင်ယင်တို့ကတော့ ရွှေများကို မြင်သည်နှင့် မျက်လုံးများ ပြူးကျယ်သွားကြသည်။ သူတို့သည် ထပ်ခါထပ်ခါ ရေတွက်နေကြလေသည်။ စုစုပေါင်း ရွှေချိန် ၅ သိန်း ၉ သောင်း ရှိပြီး ငွေသား ၆ သန်းခန့်နှင့် ညီမျှလေသည်။
ဤသည်က မိုးထိအောင် များပြားလှသော ပမာဏဖြစ်သော်လည်း တုပိုင်တစ်ယောက် ဒီရွှေတွေအကုန်လုံးကို သုံးနိုင်မှာ မဟုတ်ပေ။ မိန်းကလေးသုံးယောက်က ရွှေများကို ရေတွက်နေကြချိန်တွင် တုပိုင်တစ်ယောက်တည်းသာ သူတော်စင်မူလဆေးလုံးကို လိုက်ရှာနေခြင်း ဖြစ်သည်။
အစ်မပြောင်ပြောင်၏ သွေးကြောဒဏ်ရာများကို ကုသပေးနိုင်မည့် ဆေးလုံးကိုဖြစ်၏။ အိပ်မက်စနစ်က သူတော်စင်မူလဆေးလုံး အကြောင်းကို အနည်းငယ်သာ ပြောပြခဲ့ပြီး မိုမိသားစု တော်ဝင်ရတနာသိုက်ထဲတွင် ရှိသည်ဟု အတိအကျ မပြောဆိုခဲ့ပေ။ သူသည် အုတ်ဂူတစ်ခုလုံးကို အကြိမ်ကြိမ် ရှာဖွေသော်လည်း ဆေးလုံး၏ အရိပ်အယောင်မျှ မတွေ့ရချေ။ တုပိုင်၏ စိတ်နှလုံးသည် တဖြည်းဖြည်း လေးလံလာသည်။
ထိုအချိန်တွင် ကျီယင်ယင်က ရုတ်တရက် ပြောလိုက်သည်။ “ဒီမှာ သေတ္တာတစ်လုံး ရှိတယ်။ အထဲမှာ ဘာပါလိမ့်။ စားစရာများ ဖြစ်မလား”
သူမက ချစ်စရာကောင်းအောင် ပြုမူနေခြင်းသာ ဖြစ်သည်။ ရတနာသိုက်ထဲ၌ မည်သည့်အချိန်ကများ စားစရာထားဖူးသနည်း။ တုပိုင် လျှောက်သွားပြီး ထိုသေတ္တာကို ဖွင့်လိုက်သည်။ အတွင်း၌ အမှန်တကယ်ပင် စားစရာ... အဲလေ... ဆေးလုံးများစွာ ထည့်ထားသည်။
ဖန်ပုလင်းငယ် ဒါဇင်ပေါင်းများစွာ ရှိပြီး ပုလင်းတစ်လုံးစီတွင် ဆေးတစ်လုံးစီ ပါရှိသည်။ ထိုဆေးလုံးများမှာ အကြည်ရောင် ၊ အနီရောင် ၊ အနက်ရောင် ၊ ခရမ်းရောင် စသည်ဖြင့် အရောင်အမျိုးမျိုး ရှိကြသည်။ ပုလင်းများ၏ အပြင်ဘက်တွင် ဆေးအမည်များကို ရေးသားထားလေသည်။
တုပိုင်သည် ပုလင်းများကို အမြန်ကောက်ယူပြီး တစ်လုံးချင်း စစ်ဆေးလိုက်သည်။ သူသည် ဆေးနာမည်များကိုပင် ဖတ်မနေတော့ဘဲ သူတော်စင်မူလဆေးလုံး မဟုတ်လျှင် ချက်ချင်းပြန်ချထားလိုက်သည်။ ၁၀ ပုလင်းမြောက်ကို ကောက်ကိုင်လိုက်သည့် အချိန်တွင် သူတော်စင်မူလဆေးလုံးဟူသော စာတန်းကို တွေ့လိုက်ရသဖြင့် တုပိုင် ဝမ်းသာသွားရသည်။
အဖုံးကို ဖွင့်လိုက်သောအခါ အတွင်း၌ ဖန်လွှာပါးလေးဖြင့် ထပ်မံ ပိတ်ဆို့ထားသည်ကို တွေ့ရှိရသည်။ သူက ဓားမြှောင်ကို ထုတ်လိုက်ပြီး အလုံပိတ်ထားသည့် ထိုအလွှာကို ဖွဖွလေး ရိုက်ခွဲလိုက်သည်။ ချက်ချင်းပင် ထူးခြားသော မွှေးရနံ့တစ်ခု လေထဲသို့ ပျံ့လွင့်လာသည်။
ကျီယင်ယင်က လက်ခုပ်တီးပြီး ပြောလိုက်သည်။ “စားကောင်းစရာလေးလို့ ပြောသားပဲ”
ယင်းသည် အကြည်ရောင် ဆေးလုံးလေးဖြစ်ပြီး အတွင်း၌ အလင်းရောင်များ စီးဆင်းနေကာ ထူးဆန်းသော စွမ်းအင်များဖြင့် ပြည့်နှက်နေသည်။ သေချာသည်မှာ ဤကမ္ဘာမှ ဆေးလုံး မဟုတ်ချေ။
တုပိုင်က ဆေးလုံးကို ကျီပြောင်ပြောင်အား ပေးလိုက်ပြီး ပြောလိုက်သည်။ “မြန်မြန် သောက်လိုက်”
ကျီပြောင်ပြောင် ကြောင်သွားပြီးနောက် ဆေးလုံးကို ယူကာ ပါးစပ်ထဲထည့်၍ ရေပင်မလိုဘဲ တိုက်ရိုက် မျိုချလိုက်လေ၏။
ခဏအကြာတွင် သူမ၏ ပါးပြင်များသည် ချက်ချင်းပင် နီရဲလာပြီး မျက်လုံးများထဲမှ တောက်ပသော အလင်းရောင်များ ဖြာထွက်လာတော့သည်။
၃၃၈ ပြီး။