စိတ်လှုပ်ရှားနေသော ကြောင်ကလေး
Vol. 16 Ch. 179
ဤနေရာက ထင်ပေါ်ကျော်ကြားမှုမရှိသော သာမန်လူနေအိမ်လေးတစ်လုံးဖြစ်ပြီး အပြင်ဘက်လမ်းမပေါ်တွင် အလွန်တိတ်ဆိတ်နေသည်။
ရုတ်တရက် "ကျွီ" ဟူသော အသံနှင့်အတူ သစ်သားတံခါးမှာ အတွင်းမှ ပွင့်လာပြီး ကျောက်စိမ်းကဲ့သို့ ချောမောပြေပြစ်သော လူငယ်တစ်ဦး ထွက်လာသည်။
သူကား ဝမ်ကန်းပင် ဖြစ်၏။
သူ၏နောက်တွင်မူ ဆံပင်နှင့် မုတ်ဆိတ်ဖြူဖွေးနေသော အဖိုးအိုတစ်ဦး ပါလာသည်။
ထိုသူမှာ တန်းယွမ် ကုန်သွယ်ရေးအသင်းမှ ကောင်းကင် အင်မော်တယ် အဆင့် ကျင့်ကြံသူ ဖြစ်သည်။
သူတို့နှစ်ဦးက ရှေ့နောက် လျှောက် လျက် တိတ်ဆိတ်သော ကျေးရွာလေး၏ အပြင်ဘက်သို့ လျှောက်လှမ်းသွားကြသည်။
ခဏအကြာတွင် အဖိုးအိုက စကားစလာသည်။
"အသင်းခေါင်းဆောင် ..."
"ကျွန်တော်တို့ လုပ်ဆောင်ချက်တွေက နည်းနည်းများ စောလွန်းနေမလား"
ဝမ်ကန်းက သူ့ကို တစ်ချက်ကြည့်ပြီး "ဘာကို ဆိုလိုတာလဲ"
အဖိုးအိုက မျက်မှောင်ကြုတ်ကာ "ဒါက ရှန့်ထန်း တာအိုကျောက်စိမ်း ရှစ်သောင်းတောင်လေ။ အဲဒါကို ဒီအတိုင်း အပြင်ထုတ်သုံးပြီး တခြားကုန်သွယ်ရေးအသင်းတွေရဲ့ ရှယ်ယာအနည်းငယ်ကိုပဲ ဝယ်လိုက်တာ။
ဒီလောက်များပြားတဲ့ ရန်ပုံငွေရှိရင် သူတို့ရဲ့ အပြင်လုပ်ငန်းအချို့ကို အရင်ဆုံး သိမ်းပိုက်ပြီးမှ တဖြည်းဖြည်းချင်း အဆင့်ဆင့် လုပ်သွားသင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။ အဲဒါက ပိုပြီး ထိရောက်သလို ကုန်ကျစရိတ်လည်း ပိုသက်သာမှာပါ။
အခုလို ရှယ်ယာအနည်းငယ် ရရုံနဲ့တော့ တကယ်တမ်း အကျိုးသက်ရောက်မှု သိပ်မရှိဘူး ထင်မိလို့ပါ"
ဝမ်ကန်းက ခဏမျှ ရပ်သွားပြီးနောက် အေးဆေးစွာ ပြော သည်။ "ခင်ဗျား ဆိုလိုတာကို ကျွန်တော် နားလည်ပါတယ်
ဒါပေမဲ့ ဒါက သခင်လေးရဲ့ အစီအစဉ်ပဲ"
အဖိုးအိုက ပို၍ မျက်မှောင်ကြုတ်သွားပြီး "သခင်လေးရဲ့ အကြံဉာဏ်မှန်း ကျွန်တော် သိပါတယ်။ ဒါပေမဲ့..."
"သခင်လေးကို စော်ကားလိုစိတ် မရှိပါဘူး။ ဒါပေမဲ့ သူက စီးပွားရေးလုပ်ငန်းတွေ လက်တွေ့မှာ ဘယ်လိုလည်ပတ်လဲဆိုတာ တကယ်ပဲ နားမလည်တာ ဖြစ်နိုင်ပါတယ်။
ဒီလိုဆိုရင် ကျွန်တော်တို့က သင့်တော်တဲ့အချိန်မှာ သူ့ကို ရှင်းပြပြီး သူ့ရဲ့ အတွေး အချို့ကို ပြောင်းလဲအောင် ကြိုးစားသင့်တယ် မဟုတ်လား
ကုန်သွယ်ရေးအသင်းရဲ့ ခြေလှမ်းတွေက အရမ်း မြန်ဆန်လွန်းနေတော့ အခြေခံကို ထိခိုက်မယ့် တခြားပြဿနာတွေ ပေါ်လာမှာကို ကျွန်တော် စိုးရိမ်မိတယ်"
ထိုစကားကို ကြားသောအခါ ဝမ်ကန်းက ရုတ်တရက် ခြေလှမ်းရပ်ကာ လှည့်ကြည့်လိုက်သည်။
"လူအိုကြီး ဟွမ်..."
"ခင်ဗျား သိထားသင့်တာက သခင်လေးထန်သာ မရှိရင် ကျွန်တော်တို့ ကုန်သွယ်ရေးအသင်းဟာ ပြိုကွဲသွားတာ ကြာလှပြီဆိုတာပဲ"
သူက လူအိုကြီး ဟွမ်၏ မျက်လုံးများကို စိုက်ကြည့်လျက် ပြောလိုက်သည်။
စီနီယာဟွမ် ခဏမျှ မှင်တက်သွားပြီးမှ "အဲဒါကိုတော့ ကျွန်တော် သေချာပေါက် နားလည်ပါတယ်"
"ဒါပေမဲ့ အဲဒီလိုမျိုး ကျေးဇူးရှိလို့ပဲ ကျွန်တော်တို့က ပိုကောင်းအောင် လုပ်ဆောင်ပြီး ကုန်သွယ်ရေးအသင်းကို ပိုမို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးသင့်တာ မဟုတ်လား
အမြန်ဆုံး အကျိုးအမြတ် ထွက်လာမှလည်း သခင်လေးထန်ကို ပြန်ပြီး ရှင်းပြလို့ ကောင်းမှာပေါ့"
လူအိုကြီး ဟွမ်၏ တည်ကြည်သော ပုံစံကို ကြည့်ပြီး ဝမ်ကန်းက သက်ပြင်းအသာချကာ အေးဆေးစွာ ပြော သည်။ "လူအိုကြီး ဟွမ်... ခင်ဗျားတို့ တစ်ခုကိုတော့ သေချာ သဘောမပေါက်သေးဘူး
အခု ကုန်သွယ်ရေးအသင်းဟာ သခင်လေးထန် တစ်ယောက်တည်းရဲ့ ပိုင်ဆိုင်မှု၊ သူ့ရဲ့ ကိုယ်ပိုင်ပစ္စည်း ဖြစ်သွားပြီ
ဒါကြောင့် သူ ဘယ်လို အကြံဉာဏ်ပဲ ပေးပေး၊ ကျွန်တော်တို့က သူ့အလိုအတိုင်း လိုက်နာရမယ်။ နားလည်လား"
လူအိုကြီး ဟွမ်က မျက်မှောင်ကြုတ်ဆဲပင်။ "သခင်လေးရဲ့ ဆုံးဖြတ်ချက် မှားနေရင်တောင် ကျွန်တော်တို့က ဘာမှမပြောဘဲ ဒီအတိုင်း လိုက်လုပ်ရမှာလား"
ဝမ်ကန်းက ခေါင်းခါယမ်းကာ "ဒါတော့ မဟုတ်ဘူးပေါ့
ဆုံးဖြတ်ချက်တိုင်းရဲ့ အားသာချက်၊ အားနည်းချက်တွေကို သခင်လေး နားလည်အောင် ရှင်းပြဖို့က ကျွန်တော်တို့ရဲ့ တာဝန်ပဲ
ဒါပေမဲ့... လူအိုကြီး ဟွမ်၊ အခု ကျွန်တော် ပြောမယ့်စကားကို ခင်ဗျား သေသေချာချာ မှတ်ထားပါ"
စီနီယာဟွမ်က ချက်ချင်းပင် တည်ငြိမ်သွားပြီး အာရုံစိုက် နားထောင်လိုက်သည်။
ဝမ်ကန်းက စကားလုံးကို သေချာ ရွေးချယ်ပြီး ပြော သည်။ "သခင်လေးထန်ဆိုတာ သာမန်လူတွေနဲ့ မတူတဲ့သူပဲ
သူရဲ့ အတွေးအခေါ်တွေက လည်း အရင်က မရှိဖူးသလို နောက်မှာလည်း ရှိလာမှာ မဟုတ်ဘူး
ပြောရရင် သူက ကျွန်တော်တို့ သာမန်လူတွေရဲ့ နားလည်နိုင်စွမ်း နယ်ပယ်ကို ကျော်လွန်နေပြီ
ဒါကြောင့် သာမန်လူတစ်ယောက်ကို ကြည့်တဲ့ အမြင်နဲ့ သခင်လေးရဲ့ ရည်ရွယ်ချက်ကို ခန့်မှန်းလို့ မရဘူး
ကုန်သွယ်ရေးအသင်း ချဲ့ထွင်တဲ့ အကျိုးအပြစ်တွေကို ကျွန်တော် သခင်လေးကို ရှင်းပြပြီးသားပါ။ အခု ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်တွေက သူ သေချာ စဉ်းစားပြီးမှ ဆုံးဖြတ်ခဲ့တာပဲ
သခင်လေး ဘာကြောင့် ဒီလို လုပ်ရတာလဲ ဆိုတာကိုတော့...
လူအိုကြီး ဟွမ်၊ ခင်ဗျား ကျွန်တော့်ထက် ပိုသိမှာပါ။ တချို့ကိစ္စတွေက လျှောက်ပြီး ခန့်မှန်းလို့ မရဘူးဆိုတာကိုလေ"
လူအိုကြီး ဟွမ်၏ မျက်လုံးများ ချက်ချင်းပင် ဝင်းခနဲ ဖြစ်သွားသည်။
အမှန်ပင်၊ အထက်လူကြီး၏ ဆုံးဖြတ်ချက်ကို အဘယ်ကြောင့် လျှောက်ပြီး ခန့်မှန်းရမည်နည်း၊ ပို၍ပင် ဝင်ရောက် စွက်ဖက်၍ မရပေ။
သေချာ စဉ်းစားကြည့်လျှင် သူသည် ယခင်က ဆုံးဖြတ်ချက်ချသူ အဆင့်အတန်းမှ လုံးဝ မရုန်းထွက်နိုင်သေးဘဲ ဖြစ်နေခဲ့ခြင်းပင်။
သို့သော် ယခုအခါ ကုန်သွယ်ရေးအသင်း တစ်ခုလုံးက ထန်ထျန်း၏ ကိုယ်ပိုင်ပစ္စည်း ဖြစ်နေပြီ မဟုတ်ပါလား။
လူအိုကြီး ဟွမ်၏ တုံ့ပြန်မှုကို ကြည့်ပြီး သူ သဘောပေါက်သွားပြီဖြစ်ကြောင်း ဝမ်ကန်း သိလိုက်သည်။
အမှန်တကယ်တော့ လူအိုကြီး ဟွမ်ကဲ့သို့သော အခြေအနေမျိုးမှာ ကုန်သွယ်ရေးအသင်းအတွင်း အလွန် အဖြစ်များသည်။ အဘယ်ကြောင့်ဆိုသော် ထန်ထျန်းက လူလုံးထွက်ပြလေ့ မရှိသဖြင့် ကုန်သွယ်ရေးအသင်းတစ်ခုလုံးကို သူတို့အုပ်စုကသာ ဆုံးဖြတ်ချက် ချနေသယောင် ထင်ရသောကြောင့် ဖြစ်သည်။
ဝမ်ကန်းက ဤအခြေအနေကို ဆက်ပြီး အဖြစ်မခံနိုင်ပေ။
သို့မဟုတ်ပါက ထန်ထျန်း တစ်နေ့ စိတ်မရှည်ဖြစ်လာလျှင် ကုန်သွယ်ရေးအသင်းက ပြန်လည် ကုစား၍မရနိုင်သော ပျက်စီးခြင်းနှင့် ကြုံရပေလိမ့်မည်။
ယနေ့ လူအိုကြီး ဟွမ်ကို သတိပေးလိုက်ခြင်းမှာ အတွင်းပိုင်းကို ပြုပြင်ပြောင်းလဲခြင်း၏ အစပျိုးမှုပင် ဖြစ်သည်။
"လူအိုကြီး ဟွမ်... ခင်ဗျား တစ်သက်လုံး ကုန်သွယ်ရေးအသင်းမှာ နေလာတာဆိုတော့ ခင်ဗျားရဲ့ ခံစားချကိ ကို ကျွန်တော် သိပါတယ်။
ဒါကြောင့်လည်း ကျွန်တော်တို့က ပိုပြီး သတိထားရမယ် ဒါမှ ကုန်သွယ်ရေးအသင်း ဆက်လက် ရှင်သန်နိုင်မှာ။
ခင်ဗျားက စေတနာနဲ့ ပြောတာဆိုတာကိုလည်း ကျွန်တော် သိပါတယ်
ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အသင်းခေါင်းဆောင် အသစ်ကို အထင်မသေးနဲ့။ သူ့ရဲ့ အရည်အချင်းနဲ့ သူ့ရဲ့ ကြွယ်ဝမှုဟာ ကျွန်တော်တို့ ထင်ထားတာထက် များစွာ ပိုပြီး သန်မာပါတယ်။
ဒါကြောင့် အခု ကျွန်တော်တို့ လုပ်ဆောင်ချက်တွေကြောင့် ပြဿနာပေါ်လာမှာကို မစိုးရိမ်နဲ့
ခင်ဗျားကို ကျွန်တော် အမှန်အတိုင်း ပြောပြမယ်၊ ရှန့်ထန်းတာအိုကျောက်စိမ်း ရှစ်သောင်းဆိုတာ အစပြုရုံပဲ ရှိသေးတာ"
လူအိုကြီး ဟွမ်မှာ မှင်တက်သွားပြီး မျက်လုံးပြူးကာ မေးလိုက်သည်။ "ကျောက်စိမ်း ရှစ်သောင်းက အစပြုရုံပဲ ဟုတ်လား"
ဝမ်ကန်းက ပြုံး၍ ခေါင်းညိတ်သည်။ "ကျွန်တော့်လက်ထဲမှာ သုံးလို့ရတဲ့ ရှန့်ထန်း တာအိုကျောက်စိမ်း သောင်းဂဏန်းလောက် ကျန်သေးတယ်။ အဲဒါတွေ အားလုံးက သခင်လေး ပေးထားတာပဲ
ပြီးတော့ သူ ပြောဖူးတယ်...
ရန်ပုံငွေ ပြဿနာက ပြဿနာ မဟုတ်ဘူး တဲ့"
လူအိုကြီး ဟွမ်မှာ ပါးစပ်အဟောင်းသားနှင့် ဘာစကားမှ မပြောနိုင်တော့ပေ။
သူ ကုန်သွယ်ရေးအသင်းမှာ တစ်သက်လုံး နေလာသူဖြစ်သဖြင့် "ရန်ပုံငွေက ပြဿနာ မဟုတ်ဘူး" ဆိုသည့် စကားလုံးနောက်ကွယ်တွင် မည်မျှ ကြောက်စရာကောင်းသော အင်အားများ ရှိနေသည်ကို အသိဆုံး ဖြစ်သည်။
ဝမ်ကန်းက တစ်ချက် ပြုံးလိုက်ပြန်ပြီး လမ်းဆက်လျှောက်သွားသည်။
"ဒါကြောင့် ကျွန်တော်တို့တွေ အများကြီး မတွေးဘဲ အလုပ်ကိုပဲ သေသေချာချာ လုပ်ကြရအောင်
အစွမ်းကုန် ချဲ့ထွင်ဖို့က ကျွန်တော်တို့ ဆက်လုပ်ရမယ့် တာဝန်ပဲ
နောက်ပြီးတော့..."
"နောက်ပိုင်း တန်းယွမ် ကုန်သွယ်ရေးအသင်း ဆိုတဲ့ နာမည်ကို မသုံးနဲ့တော့
ကျွန်တော်တို့ရဲ့ နာမည်က အခု ထျန်းရှထုန် ပဲ"
လူအိုကြီး ဟွမ်က ဝမ်ကန်း၏ ကျောပြင်ကို ကြည့်ရင်း အသက်ပြင်းပြင်း ရှူလိုက်သည်။
နောက်ဆုံးတွင် သူက ကိုယ့်ဘာသာ ခေါင်းညိတ်လိုက်ပြီး ခိုင်မာသော ခြေလှမ်းများဖြင့် နောက်က လိုက်သွားတော့သည်။
.....
ဧကရာဇ်မြို့၊ ပြိုင်ပွဲကျင်းပရာ နေရာ
ထန်ထျန်းက စနစ်အတွင်း၌ ရုတ်တရက် တိုးလာသော ရှန့်ထန်း တာအိုကျောက်စိမ်း တစ်သိန်းခြောက်သောင်းကို ကြည့်ရင်း ဝမ်ကန်းဘက်တွင် စတင် လှုပ်ရှားနေပြီ ဖြစ်ကြောင်း သိလိုက်ရသည်။
ချင်းယွဲ့ဂိုဏ်းက မထွက်ခွာခင်မှာပင် သူက သူ့ကိုယ်ပေါ်ရှိ ရှန့်ထန်းတာအိုကျောက်စိမ်း တစ်သိန်းကျော်လုံးကို ဝမ်ကန်းအား ပေးအပ်ခဲ့ပြီး နောက်ထပ် ချဲ့ထွင်မှုများ ပြုလုပ်ရန် မှာကြားခဲ့သည်။ ကုန်သွယ်ရေးအသင်း ဖွံ့ဖြိုးဖို့ဆိုလျှင် ငွေလိုသည် မဟုတ်ပါလား။
သူ အပြင်ရောက်နေသည်ဆိုကာ ဖွံ့ဖြိုးမှုကို ရပ်တန့်ထား၍ မဖြစ်ပေ။
"ရှန့်ထန်းတာအိုကျောက်စိမ်း ရှစ်သောင်းတောင် ဒီလောက်မြန်မြန် သုံးလိုက်တာလား၊ ကျန်တာကော လောက်ပါ့မလား..."
ထန်ထျန်းက မေးစေ့ကို ပွတ်ရင်း တာအိုကျောက်စိမ်းအချို့ ထပ်ပို့ပေးရမလားဟု တွေးနေမိသည်။
ကုန်သွယ်ရေးအသင်း မြန်မြန် ချဲ့ထွင်နိုင်လေလေ၊ သူ သုံးစွဲမှုအမှတ်များ ပိုရလေလေ ဖြစ်သဖြင့် အမှန်တကယ် လိုအပ်လှပေသည်။
ခဏမျှ စဉ်းစားပြီးနောက် ခေတ္တ စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ဤနေရာမှ ဝမ်ကန်းတို့ဆီသို့ အလွန် ဝေးကွာလှပေရာ သာမန် အင်မော်တယ် တစ်ဦးအနေဖြင့်ပင် တစ်ခေါက် ပြန်သွားရန် တစ်လခန့် အချိန်ယူရမည် ဖြစ်သည်။
ထိုအချိန်ရောက်လျှင် သူက တည်နေရာကူးပြောင်း အစီအရင်ကို ဖြတ် နေရလောက်ပြီ ဖြစ်သည်။
ရွှေ အင်မော်တယ် အထက် တစ်ဦးဦး၏ အကူအညီ ရမှသာ အဆင်ပြေပေလိမ့်မည်။
အခြေအနေအတိုင်းသာ လွှတ်ထားလိုက်တော့မည်။
မည်သို့ပင်ဖြစ်စေ သူ၏ သုံးစွဲမှုအမှတ်မှာ ၁၀ ထရီလီယံ ကျော်သွားခဲ့ပြီ ဖြစ်သဖြင့် တာအိုအဆင့် ပါရမီ သို့မဟုတ် တာအိုအဆင့် ခန္ဓာ တစ်ခုနှင့် လဲလှယ်ရန် လုံလောက်နေပြီ ဖြစ်သည်။
ဤသည်ကို တွေးမိသောအခါ ထန်ထျန်းက ချက်ချင်း ထကာ ချိုင့်ဝှမ်းမှ ထွက်၍ သူ နေထိုင်ရာ အိမ်သို့ ပြန်လာခဲ့သည်။
အပြင်ဘက်တွင် အစီအရင်များ ချထားပြီးနောက် ထန်ထျန်းက ချက်ချင်း လဲလှယ်ရန် ပြင်လိုက်သည်။
သို့သော် ထိုအချိန်တွင် ကြောင်ကလေး၏ ပုံရိပ်မှာ ဟင်းလင်းပြင်ထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။
ဤကောင်က ကမ္ဘာဦးဝိညာဉ် ဖြစ်သဖြင့် နိယာမအဆင့်အောက်ရှိ အစီအရင်များကို ဂရုစိုက်စရာ မလိုပေ။
"ဟေး... လူအိုကြီးထန်"
ကြောင်ကလေးမှာ သိသိသာသာ စိတ်လှုပ်ရှားနေပုံရသည်။ ထွက်လာသည်နှင့် ထန်ထျန်းရှေ့သို့ ပြေးလာကာ လက်မောင်းကို ဆွဲ၍ အပြင်သို့ ခေါ်ထုတ်တော့သည်။
"မြန်မြန်... မြန်မြန်လာ"
"ငါ နေရာကောင်းတစ်ခု ရှာတွေ့ထားတယ်၊ တကယ်ကို လန်းတဲ့နေရာကွ "
"ဘုရားရေ... ငါ အဲဒါကို မြင်လိုက်တဲ့အချိန်မှာ ခြေထောက်တွေတောင် မရွေ့ချင်တော့ဘူး၊ အဲဒါကို ရင်ခွင်ထဲ ဆွဲပိုက်ထားချင်တာ
အဲဒီမြင်ကွင်းကို တွေးကြည့်ရုံနဲ့တင် ငါ့မှာ မနေနိုင်တော့ဘူး၊ မြန်မြန် ငါ့နောက် လိုက်ခဲ့"
သူက ထန်ထျန်းကို အားကုန် ဆွဲနေတော့သည်။
ထန်ထျန်းမှာ အလွန် ထူးဆန်းနေမိသည်။ အလွန်အမင်း စိတ်လှုပ်ရှားနေသော ကြောင်ကလေးကို ကြည့်လိုက်သောအခါ ဒီကောင်မှာ တစ်ကိုယ်လုံး ပူလောင်နေသကဲ့သို့ ဖြစ်နေပြီး အရေပြားပေါ်တွင်ပင် ပန်းရောင်သမ်းနေသည်ကို တွေ့ရသည်။ ဤသည်မှာ သိသိသာသာ စိတ်လှုပ်ရှားလွန်းနေသည့် လက္ခဏာပင်။
ဒီကောင်... ဘာတွေကိုများ မြင်ခဲ့လို့ပါလိမ့်။