← Chapters

နဂါးသုံးကောင်ကို လက်ဆောင်အဖြစ် သတ်ဖြတ်ခြင်း

Vol. 15 Ch. 148

နဂါးသုံးကောင်ကို လက်ဆောင်အဖြစ် သတ်ဖြတ်ခြင်း

Vol. 15 Ch. 148

ပလ္လင်ပေါ်ရှိ ခန့်ညားပြီး စစ်သူကဲ့သို့ နတ်ဘုရားရုပ်တုသည် အမွှေးတိုင် အငွေ့အသက်များ ဝန်းရံလျက် ရှိနေပေသည်။

အနည်းငယ် ပိန်ပါးသော လူငယ်လေးသည် တိတ်ဆိတ်စွာ ရပ်နေပြီး သွေးစွန်းနေသော သူ၏ လက်က ဓားရိုးဆီသို့ လှမ်းကိုင်လိုက်လေ၏။

တစ်လက်မချင်းဆွဲထုတ်လိုက်သော ဓားသည် ကျောင်းနဂါးသခင် ပဉ္စမမင်းသား၏ဝမ်းဗိုက်ထဲသို့ မျက်စိတစ်မှိတ်အတွင်း ထိုးစိုက်ဝင်ရောက်သွားပြီးနောက် အပြာရောင်အလင်းတန်းတစ်ခု ဖြာထွက်လာခဲ့သည်။

သူ၏ အဝတ်အစားနှင့် အသားတို့သည် တိတ်ဆိတ်စွာ စုတ်ပြဲသွားကြလေ၏။

ရှန်းယီသည် လက်လှမ်းပြီး ကျောင်းနဂါးအမြုတေကို ဆွဲထုတ်လိုက်ကာ ပြိုင်ဘက်၏ ခန္ဓာကိုယ်ကို ဘုရားကျောင်းအပြင်ဘက်သို့ လွှင့်ပစ်လိုက်ပေသည်။

လူလတ်ပိုင်းအရွယ်လူ၏ အရပ်ရှည်သော ခန္ဓာကိုယ်သည် ကျန်း ၁၀၀ ရှည်လျားသော ကျောင်းနဂါးကြီးအဖြစ် စက္ကန့်ပိုင်းအတွင်း ပြောင်းလဲသွားပြီး မြေကြီးပေါ်သို့ ပြိုလဲကျကာ ဒဏ်ရာရထားသော ငါးရှဉ့်တစ်ကောင်ကဲ့သို့ တောင်စောင်းပေါ်တွင် တွန့်လိမ်နေလေ၏။

"ခင်ဗျားတို့ ဆက်လုပ်ကြပါ။"

ရှန်းယီ ခေါင်းငြိမ့်ပြလိုက်၏။ သူသည် နတ်ဘုရားများကို မယုံကြည်သော်လည်း ဤလူများ၏ အားကိုးရာမဲ့မှုကို နားလည်ပေးနိုင်ပါသည်။

သူ၏ ယခင်ဘဝတွင်ပင် ထိုအရာများကို ယုံကြည်သူများရှိခဲ့ရာ နတ်ဆိုးများ ပြည့်နှက်နေသော ပရမ်းပတာကမ္ဘာကြီးတွင် ဆိုဖွယ်ရာ မရှိတော့ပေ။

ရွှေယွင်ရွာမှ မြစ်စောင့်နတ်ကဲ့သို့ နတ်ဆိုးအသွင်ပြောင်းထားခြင်း မဟုတ်သရွေ့ သူသည် ဝင်ရောက်စွက်ဖက်ရန် မလိုလားပေ။

သူ ပြန်လှည့်ပြီး မြစ်စောင့်နတ်ဘုရားကျောင်းမှ ထွက်ခွာလာခဲ့သည်။

မူလက ရှည်လျားစွာ တန်းစီနေခဲ့ကြသော ဝတ်ပြုသူများသည် ယခုအခါ ကြောက်လန့်တကြား ရှုပ်ထွေးနေကြပြီ။ ရှန်းယီက ကျောင်းနဂါးကြီးကို တမင်တကာ ဝေးဝေးသို့ လွှင့်ပစ်လိုက်သော်လည်း ၎င်း ဖြစ်ပေါ်စေသော ကြီးမားသည့် တုန်ခါမှုကြောင့် လူများစွာ မြေကြီးပေါ်သို့ လဲကျသွားစေခဲ့သည်။

သို့သော် သူတို့သည် နက်မှောင်သော ဝတ်ရုံဝတ် လူငယ်လေး လမ်းလျှောက်ထွက်လာသည်ကို မြင်သောအခါ မျက်နှာပေါ်ရှိ ထိတ်လန့်မှုများသည် အံ့သြမှုအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားပြီး နောက်ဆုံးတွင် လူထောင်ပေါင်းများစွာ၏ မျက်နှာထားသည် တစ်ညီတစ်ညွတ်တည်း မှင်သက်သွားကြ၏။

နတ်ဆိုးဖမ်းဆီးသူ ဒါဇင်ပေါင်းများစွာသည်လည်း သေလုမျောပါး ဖြစ်နေသော နဂါးကြီးကို ငေးမောကြည့်နေကြသည်။

ထို့နောက် သူတို့သည် ရှန်းယီ နဂါးကြီးဆီသို့ လျှောက်သွားသည်ကို တွေ့လိုက်ရပြီး ပေါ့ပါးစွာ လက်ဝှေ့ယမ်းလိုက်ရာ နောက်ထပ် အပြာရောင်အလင်းတန်းတစ်ခုသည် ၎င်း၏ကြီးမားပြီး ကြမ်းတမ်းသော ခေါင်းထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရပါသည်။

[အမြုတေဖြစ်တည်ခြင်းအဆင့် ကျောင်းနဂါးကြီးကို သတ်ဖြတ်ခဲ့သည်။ စုစုပေါင်း သက်တမ်း ၅၁၀၀ နှစ်။ ကျန်ရှိသော သက်တမ်း ၁၅၀၀ နှစ်။ စုပ်ယူခြင်းဆုံး။]

ငွေရောင်ခေါင်းလောင်း နတ်ဆိုးဖမ်းဆီးသူ နှစ်ဦးသည် သတ္တိမွေးပြီး ရှေ့သို့ တိုးလာကာ လက်သီးဆုပ်လိုက်ကြသည်။

"စစ်သူကြီးအိုကြီးချန်ရဲ့ဘယ် ထူးချွန်တဲ့ သခင်လဲ ဆိုတာ မေးလို့ ရမလား။"

သာမန် လက်ထောက်များ မဆိုထားနှင့် နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီး ရှေ့မှောက်တွင်ပင် နတ်ဆိုးဖမ်းဆီးသူများသည် ဤမျှ ရိုသေရန် မလိုအပ်ပေ။

သို့သော် သူတို့ရှေ့မှောက်ရှိ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းကြောင့် မသိစိတ်က သခင်ဟု ထည့်သွင်းခေါ်ဝေါ်မိသွားခြင်းပင်။

"ရှန်းယီ။"

ရှန်းယီသည် သူတို့ရှေ့တွင် နဂါး၏ သွေးအဆီအနှစ်ကို သူ၏ ငွေရောင်ခေါင်းလောင်းထဲသို့ ထည့်လိုက်လေ၏။

နတ်ဆိုးဖမ်းဆီးသူ နှစ်ဦး၏ မျက်နှာထားများ ချက်ချင်း ထူးဆန်းသွားကြသည်။

လုပ်ဖော်ကိုင်ဖက် တစ်ဦး ဖြစ်နေသည်ကိုး...

သို့သော် သူတို့၏ လုပ်ဖော်ကိုင်ဖက်များကြားတွင် ဤမျှ အစွမ်းထက်သော ပုဂ္ဂိုလ်မျိုး မည်သည့်အချိန်က ပေါ်လာသနည်း။

"ကျန်တဲ့ နှစ်ကောင်က ဘယ်ဘက်မှာလဲ။"

ရှန်းယီ ယဉ်ကျေးစွာ မေးလိုက်၏။ ကျောင်းနဂါးလေးသည် ကျန်းဟန်ကျိုးနှင့် သွေးသားတော်စပ်မှု ပိုမိုနီးကပ်ခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပြီး စောစောက ကျောင်းနဂါးအမြုတေကို ယူပြီးနောက် ခံစားရသော ဆက်နွယ်မှုသည် အခြား ကျောင်းနဂါးများကို ခြေရာခံရာတွင် များစွာ အားနည်းနေသည်။

...

နတ်ဆိုးဖမ်းဆီးသူ သက်ပြင်းချလိုက်သည်။ တစ်ဖက်လူသည် နေရာရွှေ့ပြောင်းသွားလာခြင်း နည်းလမ်းဖြင့် ရောက်ရှိလာသည်ကို သူတို့ ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရသဖြင့် ဤကိစ္စသည် သူတို့နှင့် မသက်ဆိုင်ကြောင်း သိရှိကြပေသည်။

ထပ်မံ သဘောထားသေးသိမ်စွာ မပြုမူတော့ဘဲ သူတို့ အခက်အခဲကြားမှ ရရှိခဲ့သော ကျောင်းနဂါး အငွေ့အသက် နှစ်ခုကို လွှဲပြောင်းပေးလိုက်လေ၏။

"ဒါဆို သခင်ရှန်းကိုပဲ ဒုက္ခပေးရတော့မယ်။"

ကုသိုလ်အမှတ် ကုသိုလ်အမှတ်ပင် ဖြစ်သော်လည်း စစ်သူကြီး မပြန်လာမီ လူနှစ်ဦး လျော့နည်း သေဆုံးခြင်းသည် အမြဲတစေ ကောင်းမွန်သော ကိစ္စတစ်ခုပင်။

"ကျေးဇူးတင်ပါတယ်။"

ရှန်းယီ အငွေ့အသက်ကို ယူလိုက်ပြီး ကျောင်းနဂါး၏ မုတ်ဆိတ်မွေးကို ဆုပ်ကိုင်ကာ ကြီးမားသော အလောင်းကြီးကို သယ်ဆောင်လျက် ကောင်းကင်သို့ ထပ်မံ ပျံတက်သွားပြီး ထိုနေရာမှ ပျောက်ကွယ်သွားလေ၏။

သူ ထွက်ခွာသွားပြီးနောက် တောင်စောင်းတွင် ဆူညံသံများ ပြန်လည် ထွက်ပေါ်လာကြပါသည်။

နတ်ဘုရားကျောင်းထဲရှိဝတ်ပြုသူများ အားလုံး အပြေးအလွှား ထွက်လာကြပြီး လူငယ်လေး ထွက်ခွာသွားသော ကောင်းကင်ကို မျက်လုံးပြူးများဖြင့် စိုက်ကြည့်နေကြ၏။ ထို့နောက် နတ်ဘုရားရုပ်တု၏ ခြေရင်းသို့ ချက်ချင်း ပြန်လည် ပြေးသွားကြပြီး တိုးဝှေ့လျက် ကျယ်လောင်စွာ ဦးခိုက်ပူဇော်ကြသည်။

"မြစ်စောင့်နတ် ကိုယ်ထင်ပြပြီ"

လင်ကျန်းစီရင်စု၊ ရွှေယွင်ရွာ

မြစ်ရေသည် ယခင်ကဲ့သို့ တည်ငြိမ်ခြင်း မရှိတော့ဘဲ လှိုင်းများ ထန်နေကာ လူကို ဝါးမြိုရန် အသင့်ရှိနေသော အောက်ခြေမဲ့ပါးစပ်ပေါက်ကြီးကဲ့သို့ ကြောက်ရွံ့ဖွယ်ရာအလိပင်။

တိမ်တိုက်ပုံစံ မင်ရောင် ဝတ်ရုံ အများအပြားသည် ညှီစို့စို့ ငါးနံ့ပါသော မြစ်လေတွင် လွင့်ပျံနေကြသည်။

ဤနေရာသည် ယန်ချွန်းမြစ်၏ အလယ်ပိုင်းဖြစ်လေ၏။

နက်မှောင်သောချပ်ဝတ်ကာ ဝတ်ဆင်ထားပြီး ရှေးဟောင်းလှံရှည်ကို ကိုင်ဆောင်ထားသော အဘိုးအို တစ်ဦးသည် မြစ်ကမ်းပါးတွင် တိတ်ဆိတ်စွာ ရပ်နေပြီး သူ၏ အနီရောင်ဝတ်ရုံသည် အနည်းငယ် မှိန်ဖျော့နေသည်။

ကျယ်ပြောလှသော ယန်ချွန်းမြစ် ရှေ့တွင် ယင်ဝိညာဉ်ကို ကျင့်ကြံသော အမြုတေဖြစ်တည်ခြင်းအဆင့် နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီးပင်လျှင် အနည်းငယ် အားကိုးရာမဲ့ ဖြစ်နေပုံရလေ၏။

ချန်ချမ်ခွင်းသည် ကျောင်းနဂါးအိုကြီး အသက်ရှင်နေသလား သေဆုံးသွားသလား ဆိုသည်ကို မသိသလို ယန်ချွန်းမြစ်ထဲတွင် ရှိနေသေးသလား ဆိုသည်ကိုလည်း မသိရှိပေ။

သို့သော် ထိုကျောင်းနဂါးအိုကြီး မပေါ်ထွက်လာသရွေ့ သူသည် မြစ်ကမ်းပါးကိုသာ စောင့်ကြပ်နေရမည်။

အဘယ်ကြောင့်ဆိုသော် သူ့အပြင် လင်းကျန်းစီရင်စု တစ်ခုလုံးတွင် ၎င်းကို စောင့်ကြည့်နိုင်သူ မရှိသောကြောင့်ပင်။

စစ်သူကြီးအို ချန်ချမ်ခွင်းနှင့် အနီးစပ်ဆုံး ပုဂ္ဂိုလ်မှာ ဒု-စစ်သူကြီး မဟုတ်ဘဲ အစင်းသုံးခုပါ တပ်ဖွဲ့ခေါင်းဆောင် ဝတ်စုံ ဝတ်ဆင်ထားသော သန်မာထွားကြိုင်းသည့် လူငယ်လေး တစ်ဦး ဖြစ်သည်။

"မင်း နောက်ဆုံးတော့ အားလပ်ချိန် ရပြီဆိုကာမှ ပထမဆုံး ရင်ဆိုင်ရတာက အမြုတေဖြစ်တည်ခြင်းအဆင့်ပညာရှင် ပါတဲ့ ကျောင်းနဂါးမျိုးနွယ်စု ဖြစ်နေတယ်။ မင်း ဒီအဘိုးကြီးအပေါ် နည်းနည်း စိတ်ပျက်နေပြီလား။" ချန်ချမ်ခွင်း ပြုံးလျက် မေးလိုက်သည်။

"မပျက်ပါဘူး၊ ကျွန်တော် အသုံးမကျသလို ခံစားရပြီး နည်းနည်း ရှက်မိလို့ပါ။"

ဖန်းဟန် ဖြည်းညှင်းစွာ လက်သီးဆုပ်လိုက်သည်။

"မင်း ငယ်ပါသေးတယ်။ ငါတို့ အဘိုးကြီးတွေကသာ အသုံးမကျတာ၊ မင်းတို့အားလုံးအတွက် လုံလောက်တဲ့ အချိန် မဝယ်ပေးနိုင်ခဲ့ဘူး။"

ချန်ချမ်ခွင်း စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်သည်။ သူ ငယ်ရွယ်စဉ်က သူ၏ ကျင့်ကြံခြင်းအဆင့်သည် ဤလူငယ်လေးများလောက်ပင် မမြင့်မားခဲ့ပေ။

ဤအရာကို တွေးမိသောအခါ သူက နှစ်သိမ့်လိုက်သည်။

"မင်းက ရွယ်တူတွေ အားကျရတဲ့ အဆင့်အတန်း တစ်ခုကို ရောက်နေပြီ။ ကိုယ့်ကိုယ်ကိုယ် သက်တမ်းကုန်ခါနီး အဘိုးကြီးတွေနဲ့ နှိုင်းယှဉ်နေစရာ မလိုပါဘူး။"

"အားကျရတာလား"

ဖန်းဟန် ကိုယ့်ကိုယ်ကိုယ် သရော်ပြုံး ပြုံးလိုက်ပြီး ပြန်လည် မငြင်းဆိုသော်လည်း ပုံရိပ်တစ်ခု သူ၏ စိတ်ထဲတွင် ရှင်းပြ၍ မရနိုင်အောင် ဖြစ်ပေါ်လာခဲ့၏။

ထိုအချိန်တွင် နတ်ဆိုးဖမ်းဆီးသူ တစ်ဦး အပြေးအလွှား ရောက်လာသည်။

ချန်ချမ်ခွင်း၏ အပြုံး ပျောက်ကွယ်သွားသည်။

"သူတို့ကို ဖမ်းမိပြီလား။"

ဤတစ်ခါ အလွန်ဝါရင့်သော ငွေရောင်ခေါင်းလောင်း နတ်ဆိုးဖမ်းဆီးသူ ဆယ်ဦးကျော် လာရောက်ခဲ့သည်။ ၃ ရက်၊ ၅ ရက် ကြာပြီးနောက် ရလဒ်တစ်ခုခု ရှိသင့်လေပြီ။

"မဖမ်းမိပါဘူး၊ ဒါပေမဲ့..."

နတ်ဆိုးဖမ်းဆီးသူ စကားတစ်ဝက်တွင် ရပ်တန့်သွားသည်။

"ဒါပေမဲ့ ဘာဖြစ်လဲ။"

ဖန်းဟန် စိုးရိမ်တကြီး မေးလိုက်လေ၏။

စစ်သူကြီးအို ချန်သည် အကြည့်ကို ရုပ်သိမ်းလိုက်ပြီး ကောင်းကင်ကို မော့ကြည့်နေသည်ကို သူ တွေ့လိုက်ရသည်။

နတ်ဆိုးနှိမ်နင်းရေးဌာနမှ လူတိုင်း၏ အကြည့်အောက်တွင် ခန္ဓာကိုယ် တွဲလောင်းကျနေသော ကြီးမားသည့် ကျောင်းနဂါးကြီး သုံးကောင်သည် မြူများဆိုင်းနေသော ကောင်းကင်ယံတွင် ပေါ်လာခဲ့၏။

သူတို့၏ နက်မှောင်သော အကြေးခွံများသည် အေးစက်သော အလင်းရောင်ဖြင့် တောက်ပနေပြီး တစ်ကောင်ချင်းစီသည် ချင်းဖုန်းတောင်မှ ကျောင်းနဂါးကြီးထက် မငယ်ကြပေ။

ထိုအချိန်တွင် သူတို့သည် လျှပ်စီးကဲ့သို့အမြန်နှုန်းဖြင့် မြေကြီးပေါ်သို့ ပြုတ်ကျလာကြသည်။

ဝုန်း

တပ်ဖွဲ့ခေါင်းဆောင်များနှင့် ဒု-စစ်သူကြီးများစွာ ထိတ်လန့်သွားကြပြီး သူတို့ထံ တိုးဝင်လာသော ညှီစို့စို့လေကို ကာကွယ်ရန် လက်မောင်းများဖြင့် မျက်နှာကို အလိုအလျောက် ကာလိုက်ကြ၏။

မီးခိုးနှင့် ဖုန်မှုန့်များ ကင်းစင်သွားသောအခါ ကျောင်းနဂါးအသေကောင်များကြားမှ လူငယ်လေးတစ်ဦး ဖြည်းညှင်းစွာ လျှောက်ဆင်းလာသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။

အချို့က ထိုဖြူဖျော့သော မျက်နှာကို မရင်းနှီးသော်လည်း အခြားသူများမှာမူ အလွန် ရင်းနှီးကျွမ်းဝင်နေကြ၏။

"..."

ဖန်းဟန် အသက်ရှူအောင့်ထားပြီး ဘာလုပ်ရမှန်းမသိ ဖြစ်ကာ ဆံပင်ကို ကုတ်လိုက်သည်။

ချန်ချမ်ခွင်း မျက်ခုံးအနည်းငယ် ပင့်လိုက်ပြီး ယန်ချွန်းမြစ်၏နာမည်ကျော် ကျောင်းနဂါးသခင် သုံးပါးလုံး အသက်မဲ့နေသည်ကို စိုက်ကြည့်နေ၏။

သူတို့၏ ဝမ်းဗိုက်များသည် စုတ်ပြဲနေပြီး သေဆုံးပုံမှာ အလွန် ရင်းနှီးနေသည်။

ထို့နောက် သူ၏ အကြည့်သည် လူငယ်လေး၏ မျက်နှာပေါ်သို့ ကျရောက်သွားသည်။

"ရှန်းယီက စစ်သူကြီးအို ချန်ကို နှုတ်ဆက်ပါတယ်။"

နက်မှောင်သော ဝတ်ရုံဝတ် လူငယ်လေးသည် လူအုပ်ရှေ့သို့ လျှောက်လာပြီး လက်သီးဆုပ်လိုက်သည်။

သူ၏ ကော်လာပေါ်ရှိ တံဆိပ်သည် ချန်ချမ်ခွင်း တစ်ဦးတည်းပိုင်ဆိုင်သော အရာဖြစ်သဖြင့် အခွင့်အရေးအရဆိုလျှင် နှစ်ဦးသားသည် နှစ်ပေါင်းများစွာကြာမိတ်ဆွေဟောင်းများ ဖြစ်လာသင့်သည်။

သို့သော် ယခုအချိန်တွင် သူတို့နှစ်ဦးစလုံး၏ မျက်နှာထားသည် ထူးခြားနေသည်... သူတို့ သိပ်ရင်းနှီးပုံ မရပေ။

"ဒါပေမဲ့ ကျောင်းနဂါးနတ်ဆိုး သုံးကောင်စလုံး သခင်ယရှန်းရဲ့ လက်ချက်နဲ့ သေဆုံးသွားပါပြီ။"

နတ်ဆိုးဖမ်းဆီးသူ ပခုံးတွန့်ပြပြီး စကားကို အဆုံးသတ်လိုက်သည်။

ဤစကားကို ကြားသောအခါ ချန်ချမ်ခွင်း၏ မျက်နှာပေါ်တွင် ရှုပ်ထွေးမှု အရိပ်အယောင် ပေါ်လာခဲ့၏။

ချင်းဖုန်းတောင်မှ ထွက်ခွာစဉ်က သူသည် လူငယ်လေးကို တစ်ချက် လှမ်းကြည့်ခဲ့ဖူးသည်။

ယခု ပြန်လည် တွေ့ဆုံရသောအခါ လူငယ်လေးသည် ထိုတည်ငြိမ်အေးဆေးသော အမူအရာကို ပိုင်ဆိုင်ထားဆဲ ဖြစ်သော်လည်း ကမ္ဘာကြီးတစ်ခုလုံး ပြောင်းလဲသွားသကဲ့သို့ပင်။

"ငါ တကယ်တော့ မင်းကို စောင့်နေတာ။"

အဘိုးအို သက်ပြင်းချလိုက်ပြီး နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးတစ်ခု ပေါ်လာသည်။

"ဒါပေမဲ့ မင်း ငါ့ကို လာရှာမှာကိုလည်း ငါ ကြောက်နေခဲ့တယ်။"

စစ်သူကြီးချုပ်တွင် ထူးချွန်ထက်မြက်သော တပည့် ငါးဦး ရှိသည်။ နှစ်ပေါင်း ၈၀၀ ကျော် နေထိုင်ခဲ့သော ချန်ချမ်ခွင်းသည်လည်း သူ၏ ပညာအမွေကို ဆက်ခံရန် အလားတူ လူငယ်လေးတစ်ဦးကို လိုချင်ခဲ့သည်။

သို့သော် ဤကဲ့သို့သော ပါရမီရှင်ကို သူ့ဘေးတွင် ထားရှိခြင်းသည် အတော်အတန် ဖြုန်းတီးရာ ရောက်မည်ဟု သူ ခံစားခဲ့ရသည်။

လူငယ်လေးအတွက် နတ်ဆိုးဖမ်းဆီးသူ အဖွဲ့သို့ ဝင်ရောက်ခြင်းသည် ပိုမို စိန်ခေါ်မှု ရှိသော်လည်း သူ၏ အနာဂတ်အတွက် ပိုမို အကျိုးရှိသော ရွေးချယ်မှု ဖြစ်ပေသည်။

ဤအခြေအနေတွင် သူသည် ရှန်းယီကို နက်နက်နဲနဲ ကြည့်လိုက်သည်။

"ငါတို့ ဒီလိုနည်းနဲ့ တွေ့ဆုံရလိမ့်မယ်လို့ ငါ အိပ်မက်တောင် မမက်ဖူးဘူး။"

ကျန်းဟန်ကျိုးထက် မနိမ့်ကျသော ‌ကျောင်းနဂါးသခင် သုံးပါးကို တွေ့ဆုံလက်ဆောင်အဖြစ် ပေးခြင်းသည်... ရိုးရှင်းစွာ ပြောရလျှင် လွန်ကဲလွန်းလှ‌ပေည်။

လွန်ကဲလွန်းလှသဖြင့် သူ၏ ရှေ့မှောက်ရှိ ယန်ချွန်းမြစ်ကဲ့သို့ သူ၏ နှစ်ရှည်လများစွာ ငြိမ်သက်နေသော နှလုံးသားသည်ပင် လှိုင်းလုံးကြီးများဖြင့် လှုပ်ခတ်သွားခဲ့ရ၏။

All Chapters