အခန်း (၃၃၉)
Vol. 34 Ch. 339
ဘေးနားရှိ ကျီယင်ယင်က သူမ၏ ပါးလေးကိုပွတ်သပ်ကာ ပြောလိုက်သည်။
“အစ်ကိုကြီးတုပိုင် ၊ မမပြောင်ပြောင်ကို ဘာဆေးတွေ ကျွေးလိုက်တာလဲ။ မကောင်းတဲ့ဆေးတွေလား။ ပြီးရင် အစ်ကိုကြီးတို့နှစ်ယောက် ညစ်ပတ်တဲ့ကိစ္စတွေ လုပ်ကြမလို့မလား။ မမေ့နဲ့ဦးနော်... သမီးက ကလေးပဲရှိသေးတာ”
ဤကောင်မလေးကတော့ ချစ်ဖို့ကောင်းအောင်လုပ်ရတာကို တော်တော်စွဲလမ်းနေပုံရသည်။
ကျီပြောင်ပြောင်က ချက်ချင်းပင် တင်ပလ္လင်ခွေထိုင်လိုက်ပြီး အတွင်းအားကို လှည့်ပတ်ကာ ဆေးအာနိသင်ကို သွေးကြောများဆီသို့ ပို့ဆောင်လိုက်၏။
သူတော်စင်မူလဆေးလုံးသည် အမှန်တကယ်ပင် အံ့ဖွယ်အာနိသင်ရှိပေသည်။ ခန္ဓာကိုယ်ထဲသို့ ရောက်သွားပြီးနောက် ချက်ချင်းပင် ဆန်းကြယ်သော စွမ်းအင်တစ်ခုအဖြစ် ပြောင်းလဲသွားကာ ဒန်တျန်ထဲသို့ တိုက်ရိုက်ဝင်ရောက်သွားပြီး ကျီပြောင်ပြောင်၏ ပျက်စီးနေသော သွေးကြောများကို တစ်လက်မချင်းစီ ပြန်လည်ကုသပေးလိုက်သည်။
နာရီဝက်ခန့် ကြာပြီးနောက်တွင်တော့ ကျီပြောင်ပြောင်တစ်ယောက် သူမ၏ လှပသောမျက်လုံးများကို ဖွင့်လာခဲ့သည်။ သူမက ရုတ်တရက် ထခုန်လိုက်ပြီး တုပိုင်ကို ဖက်ကာ အငမ်းမရ နမ်းရှိုက်လိုက်လေသည်။
“ပျောက်သွားပြီ။ မမရဲ့သွေးကြောတွေ အကုန်ပြန်ကောင်းသွားပြီ။ ဆရာသခင်အဆင့်ကျင့်ကြံခြင်းကိုလည်း ပြန်ရပြီ” ကျီပြောင်ပြောင်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ “ကျင့်စဥ်ဖောက်ပြန်တာက ကုလို့မရဘူးဆိုတော့ ဒီတစ်သက် မမပြန်မကောင်းတော့ဘူးလို့ ထင်ထားတာ။ တုပိုင်... မောင်လေး ၊ မမကို ကုပေးမယ်လို့ ပြောတုန်းက မမမျှော်လင့်ရဲခဲ့ဘူး။ ဒါပေမဲ့ မောင်လေးတကယ် လုပ်နိုင်ခဲ့တာပဲ။ ကျေးဇူးတင်လိုက်တာဟာ... ကျေးဇူးပါပဲ”
သွေးကွမ်ရင်က ကျီပြောင်ပြောင်ထက်ပင် ပိုပြီး စိတ်လှုပ်ရှားနေပုံရကာ ပြေးဝင်လာပြီး တုပိုင်နှင့် ကျီပြောင်ပြောင် နှစ်ယောက်လုံးကို ပွေ့ဖက်လိုက်သည်။
“သမီးရေ ၊ သမီးရော...” ကျီယင်ယင်က အော်ဟစ်ပြီး လက်ကြီးဖြန့်ကာ ပြေးဝင်လာသည်။ သို့သော် သူမက အရပ်ပုလွန်းနေသဖြင့် သုံးယောက်လုံး၏ ခါးကိုသာ ဖက်ထားလိုက်နိုင်တော့သည်။ စိတ်လှုပ်ရှားမှုများ ပြီးဆုံးသွားသည့်အခါတွင်တော့ သူတို့လေးယောက် အကျပ်ရိုက်သွားကြပြန်သည်။ ရတနာသိုက်ထဲတွင် ပစ္စည်းများလွန်းအားကြီးနေသဖြင့် သူတို့ မည်သို့ သယ်ထုတ်ရမည်နည်း။
ထိုအချိန်တွင် အပြင်ဘက်မှ မျက်လုံးသုံးလုံးနှင့် သားရဲဆန်းဝင်ရောက်လာသည်။ အစောပိုင်းတုန်းက အပြင်ဘက်တွင် မှောင်လွန်းနေသဖြင့် တုပိုင်တစ်ယောက် သေချာမမြင်ခဲ့ရပေ။ ယခု မြင်လိုက်ရသည့်အချိန်တွင်တော့ လေတစ်ချက် ရှူသွင်းလိုက်မိသည်။
အရင်က သူသည် အရပ်မြင့်မည်ဟုသာ ထင်ထားသော်လည်း ခြေလေးချောင်းနှင့် သားရဲဆန်းဖြစ်နေပြီး အလျားက အမြင့်ထက် ပိုရှည်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့မိချေ။ ကြည့်ရသည်မှာ မိကျောင်းနှင့်တူသလို ပုတ်သင်ညိုနှင့်လည်း တူသည်။ အရပ်က သုံးမီတာကျော်မြင့်ပြီး အလျားက ဆယ်မီတာကျော် ရှည်လျားလေသည်။
“ငါ မင်းတို့ကို သယ်ထုတ်ပေးမယ်” မျက်လုံးသုံးလုံးနှင့် သားရဲဆန်းက ပြောလိုက်သည်။
တုပိုင်က ပြောလိုက်သည်။ “ဒါဆိုရင်တော့ တကယ်ကျေးဇူးတင်ပါတယ်ဗျာ”
ထို့နောက်တွင်တော့ မျက်လုံးသုံးလုံးနှင့် သားရဲဆန်းသည် အကြိမ်ပေါင်း တစ်ဒါဇင်ကျော် အသွားအပြန်လုပ်ပြီး မိုထျန်နန်၏ အုတ်ဂူထဲမှ ရတနာသိုက်ပစ္စည်းများအားလုံးကို မြေပြင်ပေါ်သို့ သယ်ထုတ်ပေးလ်ုက်လေ၏။
တုပိုင်သည် မိုထျန်နန်၏ သလင်းကျောက်ခေါင်းတလားရှေ့သို့ ရောက်လာပြန်သည်။ ဒီတစ်ကြိမ်တွင်တော့ သူက ဒူးထောက်ချလိုက်ပြီး သုံးကြိမ်တိုင်တိုင် ဦးညွှတ်လိုက်လေသည်။
“ခင်ဗျားရဲ့ မေတ္တာစေတနာကို ကျွန်တော် လက်ခံပါတယ်။ ခင်ဗျား မပြီးပြတ်သေးတဲ့ တာဝန်ကို ကျွန်တော် အသေအချာ ပြီးမြောက်အောင် လုပ်ပေးပါ့မယ်။ အဲ့ဒီအချိန်ကျရင် ခင်ဗျားအတွက် ဂုဏ်ပြုရုပ်တုတစ်ခု လုပ်ပေးပြီး တစ်လောကလုံးက ခင်ဗျားရဲ့ ပေးဆပ်မှုတွေကို မမေ့လျော့အောင် ၊ ခင်ဗျားလုပ်ဆောင်ခဲ့တာတွေကို တစ်လောကလုံး သိအောင် ကျွန်တော် လုပ်ပေးပါ့မယ်”
“သွားခွင့်ပြုပါဦး...”
တုပိုင်က မတ်တတ်ရပ်လိုက်ပြီး အုတ်ဂူခန်းထဲမှ ထွက်လာခဲ့သည်။ ထိုအချိန်တွင် မျက်လုံးသုံးလုံးနှင့် သားရဲဆန်းသည် အုတ်ဂူအပြင်ဘက်တွင် ဝပ်နေပြီး သူ၏ မျက်လုံးသုံးလုံးက တာဝန်ပြီးဆုံးသွားသည့်အလား ပျင်းရိလေးလံနေပုံရသည်။
“မျက်လုံးသုံးလုံး... ခင်ဗျား ကျွန်တော်နဲ့ လိုက်ခဲ့မလား” တုပိုင်က မေးလိုက်သည်။
မျက်လုံးသုံးလုံးနှင့် သားရဲဆန်းက ခေါင်းခါလိုက်ပြီး ပြောသည်။ “ငါက သခင့်အနားမှာပဲ နေရစ်ခဲ့တော့မယ်။ ပြီးတော့ ငါ့မှာ သက်တမ်းလည်း သိပ်မကျန်တော့ဘူး။ တကယ်လို့ မင်းသာ နောက်ကျပြီးမှ ရောက်လာခဲ့ရင် ငါ့ကို မြင်ရတော့မှာ မဟုတ်သလို ဒီအုတ်ဂူထဲကိုလည်း ဝင်နိုင်မှာ မဟုတ်တော့ဘူး”
တုပိုင်က ရှေ့တိုးသွားပြီး ခေါင်းကြီးကို ဖက်ကာ နဖူးကို နမ်းလိုက်ရင်း လေးနက်စွာ ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်”
ထို့နောက် တုပိုင် ဆက်လက်ထွက်ခွာလာပြီး ပထမဆုံး တံခါးမကြီးဆီသို့ ရောက်ရှိလာသည်။
ခေါင်းနှစ်လုံးမြွေက သူ့ကို ရစ်ပတ်လိုက်ပြန်ပြီး မြွေခေါင်းနှစ်လုံးက တုပိုင်အနားသို့ ကပ်ကာ ပြောလိုက်သည်။ “ငါရော လိုချင်တယ်”
တုပိုင်က မြွေခေါင်းနှစ်လုံးစလုံးကို နမ်းလိုက်ပြန်သည်။
ခေါင်းနှစ်လုံးမြွေက တုပိုင်ကို လွှတ်ပေးလိုက်ပြီး တံခါးဝတွင် ပြန်လည်ရစ်ခွေနေလိုက်ရာ ယင်း၏ အကြည့်များကလည်း ပျင်းရိလေးလံနေပြန်သည်။
သူ့မှာလည်း သက်တမ်းသိပ်မကျန်တော့ပေ။ မူလကတည်းက သူတို့၏ သက်တမ်းကုန်ဆုံးလုနီးပါး ဖြစ်နေပြီဖြစ်သော်လည်း တာဝန်စိတ်ဖြင့်သာ တောင့်ခံထားခြင်းဖြစ်သည်။ ယခု တာဝန်ပြီးဆုံးသွားပြီဖြစ်၍ သူတို့၏ အသက်စွမ်းအားများက လျင်မြန်စွာ ပျောက်ကွယ်နေပြီဖြစ်သည်။
ကျီယင်ယင်၏ လမ်းပြမှုအောက်တွင် တုပိုင်တို့အဖွဲ့သည် ဝင်္ကပါလို ရှုပ်ထွေးသော မြေအောက်လိုဏ်ဂူအတိုင်း ပြန်တက်လာခဲ့ကြသည်။ ဒီတစ်ကြိမ်တွင်တော့ မီတာထောင်ချီသာ လမ်းလျှောက်လိုက်ရပြီး မြေပြင်ပေါ်သို့ ရောက်ရှိလာခဲ့ကြသည်။
ဤသည်က မိစ္ဆာကျွန်းလော။ တကယ်ကို ဆိုးရွားခြောက်ခြားဖွယ် ကောင်းလှပေသည်။ ကျွန်းတစ်ခုလုံး မည်းနက်နေပြီး သစ်ပင်တစ်ပင်မျှမရှိကာ ထူးဆန်းပြီး အားကောင်းသော စွမ်းအင်အရှိန်အဝါများ ထွက်ပေါ်နေသည်။ ထို့အပြင် ကျွန်းအပေါ်မှ ကောင်းကင်သည် အမြဲတမ်း တိမ်မည်းများ ဖုံးလွှမ်းနေပြီး လျှပ်စီးများနှင့် မိုးကြိုးများ ပစ်ခတ်နေလေသည်။
အဓိကအချက်မှာ ကျွန်းတစ်ခုလုံးရှိ ကျောက်တုံးများသည် ကျောက်တုံးနှင့်လည်း မတူသလို သတ္တုနှင့်လည်း မတူပေ။ ကျီယင်ယင်က ဆက်လက်လမ်းပြပေးပြီး မီတာထောင်ချီ လျှောက်သွားပြီးနောက် ပင်လယ်ကမ်းစပ်သို့ ရောက်ရှိလာသည်။
ထိုနေရာတွင် သင်္ဘောပျက် အစီးရေ ဒါဇင်နှင့်ချီရှိနေပြီး အများစုမှာ ပျက်စီးနေသော်လည်း အနည်းငယ်ကတော့ ကောင်းမွန်နေဆဲဖြစ်သည်။ အုတ်ဂူထဲမှ ရတနာသိုက်ပစ္စည်းများကို မျက်လုံးသုံးလုံးနှင့် သားရဲဆန်းက အကောင်းဆုံး သင်္ဘောတစ်စီးပေါ်သို့ တင်ပေးထားခဲ့သည်။
ကျီယင်ယင်က ပြောလိုက်သည်။ “မိုမိသားစု ရတနာသိုက်က မိစ္ဆာကျွန်းပေါ်မှာ ရှိတယ်ဆိုတာ ဘယ်သူမှ မသိကြပေမဲ့ ဒီနေရာက အရမ်းထူးဆန်းနေတော့ စွန့်စားခန်းလာဖွင့်ကြတဲ့ သင်္ဘောတချို့ ရှိတတ်တယ်။ တချို့သင်္ဘောတွေက ကံကောင်းပြီး ရေဝဲတွေကို ရှောင်နိုင်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့က ငါတို့လို လျှပ်ကာဖိနပ် စီးထားတာ မဟုတ်ဘူးလေ။ ဒါကြောင့် မရေမတွက်နိုင်တဲ့ လျှပ်စီးပစ်တာကို မရှောင်နိုင်ဘဲ အပစ်ခံရပြီး သေကုန်ကြတာ။ ပြီးတော့ ဒီသင်္ဘောတွေက ဒီရေလှိုင်းတွေနဲ့အတူ မိစ္ဆာကျွန်းပေါ်ကို ရောက်လာကြတာပဲ”
“သြော်... ဒါကြောင့်ကိုး။”
တုပိုင်နှင့် အဖွဲ့သည် အကောင်းဆုံးသင်္ဘောပေါ်သို့ တက်လိုက်ကြပြီး ရတနာသိုက်ပစ္စည်းများကို ကုန်းပတ်ပေါ်တွင် ပုံမထားဘဲ သင်္ဘောအခန်းထဲသို့ အရင်ဆုံး ရွှေ့ပြောင်းလိုက်ကြသည်။ ငွေကြေးဆိုသည်မှာ လူကို စိတ်ဖောက်ပြန်စေတတ်ပြီး ကုန်းပတ်ပေါ်တွင် ဒီအတိုင်းထားလိုက်ပါက မလိုလားအပ်သော ပြဿနာများကို ဖိတ်ခေါ်သလို ဖြစ်နေပေလိမ့်မည်။
ကျီယင်ယင်က ပြောသည်။ “ငါတို့ အခုသွားလို့ မရသေးဘူး။ အခုသွားရင် မုန်တိုင်းတွေနဲ့ ရေဝဲတွေကို လွတ်အောင် ရှောင်နိုင်မှာ မဟုတ်ဘူး။ လပြည့်ညအထိ စောင့်ရမယ်။ အဲ့ဒီအချိန်ကျရင် မိစ္ဆာကျွန်းက ခဏလောက် ငြိမ်သက်သွားလိမ့်မယ်။ အဲ့ဒီအချိန်ကျမှ ထွက်လို့ရမယ်”
တုပိုင် တွက်ချက်ကြည့်လိုက်ရာ ကိုးလပိုင်း ၁၆ ရက်နေ့ ရောက်နေပြီဖြစ်သည်။
ကျီယင်ယင်က ပြောသည်။ “၁၆ ရက်နေ့က လအပြည့်ဆုံးပဲ”
ထို့နောက် သူတို့အဖွဲ့သည် သင်္ဘောအခန်းထဲတွင် ပုန်းအောင်းနေကြပြီး အပြင်ဘက်မှ ပြင်းထန်သော မိုးကြိုးသံများကို နားထောင်ရင်း ညရောက်လာမည့်အချိန်နှင့် လထွက်လာမည့်အချိန်ကို စောင့်ဆိုင်းနေလိုက်ကြသည်။
နာရီအနည်းငယ် ကြာပြီးနောက် လပြည့်ဝန်းကြီးသည် ပန်းကန်ပြားပျံကြီးတစ်ခုအလား ကောင်းကင်ပေါ်သို့ ထွက်ပေါ်လာခဲ့သည်။ အမှန်တကယ်ပင် မိစ္ဆာကျွန်းအပေါ်ရှိ ကောင်းကင်ကြီးသည် ငြိမ်သက်သွားခဲ့သည်။
မုန်တိုင်းရပ်တန့်သွားပြီး ပုံမှန်ပင်လယ်လေပြေသာ ရှိတော့သည်။ ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးများလည်း ရပ်တန့်သွားကာ ရေဝဲကြီးများလည်း ပျောက်ကွယ်သွားလေသည်။
အမည်းရောင်မြူခိုးများ ရှိနေသေးသော်လည်း ပင်လယ်ပြင်သည် အလွန်တည်ငြိမ်နေ၏။
“မြန်မြန်... မြန်မြန်သွားရအောင်” ကျီယင်ယင်က ပြောလိုက်သည်။ “ဒီငြိမ်သက်တဲ့အချိန်က အရမ်းတိုတယ်။ အများဆုံး တစ်နာရီပဲ ခံမယ်”
သူတို့အဖွဲ့သည် ရွက်များကို အမြန်လွှင့်တင်လိုက်ကြသည်။ သွေးကွမ်ရင်က တက်မကို ကိုင်လိုက်ပြီး သင်္ဘောသည် မိစ္ဆာကျွန်းမှ လျင်မြန်စွာ ခွာထွက်လာခဲ့လေသည်။
နာရီဝက်ခန့် ကြာပြီးနောက်တွင်တော့ သင်္ဘောကြီးသည် အမည်းရောင်မြူခိုးများထဲမှ ထွက်ပေါ်လာခဲ့ပြီး မိစ္ဆာကျွန်း ပင်လယ်ပြင်ဧရိယာမှ လုံးဝ လွတ်မြောက်လာခဲ့တော့သည်။ အားလုံးက သက်ပြင်းချလိုက်ကြပြီး ပျော်ရွှင်စွာ အော်ဟစ်လိုက်ကြသည်။
ခဏကြာ မောင်းနှင်ပြီးနောက်တွင် နောက်ထပ် သင်္ဘောတစ်စီးကို တွေ့လိုက်ရသည်။ တုပိုင်၏ သင်္ဘောပေါ်မှ လူများကို သေချာမြင်လိုက်ရသည့်အခါ ထိုသင်္ဘောပေါ်မှ သင်္ဘောသားများက ဝမ်းသာအားရ ခုန်ပေါက်ကြတော့သည်။
ထိုသင်္ဘောသည် သွေးနဂါးဂိုဏ်း၏ သင်္ဘောဖြစ်သည်။ အစောပိုင်းက သွေးကွမ်ရင်သည် သူတို့ကို စွန့်စားခိုင်းရမှာ စိုးရိမ်သဖြင့် အပြင်ဘက်တွင် ထားခဲ့ခြင်းဖြစ်သည်။
ထိုသင်္ဘောပေါ်မှ သင်္ဘောသား တစ်ဒါဇင်ကျော်သည် ချက်ချင်းပင် ပင်လယ်ထဲသို့ ခုန်ချပြီး တုပိုင်၏ သင်္ဘောဆီသို့ ကူးခတ်လာကြရာ တုပိုင်က ကြိုးဖြင့် ဆွဲတင်ပေးလိုက်သည်။
သင်္ဘောသား တစ်ဒါဇင်က တုပိုင်၏ သင်္ဘောကို ထိန်းချုပ်မောင်းနှင်လိုက်ကြပြီး သင်္ဘောနှစ်စီးသည် မြောက်ဘက်သို့ ဦးတည်ကာ ပြန်လာခဲ့ကြတော့သည်။
တစ်ညလုံး ရွက်လွှင့်လာခဲ့ကြပြီးနောက် မိုးလင်းသွားခဲ့သည်။ တုပိုင်၊ ကျီပြောင်ပြောင်နှင့် အခြားသူများသည် သင်္ဘောအခန်းထဲတွင် အိပ်ပျော်နေကြ၏။ ရုတ်တရက် စူးရှသော ခေါင်းလောင်းသံ ထွက်ပေါ်လာသည်။
“ရန်သူ့သင်္ဘော... ရန်သူ့သင်္ဘော” သင်္ဘောသားများ၏ အာမေဋိတ်သံများ ထွက်ပေါ်လာသည်။
ရန်သူ့သင်္ဘောလော။ တုပိုင်က ရုတ်တရက် ထခုန်လိုက်ပြီး ကုန်းပတ်ပေါ်သို့ ပြေးထွက်လာခဲ့သည်။ ရှေ့ မီတာထောင်ချီအကွာတွင် စစ်သင်္ဘော ခြောက်စီးရှိနေပြီး စစ်သင်္ဘောတစ်စီးစီတွင် ဧရာမဒူးလေးကြီး တစ်ဒါဇင်ကျော် တပ်ဆင်ထားကာ အားလုံးက ချိန်ရွယ်ထားကြသည်။ ထိုသည်သာမကသေးဘဲ ကုန်းပတ်ပေါ်တွင် လေးသည်တော် ရာချီရှိနေပြီး မီးမြှားများကိုယ်စီ ရွယ်ထားကြသည်။
ထိုစစ်သင်္ဘော ခြောက်စီးသည် တုပိုင်၏ သင်္ဘောနှစ်စီးကို ဝိုင်းရံထားတော့မည့်ပုံစံ ရှိနေသည်။ သွေးကွမ်ရင်၏ စစ်သင်္ဘောများသည် ကျန်းနန်နယ်စားမင်း၏ ရေတပ်နှင့် ပူးပေါင်းတိုက်ခိုက်ရန် ပါသွားကြသဖြင့် ယခု မိစ္ဆာကျွန်းခရီးစဉ်တွင် သာမန်သင်္ဘောများနှင့်သာ လာခဲ့ခြင်းဖြစ်သည်။
ထိုအချိန်တွင် ရင်းနှီးနေသော ပုံရိပ်တစ်ခု ထွက်လာပြီး အော်ပြောလိုက်သည်။ “ရပ်လိုက်... ရပ်လိုက်... သူတို့က ရန်သူတွေ မဟုတ်ဘူး”
ရှောင်မူကျစ်လား။ သူပါလား။ ထို့နောက် မိုဟန်လည်း ထွက်လာသည်။
ရှောင်မူကျစ်က တုပိုင်ကို ဦးညွှတ်လိုက်ပြီး ပြောလိုက်သည်။ “အစ်ကိုတုက တကယ်ပဲ ထူးကဲတဲ့ဉာဏ်ပညာရှိတာပဲဗျာ။ တခြားသူတွေက မိုမိသားစု တော်ဝင်ရတနာသိုက်ရဲ့ လျှို့ဝှက်ချက်ကို နားမလည်ကြပေမဲ့ အစ်ကိုတု တစ်ယောက်တည်းပဲ လျှို့ဝှက်ချက်ကို ရှာတွေ့ပြီး ရတနာသိုက်ကို ချက်ချင်း ရှာဖွေနိုင်ခဲ့တာပဲ။ ပြန်လာတုန်းကလည်း ပစ္စည်းတွေ အပြည့်ပါလာမယ်လို့ ကျွန်တော်ထင်တယ်”
တုပိုင် နားလည်လိုက်သည်။ ရှောင်မူကျစ်က သူ့ကို စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။ တုပိုင် ပင်လယ်ဘက် ထွက်သွားသည်နှင့် သူက စစ်သင်္ဘောများကို ချက်ချင်းရှာဖွေပြီး နောက်မှ လိုက်လာခဲ့ခြင်းဖြစ်သည်။ သို့သော် သူက သုံးရက် နောက်ကျနေခဲ့သဖြင့် သားကောင်ကို စောင့်နေသော မုဆိုးတစ်ယောက်လို ဒီနေရာကနေ စောင့်နေခဲ့ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရေကြောင်းလမ်းက ပုံသေဖြစ်ပြီး သင်္ဘောတိုင်းလိုလို ဒီလမ်းကြောင်းအတိုင်း ပြန်လာရသောကြောင့်ပင်။
ရှောင်မူကျစ်က ပြောသည်။ “ဒါပေမဲ့ အစ်ကိုတု... ဒီရတနာသိုက်က မိုမိသားစုပိုင် ပစ္စည်းလေ။ ခွင့်မတောင်းဘဲ ယူသွားတာက သိပ်မကောင်းဘူး မဟုတ်လား”
တုပိုင်က အေးစက်စွာ ပြောလိုက်သည်။ “မင်း ဘာလိုချင်တာလဲ”
ရှောင်မူကျစ်က ပြောသည်။ “စားပွဲသောက်ပွဲတုန်းက ရှင်းရှင်းလင်းလင်း ပြောထားပြီးသားလေ။ မိုမိသားစု တော်ဝင်ရတနာသိုက်ကို တွေ့တဲ့ဘယ်သူမဆို မိုဟန်ကို တစ်ဝက် ခွဲပေးရမယ်လို့။ ကွေ့မင်းသားနဲ့ နယ်စားမင်း လီရူဟိုင်တို့ကလည်း သက်သေအဖြစ် ရှိနေခဲ့တာပဲ”
တုပိုင်က အေးစက်စွာ ပြောလိုက်သည်။ “ငါသဘောမတူရင်ရော”
ရှောင်မူကျစ်က ပြောလိုက်သည်။ “ဒါဆိုရင်တော့ မကောင်းတော့ဘူးပေါ့ဗျာ။ ကျွန်တော်တို့ဆီမှာ စစ်သင်္ဘော ခြောက်စီးရှိတယ်။ ခင်ဗျားတို့ဆီမှာက သာမန်သင်္ဘော နှစ်စီးပဲ ရှိတာ။ ဒီရေကြောင်းတိုက်ပွဲမှာ ခင်ဗျားတို့ နိုင်ဖို့ မျှော်လင့်ချက် လုံးဝမရှိဘူး။ တကယ်လို့ အစ်ကိုတုက ကတိမတည်ဘူးဆိုရင်တော့ ကျွန်တော်တို့လည်း ကိုယ့်ဘာသာ ယူရတော့မှာပေါ့။ ဒါပေမဲ့ အဲ့ဒီအခြေအနေ ရောက်သွားရင်တော့ တစ်ဝက်ပဲ ယူမှာမဟုတ်ဘူး။ အကုန်လုံး ယူမှာဗျ”
တကယ်တမ်းတွင် တစ်ဖက်လူသာ အင်အားမသုံးခဲ့လျှင် တုပိုင်က မိုဟန်ကို ရွှေအမြောက်အမြား ပေးဖို့ ဆန္ဒရှိပါသည်။
အပိုင်း ၃၃၉ ပြီး။