← Chapters

အမှောင်ထု၏သားတော် + ငါက သူရဲကောင်းဖြစ်ချင်ရုံပါ NXM Chapter 5 – သတ်လို့မရတဲ့ရန်သူ

Vol. 13 Ch. 5

အမှောင်ထု၏သားတော် + ငါက သူရဲကောင်းဖြစ်ချင်ရုံပါ NXM Chapter 5 – သတ်လို့မရတဲ့ရန်သူ

Vol. 13 Ch. 5

အမှောင်ထု၏သားတော် + ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

NXM Chapter 5 – နောက်ကျသွားတဲ့အတွက် ခွင့်လွှတ်ပါ

အားလုံးတိုင်ပင် ဆွေးနွေးပြီးတဲ့နောက်တော့ မက်ဒါနာက နက်ဆန်ရဲ့လက်ထဲကို အဆင့်မြင့်နည်းပညာနဲ့ပြုလုပ်ထားတဲ့ ငွေရောင်သေနတ်တစ်လက် ထည့်ပေးလိုက်တယ်။

“ပျက်စီးခြင်းသားရဲက အေမီရဲ့ခန္ဓာကိုယ်ထဲမှာရှိတာ။ အဲဒါကို ငါကငါ့ဝတ်စုံထဲ လွှဲပြောင်းပြီးမှသုံးနိုင်တာ။ ဒီဥစ္စာကတော့ နင့်ကို သူ့စိတ်ထဲဝင်နိုင်အောင် ကူညီပေးလိမ့်မယ်။ ဒါပေမဲ့အနီးကပ်ပြီး နဖူးကို သေနတ်နဲ့ပစ်ဖို့လိုလိမ့်မယ်။ ပြီးတော့ နင်နဲ့ငါနဲ့သိပ်ပြီး ဝေးသွားလို့မဖြစ်ဘူး။ မဟုတ်ရင် အလုပ်ဖြစ်မှာမဟုတ်ဘူး။”

“နားလည်ပြီ...” နက်ဆန်က ခေါင်းညိတ်ပြလိုက်တယ်။ မကြာခင်မှာပဲ အသံမြန်နှုန်းအထက်ရှစ်ဆမောင်းနှင်နိုင်တဲ့ ခေတ်ရှေ့ပြေး တိုက်လေယာဥ်တစ်စင်း သူတို့အတွက် အသင့်ဖြစ်နေပါပြီ။

“မမလေးက ခန္ဓာကိုယ်အားနည်းနေတဲ့အခြေအနေမှာဖြစ်လို့ ဝတ်စုံကိုဝတ်ပြီး အကြာကြီးမတိုက်ခိုက်နိုင်တော့ဘူး။ ဒါကြောင့် ကျွန်မတို့က တခြားအိုမီဂါအဆင့်နှစ်ယောက်တိုက်ခိုက်နေတာကို အခွင့်ကောင်းယူပြီးတော့ အနားရောက်မှ စွမ်းအားကိုကပ်သုံးရမှာ။”

လေယာဥ်ပေါ်ရောက်တော့ အေမီက ပိုင်းလော့ခုံမှာထိုင်လိုက်ပြီး နက်ဆန်ကိုပြောလိုက်တယ်။ နက်ဆန်ကလည်း လေးနက်တဲ့ပုံစံနဲ့ မက်ဒါနာကို ကြည့်လိုက်ပြီ။ သူ့ရှေ့ကမိန်းကလေးက စွမ်းအားကြီးရုံတစ်ခုတည်းတင်မဟုတ်ဘဲ ဉာဏ်ကောင်းပြီး သတ္တိလည်းရှိတယ်။ တခြားသူတစ်ယောက်သာဆိုရင် ဒီလိုအခြေအနေမှာ ခေါင်းရှောင်ပြီးထွက်ပြေးသွားမှာပဲ။

ဝုတ်... ဝုတ်....

ခေါင်းသုံးလုံးနဲ့စက်ရုပ်ခွေးကြီးဆားဗီးရပ်က မက်ဒါနာနားကို ရောက်လာပြီး ထိုးဟောင်တယ်။ မက်ဒါနာက ခွေးကြီးကို ခေါင်းပုတ်ပေးလိုက်တာပေါ့။

“ဒီနေ့ နင့်ကိုအားကိုးရမှာမလို့ အားမွေးထားလိုက်ဦး။”

ခွေးနက်ကြီးက မက်ဒါနာရဲ့ပေါင်ကိုခေါင်းနဲ့တိုးဝှေ့နေပြီးတော့ ခွေးလိမ္မာအစစ်လိုမျိုး ပြုမူနေလေရဲ့။ ဒါပေမဲ့ နက်ဆန်ကိုမြင်တော့ မကောင်းတဲ့သူတစ်ယောက်ကိုမြင်သလိုမျိုး မာန်ဖီတော့တာပဲ။

“ဆားဗီးရပ်က လူစိမ်းတွေကို မကြိုက်ဘူး။” မက်ဒါနာက ပြောလိုက်ပါလေရော။ နက်ဆန်ကတော့ ဒီခွေးကြီးနာမည်က သူကြားဖူးတဲ့လူတစ်ယောက်ရဲ့နာမည်နဲ့တူတယ်လို့တွေးမိပေမဲ့ အရေးကြီးကိစ္စမဟုတ်လို့ မေ့ထားလိုက်တယ်။

“မမလေး၊ တိုက်ပွဲဖြစ်နေတဲ့နေရာကို ရောက်တော့မယ်။” အေမီက အနုဘစ်အဖြစ်ကိုပြောင်းလိုက်ပြီး နက်ဆန်နဲ့မက်ဒါနာကို ပြောတယ်။ လေယာဥ်အပြင်ဘက်ကိုကြည့်လိုက်တော့ နေစွမ်းအင် လှိုင်းတွေနဲ့ ဧရာမနကျယ်ကောင်ကြီးရဲ့တိုက်ခိုက်မှုတွေကြားမှာ အေးဆေးတည်ငြိမ်စွာရှိနေတဲ့ ခိုင်နေခြည်ကိုမြင်နိုင်ပါတယ်။

“အရှင်မ၊ ကျွန်တော့်လက်ကိုကိုင်လိုက်ပါ။ အပြင်ဘက်မှာ ညဖြစ်တဲ့အတွက်ကြောင့် မိခင်ညနတ်သမီးရဲ့ကောင်းချီးက ကျွန်တော့်ပေါ်မှာရှိနေတယ်။ ဒါကြောင့် အရိပ်ခရီးသွားပြီး သူ့အနားကို တိတ်တိတ်လေးကပ်သွားလို့ရတယ်။”

“အဲဒီလိုလား....” မက်ဒါနာက သူ့လက်ကိုဆန့်ထုတ်ပေးလိုက်ပြီး နက်ဆန်ကတော့ မက်ဒါနာရဲ့ဖယောင်းသားလိုနူးညံ့ပြီး ကြွေလို ဖြူဖွေးနေတဲ့ လက်ဖဝါးနုနုလေးကို ဆုပ်ကိုင်လိုက်တာပေါ့။ တစ်ခါမှ ဒီလောက်လှတဲ့ မိန်းကလေးမျိုးကို သေချာမထိဖူးတဲ့ နက်ဆန်ရဲ့မျက်နှာလည်း နီမြန်းလာခဲ့တယ်။ အထူးသဖြင့် မက်ဒါနာက ကမ္ဘာပြိုလောက်တော့ အလှပဂေးလေ။ နှလုံးဆိုရင် ခုန်ပေါက်လို့။

အေမီကတော့ အဲဒီမြင်ကွင်းကိုဒေါသနဲ့ကြည့်နေရော။ မစ်ရှင်ရှိလို့သာမဟုတ်ရင် နက်ဆန်ကိုချက်ချင်း အပိုင်းပိုင်း ဖြတ်ပစ်တော့မလိုပဲ။

“သခင်မလေး၊ မစ်ရှင်ပြီးရင် လက်ကိုဆပ်ပြာနဲ့ အခါတစ်ရာဆေးဖို့ မမေ့နဲ့နော်။” အေမီက နက်ဆန့်မျက်နှာကိုမထောက်ဘဲ ပွင့်ပွင့် လင်းလင်းပဲပြောလိုက်တယ်။ ပြီးတဲ့နောက်တော့ အသက်ရှုသံ အောက်ကနေပြီး...

“အထီးကောင်တွေများ... အခွင့်အရေးရတာနဲ့ ဟွန်း....”

“သွားကြစို့....” နက်ဆန်နဲ့မက်ဒါနာရဲ့ခန္ဓာကိုယ်ကို အရိပ်ကြီးက ဝတ်ရုံတစ်ခုလိုမျိုး လွှမ်းခြုံလိုက်တယ်။

...

“ငါပြောထားပြီးသားနော် နင်တို့တွေငါ့ကို ဘယ်လိုတိုက်တိုက် အလကားပဲလို့။”

ခိုင်နေခြည်က အာကိုင်းဂါမီနဲ့ဥစာကီကို အနိုင်ယူဖို့ကြိုးစားရင်းက လှောင်ပြောင်လိုက်တယ်။ သူ့ခန္ဓာကိုယ်ပတ်ပတ်လည်မှာ ဆိုးယုတ်မှုအငွေ့အသက်တွေနဲ့ ငိုကြွေးနေတဲ့ဝိညာဥ်တွေ ပြန့်နှံနေပြီးတော့ တကယ့်ကိုကြောက်စရာကောင်းတဲ့ အရှိန်အဝါမျိုး ပြန့်နှံနေပါတယ်။

ရုတ်တရက် ကောင်းကင်ကြီးကတိတ်ဆိတ်သွားပြီး သူ့နောက်မှာ ငွေရောင်သေတ္တာနဲ့အနက်ရောင်သေတ္တာနှစ်ခုကိုကိုင်ဆွဲထားတဲ့ မက်ဒါနာပေါ်လာခဲ့တယ်။ သူကပြုံးနေပြီးတော့...

“နင်ပြောတဲ့အတိုင်းရော ဟုတ်ရဲ့လား...”

[Ultimate Booster Form: Abyssal Emperor]

ခရမ်းရောင်မီးတောက်တွေတောက်လောင်နေပြီး ခေါင်းသုံးလုံး ခွေးကြီးရဲ့ပေါင်းစပ်မှုနဲ့အတူ စွမ်းအားကြီးမားလာခဲ့တဲ့ ငွေရောင်စစ်သည်ချပ်ဝတ်က မက်ဒါနာကိုဖုံးအုပ်သွားခဲ့ပြီး ခိုင်နေခြည့်ရင်ဘတ်ကို ဆောင့်ကန်လိုက်တယ်။ စစ်မှန်တဲ့ ထိခိုက်မှုတစ်ခုဖြစ်မလာပေမဲ့ ဒိုင်မေးရှင်းအစွမ်းအပြည့်အဝ အသက်ဝင်မလာခင် အလစ်တိုက်ခဲ့တာဖြစ်တဲ့အတွက်ကြောင့် လွင့်စင်သွားခဲ့ပြီး တစ်နေရာကိုအရောက်မှာတော့ သူ့မျက်လုံးတွေ ပြူးကြောင်သွားခဲ့ပါပြီ။

“ညမင်းသား....”

နက်ဆန်က အနက်ရောင်တောင်ပံကြီးတွေကိုဖြန့်ထားရင်းနဲ့ သူ့ကိုစောင့်ကြိုနေတယ်။ လွင့်မျောနေတဲ့ မိန်းကလေးနဲ့ အတောင်ပံကိုဖြန့်ထားပြီး အဲဒီမိန်းကလေးကိုသေနတ်နဲ့ ချိန်ထားတဲ့လူငယ်လေး။ ဒီမြင်ကွင်းက ကမ္ဘာကျော်ပန်းချီဆရာကြီး မိုက်ကယ်ဒီအိန်ဂျလိုရဲ့အာဒမ်ကိုဖန်ဆင်းခြင်းပန်းချီကားနဲ့တောင်ဆင်လို့နေပါသေးတယ်။

ခိုင်နေခြည်ရဲ့လက်ညိုးက နက်ဆန်ကိုမထိခင်မှာပဲ နက်ဆန်က သေနတ်မောင်းကိုဆွဲလိုက်တယ်။

ဒိုင်း....

....

နောက်တစ်ကြိမ် နက်ဆန်သတိဝင်လာချိန်မှာတော့ သူဟာ အဖြူရောင်ကမ္ဘာကြီးတစ်ခုထဲကိုရောက်နေတာ သတိထားမိလိုက် ပါတော့တယ်။ ကောင်းကင်မှာ နေတွေလတွေရှိမနေဘဲ အဖြူချည်း သက်သက်သာဖြစ်တယ်။ မြို့တစ်မြို့အတွင်းရောက်နေတာမှန်း သတိထားလိုက်မိပေမဲ့ လူမရှိသလို အဆောက်အဦးတွေနဲ့လမ်း အကုန်လုံးက ကာတွန်းစာအုပ်ထဲကလိုမျိုး အဖြူနဲ့အမည်းသာ ဖြစ်လို့နေပါတယ်။

“ဒါက စိတ်ကမ္ဘာဆိုတဲ့အရာလား....” နက်ဆန်က တွေးလိုက်တယ်။ ပြီးတဲ့နောက် စိတ်ကမ္ဘာရဲ့တစ်နေရာရာမှာရှိနေနိုင်တဲ့ ခိုင်နေခြည်ရဲ့ နောက်ဆုံးကျန်တဲ့ဝိညာဥ်အပိုင်းအစကိုရှာဖို့ ဆုံးဖြတ်လိုက်ပါပြီ။

သူဦးတည်ရာတစ်ခုကိုရွေးပြီး စလျှောက်တယ်။ ကမ္ဘာကြီးထဲမှာ အက်ကြောင်းတချို့ရှိနေပြီး အရာဝတ္ထုတွေရဲ့တည်ရှိမှုတွေပါ ပြိုကျပျက်စီးနေတာကို သူမြင်နေရတယ်။

“ဒီမိန်းကလေးက မကြာခင် တကယ်ပျောက်ကွယ်သွားတော့မှာပဲ။”

သူပိုပြီးမြန်မြန်လျှောက်တယ်။ သူ့ခြေသံတွေက လမ်းမထက်မှာ ပဲ့တင်သံထွက်နေတယ်။ တစ်နေရာကိုရောက်တော့ သူ့ခြေလှမ်းတွေ နှေးကွေးသွားခဲ့တယ်။

“အရောင်လား...”

သူရှေ့တစ်နေရာကိုကြည့်လိုက်တော့ တခြားနေရာတွေနဲ့မတူဘဲ အရောင်နည်းနည်းရှိနေတဲ့နေရာကိုမြင်လိုက်ရတယ်။ အဲဒီနေရာကို တည့်တည့်လျှောက်သွားလိုက်တော့ စက်ဘီးနဲ့တိုက်မိမလိုဖြစ်နေတဲ့ ကလေးမလေးတစ်ယောက်ကို အမျိုးသမီးတစ်ယောက်က ကိုယ်နဲ့ဝင်ကာပေးခဲ့တဲ့မြင်ကွင်းပါ။

“မေမေ... နာသွားလားဟင်....” ငါးနှစ်သမီးလေးက ပြန်မေးလိုက်ပေမဲ့ ကလေးအမေကခေါင်းခါပြတယ်။

“ဘာမှမဖြစ်ပါဘူး၊ သမီးရဲ့။”

အဲဒီနောက်တော့မြင်ကွင်းက တူညီတဲ့ဖြစ်စဥ်ကိုပဲ တကြော့ပြန်ပြီး ပြသနေပြန်ပါတယ်။ နက်ဆန်က အဲဒီမြင်ကွင်းအနားမှာရပ်လိုက်ပြီး သူနဲ့အတူတူဘေးချင်းယှဥ်ရပ်နေတဲ့ မိန်းကလေးကိုပြောလိုက် ပါတော့တယ်။

“ဒါက မင်းပျောက်ကွယ်မသွားရသေးတဲ့အကြောင်းအရင်းလား။”

တစ်ကိုယ်လုံးအဖြူနဲ့အမည်းပဲကျန်ရစ်တော့တဲ့ ခိုင်နေခြည်က နက်ဆန်ကိုလှည့်ကြည့်လိုက်တယ်။ သူ့မျက်လုံးတွေထဲမှာတော့ နားမလည်နိုင်ခြင်းများစွာနဲ့ပါ။

“ရှင်ကျွန်မကို ကယ်ဖို့လာတာဆိုရင်တော့ နောက်ကျသွားပြီ။ ကျွန်မက သေနှင့်ပြီးသား။”

နက်ဆန်က ခိုင်နေခြည်ရဲ့စကားကို ချက်ချင်းပြန်မဖြေခဲ့ဘူး။ အဲဒီအစားသူက ဖျော့တော့တဲ့လေသံနဲ့ပွင့်လင်းစွာပဲ ပြန်ဖြေခဲ့တယ်။

“ငါက မင်းကိုပိုပြီးနားလည်ချင်ရုံပါ။ ဘယ်အရာက မင်းဝိညာဥ်ကိုမင်း လောင်ကျွမ်းစေခဲ့တာလဲ ဆိုတာကိုပေါ့။”

ခိုင်နေခြည်က တခစ်ခစ်ရယ်မောလိုက်တယ်။ သူ့ပုံရိပ်က ပိုပြီးတော့ ဝေဝါးလာခဲ့တယ်။ ဒါပေမဲ့သူ့မှာဖုံးကွယ်ထားစရာ ဘာအကြောင်းပြချက်မှမရှိတော့တဲ့အတွက်ကြောင့် တစ်နေရာကို လက်ညိုးထိုးပြလိုက်တယ်။ သူ့ကိုကာကွယ်ပေးထားတဲ့ သူ့အမေကိုယ်တိုင်ပါပဲ။

“အဲဒီအကြောင်းအရင်းက အကာအကွယ်ပေးလွန်းခဲ့တဲ့ ကျွန်မအမေကိုယ်တိုင်ပါပဲ။”

နောက်တော့ ခိုင်နေခြည်ကတစ်နေရာကို ဦးဆောင်ပြီးတော့ လျှောက်တယ်။ နက်ဆန်ကတော့ နောက်ကနေလိုက်တာပေါ့။ ခိုင်က အင်္ကျီအိတ်ကပ်ကို လက်နှိုက်ထားရင်းနဲ့ အဖြူအမည်းသာ မြင်ရတော့တဲ့သူ့ရဲ့အိမ်လေးကို လှမ်းကြည့်ပါတယ်။

“ကျွန်မအဖေနဲ့အမေနှစ်ယောက်လုံးက ဆရာဝန်တွေ ဖြစ်ခဲ့တာလေ။ အဖေက တအားထူးချွန်တဲ့နှလုံးပါမောက္ခ ဖြစ်ခဲ့တာမလို့ နိုင်ငံအနှံခရီးထွက်နေပြီး အမေကပဲကျွန်မကို ပျိုးထောင်ပေးခဲ့ရတာ။”

ခိုင်က အိမ်ထဲဝင်လိုက်တယ်။ အိမ်ဧည့်ခန်းထဲကဗီရိုထဲမှာတော့ ဆုတံဆိပ်တွေအများကြီး ပြည့်နှက်နေခဲ့တာ။ အားလုံးကလည်း သူ့နာမည်တွေနဲ့ချည်းပဲ။ စာစီစာကုံးဆုတွေ၊ အင်္ဂလိပ်စာ စွမ်းရည်ဆု၊ အမှတ်အများဆုံးဆု၊ နောက်ဆုံးအနေနဲ့က ဘာသာစုံဂုဏ်တူးရှင်ဆု။ ခိုင်ကအဲဒီတံဆိပ်တွေကို ကြည့်ရင်း ပြုံးလိုက်တယ်။ နာကျင်နေတဲ့အပြုံးမျိုး။

“ သူတို့ကလည်းကျွန်မကို အများကြီးမျှော်လင့်ထားခဲ့တယ်။ ကျွန်မကလည်း သူတို့အလိုအတိုင်းကြိုးစားခဲ့တယ်။ တဖြည်းဖြည်းနဲ့ ကျွန်မကိုယ်ကျွန်မ ဘယ်သူဆိုတာမေ့သွားပြီး သူတို့ဖြစ်စေချင်တဲ့အတိုင်း ဖြစ်လာခဲ့တာ။”

“နောက်ဆုံးတော့ ကျွန်မဘဝမှာ ကျွန်မဟာဘယ်တုန်းကမှ မတည်ရှိခဲ့ဘဲ ပုံစံခွက်ထဲကထုတ်ကုန်တစ်ခုမှန်းသိလိုက်ရတဲ့ အချိန်တစ်ခုကိုရောက်လာခဲ့တယ်။”

....

“အမေရေ၊ သမီးသူငယ်ချင်းတွေနဲ့ရိုက်ထားတဲ့ ဗီဒီယိုအတိုလေး ပေါက်သွားပြီ။”

တက္ကသိုလ်မတက်ခင် ကျွန်မသူငယ်ချင်းတွေနဲ့ပေါင်းပြီး ဝါသနာအလျှောက်ရိုက်ထားတဲ့ ရုပ်ရှင်ဇာတ်လမ်းတိုတစ်ခု ပေါက်သွားခဲ့လို့ အမေ့ကိုပြခဲ့ပေမဲ့ အသိအမှတ်ပြုမှုမရခဲ့ပါဘူး။ ကျွန်မတက္ကသိုလ်ရွေးတော့လည်း ဆေးတက္ကသိုလ်အပြင် တခြားအရာတွေရွေးခွင့်မပေးခဲ့ဘူး။

“သမီးကောင်းဖို့အတွက်ပါ။”

“အနုပညာလမ်းကမသေချာဘူး။” စတာတွေအတွက်နဲ့ပဲ ကျွန်မဖြစ်ချင်တဲ့အရာတွေက ဘေးရောက်သွားခဲ့တယ်။ ကျွန်မသူငယ်ချင်းတွေတစ်ယောက်ပြီးတစ်ယောက် အောင်မြင်သွားတဲ့အချိန်မှာ ကျွန်မကတော့ဝါသနာမပါတဲ့ အရာတစ်ခုကိုလုပ်နေခဲ့ရပြီး ရှေ့မဆက်နိုင်တော့ဘူး။ စိတ်ကတခြားရောက်နေခဲ့တဲ့အတွက် တော်တဲ့ကျွန်မဆိုတာ ပျောက်သွားခဲ့တယ်။

ကျွန်မိဘတွေက ကျွန်မကို စာပိုလုပ်ဖြစ်အောင်ဆိုပြီး တက္ကသိုလ်အဆောင်မှာနေဖို့ အတင်းဖိအားပေးပြီးချိန်မှာတော့ ကျွန်မရဲ့စိတ်ထဲက တစ်ခုခုကျိုးပျက်သွားခဲ့တယ်။ နောက်တော့ အဲဒီအရာရောက်လာတော့တာပဲ။

...

“အီရာဗီက မျှော်လင့်ချက်မဲ့ခြင်းကို သယ်ဆောင်လာတဲ့သူ။ သူက မင်းကိုဖြစ်သင့်တာထက်ပိုပြီး စိတ်ဓာတ်ကျစေခဲ့တာ။”

နက်ဆန်က ခိုင်ရဲ့ပခုံးကိုပုတ်လိုက်တယ်။ ခိုင်ကလည်း ဒီအချက်ကို လက်ခံတဲ့အနေနဲ့ခေါင်းညိတ်လိုက်တယ်။

“အဲဒီညက ကျွန်မအဲဒီလိုမလုပ်ခဲ့သင့်ဘူး။”

နက်ဆန်က သူ့ကိုကြင်နာစွာနဲ့ပြုံးပြခဲ့ပြီး... “မင်းလုပ်သင့်တဲ့အရာက မင်းချစ်တဲ့ မိဘတွေကို မင်းလုပ်နိုင်တယ် ဆိုတဲ့အကြောင်း သက်သေပြခဲ့သင့်တာ။ ကိုယ့်ခြေထောက်ပေါ်ကို ရပ်ပြီးတော့ မင်းဖြစ်ချင်တဲ့အရာတစ်ခုကို ကိုယ်တိုင်ဖြစ်လာအောင် ကြိုးစားခဲ့သင့်တာ။ ဘဝကို လွယ်လွယ်လေး အရှုံးမပေးခဲ့သင့်ဘူး။”

ပေါက်....

ခိုင်နေခြည်ရဲ့ပါးပြင်ပေါ်မှာ မျက်ရည်တွေစီးကျလာခဲ့တယ်။ အဲဒီနောက်တော့ ကလေးတစ်ယောက်လိုမျိုး နက်ဆန်ရဲ့ရင်ခွင်ထဲ ငိုကျွေးတော့တာပါပဲ။

“ရှင်ကျွန်မကို ဒါတွေလာပြောနေလို့လည်း ဘာထူးတော့မှာလဲ။ ကျွန်မက... ကျွန်မက....”

နက်ဆန်ကလည်း မိန်းကလေးရဲ့ခေါင်းကို ညင်သာစွာပုတ်ပေး ခဲ့ပြန်ပါတယ်။

“ငါနောက်ကျသွားခဲ့တဲ့အတွက် ခွင့်လွှတ်ပေးပါ။” သူတကယ်ပဲ စိတ်မကောင်းဖြစ်လာမိတယ်။ သူ့ရှေ့က မိန်းကလေးကို ပိုပြီး တင်းတင်းကျပ်ကျပ် ဖက်တွယ်ထားခဲ့မိတယ်။

“တကယ်လို့ငါသာ မင်း အဲဒီဆုံးဖြတ်ချက်ကို မချသေးခင် မင်းကိုရှာတွေ့ခဲ့မယ်ဆိုရင်....”

သူတို့နှစ်ယောက် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ကြတယ်။ ခိုင်နေခြည်က ငိုလို့ဝသွားပြီးနောက်မှာ နက်ဆန်ရဲ့ရင်ခွင်ထဲက တိုးထွက်လိုက်ပြီး...

“ကျွန်မရှင့်ကို တောင်းဆိုစရာတစ်ခုရှိတယ်။ နောက်ဆုံးအနေနဲ့ ကျွန်မမိဘတွေကို နှုတ်ဆက်နိုင်ဦးမလား။”

နက်ဆန်က ခိုင်နေခြည်ကို နူးညံ့စွာပြုံးပြလိုက်တယ်။ သူက ခေါင်းညိတ်ပြခဲ့ပေမဲ့ အကြောင်းအရင်းကိုပါတစ်ပြိုင်နက်တည်း ဆက်ရှင်းပြခဲ့ပါတယ်။

“မင်းရဲ့ဝိညာဥ်က မပြည့်စုံတော့ဘူး။ မင်းမှာကျန်ခဲ့တာဆိုလို့ ဒီအစိတ်အပိုင်းလေးပဲ။ မင်းရဲ့ခန္ဓာကိုယ်ကို ဖုတ်ကောင်အဖြစ် ငါပြောင်းပေးလို့ရပေမဲ့ မင်းရဲ့ဝိညာဥ်ကမကြာခင် ပျောက်ကွယ် သွားတော့မှာ။ အဲဒီအခါကျရင် မင်းရဲ့ခန္ဓာကိုယ်လည်းပဲ သေဆုံးသွားလိမ့်မယ်။”

“နှုတ်ဆက်ဖို့အတွက်ဆိုရင်တော့ လုံလောက်မှာပါ။”

ခိုင်နေခြည်ရဲ့မျက်နှာပေါ်မှာ ပထမဆုံးအနေနဲ့ ဝမ်းသာအားရ ပြုံးလိုက်တဲ့အပြုံးမျိုးပေါ်လာခဲ့တယ်။

...

အပြင်လောကမှာရှိနေတဲ့နက်ဆန်က မျက်လုံးကိုပွင့်လိုက်တယ်။ သူ့ရှေ့မှာရှိနေတဲ့ ခိုင်နေခြည်က သူ့ကိုပြုံးပြနေတယ်။ ခိုင်နေခြည်ရဲ့ဝိညာဥ်အပိုင်းအစကို စည်းရုံးပြီးနောက်မှာတော့ အီရာဗီဟာ ခိုင်ရဲ့ခန္ဓာကိုယ်ကိုထိန်းချုပ်နိုင်စွမ်း ခတ္တဆုံးရှုံး သွားခဲ့ပါပြီ။

နက်ဆန်ကသူ့အရိပ်နဲ့ ခိုင်နေခြည်ကိုယ်ပေါ်ကမိစ္ဆာတက်တူးကို လွှဲပြောင်းယူလိုက်ပြီး မိန်းကလေးရဲ့ခန္ဓာကိုယ်ကို ပွေ့ဖက် ထားလိုက်ပါတယ်။ အဲဒီနောက်တော့ အမိန့်အာဏာသံပါတဲ့ စကားတစ်ခွန်းကိုပြောလိုက်လေရဲ့။

“မသေနဲ့.....”

All Chapters