ဖီးနစ်ခန္ဓာအစစ်
Vol. 41 Ch. 566
နံနက်စောစောတွင် အနီရောင် နေတစ်စင်းသည် အရှေ့အရပ်မှ ဖြည်းဖြည်းချင်း ထွက်ပြုလာပြီး ကောင်းကင်တစ်ခုလုံးကို နီသွားစေတော့သည်။ နံနက်ခင်းလေပြည်က အနည်းငယ် အေးသော်ငြား အလွန်လန်းဆန်းစေပြီး ဖျတ်လတ်မှုတို့ တိုးစေ၏။
ထက် ထက် ထက်
မြို့၏အရှေ့ဘက်ခြမ်း လမ်းမပေါ်၌ အရှိန်ဖြင့်သွားနေသော ခမ်းနားသည့် ရထားလုံး တစ်စင်းရှိပေ၏။ ထိုရထားလုံးက ဆယ်ပေကျော်ခန့် ရှည်ပြီး လေပြင်းများသဖွယ်သွားသော ရှားပါးသည့် မျိုးစိတ်ဆိုတာ သိသာနေသည့် စစ်မြင်းနှစ်ကောင်ဆွဲသည့် ရထားလုံးဖြစ်ပေ၏။ ရထားလုံးအတွင်းရှိ လူများက သာမာန်ပုဂ္ဂိုလ်များ မဟုတ်ကြပေ။ ထို့ကြောင့် လမ်းသွားလမ်းလာများသည့် စစ်မြင်းများဖြင့် မတိုက်မိအောင် ရှောင်ရန်အတွက် ဘေးတစ်ဖက် တစ်ချပ်ဆီ၌ ရပ်နေကြသည်။
ရထားလုံးကို မောင်းသည့်သူက အတွေ့အကြုံရှိသည့် ရထားလုံးမောင်းသမားဖြစ်သည်။ သူတို့က အရှိန်တင်ထားတာ ဖြစ်နိုင်သော်ငြား လမ်းသွားလမ်းလာကို တိုက်မိခြင်းမရှိပေ။ ယင်းက ချောမွေ့စွာ ထိန်းကျောင်းနေတာပဲဖြစ်၏။
ရထားလုံးအတွင်းရှိ ဧည့်သည်များ မည်မျှအဆင့်အတန်းမြင့်ကြောင်း သူနားလည် သဘောပေါက်ထားသည့်အတွက် ရထားလုံးမောင်းသမားက အလွန်စိုးရိမ် ပူပန်နေပြီး အားရကြေနပ်တာမျိုး မပြုရဲချေ။ ထိုရထားလုံးသည် အစက ကုန်သယ်အဖွဲ့အစည်းက ပိုင်ဆိုင်တာဖြစ်သည်။ သို့သော် အထက်တန်းလွှာ လူငယ်တစ်ဦးက ရထားလုံး၏တန်ကြေး အဆတစ်ရာပေးပြီး ရထားလုံးကို ဝယ်လာခဲ့တာပဲဖြစ်သည်။ ရထားလုံးကို သင့်တော်စွာ မောင်းခဲ့လျှင် နေ့စဉ်နေ့တိုင်း ခရမ်းရွှေတစ်ပြား ပေးခံရမည်ဟု ရထားလုံးမောင်းသမားကိုတောင် ကတိပေးခဲ့သည်။
ခရမ်းရွှေတစ်ပြားဟူသည် အဘယ်နည်း။
ခရမ်းရွှေက ကောင်းကင်ကြယ်တာရာ နယ်နိမိတ်၏ ဘုံငွေကြေးဖြစ်ပြီး သာမာန်မျိုးနွယ်စုသည် သူတို့၏ နှစ်စဉ်သုံးစွဲစရိတ်အတွက် ခရမ်းရွှေတစ်ပြား သုံးရန်တောင် မလိုအပ်ချေ။ သူ၏မူလ လစာက တစ်နှစ်လျှင် ခရမ်းရွှေနှစ်ပြားသာ ရသည်။ သို့သော် နှစ်ရက်အတွင်း ထိုငွေပမာဏကို သူအမှန်တကယ် ရနိုင်သည်။
ရထားလုံးအတွင်းရှိ သခင်လေးက ကတုံးပြောင်နေအောင် တုံးထားပြီး ထူးဆန်းသော ပုံပန်းသွင်ပြင်ရှိသည့်တိုင် ထူးကဲသော အမူအကျင့် ရှိပေ၏။ သူနှင့်အတူ လိုက်ပါလာသော မိန်းမပျိုလေးများသည် နတ်မိမယ်များသဖွယ် လှပပေ၏။ သူကဂုဏ်သိက္ခာရှိသည့် အဆင့်အတန်းဖြင့် သခင်လေးတစ်ဦး မဟုတ်ခဲ့လျှင် ထိုကဲ့သို့ မိန်းမလှလေးများက သူနှင့်အတူ မည်ကဲ့သို့ လိုက်ပါမည်နည်း။
အမှန်တကယ်တွင် ရထားလုံးထဲ၌ မိန်းမလှ တစ်ဦးထဲသာ ရှိတာမဟုတ် သုံးဦးရှိနေတာပဲဖြစ်သည်။
ရထားလုံးထဲတွင် ကျန်းရီက သစ်သားညောင်စောင်းပေါ်တွင် ထိုင်ပြီး မှော်အတတ်ပညာများကို လေ့လာနေ၏။ ဖုန်းလန်နှင့် ချင်ယွီကမူ ရင်းနှီးစွာ တီးတိုးပြောနေလျှက် ကျန်းရှောင်နူကမူ ပြတင်းပေါက်အပြင်ဘက်ရှိ ရှု့ခင်းကို ခံစားနေသည်။
ခရမ်းရွှေနယ်မြေက လူသားမျိုးနွယ်စု အများစုဖြင့်ပြည့်နေပြီး ရုပ်ရည်သွင်ပြင်အရာတွင် ကျန်းရီနှင့် သူတို့အဖွဲ့က ဤနေရာရှိ ဒေသခံများနှင့် မကွာခြားပေ။ သူတို့မည်သူမည်ဝါဆိုတာ မထုတ်ဖော်ခံရသ၍ သူတို့သည် ပင်လယ်ထဲရှိ ငါးလေးများသဖွယ် ဖြစ်နေမှာပင်။ သိုင်းခန်းမဆောင်အဖို့ သူ့ကိုတက်တက်ကြွကြွ လိုက်ရှာနေလျှင်တောင် ရှာတွေ့ရန် ခက်ခဲလောက်သည်။
ထို့ကြောင့်သူသည် ရထားလုံးတစ်စီး စီးကာ သူကြွယ်မျိုးရိုး မိသားစုမှ သခင်လေးတစ်ဦးအဖြစ် အယောင်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။ ယင်းက အင်အားစုများထံမှ အာရုံစိုက်မှုကို မရနိုင်ဘဲ အလုံခြုံဆုံးနှင့် အသိုသိပ်ဆုံး နည်းလမ်းဖြစ်ပေ၏။ သူတို့သည် ကျို့ဝူသားရဲနှင့် မြေအောက်မှ သို့မဟုတ် လေထဲ၌ ပျံသန်းသွားရန် ဖုန်းလန်ကို ခိုင်းခဲ့လျှင် သိုင်းပညာရှင်များ၏ အာရုံစိုက်မှုကို အလွယ်တကူ ရသွားနိုင်၏။
သူက ချင်ယွီနှင့် ကျန်းရှောင်နူတို့ကိုတောင် လွှတ်ပေးခဲ့သည်။ အန္တရာယ်ကြုံမှသာ သူတို့ကို စကြ၀ဠာနန်းတော်ထဲ ချက်ချင်းထည့်တာက သူတို့အတွက် ပိုကောင်းမှာပဲဖြစ်သည်။ မဟုတ်လျှင် သူတို့ပျင်းရိပြီး သေနိုင်ပေ၏။
ခရီးက ချောမွေ့နေပြီး အဟန့်အတားမရှိပေ။ သူတို့က မြို့လေးတစ်မြို့ကို ဖြတ်သန်းသွားလာချိန်၌ ကျန်းရီက ရထားလုံးမောင်းသူကို စားစရာအချို့ သွားဝယ်ခိုင်း၏။ သူကရထားလုံးပေါ်မှ မဆင်းဘဲ အရှေ့အရပ်ဆီသို့ ခရီးဆက်တော့သည်။ ကျန်းရှောင်နူသည် အစက မြို့ကြီးများထဲနှင့် လူများထဲတွင် ပျော်စရာအချို့ ရှာချင်ခဲ့သည်။ သို့သော် ဤနေရာနှင့် မရင်းနှီးမှန်း သူမသိနေ၏။ သူတို့ပြဿနာ အလွယ်တကူ ကြုံတွေ့နိုင်သည်။ ထို့ကြောင့် ရွေးချယ်စရာ မရှိတော့ဘဲ ရထားလုံးထဲတွင်သာ ပိတ်နေရလေသည်။
ပျင်းရိငြီးငွေ့ဖွယ် ခရီးစဉ်အတောအတွင်း ဖုန်းလန်နှင့် ချင်ယွီကမူ အတော်လေး သာယာနေကာ သူတို့က မရပ်မနား စကားပြောနေခဲ့သည်။ ဖုန်းလန်က ချင်ယွီကို မနေ့ညက အဖြစ်အပျက်အကြောင်း ထည့်ပြောပြီး သူမ၏တံခါး မပိတ်ထားကြောင်းနှင့် ထိုသို့တိုင် ကျန်းရီဝင်မလာရဲသည့်အကြောင်း ပြောနေလေသည်။ ထိုအကြောင်းကို ကြားသောအခါ ချင်ယွီက ခိုးခိုးခစ်ခစ် ရယ်မောလိုက်၏။ ကံကောင်းသည်မှာ သူတို့က ဝေဝါးဝါးသာ ပြောနေခြင်းဖြစ်ရာ ကျန်းရှောင်နူက နားမလည်နိုင်ပေ။
“ဝါး”
မွန်းတည့်ချိန်တွင် ရထားလုံးမောင်းသူက ရထားလုံးကို ရုတ်တရက် ရပ်တန့်လိုက်လေ၏။ ကျန်းရီက မျက်လုံးဖွင့်ပြီး ရှေ့ကိုကြည့်လိုက်သည်။ ထိုနေရာတွင် ဖြတ်သန်းသွားလာသည့် ရထားလုံးများကို စစ်ဆေးနေကြသော အစောင့်တပ်ဖွဲ့ တစ်ဖွဲ့ကိုတွေ့လိုက်ရ၏။
ဖုန်းလန်နှင့် ကျန်သည့်သူများက စိတ်ပူပန်သွားတော့သည်။ ယင်းက နတ်မြင်းပျံ အင်ပါယာ၏ စစ်သည်တော်များဖြစ်ရာ နတ်မြင်းပျံ မျိုးနွယ်စုမှ အပျော်အပါးလိုက်စားသော မျိုးဆက်များ ဖြစ်ဟန်တူ၏။ အငြင်းပွားခဲ့ရလျှင် သူတို့က အင်ပါယာ၏ ဖမ်းဆီးခြင်းကို ခံရလောက်သည်။
ကျန်းရီသည် အားလုံးကို စိတ်အေးအေးထားရန် အချက်ပြလိုက်၏။ သူကကားလိပ်ကို တိတ်တိတ်ဆိတ်ဆိတ် ဆွဲလိုက်ပြီး ရထားလုံးမောင်းသမားကို ရွှေတစ်အိတ် ဆုပေးလိုက်လေ၏။ ပြီးနောက် တီးတိုးပြောလိုက်တော့သည်။
“ရဲမက်တွေဆီကို ဒါပေးလိုက် အနှောင့်အယှက် မခံချင်ဘူးဆိုတဲ့အကြောင်း သူတို့ကိုပြောလိုက်”
“နားလည်ပါပြီ သခင်လေး”
ရထားလုံးမောင်းသူသည် ကုန်သည်အဖွဲ့အစည်းမှ ဖြစ်သောကြောင့် နည်းလမ်းများကို နားလည်ပေ၏။ ရဲမက်များ ရောက်လာချိန်တွင် သူကရထားလုံးပေါ်မှ ခပ်သုတ်သုတ်ဆင်းပြီး ပြုံးကာပြောလိုက်တော့၏။
“အရှင်သခင်တို့ ကျွန်တော်တို့က လန်ယွီ ကုန်သည်အဖွဲ့အစည်းက လာတာပါ ကျွန်တော်တို့ အလျင်လိုနေလို့ ကျေးဇူးပြုပြီး မျက်နှာသာပေးနိုင်မလား”
ပြောပြီးသည်နှင့် ရထားလုံးမောင်းသူက အိတ်ကိုလွှဲပေးလိုက်ရာ အစောင့်တပ်ဖွဲ့ ခေါင်းဆောင်က မျက်နှာသေဖြင့် လွှဲယူလိုက်သည်။ သူကအလေးချိန်ကို ချိန်ဆပြီးနောက် လေးနက်တည်ကြည်သည့် လေသံဖြင့် ပြောလိုက်၏။
“လန်ယွီ ကုန်သည် အဖွဲ့အစည်းလား ငါကြားဖူးတယ် မင်းတို့အလျင်လိုနေတယ်ဆိုမှတော့ သွားတော့”
“ကျေးဇူးတင်ပါတယ် အရှင်တို့”
ရထားလုံးမောင်းသူသည် လက်သီးနှစ်ဖက်ဆုပ်ပြီး အရိုအသေ ပေးလျှက် ရထားလုံးဆီသို့ ပြန်လာ၏။ မြင်းကို နှင်တံဖြင့် တစ်ချက်ရိုက်ပြီးနောက် ရထားလုံးကထွက်သွားရာ ဖုန်များသာ ကျန်ရစ်တော့သည်။
“သခင်လေးက မယုံနိုင်စရာ ကောင်းလိုက်တာ”
ဖုန်းလန်နှင့် ချင်ယွီက လက်မထောင်ပြလိုက်သည်။ သူတို့နှစ်ဦးက အဆင့်အတန်း မြင့်မားသောကြောင့် ထိုကဲ့သို့ နည်းလမ်းများကို မသိခဲ့ပေ။ ရှောင်နူက ဂုဏ်ယူဝံ့ကြွားစွာ ပြုံးပြီးပြောလိုက်လေ၏။
“ဒါကသဘာဝပဲလေ ကျွန်မရဲ့မျိုးနွယ်စုက သခင်လေးက အတော်ဆုံးပဲ”
ကျန်းရီက ပြုံးပြီးနောက် ရှေးဟောင်းနတ်ဘုရား လက်စွပ်ထဲမှ ရွှေအိတ်တစ်အိတ်ကို ထုတ်လိုက်၏။ ပြီးနောက် ရထားလုံးမောင်းသမားအား ကမ်းပေးပြီး ပြောလိုက်တော့သည်။
“ဒါကိုလမ်းတစ်လျှောက် သုံးလိုက် ငါဘာပြဿနာမှ မတက်ချင်ဘူး မင်းကောင်းကောင်း လုပ်မယ်ဆိုရင် မင်းဆုကြီးကြီးရမယ်”
“ကျေးဇူးတင်ပါတယ် သခင်လေး” ရထားလုံးမောင်းသမားက အလွန်ပျော်ရွှင်သွားကာ ဤခရီးစဉ်အတွက် ပိုတောင်တက်ကြွနေတော့သည်။
တစ်နေ့တာလုံး ငြိမ်းချမ်းနေပေ၏။ နှေးကောင်းနှေးနေနိုင်သော်ငြား သူတို့ဤကဲ့သို့ ချောချောမွေ့မွေ့ သွားနိုင်မည်ဆိုလျှင် နတ်မြင်းပျံနယ်မြေကို ကျော်ဖြတ်သွားရန် နှစ်လခန့်သာ အချိန်ယူရမှာဖြစ်သည်။ လုံခြုံနေသ၍ အနည်းငယ် ပိုနှေးသည်က အဆင်ပြေ၏။
ညအချိန်တွင် သူတို့က မြို့လေးတစ်မြို့ကို ရှာတွေ့သွားသည်။ အတွေ့အကြုံများအရ သူတို့သည် တည်းခိုဆောင်၏ အတွင်းဘက် ခြံဝင်းဆီသို့ ချက်ချင်းဝင်လိုက်၏။ ကျန်းရီက တစ်လွှာလုံးကို ငှားယူလိုက်ပြီး လူတိုင်းအတွက် နေရာထိုင်ခင်း စီစဉ်ပေးသည်။ စားသောက်စရာများကိုလည်း အခန်းထဲသို့ တန်းပို့ပေးရာ မလိုလားအပ်သည့် အငြင်းပွားမှုကို ရှောင်ကျဉ်ပြီးသား ဖြစ်သွားမည်။
နောက်တစ်နေ့တွင် နေတောင်မထွက်သေးခင် သူတို့က စတင်ထွက်ခွာလာတော့၏။ မြို့ကြီးများထဲသို့ မဝင်ဘဲ မြို့လေးများထဲသို့သာ ဝင်သည်။ နတ်မြင်းပျံ မျိုးနွယ်စုမှ အပျော်အပါး လိုက်စားသည့် အဖွဲ့ဝင်များနှင့် အငြင်းပွားမှုမဖြစ်အောင် ရှောင်ကျဉ်နိုင်မှာပဲဖြစ်သည်။ မြို့လေးများက ဂုဏ်သတင်းကြီးသော သခင်လေးများ လာရောက်လည်ပတ်တာ ရှားပါးလွန်းသောကြောင့် သူတို့စကားများနိုင်သည့် အခြေအနေကို လျော့ချနိုင်မှာဖြစ်သည်။
သူတို့ငြိမ်းငြိမ်းချမ်းချမ်း ခရီးဆက်နေစဉ် စစ်ဆေးခံရသည့် အတောအတွင်း သူတို့က ခရမ်းရွှေများကို အသုံးပြုကာ တံဆို့လက်ဆောင် ထိုးခဲ့လေ၏။ ကျန်းရီက ငွေကြေးမချို့တဲ့ချေ။ သူကနယ်မြေတွင် ငြိမ်းငြိမ်းချမ်းချမ်း ခရီးသွားနိုင်သ၍ ကောင်းကင်ကျောက်တုံးကိုတောင် ပေးရန်ဆန္ဒရှိ၏။
၁၃ရက်မြောက်နေ့တွင် ကျန်းရီနှင့်အဖွဲ့က သိုသိုသိပ်သိပ် နေနေပြီး ရထားလုံးထဲမှ ထွက်ခဲ့သည်။ သူတို့က ပြဿနာမရှာကြပေ။ မြို့ကြီးများထဲသို့လည်း မဝင်ကြချေ။ ၁၃ရက်ကြာညောင်းပြီးနောက် သူတို့သည် နတ်မြင်းပျံနယ်မြေ၏ သုံးချိုးတစ်ချိုးကို ကျော်ဖြတ်ခဲ့ပြီးဖြစ်သည်။ ဆယ်ရက်ကျော် ခရီးဆက်ခြင်းက သူတို့ကိုအနည်းငယ် တည်ငြိမ်သွားစေ၏။
ထိုနေ့ညတွင် သူတို့က မဟူရာ ကျောက်တုံးမြို့ဟုခေါ်သည့် နောက်ထပ် မြို့တစ်မြို့ကို ရောက်သွားသည်။
ရထားလုံးသည် အတွင်းခြံဝင်းသို့ ရောက်သွားသည်နှင့် ကျန်းရီက ရထားလုံးမောင်းသမားကို တစ်လွှာလုံး ငှားယမ်းခိုင်းလိုက်သည်။ သူကမူ သုံးယောက်ကို အပေါ်ထပ်သို့ ခေါ်သွားလိုက်စဉ် အဖြစ်အပျက်တစ်ခု ကြုံရလေသည်။
ဘမ်း
မူးနေသောလူငယ်က လှေကားပေါ်မှ တိုက်တိုက်ဆိုင်ဆိုင် ဆင်းလာ၏။ ဖုန်းလန်နှင့် ကျန်သည့်မိန်းမလှနှစ်ဦးကို တွေ့သည့်အချိန်တွင် သူ၏အကြည့်တို့က ရောက်လာသည်။ ယင်းက အဓိကပြဿနာ မဟုတ်ပေ။ သူကသုံးဦးသားဆီ တိုးဝင်လာပြီး ဖုန်းလန်ကိုဖက်ရန် လက်ဆန့်တန်းလိုက်လေ၏။
ဖြန်း
ကျန်းရီက ထိုလူကို လက်ပြန်ရိုက်ချလိုက်ပြီးနောက် သူ့ကိုလှေကားအောက်သို့ ပစ်ချလိုက်လေ၏။ ကျန်းရီ၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုသော အရှိန်အဝါတို့ ပြည့်လာပြီး သူ၏အစွမ်းထက်သော အရှိန်အဝါ တည်ရှိမှုက ထိုလူငယ်ကို ဘောင်းဘီထဲ ဆီးထွက်ကျလုအထိ ကြောက်လန့်သွားစေခဲ့သည်။
“ထွက်သွား”
ကျန်းရီအော်ဟစ်လိုက်ပြီးနောက် သူသည် ထိပ်ဆုံးအလွှာရှိ အခန်းထဲသို့ မိန်းကလေးများကို ဦးဆောင်ခေါ်သွားသည်။ ထိုလူငယ်က ထွက်သွားပြီးနောက် ကြောက်ကြောက်လန့်လန့်ဖြင့် တွားသွားတော့သည်။
အစကယင်းသည် အသေးအမွှား ကိစ္စသာဖြစ်ခဲ့၏။ ကျန်းရီက အာရုံမစိုက်ခဲ့ပေ။ ခဏအကြာ၌ ရဲမက်တစ်စုက တည်းခိုဆောင်ကို ဝိုင်းလာ၏။ ကြောက်လန့်နေသော လူငယ်က အဖွဲ့ခေါင်းဆောင်တစ်ဦး၏ သားဖြစ်နေသည်။ ကျန်းရီနှင့် ကျန်သည့်သူများက သူတို့အရှိန်အဝါ တည်ရှိမှုကို မထုတ်ဖော်ခဲ့ပေ။ ထိုလူငယ်က ကျန်းရီကို သတ်ရန်ကြိုးစားပြီး ဖုန်းလန်နှင့် ကျန်သည့်သူများကို အိမ်ပြန်ခေါ်သွားချင်နေ၏။
တိုက်ပွဲက မလွှဲမသွေ ဖြစ်မှာပင်။ သို့သော် ကျန်းရီက သည်းခံရန် ဆုံးဖြတ်ချက် ချခဲ့၏။ တစ်ချက်လှုပ်ရှားပြီးနောက် သူကလူငယ်ကို နင်းချေကာ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားစေတော့သည်။ ပြီးနောက် ပုံရိပ်ယောင်တစ်ခုအဖြစ် အသွင်ပြောင်းလဲကာ ရဲမက်များကို ဝန်းရံလျှက် လူတိုင်းကို ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားစေသည်။ ပြီးနောက် ကျန်းရီက လူတိုင်းကိုခေါ်ပြီးနောက် ညလယ်ခေါင်တွင် ထွက်သွားတော့၏။
ယင်းက အသေးအမွှား အဖြစ်အပျက်သာဖြစ်ပြီး ကျန်းရီသည် မည်သူ့ကိုမှ မသတ်ခဲ့ပေ။ ရုတ်ရုတ်သဲသဲ မဖြစ်သင့်ပေ။
နောက်နေ့ မွန်းတည့်ချိန်တွင် နတ်မြင်းပျံနယ်မြေ၏ ဗဟိုနယ်မြေ သဲကွင်းပြင်မြို့ရှိ အကြီးမားဆုံး နန်းတော်တွင် ရက်စက်ကြမ်းကြုတ်သော သွင်ပြင်ဖြင့် သခင်လေးတစ်ဦးက သတင်းစကားတစ်ခု ရရှိ၏။ စာပါအကြောင်းအရာက ရိုးရှင်းသည်။
“ဖီးနစ်ခန္ဓာ အစစ်အမှန်က မဟူရာ ကျောက်တုံးမြို့မှာ ပေါ်လာပြီ”
“ဖီးနစ်ခန္ဓာ အစစ်အမှန်လား ဝါး ဝါး ဒီသခင်လေးကို မင်းလိမ်ဖို့ ကြိုးစားရဲရင် မင်းတို့သိုင်းခန်းမက သုတ်သင်ရှင်းလင်း ခံထားရဖို့ ပြင်ဆင်ထားလိုက်တော့”
ရက်စက်ကြမ်းကြုတ်သည့် သွင်ပြင်ဖြင့် သခင်လေးက အေးတိအေးစက်ပြုံးပြီး အော်ပြောလိုက်သည်။
“တစ်ယောက်ယောက် မဟူရာ ကျောက်တုံးမြို့ကိုသွားပြီး ဖီးနစ်ခန္ဓာအစစ်နဲ့ သက်ဆိုင်တဲ့ အချက်အလက်ကိုရှာခဲ့ သဲလွန်စတွေ ရှိနေခဲ့မယ်ဆိုရင် ချက်ချင်း သတင်းပြန်ပို့ ပစ်မှတ်နဲ့ အလှလေးကို မကြောက်လန့်သွားစေနဲ့”
***