အခန်း (၁၃၃၀-၁၃၃၂)
Vol. 89 Ch. 1330-1332
အခန်း (၁၃၃၀)
လက်ရည်စမ်းပွဲ
လုချန်း၏ ဇဝေဇဝါဖြစ်နေသော မျက်နှာကို မြင်လျှင် ထျန်းဟုန် ဧကရီ အနည်းငယ် ရယ်ချင်မိသွား၏။ ဤကဲ့သို့သော နည်းလမ်းနှင့် ဧကရာဇ်အဆင့်သို့ ရောက်ရှိနိုင်မည်ဟု လုချန်းကိုယ်တိုင်ပသ် တစ်ခါလောက် ယုံကြည်ခဲ့ဖူးခြင်း ရှိ၊ မရှိကိုလည်း သူမ ယခု အကြီးအကျယ် သံသယဖြစ်မိလာသည်။
ထိုအခိုက်အတန့်တွင် ထျန်းဟုန် ဧကရီက အေးစက်စွာဖြင့်
“ရှင် အဆင့်တက်သွားပြီဆိုတော့ အခု အဆုံးသတ်လို့ ရပြီ။”
ထျန်းဟုန် ဧကရီ၏ စကားကို ကြားလျှင် လုချန်း သတိပြန်ဝင်လာခဲ့သည်။ သို့သော် သူက ဖယ်ခွာမသွားခဲ့ချေ။
ထျန်းဟုန် ဧကရီ၏ ခန္ဓာကိုယ်အတွင်း၌ အသက်ဓာတ်တစ်ခု ပေါ်ပေါက်လာပြီး ပုံသဏ္ဌာန်ပင် ပေါ်နေပြီဖြစ်ကြောင်း သူ ရှင်းလင်းစွာ အာရုံခံမိသည်။ ဖန်တီးခြင်းလမ်းစဉ်၏ လမ်းစဉ်အငွေ့အသက် လွှမ်းမိုးမှုကြောင့် လားမသိ သန္ဓေတည်ပြီး မကြာမီမှာပင် ထိုကလေးသည် လူသားပုံသဏ္ဌာန် ပေါ်နေပြီ ဖြစ်သည်။
ထို့နောက် ထျန်းဟုန် ဧကရီက ဆက်လက်၍
“ဒီကလေးကို ကျွန်မ သတ်ပစ်မယ်”
လုချန်းမှာ ခဏခန့် မှင်တက်သွားပြန်၏။ သတိပြန်ဝင်လာပြီးနောက် လုချန်းက
“မလုပ်နဲ့”
ဟု အလျင်အမြန် တားလိုက်သည်။
ထျန်းဟုန် ဧကရီက လုချန်းကို ခပ်အေးအေး ကြည့်ကာ
“ပန်းတိုင်က ဧကရာဇ်အဆင့် ရောက်ဖို့ပဲလေ။ အခု ရှင့်ရဲ့ ပန်းတိုင်ကို ရောက်သွားပြီဆိုတော့ သူ့ကို ထားစရာ အကြောင်းမရှိတော့ဘူး။”
လုချန်းအတွက် တကယ်တမ်း ရင်သွေးမွေးဖွားပေးရန် ထျန်းဟုန် ဧကရီ၌ ဆန္ဒမရှိချေ။
အစတုန်းကတော့ သတ်ဖြတ်ခြင်းစွမ်းအားကို ခံနိုင်ရည်ရှိသော ရင်သွေးတစ်ဦး မွေးဖွားလာလျှင် မည်မျှ အစွမ်းထက်မည်နည်းဟု သူမ အနည်းငယ် မျှော်လင့်မိသေးသည်။ သို့သော် ကလေးပုံသဏ္ဌာန် ဖြစ်ပေါ်လာသည်နှင့် ထိုကလေးသည် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ သတ်ဖြတ်ခြင်းစွမ်းအားများကို အဆက်မပြတ် စုပ်ယူနေကြောင်း သူမ ရုတ်တရက် သိလိုက်ရသည်။
ဆိုလိုသည်မှာ ဤကလေး သူမ၏ ခန္ဓာကိုယ်ထဲတွင် ဆက်ရှိနေပါက သူမ၏ ကျင့်ကြံမှုကို ထိခိုက်စေရုံသာမက သူမ၏ ကျင့်စဉ်အဆင့်ကိုပါ ကျဆင်းသွားစေနိုင်သည်။ သူမသည် ဤအဆင့်ကို ခက်ခဲစွာ ပြန်လည်ရရှိထားခြင်း ဖြစ်သဖြင့် နောက်တစ်ကြိမ် ပြန်လည်ကျဆင်းသွားခြင်းကို နည်းနည်းမှ အလိုမရှိပေ။
လုချန်း ပြောစရာ စကားမဲ့သွား၏။ ဤအမျိုးသမီးသည် အလွန် ရက်စက်လွန်းလှသည်။ ဧကရာဇ်အဆင့်တစ်ပါးအတွက် ရင်သွေးရရှိရန် အလွန်ခက်ခဲသည်။ သူ၏ ပထမဆုံး ဧကရာဇ်ရင်သွေး အချိန်မတိုင်မီ သေဆုံးသွားခြင်းကို သူ ဧကန်မုချ အလိုမရှိချေ။
“ကိုယ် ဧကရာဇ်အဆင့်ကို အောင်မြင်စွာ ရောက်ခဲ့တာက သူ့ရဲ့ ဖြစ်တည်လာပုံ အဆင့်ဆင့်ကို လေ့လာနိုင်ခဲ့လို့ပဲ။ မင်းက သူ့ကို အခုလို သတ်ပစ်မယ်ဆိုရင် ကိုယ်က ဒီကံကြမ္မာအကြွေးကို ဘယ်လို ပြန်ဆပ်ရတော့မှာလဲ။”
လုချန်း၏ စကားကို ကြားလျှင် လုချန်းတင်နေသော ကံအကြွေးလည်း မနည်းလှကြောင်း ထျန်းဟုန် ဧကရီ နားလည်လိုက်သည်။ ဧကရာဇ်အဆင့်သို့ တက်လှမ်းခြင်းအတွက် အကြွေးကို ပြန်ဆပ်ရန်က လွယ်ကူမည်မဟုတ်ပေ။ သို့သော် ဤအရာက လုချန်း၏ ကံကြမ္မာအကြွေးသာ ဖြစ်၏။
သူမနှင့် ဘာဆိုင်သနည်း။
ထျန်းဟုန် ဧကရီက
“ဒါ ကျွန်မနဲ့ ဘာမှမဆိုင်ဘူး”
ယခုအချိန်တွင် သူမ၏ ကျင့်စဉ်အဆင့်ကို ထိန်းသိမ်းရန်သာ သူမ အလိုရှိသည်။ လုချန်း ကံအကြွေးကို မည်သို့ ပြန်ဆပ်မည် ဆိုတာက သူမ ကိစ္စမဟုတ်ချေ။
ထျန်းဟုန် ဧကရီက ခိုင်မာပြတ်သားစွာ ကလေးကို ဖျက်ချရန် စိတ်ပိုင်းဖြတ်ထားကြောင်း မြင်လျှင် လုချန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွှတ်သွားရင်း
“မင်းက သူ့ကို တကယ်သတ်ချင်တယ်ဆိုရင် သတ်လိုက်ပေါ့။ သူ သေသွားရင်တော့ ကိုယ်က ကံကြမ္မာအကြွေးကို ပြန်ဆပ်တဲ့အနေနှင့် သူ့အတွက် ကစားပွဲ ကြိမ်းသေ ပြန်စမှာပဲ။”
“ကိုယ် ကစားပွဲပြန်စမယ့် နည်းလမ်းကတော့ ရိုးရှင်းပါတယ်။ သခင်နဲ့ အစေခံ စာချုပ်ကို ဆက်ထားလိုက်ရုံပဲ။”
ထျန်းဟုန် ဧကရီ၏ မျက်ခုံးများ တွန့်သွားကာ
“ရှင် ကတိဖျက်ချင်တာလား”
လုချန်းက
“ကိုယ်က ကိုယ့်ကလေး မင်းရဲ့ ဝမ်းဗိုက်ထဲမှာ သေသွားတာကိုတော့ ဒီအတိုင်း ထိုင်ကြည့်မနေနိုင်ဘူး။”
ထိုစကားကို ကြားလျှင် ထျန်းဟုန် ဧကရီ
လုချန်းကို စူးစိုက်ကြည့်လိုက်၏။ တစ်ဆက်တည်း ဆိုသလိုပင် သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော မိစ္ဆာအငွေ့အသက်များ အိပ်ဆောင်တစ်ခုလုံးကို ဖုံးလွှမ်းသွား၏။ ခဏအကြာတွင် ထျန်းဟုန် ဧကရီက
“သူက ကျွန်မဆီက သတ်ဖြတ်ခြင်းစွမ်းအားတွေကို စုပ်ယူနေတာ။ ဒါသာ ဆက်ဖြစ်နေရင် ကျွန်မရဲ့ ကျင့်စဉ်အဆင့်က သိသိသာသာ လျော့ကျသွားလိမ့်မယ်။”
လုချန်းက
“အခုမှ ဖြစ်တည်စ သန္ဓေသားလေးက သတ်ဖြတ်ခြင်းစွမ်းအားကို စုပ်ယူတဲ့ အရှိန်ဟာ မင်း သတ်ဖြတ်ခြင်းစွမ်းအားကို စုဆောင်းတဲ့ အရှိန်ကို မမီနိုင်ဘူးလို့ ကိုယ် ယုံကြည်တယ်။”
ထိုအခါ ထျန်းဟုန် ဧကရီ စဉ်းစားခန်း ဝင်သွား၏။ လုချန်း၏ စကားက အရမ်းမမှားလှပေ။ သူမအတွင်းရှိ သန္ဓေသားက သတ်ဖြတ်ခြင်းစွမ်းအားကို လျင်မြန်စွာ စုပ်ယူနေသော်လည်း သူမကိုယ်တိုင် သတ်ဖြတ်ခြင်းစွမ်းအားကို ဖော်ဆောင်သည့် အရှိန်နှင့် ယှဉ်လျှင် ကွာခြားချက် ကြီးမားလှသည်။
ဒါပေမဲ့...
သတ်ဖြတ်ခြင်းစွမ်းအားကို ဖော်ဆောင်ရန် မိစ္ဆာအငွေ့အသက်များ လိုအပ်သည်။ ယခု ရှနိုင်ငံတော်အတွင်း၌ စစ်ပွဲမရှိချေ။ သူမအနေနှင့် စိတ်အလိုကျလည်း လျှောက်မသတ်နိုင်သဖြင့် မိစ္ဆာအငွေ့အသက်ကို မည်သည့်နေရာမှ ရနိုင်မည်နည်း။
ခဏ နေပါဦး...
မိစ္ဆာအငွေ့အသက်ကို စုပ်ယူနိုင်မည့် နေရာတစ်ခု ရှိနေပုံပဲ...
သို့သော် လုချန်းနှင့် ဤကဲ့သို့ နီးကပ်စွာ ဆက်လက်နေထိုင်ရမည်ဟူသော အတွေးက ထျန်းဟုန် ဧကရီကို အနည်းငယ် စိတ်တိုစေသည်။ လုချန်းကို ဧကရာဇ်ဖြစ်အောင် ကူညီပေးပြီးနောက် သူမ၏ ကံကြမ္မာအကြွေးကို ဆပ်ပြီးပြီဟု ထင်ခဲ့သော်လည်း ကြည့်ရတာ လုချန်းနှင့် သူမ ဆက်နွှယ်နေရဦးမည် ဖြစ်သည်။
သို့သော် ပြန်စဉ်းစားကြည့်လျှင် လုချန်းနှင့် စုံတွဲကျင့်စဉ် ကျင့်ခြင်း၏ အကျိုးသက်ရောက်မှုသည် သူမ ပြင်ပနယ်မြေသို့ သွားရောက်၍ တိုက်ပွဲများမှတစ်ဆင့် ကျင့်စဉ်အဆင့် ပြန်လည်မြှင့်တင်ခြင်းထက်ပင် ပိုမြန်ပေလိမ့်မည်။ သူမ၏ ကျင့်စဉ်အဆင့်ကို အထွတ်အထိပ်သို့ လျင်မြန်စွာ ပြန်ရောက်လိုပါက လုချန်းနှင့် စုံတွဲကျင့်စဉ် ကျင့်ခြင်းက အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်သည်။
သို့သော် သတ်ဖြတ်ခြင်းဖြင့် လမ်းစဉ်ဖော်ဆောင်ခဲ့သော ဧကရီတစ်ပါး အနေနှင့် အမျိုးသားတစ်ဦးနှင့် အမြဲတမ်း ရောနှောနေရမည့် အချက်ကို လက်ခံရန် အလွန်ခက်ခဲ နေသေး၏။ ထျန်းဟုန် ဧကရီ တိတ်ဆိတ်စွာ တစ်ခုခုကို စဉ်းစားနေသည်ကို မြင်လျှင် လုချန်းက ဆက်လက်၍
“တကယ်တော့ မင်း ပြန်စဉ်းစားကြည့်ရင် မင်းမှာ မဆပ်ရသေးတဲ ကံအကြွေးတစ်ခု ရှိနေသေးတယ်။”
“ကိုယ်က မင်းရဲ့ အသက်ကို ကယ်ခဲ့တယ်။ မင်းက ကိုယ့်ကို ဧကရာဇ်ဖြစ်အောင် ကူညီပေးခဲ့တယ်။ ဒါက ကံအကြွေးတစ်ခုကိုပဲ ဆပ်နိုင်တာ။ ဒါပေမဲ့ ကိုယ် မင်းကို ဧကရာဇ်ဖြစ်အောင် ကူညီပေးခဲ့တဲ့ အကြွေးကိုတော့ မင်း မဆပ်ရသေးဘူးလေ။”
“ဒါပေမဲ့ မင်းက မဆပ်ချင်ဘူးဆိုရင်တော့ ကိုယ်က မတိုက်တွန်းပါဘူး။ နောက်ဆုံးတော့ မင်းက အခု ဧကရာဇ်တစ်ပါး ဖြစ်နေပြီလေ။ ဧကရာဇ်ရဲ့ စွမ်းအားနဲ့ဆိုရင် ကိုယ်တို့ကြားက ကံကြမ္မာနှောင်ကြိုးကို မင်း အလွယ်တကူ ဖြတ်တောက်နိုင်မှာပါ။”
ထိုအခိုက်အတန့်တွင် ထျန်းဟုန် ဧကရီ သတိပြန်ဝင်လာပြီး တည်ငြိမ်စွာပင်
“အများကြီး ပြောမနေပါနဲ့တော့။ ကျွန်မ သူ့ကိုမသတ်တော့ဘူး။”
ဆယ်လဆိုသည်မှာ မကြာလှကြောင်း၊ သူမ၏ ကျင့်စဉ်အဆင့် အနည်းငယ် လျော့ကျနိုင်သော်လည်း များများစားစား ဖြစ်မည်မဟုတ်ကြောင်း ထျန်းဟုန် ဧကရီ စိတ်ထဲတွင် တွေးလိုက်၏။ ကလေးမွေးပြီးလျှင် သူမတင်နေသော ကံအကြွေး ကျေသွားမည်ဖြစ်ပြီး သူမ နောက်ဆုံးတွင် လွတ်လပ်သွားလိမ့်မည်ဖြစ်သည်။
ဧကရာဇ်တစ်ပါးအတွက် ဆယ်လဆိုတာ ဘာမှ မဟုတ်ချေ။ ဧကရာဇ်တို့သည် တစ်ခါ တရားထိုင်လျှင် နှစ်ပေါင်းသောင်းချီ ကြာတတ်သဖြင့် သူမ ဤအချိန်လေးကိုတော့ စောင့်နိုင်သည်။
သို့သော်...
လုချန်းနှင့် နှစ်ပေါင်းများစွာ လဲလျောင်းနေခဲ့ရခြင်းက သူမကို စိတ်မသက်မသာ ဖြစ်စေခဲ့ပြီး ယခု တစ်စုံတစ်ယောက်နှင့် တိုက်ခိုက်ချင်စိတ် ပြင်းပြနေသည်။
ထျန်းဟုန် ဧကရီက
“ရှင့်ဆီမှာ ခိုလှုံနေတဲ့ အဲ့ဒီ ဧကရာဇ်ကို ပြောလိုက်ပါ။ ကျွန်မ သူနဲ့ လက်ရည်စမ်းချင်တယ်လို့။”
လုချန်းက
“ဒါက သိပ်မကောင်းဘူး ထင်တယ်။ မင်းရဲ့ ဝမ်းဗိုက်ထဲမှာ ကလေးရှိနေတာလေ။ အန္တရာယ်ရှိတဲ့ အလုပ်တွေကို ကလေးမွေးပြီးမှ လုပ်တာ ပိုကောင်းပါလိမ့်မယ်။”
ထျန်းဟုန် ဧကရီက အေးစက်သော လေသံဖြင့်
“ကျွန်မက ဧကရာဇ်တစ်ပါးပါ။ သာမန်လူ မဟုတ်ဘူး။”
သူမသည် သာမန်လူများကဲ့သို့ နုနယ်သူမဟုတ်ကြောင်း ဆိုလိုခြင်း ဖြစ်သည်။ ထျန်းဟုန် ဧကရီထံမှ သတ်ဖြတ်ခြင်းစွမ်းအားများ လှုပ်ခတ်လာသည်ကို လုချန်းလည်း ခံစားမိ နေသဖြင့် သူမ ယခုအချိန်တွင် တိုက်ခိုက်လိုစိတ် မည်မျှ ပြင်းပြနေကြောင်း နားလည်လိုက်၏။
လုချန်းက
“ကိုယ်နဲ့ လက်ရည်စမ်းရင်ကော ဘယ်လိုလဲ။”
ထျန်းဟုန် ဧကရီက
“ရှင်မလုပ်နိုင်ပါဘူး”
လုချန်းက တဟားဟား ရယ်လိုက်ပြီး
“မင်းက ကိုယ့်ကို စိန်ခေါ်နေတာပဲ”
ယခု သူကိုယ်တိုင်လည်း ဧကရာဇ်တစ်ပါး ဖြစ်နေပြီ ဖြစ်ရာ ယောက်ျားတစ်ဦး အနေနှင့် ထျန်းဟုန် ဧကရီက သူ့ကို မလုပ်နိုင်ဟု ပြောလာ၍ လုချန်း မခံမရပ်နိုင် ဖြစ်သွားသည်။ ထျန်းဟုန် ဧကရီက ဆက်လက်၍
“ကျွန်မ ရှင့်ကို မတိုက်ချင်ဘူး”
ထျန်းဟုန် ဧကရီ၏ အမြင်တွင် လုချန်းသည် အမျိုးသမီးတစ်ဦးမှတစ်ဆင့် ဧကရာဇ်ဖြစ်လာသူသာဖြစ်၏။ သူ၏ နည်းလမ်း အောင်မြင်ခဲ့သော်လည်း စစ်မှန်သော ဧကရာဇ်၏ အင်အားနှင့် မတူညီနိုင်ဟု ယူဆထားသည်။ ထို့ပြင် သူ နားလည်ထားသော ဖန်တီးခြင်းလမ်းစဉ်သည် တိုက်ခိုက်ရေးစွမ်းအားဘက်၌ အားနည်းလှသည်။
ပေထျန်းလုကတော့ ကွဲပြား၏။ ပေထျန်းလုသည် ခွန်အားလမ်းစဉ်ကို နားလည်ထားသူဖြစ်ပြီး သူ၏ တိုက်ခိုက်ရေးစွမ်းအားသည် သာမန်ဧကရာဇ်များထက် ပိုအားကောင်းသည်။ ထိုကဲ့သို့သော သူနှင့် တိုက်ခိုက်ခြင်းကသာ သူမ နှစ်ပေါင်းများစွာ စုပုံနေခဲ့သော စိတ်မသက်မသာဖြစ်မှုများကို ဖြေဖျောက်ပေးနိုင်ပေလိမ့်မည်။
ခဏခန့် စဉ်းစားပြီးနောက် လုချန်းက “ကောင်းပြီ။ မင်း သူနဲ့ လက်ရည်စမ်းတာကို ကိုယ် သဘောတူပါတယ်။ ဒါပေမဲ့ မင်းတို့နှစ်ယောက် လက်ရည်စမ်းတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ထိန်းကြပါ။ ပြီးတော့ ရှနိုင်ငံတော်နဲ့ ဝေးတဲ့နေရာမှာပဲ တိုက်ကြပါ။”
စကားပြောပြီးသည်နှင့် ပေထျန်းလုထံသို့ အသံလွှင့်လိုက်၏။
“အကြီးအကဲပေ။ ကျွန်တော့်ရဲ့ ဇနီးတစ်ယောက်က ခင်ဗျားနဲ့ လက်ရည်စမ်းကြည့်ချင်လို့တဲ့။ ခင်ဗျား အခြေအနေ ဘယ်လိုရှိလဲ။”
လုချန်း၏ စကားကို ကြားလျှင် လျှို့ဝှက်ခန်းအတွင်းရှိ ပေထျန်းလု ရုတ်တရက် မှင်တက်သွားသည်။
လက်ရည်စမ်းပွဲလား။
သူသည် ဧကရာဇ်တစ်ပါး ဖြစ်၏။ သူနှင့် လက်ရည်စမ်းရန် တောင်းဆိုသူသည် အနည်းဆုံးတော့ အခြားဧကရာဇ်တစ်ပါး ဖြစ်ရမည် မဟုတ်ပါလား။
ပေထျန်းလုက
“အဲဒီ့ အမျိုးသမီးက အခု ဘယ်ကျင့်စဉ်အဆင့်မှာ ရှိနေပါလဲ”
ပြန်မြန်းလိုက်သည်။
လုချန်းက
“ဧကရာဇ်အဆင့်နှစ်ပါ”
ပေထျန်းလုက
“ကောင်းပါပြီ။ ဒါဆိုရင် အဲ့ဒီ အမျိုးသမီးကို ကြယ်နယ်မြေတစ်ခု ရွေးခိုင်းလိုက်ပါ”
ထိုတောင်းဆိုမှုကို ပေထျန်းလု ငြင်းဆိုခြင်း မပြုခဲ့ချေ။ သူ၏ အင်အားများ အပြည့်အဝ ပြန်မရသေးသော်လည်း ဤအရာက လုချန်းထံမှတစ်ဆင့် လာခြင်းဖြစ်သည်။ လုချန်း၏ လက်အောက်ငယ်သား တစ်ဦး အနေနှင့် ထိုတောင်းဆိုချက်ကို သဘောတူသင့်သည်ဟု သူ ယူဆထား၏။
…………..
အခန်း (၁၃၃၁)
ခန္ဓာကိုယ်သစ် တစ်ခု
ပေထျန်းလုက သဘောတူလိုက်သည်ကို မြင်သောအခါ လုချန်းက ထျန်းဟုန် ဧကရီအား
“အကြီးအကဲပေ သဘောတူလိုက်ပြီ”
ဟု ချက်ချင်း ပြောလိုက်သည်။
ထို့နောက် လုချန်း၏ ရင်ဘတ်ကို ထျန်းဟုန် ဧကရီက အားဖြင့် တွန်းကာ ကုတင်ပေါ်မှ ထလိုက်သည်။
သူမ၏ လက်ကို ဝှေ့ယမ်းလိုက်ရုံဖြင့် ခန္ဓာကိုယ်ပေါ်ရှိ အညစ်အကြေးများ ချက်ချင်း သန့်စင်သွားပြီးနောက် မြင့်မြတ်၍ အေးစက်သော အသွင်ဖြင့် အနီရောင် ဖီးနစ်ဝတ်ရုံကို လဲလှယ်ဝတ်ဆင်လိုက်သည်။
ထိုအရာကို မြင်လျှင် လုချန်း၏ စိတ်ဝင်စားမှု တစ်ဖန် နိုးကြားလာပြန်သည်။ ဧကရာဇ်အဆင့်သို့ ရောက်ရှိလာပြီးနောက် သူ အရင်ကထက် များစွာအင်အား ပြည့်လာခဲ့သည်။ ယခု လုချန်း ကိုယ်ထဲ၌ အင်အားများ ပြည့်ဝနေပြီး ထျန်းဟုန် ဧကရီနှင့် နောက်ထပ် နှစ်အတော်ကြာ တိုက်ခိုက်ရန်ပင် ပြဿနာ မရှိတော့ပေ။
သို့သော် အပြင်ဘက်တွင် ဇနီးအမြောက်အမြား စောင့်ဆိုင်းနေသည်ကို သိနေသောကြောင့် လုချန်းလည်း ထျန်းဟုန် ဧကရီကို ဆက်နေရန် အတင်းအကျပ် မတိုက်တွန်းတော့ပေ။
လမ်းစဉ်ကို နားလည်၍ ဧကရာဇ်တစ်ပါး ဖြစ်လာစေ ကြိုးစားနေခဲ့ရသဖြင့် သူ၏ ဇနီးများနှင့် နှစ်အတော်ကြာအောင် အတူမနေခဲ့ရပေ။ ယခုအခါ ဧကရာဇ်တစ်ပါး ဖြစ်လာပြီဖြစ်သောကြောင့် သူတို့ကို ပြန်လည် အချိန်ပေးရမည့် အချိန် ရောက်ပြီ ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ထျန်းဟုန် ဧကရီက သူမ၏ ခေါင်းကို အသာအယာ လှည့်လိုက်ကာ ကုတင်ပေါ်ရှိ လုချန်းကို အေးစက်စွာ ကြည့်လိုက်ပြီးနောက် သူမ၏ ခန္ဓာကိုယ်လည်း ထိုနေရာ၌ပင် ပျောက်ကွယ်သွား တော့၏။
ထျန်းဟုန် ဧကရီ ထွက်ခွာသွားပြီးနောက် ပေထျန်းလု၏ အငွေ့အသက်လည်း ထျန်းချန်ကမ္ဘာမှ ပျောက်ကွယ်သွားခဲ့သည်။
သူတို့၏ တိုက်ပွဲကို လုချန်း စိတ်မဝင်စားပေ။ သူ ယခု ခန္ဓာကိုယ်အသစ်တစ်ခုကို အမြန်ဆုံး ဖန်တီးလိုသည်။ သို့မှသာ ရှန်ဝူ ဧကရာဇ်၏ သွေးမျိုးဆက် လွှမ်းမိုးမှုမှ လွတ်မြောက်နိုင်မည်ဖြစ်သည်။
ထို့နောက် လုချန်း သူ၏ စိတ်ဝိညာဉ် စွမ်းအားကို လှည့်ပတ်လိုက်ရာ သူ၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် လမ်းစဉ် အင်းကွက်များ တဖြည်းဖြည်း ပေါ်ထွက်လာသည်။ အိပ်ဆောင်တစ်ခုလုံးကိုလည်း လမ်းစဉ် အရှိန်အဝါများဖြင့် လွှမ်းခြုံသွားစေ၏။
အိပ်ဆောင် အပြင်ဘက် ဥယျာဉ်အတွင်းရှိ အပင်များမှာလည်း ထိုလမ်းစဉ် အရှိန်အဝါ၏ သက်ရောက်မှု ခံလိုက်ရပြီး လျင်မြန်စွာ စတင် ကြီးထွားလာသည်။
ဥယျာဉ်ထဲရှိ အပင်များ အရှိန်အဟုန်ဖြင့် ကြီးထွားလာသည်ကို မြင်လျှင် ကျောင်းယိုယိုက
“ဟိုပန်းတွေကို ကြည့်ကြဦး”
ဟု အခြားသူများကို ချက်ချင်း သတိပေးလိုက်သည်။
အမျိုးသမီးများ၏ အကြည့်များလည်း ဥယျာဉ်ရှိ အပင်များပေါ်သို့ ကျရောက်သွားသည်။ ထို့နောက် အပင်များသည် သိသိသာသာ ကြီးထွားလာကာ အစက အဖူးအငုံများသည် တဖြည်းဖြည်း ပွင့်လန်းလာပြီး ဥယျာဉ်တစ်ခုလုံးကို သက်ဝင် လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားစေသည်။
တစ်ချိန်တည်းမှာပင် သူတို့၏ ခန္ဓာကိုယ်များမှာ အလွန် ပေါ့ပါးလာသည်ဟု အမျိုးသမီးများ ခံစားလိုက်ရသည်။ ယခင် ကျင့်စဉ် ကျင့်ကြံစဉ်က ကျန်ရှိခဲ့သော ပြဿနာအချို့လည်း ထိုအခိုက်အတန့်၌ ပျောက်ကွယ်သွား၏။
ယွမ်ရှန်ရှန်က
“သူ တကယ်ပဲ အောင်မြင်သွားပြီပဲ...”
ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။
ယွမ်ရှန်ရှန်၏ ပင်မခန္ဓာသည် အစက ဧကရာဇ်အဆင့် ဖြစ်ခဲ့သောကြောင့် သူမတွင် ဧကရာဇ်၏ မှတ်ဉာဏ်အချို့ကို ဆက်ခံရရှိထားသည်။ ထို့ကြောင့် အခန်းထဲမှ ထွက်ပေါ်လာသော လမ်းစဉ် အငွေ့အသက်ကို သူမ ရှင်းလင်းစွာ ခံစားနိုင်သည်။
အစောပိုင်းက ကောင်းကင်ယံရှိ ထူးခြားသော မြင်ကွင်းကို မြင်လိုက်ရစဉ်ကတည်းက လုချန်း အဆင့်တက်သွားပြီဟု သူမ ခံစားမိသည်။ သို့သော် ထိုကဲ့သို့ နည်းလမ်းဖြင့် အဆင့်တက်မှုမျိုးကို သူမ တစ်ခါမှ မကြားဖူးသောကြောင့် ယုံကြည်ရန် ခက်ခဲနေခဲ့ခြင်းဖြစ်သည်။
သို့သော် အခန်းတွင်းမှ ထွက်ပေါ်လာသော လမ်းစဉ် စွမ်းအားကို ကြည့်ခြင်းအားဖြင့် လုချန်း ဧကရာဇ်အဆင့်သို့ တကယ် ရောက်ရှိသွားပြီဖြစ်ကြောင်း ထင်ရှားသည်။
ယွမ်ရှန်ရှန် သူမ၏ မျက်ခုံးများကို တွန့်လိုက်ကာ
“ဒါက စစ်မှန်တဲ့ လမ်းစဉ်တစ်ခုလား”
တွေးလိုက်မိကာ အတွေးထဲ ဆက်လက်နစ်မြောနေမိတော့သည်။
တွန့်ဆုတ်မနေပဲ အိပ်ဆောင်အတွင်းမှ အခြေအနေကို စစ်ဆေးရန် သူမ၏ စိတ်ဝိညာဉ် စွမ်းအားကို ယွမ်ရှန်ရှန် ထုတ်လွှတ်လိုက်သည်။ ထိုအခါ လုချန်း သူ၏ ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်နေကြောင်း သဘောပေါက်သွားပြီး သူမ၏ စုံစမ်းမှုကို ယွမ်ရှန်ရှန် ချက်ချင်း ရပ်တန့်လိုက်၏။
ထိုအခိုက်အတန့်တွင် ချန်ဝမ်ရွန်က ယွမ်ရှန်ရှန်ကို ကြည့်ကာ
“ဆရာမ။ မင်းကြီး ဘာဖြစ်နေတာလဲ”
ဟု စိုးရိမ်တကြီး မေးလိုက်သည်။
ယွမ်ရှန်ရှန်က
“သူက လမ်းစဉ်ကို သက်သေပြနိုင်သွားပြီ။ အခု သူ အခု ဧကရာဇ်အဆင့် ဖြစ်သွားပြီ။”
ယွမ်ရှန်ရှန်၏ စကားကို ကြားလျှင် ဥယျာဉ်အတွင်းရှိ အမျိုးသမီးများ ခဏခန့် မှင်တက်သွားပြီးနောက် အလွန် စိတ်လှုပ်ရှားသွားကြသည်။
“အရမ်းကောင်းတာပဲ။ မင်းကြီး တကယ် အောင်မြင်သွားပြီ။”
“မင်းကြီး ကျွန်မတို့ကို လိမ်မှာမဟုတ်ဘူးဆိုတာ ကျွန်မ သိသားပဲ။”
“မင်းကြီး ပြောခဲ့တာတွေ အကုန်လုံးက အမှန်တွေ ဖြစ်နေလိမ့်မယ်လို့ မယုံနိုင်သေးဘူး...”
“ဒါဆို မင်းကြီးက အရင်ကထက်တောင် ပိုပြီး စွမ်းအားကြီးလာပြီပေါ့ ဟုတ်လား။”
ဥယျာဉ်အတွင်း အမျိုးသမီးများ၏ စကားသံများဖြင့် ချက်ချင်း ဆူညံသွားတော့သည်။ ယွမ်ရှန်ရှန်က လျင်မြန်စွာ သတိပေးလိုက်ရ၏။
“မင်းကြီးက ခန္ဓာကိုယ်သစ် ဖန်တီးနေတာမို့လို့ လောလောဆယ် သူ့ကို မနှောင့်ယှက်ကြနဲ့ဦး။”
ထိုစကားများကြောင့် ဥယျာဉ်အတွင်း တစ်ဖန် ပြန်လည် တိတ်ဆိတ်သွားပြီး အမျိုးသမီးများ ငြိမ်သက်စွာ စောင့်ဆိုင်းနေကြ တော့သည်။
တကယ်တော့ သူတို့၏ စိတ်ထဲ အနည်းငယ် စိုးရိမ်နေမိကြ၏။ ဧကရာဇ် ဖြစ်လာပြီးနောက် လုချန်း၏ အပြုအမူ မည်သို့ ပြောင်းလဲသွားမည်မှန်း သူတို့ မသိကြပေ။
ကျင့်ကြံသူများသည် ဧကရာဇ်ဖြစ်လာပြီးနောက် အလွန် အေးစက်ခက်ထန်သူများ ဖြစ်သွားပြီး အကျင့် စရိုက်များ သိသိသာသာ ပြောင်းလဲသွားတတ်သည်ဟူသော ကောလာဟလများ အမြောက်အမြား သူတို့ ကြားဖူးထားကြသည်။
ထို့ပြင် လုချန်းသည် လမ်းစဉ်ကို ရရှိရန် အမျိုးသမီးများအပေါ် အမှီပြုခဲ့ရသည်။ ယခု သူ အောင်မြင်သွားပြီ ဖြစ်သောကြောင့် သူတို့ အသုံးမဝင်တော့ဟု ထင်ရသည်။
လုချန်းက သူတို့ကို စွန့်ပစ်သွားနိုင်သည်ဟူသော အတွေးကြောင့် အမျိုးသမီးအချို့ မျက်နှာပေါ်၌ ပူပန်သော အမူအရာများ ပြသနေကြ၏။
ထိုအချိန်တွင် အိပ်ဆောင်အတွင်း၌ လုချန်း၏ ခန္ဓာကိုယ်အသစ်လည်း တဖြည်းဖြည်း ပုံပေါ်လာသည်။
ခန္ဓာကိုယ်အသစ်ကို မြင်လျှင် လုချန်းလည်း ထိုအခွင့်အရေးကို အသုံးချ၍ ခန္ဓာကိုယ် အမြောက်အမြား ထပ်မံ ဖန်တီးရန် ရုတ်တရက် တွေးလိုက်မိသည်။
အရာရာကို တစ်ယောက်တည်း လုပ်ဆောင်နေရတာ အလွန်ပင်ပန်းသည်ဟု သူ အမြဲ ခံစားရသည်။ ယခု သူ ဧကရာဇ်အဆင့်သို့ ရောက်ရှိသွားပြီဖြစ်သောကြောင့် သူ၏ စိတ်ဝိညာဉ် စွမ်းအားက အဆမတန် အားကောင်းလာ၏။ ခန္ဓာကိုယ် အမြောက်အမြားကို တစ်ပြိုင်နက် ထိန်းချုပ်ရန်ခြင်းက သူ့အတွက် ပြဿနာ မရှိတော့ပေ။
ထိုခန္ဓာကိုယ်များကို ထိန်းချုပ်ရန် သူတော်စင်အဆင့် ရုပ်သေးပညာကို အသုံးပြုမည်ဆိုလျှင် သူတို့၌ အနည်းဆုံး သူတော်စင်အဆင့် အင်အား ရှိကြလိမ့်မည်။
အရင်တုန်းက ရုပ်သေးပညာဖြင့် ရုပ်သေးရုပ်များ စတင်ဖန်တီးစဉ်ကတည်းက သူ၏ ရုပ်သေးခန္ဓာကိုယ်များကို အသုံးပြု၍ သူ၏ ဇနီးများနှင့် အတူနေရန် စဉ်းစားခဲ့ဖူးသည်။ သို့သော် ထိုအချိန်က ရုပ်သေးရုပ်များသည် စွမ်းရည်အပြည့်အဝ မခံယူနိုင်ပဲ ပြင်ပ အကူအညီများ လိုအပ်ခဲ့၏။
ထို့ပြင် သူ၏ ဝိညာဉ်စွမ်းအားကလည်း မလုံလောက်ခဲ့ပေ။ ခန္ဓာကိုယ်နှစ်ခုကို တစ်ပြိုင်နက် ထိန်းချုပ်နိုင်လျှင်ပင် လှုပ်ရှားမှုများသည် တစ်သမတ်တည်း မရှိပဲ ကြန့်ကြာမှုများ ရှိနေခဲ့သည်။
သို့သော် ယခုတော့ မတူတော့ပေ။ ဧကရာဇ်အဆင့်၏ စိတ်ဝိညာဉ် အင်အားနှင့်ဆိုလျှင် ကိုယ်ပွား အမြောက်အမြား ဖြစ်နေခြင်း သို့မဟုတ် အလွန် ဝေးကွာခြင်း မရှိပါက မည်သည့် ပြဿနာမှ ရှိမည် မဟုတ်ပေ။
ထိုသို့ တွေးလိုက်ပြီးနောက် သူ၏ အခြား လက်ကို လုချန်း ဖြည်းညှင်းစွာ မြှောက်လိုက်သည်။ ထို့နောက် နောက်ထပ် ခန္ဓာကိုယ်တစ်ခုကို စတင် ဖန်တီးလိုက်၏။
ဖန်တီးခြင်း လမ်းစဉ်နှင့် မူလစွမ်းအားကို အသုံးပြု၍ ဖန်တီးထားသော ခန္ဓာကိုယ်သည် သူ့အတွက်သာ လုံးဝ သက်ဆိုင်သည်။ နောင်တွင် သူ၏ ကိုယ်ပွားအားလုံးမှာလည်း သူကိုယ်တိုင်ပင် ဖြစ်ပေလိမ့်မည်။
အချိန်ကုန်လွန်လာသည်နှင့်အမျှ အခန်းထဲတွင် လုချန်း၏ ခန္ဓာကိုယ်နှစ်ခု ပေါ်လာသည်။
တွန့်ဆုတ်မနေပဲ သူ၏ စိတ်ဝိညာဉ်ကို လုချန်း တိုက်ရိုက် ပြောင်းရွှေ့လိုက်၏။
ထို့နောက် သူ၏ စိတ်ဝိညာဉ်လည်း အသစ်ဖန်တီးထားသော ခန္ဓာကိုယ်တစ်ခုအတွင်းသို့ ချက်ချင်း ရောက်ရှိသွားသည်။ သို့သော် စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်သစ် ပေါင်းစပ်သွားသည်နှင့် လုချန်း၏ ခန္ဓာကိုယ်မှ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားများ ပေါက်ကွဲထွက်လာတော့သည်။
ထိုအခိုက်၌ ထျန်းချန်ကမ္ဘာတွင် သက်ရှိအားလုံး တိုးပွားလာသည့် ထူးခြားသော မြင်ကွင်းလည်း သူ့မျက်စီရှေ့တွင် တစ်ဖန် ပြန်လည် ပေါ်ပေါက်လာပြန်၏။
လုချန်း သူ၏ ခန္ဓာကိုယ်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ သူ၏ မူလ ခန္ဓာကိုယ်ကို စွန့်လွှတ်လိုက်ရုံဖြင့် သူ၏ အဆင့်လည်း ဧကရာဇ် အဆင့်နှစ်သို့ တိုးတက်သွားခဲ့ခြင်းဖြစ်သည်။
ဒါက...
ရှန်ဝူ ဧကရာဇ်၏ သွေးမျိုးဆက် လွှမ်းမိုးမှုက တကယ်ပင် စွမ်းအားကြီးမားပုံရ၏။
သို့သော် ယနေ့မှစ၍ ရှန်ဝူ ဧကရာဇ်၏ သွေးမျိုးဆက် လွှမ်းမိုးမှုကို သူ စိုးရိမ်ရန် မလိုတော့ပေ။ နောင်တွင် သူ အလိုရှိသလောက် ရင်သွေးများ ရရှိနိုင်တော့မည် ဖြစ်သည်။
သို့သော် လုချန်း ခဏခန့် ကြောင်အသွားပြီးနောက် သူ၏ နဖူးကို ရိုက်လိုက်ကာ ကိုယ့်ကိုယ်ကိုယ် စကားမပြောနိုင်လောက်အောင် ဖြစ်သွား၏။
ယခုလို အချိန်မျိုးတွင် ကလေးယူဖို့ သူစဉ်းစားနေမိတာလား။
သူသည် ယခု ဧကရာဇ်တစ်ပါး ဖြစ်နေပြီဖြစ်သောကြောင့် ပို၍မြင့်မားသော ရည်မှန်းချက်များ ရှိသင့်ပေသည်။
သတိပြန်ဝင်ပြီးနောက် ဘေးနားရှိ ခန္ဓာကိုယ်ကို ရုပ်သေးရုပ်အဖြစ် သန့်စင်ရန် သူတော်စင်အဆင့် ရုပ်သေးပညာကို အသုံးပြုလိုက်၏။
ယခု သူသည် ဧကရာဇ်အဆင့်နှစ် သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် ရုပ်ပိုင်းဆိုင်ရာ ရုပ်သေးရုပ်၏ အင်အားကလည်း ဧကရာဇ်လောင်း အဆင့်နှင့် နီးစပ်သင့်သည်ဟု သန့်စင်နေရင်း သူ တွေးမိလိုက်သည်။
လုချန်း အတွေးထဲနစ်မြောနေစဉ်ပင် ရုပ်သေးရုပ်ကို အောင်မြင်စွာ သန့်စင်ပြီးသွားတော့သည်။ ထို့နောက် သူ၏ ဝိညာဉ် အစိတ်အပိုင်းတစ်ခုကို ရုပ်သေးရုပ်အတွင်းသို့ ထည့်သွင်းလိုက်ပြီး ခန္ဓာကိုယ်နှစ်ခုလုံးကို အခန်းအတွင်း လမ်းလျှောက်ရန် ထိန်းချုပ်လိုက်သည်။
ဧကရာဇ်အဆင့်၏ စိတ်ဝိညာဉ် စွမ်းအားနှင့်ဆိုလျှင် အလုပ်နှစ်ခုကို တစ်ပြိုင်နက် လုပ်ဆောင်ခြင်းက ပြဿနာ မရှိပေ။
လုချန်း အလွန် စိတ်ကျေနပ်သွား၏။
ထို့နောက် လက်ကို ဝှေ့ယမ်းလိုက်ပြီး ခန္ဓာကိုယ်နှစ်ခုလုံးတွင် ရွှေနက် နဂါးဝတ်ရုံများကို ဝတ်ဆင်ပေးလိုက်သည်။
……………..
အခန်း (၁၃၃၂ )
ဒီနှစ်တွေအတွင်း ဘာတွေဖြစ်ပျက်ခဲ့လဲ
အခန်းထဲတွင် လုချန်း သူ၏ ခန္ဓာကိုယ်အသစ်နှင့် ရင်းနှီးအောင် လုပ်ဆောင်နေစဉ်အတွင်း မုကျိရွှမ်းနှင့် အခြားသူများက အပြင်ဘက်တွင် စိုးရိမ်တကြီး စောင့်ဆိုင်းနေကြသည်။
လုချန်းကို မတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သဖြင့် သူတို့ရှေ့ရှိ တံခါးပွင့်လာမည်ကို မျှော်လင့်နေကြသည်။ ထို့ပြင် လုချန်း၏ ဘဝလမ်းစဉ်မှ လမ်းစဉ်အငွေ့အသက်၏ လွှမ်းမိုးမှုကို ခံထားရသဖြင့် အားလုံးက သူ့ကို စကားပြောချင်နေကြသည်။
သို့သော် တစ်ချိန်တည်းမှာပင် သူတို့စိတ်ထဲ စိုးရွံ့မှုများ ရှိနေသည်။ တံခါးပွင့်လာလျှင် ထွက်လာမည့်သူမှာ သူတို့သိသော လုချန်းမဟုတ်ပဲ အေးစက်ရက်စက်သော ဧကရာဇ်တစ်ပါး ဖြစ်နေမည်ကိုလည်း စိုးရိမ်နေကြ၏။
အခန်းထဲတွင် လုချန်းသည် သူ၏ ရုပ်သေးရုပ်၏ ကြီးမားသော အင်အားကို ခံစားမိသောအခါ အလွန် ဝမ်းသာသွားသည်။
သူ၏ ရုပ်သေးရုပ်သည် အများဆုံး ဧကရာဇ်လောင်းအဆင့်နှင့် နီးစပ်သော အင်အားသာရှိမည်ဟု သူ အစက ထင်ထားခဲ့သည်။ မထင်မှတ်ထားပဲ သူ၏ ရုပ်သေးကိုယ်ပွားသည် ဧကရာဇ်အဆင့်သို့ အမှန်တကယ် ရောက်ရှိသွားသည်။
“သူတော်စင်အဆင့် ရုပ်သေးအတတ်က တကယ်ပဲ ဒီလောက်တောင် အစွမ်းထက်ရလား။”
“ငါသာ ခန္ဓာကိုယ်တွေ အများကြီး ထပ်ဖန်တီးလိုက်မယ်ဆိုရင် အနာဂတ်မှာ ရှနိုင်ငံတော်က ဧကရာဇ်အဆင့်တွေနဲ့ ပြည့်သွားမှာ မဟုတ်ဘူးလား။”
ထိုသို့တွေးရင်း အခန်းထဲမှ ထွက်ရန် အလျင်မလိုတော့ပဲ ရုပ်သေး ခန္ဓာကိုယ် အသစ်များကို ဖန်တီးရန် ဖန်တီးခြင်းလမ်းစဉ်ကို နောက်တစ်ကြိမ် အသုံးပြုလိုက်သည်။
မကြာမီမှာပင် နောက်ထပ် ခန္ဓာကိုယ်နှစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းတို့ကို ရုပ်သေးခန္ဓာများအဖြစ် ပြောင်းလဲရန် မျှော်လင့်ချက်အပြည့်ဖြင့် ပြင်ဆင်နေစဉ် သူ၏ နှလုံးထဲတွင် တုန်လှုပ်မှုတစ်ခု ခံစားလိုက်ရသည်။
ထို့နောက် ချက်ချင်းပင် သူ၏ စိတ်ဝိညာဉ်ကို ဆွဲဖြဲခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသဖြင့် ပြင်းထန်စွာ နာကျင်သွားသည်။ ရုပ်သေးများကို သန့်စင်ခြင်း ပြီးဆုံးသွားသော်လည်း ခန္ဓာကိုယ်သစ်များသည် ဧကရာဇ်လောင်းအဆင့် အင်အားသာ ရှိကြောင်း သူ တွေ့လိုက်ရသည်။
ဖြစ်ပျက်နေသည့်အရာကို လုချန်း ချက်ချင်း နားလည်သွားသည်။ သူ၏ ရုပ်သေးအတတ်ကို အသုံးပြု၍ ကိုယ်ပွားအများကြီး ဖန်တီးနိုင်သော်လည်း သူ၏ စိတ်ဝိညာဉ်က ထိုမျှများပြားသော ခန္ဓာကိုယ်များ၏ အင်အားကို ထောက်ပံ့ရန် အင်အားမလုံလောက်ပေ။
သူ၏ စိတ်ဝိညာဉ်ဖြင့် ထိန်းချုပ်နိုင်သော အင်အားက ကန့်သတ်ချက်ရှိသည်။ ဧကရာဇ်အဆင့် အင်အားရှိသော ခန္ဓာကိုယ် နှစ်ခုကိုသာ သူက တစ်ပြိုင်နက်တည်း ထိန်းချုပ်နိုင်သည်။ ဧကရာဇ်အဆင့် ခန္ဓာကိုယ် သုံးခုကို ထိန်းချုပ်ခြင်းမှ လာသော နောက်ဆက်တွဲဒဏ်ကိုတော့ သူ၏ စိတ်ဝိညာဉ်က မခံနိုင်တော့ချေ။ စိတ်ဝိညာဉ်က ခန္ဓာကိုယ်များ၏ အင်အားကို မထိန်းချုပ်နိုင်သောအခါ ဆွဲဖြဲခံရသလို နာကျင်သော ခံစားချက် ဖြစ်ပေါ်လာစေသည်။
အခြေအနေကို နားလည်သွားပြီးနောက် လုချန်း အသာအယာ သက်ပြင်းချလိုက်သည်။ ဧကရာဇ်အဆင့်များကို အမြောက်အမြား ထုတ်လုပ်မည့် သူ၏ အစီအစဉ်လည်း ပျက်ပြားသွားသည်။ သူ၏ ဧကရာဇ်အဆင့် စိတ်ဝိညာဉ် အင်အားဖြင့် ဧကရာဇ်အဆင့် ကိုယ်ပွားများကို တစ်ပြိုင်နက်တည်း ထိန်းချုပ်နိုင်မည်ဟု သူ အစက ထင်ခဲ့သော်လည်း ကိုယ်များ၏ ပေါင်းစပ်အင်အားက သူ၏ စိတ်ဝိညာဉ်အပေါ် သက်ရောက်မှု ရှိလာမည်ဟု သူက မမျှော်လင့်ထားခဲ့ပေ။
“ထားလိုက်ပါတော့။ ဧကရာဇ်အဆင့် ခန္ဓာကိုယ် နှစ်ခုဆိုရင် လုံလောက်ပါတယ်”
ထို့နောက် လုချန်း နောက်ထပ် ခန္ဓာကိုယ်တစ်ခုကို သန့်စင်ပြန်သည်။ ဤတစ်ကြိမ်တွင် ခန္ဓာကိုယ်ကို ဧကရာဇ်လောင်းအဆင့် ဖြစ်စေရန် သူက သူ၏ အင်အားကို ရည်ရွယ်ချက်ရှိရှိ ထိန်းချုပ်လိုက်သည်။ သန့်စင်နေစဉ်အတွင်း သူ၏ စိတ်ဝိညာဉ်က အနည်းငယ် ဆွဲဖြဲခံရသည့် ခံစားချက်ကို ခံစားနေရဆဲဖြစ်သည်။
ဤနည်းဖြင့် ယခုအခါ လုချန်းတွင် ဧကရာဇ်အဆင့် ခန္ဓာကိုယ် နှစ်ခုနှင့် ဧကရာဇ်လောင်းအဆင့် ခန္ဓာကိုယ် နှစ်ခု ရှိနေပြီဖြစ်သည်။
ခန္ဓာကိုယ်များ ပို၍ ဖန်တီးရန် အစက သူရည်မှန်းထားသော်လည်း သူ၏ အသက်စွမ်းအားနှင့် မူလစွမ်းအားများ ကုန်ခမ်းလုနီးပါး ဖြစ်နေသည်ကို သတိထားမိသဖြင့် လက်လျှော့လိုက်ရတော့သည်။ တကယ်တော့ လက်ရှိ ရှိနေသော ခန္ဓာကိုယ်လေးခုက လုံလောက်သည်ထက် ပိုနေပြီ ဖြစ်သည်။
ထိုသို့တွေးရင်း ဧကရာဇ်လောင်းအဆင့် ခန္ဓာကိုယ် နှစ်ခုကို ရွှေဖြူ နဂါးဝတ်ရုံများ ဝတ်ဆင်ပေးလိုက်ပြီးနောက် သူ၏ ရုပ်သေး ခန္ဓာလေးခုလုံး အခန်းထဲမှ တစ်ပြိုင်နက် တည်း ထွက်လာခဲ့သည်။
ထျန်းဟုန် ဧကရီ၏ အိပ်ဆောင်တံခါး ဖြည်းညှင်းစွာ ပွင့်လာသောအခါ အဆောင်ဝင်း အတွင်းရှိ အမျိုးသမီးများအားလုံး တံခါးဝကို စူးစိုက်ကြည့်နေကြ၏။ အဖြူနှင့်အမည်း ဝတ်စုံများဖြင့် ထွက်လာသော လုချန်းများ မြင်သောအခါ အားလုံး ခဏခန့် ကြောင်အသွားကြသည်။
ဤလေးယောက်လုံး၏ အငွေ့အသက်များမှာ အတူတူပင်ဖြစ်သော်လည်း သူတို့ထံမှ ထွက်ပေါ်လာသော ဖိအားများ ကွဲပြားနေသည်ကို ယွမ်ရှန်ရှန်က ရှင်းလင်းစွာ ခံစားမိသည်။
ယွမ်ရှန်ရှန် ဇဝေဇဝါဖြစ်သွားကာ
“ရှင်က ဘယ်လိုလုပ်ပြီး ဒီလောက်တောင်ရုပ်သေးကိုယ်ပွားတွေအများကြီး ဖန်တီးလိုက်တာလဲ။”
လုချန်းလေးယောက်လုံးက တစ်ပြိုင်နက်တည်း ရယ်မောလိုက်ပြီး
“ကိုယ်က မင်းတို့နဲ့ မတွေ့ရတာ ကြာပြီဆိုတော့ ကိုယ်တစ်ယောက်တည်းဆိုရင် မလောက်မှာ စိုးလို့ပါ။”
ထိုစကားကို ကြားသောအခါ အဆောင်ဝင်း အတွင်းရှိ အချို့သော အမျိုးသမီးများ ချက်ချင်းပင် မျက်နှာနီမြန်းသွားကြသည်။ လုချန်း သိသိသာသာ ပြောင်းလဲသွားမှာကို သူတို့က စိုးရိမ်နေခဲ့သော်လည်း သူတို့ အလွန်အကျွံ တွေးမိခဲ့ခြင်း ဖြစ်ပုံရသည်။
ထိုစဉ် ရှနိုင်ငံတော်၏ အပြောင်းအလဲများကို စမ်းသပ်ရန် လုချန်း သူ၏ စိတ်အာရုံကို လွှတ်လိုက်သည်။
သူ တံခါးပိတ် ကျင့်စဉ်စခန်း ဝင်နေသော နှစ်များအတွင်း ရှနိုင်ငံတော်သည် နည်းပညာပိုင်းဆိုင်ရာများ သိသိသာသာ တိုးတက်လာခဲ့ပြီး စိတ်ဝိညာဉ်စွမ်းအားကို အခြေခံသော နည်းပညာပစ္စည်း အများအပြားကိုလည်း တီထွင်နိုင်ခဲ့သည်။ ရှနိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရန်အတွက် လမ်းစဉ်အသစ်ကို နည်းပညာနှင့် ကျင့်စဉ်တို့၏ နက်ရှိုင်းသော ပေါင်းစပ်မှုက ဖော်ဆောင်ပေးခဲ့သည်။
ထိုအခိုက်အတန့်တွင် လုချန်းက ပိုင်ချင်းချင်းကို
“ပိုင်။ ကိုယ်တို့ စာကြည့်ခန်းကို သွားရအောင်။”
ထိုသို့ပြောပြီးနောက် ပိုင်ချင်းချင်းကို ခေါ်ဆောင်ကာ အဆောင်ပြင်သို့ထွက်၍ စာကြည့်ခန်းသို့ သွားရန် ဧကရာဇ်အဆင့် ခန္ဓာကိုယ်တစ်ခုကို လုချန်း ထိန်းချုပ်လိုက်သည်။ ယခုအခါ သူ့၌ ခန္ဓာကိုယ် လေးခုရှိနေပြီ ဖြစ်သဖြင့် အလုပ်များစွာကို တစ်ပြိုင်နက် လုပ်ဆောင်နိုင်ပြီဖြစ်သည်။ သူ တံခါးပိတ် ကျင့်စဉ်စခန်း ဝင်နေစဉ်အတွင်း နန်းတွင်းမှ တင်ပြထားသော အစီအစဉ်များကို ဦးစွာ ပြန်လည်ကြည့်ရှုရန် သူ စီစဉ်လိုက်သည်။
ခန္ဓာကိုယ်တစ်ခုက ပိုင်ချင်းချင်းနှင့်အတူ ထွက်သွားပြီးနောက် ရှိနေသော မိဖုရားများကို လုချန်းက ကြည့်လိုက်ရာ အများစုက ထိုနေရာတွင် ရှိနေကြသည်။
“ကိုယ်တို့ တခြားနေရာကို သွားပြီး သေသေချာချာ စကားပြောရအောင်။”
သူ၏ လက်ကို ဝေ့ယမ်းလိုက်သောအခါ သူတို့၏ ခန္ဓာကိုယ်များ ထိုနေရာမှ ပျောက်ကွယ်သွားပြီး ရန်ခရိုင်ရှိ လေပြင်းမိုးတိမ်ဆောင်တွင် ပြန်ပေါ်လာသည်။
ဟာလာဟင်းလင်း ဖြစ်နေသော ခန်းမနှင့် ဘေးရှိ ခုတင်ကြီးကို ကြည့်ကာ လုချန်း စိတ်လှုပ်ရှားသွားသည်။ သူက သူ၏ မိဖုရားများနှင့် နှစ်တိုင်းနီးပါး ဆုံတွေ့လေ့ရှိသော်လည်း ဒီတစ်ခေါက် တံခါးပိတ်ကျင့်စဉ်စခန်းက နှစ်ပေါင်းများစွာ ကြာသွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
အနာဂတ်တွင် သူ၏ ကျင့်စဉ်အဆင့် မြင့်တက်လာပြီး တာဝန်များ ပိုများလာသည်နှင့်အမျှ သူ၏ မိဖုရားများနှင့် ဆုံတွေ့ရန် အခွင့်အရေး ပို၍ နည်းပါးသွားပေလိမ့်မည်။
ခန်းမထဲတွင် ရပ်နေသော လုချန်း သုံးယောက်ကို မြင်ရသဖြင့် မုကျိရွှမ်းတို့လည်း ဘာလုပ်ရမှန်း မသိဖြစ်နေကြသည်။ လုချန်း သုံးယောက်နှင့် ရင်ဆိုင်ရခြင်းက သူတို့အတွက် ပထမဆုံးအကြိမ် ဖြစ်သဖြင့် အနည်းငယ် ထူးဆန်းနေသည်။
ထိုအခိုက်အတန့်တွင် လုချန်းတစ်ယောက်က လေပြင်းမိုးတိမ်ဆောင် အပေါ်ဘက်ရှိ နဂါးပလ္လင်သို့ သွားထိုင်လိုက်သည်။
“ကဲ။ မင်းတို့ အားလုံး ဒီနှစ်တွေအတွင်းမှာ ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာ ကိုယ့်ကို ပြောပြကြဦး။”
ထိုသို့ပြောပြီးနောက် ဧကရာဇ်လောင်းအဆင့် လုချန်းနှစ်ယောက်က တုံ့ဆိုင်းမနေပဲ ချူးယုချင်နှင့် ယွမ်ရှန်ရှန်တို့ကို ပွေ့ချီကာ
ကုတင်ကြီးပေါ်သို့ ခေါ်ဆောင်သွားသည်။ ထိုအရာကို မြင်သောအခါ လုချန်း၏ မိဖုရားများလည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် အချို့က နောက်မှ လိုက်သွားကြသည်။
ထိုအတောအတွင်း နဂါးပလ္လင်ပေါ်တွင် ထိုင်နေသော လုချန်းကတော့ မည်သည့်လှုပ်ရှားမှုမျှ မလုပ်ပေ။ လုချန်း၏ ရည်ရွယ်ချက်ကို မုကျိရွှမ်း ချက်ချင်း နားလည်သွားပြီး စားသောက်ဖွယ်ရာများ ပြင်ဆင်ရန် နန်းတွင်းစားဖိုဆောင်ကို ညွှန်ကြားလိုက်သည်။
ကုတင်ဆီသို့ မသွားသော သူများက ခန်းမ၏ ဘေးတစ်ဖက်တစ်ချက်ရှိ နေရာများတွင် ထိုင်လိုက်ကြသည်။ မုကျိရွှမ်းက နဂါးပလ္လင်အနားသို့ ချဉ်းကပ်လာကာ လုချန်းကို ဝိုင်တစ်ခွက် ငှဲ့ပေးလိုက်သည်။
မုကျိရွှမ်း၏ သွယ်လျသော ခါးကို ဖက်လျက် လုချန်းက ဝိုင်ကိုသောက်ကာ
“ကိုယ် တံခါးပိတ်ကျင့်စဉ်စခန်း ဝင်နေတဲ့ နှစ်တွေမှာ ကလေးတွေရော ဘယ်လိုနေကြလဲ။”
မုကျိရွှမ်းက
“သူတို့အားလုံး ကိုယ်စီ လုပ်ချင်တဲ့အရာတွေကို ရှာဖွေတွေ့ရှိထားပြီး စိတ်ကျေနပ်စရာကောင်းတဲ့ ဘဝတွေကို ဖြတ်သန်းနေကြပါတယ်။”
ဝိုင်ခွက်ကို ချလိုက်ပြီး လုချန်းက
“သူတို့နားကို မရိုးသားတဲ့ ရည်ရွယ်ချက်နဲ့ ချဉ်းကပ်လာတဲ့သူတွေရော မရှိဘူးလား။”
ထိုမေးခွန်းကို လုချန်းက မေးလိုက်သောအခါ ခန်းမအောက်တွင် ရပ်နေသော ကျောင်းရှောင်ရှောင် ခဏခန့် ကြောင်အသွားပြီး သူမ၏ ရည်မှန်းချက်မရှိသော သားဖြစ်သူကို ချက်ချင်း သတိရလိုက်မိသည်။
မုကျိရွှမ်းက ပြုံးကာ
“သူတို့က မင်းကြီးရဲ့ သားသမီးတွေပဲလေ။ မရိုးသားတဲ့ ရည်ရွယ်ချက်နဲ့ ချဉ်းကပ်ဖို့ ကြိုးစားတဲ့သူတွေကတော့ အများကြီး ရှိတာပေါ့။ ဒါပေမဲ့ မင်းကြီးက ကြိုတင်ပြီး သတိပေးထားခဲ့သလို အခုဆိုရင် သူတို့လည်း အဲဒီအင်အားစုတွေနဲ့ ဆက်ဆံရေးကို ကောင်းကောင်း ကိုင်တွယ်နိုင်နေပါပြီ။”
လုချန်းက တစ်ခုခု ပြောရန် ပြင်လိုက်စဉ် သူ၏ ဘေးနားမှ အော်ဟစ်သံတစ်ခု ကြားလိုက်ရပြီးနောက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် သာယာမှုတစ်ခု ပျံ့နှံ့သွားသည်။ တစ်ချိန်တည်းမှာပင် စာကြည့်ခန်းထဲ၌ ပိုင်ချင်းချင်းနှင့် ရှိနေသော လုချန်းလည်း ထိုသာယာမှုမျိုးကို ခံစားလိုက်ရသည်။
ထိုခံစားချက်မှာ တစ်ခုပေါ်တစ်ခု ထပ်ဆင့်နေလိမ့်မည်ဟု လုချန်း မမျှော်လင့်ထားသဖြင့် အလွန် ဝမ်းသာသွားသည်။ လက်ရှိတွင် ရုပ်သေးကိုယ်ပွားနှစ်ခုသာ လှုပ်ရှားနေခြင်းဖြစ်ရာ အနာဂတ်တွင် ရုပ်သေးကိုယ်ပွားများ ပို၍ များလာလျှင် မည်သို့ ခံစားရမည်မှန်း သူ မခန့်မှန်းနိုင်တော့ချေ။
လုချန်း၏ ပင်မခန္ဓာဘေးရှိ မုကျိရွှမ်းကတော့ ခန်းမဘေးတွင် ဖြစ်ပျက်နေသည်များကို မျက်လုံးထောင့်မှ ကပ်ကြည့်လိုက်ရင်း သူမ၏ မျက်နှာ ချက်ချင်းပင် နီရဲသွား တော့သည်။