အခန်း (၁၃၂၇-၁၃၂၉)
Vol. 89 Ch. 1327-1329
အခန်း (၁၃၂၇)
ချင်းယွမ်နိုင်ငံနှင့် ယဲ့မိသားစုတို့ ပူးပေါင်းကြံစည်ခြင်း
ထိုစကားကို ကြားလိုက်ရလျှင် ချီဟုန်ကွမ်း၏ စိတ်အစဉ်၌ စိတ်လှုပ်ရှားမှု လှိုင်းတံပိုးများ တဟုန်ထိုး မြင့်တက်လာခဲ့သည်။
တကယ်တော့ ရှနိုင်ငံတော်၌ ဧကရာဇ်အဆင့် တစ်ပါးသာ ရှိသည်။ ထိုနိုင်ငံသည် ချီယွဲ့နိုင်ငံနှင့်လည်း နီးကပ်စွာ တည်ရှိနေတာ မှန်ပါက ရှနိုင်ငံတော်၏ မင်းဆက်ကံစွမ်းအားကို သိမ်းပိုက်ရန် သူတို့တွင် ငြင်းဆန်နေစရာ အကြောင်းပြချက် မရှိတော့ချေ။
ရှနိုင်ငံတော်ကို ဧကရာဇ်အဆင့် နှစ်ပါးက စောင့်ကြပ်နေသကဲ့သို့ ဟန်ဆောင်နေခြင်းက အကြောင်းရှိလိမ့်မည်။ ရှနိုင်ငံတော် တည်ထောင်သူသည် အခြားအင်ပါယာများ၏ တိုက်ခိုက်ခြင်းနှင့် မင်းဆက်ကံစွမ်းအား လုယူခံရခြင်းကို ကာကွယ်ရန် ထိုကဲ့သို့ ဟန်ပြခြိမ်းခြောက်သည့် နည်းလမ်းကို အသုံးပြုခဲ့ကြခြင်း ဖြစ်မည်။
ချီဟုန်ကွမ်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးရိပ်တစ်ခု ပေါ်လာပြီး
“ရှနိုင်ငံတော်ရဲ့ ဧကရာဇ်က နည်းနည်းတော့ ပါးနပ်သားပဲ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ လေးစားရတဲ့ အကြီးအကဲချုပ်နဲ့ တွေ့လိုက်ရတာကတော့ စိတ်မကောင်းစရာပဲ။”
ထို့နောက် သူက ဆက်လက်၍
“ဒါဆို အကြီးအကဲချုပ်......ကျွန်တော်တို့ နောက်ထပ် ဘာဆက်လုပ်သင့်လဲ။ ကျွန်တော် ရှနိုင်ငံတော်ကို တိုက်ခိုက်ဖို့ စစ်တပ် ချက်ချင်း စေလွှတ်သင့်လား။ ယဲ့မိသားစုက အခြားနိုင်ငံတွေကိုပါ စည်းရုံးနေပြီဆိုတော့ ရှနိုင်ငံတော်ရဲ့ သတင်း ပျံ့သွားတာနဲ့ စိတ်ဝင်စားတဲ့ နိုင်ငံတွေ အမြောက်အမြား ရှိလာမှာ ဧကန်မုချပဲ။”
ရှနိုင်ငံတော် ပိုင်ဆိုင်ထားသည့် အာကာသယာဉ် ထုတ်လုပ်သည့် နည်းပညာ တစ်ခုတည်းကပင် ချင်းယွမ်နိုင်ငံအတွက် တိုက်ခိုက်ရန် လုံလောက်သော အကြောင်းပြချက်ဖြစ်သည်။ ရှနိုင်ငံတော်သည် အသစ်တည်ထောင်ထားသော နိုင်ငံဖြစ်သည်ဆိုသည့်အချက်ကိုတော့ ထည့်သွင်းစဉ်းစားစရာပင် မလိုတော့ချေ။
အဓိကအကျဆုံး အချက်က ရှနိုင်ငံတော်၌ ဧကရာဇ်အဆင့် တစ်ပါးသာ ရှိနိုင်ခြင်းဖြစ်သည်။ ချင်းယွမ်နိုင်ငံ၏ လက်ရှိအင်အားနှင့်ဆိုလျှင် ရှနိုင်ငံတော်ကို သိမ်းပိုက်ရန် အလွန်လွယ်ကူပေလိမ့်မည်။
ထို့ပြင် ရှနိုင်ငံတော်သည် တည်ထောင်ထားတာ မကြာသေးသဖြင့် မင်းဆက်ကံစွမ်းအားသည်လည်း တည်ငြိမ်ခြင်း မရှိသေးပေ။ ထို့ကြောင့် ရှေးဟောင်း ချီယွဲ့နိုင်ငံနှင့် မတူပဲ ကံစွမ်းအားကို လုယူရန်ဖို့ ပိုလွယ်ကူသည်။
ချီဇွန်းက
“လောစရာ မလိုသေးပါဘူး။ ရှနိုင်ငံတော်ကို တည်ထောင်တဲ့ ဧကရာဇ်နောက်ကွယ်မှာ တခြားအင်အားစုတွေ ရှိနေသလားဆိုတာနဲ့ အခြေအနေမှန်ကို သိရအောင် အရင်ဆုံး လူလွှတ်ပြီး စုံစမ်းကြည့်လိုက်ဦး။”
ကပ်ဘေးကြီး နီးကပ်လာသည်နှင့်အမျှ နိုင်ငံတစ်ခု တည်ထောင်ရန် ပို၍ခက်ခဲလာသည်။
အရင်က ကျင့်စဉ်အဆင့်အတွက် ကံစွမ်းအား စုဆောင်းလိုသော ဧကရာဇ်အဆင့် တစ်ပါးရှိရုံဖြင့် နှစ်ပေါင်းသောင်းချီ ကြာရှည်မည့် နိုင်ငံတစ်ခုကို အလွယ်တကူ တည်ထောင်နိုင်သည်။ ပေထျန်းလုသည်လည်း သူ၏ ကျင့်စဉ်အဆင့်အတွက် ချီယွဲ့နိုင်ငံကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။
တကယ်တော့ နိုင်ငံတစ်ခု တည်ထောင်ရန် ဧကရာဇ်အဆင့် တစ်ပါးသာ လိုအပ်၏။ ယခုလည်း ထိုအတိုင်းပင် ဖြစ်သည်။ သို့သော် ကံစွမ်းအားအတွက် ယှဉ်ပြိုင်မှုများ ပိုပြင်းထန်လာသဖြင့် ယခုခေတ်တွင် နိုင်ငံတစ်ခုကို ပိုကြာရှည် ခိုင်မြဲစေရန် အနည်းဆုံး ဧကရာဇ်အဆင့် သုံးပါး လိုအပ်သည်။
အထူးသဖြင့် ကပ်ဘေး နီးကပ်နေချိန်တွင် အခြားနိုင်ငံများသည် နိုင်ငံသစ်များ ပေါ်ထွက်လာခြင်းကို ခွင့်မပြုကြတော့ချေ။ ဧကရာဇ်တစ်ပါးတည်းသာ ရှိသော ရှနိုင်ငံတော်ကဲ့သို့ နိုင်ငံမျိုးသည် မည်သည့်နိုင်ငံအတွက်မဆို ဆွဲဆောင်မှုရှိသော ပစ်မှတ်တစ်ခု ဖြစ်ပေသည်။
ထို့ကြောင့် ယခုလို အချိန်တွင် နိုင်ငံတည်ထောင်ခြင်းက ဉာဏ်ရှိသော လုပ်ရပ်တစ်ခုတော့ မဟုတ်ပေ။ ထို့ကြောင့် ရှနိုင်ငံတော် ဧကရာဇ်၏ နောက်ကွယ်တွင် အခြား အင်အားစုတစ်ခုများ ရှိနိုင်မလားဟု ချီဇွန်း သံသယဝင်နေခြင်း ဖြစ်သည်။
စကြဝဠာ ကံစွမ်းအားကို ယှဉ်ပြိုင်လုယူနေရသော ဤကဲ့သို့သော အခြေအနေတွင် အသစ်တည်ထောင်ထားသောနိုင်ငံတစ်ခုသည် အခြားနိုင်ငံများ၏ တိုက်ခိုက်မှုကို ခံရရန် ကံပါလာပြီးသား ဖြစ်သည်။ ဧကရာဇ်အဆင့် တစ်ပါးအနေနှင့် ဤအချက်ကို မသိတာ မဖြစ်နိုင်ပေ။
ချီဇွန်းသည် သဘာဝအရ သံသယစိတ် များသူဖြစ်၏။ ရှနိုင်ငံတော်၌ ဧကရာဇ် တစ်ပါးသာရှိသည်ဟု သူ ယုံကြည်သော်လည်း သတိကြီးစွာ ဆောင်ရွက်ရန် ရည်ရွယ်ထားသည်။
ထို့ပြင် ရှနိုင်ငံတော်သည် ချီယွဲ့နိုင်ငံနှင့် နီးကပ်သဖြင့် ချင်းယွမ်နိုင်ငံမှ ရှနိုင်ငံတော်သို့ သွားရောက်ရန် အချိန်အမြောက်အမြား မပေးရချေ။ ယခုအခါ ချီယွဲ့နိုင်ငံသည်လည်း ချင်းယွမ်နိုင်ငံ၏ လက်ထဲ၌ ရှိနေပြီဖြစ်သဖြင့် ရှနိုင်ငံတော်တစ်ခုလုံးကို သိမ်းပိုက်ရန် အချိန်အကြာကြီး လိုမည်မဟုတ်ပေ။
ချီဇွန်း၏ စကားကို ကြားပြီးနောက် ချီဟုန်ကွမ်းက
“ကျွန်တော် နားလည်ပါပြီ။ ရှနိုင်ငံတော်ကို လူလွှတ်ပြီး အသေးစိတ် အခြေအနေတွေကို စုံစမ်းဖို့ ကျွန်တော် စီစဉ်လိုက်ပါ့မယ်။”
ရှနိုင်ငံတော်သို့ လူလွှတ်ရန် ပြင်ဆင်နေစဉ် ခန်းမအပြင်ဘက်ရှိ အစောင့်တစ်ဦး၏ အသံ ထွက်ပေါ်သည်။
“မင်းကြီး ချန်ဟုန် ကုန်သည်အသင်းရဲ့ ဥက္ကဋ္ဌက တွေ့ခွင့်တောင်းနေပါတယ်။”
ချီဟုန်ကွမ်းက
“သူ့ကို အထဲခေါ်လာခဲ့”
ထိုအခိုက်အတန့်တွင် ချီဟုန်ကွမ်းက ချီဇွန်းကို ကြည့်ကာ
“အကြီးအကဲချုပ်။ ယဲ့မိသားစုကတော့ နည်းနည်း စိတ်မရှည်ဖြစ်နေပုံပဲ။”
ချီဇွန်းက
“တကယ်လို့ ကျွန်တော်တို့ ယဲ့မိသားစုရဲ့ ထောက်ခံမှု အပြည့်အဝ ရမယ်ဆိုရင် ရှနိုင်ငံတော် နောက်ကွယ်မှာ အင်အားစုတစ်ခု ရှိနေရင်တောင် စိုးရိမ်စရာ သိပ်မရှိတော့ဘူး။”
ချီယွဲ့နိုင်ငံမှ ယဲ့မိသားစုသည် မျိုးနွယ်ခွဲတစ်ခုသာဖြစ်ပြီး ဧကရာဇ်အဆင့်တစ်ဦးမှ မရှိပေ။ သို့သော် ပင်မယဲ့မိသားစုသည် ထိပ်တန်း အင်အားစုကြီးတစ်ခု ဖြစ်သည်။ အကယ်၍ ယဲ့မိသားစုကပါ ရှနိုင်ငံတော်ကို တိုက်ခိုက်ရာတွင် ပါဝင်လာပါက ရှနိုင်ငံတော်၏ နောက်ကွယ်၌ အခြားအင်အားစုများ ရှိနေလျှင်ပင် သေးငယ်သော နိုင်ငံတစ်ခုအတွက်နှင့် ယဲ့မိသားစုကို ရန်စရကျိုး နပ် မနပ် သူတို့ ပြန်လည် ချိန်ဆရပေလိမ့်မည်။
မကြာမီ အစောင့်က ယဲ့ရှင်းတန်ကို ခန်းမထဲသို့ ခေါ်ဆောင်လာသည်။ ယဲ့ရှင်းတန်က ချီဟုန်ကွမ်းကို မြင်လျှင် ချက်ချင်းပင် ဂါရဝပြုကာ
“ဧကရာဇ်ယွမ်ကို ဂါရဝပြုပါတယ်”
ထို့နောက် ယဲ့ရှင်းတန်၏ အကြည့်က ချီဇွန်းထံသို့ ကျရောက်သွားသည်။
သူ ချီဇွန်းကို မသိမိသော်လည်း ချီဇွန်း၏ အငွေ့အသက် အလွန်အစွမ်းထက်ကြောင်း ခံစားမိလိုက်၏။ ထို့နောက် ချီဇွန်းကို တစ်ဖန် ဦးညွှတ်ကာ
“ဝါစဉ်ကြီးသူကို ဂါရဝပြုပါတယ်”
ချီဟုန်ကွမ်းက
“ဥက္ကဋ္ဌယဲ့.....ထုံးစံတွေ မလိုပါဘူး”
ထို့နောက် သူက
“ဥက္ကဋ္ဌယဲ့ ဒီနေ့ ဒီကို ဘာကိစ္စနဲ့ လာတာလဲဆိုတာ ကျွန်တော် သိရမလား။”
ယဲ့ရှင်းတန်က
“လွန်ခဲ့တဲ့ ရက်အနည်းငယ်က ယဲ့မိသားစုက မင်းကြီးဆီကို သတင်းအချက်အလက်တချို့ ပေးခဲ့ပါတယ်။ မင်းကြီးအနေနဲ့ ရှနိုင်ငံအကြောင်းတွေကို သိပြီးပြီလားလို့ ကျွန်တော် သိချင်ပါတယ်။”
ချီဟုန်ကွမ်းက ပြုံးလျက် တုံ့ပြန်လိုက်သည်။
“ကျွန်တော် သိပြီးပါပြီ”
ယဲ့ရှင်းတန်က
“ဒါဆို မင်းကြီးအနေနဲ့ ရှနိုင်ငံကို စိတ်ဝင်စားမှု ရှိပါသလား။”
ချီဟုန်ကွမ်း ခဏခန့် ချီတုံချတုံဖြစ်သွားပြီးနောက်
“ဥက္ကဋ္ဌယဲ့။ ကျွန်တော်တို့ ပေထျန်းလု ပုန်းအောင်းနေတဲ့ နေရာကို မရှာရသေးပါဘူး။ သူက အချိန်မရွေး ပြန်လာနိုင်တယ်။”
ဟု အခက်တွေ့ဟန်ဆောင်ကာ ပြောလိုက်၏။ ထို့နောက် ဆက်လက်၍
“တကယ်လို့ ကျွန်တော်တို့ အခုအချိန်မှာ ရှနိုင်ငံကို တိုက်ခိုက်နေတုန်း ပေထျန်းလုက ဒီအခွင့်အရေးကို သုံးပြီး ချင်းယွမ်နိုင်ငံကို လာခဲ့ရင်...”
ဟု ဆိုကာ စကားကို ရပ်လိုက်သည်။
ချီဟုန်ကွမ်း၏ အခက်တွေ့နေသော ပုံစံကို မြင်လျှင် ယဲ့ရှင်းတန်၏ စိတ်ထဲ နှာခေါင်းရှုံ့လိုက်သည်။ ချီဟုန်ကွမ်း ရှနိုင်ငံကို လုံးဝစိတ်မဝင်စားဟု သူ မယုံကြည်ပေ။ ချီဟုန်ကွမ်း အခက်တွေ့ဟန်ဆောင်နေခြင်းက ရှနိုင်ငံကို သိမ်းပိုက်ပြီးနောက် ပိုမိုများပြားသော အကျိုးအမြတ်များ ရရှိရန်အတွက် ကြံစည်နေခြင်းသာ ဖြစ်သည်။
ယဲ့ရှင်းတန်က
“မင်းကြီး။ ဒီခေတ်ကာလမှာ နိုင်ငံအသစ်တွေ ပေါ်ထွန်းကားလာတာက ဘယ်နိုင်ငံအတွက်မဆို အရမ်းကို ဆွဲဆောင်မှု ရှိပါတယ်။ မင်းကြီးက ဆုံးဖြတ်ချက် မပြတ်သားရင် အခွင့်အရေး လွတ်သွားနိုင်သလို မကြာခင်မှာပဲ ရှနိုင်ငံရဲ့ ကံစွမ်းအားကို တခြားနိုင်ငံတွေက ခွဲဝေယူသွားကြပါလိမ့်မယ်။”
ချီဟုန်ကွမ်းကို အလိုလိုက်ရန် ယဲ့ရှင်းတန်၌ စိတ်ကူးမရှိချေ။ အကယ်၍ ယွမ်ဧကရာဇ်က ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒမရှိပါက ယဲ့မိသားစု အနေနှင့် အခြားနိုင်ငံများနှင့် ပူးပေါင်းရမည်သာဖြစ်သည်။
ချီဟုန်ကွမ်းက ရယ်မောလျက်
“ဥက္ကဋ္ဌယဲ့ ပြောတာက အင်မတန် ကျိုးကြောင်းဆီလျော်ပါတယ်။ ဒါပေမဲ့ ယဲ့မိသားစုရဲ့ အကြီးအကဲချုပ်က ရှနိုင်ငံနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို သိပြီးပြီလားဆိုတာ သိချင်ပါတယ်။”
ချန်ဟုန် ကုန်သည် အသင်းသည် ကုန်သည်အသင်းသာဖြစ်ပြီး ယဲ့မိသားစုကတော့ ယဲ့မိသားစုသာ ဖြစ်သည်။ ချန်ဟုန် ကုန်သည် အသင်းသည် ယဲ့မိသားစု၏ အကြီးဆုံး ကုန်သွယ်ရေး လုပ်ငန်းဖြစ်သော်လည်း အရေးကြီးသော ဆုံးဖြတ်ချက်များကို ယဲ့ရှင်းတန် ဆုံးဖြတ်တာ မဟုတ်ပေ။ ယဲ့မိသားစု၏ အကြီးအကဲချုပ်ကသာ ဆုံးဖြတ်၏။
ယဲ့ရှင်းတန်က
“သိပြီးပါပြီ။ ကျွန်တော် ဒီနေ့ ချင်းယွမ်နိုင်ငံကို လာပြီး မင်းကြီးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးတာက ကျွန်တော်တို့ အကြီးအကဲချုပ်ရဲ့ ဆန္ဒပါပဲ။”
ယဲ့ရှင်းတန်သည် ရှနိုင်ငံမှ ချီယွဲ့နိုင်ငံသို့ ပြန်ရောက်ရောက်ချင်း ကတည်းက ရှနိုင်ငံ၏ အခြေအနေများကို ယဲ့မိသားစု၏ အထက်လူကြီးများထံ အစီရင်ခံခဲ့သည်။ ယဲ့မိသားစု၏ အထက်ပိုင်း ပုဂ္ဂိုလ်များက ရှနိုင်ငံမှ အကျိုးအမြတ်များကို ခွဲဝေယူရန် အခြားအင်ပါယာများနှင့် ပူးပေါင်းဖို့ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။ အထူးသဖြင့် အာကာသယာဉ် နည်းပညာကို ရရှိရန်အတွက် ပစ်မှတ်ထားခဲ့ကြသည်။
ချီဟုန်ကွမ်းက
“ဒါဆို ယဲ့မိသားစုက ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက်ဖို့ စိတ်ကူးထားလဲဆိုတာ ကျွန်တော် မေးပါရစေ။”
“ကျွန်တော် သိရသလောက်တော့ ယဲ့မိသားစုမှာ ဧကရာဇ်အဆင့် မရှိသေးဘူး မဟုတ်လား။ ဆိုလိုတာက ရှနိုင်ငံကို တိုက်ခိုက်ဖို့ တကယ်တမ်း ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် ချင်းယွမ်နိုင်ငံက အင်အား အများဆုံး စိုက်ထုတ်ရမှာပဲ။”
ယဲ့ရှင်းတန်က ပြုံးလျက်
“ယဲ့မိသားစုမှာ ဧကရာဇ်အဆင့် မရှိဘူးလို့ ဘယ်သူပြောတာလဲ။”
ထိုစကားကို ကြားလျှင် ချီဟုန်ကွမ်းနှင့် ချီဇွန်းတို့ နှစ်ဦးလုံး မှင်တက်သွားကြသည်။ ယဲ့မိသားစုတွင် ဧကရာဇ်အဆင့် မည်သည့်အချိန်က ရှိသွားသနည်း။ ထိုအကြောင်းနှင့် ပတ်သက်၍ သူတို့ အဘယ်ကြောင့် သတင်းသဲ့သဲ့ပင် မကြားခဲ့ရသနည်း။
ချီဟုန်ကွမ်း အံ့အားသင့်သွားသည်ကို မြင်လျှင် ယဲ့ရှင်းတန်က
“မကြာသေးခင်ကပဲ ကျွန်တော်တို့ရဲ့ အကြီးအကဲချုပ်တွေထဲက တစ်ယောက်ဟာ ကုန်သွယ်မှုကနေတစ်ဆင့် ဧကရာဇ် လမ်းစဉ်ကို အောင်မြင်စွာ ရရှိသွားပါတယ်။”
အခန်း (၁၃၂၈)
ထျန်းဟုန်ဧကရီ အဆင့်တက်ခြင်း
ယဲ့မိသားစုသည် သူတို့၏ စီးပွားရေးလုပ်ငန်းများမှတစ်ဆင့် ဧကရာဇ်အဆင့်တစ်ပါးကို မွေးထုတ်ပေးနိုင်ခဲ့တာ အနည်းငယ် မယုံနိုင်စရာကောင်းသည်ဟု ချီဟုန်ကွမ်းနှင့် ချီဇွန်းတို့က ယူဆကြသည်။ ယခုအခါ ဧကရာဇ်အဆင့် တစ်ပါးရှိလာပြီ ဖြစ်သောကြောင့် အကျိုးအမြတ် ခွဲဝေရာတွင် ယဲ့မိသားစုအတွက် အသာစီးရနိုင်သော အခွင့်အရေးများ ပိုရှိလာခဲ့သည်။
ချီဟုန်ကွမ်းလည်း စိတ်ကိုပြန်ထိန်းလိုက်ပြီး ပြုံးလျက်
“ယဲ့မိသားစုမှာ ဧကရာဇ်အဆင့် တစ်ပါးရှိလာတာကို ဂုဏ်ယူပါတယ်။ ခင်ဗျားတို့ မိသားစုဟာ နောင်အနာဂတ်မှာ ပိုပြီးတော့ တိုးတက်ကြီးပွားလာမှာ ဧကန်မုချပါပဲ။”
ယဲ့ရှင်းတန်က
“မင်းကြီးရဲ့ ဂုဏ်ပြုစကားအတွက် ကျေးဇူးတင်ပါတယ်။ ဒါဆိုရင် ယဲ့မိသားစုဟာ ချင်းယွမ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အရည်အချင်း ပြည့်မီသွားပြီလို့ ဆိုလိုတာများလား။”
ချီဟုန်ကွမ်းက
“ဥက္ကဋ္ဌယဲ့ ဘာတွေပြောနေတာလဲ။ ယဲ့မိသားစုမှာ ဧကရာဇ်အဆင့် မရှိရင်တောင် ခင်ဗျားတို့နဲ့ ပူးပေါင်းဆောင်ရွက်ရတာက ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပါ။”
ဆက်လက်၍ ချီဟုန်ကွမ်းက
“ဥက္ကဋ္ဌယဲ့ ရှနိုင်ငံတော်အကြောင်း ဘယ်လောက်အထိ သိထားလဲ ဆိုတာကို ကျွန်တော် သိချင်ပါတယ်။”
“ကပ်ဘေးကြီးက နီးကပ်နေပြီ။ ယုတ္တိဗေဒအရဆိုရင် ဘယ်ဧကရာဇ်အဆင့်ကမှ အခုလိုအချိန်မှာ နိုင်ငံသစ်တစ်ခု တည်ထောင်ဖို့ စဉ်းစားမှာမဟုတ်ဘူး။ ရှနိုင်ငံတော်က တစ်စုံတစ်ယောက်ရဲ့ အသုံးချခံ နယ်ရုပ်တစ်ခု ဖြစ်နိုင်တယ်။”
ယဲ့ရှင်းတန်က
“မင်းကြီး စိုးရိမ်စရာ မလိုပါဘူး။ ရှနိုင်ငံတော်က စကြဝဠာရဲ့ အစွန်အဖျားမှာ တည်ရှိတာပါ။ ဘယ်ဂိုဏ်းကြီး ဒါမှမဟုတ် သန့်ရှင်းတဲ့ နယ်မြေကမှ အဲဒီလို ဝေးလံတဲ့ နေရာမျိုးမှာ နယ်ရုပ်တစ်ခု ထားမှာ မဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်။”
စကြဝဠာ ကပ်ဘေးဖြစ်လာသည်နှင့် စကြဝဠာ အစွန်အဖျားရှိ နိုင်ငံများ အစောဆုံး တိုက်ခိုက်ခံရမည်ဖြစ်ကြောင်း လူတိုင်းသိကြသည်။ စကြဝဠာ အစွန်အဖျားတွင် ရှိနေသော ရှနိုင်ငံတော်ကို မဆိုထားနှင့် အနည်းငယ် အတွင်းပိုင်းကျသော ချင်းယွမ်နိုင်ငံပင်လျှင် အစောဆုံး ဒုက္ခရောက်မည့်အထဲတွင် ပါဝင်နေသည်။ ခိုင်လုံသော အကြောင်းပြချက် မရှိပဲ မည်သည့်ဂိုဏ်းကြီး သို့မဟုတ် သန့်ရှင်းသော နယ်မြေကမှ ထိုကဲ့သို့သော နေရာမျိုးတွင် နယ်ရုပ်တစ်ခု ထားလိမ့်မည် မဟုတ်ချေ။
ယဲ့ရှင်းတန် တစ်ခုခုကို သတိရသွားပြီး “ဒါပေမဲ့ ကျွန်တော်တို့ရဲ့ စုံစမ်းချက်အရ ရှနိုင်ငံတော် တည်ထောင်သူဟာ အင်အား လျင်မြန်စွာ တိုးတက်လာတဲ့ ဝင်စားတဲ့ ဧကရာဇ်တစ်ပါး ဖြစ်ပုံရပါတယ်။ သူ မွေးဖွားချိန်ကနေ ရှနိုင်ငံတော် တည်ထောင်ချိန်အထိ ငါးရာစုတောင် မပြည့်သေးပါဘူး။”
ချီဟုန်ကွမ်း အနည်းငယ် အံ့အားသင့်သွားပြီးနောက် မျက်နှာတွင် ဝမ်းသာသွားသောအရိပ်အယောင်များ ပေါ်လာသည်။
“ဒါဆိုရင် ရှနိုင်ငံတော် တည်ထောင်သူဟာ သူ့ရဲ့ အစွမ်းတွေကို အပြည့်အဝ ပြန်မရသေးတာ ဖြစ်နိုင်တာပေါ့။”
ပြန်လည်ဝင်စားသော ဧကရာဇ်တစ်ပါးသည် သူ၏ အထွတ်အထိပ်အချိန်မှ အစွမ်းများကို ပြန်လည်ရဖို့ အချိန်အကြာကြီး ယူရတတ်သည်။ ရှနိုင်ငံတော် တည်ထောင်သူက နှစ်ပေါင်း ငါးရာမပြည့်မီ ဧကရာဇ်အဆင့်သို့ ရောက်ရှိသွားသည်ဟု ထင်ရသည်။ သို့သော် ဧကရာဇ်နယ်ပယ်သို့ ရောက်ရှိသွားခြင်းမျှသာဖြစ်ပြီး သူ၏ အစွမ်းသည် ဧကရာဇ်အဆင့်တစ်သို့ပင် အပြည့်အဝ မရောက်ရှိနိုင်သေးတာကတော့ ဧကန်မုချပင်။
အခုအချိန်၌ ချင်းယွမ်နိုင်ငံနှင့် ယဲ့မိသားစုတို့၏ စုပေါင်းအင်အားနဲ့ ရှနိုင်ငံတော်ကို တိုက်ခိုက်လျှင် ရှနိုင်ငံတော် တစ်ခုလုံးကို အားစိုက်စရာမလိုပဲ အလွယ်တကူ သိမ်းပိုက်နိုင်ပေလိမ့်မည်။ ထိုသို့တွေးတောရင်း ချီဟုန်ကွမ်းက ချက်ချင်းပင်
“ယဲ့မိသားစုက ရှနိုင်ငံတော်ကို ဘယ်တော့ တိုက်ခိုက်ဖို့ အစီအစဉ် ရှိပါသလဲ။”
ယဲ့ရှင်းတန်က
“ဒါက မင်းကြီး စစ်တပ် ဘယ်တော့ စေလွှတ်မလဲဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။ မင်းကြီးက စစ်စတင်တာနဲ့ ကျွန်တော်တို့ ယဲ့မိသားစုရဲ့ ဧကရာဇ်အဆင့်က ယဲ့မိသားစုက လူတွေကို ဦးဆောင်ပြီး ရှနိုင်ငံတော်ကို တိုက်ခိုက်ဖို့ မင်းကြီးနဲ့ ပူးပေါင်းပါလိမ့်မယ်။”
ချီဟုန်ကွမ်းက
“ကောင်းပါပြီ။ ဒါဆိုရင် ဥက္ကဋ္ဌယဲ့ ချင်းယွမ်နိုင်ငံမှာ ခဏတော့ နေပါဦး။ ကျွန်တော် စစ်တပ်တွေကို ချက်ချင်း စစုစည်းလိုက်ပါ့မယ်။”
ထိုစဉ် ယဲ့ရှင်းတန်က
“မင်းကြီး တစ်ခုခုကို မေ့နေတာ များလား”
ယဲ့ရှင်းတန်သည် ယနေ့တွင် ပူးပေါင်းဆောင်ရွက်မှုအတွက် ဆွေးနွေးရန် ချင်းယွမ်နိုင်ငံသို့ လာခဲ့ခြင်း ဖြစ်သည်။ ပူးပေါင်းဆောင်ရွက်မှု ဖြစ်သောကြောင့် ရှနိုင်ငံတော်ကို သိမ်းပိုက်ပြီးနောက် အကျိုးအမြတ်များကို မည်သို့ ခွဲဝေမည်ကို ဆွေးနွေးရန်က သဘာဝကျသည်။
သို့သော် ချီဟုန်ကွမ်းက ထိုအကြောင်းကို လုံးဝ ထည့်မပြောခဲ့ချေ။ ချီဟုန်ကွမ်းက
“တစ်ခုခု မေ့နေတာ.... ။ဥက္ကဋ္ဌယဲ့ ....ဒါက ဘာကို ဆိုလိုတာလဲ။”
ယဲ့ရှင်းတန်က
“ရှနိုင်ငံတော်ရဲ့ ရတနာတွေကို ဘယ်လို ခွဲဝေမလဲဆိုတာ ကြိုတင် ဆွေးနွေးထားတာက ပိုကောင်းမှာ မဟုတ်ဘူးလား။”
ချီဟုန်ကွမ်းက ခပ်အေးအေးပင်
“ ဪ အဲ့ဒီကိစ္စလား။ ကျွန်တော်တို့ ရှနိုင်ငံတော်ကို အနိုင်ရပြီးမှ အဲဒီအကြောင်းကို ပြောကြတာပေါ့။”
ယဲ့မိသားစု ဘာကို လိုချင်မှန်း ချီဟုန်ကွမ်း သိ၏။ အကယ်၍ အကျိုးအမြတ်များကို ယခုကတည်းက ရှင်းလင်းစွာ သတ်မှတ်လိုက်လျှင် ရှနိုင်ငံတော်ကို သိမ်းပိုက်ပြီးသည်နှင့် ယဲ့မိသားစုက အာကာသယာဉ် ထုတ်လုပ်သည့် နည်းပညာအားလုံးကို သူတို့အတွက်သာ ယူသွားနိုင်သည်။
ယဲ့မိသားစုသည် နိုင်ငံတစ်ခု တည်ထောင်နေခြင်း မဟုတ်သဖြင့် မင်းဆက်ကံစွမ်းအားကို အထူးတလည် စိတ်ဝင်စားခြင်း မရှိချေ။ မင်းဆက်ကံစွမ်းအားကို ချင်းယွမ်နိုင်ငံက ရရှိမှာ သေချာနေသဖြင့် အကျိုးအမြတ် ခွဲဝေမှုကို အခုလောလောဆယ် ရှင်းလင်းရန် ချီဟုန်ကွမ်း အလျင်မလိုပေ။
ယဲ့ရှင်းတန်က တစ်ခုခု ပြောရန် ပြင်လိုက်သည့်အချိန်မှာပင်
“ဥက္ကဋ္ဌယဲ့ ကျွန်တော့်မှာ တခြားလုပ်စရာ ကိစ္စတွေ ရှိနေလို့ ခွင့်ပြုပါဦး”
ဟု စကားတစ်ခွန်း ချန်ရစ်ခဲ့ ချီဟုန်ကွမ်း၏ ပုံရိပ် ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။
ချီဟုန်ကွမ်း လျင်မြန်စွာ ထွက်ခွာသွားသည်ကို မြင်လျှင် ယဲ့ရှင်းတန် မျက်ခုံးတွန့်လိုက်သည်။ ချီဟုန်ကွမ်း၏ ရည်ရွယ်ချက်ကို သူ သိမြင်နေသော်လည်း လက်ရှိတွင် ဘာမှ အများကြီး မပြောနိုင်တော့ချေ။ ထို့နောက် သူက ချီဇွန်းကို ကြည့်ကာ တစ်ဖန် ဦးညွှတ်ပြီး
“ဝါစဉ်ကြီးသူ။ ကျွန်တော် သွားခွင့်ပြုပါဦး”
ချီဇွန်းက အပိုစကားမပြောပဲ ခေါင်းငြိမ့်ပြလိုက်သည်။ ချင်းယွမ်နိုင်ငံ၏ နန်းတော်မှ ထွက်ခွာလာပြီးနောက် ချီဟုန်ကွမ်းထံမှ ကြားခဲ့ရသော စကားများကို ယဲ့မိသားစု၏ အထက်လူကြီးများထံ ယဲ့ရှင်းတန် အစီရင်ခံလိုက်သည်။
ချင်းယွမ်နိုင်ငံက ပူးပေါင်းဆောင်ရွက်ရန် သဘောတူလိုက်သောအခါ ယဲ့မိသားစုကဘက်လည်း ပြင်ဆင်မှုများ စတင်ပြုလုပ်ခဲ့ကြသည်။ ထိုအချိန်တွင် လုချန်းတစ်ယောက်ကတော့ ရှနိုင်ငံတော် ရင်ဆိုင်ရတော့မည့် ဘေးအန္တရာယ်အသစ်အကြောင်းကို လုံးဝ မသိသေးချေ။
……..
ရှနိုင်ငံတော်။
နဂါးနက်မြို့။
နန်းတော်။
လုချန်းနှင့် ထျန်းဟုန် ဧကရီတို့သည် တစ်ဦးကိုတစ်ဦး တင်းကျပ်စွာ ပွေ့ဖက်ထားကြဆဲ ဖြစ်၏။ ထိုခံစားချက်က အလွန် ထူးခြားလှသည်။ လှုပ်ရှားမှု တစ်စုံတစ်ရာ မရှိပဲနှင့်ပင် သာယာကြည်နူးမှုကို ခံစားနေကြရသည်။
အမြဲတမ်း ဤကဲ့သို့ ဖြစ်နေလျှင် ကောင်းလိမ့်မည်ဟုပင် လုချန်းက တွေးတောနေမိ၏။ ဧကရာဇ်အဆင့် တစ်ပါး၏ ခန္ဓာကိုယ်က တကယ်ပင် ကွဲပြားခြားနားလှသည်ဟု ဆိုရပေမည်။
ထိုအခိုက်အတန့်တွင် ထျန်းဟုန် ဧကရီ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော စိတ်ဝိညာဉ်စွမ်းအားများ ရုတ်တရက် ထွက်ပေါ်လာသည်။
သူမကို ဗဟိုပြု၍ စိတ်ဝိညာဉ်စွမ်းအားများ လျင်မြန်စွာ ပျံ့နှံ့သွားပြီး သူမ၏ လမ်းစဉ်အငွေ့အသက်သည်လည်း ထျန်းချန်ကမ္ဘာ တစ်ခုလုံးနီးပါးကို ဖုံးလွှမ်းသွားခဲ့သည်။ ခဏခန့်အတွင်း ထျန်းချန်ကမ္ဘာရှိ ကျင့်ကြံသူအားလုံးသည် ထျန်းဟုန် ဧကရီ၏ လမ်းစဉ်အငွေ့အသက်၏ လွှမ်းမိုးခြင်းကို ခံလိုက်ရသည်။ ထိုအခါ သူတို့၏ စိတ်ထဲ အလွန် မငြိမ်မသက်ဖြစ်လာကြကာ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်သွားခဲ့သည်။
ကံကောင်းထောက်မစွာပင် ထျန်းဟုန် ဧကရီက သူမ၏ လမ်းစဉ်အငွေ့အသက်ကို ချက်ချင်း ပြန်လည်ထိန်းချုပ်လိုက်သဖြင့် ကြီးမားသော ပြဿနာတစ်ခုမှ မဖြစ်ပေါ်ခဲ့ချေ။ ထျန်းဟုန် ဧကရီထံမှ အငွေ့အသက်ကို ခံစားမိသောကြောင့် လုချန်းက ဦးခေါင်းကို အနည်းငယ် မော့လိုက်ရာ သူတို့၏ နှုတ်ခမ်းများ ဖြည်းဖြည်းချင်း ကွာသွားခဲ့သည်။
လုချန်းက ထျန်းဟုန် ဧကရီကို ကြည့်ကာ “မင်း အဆင့်တက်သွားတာကို ကိုယ် ဂုဏ်ယူပါတယ်”
ထျန်းဟုန် ဧကရီက ဘာစကားမှ မပြောပဲ နှာခေါင်းရှုံ့သံ တစ်ချက်ဖြင့်သာ တုံ့ပြန်လိုက်သည်။
သူမ၏ အစွမ်းများ ဧကရာဇ်အဆင့်နှစ်သို့ လျင်မြန်စွာ ပြန်လည်ရောက်ရှိသွားခြင်းက လုချန်း၏ စုံတွဲကျင့်စဉ်ကြောင့် ဖြစ်ကြောင်း ထျန်းဟုန် ဧကရီက ရှင်းလင်းစွာ သိလိုက်သည်။ ဤစုံတွဲကျင့်စဉ်သည် သူမ ယခင်က သိထားသော ကျင့်စဉ်များနှင့် အလွန် ကွဲပြားကြောင်း သူမ ဝန်ခံရပေလိမ့်မည်။ သူမ ယခင်က သိထားသော စုံတွဲကျင့်စဉ်များသည် ဤကဲ့သို့ ကောင်းမွန်သော အကျိုးသက်ရောက်မှု မရှိနိုင်ချေ။
လုချန်း ဤစကြဝဠာမှ ပုဂ္ဂိုလ်တစ်ဦး ဟုတ်၊ မဟုတ်ကိုပင် သူမ သံသယ စဝင်လာခဲ့သည်။ သူမ၏ အကြွေးများ ပိုများလာပုံရသည်။ အကယ်၍ ပုံမှန်အတိုင်း ကျင့်ကြံမည်ဆိုပါက ဧကရာဇ်အဆင့်နှစ်သို့ ပြန်ရောက်ရန် အနည်းဆုံး နှစ်တစ်ထောင်ခန့် ကြာပေလိမ့်မည်။
ဧကရာဇ်အဆင့်သို့ ရောက်ရှိပြီးနောက် အဆင့်တစ်ခုစီ တိုးတက်ရန် အလွန် ခက်ခဲလှသော်လည်း လုချန်းပေးသော စုံတွဲကျင့်စဉ်၏ အကူအညီဖြင့် နှစ်အနည်းငယ်အတွင်းမှာပင် သူမ အဆင့်တက်နိုင်ခဲ့သည်။ ထိုအချက်က ကြီးမားသော ကံကြမ္မာ ဆက်နွယ်မှုတစ်ခုကိုလည်း ဖြစ်ပေါ်စေသည်။
လုချန်း အဆိုပြုထားသော သဘောတူညီချက် ပြီးမြောက်၍ သူမ လုချန်းအတွက် ရင်သွေးတစ်ဦး မွေးဖွားပေးခဲ့လျှင်တောင် သူမတွင် အကြွေးတင်နေဦးမည် ဖြစ်သည်။
ထျန်းဟုန် ဧကရီ၏ စိတ်ထဲ ရှုပ်ထွေးနေခဲ့သည်။ သတ်ဖြတ်ခြင်းကို အစိုးရသော ဧကရာဇ်တစ်ပါးဖြစ်သည့် သူမသည် ကျင့်စဉ်တိုးတက်ရန် သတ်ဖြတ်ခြင်းမှ ရရှိသော မိစ္ဆာအငွေ့အသက် အပေါ်တွင် မမှီခိုပဲစုံတွဲကျင့်စဉ်ဖြင့် ကျင့်စဉ်အဆင့် တက်ခဲ့သည်။
သို့သော် ထိုအခိုက်အတန့်တွင် သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ မိစ္ဆာဆန်သောအငွေ့အသက်များ အလွန် ထူထပ်နေကြောင်း ထျန်းဟုန် ဧကရီ သတိပြုမိသွားသည်။
“ဘာတွေဖြစ်နေတာလဲ”
ဟု သူမ ဘာသာ တွေးလိုက်၏။
သူမက ဤနှစ်များတစ်လျှောက် လုချန်းနှင့်အတူ ရှိနေခဲ့ပြီး အပြင်ထွက်၍ သတ်ဖြတ်ခြင်းလည်း မပြုလုပ်ခဲ့ပဲ သူမ၏ ခန္ဓာကိုယ်တွင် အဘယ်ကြောင့် ဤမျှ ထူထပ်သော မိစ္ဆာအငွေ့အသက်များ ရှိနေရသနည်း။
စုံတွဲကျင့်စဉ်ကြောင့် ကျင့်စဉ်အဆင့်တိုးတက်လာသည်ဟု အစက သူမ ယူဆခဲ့၏။ သို့သော် သူမ၏ ကျင့်စဉ်အဆင့် တက်သွားခြင်းက စုံတွဲကျင့်စဉ်ကြောင့်သာမက ခန္ဓာကိုယ်ထဲတွင် မိစ္ဆာဆန်သောအငွေ့အသက်များ အတိုင်းအတာတစ်ခုအထိ စုပုံလာခြင်းကြောင့်လည်း ဖြစ်ပုံရသည်။
ဒါပေမဲ့ ဒီမိစ္ဆာအငွေ့အသက်တွေက ဘယ်ကနေ ရောက်လာတာလဲ။
မိစ္ဆာအငွေ့အသက်များ ထွက်ပေါ်ရာကို ရှာဖွေရန် ချက်ချင်းပင် မျက်စိမှိတ်လိုက်ရာ ထိုအငွေ့အသက်များ၏ အရင်းအမြစ်ကို သူမ လျင်မြန်စွာ ရှာတွေ့သွားခဲ့သည်။
သူမ၏ ဝမ်းဗိုက်အောက်ပိုင်းမှနေ၍ မိစ္ဆာဆန်သောအငွေ့အသက်များ အဆက်မပြတ် ထွက်ပေါ်နေခဲ့ခြင်းဖြစ်သည်။ လုချန်းနှင့် အတူရှိနေခဲ့သော နှစ်များအတွင်း သူမ၏ ခန္ဓာကိုယ်သည် မရေတွက်နိုင်သော သက်ရှိများကို သတ်ဖြတ်ခဲ့ပြီး ဤမိစ္ဆာဆန်သောအငွေ့အသက်များသည် ထိုသက်ရှိများထံမှ ရောက်ရှိလာခြင်း ဖြစ်သည်။
………………
အခန်း (၁၃၂၉)
လမ်းစဉ် ပေါ်ပေါက်လာခြင်း
ထိုအရာကို မြင်လျှင် ထျန်းဟုန် ဧကရီ ခဏခန့် မှင်တက်သွား၏။ ဤနည်းလမ်းဖြင့် မိစ္ဆာအငွေ့အသက်များကို စုဆောင်းနိုင်လိမ့်မည်ဟု သူမ တစ်ခါကမှ မတွေးခဲ့ဖူးချေ။ ဤနည်းလမ်းဖြင့် စုဆောင်းခြင်းသည် ပြင်ပနယ်မြေ စစ်တလင်း၌ ရန်သူများကို သတ်ဖြတ်ခြင်းထက်ပင် ပိုမိုမြန်ဆန်နိုင်ပေသည်။
သူမ ဤနည်းဖြင့် ဆက်လက်ကျင့်ကြံနေမည်ဆိုပါက သူမ၏အင်အားသည် အထွတ်အထိပ်သို့ လျင်မြန်စွာ ပြန်လည်ရောက်ရှိသွားမည် မဟုတ်ပါလား။
သို့သော်လည်း...
ဤနည်းလမ်းဖြင့် ကျင့်ကြံရမည်ဟု တွေးမိရင်း ထျန်းဟုန် ဧကရီကို စိတ်ထဲ၌ တစ်မျိုးကြီး ဖြစ်သွားသည်။
ယုတ္တိဗေဒအရဆိုလျှင် စိတ်ဝိညာဉ်အသိဉာဏ်ရှိသော သက်ရှိများကို သတ်ဖြတ်ခြင်းဖြင့်သာ မိစ္ဆာအငွေ့အသက်များကို စုဆောင်းနိုင်ပေသည်။ ရင်သွေးမျိုးစေ့များသည် မျိုးစေ့များသာ ဖြစ်ကြပြီး စိတ်ဝိညာဉ်အသိဉာဏ် မရှိကြချေ။ ၎င်းတို့ကို ဖျက်ဆီးခြင်းက အဘယ်ကြောင့် ဤမျှ ပြင်းထန်သော မိစ္ဆာအငွေ့အသက်များ ထွက်ပေါ်စေနိုင်သနည်း။
ဤအချက်က သူမကို ဇဝေဇဝါ ဖြစ်စေ၏။
ဤရင်သွေးမျိုးစေ့များတွင် စိတ်ဝိညာဉ်အသိဉာဏ် တစ်မျိုးမျိုး ရှိနှင့်နေပြီလားဟု တွေးစရာ ဖြစ်လာသည်။
ထိုအခိုက်အတန့်တွင် သူတို့နှစ်ဦးအတွင်းရှိ စိတ်ဝိညာဉ်စွမ်းအားသည် နောက်ထပ် စက်ဝန်းတစ်ခုအဖြစ် လည်ပတ်သွားပြန်၏။ ထို့နောက် ချက်ချင်းပင် လုချန်း၏ ခန္ဓာကိုယ်ထဲရှိ သက်စောင့်စိတ်ဝိညာဉ်စွမ်းအားများ ထျန်းဟုန် ဧကရီထံသို့ အရှိန်အဟုန်ဖြင့် စီးဝင်သွားသည်။
ထျန်းဟုန် ဧကရီသည် သူမ၏ မတည်မငြိမ်ဖြစ်နေသော စိတ်ဝိညာဉ်စွမ်းအားများကို ထိန်းချုပ်ရန် ကြိုးစားရင်း မိစ္ဆာအငွေ့အသက်များ ထွက်ပေါ်လာပုံ အဆင့်ဆင့်ကို စောင့်ကြည့်နေ၏။
မိစ္ဆာအငွေ့အသက်များသည် တကယ်ပင် ရင်သွေးမျိုးစေ့များထံမှ မြစ်ဖျားခံနေခြင်း ဖြစ်သည်။
သို့သော် သူမအနေနှင့် မိမိကိုယ်ကိုယ် အပြစ်တင်၍ မရနိုင်ချေ။ သူမသည် သတ်ဖြတ်ခြင်းပညာရပ်ကို တတ်မြောက်ထားသော ဧကရီတစ်ပါး ဖြစ်သဖြင့် သူမ၏ ခန္ဓာကိုယ်ထဲတွင် ထိုပညာရပ်၏ လမ်းစဉ်အငွေ့အသက်များ ကိန်းအောင်းနေ၏။ ရင်သွေးမျိုးစေ့များသည် ထိုလမ်းစဉ်အငွေ့အသက်နှင့် ထိတွေ့မိသောအခါ ချက်ချင်းပင် ချေဖျက်ခြင်း ခံရတော့သည်။
သူမ ဘာမှမလုပ်လျှင်ပင် ရင်သွေးမျိုးစေ့များသည် သူမ၏ခန္ဓာကိုယ်ထဲ၌ အသက်ရှင်နိုင်မည် မဟုတ်ချေ။ ထို့ကြောင့် အသက်ဓာတ် အသစ်တစ်ခုကို ပျိုးထောင်ရန်က သူမအတွက် လွယ်ကူသော အလုပ်မဟုတ်ပေ။
သတ်ဖြတ်ခြင်းစွမ်းအားကို ကြံ့ကြံ့ခံနိုင်သည့် အထူးရင်သွေးမျိုးစေ့တစ်ခု ရှိမှသာ ဖြစ်နိုင်ပေလိမ့်မည်။
ထိုအတွေးနှင့်အတူ ထျန်းဟုန် ဧကရီ ရုတ်တရက် မျှော်လင့်မိသွား၏။
သတ်ဖြတ်ခြင်းစွမ်းအားကို ခံနိုင်ရည်ရှိသော ရင်သွေးမျိုးစေ့တစ်စေ့သည် တစ်နေ့တွင် မည်မျှအစွမ်းထက်လာမလဲဆိုတာကို တွေးကြည့်၍ပင် မရနိုင်ပေ။
ထိုအခိုက်အတန့်တွင် လုချန်းလည်း အားနည်းလာသည်ဟု ခံစားရ၏။ သူ၏ ဧကရာဇ်လောင်း ကျင့်စဉ်အဆင့်နှင့်ပင် ဆက်လက်တောင့်ခံထားရန် ခက်ခဲလာခဲ့ပြီ ဖြစ်သည်။
သို့သော် သူ၏ စိတ်ဝိညာဉ်စွမ်းအားများကို သက်စောင့်စွမ်းအားအဖြစ် အဆက်မပြတ် ပြောင်းလဲကာ ထျန်းဟုန် ဧကရီထံ လွှဲပြောင်းပေးနေသေး၏။ သူ၏ ခန္ဓာကိုယ်သည် ပြင်ပမှ စိတ်ဝိညာဉ်စွမ်းအင်များကိုပင် စုပ်ယူ၍ စိတ်ဝိညာဉ်စွမ်းအားအဖြစ် ပြောင်းလဲကာ အခြေအနေ မျှတအောင် ကြိုးစားနေသော်လည်း ထျန်းဟုန် ဧကရီ စုပ်ယူနေသော သက်စောင့်စွမ်းအားက အလွန်များပြားလှသဖြင့် သူမ၏ အရှိန်ကို သူ မမီနိုင်တော့ချေ။
ဤအရာသည် ရုပ်ပိုင်းဆိုင်ရာ ယှဉ်ပြိုင်ခြင်း မဟုတ်ပဲ ကျင့်စဉ်အဆင့်နှင့် ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအားချင်း ယှဉ်ပြိုင်ခြင်း ဖြစ်သည်။ ဧကရာဇ်လောင်းတစ်ဦး ဖြစ်သော လုချန်းအနေနှင့် ဧကရာဇ် တစ်ပါးကို မယှဉ်နိုင်သည်က သဘာဝကျပေသည်။
လုချန်းသည်လည်း ထျန်းဟုန် ဧကရီကို များစွာ အံ့သြမိ၏။ သူ၏ အမျိုးသမီးများထဲတွင် သူမတစ်ဦးတည်းသာ သူ၏ သက်စောင့်စွမ်းအားများကို အပြည့်အဝ စုပ်ယူနိုင်စွမ်း ရှိ၏။
ဖန်တီးခြင်းလမ်းစဉ်ကို မည်သည့်အချိန်မှ မြင်တွေ့ပြီး ဧကရာဇ်အဆင့်သို့ ရောက်ရှိမည်ကို မသိနိုင်သဖြင့် လုချန်း စိတ်ထဲ သက်ပြင်းချလိုက်မိ၏။
လုချန်း စိတ်ဓာတ်ကျနေစဉ်မှာပင် ထျန်းဟုန် ဧကရီ၏ ခန္ဓာကိုယ်ထဲ၌ အစိမ်းရောင် သက်စောင့်စွမ်းအားများ ရုတ်တရက် ပျံ့နှံ့လာသည်ကို ခံစားလိုက်ရသည်။
ဤသက်စောင့်စွမ်းအားများသည် ထျန်းဟုန် ဧကရီ၏ ပတ်ဝန်းကျင်ရှိ သတ်ဖြတ်ခြင်းစွမ်းအားအားလုံးကို စုပ်ယူလိုက်၏။ ထို့နောက်တွင် ဖြူစင်သော အလင်းတန်းတစ်ခုကြောင့် လုချန်း ခဏခန့် မျက်စိကျိန်းသွားသည်။
လုချန်း အမြင်အာရုံ ပြန်လည်ရရှိလာသောအခါ တောရိုင်းကမ္ဘာတစ်ခုသို့ ရောက်ရှိနေကြောင်း တွေ့လိုက်ရ၏။
ရှေ့ရှိ ပုံရိပ်ယောင်ကို မြင်လျှင် အသက်ဇီဝ ဖန်တီးပုံ အဆင့်ဆင့်ကို နောက်ထပ်တစ်ကြိမ် မြင်တွေ့ရတော့မလားဟု လုချန်း တွေးမိသည်။
လုချန်း ထိုသို့တွေးလိုက်သည်နှင့် တောရိုင်းကမ္ဘာ၏ မြေပြင်မှ အစိမ်းရောင် အပင်ပေါက်လေးများ ထွက်ပေါ်လာ၏။
ထိုအပင်ပေါက်လေးများ၏ ကြီးထွားနှုန်းသည် အလွန်လျင်မြန်လှ၏။ ခဏချင်းမှာပင် သဲထူသော မြေပြင်သည် မြက်ခင်းပြင်ကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။
ခဏအကြာတွင် မြက်ခင်းပြင်သည် ထူထပ်သော တောအုပ်ကြီးအဖြစ် ပြောင်းလဲသွား၏။ ထို့နောက် တောအုပ်ထဲတွင် မရေတွက်နိုင်သော သတ္တဝါများ ပေါ်လာပြီး မျိုးပွားခြင်းလုပ်ငန်းများကို လုပ်ဆောင်နေကြသည်။
ထိုမြင်ကွင်းကို မြင်လျှင် လုချန်း မှင်တက်သွား၏။
သို့သော် ထိုအခိုက်အတန့်တွင် လုချန်း၏ မျက်စိရှေ့၌ အစိမ်းရောင် လမ်းစဉ်အငွေ့အသက်များ လွင့်ပျံလာသည်။
လုချန်း၏ အသိစိတ်များ ဝေဝါးလာပြီး “ဒုတ်ဒုတ်” ဟူသော အသံကို ကြားလိုက်ရသလို ခံစားရ၏။ ထို့နောက် သူတွေ့ခဲ့သော တောရိုင်းကမ္ဘာမှ သက်ရှိများစွာ ထွက်ခွာသွားပြီး စကြဝဠာ အနှံ့ ဦးတည်သွားသည်ကို မြင်လိုက်ရသည်။
ထိုသက်ရှိများနှင့် မိမိကြားတွင် ဆက်နွှယ်မှုတစ်ခု ရှိနေသကဲ့သို့ လုချန်း ခံစားရ၏။ သူ ကပင် ၎င်းတို့ကို ဖန်တီးခဲ့သလို သို့မဟုတ် သူ့ထံမှ မြစ်ဖျားခံလာသလို ခံစားနေရသည်။ မကြာမီ ထိုသက်ရှိများသည် တစ်ခုတည်းသော အရာအဖြစ်သို့ ပြောင်းလဲသွားသည်။
ထိုအချိန်တွင် လုချန်း၏ စိတ်ထဲ၌ အသံတစ်ခု ထပ်မံ ပဲ့တင်ထပ်လာ၏။
“သဘာဝ တစ်ခုမှ နှစ်ခုကို ဖြစ်စေ၏။ နှစ်ခုမှ သုံးခုကို ဖြစ်စေ၏။ သုံးမှ ခပ်သိမ်းသော အရာတို့ကို ဖြစ်တည်စေ၏။”
ထိုအသံ ထွက်ပေါ်လာပြီးနောက် အလွန်အရေးကြီးသော အရာတစ်ခုကို နားလည်သွားသလို လုချန်း ခံစားလိုက်ရသည်။
ရုတ်တရက် ဉာဏ်ပွင့်သွားခြင်းဖြစ်၏။ ဤအရာသည် သူ အမြဲတစေ ရှာဖွေနေခဲ့သော ဖန်တီးခြင်းလမ်းစဉ်ပင် ဖြစ်သည်။
ထိုအခိုက်အတန့်တွင် သူမြင်နေရသော မြင်ကွင်းများ ကျုံ့ဝင်လာပြီး ခဏချင်းမှာပင် အမည်းရောင် အလုံးတစ်ခုအဖြစ် ပြောင်းလဲသွားကာ အရာအားလုံး ဟာလာဟင်းလင်း ဖြစ်သွားခဲ့သည်။
အမှောင်ထုထဲတွင် “ဒုတ်ဒုတ်” ဟူသော နှလုံးခုန်သံကို သူ ထပ်မံ ကြားလိုက်ရ၏။
လုချန်း၏ စိတ်ကူးထဲတွင် ရင်သွေးမျိုးစေ့တစ်ခုသည် နူးညံ့သော မြေဆီလွှာပေါ်သို့ ကျရောက်သွားပြီး အမြစ်တွယ်ကာ လျင်မြန်စွာ အပင်ပေါက်လာသည်ကို မြင်တွေ့ရသည်။
မကြာမီမှာပင် ထိုရင်သွေးမျိုးစေ့သည် လူသားပုံသဏ္ဌာန်အဖြစ် ကြီးထွားလာခဲ့၏။
ထိုသူသည် သူ၏မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ အမှောင်ထုထဲသို့ ရောက်နေသည်ကို တွေ့လိုက်ရ၏။ ထို့နောက် ဟင်းလင်းပြင်ထဲမှ အမည်းရောင် အရာတစ်ခုကို ဖမ်းဆုပ်ကာ ပုဆိန်တစ်ခုအဖြစ် ပြောင်းလဲလိုက်ပြီး ခုတ်ချလိုက်လေသည်။
ဟင်းလင်းပြင်ကြီး ကွဲအက်သွားပြီး မရေတွက်နိုင်သော အရာဝတ္ထုများ ထွက်ပေါ်လာကာ ကြယ်အပိုင်းအစများအဖြစ် ပြောင်းလဲသွားပြီး ခဏချင်းမှာပင် အသက်ဓာတ်ရှိသော ကမ္ဘာများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုအခိုက်အတန့်တွင် ထျန်းချန်ကမ္ဘာ၏ ကောင်းကင်ယံ၌ မျိုးပွားနေကြသော သတ္တဝါအစုံအလင်ဖြင့် ပြည့်နှက်နေသော လမ်းတစ်လမ်း ပေါ်လာသည်ကို လုချန်း မသိရှိခဲ့ချေ။
မိမိခန္ဓာကိုယ်အတွင်းရှိ ပြင်းထန်သော သက်စောင့်အားကို ခံစားရသဖြင့် ကုတင်ပေါ်ရှိ ထျန်းဟုန် ဧကရီတစ်ယောက် မှင်တက်နေမိ၏။
သူမ၏ ခန္ဓာကိုယ်ထဲတွင် အသက်ဓာတ်တစ်ခု ဖြစ်တည်လာသည်ကို သူမ ရှင်းလင်းစွာ ခံစားနေရသည်။ ထိုအသက်ဓာတ်သည် မျက်တောင်တစ်ခတ်အတွင်း လူသားပုံသဏ္ဌာန်အဖြစ် လျင်မြန်စွာ ကြီးထွားလာခဲ့သည်။
သတိပြန်ဝင်လာပြီးနောက် ထျန်းဟုန် ဧကရီလည်း လုချန်းကို နားမလည်နိုင်စွာ ကြည့်လိုက်၏။ လုချန်းထံမှ ထွက်ပေါ်နေသော အစိမ်းရောင် လမ်းစဉ်အငွေ့အသက်ကို မြင်လျှင် လုချန်း သူ၏ လမ်းစဉ်ကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့ပြီ ဖြစ်ကြောင်း သူမ သိလိုက်သည်။
လုချန်းသည် တကယ်ပင် လိမ်ညာခဲ့ခြင်း မဟုတ်ပေ။ သူသည် အသက်ဓာတ်အသစ်တစ်ခုကို ဖန်တီးခြင်းမှတစ်ဆင့် ဖန်တီးခြင်းလမ်းစဉ်ကို သဘောပေါက် နားလည်ခဲ့ခြင်း ဖြစ်သည်။
သူမသည် နှစ်ပေါင်းများစွာ အသက်ရှင်ခဲ့သော်လည်း ထိုကဲ့သို့သော နည်းလမ်းဖြင့် ဧကရာဇ်အဖြစ် လမ်းစဉ်ဖော်ဆောင်ခြင်းအား ပထမဆုံးအကြိမ် မြင်ဖူးကြားဖူးခြင်း ဖြစ်သဖြင့် များစွာ အံ့သြမိ၏။
ထိုအခိုက်အတန့်တွင် ထျန်းချန်ကမ္ဘာရှိ သတ္တဝါအားလုံးလည်း လုချန်း၏ လမ်းစဉ်အငွေ့အသက်၏ လွှမ်းမိုးခြင်းကို ခံရပြီး မျိုးပွားလိုသော စိတ်ဆန္ဒများ ဖြစ်ပေါ်လာကြသည်။
ကောင်းကင်ယံမှ ဖြစ်စဉ်များကို မြင်လျှင် ထျန်းချန်ကမ္ဘာရှိ လူများ၏ မျက်နှာများ နီမြန်းသွားကြ၏။ ဤမျှ ရှက်ဖွယ်ကောင်းသော ဖြစ်စဉ်များကို မည်သူက အဆင့်တက်၍ ဖြစ်ပေါ်စေသနည်းဟု ကျင့်ကြံသူများ နားမလည်နိုင် ဖြစ်နေကြသည်။
ထိုအချိန်တွင် လုချန်း၏ ဇနီးမယားများလည်း နဂါးနက်မြို့သို့ အပြေးအလွှား လာနေကြပြီ ဖြစ်သည်။ ဖြစ်စဉ်များ ပေါ်ပေါက်လာသောအခါ သူတို့၏ စိတ်ထဲ မငြိမ်မသက် ဖြစ်လာပြီး လုချန်းကိုသာ တသသ တွေးတောမိနေကြ၏။
ထိုအခိုက်အတန့်တွင် သူတို့အတွင်းရှိ ရင်သွေးကမ္ဘာများတွင်လည်း ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပေါ်လာပြီး ရင်သွေးကမ္ဘာ၏ သက်စောင့်ဓာတ်များ လျင်မြန်စွာ တိုးပွားလာခဲ့သည်။
ထို့နောက်တွင် ထျန်းချန်ကမ္ဘာ၏ ကောင်းကင်ယံမှ ဖြစ်စဉ်သည် တစ်နေ့လုံး ဆက်လက် ဖြစ်ပေါ်နေခဲ့ပြီး ညနေစောင်းမှသာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။
ဖြစ်စဉ်များ ပျောက်ကွယ်သွားသော်လည်း လုချန်း၏ လမ်းစဉ်အငွေ့အသက်၏ လွှမ်းမိုးမှုကြောင့် နောက်တစ်နှစ်အတွင်း ထျန်းချန်ကမ္ဘာ၏ လူဦးရေ အဆမတန် မြင့်တက်လာလိမ့်မည်ဖြစ်၏။
လုချန်း မျက်လုံးများ ပြန်ပွင့်လာသောအခါ သူ၏ အာရုံခံနိုင်စွမ်းသည် ရှနိုင်ငံတစ်ခုလုံးကို လွှမ်းခြုံထားပြီး တောင်ဝင်တောင်တန်း ကြယ်နယ်မြေကိုပင် အာရုံခံနိုင်နေပြီ ဖြစ်ကြောင်း သိလိုက်ရ၏။
ဤအရာအားလုံး အိမ်မက်တစ်ခုလိုပါလားဟု လုချန်း ရုတ်တရက် ခံစားလိုက်ရသည်။
သူ တကယ်ပဲ ဒီနည်းနှင့် အဆင့်တက်သွားခဲ့ပြီလား။