တိုက်ပွဲ စတင်ခြင်း
Vol. 16 Ch. 176
နေမင်းက အထက်သို့ မြင့်တက်လာချေပြီ။
အိမ်ရှင်ဖြစ်သော ပိုင်တိဂိုဏ်း ရောက်ရှိလာသည်နှင့်အမျှ လူအများ မျှော်လင့်စောင့်စားနေကြသည့် ဂိုဏ်းပေါင်းစုံတိုက်ပွဲ မှာ တရားဝင် စတင်လေတော့သည်။
ဂိုဏ်းပေါင်း ၁၀၀ ကျော်မှ ပြိုင်ပွဲဝင်အားလုံး စုပေါင်းလိုက်ပါက လူပေါင်း နှစ်သိန်းခန့် ရှိပေသည်။
သို့သော်လည်း ပြိုင်ပွဲကြီး ပြီးဆုံးသွားသည့်အခါတွင်မူ အစွမ်းအထက်ဆုံး လူတစ်သောင်းသာ ထျန်းဖူနန်းတော်သို့ တက်လှမ်းခွင့် ရရှိကြမည် ဖြစ်သည်။
အယောက်နှစ်ဆယ်လျှင် တစ်ယောက်သာ အရွေးခံရမည့် အခွင့်အရေးဖြစ်ရာ ပြိုင်ဆိုင်မှုမှာ အလွန်ပင် ပြင်းထန်လှပေသည်။
ပိုင်တိဂိုဏ်း၏ ကြီးကြပ်မှုဖြင့် ပြိုင်ပွဲဝင်အားလုံးကို အမှတ်စဉ်များ ခွဲဝေပေးပြီးနောက် ကျပန်းမဲနှိုက်၍ တစ်ဦးချင်း ရင်ဆိုင်တိုက်ခိုက်စေသည်။
တိုက်ပွဲများကို ချိုင့်ဝှမ်းအောက်ခြေ၌ ပြုလုပ်ကြ၏။
ထိုနေရာတွင် စင်မြင့် ရာပေါင်းများစွာကို တည်ဆောက်ထားပြီး ပြိုင်ပွဲစတင်သည်နှင့် တိုက်ပွဲအားလုံးမှာ တစ်ပြိုင်နက်တည်း ဆင်နွှဲကြရမည် ဖြစ်သည်။
တစ်ရက်တည်းနှင့် လူပေါင်းတစ်သိန်းခန့်၊ ဆိုလိုသည်မှာ လူဦးရေ၏ ထက်ဝက်နီးပါးကို ဖယ်ထုတ်ပစ်မည်ဖြစ်ရာ မည်မျှ ပြင်းထန်မည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။
ပြိုင်ပွဲစည်းမျဉ်းမှာမူ အလွန်ရိုးရှင်းပါသည်။
ထျန်းဖူနန်းတော်က ပါရမီရှင် ရွေးချယ်ရာတွင် ထိုသူ၏ စစ်မှန်သော အစွမ်းအစကိုသာ အဓိကထား ကြည့်ခြင်း ဖြစ်ပေသည်။
ထို့ကြောင့် သတ်မှတ်ချက်ထက် ကျော်လွန်သော အပြင်ပစ္စည်းများကို အသုံးပြုခွင့်မရှိဘဲ လူတိုင်းမှာ လက်နက်ချင်းယှဉ်၍ အစွမ်းကုန် တိုက်ခိုက်ကြရမည် ဖြစ်သည်။
မကြာမီမှာပင် ခေါင်းလောင်းသံ ထွက်ပေါ်လာပြီးနောက် မဲနှိုက်ခြင်း အစီအစဉ် စတင်လေသည်။
ရလဒ်များမှာ ချက်ချင်းပင် ထွက်ပေါ်လာပြီး ပြိုင်ပွဲဝင်များ လက်ထဲရှိ အမှတ်စဉ်ပြားများပေါ်သို့ ရောက်ရှိလာ၏။
လန်ယွီနှင့် လွီကျူးတို့နှစ်ဦးမှာ အဆင့်သတ်မှတ်ချက် နိမ့် ပြီး အစွမ်းမထက်လှသည့် ပြိုင်ဘက်များနှင့် တိုးကြပေသည်။
သို့သော် ကုရှောင်းရွှယ်၏ ကံမှာမူ အနည်းငယ် ညံ့သည်ဟု ဆိုရမည်။ သူမက ပထမဆုံးပွဲတွင်ပင် ထိပ်ဆုံးဂိုဏ်း ၁၀ ခုထဲမှ လူသန်တစ်ယောက်နှင့် ရင်ဆိုင်ရမည်ဖြစ်ရာ ပြင်းထန်သော တိုက်ပွဲဖြစ်လာဖို့ သေချာနေသည်။
သို့သော်လည်း သူမကိုယ်တိုင်ကမူ အလွန်အေးဆေးနေပုံရပြီး မျက်နှာထက်တွင် ရိုးအအ အပြုံးလေးတစ်ခုကို အမြဲ ဆင်မြန်းထားဆဲပင်။ သူမ၏ ဦးနှောက်ထဲတွင် ဘာတွေ တွေးနေသည်ကိုမူ မည်သူမျှ မသိနိုင်ချေ။
“သတိထားနော်၊ ပထမဆုံးပွဲမှာတင် မရှုံး သွားစေနဲ့”
ထန်ထျန်းက မနေနိုင်ဘဲ သတိပေးလိုက်မိသည်။
“မဖြစ်စေရပါဘူး
ကျွန်မမှာ ယုံကြည်မှု အပြည့်ရှိတယ်”
ကုရှောင်းရွှယ်က တက်ကြွစွာ ပြော သည်။
ထန်ထျန်းက ပုခုံးတွန့်ပြလိုက်ပြီး သူမကို ဆက်မပြောတော့ပေ။ သူမကိုယ်တိုင် နားလည်လျှင် ရပြီဟု မှတ်ယူလိုက်သည်။
ခဏအကြာတွင် တိုက်ပွဲများ စတင်လေပြီ။
လွီကျူးမှာ ပထမဆုံးအသုတ်တွင် ပါဝင်သည့် ပြိုင်ပွဲဝင်ဖြစ်ရာ သူမက တည်ငြိမ်သော အရှိန်အဝါဖြင့် ချင်းယွဲ့ဂိုဏ်း အောက်ခြေရှိ စင်မြင့်ထက်သို့ ဖြည်းညင်းစွာ တက်လှမ်းသွား၏။
အဆင့်မြင့်ဂိုဏ်းနှင့် အဆင့်နိမ့်ဂိုဏ်း ယှဉ်ပြိုင်ရာတွင် အဆင့်နိမ့်သူက အဆင့်မြင့်သူရှိရာ စင်မြင့်သို့ လာရောက် ယှဉ်ပြိုင်ရခြင်းမှာ အဆင့်မြင့်ဂိုဏ်းများအတွက် အိမ်ကွင်းအားသာချက်ပင် ဖြစ်သည်။
ဤသည်မှာ ပြိုင်ပွဲဝင်၏ စိတ်ဓာတ်ကြံ့ခိုင်မှုကိုလည်း စမ်းသပ်ရာရောက်ပေသည်။ အကယ်၍ ပြိုင်ဘက်၏ အိမ်ကွင်းတွင် အနိုင်ယူနိုင်ပါက သူ့ကိုယ်သူ ယုံကြည်မှုမှာ အတိုင်းထက်အလွန် တိုးလာမည် ဖြစ်သည်။
မကြာမီမှာပင် အခြားတစ်ဖက်မှ အစိမ်းရောင် ဝတ်စုံရှည် ဝတ်ဆင်ထားသည့် လူငယ်တစ်ဦး စင်ပေါ်သို့ တက်လာကာ လွီကျူးနှင့် မျက်နှာချင်းဆိုင် ရပ်လိုက်သည်။
ထိုတပည့်မှာလည်း နတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် ရှိသူဖြစ်ပြီး လွီကျူးထက် ကျင့်ကြံခြင်း အဆင့် တစ်ဆင့်သာ နိမ့်ပေသည်။
သို့သော် သူ၏ စိတ်ဓာတ်မှာမူ လုံလောက်စွာ ကြံ့ခိုင်ပုံမရပေ။ အပေါ်မှ ချင်းယွဲ့ ဂိုဏ်းသားများကို ကြည့်ရင်း သူ၏ မျက်နှာထက်တွင် စိုးရိမ်တုန်လှုပ်မှုများ အထင်းသား ပေါ်လွင်နေသည်။
“ဒီက... စီနီယာအစ်မ
ကျေးဇူးပြုပြီး... လမ်းညွှန်ပေးပါ”
စကားပြောရာတွင်ပင် ထစ်ငေါ့နေတော့သည်။
စင်မြင့်ကြီးကြပ်သူ၏ ကြေညာချက်နှင့်အတူ တိုက်ပွဲမှာ တရားဝင် စတင်လေသည်။
ထိုလူငယ်က ချက်ချင်းပင် ဓားရှည်ကြီးတစ်လက်ကို ထုတ်ယူကာ ရန်သူကြီးနှင့် တိုးသကဲ့သို့ အသင့်အနေအထား ပြင်လိုက်၏။
ထန်ထျန်းက မြင်လိုက်သည်နှင့် ခေါင်းခါယမ်းမိသည်။ ထိုတပည့်မှာ လက်တွေ့တိုက်ပွဲ အတွေ့အကြုံ အလွန်အားနည်းနေသည်မှာ သိသာလှပေသည်။
သူ၏ဂိုဏ်းမှာ လက်တွေ့တိုက်ခိုက်ရေးထက် ဟန်ရေးပြမှုများကိုသာ အလေးပေးခဲ့ပုံရ၏။
သူက လွီကျူး၏လက်ထဲတွင် သုံးကွက်ထက်ပို၍ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
သို့သော် လက်တွေ့တွင်မူ ထန်ထျန်းက သူ့ကို အထင်ကြီးမိသွားခြင်းပင် ဖြစ်သည်။
လွီကျူး၏ ကျင့်ကြံခြင်း အဆင့်မှာ ပြိုင်ဘက်ထက် မြင့်ရုံသာမက နားလည်နိုင်စွမ်းမှာလည်း များစွာ သာလွန်ပေသည်။
ထို့အပြင် သူမက ချီယွမ် ၏ လက်အောက်တွင် အထူးလေ့ကျင့်မှုများ ခံယူထားသူဖြစ်ရာ လက်တွေ့တိုက်ခိုက်ရေး စွမ်းရည်မှာ ဤလူငယ်ကဲ့သို့ အိမ်တွင်းပုန်း တပည့်တစ်ဦးနှင့် ယှဉ်လျှင် အပြတ်အသတ် သာလွန်လှပေသည်။
တစ်ကွက်တည်းနှင့်ပင် ထိုလူငယ်မှာ စင်ပေါ်မှ လွင့်ထွက်သွားကာ မြေပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားလေတော့သည်။
လွီကျူး၏ ပထမဆုံးပွဲစဉ်ကို အလွယ်တကူ အနိုင်ရရှိသွားခဲ့ပြီ ဖြစ်သည်။
“ဒီလောက်တောင် သန်မာတာလား”
ဘေးမှ ဝမ်ကျီယွီမှာ အံ့ဩတုန်လှုပ်မှုကို မျက်နှာတွင် အထင်းသား ဖော်ပြနေမိသည်။
“ညီကိုထန်၊ မင်း သူမကို ဘယ်လိုများ လေ့ကျင့်ပေးထားတာလဲ
လူတစ်ယောက်လုံး ပြောင်းလဲသွားသလိုပဲ”
ဝမ်ကျီယွီသည် ယခင်ကလည်း လွီကျူးကို မြင်ဖူးသဖြင့် ဤမျှ ကြီးမားသော အပြောင်းအလဲကို သူ ချက်ချင်း လက်မခံနိုင်သေးပေ။
ထန်ထျန်းက ပြုံး၍ ပြော သည်။ “အရင်က သူတို့ကို တောင်ထိပ်သခင် ချီ ရဲ့ လက်အောက်မှာ သီးသန့် လေ့ကျင့်ခိုင်းထားတာလေ
အဲဒါက ဘာကို ဆိုလိုတယ်ဆိုတာ မင်းသိမှာပါ”
ဝမ်ကျီယွီမှာ ခဏမျှ မှင်တက်သွားပြီးမှ အခြားတစ်ဖက်မှ ချီယွမ်ကို တစ်ချက် ခိုးကြည့်လိုက်ကာ ထန်ထျန်းကို လက်မထောင်ပြလိုက်သည်။
“မင်း တကယ့်လူပဲ
တောင်ထိပ်သခင် ချီဆိုတာ တခြားလူနဲ့ လွယ်လွယ် ရင်းနှီးတဲ့လူ မဟုတ်ဘူး
မင်းက သူနဲ့ ညီအစ်ကိုလို ပေါင်းနိုင်တာက အခု မင်းရထားတဲ့ ရာထူးထက်တောင် ပိုပြီး အံ့ဩစရာ ကောင်းနေသေးတယ်”
သူက ချီးကျူးစကား ဆိုလေသည်။
ထန်ထျန်းက ပုခုံးတွန့်ပြလိုက်ရင်း တိုက်ဆိုင်မှုတစ်ခုအဖြစ်သာ သဘောထားလိုက်သည်။
ခဏအကြာတွင် လန်ယွီ၏ အလှည့် ရောက်လာပြန်သည်။ လန်ယွီ၏ ပြိုင်ဘက်မှာ လွီကျူး၏ ပြိုင်ဘက်ထက်ပင် ပို၍ အားနည်းပြီး ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်သာ ရှိရာ တစ်ချက်တည်းနှင့်ပင် အပြတ်အသတ် အနိုင်ယူလိုက်ပြန်သည်။
ဤသို့ လျှပ်တပြက် အနိုင်ယူမှုများကြောင့် ဂိုဏ်းချုပ် ယွင်ခုံးနှင့် လုချန်းကျီတို့မှာလည်း ထန်ထျန်းရှိရာသို့ မနေနိုင်ဘဲ လှည့်ကြည့်လာကြသည်။
လန်ယွီ ညီအစ်မနှစ်ဦးမှာ ချင်းယွဲ့ ဂိုဏ်း၏ ပထမဆုံးပွဲစဉ်များထဲတွင် ပြိုင်ဘက်ကို အမြန်ဆုံး အနိုင်ယူနိုင်သူများ ဖြစ်နေသောကြောင့်ပင်။
ထိုသူတို့ကို ဤမျှ ထူးချွန်အောင် ပျိုးထောင်ပေးနိုင်သည့် ထန်ထျန်းမှာလည်း သာမန်လူတစ်ယောက် မဟုတ်သည်မှာ ထင်ရှားလှပေသည်။
သို့သော် ထန်ထျန်းက အခြားလူများ၏ အကြည့်ကို ဂရုမစိုက်အားပေ။ ကုရှောင်းရွှယ်၏ တိုက်ပွဲ စတင်တော့မည် ဖြစ်သဖြင့် သူက ဝမ်ကျီယွီကို ခေါ်ကာ ဟေးကျီဂိုဏ်း ရှိရာသို့ လာခဲ့လေသည်။
ဟေးကျီဂိုဏ်းမှာ အဆင့် ၉ ရှိသည့် ဂိုဏ်းဖြစ်ပြီး ပထမဆုံး တည်ထောင်ခဲ့သည့် ဂိုဏ်းဟောင်းကြီးများထဲမှ တစ်ခု ဖြစ်ပေသည်။ ကျီယန်ဂိုဏ်းနှင့် ယှဉ်လျှင် အနည်းငယ် အားနည်းသော်လည်း အခြားသာမန်ဂိုဏ်းများအတွက်မူ မော်ကြည့်ရသည့် အင်အားကြီးဂိုဏ်းပင် ဖြစ်သည်။
ထန်ထျန်းနှင့် ဝမ်ကျီယွီတို့ ရောက်သွားချိန်တွင် ကုရှောင်းရွှယ်မှာ စင်ပေါ်သို့ တက်နေဆဲ ဖြစ်သည်။
သူမ၏ ပြိုင်ဘက်မှာ အနက်ရောင် ဝတ်စုံဝတ်ထားပြီး အေးစက်စက် အရှိန်အဝါရှိသည့် လူငယ်တစ်ဦး ဖြစ်ပေသည်။
စင်ပေါ်သို့ လူနှစ်ဦး တက်လာသည်နှင့် ဟေးကျီဂိုဏ်းမှ တပည့်များမှာ ကုရှောင်းရွှယ်ကို ကြည့်ရင်း ဝိုင်း ပြောနေကြတော့သည်။
“ဒီလောက် သေးသေးလေးနဲ့ မိန်းကလေးက အသက် ၂၀ တောင် ရှိရဲ့လား”
“ငါ စစ်ကြည့်ဦးမယ်... ဟမ် ... ဟာ၊ မရှိသေးဘူးဟ။ အသက် ၁၆ နှစ်ပဲ ရှိသေးတယ်၊ ချင်းယွဲ့ ဂိုဏ်းကတဲ့ကွ”
တစ်စုံတစ်ယောက်က အော်ပြောလိုက်သည်။
“ဟာသပဲ၊ အသက် ၁၆ နှစ်နဲ့ ဂိုဏ်းပေါင်းစုံတိုက်ပွဲ လာတယ်ပေါ့လေ။ နောက်တစ်ကြိမ်မှ ပါရင် မရဘူးလား”
“ဟီးဟီး... ဘယ်သူသိမှာလဲ၊ သူတို့မှာ ယုံကြည်မှု ရှိလို့နေမှာပေါ့”
“ဟုတ်တယ်၊ မမေ့နဲ့ဦး၊ ချင်းယွဲလ ဂိုဏ်းက ဒီတစ်ခါ ထိပ်ဆုံး ၁၀ နေရာထဲ ဝင်မယ်လို့ ကြွေးကြော်ထားတာ”
တစ်ဦးက ပြုံး ရင်း ပြော သည်။
သို့သော် ချက်ချင်းပင် တစ်ယောက်က မထီမဲ့မြင် ပြုလိုက်၏။
“ပွဲတိုင်းမှာ ကြွေးကြော်တဲ့လူတွေ ရှိတာပဲ၊ တကယ် အောင်မြင်တာ ဘယ်နှစ်ယောက် ရှိလို့လဲ”
“ငါ့အထင်တော့ ချင်းယွဲ့ ဂိုဏ်းမှာ တကယ်တော်တဲ့လူ မရှိတော့လို့ ဒီ ၁၆ နှစ် မိန်းကလေးကို လူဖြည့်ဖို့ ထည့်လိုက်တာ ဖြစ်မယ်”
“နတ်ဝိညာဉ်အသွင်ပြောင်းခြင်း အလယ်အလတ်အဆင့်ဆိုတော့ ကျင့်ကြံခြင်း အဆင့် ကတော့ မဆိုးပါဘူး။ ဒါပေမဲ့ သူမက စီနီယာအစ်ကို ရန် ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။
စီနီယာအစ်ကို ရန်က အထွတ်အထိပ် အဆင့် ဖို့တောင် နီးနေပြီလေ”
“ဟမ့်... ဒါနဲ့များ ချင်းယွဲ့ ဂိုဏ်းက ထိပ်ဆုံး ၁၀ နေရာထဲ ဝင်ချင်သေးတယ်တဲ့၊ စိတ်ကူးယဉ်နေတာပဲ”
တစ်ချို့က လှောင်ပြောင် နေကြလေသည်။
ထိုစဉ် ဘေးက တစ်ယောက်က ထန်ထျန်းတို့ ရောက်နေသည်ကို မြင်သဖြင့် စကားကို သတိထားရန် သတိပေးလိုက်၏။
သို့သော် ထိုလူငယ်မှာ မတုန်လှုပ်ဘဲ သူ၏ စကားကိုသာ ဆက် ပြော သည့်အပြင် ထန်ထျန်းဘက်သို့ လှည့်ကာ စိန်ခေါ်သလိုမျိုး စိုက်ကြည့်လိုက်သေးသည်။
“အတော်လေး ရဲတင်းတာပဲ”
ထန်ထျန်းက ရယ် လျက် ပြော သည်။ သူက ဤကဲ့သို့သော စကားများကြောင့် စိတ်ဆိုးဒေါသထွက်မည့်လူ မဟုတ်ပေ။ ဤသို့သော အငြင်းပွားမှုမျိုးမှာ နေရာတိုင်းတွင် ရှိနေတတ်သည် မဟုတ်ပါလား။
“ရိုးနေပါပြီ၊ ဂိုဏ်းဟောင်းကလူတွေက ဒီလို စရိုက်မျိုးတွေချည်းပဲ”
“ဘာတတ်နိုင်မှာလဲ၊ သူတို့က အင်အားကြီးနေတာကိုး”
ဝမ်ကျီယွီက ပြော လိုက်ပြီးမှ စကားလမ်းကြောင်းပြောင်း၍ မေးလာသည်။ “မင်း ဘယ်လိုထင်လဲ၊ ဟို စီနီယာအစ်ကို ရန်ဆိုတဲ့လူက တကယ်ပဲ ရင်ဆိုင်ရ ခက်ပုံရတယ်နော်”
ထန်ထျန်းက ခဏမျှ တိတ်ဆိတ်သွားပြီးမှ “အရင်ဆုံး ကြည့်ကြတာပေါ့”
ထိုစဉ် စင်မြင့်ထက်မှ တိုက်ပွဲမှာလည်း စတင်ခဲ့လေသည်။