အဆင့်မြင့် အင်မော်တယ်ကျင့်စဉ်
Vol. 16 Ch. 184
အရောင်းအဝယ် အားလုံး ပြီးဆုံးသွားပြီးနောက် ထန်ထျန်းက ကြောင်ကလေးကို ခေါ်ကာ ရွှန်ထျန်းကျဲမှ အမြန်ဆုံး ထွက်လာခဲ့သည်။
ရှန့်ထန်းတာအိုကျောက်စိမ်း တစ်သိန်းကျော်ဖိုး ပစ္စည်းများဖြစ်ရာ မည်သူကမှ လောဘမတက်ဟု အာမခံချက် မပေးနိုင်ပေ။ ဤနေရာမှာ ချင်းယွဲ့ဂိုဏ်း မဟုတ်သလို ဆိုးသွမ်းသော ဖြစ်ရပ်များကို တားဆီးရန် ခိုင်မာသည့် စည်းမျဉ်း လည်း မရှိပေ။
ထန်ထျန်းအနေဖြင့် မည်သူ့ကိုမျှ မကြောက်သော်လည်း ပြဿနာများကိုမူ မနှစ်သက်ပေ။
သူက ပြဿနာတက်ရမှာကို မုန်းသည်။
ချင်းယွဲ့ဂိုဏ်း၏ တည်းခိုရာသို့ ပြန်ရောက်သောအခါ သန်းခေါင်ယံ အချိန်သို့ ရောက်နေပြီ ဖြစ်သည်။
ကြောင်ကလေးမှာမူ လမ်းတစ်လျှောက်လုံး နိယာမစွမ်းအားများ ပါဝင်သည့် လက်နက်ဟောင်းများကို ပေးရန် ထန်ထျန်းကို အဆက်မပြတ် ပူဆာနေခဲ့သည်။
ထန်ထျန်းက အပြင်လောက ပတ်ဝန်းကျင် မလုံခြုံမည်ကို စိုးရိမ်သောကြောင့်သာ သိမ်း ထားခြင်း ဖြစ်ရာ ပြန်ရောက်သည်နှင့် လက်နက်ဟောင်းများ အပြည့်ပါသော သိုလှောင်လက်စွပ်ကို ကြောင်ကလေးထံ ပေးလိုက်တော့သည်။
ကြောင်ကလေးက အလွန်ဝမ်းသာသွားကာ သိုလှောင်လက်စွပ် တစ်ခုလုံးကို ချက်ချင်းပင် မျိုချလိုက်သည်။
သူက ကမ္ဘာဦးဝိညာဉ် ဖြစ်သဖြင့် မချေဖျက်နိုင်သော အရာဟူ၍ မရှိသလောက်ပင်။
မကြာမီမှာပင် သူ၏ခန္ဓာကိုယ်အတွင်း၌ လက်နက်ဟောင်းများစွာ အရည်ပျော်သွားပြီး နိယာမစွမ်းအား ပေါင်းစုံ ပေါက်ကွဲထွက်လာကာ ကြောင်ကလေး၏ ခန္ဓာကိုယ်ကို အားဖြည့်ပေးတော့သည်။
ဤသည်မှာ သူ၏ သီးသန့် အားဆေးပင် ဖြစ်သည်။
လက်နက်ဟောင်း အရေအတွက်မှာ ရာနှင့်ချီ၍ ရှိရာ ထိုအထဲတွင် အင်မော်တယ် အရှင် အဆင့် လက်နက်ဟောင်းများပင် ပါဝင်သည်။
ခဏအကြာတွင် ကြောင်ကလေး၏ ခန္ဓာကိုယ်မှာ ထူးဆန်းစွာ ပြောင်းလဲလာသည်။
သူ၏ကိုယ်ထည်မှာ အစစ်နှင့် အတုကြားတွင် တဖျတ်ဖျတ် လက်လာပြီး အနည်းငယ် ဖောင်းကားလာကာ တစ်စုံတစ်ရာကို ခံစားနေရသကဲ့သို့ မျက်နှာလေးမှာ ရှုံ့မဲ့နေသည်။
"မင်း အဆင်ပြေရဲ့လား"
ထန်ထျန်းက စိုးရိမ်တကြီး မေးလိုက်သည်။
ကြောင်ကလေးက ထန်ထျန်းကို ကြည့်ကာ ပါးစပ်ဟလိုက်သော်လည်း "ငါ... မ..."
"မ..."
သူက စကားပင် ဆုံးအောင် မပြောနိုင်မီမှာပင် မျက်လုံးများ လန်သွားကာ ဟင်းလင်းပြင်ထဲ၌ လဲကျသွားတော့သည်။
ခပ်တိုးတိုး ဟောက်သံလေး ထွက်ပေါ်လာသည်။
ထန်ထျန်း : ...
အိပ်ပျော်သွားတာကိုး။
ယေဘုယျအားဖြင့် ဤကဲ့သို့သော တည်ရှိမှုမျိုး အိပ်ပျော်သွားခြင်းမှာ အဆင့်တက်ခြင်းကို ဆိုလိုသည်။
ကြောင်ကလေးက အဆင့်တက်ရန် အစွန်းသို့ ရောက်နေပြီးသားဖြစ်ရာ မူလကမ္ဘာ၏ နိယာမစွမ်းအားများစွာကို စားသုံးလိုက်ရသဖြင့် နောက်ဆုံးတွင် အဆင့်တက်ခြင်း လမ်းကြောင်း စတင်သွားခြင်း ဖြစ်သည်။
ဤဖြစ်ရပ်က မည်မျှကြာမည်ကို ထန်ထျန်းလည်း ခန့်မှန်း၍ မရပေ။
မတော်တဆမှုများ မဖြစ်စေရန်အတွက် ထန်ထျန်းက ခဏစဉ်းစားပြီးနောက် ကြောင်ကလေးကို သူ၏ "ထူးဆန်းသော ဥ နေရာလွတ် " ထဲသို့ ထည့်လိုက်သည်။
ထိုနေရာက အပြင်လောကနှင့် လုံးဝ အဆက်အသွယ် ပြတ်နေသဖြင့် မည်မျှပင် လှုပ်ခတ် ပါစေ ပြဿနာ တက်မည်မဟုတ်ပေ။
အားလုံးပြီးသောအခါ ထန်ထျန်းက တင်ပျဉ်ခွေထိုင်ကာ ယနေ့ ရွှန်ထျန်းကျဲမှ ရရှိလာသော လက်ဆောင်များကို စတင် စစ်ဆေးတော့သည်။
ပထမဆုံးမှာ ကျင့်ကြံခြင်း အရင်းအမြစ်များနှင့် ရတနာများစွာပင်။
သူဝယ်ခဲ့သော အရာများမှာ အဆင့်နှင့် အရည်အသွေး မြင့်လှပြီး အင်မော်တယ်အဆင့် အထက်တွင်သာ ရှိသည်။
သို့သော် သူ၏ ကျင့်ကြံခြင်းမှာ အရင်းအမြစ်များအပေါ် အလွန်အမင်း မှီခိုနေခြင်း မဟုတ်သဖြင့် သူ့အတွက် သိပ်အသုံးမဝင်လှပေ။
ဝိညာဉ်စွမ်းအား သို့မဟုတ် အင်မော်တယ်စွမ်းအား လုံလောက်လျှင်ပင် အဆင်ပြေလှပြီ ဖြစ်သည်။
ကိုယ်ပိုင်နေရာလွတ် အတွင်းရှိ တောင်ပုံရာပုံ ရတနာများကို ကြည့်ရင်း ထန်ထျန်းက ပြန်ရောက်လျှင် ကုန်သည်အသင်းသို့ ပေးရန် ဆုံးဖြတ်လိုက်သည်။
သူ့ဆီတွင် ဖုန်တက်နေမည့်အစား ကုန်သည်အသင်း ဖွံ့ဖြိုးရေးအတွက် အသုံးပြုခြင်းက ပို၍ ကောင်းပေလိမ့်မည်။
ထို့ပြင် ယခုအခါ ကုန်သည်အသင်းမှာ သူ့အပိုင် ဖြစ်နေပြီဖြစ်ရာ ပိုမို တိုးတက်လာခြင်းမှာ မဆိုးလှပေ။
ဆုံးဖြတ်ချက်ချပြီးနောက် ထန်ထျန်းက ထိပ်တန်းရတနာ အချို့ကိုသာ ချန်ထားခဲ့ပြီး ကျန်သည့် အရင်းအမြစ်အားလုံးကို စုစည်းလိုက်ကာ ပြန်ရောက်လျှင် ဝမ်ကန်းကို လွှဲပေးရန် ပြင်ဆင်လိုက်သည်။
ချန်တာအိုခန်းမမှ ဝယ်လာသော လက်နက်ဟောင်းများထဲတွင် နိယာမစွမ်းအားမပါသည့် သာမန်အင်မော်တယ်လက်နက်အချို့လည်း ကျန်နေသေးရာ ကုန်သွယ်ရေးအတွက် အသုံးဝင်နိုင်သဖြင့် ၎င်းတို့ကိုလည်း အတူတူ ထည့်လိုက်သည်။
ပစ္စည်းများ စစ်ဆေးနေစဉ် ထန်ထျန်းက လှပသော သေတ္တာငယ်လေး တစ်လုံးကို တွေ့လိုက်ရသည်။
ဖွင့်ကြည့်လိုက်သောအခါ အတွင်း၌ တိုကင်ပြားတစ်ခုနှင့် ကျောက်စိမ်းပြား တစ်ခု ပါဝင်သည်။
တိုကင်ပြားမှာ ချန်တာအိုခန်းမ၏ ရွှေတိုကင်ပြား ဖြစ်ပြီး ကျောက်စိမ်းပြားမှာမူ စွေ့ရှစ်ရင်၏ ကိုယ်ပိုင် ဆက်သွယ်ရေး ကျောက်စိမ်းပြား ဖြစ်သည်။
ဤသည်မှာ ထန်ထျန်းကသာ စွေ့ရှစ်ရင်ကို အရင် ဆက်သွယ်နိုင်ပြီး သူကမူ ထန်ထျန်းကို စိတ်ကြိုက် ဆက်သွယ်၍ မရသော ပုံစံမျိုး ဖြစ်သည်။
ဤသည်မှာ ဆက်သွယ်မှု၏ အဓိက အခွင့်အာဏာကို ထန်ထျန်းထံ အပ်နှင်းထားခြင်း ပင်။
"စိတ်ကူး ကောင်းသားပဲ"
ထန်ထျန်း ခေါင်းယမ်းလိုက်သည်။ အရောင်းအဝယ် လုပ်စဉ်က ဤအရာ ပါဝင်မည်ဟု မပြောခဲ့သော်လည်း စွေ့ရှစ်ရင်က သူနှင့် ဆက်လက် စီးပွားရေး လုပ်ချင်နေခြင်း ဖြစ်ကြောင်း သိသာလှသည်။
ကျောက်စိမ်းပြားတွင် ပြဿနာမရှိကြောင်း စစ်ဆေးပြီးနောက် ထန်ထျန်းက သိမ်းလိုက်သည်။ အားလုံးက စီးပွားရေးသမားတွေဆိုတော့ တစ်ချိန်ချိန်မှာ ပူးပေါင်းဖို့ အခွင့်အရေး ရှိနိုင်သည်လေ။
ပစ္စည်းများ အားလုံး စီစဉ်ပြီးနောက် ထန်ထျန်းက အခြားသော သိုလှောင်လက်စွပ် တစ်ခုကို ကြည့်လိုက်သည်။
ထိုနေရာ၌ တောက်ပနေသော ကျောက်စိမ်းပြား အခု ၂၀ ခန့် ရှိနေပြီး တစ်ခုချင်းစီ၌ အဆုံးမဲ့သော တာအိုအငွေ့အသက်များ ရှိနေသည်။
၎င်းတို့မှာ အဆင့်မြင့် အင်မော်တယ်ကျင့်စဉ် ဆယ်ခုကျော်ပင် ဖြစ်သည်
အင်မော်တယ်ကျင့်စဉ် ဆိုသည်မှာ အင်မော်တယ်နယ်ပယ်မှ ကျင့်ကြံသူ များသာ ကျင့်ကြံနိုင်သော တာအိုကျင့်စဉ် များ ဖြစ်သည်။
ယခင်က ဝမ်ကန်း ရှာဖွေပေးထားသော ကျင့်စဉ် များမှာ အဆင့်နိမ့် များသာ ဖြစ်ပြီး အလယ်အလတ်အဆင့် မှာပင် လက်ချိုးရေ၍ ရသည်။
အဆင့်မြင့် ကိုမူ မြင်ပင် မမြင်ဖူးခဲ့ပေ။
သူ၏ အနန္တတာအိုနိယာမ ဆန်းကြယ် အဆင့်သို့ ရောက်ပြီးနောက် တစ်ဆင့်တက်ရန် ရပ်တန့်နေခြင်းမှာ အရည်အသွေးမြင့်သော ကျင့်စဉ် များကို မကျင့်ကြံရသေးခြင်းကြောင့် ဖြစ်မည်ဟု သူ အမြဲ ယူဆထားခဲ့သည်။
အခြေခံတွေကတော့ လုံလောက်နေပြီ ဒါပေမဲ့ အနန္တတာအိုနိယာမ ကို အသွင်ပြောင်းပေးနိုင်မယ့် အခွင့်အရေးပဲ လိုနေတာပင်။
ယနေ့တွင် သူက အဆင့်မြင့် ကျင့်စဉ် များဖြင့် စမ်းသပ်တော့မည် ဖြစ်သည်။
ထန်ထျန်းက စနစ်၏ လဲလှယ်မှုစာရင်းကို ဖွင့်လိုက်သည်။
အဆင့်မြင့် အင်မော်တယ် ဉာဏ်အလင်းပွင့်ခြင်း တစ်ကြိမ် : သုံးစွဲမှုအမှတ် ၁ ထရီလီယံ
ဈေးနှုန်းက တကယ့်ကို ကြီးမားလှသည်။ သူ၏ ၂၆ ထရီလီယံ သော သုံးစွဲမှုအမှတ်ကို ကြည့်ရင်း ထန်ထျန်းက ကျင့်စဉ် တစ်ခုကို အရင်ဆုံး အကြီးစား အောင်မြင်မှု အဆင့်သို့ ရောက်အောင် လုပ်ရန် ဆုံးဖြတ်လိုက်သည်။
သူက ကျင့်စဉ် တစ်ခုကို ကျပန်းရွေးချယ်ကာ ဉာဏ်အလင်းပွင့်ခြင်း ၅ ကြိမ်ကို လဲလှယ်လိုက်ပြီး ကျင့်ကြံ လိုက်သည်။
အခြေခံအဆင့်တွင် ထူးခြားမှု မရှိသေးပေ။
ကျွမ်းကျင်အဆင့်တွင် အနန္တတာအိုနိယာမ ကြယ်တာရာ ပင်လယ်မှာ အနည်းငယ် လှုပ်ခတ်သွားပြီး ဤကျင့်စဉ် နှင့် အဆက်အသွယ် ရသွားပုံပေါ်သည်။
ဆန်းကြယ် အဆင့်တွင် ထိုအဆက်အသွယ်မှာ ပို၍ ရှင်းလင်းလာပြီး ကြယ်တာရာပင်လယ်နှင့် ဟန်ချက်ညီလာသည်။
အသေးစား အောင်မြင်မှု အဆင့်
အနန္တတာအိုနိယာမ ကြယ်တာရာပင်လယ်က ထန်ထျန်း၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာပြီး သူ့ကို ဗဟိုပြု၍ ပြန့်ကားသွားရာ ကြယ်တာရာကမ္ဘာ၏ အလယ်တွင် ရောက်နေသကဲ့သို့ ခံစားရသည်။
ကြယ်တာရာပင်လယ်မှာ တလက်လက် တောက်ပနေပြီး ဤကြယ်အသစ်ကို ကြိုဆိုနေကြသည်။
ထန်ထျန်းက သက်ပြင်းတစ်ချက်ချကာ နောက်ဆုံးတစ်ကြိမ် ဉာဏ်အလင်းပွင့်ခြင်း ကို အသုံးပြုလိုက်သည်။
အကြီးစား အောင်မြင်မှုအဆင့်
အဆင့်မြင့် အင်မော်တယ်ကျင့်စဉ် ကို အပြည့်အဝ နားလည်သွားသောအခါ ကြယ်တာရာပင်လယ်မှာ တောက်ပသော အလင်းတန်းများ ဖြာထွက်လာသည်။
ထန်ထျန်း၏ ကိုယ်ပေါ်မှ အလင်းရောင်များ ပေါက်ကွဲထွက်လာပြီး ကြယ်တာရာပင်လယ်ရှိ ကြယ်အားလုံးကို လင်းထိန်သွားစေသည်။
ခဏအကြာတွင် ထိုအလင်းများက စုစည်းကာ အပေါ်သို့ တက်သွားပြီး ထူးခြားသော ကြယ်တစ်လုံးအဖြစ် ပြောင်းလဲသွားကာ ကြယ်တာရာပင်လယ်၏ အလယ်တွင် တည်ရှိနေတော့သည်။
၎င်း၏ တောက်ပမှုမှာ ကြယ်တာရာပင်လယ် တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး အခြားကြယ်များမှာ မှေးမှိန်သွားရသည်။
ထိုကြယ် ပေါ်လာပြီးနောက် ရပ်တန့်နေခဲ့သော ကြယ်တာရာပင်လယ်က ရှေ့သို့ ဖြည်းညှင်းစွာ စတင် ရွေ့လျားလာပြန်သည်။
အနန္တတာအိုနိယာမ က ပိုမို အစွမ်းထက်လာကြောင်း ထန်ထျန်း ရှင်းလင်းစွာ ခံစားလိုက်ရသည်။
ကြောင်ကလေးကဲ့သို့ပင် ၎င်းသည်လည်း အဆင့်တက်ခြင်း လမ်းကြောင်းပေါ်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။
သို့သော် ဝမ်းနည်းစရာမှာ ခရီးစဉ်၏ ၁၀ ပုံ ၁ ပုံခန့် ရောက်သောအခါတွင်မူ ပြန်လည် ငြိမ်သက်သွားပြန်သည်။
ထန်ထျန်းက စိတ်ထဲမှ တွက်ချက်ကြည့်လိုက်ရာ အဆင့်မြင့် အင်မော်တယ်ကျင့်စဉ် ၁၀ ခုခန့် ရှိလျှင် အနန္တတာအိုနိယာမ ကို ဒီအဆင့်ရဲ့ နောက်ဆုံး အထိ တက်လှမ်း စေပြီး အသေးစား အောင်မြင်မှု အဆင့်သို့ အပြည့်အဝ ရောက်ရှိစေနိုင်မည် ဖြစ်သည်။
စုစုပေါင်းဆိုလျှင် သုံးစွဲမှုအမှတ် ၅၀ ထရီလီယံ ၊ ရှန့်ထန်းတာအိုကျောက်စိမ်း ၅ သိန်းခန့်ပေါ့။
ဤသည်မှာ သူ၏အတွက် ဖိအားသိပ်မကြီးလှပေ။