အမြင့်ဆုံးအဆင့် ရောက်ခါနီးပြီ
Vol. 16 Ch. 183
စွေ့ရှစ်ရင် တစ်ကိုယ်လုံး ကြောင်အမ်းအမ်း ဖြစ်နေသည်။
ချန်တာအိုခန်းမ၏ မန်နေဂျာတစ်ဦးအနေဖြင့် သူ အလိုချင်ဆုံးအရာမှာ ဆိုင်အတွင်းရှိ ပစ္စည်းများကို တတ်နိုင်သမျှ များများရောင်းထုတ်ရန်ပင် ဖြစ်သည်။
သို့သော် ဈေးနှုန်းသတ်မှတ်ချက်က မြင့်မားလွန်းပြီး စည်းကမ်းများကလည်း တင်းကျပ်လွန်းသဖြင့် ချန်တာအိုခန်းမ၏ အကျိုးအမြတ်မှာ အစဉ်တစိုက် နိမ့်ပါးနေခဲ့သည်။
သူ မည်မျှပင် ကြိုးစားပါစေ ထိရောက်မှု သိပ်မရှိခဲ့ချေ။
ကြာလာသောအခါ သူကိုယ်တိုင်ပင် လက်လျှော့ပြီး ဖြစ်သလိုသာ နေတော့သည်။
သို့သော် ယနေ့တွင်မူ ရွှန်ထျန်းကျဲအတွင်းရှိ ဝန်ထမ်းက သူ့ကို ရုတ်တရက် လာရှာပြီး ဆိုင်အတွင်းရှိ ပစ္စည်းအားလုံးကို တစ်ခါတည်း အကုန်ယူမည့်သူ ပေါ်လာပြီဟု ပြောလာသည်။
ပထမဆုံး ကြားလိုက်ရစဉ်က ဝန်ထမ်းက သူ့ကို လိမ်ညာနေသည်ဟု စွေ့ရှစ်ရင် ထင်ခဲ့မိသည်။
သို့သော် ပြန်စဉ်းစားကြည့်လျှင် ဝန်ထမ်းသည် အရက်အတု တန်နှင့်ချီ သောက်ထားခြင်း မဟုတ်ပါက သူ၏ အနာဂတ်ကို ဖျက်ဆီးမည့် ဤကဲ့သို့သော ကိစ္စမျိုးကို လုပ်လိမ့်မည် မဟုတ်ပေ။
မယုံတဝက် ယုံတဝက်ဖြင့် စွေ့ရှစ်ရင်က ရွှန်ထျန်းကျဲသို့ ရောက်လာခဲ့သည်။
သို့သော် သူ လုံးဝ မထင်မှတ်ထားသည့်အရာမှာ ဆိုင်အတွင်းရှိ ကုန်ပစ္စည်းအားလုံးကို ဝယ်ယူချင်သူ အမှန်တကယ် ရှိနေခြင်းပင်။
၎င်းပြင် ထိုသူမှာ အလွန်ပြတ်သားလှပြီး ဈေးပင် မဆစ်ဘဲ လမ်းဘေး၌ သကြားလုံး ဝယ်သကဲ့သို့ အေးဆေးစွာ ဝယ်ယူခဲ့သည်။
ဤကဲ့သို့သော ချမ်းသာ သည့် သူဌေးကြီးမျိုးမှာ ထျန်းဖူနန်းတော် အတွင်း၌ပင် အတွေ့ရ နည်းလှပေသည်။
ထို့ထက် ပိုသည်မှာ ဤလူက သူ့ထံတွင် နောက်ထပ် ပစ္စည်းများ ရှိသေးသလားဟုပင် မေးနေခြင်း ဖြစ်သည်။
"အင်း... ရှိတာပေါ့"
စွေ့ရှစ်ရင်က ပြန်ဖြေလိုက်သည်။ "ကျွန်တော်တို့ ချန်တာအိုခန်းမက ပျက်စီးနေတဲ့ အင်မော်တယ်လက်နက်တွေကို အထူးစုဆောင်းတာပါ။ သိုလှောင်ခန်းထဲမှာ အများကြီး ကျန်ပါသေးတယ်။
ဒီမှာ ပြထားတာက အားလုံးရဲ့ နှစ်ဆယ် ပုံ တစ်ပုံတောင် မရှိပါဘူး"
ဤအဖြေကို ကြားလိုက်ရသောအခါ ထန်ထျန်း မျက်ခုံးပင့်သွားသည်။
ထျန်းဖူနန်းတော် ဘက်က သုံးစွဲနိုင်မှု အဆင့်အတန်းက တကယ့်ကို မြင့်မားလှပါပေသည်။
နာမည်မရှိလှသော ချန်တာအိုခန်းမလေးမှာပင် ဤမျှအထိ ပစ္စည်းတွေ အများကြီး ရှိနေသည်လား။
"ဒါဆိုရင် ပစ္စည်းတွေ ထပ်တင်လိုက် လေ"
ထန်ထျန်းက ပြောလိုက်သည်။ "ဒီနေ့ ငါ စိတ်ကြည်နေလို့ ဒီလိုမျိုး ပစ္စည်းတွေကို အများကြီး ဝယ်ချင်နေတာ"
စွေ့ရှစ်ရင် ဆွံ့အသွားသည်။ တစ်စုံတစ်ယောက်က စိတ်ကြည်ရုံနှင့် ရှန့်ထန်းတာအိုကျောက်စိမ်း သောင်းနှင့်ချီ၍ အလွယ်တကူ သုံးစွဲနိုင်သော်လည်း သူ စိတ်အကြည်ဆုံး အချိန်မှာမူ တာအိုကျောက်စိမ်း တစ်ခုကို နှစ်ခြမ်းခွဲကာ သူ အနှစ်သက်ဆုံး နတ်သမီးလေးကို လက်ဆောင်ပေးခဲ့ရခြင်း ဖြစ်သည်။
"ဟမ်... ဧည့်သည်တော်က အရမ်း လောနေတာလား"
စွေ့ရှစ်ရင်က မေးလိုက်သည်။
ထန်ထျန်းက ခေါင်းညိတ်ကာ "ဟုတ်တယ်
အခုချက်ချင်း တင်ပေးနိုင်ရင် အကောင်းဆုံးပဲ"
ညတာရှည် လျှင် အိပ်မက်က များတတ်သည်။
၎င်းပြင် သူက ရွှန်ထျန်းကျဲအကြောင်းကို ကောင်းကောင်း နားမလည်သေးသဖြင့် ဤနေရာ၌ အကြီးအကျယ် အရောင်းအဝယ် အကြိမ်ကြိမ် လုပ်ဆောင်ရန် မလိုလားပေ။
သို့သော် စွေ့ရှစ်ရင်က ခေါင်းခါပြလိုက်သည်။ "အဲဒါတော့ ကျွန်တော် မတတ်နိုင်တော့ဘူး
ရွှန်ထျန်းကျဲထဲက ကုန်ပစ္စည်းတွေက ပုံရိပ်ယောင်တွေ ဖြစ်ပေမဲ့ အားလုံးက ရွှန်ထျန်းကျဲရဲ့ စစ်ဆေးမှုနဲ့ ပုံဖော်မှုကို ဖြတ်သန်းရပါတယ်
အစစ်အမှန်အတိုင်း ဖြစ်စေဖို့ ပစ္စည်းတစ်ခုချင်းစီရဲ့ အသေးစိတ် အချက်အလက်အားလုံးကို ရွှန်ထျန်းကျဲက ဖန်တီးပေးရတာပါ
ဒါက အချိန်ယူရပါတယ်
ဒီဆိုင်ကို နောက်တစ်ခါ ပစ္စည်းအပြည့် ပြန်ဖြည့်ဖို့ဆိုရင် အနည်းဆုံး တစ်လလောက် အချိန်ယူရပါလိမ့်မယ်"
ထန်ထျန်း ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။
တစ်လဆိုလျှင် သူ ဧကရာဇ်မြို့မှ ထွက်ခွာသွားသည်မှာ ကြာပေလိမ့်မည်။
ရွှန်ထျန်းကျဲထဲကို နောက်တစ်ခါ ဘယ်တော့ ပြန်ဝင်ဖြစ်ဦးမလဲ ဆိုတာလည်း မသေချာပေ။
ကြည့်ရသည်မှာ ဆက်လုပ်ရန် မဖြစ်နိုင်တော့ပေ။
"ကောင်းပြီလေ"
ထန်ထျန်းက ပြောလိုက်သည်။ "ဒါဆိုလည်း ဒီလောက်ပဲ ထားလိုက်တော့။ မင်း ပြန်ပြီး ပြင်ဆင်ထားလိုက်ပါ။ ငါ ရွှန်ထျန်းကျဲက ထွက်သွားတာနဲ့ အရောင်းအဝယ်ကို အတည်ပြုလိုက်မယ်"
ပြောပြီးနောက် ထန်ထျန်းက မတ်တပ်ရပ်ကာ ချန်တာအိုခန်းမမှ ထွက်ရန် ပြင်လိုက်သည်။
ထန်ထျန်း အနည်းငယ် စိတ်ပျက်သွားသည်ကို မြင်သောအခါ စွေ့ရှစ်ရင်က ခေတ္တမျှ စဉ်းစားပြီးနောက် အနောက်မှ အမြန်လိုက်သွားသည်။
"ဧည့်သည်တော် ခဏလောက် စောင့်ပါဦး"
စွေ့ရှစ်ရင်က ထန်ထျန်း၏ ရှေ့သို့ ရောက်လာသည်။
ထန်ထျန်းက "ဘာကိစ္စ ရှိသေးလို့လဲ"
စွေ့ရှစ်ရင်က ပြုံးလျက် "ဧည့်သည်တော်က ကျွန်တော်တို့ ချန်တာအိုခန်းမကို လာရောက်အားပေးတာဟာ ကံတရားကြောင့်လို့ ယုံကြည်ပါတယ်
ကျွန်တော်တို့ အနာဂတ်မှာ ပိုပြီး ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အရေးတွေ ရှိလာဦးမှာပါ"
ထန်ထျန်းက မျက်မှောင်ကြုတ်ကာ "မင်းပဲ အခု ပစ္စည်းတင်လို့ မရဘူးဆို
ပြီးတော့ ငါက မကြာခင်မှာ ရွှန်ထျန်းကျဲကို ထပ်လာဖြစ်မှာ မဟုတ်ဘူး"
စွေ့ရှစ်ရင်က ရယ်ရင်း "ရွှန်ထျန်းကျဲမှာ မဟုတ်ရင်လည်း အပြင်လောကမှာ တွေ့လို့ရတာပဲလေ
ဧည့်သည်တော် ဘယ်ကလာတယ်ဆိုတာ ကျွန်တော် မသိပေမဲ့ ကျွန်တော်တို့ နောက်တစ်ကြိမ် ပြန်တွေ့ရဦးမယ်လို့ ခံစားမိနေတယ်
ဒါကြောင့် အရောင်းအဝယ် လုပ်တဲ့အခါ ကျွန်တော်က ချန်တာအိုခန်းမရဲ့ 'ရွှေတိုကင်ပြား' တစ်ခုကို လက်ဆောင် ထည့်ပေးလိုက်ပါ့မယ်
ဒီရွှေတိုကင်ပြားရှိရင် ဘယ်နေရာမှာရှိတဲ့ ချန်တာအိုခန်းမကိုမဆို စိတ်ကြိုက် ဝင်ထွက်နိုင်ပြီး အရောင်းအဝယ် လုပ်မယ်ဆိုရင်လည်း အလွန်ကောင်းမွန်တဲ့ အထူးလျှော့ဈေးတွေ ရရှိမှာပါ
ဘယ်လိုသဘောရလဲ"
ထန်ထျန်းက စွေ့ရှစ်ရင်ကို ကြည့်ရင်း ခဏမျှ တိတ်ဆိတ်သွားသည်။
ဤလူက သူ့ကို ရွှေတိုကင်ပြား ပေးသည်မှာ နောက်ပိုင်း အရောင်းအဝယ် လုပ်နိုင်ရန် ကြိုးသွယ်ထားခြင်းသာ ဖြစ်သည်။
ကံတရား ဆိုသည်မှာ အလကား စကားများသာ။
သို့သော် ချန်တာအိုခန်းမက ထျန်းဖူနန်းတော် နှင့် ပတ်သက်နေသဖြင့် နောင်တစ်ချိန်တွင် ဆုံတွေ့ရန် အခွင့်အလမ်း များလှသည်။ ကြိုတင်၍ အဆက်အသွယ် လုပ်ထားခြင်းကလည်း မဆိုးလှပေ။
တစ်ချိန်ချိန်တွင် အသုံးဝင်လာနိုင်ပေသည်။
၎င်းပြင် စွေ့ရှစ်ရင်၏ စကားအရ ချန်တာအိုခန်းမက အရောင်းအဝယ်လုပ်သည့် နေရာသက်သက် မဟုတ်ကြောင်း "ရွှေတိုကင်ပြားဖြင့် စိတ်ကြိုက်ဝင်ထွက်နိုင်သည်" ဆိုသည့် စကားက သက်သေပြနေသည်။
ထန်ထျန်း ခဏစဉ်းစားပြီးနောက် သဘောတူလိုက်သည်။
"ရတယ်လေ"
စွေ့ရှစ်ရင်၏ မျက်နှာတွင် အပြုံးများ ဝေဆာသွားပြီး လမ်းကို ယဉ်ကျေးစွာ ဖယ်ပေးကာ ထန်ထျန်းနှင့် ကြောင်ကလေးကို ချန်တာအိုခန်းမ အပြင်ဘက်အထိ ကိုယ်တိုင် ပို့ဆောင်ပေးခဲ့သည်။
အပြင်ရောက်သည်နှင့် ကြောင်ကလေးမှာ စိတ်မထိန်းနိုင်တော့ဘဲ အရောင်းအဝယ် မြန်မြန်လုပ်ရန် ထန်ထျန်းကို အတင်းနှိုးဆော်တော့သည်။
ငတ်မွတ်နေသော သရဲတစ်ကောင် ဝင်ထားသည့်အလားပင်။
သို့သော် ထန်ထျန်းကမူ ဤနေရာသို့ ခက်ခက်ခဲခဲ ရောက်လာခဲ့ရသဖြင့် ဤမျှလွယ်လွယ်နှင့် ပြန်ရန် အစီအစဉ် မရှိပေ။
ကြောင်ကလေး၏ မျက်စောင်းကို လျစ်လျူရှုကာ ထန်ထျန်းက ထျန်းဖူနန်းတော် နှင့် သက်ဆိုင်သော ကျွန်း'ပျံပေါ်တွင် လျှောက်ကြည့်နေခဲ့သည်။
ဤနေရာ၏ အကျယ်အဝန်းမှာ ဧကရာဇ်မြို့ထက် များစွာ ကြီးမားလှပြီး ဆိုင်ပေါင်းစုံမှာ နေရာအနှံ့ ရှိနေသည်။ ထိုအထဲတွင် ချန်တာအိုခန်းမကဲ့သို့ အင်အားကြီးသော ဆိုင်များလည်း ပါဝင်သည်။
ထန်ထျန်းလည်း အားနာမနေတော့ဘဲ ပစ္စည်းကောင်း တွေ့လျှင် ဝယ်ယူတော့သည်။
တစ်ပတ်ပတ်ပြီးသောအခါ သူ၏လက်ထဲတွင် သဘောတူညီချက် စာချုပ်ပေါင်း ဆယ်ခုကျော် ရှိနေပြီး စုစုပေါင်း ပမာဏမှာ ရှန့်ထန်းတာအိုကျောက်စိမ်း တစ်သိန်းကျော်သွားပြီ ဖြစ်သည်။
ပြန်ရောက်ပြီး အကုန်လုံး အရောင်းအဝယ် လုပ်လိုက်လျှင် သူ၏လက်ထဲရှိ သုံးစွဲမှုအမှတ် မှာ ၂၀ ထရီလီယံ အထိ ကျော်သွားတော့မည် ဖြစ်သည်။
တာအိုအဆင့် ပါရမီ နှင့် တာအိုအဆင့် ခန္ဓာ တို့ကို တစ်ပြိုင်နက်တည်း လဲလှယ်နိုင်တော့မည်။
ရလဒ်က တော်တော်လေး ကောင်းမွန်လှသည်
ထန်ထျန်း စိတ်ကြည်လင်နေကာ ပေါ့ပါးသော ခြေလှမ်းများဖြင့် ဧကရာဇ်မြို့ ကျွန်းပျံသို့ ပြန်လာပြီးနောက် ရွှန်ထျန်းကျဲမှ ထွက်လိုက်သည်။
အလင်းတစ်ချက် လက်သွားပြီးနောက် သူက အခန်းငယ်လေးထဲသို့ ပြန်ရောက်လာသည်။
အမှန်တကယ်တော့ သူ၏ ခန္တာကိုယ်အစစ်က တစ်နေရာမှ မသွားခဲ့ဘဲ လွှတ်လိုက်သော စိတ်အာရုံသာ ပြန်လည် ပေါင်းစပ်သွားခြင်း ဖြစ်သည်။
ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ပြီးနောက် ထူးခြားမှု မရှိကြောင်း သိရသဖြင့် ထန်ထျန်းက အဖြူရောင် ကျောက်စိမ်းပြားကို ထုတ်ကာ စာချုပ်များအတိုင်း တစ်ခုချင်းစီ အရောင်းအဝယ် စလုပ်တော့သည်။
လုံလောက်သော ရှန့်ထန်းတာအိုကျောက်စိမ်းများကို ထုတ်ယူကာ ကျောက်စိမ်းပြားပေါ်ရှိ အစီအရင်ကို အသက်သွင်းပြီး ကျောက်စိမ်းများကို ထည့်လိုက်သည်။
ပြင်းထန်သော ဟင်းလင်းပြင် စွမ်းအားများ ချက်ချင်းပင် လက်သွားပြီး ခဏအကြာတွင် တာအိုကျောက်စိမ်းများ ပျောက်ကွယ်သွားကာ ထိုနေရာတွင် မရင်းနှီး သော သိုလှောင်လက်စွပ် တစ်ကွင်း ပေါ်လာသည်။
စိတ်အာရုံကို လက်စွပ်အတွင်းသို့ ပို့လွှတ်ကြည့်လိုက်ရာ သူဝယ်ယူခဲ့သော ပစ္စည်းများမှာ အပြည့်အစုံ ရှိနေသည်။
၎င်းတို့၏ အရေအတွက်နှင့် အရည်အသွေးမှာ ရွှန်ထျန်းကျဲတွင် မြင်တွေ့ခဲ့ရသည့်အတိုင်းပင် ဖြစ်သည်။
"တကယ်ကို ထူးဆန်းတဲ့ တီထွင်မှုပဲ
ဒီနိယာမတွေကို ကောင်းကောင်း နားလည်ပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရင် ကျင့်ကြံခြင်းလောကမှာ ပုံရိပ်ယောင် တစ်ခုတောင် ဖြစ်လာနိုင်တယ်"
ထန်ထျန်း ထပ်မံ ချီးကျူးမိပြန်သည်။
နောက်ပိုင်း အခွင့်အရေးရလျှင် ဤရွှန်ထျန်းကျဲအကြောင်းကို သေချာ လေ့လာရမည်။
ထို့နောက် သူက အရောင်းအဝယ်များကို အမြန်လုပ်လိုက်သည်။
လက်ဖက်ရည် တစ်ခွက်စာ အချိန်အတွင်းမှာပင် အရောင်းအဝယ် အားလုံး ပြီးဆုံးသွားသည်။
စနစ် အတွင်းရှိ ရှန့်ထန်းတာအိုကျောက်စိမ်းများမှာ နောက်ထပ် တစ်သိန်းကျော် တိုးလာခဲ့ပြီး သုံးသိန်း နား ကပ်လာခဲ့ပြီ ဖြစ်သည်။
သုံးစွဲမှုအမှတ်မှာလည်း ၂၀ ထရီလီယံ ကျော်သို့ ရောက်ရှိလာသည်။
သူက စနစ်၏ လဲလှယ်မှုစာရင်းကို မထိန်းနိုင်ဘဲ ဖွင့်ကြည့်လိုက်သည်။ ပါရမီနှင့် ခန္ဓာ စာရင်းတွင် နောက်ဆုံး နှစ်ခုစီသာ ကျန်တော့သည်။
ကောင်းကင် တာအို၏ သားတော်: သုံးစွဲမှုအမှတ် ၁၀ ထရီလီယံ
ဟင်းလင်းပြင်၏ သားတော်: သုံးစွဲမှုအမှတ် ၁၀၀ ထရီလီယံ
ရှန့်ထျန်း သူတော်စင် တာအိုခန္ဓာ : သုံးစွဲမှုအမှတ် ၁၀ ထရီလီယံ
ဟင်းလင်းပြင် ခန္ဓာ: သုံးစွဲမှုအမှတ် ၁၀၀ ထရီလီယံ
ဆိုလိုသည်မှာ သူ၏ ပါရမီနှင့် ခန္ဓာ က...
အမြင့်ဆုံးအဆင့် သို့ ရောက်ရှိရန် နီးကပ်နေပြီ ဖြစ်သည်