ပြတ်သားသော လုပ်ရပ်
Vol. 16 Ch. 182
"ချန်တာအိုခန်းမ" အတွင်းရှိ လူဦးရေမှာ အလွန်ကျဲပါးလှသည်။ လူအချို့ ဝင်လာတတ်သော်လည်း ထိုလက်နက်ဟောင်းများ၏ ဈေးနှုန်းကို မြင်သည်နှင့် ခေါင်းခါယမ်းကာ လှည့်ထွက်သွားကြသည်သာ များသည်။
အမှန်ပင်၊ ဤလက်နက်ဟောင်းများ၏ ဈေးနှုန်းမှာ အလွန်ပင် မြင့် လွန်းလှသည်။
၎င်းတို့သည် တစ်ချိန်က သာမန်အရာများ မဟုတ်ခဲ့ဘဲ အနည်းဆုံးတော့ အဆင့်အတန်းမြင့်မားသည့် အင်မော်တယ်လက်နက်များ ဖြစ်ခဲ့ကြသော်လည်း ယခုအခါတွင်မူ အလွန်အမင်း ပျက်စီးနေချေပြီ။
အသုံးပြုရန် တန်ဖိုး လုံးဝမရှိတော့ဘဲ လေ့လာရန် တန်ဖိုးသာ ကျန်ရှိတော့သည်။
ထိုတန်ဖိုးကိုလည်း သာမန်ကျင့်ကြံသူများက ပထမဦးစားပေးအဖြစ် ထည့်သွင်းစဉ်းစားလေ့ မရှိကြပေ။
ထန်ထျန်း ထိုနေရာတွင် ခေတ္တမျှ ရပ်ကြည့်နေသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ အရောင်းအဝယ် လုပ်သည်ကို မတွေ့ရသလို ဈေးနှုန်းမေးမြန်းနေသူပင် မရှိချေ။
ခန်းမအတွင်းရှိ ဆိုင်ဝန်ထမ်းမှာလည်း ကောင်တာနောက်တွင် ခေါင်းငိုက်စိုက်ချကာ ထိုင်နေပြီး ဤကဲ့သို့သော အခြေအနေမျိုးကို ကျင့်သားရနေပုံပေါ်သည်။
ထန်ထျန်း ခဏမျှ စဉ်းစားပြီးနောက် စကားစလိုက်သည်။ "ဝန်ထမ်း ..."
"ဒီမှာရှိတဲ့ ပစ္စည်းတွေကို ရောင်းတာလား"
ကောင်တာတွင် ထိုင်နေသော ဆိုင်ဝန်ထမ်းမှာ ခေါင်းမော့လာပြီး ထန်ထျန်းကို ကြောင်တောင်တောင် ကြည့်နေသည်။
ထို့နောက် သူက ရုတ်တရက် သတိဝင်လာပုံရကာ ချက်ချင်း ထရပ်လိုက်ပြီး "ရောင်းပါတယ်... သေချာပေါက် ရောင်းတာပေါ့"
ပြောပြောဆိုဆိုနှင့် ဝန်ထမ်းမှာ ကောင်တာအတွင်းမှ ခုန်ထွက်လာရာ အလွန်အမင်း အလောတကြီး ဖြစ်သွားသဖြင့် တစ်ခုခုနှင့် တိုက်မိကာ လဲကျလုနီးပါး ဖြစ်သွားသည်။
ကြည့်ရသည်မှာ သူတို့ ဈေးမရောင်းရသည်မှာ အတော်ကြာပြီ ဖြစ်ပုံရ၏။ သို့မဟုတ်ပါက ဤမျှအထိ စိတ်လှုပ်ရှားနေမည် မဟုတ်ပေ။
"ဧည့်သည်တော်... ဘယ်အရာကို မျက်စိကျလို့လဲခင်ဗျာ"
ဝန်ထမ်းက ထန်ထျန်း၏ ရှေ့သို့ ရောက်လာသည်။ သူက "လူငယ်ကျင့်ကြံသူ" ပုံစံဖြစ်ပြီး လက်နှစ်ဖက်ကို ပွတ်သပ်ကာ ပြုံးရွှင်စွာ မေးနေသည်။
ထန်ထျန်းက ဘေးနားရှိ မှန်ကောင်တာကြီးကို ညွှန်ပြကာ "ဒီပစ္စည်းက ဘယ်လောက်လဲ"
ဝန်ထမ်းက ခေါင်းပြူကြည့်ကာ ထန်ထျန်း ညွှန်ပြသည့်နေရာရှိ ပျက်စီးနေသော "အင်မော်တယ်ဘုရင်" လက်နက်တစ်ခုပေါ်သို့ အကြည့်ရောက်သွားသည်။
ထို့နောက် သူ၏မျက်နှာတွင် ခက်ခဲသော အရိပ်အယောင်များ ပေါ်လာကာ "ဧည့်သည်တော်... ကျွန်တော်တို့ဆီမှာ သတ်မှတ်ထားတဲ့ ဈေးနှုန်းက အသေပါပဲ
ဒါက ချန်တာအိုခန်းမရဲ့ စည်းကမ်းမို့လို့ ကျွန်တော်လည်း ပြောင်းလဲလို့ မရပါဘူး
ဒါကြောင့်... သူ့ရဲ့ဈေးနှုန်းက ဒီအတိုင်းပါပဲ"
ထန်ထျန်း အနည်းငယ် မှင်တက်သွားပြီး ဝန်ထမ်းမှာ သူ၏ဆိုလိုရင်းကို နားလည်မှု လွဲနေကြောင်း ချက်ချင်း သိလိုက်သည်။
သူ ညွှန်ပြလိုက်သည်မှာ ထိုလက်နက်တစ်ခုတည်းကို မဟုတ်ပေ။
သို့သော် ဝန်ထမ်း၏ စကားကို နားထောင်ခြင်းဖြင့် အခြားဆိုင်များတွင် စည်ကားနေချိန်၌ ဤဆိုင်တွင် လူသူကင်းမဲ့နေရသည့် အကြောင်းရင်းကို သူ နားလည်သွားသည်။
ဈေးပင် ဆစ်ခွင့်မရှိဘဲ ဤကဲ့သို့ မည်သူက စီးပွားရေး လုပ်ပါမည်နည်း။
"မင်း နားလည်မှု လွဲနေပြီ"
ထန်ထျန်းက အေးဆေးစွာ ပြောလိုက်သည်။ "ဈေးနှုန်းကို ငါ မြင်ရသလို လက်လည်း လက်ခံနိုင်ပါတယ်
ငါ မေးချင်တာက ဒီမှန်ကောင်တာ တစ်ခုလုံးမှာရှိတဲ့ ပစ္စည်းတွေ အားလုံးပေါင်းရင် ဘယ်လောက်ကျမလဲ ဆိုတာပဲ"
ဝန်ထမ်းမှာ ခဏချင်းပင် မှင်တက်သွားပြီး ထန်ထျန်းကို မျက်လုံးပြူးကာ ကြည့်နေသည်။ သူ့နားကိုပင် သူ မယုံနိုင်အောင် ဖြစ်နေပုံရသည်။
ဤမှန်ကောင်တာအတွင်း၌ ပစ္စည်းပေါင်း ရာနှင့်ချီ၍ ရှိနေသည် မဟုတ်ပါလား။ အကုန်ယူမည်ဟု ဆိုလိုခြင်းလော။
မင်း တကယ်ပဲ အကုန် ဝယ်နိုင်လို့လား။
"ဟို... ဧည့်သည်တော်၊ နောက်နေတာ မဟုတ်ဘူးမလား"
ဝန်ထမ်းက တံတွေးတစ်ချက် မျိုချကာ ခက်ခဲစွာ မေးလိုက်သည်။
ထန်ထျန်းက ပြုံးပြီး "ငါက ဒါမျိုးနဲ့ နောက်တတ်တဲ့သူ မဟုတ်ဘူး
အဆင်ပြေမယ်ဆိုရင် ဒီထဲမှာရှိတဲ့ ပစ္စည်းအားလုံးကို ငါ တစ်ခါတည်း အကုန်ယူချင်တာ"
သူက ပစ္စည်းများကို တစ်ခုချင်း ရွေးမနေချင်တော့သဖြင့် ဆိုင်ရှိသမျှ ပစ္စည်းအားလုံးကို ဝယ်ယူရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
သို့သော် ဤစကားကြောင့် ဝန်ထမ်းမှာ မျက်လုံးများ ပြူးထွက်မတတ် ဖြစ်သွားရသည်။
"ဒါက..."
သူ ဘာပြန်ပြောရမှန်း မသိတော့ချေ။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော ကိစ္စမျိုး တစ်ခါမှ မဖြစ်ဖူးသောကြောင့်ပင်။
ချန်တာအိုခန်းမ ဖွင့်လှစ်ကတည်းက တစ်ရက်လျှင် ပစ္စည်း သုံးငါးခု ရောင်းရလျှင်ပင် အလွန်ကောင်းသည့် အခြေအနေဟု သတ်မှတ်ရသည်။
အကုန်ယူမည် ဟုလား။
သူ အိမ်မက်ပင် မမက်ဖူးချေ။
ဝန်ထမ်းမှာ ခေါင်းထဲတွင် မူးနောက်သွားပြီး ဤစကားကို မည်သို့ ဆက်ပြောရမည်ကိုပင် မသိတော့ပေ။
ထန်ထျန်းကမူ သူ့ပုံစံကို ကြည့်ပြီး စိတ်ထဲမှ ဝေဖန်နေမိသည်။
ဤသည်မှာ ထျန်းဖူနန်းတော် ရှိ ဆိုင်တစ်ဆိုင် ဟုတ်ပါရဲ့လား။
သိပ်လည်း မဟုတ်သေးပါဘူး။
ရှန့်ထန်း တာအိုကျောက်စိမ်း သောင်းဂဏန်းလောက်ကိုပဲ ဤမျှအထိ လန့်သွားရသည်မှာ သူ မျှော်လင့်ထားသည့် ထျန်းဖူနန်းတော် ၏ ပုံစံနှင့် လုံးဝ မကိုက်ညီပေ။
ဝန်ထမ်းထံမှ တုံ့ပြန်မှု မရသဖြင့် ထန်ထျန်းက ချောင်းတစ်ချက်ဟန့်ကာ "ဘာပြဿနာ ရှိလို့လဲ"
ထိုအခါမှ ဝန်ထမ်း သတိပြန်ဝင်လာကာ အလောတကြီး ပြောတော့သည်။
"သြော် ... မဟုတ်ပါဘူး၊ မဟုတ်ပါဘူး
ကျွန်တော်က... ဧည့်သည်တော်ရဲ့ ဝယ်ယူ မှုကို မထင်ထားလို့ပါ
ဒီလောက်များတဲ့ ပစ္စည်းတွေကိုတော့ ကျွန်တော် ကိုယ်တိုင် ဆုံးဖြတ်လို့ မရပါဘူး
ခဏလောက် စောင့်ပေးပါလား၊ ကျွန်တော်တို့ရဲ့ မန်နေဂျာကို သွားခေါ်ပေးပါ့မယ်"
ထန်ထျန်း ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် ဝန်ထမ်းမှာ ထန်ထျန်းနှင့် ကြောင်ကလေးအတွက် ထိုင်ခုံနှင့် စားပွဲများကို ကမောက်ကမ ပြင်ဆင်ပေးပြီးနောက် ကောင်တာအတွင်းသို့ ခုန်ဝင်ကာ ပျောက်ကွယ်သွားသည်။
မကြာမီ အလင်းတစ်ချက် ဖျတ်ခနဲ လက်သွားပြီး ကောင်တာနောက်တွင် လူနှစ်ဦး ပေါ်လာသည်။
တစ်ဦးမှာ စောစောက ဝန်ထမ်းဖြစ်ပြီး နောက်တစ်ဦးမှာမူ ထန်ထျန်းနှင့် တစ်ပုံစံတည်းတူသော "လူငယ်ကျင့်ကြံသူ" တစ်ဦးပင်။
ဤနေရာတွင် အားလုံးကောင်းသော်လည်း ပုံရိပ်သတ်မှတ်ချက် အလွန်နည်းနေသည်မှာ စိတ်ပျက်စရာပင်။ အနည်းဆုံးတော့ မျက်နှာပြင်ဆင်မှု သို့မဟုတ် ဝတ်စုံ အသစ်တွေ ရှိသင့်သည်ဟု ထန်ထျန်း တွေးနေမိသည်။
အတွေးမျိုးစုံ ဝင်နေစဉ် ထိုလူငယ်မှာ ထန်ထျန်း၏ ရှေ့သို့ ရောက်လာသည်။
"မင်္ဂလာပါ၊ ကျွန်တော်က ချန်တာအိုခန်းမရဲ့ မန်နေဂျာ စွေ့ရှစ်ရင် ပါ
ဧည့်သည်တော်က ကျွန်တော်တို့ ဆိုင်ထဲမှာရှိတဲ့ ပစ္စည်းဟောင်းတွေ အားလုံးကို ယူချင်တယ်လို့ ကြားရပါတယ်၊ ဟုတ်ပါသလား"
မန်နေဂျာက ရောက်လာသည်နှင့် သူ၏အမည်ကို တန်း မိတ်ဆက်သည်။
ထျန်းဖူနန်းတော် အတွင်း၌ ချန်တာအိုခန်းမနှင့် သူ၏ အထောက်အထားမှာ လျှို့ဝှက်ချက် မဟုတ်လောက်ပေ။
"ဟုတ်ပါတယ်၊ ဈေးတွက်ပေးပါ "
ထန်ထျန်းက တိုက်ရိုက်ပင် ပြောလိုက်သည်။
စွေ့ရှစ်ရင်က ခဏရပ်ကာ ပြုံးလျက် "ဒါဆိုရင် အဲဒီပစ္စည်းတွေအကြောင်း ကျွန်တော် ရှင်းပြပေးရမလား
ဒီထဲမှာ အင်မော်တယ် အရှင် အဆင့် လက်နက်ဟောင်း အချို့လည်း ပါပါတယ်။ သူတို့ရဲ့ နောက်ခံက မသေးလှဘူး၊ ဧည့်သည်တော် နောက်ပိုင်းမှာ တာအိုကို လေ့လာတဲ့အခါ အထောက်အကူ ဖြစ်နိုင်ပါတယ်"
စွေ့ရှစ်ရင်၏ ပုံစံမှာ စောစောက ဝန်ထမ်းထက် များစွာ သာလွန်လှသည်။ အေးဆေးတည်ငြိမ်သော သူ၏ အမူအရာမှာ လောကအတွေ့အကြုံရှိသူ တစ်ဦးဖြစ်ကြောင်း သိသာလှသည်။
ဤသည်မှာမှ ထျန်းဖူနန်းတော် ၏ ဂုဏ်သိက္ခာနှင့် ကိုက်ညီပေသည်။
သို့သော် သူ၏ အကြံပြုချက်ကို ထန်ထျန်းက တိုက်ရိုက်ပင် ခေါင်းခါယမ်းလိုက်သည်။
"မလိုပါဘူး
ဒီပစ္စည်းတွေကို စိတ်ဝင်စားလို့ အပျော်ဝယ်ကြည့်ချင်ရုံသက်သက်ပါ
ဘယ်လောက်ကျမလဲဆိုတာပဲ ပြောပါ"
စွေ့ရှစ်ရင် မှင်တက်သွားသည်။ရှန့်ထန်း တာအိုကျောက်စိမ်း သောင်းဂဏန်းလောက်ကို အပျော်သုံးနိုင်သူမျိုးမှာ အတွေ့ရ နည်းလှသည်။
သူ၏ မှတ်ဉာဏ်ထဲတွင် ထန်ထျန်း၏ အမူအရာနှင့် တူညီသော ပုဂ္ဂိုလ်တစ်ဦးဦးကို ရှာဖွေကြည့်သော်လည်း မတွေ့ရချေ။
တစ်နေရာရာမှ လျှို့ဝှက်နက်နဲသည့် သူဌေးကြီးတစ်ဦးလား။
"ရပါတယ်"
စွေ့ရှစ်ရင်က ရင်ဘတ်ထဲမှ ကျောက်စိမ်းပြား တစ်ခုကို ထုတ်ကာ ထန်ထျန်းအား ကမ်းပေးလိုက်သည်။
"ချန်တာအိုခန်းမထဲမှာရှိတဲ့ ရတနာအားလုံးရဲ့ အချက်အလက်တွေက ဒီကျောက်စိမ်းပြားထဲမှာ ရှိပါတယ်
ပစ္စည်းတစ်ခုချင်းစီကို တိုက်စစ်ကြည့်လို့ ရပါတယ်
ပစ္စည်းအားလုံးရဲ့ စုစုပေါင်းတန်ဖိုးကတော့ ရှန့်ထန်း တာအိုကျောက်စိမ်း ၂၄၃၇၆ ခု ကျသင့်ပါတယ်"
သူက ဈေးနှုန်းကို ပြောလိုက်သည်။
ထန်ထျန်း ခေါင်းညိတ်လိုက်သည်။ ဈေးနှုန်းမှာ အကြမ်းဖျင်းအားဖြင့် မှန်ကန်လှသည်။
ဤကဲ့သို့သော ဆိုင်မျိုးမှာ အသေးအဖွဲ ကိစ္စများတွင် လိမ်လည်လိမ့်မည် မဟုတ်ပေ။
"ကောင်းပြီ၊ ဝယ်မယ်"
ထန်ထျန်းက ကျောက်စိမ်းပြားကို သိမ်းလိုက်သည်။
စွေ့ရှစ်ရင် : ...
ရှန့်ထန်းတာအို ကျောက်စိမ်း နှစ်သောင်းခွဲနီးပါးဆိုသည်မှာ နည်းပါးသော ပမာဏ မဟုတ်ပေ။
သူက ဤပစ္စည်းများကို အမြတ်အများဆုံး ရနိုင်မည့် နည်းလမ်းပေါင်းစုံကို ကြိုတင် ပြင်ဆင်ထားသော်လည်း တစ်ဖက်လူက ဘာမှမပြောဘဲ တန်းပြီး သဘောတူလိုက်သဖြင့် အားသုံးရန် ပြင်ထားသော်လည်း ဘာမှမရှိသော လေဟာနယ်ကို ထိုးလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
သို့သော် ဤကဲ့သို့သော ခံစားချက်မျိုးကို သူ သဘောကျလှသည်။
"ဧည့်သည်တော် သေချာလား
သေချာတယ်ဆိုရင်တော့ ကျွန်တော်တို့ သဘောတူညီချက် စာချုပ်ချုပ်ကြရအောင်"
ထန်ထျန်းက အလွန်သေချာကြောင်း ပြောလိုက်သည်။
ထို့နောက် ရွှန်ထျန်းကျဲ၏ သက်သေပြုမှုအောက်တွင် ထန်ထျန်းနှင့် စွေ့ရှစ်ရင်တို့က ရိုးရှင်းသော အရောင်းအဝယ် စာချုပ်တစ်ခု ချုပ်ဆိုလိုက်ကြသည်။
ရွှန်ထျန်းကျဲမှ ထွက်သွားပြီးနောက် ကျောက်စိမ်းပြားမှတစ်ဆင့် အပြင်လောကတွင် လက်တွေ့ အရောင်းအဝယ် ပြုလုပ်နိုင်မည် ဖြစ်သည်။
အားလုံးပြီးဆုံးသွားသောအခါ ထန်ထျန်းက စွေ့ရှစ်ရင်ကို ကြည့်ပြီး ထပ် မေးလိုက်သည်။"ဒီလိုမျိုး ပစ္စည်းတွေ...
မင်းတို့ဆီမှာ နောက်ထပ် ရှိသေးလား"