တက်လှမ်းခြင်း အဆင့် ကိုး
Vol. 16 Ch. 177
လူအများ၏ စိုက်ကြည့်နေမှုအောက်တွင် စင်မြင့်ထက်မှ တိုက်ပွဲမှာ တရားဝင် စတင်လေတော့သည်။
ဟေးကျီဂိုဏ်းမှ စီနီယာအစ်ကို ရန်က သူ၏ရှေ့မှ အရွယ်မရောက် သေးသော မိန်းကလေးမှာ သူ့ကို ခြိမ်းခြောက်နိုင်လိမ့်မည်ဟု မထင်ထားပုံရပေသည်။
ထို့ကြောင့် စင်မြင့်ကြီးကြပ်သူက တိုက်ပွဲစတင်ရန် ကြေညာလိုက်သည့်တိုင် သူက မည်သည့် ခုခံမှုမျိုးမှ မပြင်ဆင်ဘဲ လက်ပိုက်လျက် မူလအနေအထားအတိုင်းသာ ရပ်မြဲရပ်နေခဲ့သည်။
ကုရှောင်းရွှယ်ကမူ ဤကဲ့သို့သော အခွင့်ကောင်းကို အဘယ်မှာ လက်လွှတ်ပါမည်နည်း။
သူမ၏ ဓားရှည်မှာ ချက်ချင်းပင် ဓားအိမ်ထဲမှ ထွက်ပေါ်လာပြီး အစွမ်းထက်သော အော်ရာ များ ပေါက်ကွဲထွက်လာကာ ပြိုင်ဘက်ဆီသို့ လွှမ်းမိုးသွားတော့သည်။
သူမက ယခင်ကအတိုင်းပင် စတင်လိုက်သည်နှင့် အသေအလဲ တိုက်ခိုက်မည့် အကွက်များကို ထုတ်သုံးလိုက်ရာ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များမှာ စင်မြင့်တစ်ခုလုံးတွင် ပြည့်နှက်သွားလေသည်။
"ဝိုး... အတော်သန်မာတာပဲ"
ဟေးကျီဂိုဏ်းမှ တပည့်များမှာ အံ့အားသင့်ကာ အာမေဍိတ်သံများ ထွက်ပေါ်လာကြသည်။
ကုရှောင်းရွှယ်၏ စွမ်းဆောင်ရည်မှာ သူတို့ ထင်ထားသည်ထက် များစွာ ကျော်လွန်နေပေသည်။
စီနီယာအစ်ကို ရန်မှာလည်း ထို့အတူပင်။ အေးခဲလုမတတ် ပြင်းထန်သော သတ်ဖြတ်လိုစိတ်ကို ခံစားလိုက်ရမှ သူက လျင်မြန်စွာ တုံ့ပြန်လိုက်ရပြီး ဤပြိုင်ဘက်မှာ သူထင်သလောက် အားနည်း သူမဟုတ်ကြောင်း သတိပြုမိသွားသည်။
ကုရှောင်းရွှယ်၏ ပြင်းထန်သော တိုက်ကွက်ကို ရင်ဆိုင်ရင်း စီနီယာအစ်ကို ရန်မှာ အတင်း ပြန်လည်ခုခံလိုက်ရပြီး သူမ၏ ပထမဆုံး တိုက်ကွက်ကို မနည်းတားဆီးလိုက်ရသည်။
သို့သော်လည်း တိုက်ပွဲအခြေအနေတွင် ကုရှောင်းရွှယ်က အသာစီးကို ရယူထားနိုင်ခဲ့ပြီ ဖြစ်သည်။
သည်းထန်စွာ ရွာသွန်းနေသော မိုးစက်များကဲ့သို့ အဆက်မပြတ် လှသော တိုက်ကွက်များမှာ စီနီယာအစ်ကို ရန်၏ကိုယ်ပေါ်သို့ ကျရောက်လာတော့သည်။
စီနီယာအစ်ကို ရန် မှာမူ အသာစီးမရနိုင်တော့ဘဲ နောက်သို့ တရစပ် ဆုတ်ခွာရင်း ကုရှောင်းရွှယ်၏ တိုက်ကွက်တိုင်းကို ခက်ခက်ခဲခဲ ခုခံနေရကာ အသက်ရှူရန်ပင် အချိန်မရတော့ပေ။
အချိန်ကြာလာသည်နှင့်အမျှ ကုရှောင်းရွှယ်၏ တိုက်ကွက်မှာ ပိုမိုပြင်းထန်လာပြီး စီနီယာအစ်ကို ရန် မှာ မနည်းရင်ဆိုင်နေရကာ အကြိမ်ကြိမ် အသက်အန္တရာယ်ကျလုနီးပါး ကြုံတွေ့ခဲ့ရသဖြင့် အတော်လေး အခြေအနေ ဆိုးရွားနေပေသည်။
နောက်ဆုံးတွင် သူက ဒေါသတကြီး အော်ဟစ်လိုက်ကာ သူ့ကိုယ်သူ ဒဏ်ရာရမည်ကို ဂရုမစိုက်တော့ဘဲ အင်အားကြီးမားလှသော တိုက်ကွက်တစ်ခုကို ထုတ်သုံး၍ အခြေအနေကို ပြောင်းလဲရန် ကြိုးစားလိုက်သည်။
သို့သော် တိုက်ပွဲအတွေ့အကြုံ ကြွယ်ဝလှသော ကုရှောင်းရွှယ်မှာမူ ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်ပေသည်။
စီနီယာအစ်ကို ရန် က လက်သီးဖြင့် ထိုးနှက်လိုက်ရာ လေထုထဲတွင် ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး ထိတ်လန့်ဖွယ် ကောင်းလှသော အရှိန်အဝါမှာ စင်မြင့်ထက်တွင် လွှမ်းမိုးသွားသည်။ အကယ်၍ သာမန် နတ်ဝိညာဉ်အသွင်ပြောင်းခြင်း အဆင့်ရှိ ကျင့်ကြံသူတစ်ဦးသာ ဆိုပါက သူ၏ ဒေါသတကြီး ထိုးနှက်ချက်ကို တားဆီးနိုင်မည် မဟုတ်ပေ။
သို့သော် ကံဆိုးစွာပင် သူ၏ လက်သီးမှာ လေထဲသို့သာ ကျရောက်သွားခဲ့သည်။
ကုရှောင်းရွှယ်က ထိုဟန်ချက်ပျက်နေသော အခိုက်အတန့်ကို အမိအရဖမ်းဆွဲကာ သူ၏ အားနည်းဆုံးနေရာကို ထိုးဖောက်သွားခဲ့သည်။
စီနီယာအစ်ကို ရန် သတိပြုမိလိုက်ချိန်တွင် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
ပါးလွှာသော ဓားရှည်တစ်လက်မှာ သူ၏ လည်ပင်းပေါ်တွင် တင်လျက်သား ရှိနေပေသည်။
ဓား၏ အေးစက်စက် အထိအတွေ့ကြောင့် သူ၏ လည်ပင်းတွင် ကြက်သီးမွေးညင်းများပင် ထသွားရသည်။
"အလျှော့ပေးလိုက်တာပဲ စီနီယာအစ်ကို"
ကုရှောင်းရွှယ်က ခပ်ပြုံးပြုံးလေး ပြောလိုက်သည်။
သူမ၏ ပုံစံမှာ အားကုန်သွားသည့် ပုံစံမျိုး မရှိဘဲ အတော်လေး ပေါ့ပေါ့ပါးပါး ရှိနေပုံရသည်။
စီနီယာအစ်ကို ရန် မှာမူ သွားကြိတ်လျက် မကျေမနပ် ဖြစ်နေရတော့သည်။
အကယ်၍ အစကတည်းက သူ မောက်မာခြင်းမရှိဘဲ ပြိုင်ဘက်ကို အထင်မသေးခဲ့ပါက ပထမဆုံး ရင်ဆိုင်လိုက်သည်နှင့် အောက်စီး ရောက်သွားမည် မဟုတ်ပေ။
အနည်းဆုံးတော့ သူတို့နှစ်ဦးမှာ အပြန်အလှန် ယှဉ်ပြိုင်နိုင်စွမ်း ရှိဦးမည်ဟု သူ ခံစားနေရသည်။
သို့သော် ကံဆိုးစွာပင် "အကယ်၍" ဆိုသည်မှာ မရှိခဲ့ပေ။
ဓားမှာ လည်ပင်းသို့ ရောက်နေပြီ ဖြစ်သဖြင့် ရှုံးနိမ့်မှုကိုသာ လက်ခံလိုက်ရတော့သည်။
"ချင်းယွဲ့ဂိုဏ်းမှ ကုရှောင်းရွှယ် အနိုင်ရတယ်"
စင်မြင့်ကြီးကြပ်သူက ဤတိုက်ပွဲ၏ ရလဒ်ကို ကြေညာလိုက်သည်။
ဟေးကျီဂိုဏ်းမှ တပည့်များမှာလည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြတော့သည်။
စီနီယာအစ်ကို ရန် က ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦး၏ လက်ထဲတွင် ပထမဆုံးပွဲမှာတင် ရှုံးနိမ့်သွားလိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားခဲ့ကြပေ။
ဟေးကျီဂိုဏ်း၏ တပည့်များထဲတွင်ပင် စီနီယာအစ်ကို ရန် မှာ အဆင့်မြင့်သူတစ်ဦး ဖြစ်သည်။
သူ၏ ရှုံးနိမ့်မှုကြောင့် သူတို့၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများ ဝင်ရောက်လာကြသည်။
"ချင်းယွဲ့ဂိုဏ်းက တကယ်ပဲ ထိပ်ဆုံး ၁၀ နေရာထဲကို ဝင်လာနိုင်မှာလား"
ဟေးကျီဂိုဏ်းသားများမှာ အမျိုးမျိုး တွေးတောနေကြတော့သည်။
သို့သော် တစ်ဖက်တွင်မူ ထန်ထျန်းနှင့် ဝမ်ကျီယွီတို့မှာ အလွန် အေးဆေးနေကြသည်။
"ဒါပဲလား... ဂိုဏ်းဟောင်းကြီးတွေက တကယ်ပဲ ဘယ်လောက်များ တော်နေမလဲလို့ ထင်ခဲ့တာ"
ဝမ်ကျီယွီက လုံးဝ ဖုံးကွယ်ခြင်းမရှိဘဲ လှောင်ပြောင်လိုက်သည်။
ဟေးကျီဂိုဏ်းမှ တပည့်အချို့က သူ့ကို လှည့်၍ ဒေါသတကြီး စိုက်ကြည့်ကြသော်လည်း ဘာမှ မတတ်နိုင်ကြပေ။
အဘယ်ကြောင့်ဆိုသော် သူတို့ ရှုံးနိမ့်ခဲ့သောကြောင့်ပင်။
"သွားကြမယ်"
ကုရှောင်းရွှယ်၏ တိုက်ပွဲကို ကြည့်ပြီးနောက် ထန်ထျန်းမှာလည်း စိတ်အေးသွားခဲ့ပြီ ဖြစ်သည်။
ဤမိန်းကလေး၏ ကျင့်ကြံခြင်းအဆင့်မှာ လန်ယွီ ညီအစ်မတို့လောက် မမြင့်သော်လည်း သူမ၏ အခြေခံမှာ အလွန် နက်ရှိုင်းလှသည်။ တာအို နားလည်နိုင်စွမ်းမှာလည်း အလွန် သိမ်မွေ့ပြီး တိုက်ပွဲအတွေ့အကြုံမှာလည်း တစ်ပန်းသာနေပုံရသည်။
သူမ၏ စွမ်းအား မှာ လန်ယွီ ညီအစ်မတို့ထက် ပို၍ သန်မာပေသည်။
ဂိုဏ်းပေါင်းစုံ တိုက်ပွဲကြီးကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ရန် ပြဿနာမရှိပေ။
ခဏအကြာတွင် သူတို့နှစ်ဦးမှာ ချင်းယွဲ့ဂိုဏ်းရှိရာသို့ ပြန်လာခဲ့ကြသည်။
လီဟုန်နှင့် စကားပြောကြည့်လိုက်ရာ ချင်းယွဲ့ဂိုဏ်းတွင် ပထမဆုံးပွဲ ရှုံးနိမ့်သူများ ရှိနေပြီဖြစ်ကြောင်း သိလိုက်ရသည်။
အချို့မှာ ကံဆိုးစွာဖြင့် အလွန်သန်မာသော ပြိုင်ဘက်များနှင့် တိုးခဲ့ရသဖြင့် အပြတ်အသတ် ရှုံးခဲ့ရသည်။
အချို့မှာမူ သူတို့၏ စွမ်းဆောင်ရည် ညံ့ဖျင်းမှုကြောင့် အောက်ခြေဂိုဏ်းများမှ တပည့်များကို ရှုံးခဲ့ရခြင်း ဖြစ်သည်။
ယွင်ခုံး၏ မျက်နှာပျက်နေသည်ကို ကြည့်ခြင်းဖြင့် မကြာမီ ပြင်းပြင်းထန်ထန် အဝေဖန်ခံရတော့မည်ကို သိနိုင်ပေသည်။
တိုက်ပွဲများမှာ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေပြီး မွန်းတည့်ချိန်နီးမှ ပထမအဆင့် တိုက်ပွဲများမှာ လုံးဝ ပြီးဆုံးသွားခဲ့သည်။
ဒုတိယအဆင့်မှာ အနိုင်ရသူချင်း ယှဉ်ပြိုင်ရပြီး ရှုံးသူချင်း ပြန်လည်ယှဉ်ပြိုင်ရမည် ဖြစ်သည်။
အနိုင်ရသူအုပ်စုတွင် နောက်ထပ် တစ်ပွဲ ထပ်နိုင်ပါက အမှတ်များ ရရှိမည်ဖြစ်ပြီး နောက်နေ့တွင် ကျင်းပမည့် ဒုတိယအဆင့် ရှုံးထွက်ပွဲစဉ်များသို့ အောင်မြင်စွာ တက်လှမ်းနိုင်မည် ဖြစ်သည်။
ကျန်ရှိနေသောသူများမှာမူ ဆက်လက် ကြိုးစားကြရပေဦးမည်။
မဲနှိုက်မှုများ ပြန်လည်ပြုလုပ်ရာတွင် လန်ယွီ ညီအစ်မတို့ ရရှိသော ပြိုင်ဘက်များမှာ အားမနည်း လှပေ။ ကုရှောင်းရွှယ်မှာလည်း ကံဆိုးစွာပင် ထိပ်ဆုံး ၁၀ ဂိုဏ်းထဲမှ တပည့်တစ်ဦးနှင့် နောက်တစ်ကြိမ် ထပ်တိုးပြန်သည်။
သို့သော် ဤတစ်ကြိမ် ပြိုင်ဘက်မှာမူ သာမန်မျှသာဖြစ်ပြီး အစောပိုင်းက စီနီယာအစ်ကို ရန် လောက် မသန်မာပေ။
ပြင်းထန်သော တိုက်ပွဲအပြီးတွင် သူမတို့ သုံးဦးစလုံး အနိုင်ရရှိခဲ့ပြီး ဒုတိယမြောက် အမှတ်ကို ရယူကာ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ခဲ့ကြသည်။
ရှေ့ဆက်ပြီး တိုက်ပွဲများစွာ ကျန်ရှိနေသေးကာ ပိုမို ပြင်းထန်လာမည် ဖြစ်သဖြင့် လူတိုင်းမှာ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ရန် အစွမ်းကုန် ကြိုးစားနေကြသည်။
သို့သော် ထန်ထျန်းမှာမူ ခဏမျှ ကြည့်ပြီးနောက် စိတ်ဝင်စားမှု လျော့နည်းလာသည်။
သူက ချီယွမ်ကို ကြီးကြပ်ရန် အပ်နှံခဲ့ပြီး လီဟုန်၊ လန်ယွီ ညီအစ်မတို့နှင့်အတူ ချင်းယွဲ့ဂိုဏ်း နေရာသို့ ပြန်လာခဲ့သည်။
ကုရှောင်းရွှယ်မှာ သန့်စင်သော တပည့်ဖြစ်သဖြင့် လောလောဆယ်တွင် သူနှင့် မသက်ဆိုင်ပေ။
ပြန်ရောက်ပြီးနောက် ထန်ထျန်းက လန်ယွီ ညီအစ်မတို့ကို အားနည်းချက်၊ အားသာချက်များ သုံးသပ်ခိုင်းပြီး နောက်တစ်ပွဲအတွက် ပြင်ဆင်ခိုင်းလိုက်သည်။
ထို့နောက် လီဟုန်းကိုလည်း အစွမ်းအစ တိုးတက်စေရန် အချိန်ပေးခိုင်းပြီး အကူအညီဖြစ်စေရန် ပုတီးစေ့ အချို့ကို ပေးလိုက်သည်။
ဂိုဏ်းပေါင်းစုံ တိုက်ပွဲကြီးအပြီးတွင် မိစ္ဆာတစ်ထောင် စမ်းသပ်မျှော်စင် ကို တိုးတက်အောင် လုပ်ရန် အချိန်အနည်းငယ် ရရှိလိမ့်မည် ဖြစ်သည်။
လက်အောက်ငယ်သားများကို စီစဉ်ပေးပြီးနောက် ထန်ထျန်းက သူ၏ နေအိမ်သို့ ပြန်လာခဲ့သည်။
ငါးရက်တိုင်တိုင် အနားယူခဲ့ပြီးပြီ ဖြစ်သဖြင့် ကျင့်ကြံခြင်းကို ပြန်လည်စတင်ရန် အချိန်ကျရောက်ပြီ ဖြစ်သည်။
ကြောင်ကလေးကို အပြင်သို့ ထွက်ကစားခိုင်းပြီး သူက ကျင့်ကြံခြင်း အခြေအနေသို့ လျင်မြန်စွာ ဝင်ရောက်သွားခဲ့သည်။
လျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းကျောက်စိမ်းပြားမှာ အစွမ်းကုန် အလုပ်လုပ်နေပြီး များပြားလှသော ကမ္ဘာဦး ဝိညာဉ်စွမ်းအားများမှာ ထန်ထျန်း၏ ကိုယ်ထဲသို့ အဆက်မပြတ် စီးဝင်နေကာ သူ၏ ကျင့်ကြံခြင်းမှာလည်း တဖြည်းဖြည်း တိုးတက်လာတော့သည်။
တက်လှမ်းခြင်း အဆင့် ကိုး သို့ ရောက်ရန် အလွန်နီးစပ်နေပြီ ဖြစ်သည်။
ထို့ကြောင့် နောက်ပိုင်းရက်များတွင် ထန်ထျန်းက ရှုံးထွက်ပွဲစဉ်များကိုပင် သွားမကြည့်တော့ဘဲ သူ၏ နေအိမ်တွင်သာ တစ်ဦးတည်း ကျင့်ကြံနေခဲ့သည်။
နောက်ဆုံး ငါးရက်အကြာတွင်...
သူ၏ ကိုယ်ထဲရှိ ဝိညာဉ်စွမ်းအင်များမှာ အင်မော်တယ် စွမ်းအား များအဖြစ် လုံးဝ ပြောင်းလဲသွားပြီးနောက် သူ၏ ဒန်တျန် မှာလည်း လူသား အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။
ယခုအခါ သူ၏ ဒန်တျန် ထဲတွင် အင်မော်တယ် စွမ်းအား များဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။
နောက်တစ်ကြိမ် ထပ် ကြိုးစားလိုက်ပါက ဝိညာဉ်စွမ်းအားများမှာ အင်မော်တယ် စွမ်းအားအဖြစ် လုံးဝ ပြောင်းလဲသွားမည်ဖြစ်ပြီး တက်လှမ်းခြင်း အထွတ်အထိပ် အဆင့် သို့ ရောက်ရှိသွားမည် ဖြစ်သည်။
ဤသည်ကို လူအများက အင်မော်တယ်တစ်ဝက် ဟု ခေါ်ကြသည်။
ထို့နောက် ခန္ဓာကိုယ်ကို တဖြည်းဖြည်း သန့်စင်လိုက်ပါက နောက်ဆုံးတွင် လူသားအဆင့်ကို ကျော်လွန်၍ အစစ်အမှန် အင်မော်တယ် ဖြစ်လာမည် ဖြစ်သည်။
ထန်ထျန်းက သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်ရင်း အဝေး ကို လှမ်းကြည့်လိုက်သည်။
ဤနေ့ရက်မှာ နောက်ဆုံးတွင် ရောက်ရှိလာတော့မည် ဖြစ်ပေသည်။