သားရဲဧကရာဇ်ထူရှန်း
Vol. 41 Ch. 563
“ဖုန်းအာ အခုလုပ်လိုက်တော့”
မှော်စွမ်းအင်မျိုးစုံရှိကြသည့် သားရဲလူသားတစ်စုကို ဖြေရှင်းနေချိန် ကျန်းရီက သတိမမူဘဲ မနေရဲချေ။ သူကလူတိုင်းကို ဖိနှိပ်ရန်အတွက် သတ်ဖြတ်ခြင်းဆန္ဒကို ထုတ်ဖော်လိုက်တော့သည်။ သူ၏ကောင်းကင် စိတ်အာရုံကိုလည်း ဖြန့်ကျက်လိုက်၏။ တစ်စုံတစ်ယောက် ပေါ်လာသည်နှင့် သူကထိုလူကိုသတ်ရန် တစ္ဆေမီးလျှံများကို ချက်ချင်း ထုတ်လွတ်တော့သည်။
ချီး ချီး
သတ်ဖြတ်ခြင်းဆန္ဒသည် ဗာဂျရာနယ်ပယ် သိုင်းပညာရှင်များကို ဖိနှိပ်နိုင်စွမ်း ရှိသော်ငြား ဖုန်းလန်ကိုလည်း အနည်းငယ် သက်ရောက်မှုရှိ၏။ သူမ၏ အရှိန်အဝါကို မြင့်တင်ကာ လက်နှစ်ဖက်သည် အနက်ရောင် ရောင်ခြည်ဖြင့် တောက်ပလာပြီး လက်ချောင်းစွမ်းအားကို ခဲသွားစေ၏။ ပြီးနောက်သူသည် လက်ချောင်းအားဖြင့် ကျန်းရီ၏ သတ်ဖြတ်ခြင်းဆန္ဒ ဖိနှိပ်ခံထားရသော သားရဲလူသားများဆီ ပစ်ထုတ်လိုက်တော့သည်။
“အာ”
သူတို့ထဲတွင် အသန်မာဆုံးဖြစ်သော ဧကရာဇ်မုန့်သည် တစ်ချက်အော်လိုက်သေး၏။ ကျန်သည့်သားရဲလူသားများက ဆူညံသံတောင် မပြုနိုင်ခဲ့ပေ။ သူတို့အားလုံးက သတ်ဖြတ်ခြင်းဆန္ဒကြား မြေပြင်ပေါ် ဖိနှိပ်ခံထားရ၏။ မျက်လုံးထဲတွင် ကြောက်လန့်ရိပ်တို့ ပြည့်နေကာ သူတို့လှုပ်ရှားနိုင်ခြင်းမရှိဘဲ သူတို့ဆီသို့ အနက်ရောင် လက်ချောင်းစွမ်းအား ရောက်လာတာကိုသာ ကြည့်နေရသည်။
သူတို့ထဲရှိ လူတိုင်းက ထူးခြားသော အရည်အချင်းအချို့ ရှိတာမှန်ပေ၏။ သို့သော် သတ်ဖြတ်ခြင်းဆန္ဒနှင့် ကောင်းကင်ဧကရာဇ်တစ်ဦး၏ အရှိန်အဝါတို့က နှိပ်ကွပ်နိုင်လွန်းသည်။ သူတို့က ပြန်တိုက်ခိုက်ရန် အသိတောင် မရှိတော့ချေ။ ထို့အပြင် သူတို့၏ခန္ဓာကိုယ်က မလှုပ်ရှားနိုင်ရာ မည်သည့်နည်းဖြင့် သူတို့က တိုက်ခိုက်နိုင်မည်နည်း။
ဖုန်း ဖုန်း
ပန်းပွင့်များ ဖူးပွင့်လာသည်နှင့် သားရဲလူသားများ၏ ခေါင်းများက တစ်ခေါင်းပြီးတစ်ခေါင်း ပေါက်ကွဲထွက်သွားတော့သည်။ ကောင်းကင်ဧကရာဇ်အဆင့် သိုင်းပညာရှင်တစ်ဦးထံမှ အတွင်းအားတိုက်ကွက်သည် အင်မတန် ကြမ်းတမ်းကာ သားရဲလူသားများ၏ မာကျောသော ခန္ဓာကိုယ်အတွက်တောင် ကြမ်းပေ၏။
မျက်တောင်တစ်ခတ်အတွင်း ကျန်သည့်သားရဲလူသား ဗာဂျရာနယ်ပယ် သိုင်းပညာရှင်(၁၅)ဦး အသတ်ခံခဲ့ရသည်။ ဧကရာဇ်မုန့်နှင့် သခင်လေး ထူလွေ့သာကျန်တော့၏။ ဖုန်းလန်သည် သခင်လေးထူလွေ့ကို တစ်ချက်ကြည့်ပြီး ကျန်းရီက တီးတိုးပြောလိုက်၏။
“သခင်လေး နဂါးလူသားတွေက သားရဲလူသား မျိုးနွယ်စုထဲမှ အလွန်မြင့်မားတဲ့ အဆင့်အတန်း တစ်ခုရှိပုံပဲ ဒီနဂါးလူသားကိုရော ကျွန်မတို့သတ်မှာလား”
“သတ်”
ကျန်းရီသည် အဆင့်အတန်းအကြောင်း ဂရုမစိုက်နိုင်ပေ။ ထိုသခင်လေး ထူလွေ့က ဖုန်းလန်ကို ချက်ချင်းပင် အပိုင်းပိုင်း စုတ်ဖြဲပစ်ချင်သည့်ပမာ ရက်စက်စွာ ကြည့်နေခဲ့၏။ ကျန်းရီက မည်ကဲ့သို့သူ့ကို အသက်ရှင်ခွင့် ပေးမည်နည်း။
“မဟုတ်ဘူး မင်းငါ့ကို သတ်လို့မရဘူး”
ထူလွေ့သည် ဖုန်းလန်၏ လက်ချောင်းအတွင်းအား တိုးဝင်ပြီး သူ့ကိုသတ်တော့မှာကို မြင်နေသည့်အချိန်တွင် သူ၏ခန္ဓာကိုယ်ထဲမှ အစွမ်းထက်သော အရှိန်အဝါက ရုတ်တရက် ပေါ်ထွက်လာသည်။ သူ၏ ကြောက်လန့်မှုကို ထိန်းချုပ်ကာ အကောင်းဆုံး အရည်အချင်းကို ထုတ်ဖော်လိုက်သည်။ ပြီးနောက် အော်ပြောလိုက်၏။
“ငါ့ရဲ့အဘိုးက ထူရှန်းပဲ မင်းတို့လူသားတွေ ငါ့ကိုသတ်ရဲရင် ငါ့ရဲ့အဘိုးက လူသားမျိုးနွယ်စု အားလုံးကို သုတ်သင်ရှင်းလင်းပြစ်မှာ သေချာတယ်”
ဧကရာဇ်မုန့်ကလည်း ကြောက်လန့်သွားသည်။ သူကတက်စွမ်းသမျှ အော်ဟစ်လိုက်၏။
“သခင်လေးထူလွေ့မှာ ထင်ရှားကျော်ကြားတဲ့ အဆင့်အတန်း တစ်ခုရှိတယ် မင်းငါ့ကို သတ်ရဲရင် နတ်ဘုရားတောင် မင်းကိုမကယ်နိုင်ဘူး လူသားအားလုံး သေရမယ်”
“ဟမ့်”
ထူလွေ့နှင့် ဧကရာဇ်မုန့်သည် တိတ်ဆိတ်နေလျှင် အဆင်ပြေပေအုံးမည်။ ကျန်းရီသည် သူတို့၏စကားကြောင့် ဒေါသထွက်သွားတော့၏။ သူ၏ဘဝတွင် ခြိမ်းခြောက်ခံရခြင်းကို အမုန်းဆုံးဖြစ်သည်။ သူဒေါသထွက်သွားသည်နှင့် သူတို့မည်သူပင် ဖြစ်စေကာမူ သူတို့အားလုံးကို သတ်မှာပဲဖြစ်သည်။ ချက်ချင်းပင် သူ၏လက်ထဲ၌ မီးနဂါးဓား ပေါ်လာပြီးနောက် မီးနဂါးငယ်များ သောင်းချီက ပေါ်ထွက်လာလျှက် ထူလွေ့ဆီသို့ ဦးတည်သွားတော့သည်။
“သခင်လေး မလုပ်နဲ့”
ဖုန်းလန်က တစ်စုံတစ်ခုကို ရုတ်တရက် သတိပေးလိုက်သည်။ သူမက အော်ဟစ်ပြီး သူ့ကိုတားချင်၏။ သို့သော် မီးနဂါးဓားလေးများက ထူလွေ့ဆီသို့ ဝန်းရံပြီးဖြစ်နေသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံ့များ တစ်လွှာပြီးတစ်လွှာ ပေါက်ကွဲကုန်၏။ မကြာမီ၌ သူ့ခန္ဓာတစ်ခုလုံးသည် အသားစအဖြစ် အပိုင်းပိုင်းအစစ ပေါက်ကွဲသွားတော့သည်။ ထူလွေ့သည် ဗာဂျရာနယ်ပယ် ဒုတိယအဆင့်သာ ရှိသေးရာ ကျန်းရီထက် အားနည်းလွန်းနေ၏။
ချွီ ချွီ
ထူလွေ့သေဆုံးသွားသည်နှင့် သူ၏ခေါင်းထဲမှ အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီး လျှပ်စီးပမာ မြန်ဆန်စွာ ပေါ်ထွက်လာ၏။ စက္ကန့်ပိုင်းအကြာတွင် ယင်းက ပျောက်ကွယ်သွားတော့သည်။
“အဲ့ဒါဘာလဲ”
ကျန်းရီက စိတ်ရှုပ်ထွေးလျှက် မျက်တောင်ခတ်လိုက်တော့သည်။ ထိုအလင်းလှုပ်ရှားတာ မြန်ဆန်လွန်း၏။ ထို့အပြင် ကောင်းကင်စိတ်အာရုံဖြင့် ကြည့်လိုက်သည့်အခါ သူဘာကိုမှ ရှာမတွေ့ခဲ့ရပေ။ အလင်းက အလွန်ထူးဆန်းနေပေ၏။
“ဘာဖြစ်သွားတာလဲ”
သူကအကြိမ်ရေအနည်းငယ် ကြည့်လိုက်သည်။ ရုပ်ခန္ဓာနှင့် ထူလွေ့၏ဝိညာဉ် နှစ်မျိုးလုံး ဖျက်ဆီးခံရကြောင်း အတည်ပြုပြီးနောက် သူစိတ်အေးသွားတော့သည်။ သူက ဖုန်းလန်ကို သွေးနီရောင် မျက်ဝန်းများဖြင့် ကြည့်လိုက်လေသည်။ သူမမျက်ဝန်းထဲ၌ သတိအနေအထား စိတ်လေးလံမှုတို့ကို မြင်သည့်အချိန်တွင် သူက တအံ့တသြ မေးလိုက်သည်။ “ထူရှန်းက အလွန်ကျော်ကြားသလား”
ဖုန်းလန်က တံတွေးမျိုချပြီးနောက် အသက်ပြင်းပြင်းရှုကာ ပြောလိုက်တော့သည်။
“ဒီတစ်ခေါက် ကျွန်မမေ့သွားတာ အရှေ့ပိုင်း တော်ဝင်နယ်မြေရဲ့ ဧကရာဇ် ကိုးပါးထဲက တစ်ပါးက သားရဲဧကရာဇ် ထူရှန်းလို့ ခေါ်ပုံပဲ”
“ဘာ” ကျန်းရီက အံ့သြကာ စွံ့အသွားတော့သည်။ ဒီတစ်ခေါက်သူ အလွန်အကျွံ လုပ်မိတာလား။ အရှေ့ပိုင်း တော်ဝင်နယ်မြေရဲ့ ဧကရာဇ်ကိုးပါးထဲက တစ်ပါးဖြစ်တဲ့ သားရဲဧကရာဇ်ရဲ့မြေးကို သူသတ်ခဲ့တာလား။
အရှေ့ပိုင်း တော်ဝင်နယ်မြေရဲ့ ဧကရာဇ်ကိုးပါးတဲ့။
သူတို့က ကောင်းကင်ကြယ်တာရာ နယ်နိမိတ်တစ်ခုလုံး၌ အစွမ်းအထက်ဆုံး တည်ရှိမှုဖြစ်သည်။ သူတို့၏ လူမဆန်သော တိုက်ပွဲဝင်စွမ်းအားကို မဆိုထားနှင့် သူတို့မျိုးနွယ်စုက ကောင်းကင်ကြယ်တာရာ နယ်နိမိတ်ကို လွှမ်းမိုးထားနိုင်သည်။ မြောက်ပိုင်းဧကရာဇ် ဝူရှန်း၏ ထိန်းချုပ်မှုအောက်တွင်ရှိသော သိုင်းခန်းမကို ဥပမာယူနိုင်ပေ၏။ သူတို့၏ အစိုးရ ကောင်းကင်ကြယ်တာရာ နယ်မြေတစ်ခုလုံး၌ ခန်းမခွဲများရှိကြသည့် ကောင်းကင်ကြယ်တာရာ နယ်မြေနှင့် ဖီးနစ်အော်သံ နယ်မြေပေါ်တွင်တောင် သိုင်းခန်းမခွဲများ ရှိနေလေသည်။
ကျန်းရီသည် သိုင်းခန်းမကို ရန်စခဲ့ပြီဖြစ်ကာ သိုင်းခန်းမက စေလွှတ်လိုက်သော ကောင်းကင်ဧကရာဇ် ပညာရှင်များသည် သူ့ကိုလိုက်ရှာမှာ သေချာ၏။ ယခုမူသူက သားရဲဧကရာဇ်တစ်ပါး၏ မြေးကိုသတ်ခဲ့သည်။ ထူမျိုးနွယ်စုသည် ထိုသတင်းရသည့်အချိန်၌ သူတို့ကသူ့ကို အမဲလိုက်ရန် လူများလွှတ်မှာ သေချာနေသည်။ အင်အားစုကြီးနှစ်စု အလိုက်ခံရခြင်းက ကမ္ဘာလောကကြီးက ကျယ်ပြောသော်ငြား သူမည်သည့်နေရာတွင် ဝင်ပုန်းနိုင်မည်နည်း။ ကျန်းရီ၏ခေါင်းသည် ထိုအတွေးများကြောင့် နာကျင်နေလေ၏။
သူ၏ခန္ဓာကိုယ်က ဖျတ်ခနဲ လှုပ်ရှားသွားပြီး မီးနဂါးဓားကို ပြန်ယူလိုက်သည်။ သူ၏လက်သီးအား အတွင်းအားတို့ဖြင့် ဝန်းရံသွားပြီးနောက် ဧကရာဇ်မုန့်၏ ဝမ်းဗိုက်အောက်ပိုင်းကို ထပ်ခါထပ်ခါ ထိုးနှက်တော့သည်။ သူ၏ဒန်တန်က ပျက်ဆီးသွားပြီး ကျန်းရီက သတ်ဖြတ်ခြင်းဆန္ဒကို ရုတ်သိမ်းလျှက် သူ့ကိုကန်ထုတ်လိုက်တော့သည်။ သူကအေးတိအေးစက် ပြောလိုက်၏။
“ဒီနဂါးလူသားက သားရဲဧကရာဇ် ထူရှန်းရဲ့မြေးလား”
“ဟီး ဟီး”
သွေးများက သားရဲဧကရာဇ်မုန့်၏ ပါးစပ်မှ စီးကျလာလေသည်။ သူကဒူးထောက်ထားလျှက် ကျန်းရီကို ကောက်ကျစ်သောအပြုံးဖြင့် ကြည့်လိုက်သည်။
“ကောက်ကျစ်တဲ့လူသား မင်းအခု ကြောက်နေပြီလား ဟား ဟား ဟား ထူလွေ့က သားရဲဧကရာဇ် ထူရှန်းရဲ့မြေးပဲ ဧကရာဇ်မှာ မြေးတွေအများကြီးရှိတယ် ဒါပေမဲ့ လေးယောက်ပဲ သူရဲ့နှစ်သက်ရတဲ့မြေး သခင်လေးထူလွေ့က သူတို့ထဲက တစ်ယောက်ပဲ လူသား မင်းတော့ ကံဆိုးမိုးမှောင် ကျပြီပဲ မင်းတို့လူသား မျိုးနွယ်စုအားလုံး ကံဆိုးမိုးမှောင်ကျပြီ သားရဲဧကရာဇ် အမဲလိုက်တာကိုပဲ စောင့်နေလိုက်တော့”
“ခွီး ခွီး မင်းကငါ အလွယ်တကူ ကြောက်မယ်များ ထင်နေလား”
ကျန်းရီက နှာခေါင်းရှုံ့ကာ ပြောလိုက်၏။
“ငါတို့တွေက အရှေ့ပိုင်း တော်ဝင်နယ်မြေနဲ့ အဝေးကြီးပဲ သားရဲဧကရာဇ်က နတ်ဘုရားလား သူ့ရဲ့မြေးကို သတ်ခဲ့တဲ့လူက ငါဆိုတာ ဘယ်လိုလုပ် သိမှာလဲ သားရဲလူသားနယ်မြေမှာ ငါတို့ရင်ဆိုင်တွေ့တာ မင်းကလွဲပြီး တစ်ခြားလူတွေမရှိမှာ စိုးရိမ်မိတယ် သားရဲဧကရာဇ်က စုံစမ်းချင်တယ်ဆိုရင်တောင် လူသတ်သမားကို မရှာနိုင်ဘူး ထူလွေ့ကသေပြီ သားရဲဧကရာဇ်က မင်းရဲ့မျိုးနွယ်ကို အရင်ဆုံး သုတ်သင်ရှင်းလင်းပစ်မှာ စိုးရိမ်ရတယ်”
“ဟမ့်” ဧကရာဇ်မုန့်က ဖြူရော်သွားသည်။ မကြာမီ၌သူက အရာအားလုံးကို စွန့်စားရန် အသင့်ပြင်လိုက်သည်။ သူကကျန်းရီကို နှာခေါင်းရှုံ့ကာ ပြောလိုက်၏။
“သခင်လေးထူလွေ့ သေသွားပြီးတဲ့နောက် တွေ့လိုက်ရတဲ့ အလင်းတန်းကို ခင်ဗျား သတိမပြုမိဘူးလား ဟား ဟား ဟား အဲ့ဒါက ထူမျိုးနွယ်စုရဲ့ ထူးခြားတဲ့ ပညာရပ်တစ်မျိုးပဲ အရေးကြီးတဲ့ ဂိုဏ်းသားတစ်ယောက် အသတ်ခံလိုက်ရတဲ့အချိန်မှာ ရန်သူရဲ့ ဝိညာဉ်အရှိန်အဝါကို မှတ်တမ်းတင်ထားတာ မင်းရဲ့သွင်ပြင်ကို ပြောင်းလဲလို့ရတယ် ဒါပေမဲ့ မင်းရဲ့ဝိညာဉ် အရှိန်အဝါကို ပြောင်းလဲလို့မရဘူး ထူမျိုးနွယ်စုက သိုင်းပညာရှင်တွေက မင်းရဲ့ဝိညာဉ်အရှိန်အဝါအလိုက် မင်းကိုလိုက်လာလိမ့်မယ် ဒီတော့ အခုမင်းသေဖို့ပဲ စောင့်နေရမှာ”
“သေစမ်း”
ကျန်းရီက စိတ်ထဲမောသွား၏။ ဤလောကထဲတွင် ထိုကဲ့သို့ ပညာရပ်မျိုးတောင် ရှိနေသည်လော။
သူကဖုန်းလန်ကို ကြည့်မိသည့်အချိန်တွင် သူမက သုန်မှုန်စွာ ခေါင်းညိတ်လိုက်ပြီး သူ့ကိုအသံ ပို့လိုက်လေ၏။
“သခင်လေး ကျွန်မတို့ ဖုန်းမျိုးနွယ်စုက ဒီမှော်ပညာရပ်ကိုလည်း မှတ်တမ်းတင်ထားတယ် ထူမျိုးနွယ်စုတွေတင်မကဘူး တစ်ခြားဂိုဏ်းကြီးတွေမှာလဲ ဒီလိုမှော်ပညာရပ်မျိုး ရှိကြတယ် အရှေ့ပိုင်း တော်ဝင်နယ်မြေက မျိုးနွယ်စုကြီးတွေက အလွန်အကာအကွယ်ကြီးတာ သူတို့ရဲ့မျိုးဆက်ကို သတ်ရဲတဲ့လူ ဘယ်သူဖြစ်ဖြစ် အဆုံးမရှိ အလိုက်ခံရမှာပဲ သခင်လေး ကျွန်မတို့တွေ ပြဿနာကြီး တက်ပြီပဲ”
“ငါသေရမယ်ဆိုရင်တော့ ဂုဏ်သိက္ခာရှိရှိ သေမယ် ဘယ်သူ့ကို ဂရုစိုက်ရမှာလဲ”
ကျန်းရီက နှာခေါင်းရှုံ့ပြီး စိတ်အနှောက်အယှက် ဖြစ်မနေတော့ပေ။
သိုင်းခန်းမကသူ့ကို ခြေရာခံခဲ့ပြီဖြစ်သည်။ သိုင်းခန်းမသည် သူ့နောက် လိုက်နေပြီဖြစ်သည်။ သူ၏ခွန်အား မတိုးတက်ခဲ့လျှင် အနှေးနှင့်အမြန် သိုင်းခန်းမဆောင်၏ လက်ထဲတွင် အဆုံးသတ်ရပေလိမ့်မည်။ သို့သော် သူ၏ခွန်အား တိုးတက်လာခဲ့လျှင် သူ့၌နောက်ထပ် ရန်သူတစ်ဦး တိုးလာရုံသာရှိသည်။
“ဖုန်းအာ ဒီကောင့်ကို သန့်စင်လိုက်”
ကျန်းရီသည် စိတ်ငြိမ်ငြိမ်ထားပြီးနောက် သူ့မျက်နှာထက်တွင် ယုံကြည်ချက်တို့ ပေါ်လာသည်မှာ ဖုန်းလန်ကို သက်ရောက်သွားစေ၏။ သူက အမြန်ရောက်လာပြီးနောက် အထူးတိုက်ကွက်ကို ထုတ်ဖော်လိုက်သည်။ ဒုက္ခိတဖြစ်နေပြီးသား ဧကရာဇ်မုန့်က မျက်လုံးလှန်ပြီး အသက်ထွက်သွားတော့သည်။ ဖုန်းလန်သည် လက်တစ်ဖက်၌ အစိမ်းရောင်အလင်းတန်း တောက်ပနေသော လက်တစ်ဖက်ကို သူ၏ခေါင်းပေါ်တင်လျှက် ဧကရာဇ်မုန့်ကို စတင်သန့်စင်တော့သည်။
ယင်းသည် အတိတ်တုန်းက ကျန်းရီကို ဖုန်းလန်သန့်စင်ရန် အသုံးပြုခဲ့သည့် မှော်ပညာရပ်နှင့် တူညီပေ၏။ သူမနှင့်ကျန်းရီက ဆွေးနွေးပြီး ဧကရာဇ်မုန့်ကို သန့်စင်ရန် သဘောတူလိုက်သည်။ သို့မှသာ မည်သူမှ သတိမထားမိဘဲ သားရဲလူသား နယ်မြေကို ဖြတ်သန်းရာ၌ သူက သူတို့ကို ကူညီပေးမှာပဲဖြစ်သည်။
ဧကရာဇ်မုန့်သည် အမြင့်ဆုံးအဆင့် ဗာဂျရာနယ်ပယ်တွင်သာရှိပြီး ကျန်းရီကြောင့် ဆိုးဆိုးဝါးဝါး ထိခိုက်သွား၏။ ဖုန်းလန်သည်သူ့ကို ဝိညာဉ်ကျွန်အဖြစ် သန့်စင်ရန်အတွက် တစ်နာရီသာ အချိန်ယူလိုက်ရသည်။
ကျန်းရီက ဖုန်းလန်ဘေးတွင်ရပ်လျှက် သတိထားနေ၏။ ဖုန်းလန်မျက်လုံးဖွင့်လိုက်သည့် အချိန်ကျမှ စိတ်သက်သာရာ ရသွားတော့သည်။ ယခုအခေါက်တွင် ဧကရာဇ်မုန့် နိုးလာတော့သည်။ သူကဖုန်းလန်ကိုကြည့်ပြီး တလေးတစား နှုတ်ဆက်လိုက်၏။ “သခင်”
“ဖုန်းအာ မင်းအလုပ် ကြိုးစားခဲ့တာပဲ”
ကျန်းရီသည် ဖုန်းလန်၏ မျက်လုံးထဲရှိ နွမ်းနယ်မှု သူမနဖူးပေါ်ရှိ ချွေးစေးများနှင့် ရှုပ်ပွနေသော ဆံပင်များကိုမြင်ပြီး အလိုလိုလက်ဆန့်ထုတ်ကာ ဆံပင်များကို နားရွက်နောက်သို့ သပ်တင်ပေးလိုက်၏။ ပြီးနောက် ပြောလိုက်တော့သည်။
“ဖုန်းအာက ကြိုးစားခဲ့တာပဲ အော့မဟာဧကရာဇ်ကို ငါတို့အတွက် ရထားလုံးပျံတစ်စင်း ရှာဖို့ပြောလိုက် ပြီးရင် နတ်မြင်းပျံနယ်မြေကို ချက်ချင်းထွက်သွားကြရအောင်”
“နားလည်ပါပြီ” ဖုန်းလန်သည် ရှက်ရွံ့စွာ ခေါင်းညိတ်လိုက်ပြီးနောက် ဧကရာဇ်မုန့်ကို အမိန့်ပေးလိုက်တော့သည်။ သူမ၏ဝိညာဉ်ကျွန်အနေဖြင့် သူမအမိန့်ကို နာခံတာ သဘာဝကျ၏။ သူက တောင်အောက်သို့ဆင်းကာ စီမံစရာရှိသည်များကို စီမံတော့သည်။
တစ်နာရီမပြည့်မှီ၌ ရထားလုံးပျံတစ်စင်းက ကောင်းကင်ကို ထိုးဖောက်လျှက် ထွက်လာတော့သည်။ ကျန်းရီနှင့် ဖုန်းလန် နှစ်ဦးလုံးက ထိုလူနှင့် ကျန်သည့်သူများ၏ အလောင်းကို မီးရှို့ပစ်ပြီးနောက် ရထားလုံးပျံပေါ်တက်ကာ အရှေ့အရပ်ဆီသို့ ဦးတည်ပျံသန်းတော့သည်။
***