မဟာသူတော်စင်များ လှုပ်ရှားလာခြင်း...
Vol. 64 Ch. 913
ကြယ်မျက်ရည်အစိတ်အပိုင်းကမ္ဘာတွင် လင်းယွမ်က ထိုင်နေပြီး ရွှမ်ဟွမ်စကြာဝဠာသို့ သွားမည့်ခရီးစဉ်ကို စဉ်းစားနေသည်။ ရွှမ်ဟွမ်စကြာဝဠာကို ဧကရာဇ်ရွှမ်ဟွမ်က ဖန်တီးခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ထိုနေရာ၌ ဖရိုဖရဲအရှင်သခင်များနှင့် ဖရိုဖရဲမဟာသူတော်စင်များစုဝေးနေကြသည်။
အကယ်၍ လင်းယွမ်က ရွှမ်ဟွမ်စကြာဝဠာကို ဝင်ရောက်၌ ပါဝင်ခဲ့လျှင် ဧကရာဇ်ရွှမ်ဟွမ်၏ ဆက်ခံသူဖြစ်သည့်အပြင် သားရေချပ်မြေပုံရှိခြင်းကဲ့သို့ အားသာချက်များ ရှိသော်လည်း သူ၏ စွမ်းအားက အားနည်းနေဆဲ ဖြစ်သည်။ သူ၏ ကိုယ်ပွားက လွှမ်းမိုးခြင်းအဆင့် စွမ်းအားသာ ရှိသောကြောင့် ကိုယ်ပွားတစ်ခုက မလုံလောက်ပေ။
" မူလစိတ်ဝိညာဉ်ကို ထားခဲ့ပြီး မူလခန္ဓာကိုယ်နဲ့ သွားရမယ်။ " လင်းယွမ်က စဉ်းစားလိုက်သည်။
သံသယဝင်စရာမလိုဘဲ မူလခန္ဓာကိုယ်က တိုက်ခိုက်ရေးစွမ်းအားအမြင့်ဆုံးဖြစ်သည်။ ထို့အပြင် အစိတ်အပိုင်းကမ္ဘာတွင် မူလစိတ်ဝိညာဉ်ချန်ခဲ့ခြင်းက လူသားမျိုးနွယ်၏ လုံခြုံမှုကိုလည်း အတတ်နိုင်ဆုံး အာမခံချက်ပေးနိုင်သည်။
မူလစိတ်ဝိညာဉ်ရှိနေသဖြင့် မူလခန္ဓာကိုယ်က ရွှမ်ဟွမ်စကြာဝဠာတွင် မတော်တဆမှုတစ်ခု ကြုံတွေ့ခဲ့လျှင်တောင် လျင်မြန်စွာ ပြန်လည်နိုးထလာနိုင်သည်။
" လက်နက်ကတော့ ဖရိုဖရဲအဆင့် ရတနာသုံးခုယူသွားရင် လုံလောက်ပြီ။ " လင်းယွမ်က တွေးလိုက်သည်။ သူ၏ စွမ်းအားက အဓိကအားဖြင့် ရုပ်ခန္ဓာနှင့် အတွင်းစကြာဝဠာပေါ်တွင် အခြေခံထားသည်။
အားလုံးပြင်ဆင်ပြီးနောက် လင်းယွမ်က ရွှမ်ယွမ်နှင့် အခြားသူများကို ခေါ်လိုက်သည်။
" လင်းယွမ် ဘာကိစ္စရှိလို့လဲ။ " ရွှမ်ယွမ်နှင့် အခြားသူများက လင်းယွမ်ကို ကြည့်လိုက်ကြသည်။
" ငါ့ရဲ့ မူလခန္ဓာကိုယ်က ကိစ္စတစ်ခုနဲ့ အပြင်သွားဖို့ လိုတယ်။ ဒီအချိန်အတွင်းမှာ အားလုံး ဂရုစိုက်ကြပါ။ " လင်းယွမ်က ပြောလိုက်သည်။
မူလစိတ်ဝိညာဉ်ကို ချန်ခဲ့မည်ဖြစ်သော်လည်း မူလစိတ်ဝိညာဉ်၏ စွမ်းအားက မူလခန္ဓာကိုယ်ထက် နိမ့်ကျသည်။ အကယ်၍ မဟာသူတော်စင်အဆင့် ရန်သူများနှင့် ရင်ဆိုရလျှင် မူလစိတ်ဝိညာဉ်တစ်ခုတည်းနှင့် တားဆီးရန် ခက်ခဲပေလိမ့်မည်။
သို့သော် မဟာသူတော်စင်များက အလွန်ရှားပါးပြီး လူသားမျိုးနွယ်က ရန်စလိုလျှင်တောင် ထိုအခွင့်အရေးမျိုး ရရှိရန် မလွယ်ကူပေ။
" ကောင်းပါပြီ။ " ရွှမ်ယွမ်နှင့် အခြားသူများက လင်းယွမ်၏ အကြောင်းရင်း မေးမြန်းခြင်းမရှိပေ။
လင်းယွမ်က ဖရိုဖရဲအဆင့် ရတနာများကို ရွေးချယ်ပြီးနောက် ကြယ်မျက်ရည်အစိတ်အပိုင်းကမ္ဘာမှ ပျောက်ကွယ်သွားသည်။
လမ်းစဉ်တစ်သောင်းခန်းမ၏ အပြင်ဘက်တွင် လင်းယွမ်၏ ပုံရိပ်ပေါ်လာသည်။ သူက မူလခန္ဓာကိုယ်နှင့် လမ်းစဉ်တစ်သောင်းခန်းမသို့ ပထမဆုံး လာရောက်ခြင်းဖြစ်သည်။
လင်းယွမ်က လမ်းစဉ်တစ်သောင်းခန်းမ၏ နက်ရှိုင်းသော နေရာသို့ ဝင်ရောက်သွားပြီး လမ်းစဉ်တစ်သောင်းမျက်လုံးက ထိုနေရာတွင် စောင့်ဆိုင်းနေခဲ့သည်။
" ဟင် " လမ်းစဉ်တစ်သောင်းမျက်လုံးက လင်းယွမ်ကို ကြည့်ပြီး အနည်းငယ် အံ့အားသင့်သွားသည်။
" ရွှမ်ဟွမ်စကြာဝဠာကို သွားပြီး ယှဉ်ပြိုင်ရဲတာ မဆန်းပါဘူး။ " လမ်းစဉ်တစ်သောင်းမျက်လုံးက ကောက်ချက်ချလိုက်သည်။
တစ်ချက်ကြည့်ရုံနှင့် လင်းယွမ်၏ အခြေခံအုတ်မြစ်က အလွန်နက်ရှိုင်းကြီး သာမန်ဖရိုဖရဲမဟာသူတော်စင်များထက် ကျော်လွန်နေကြောင်း အာရုံခံမိလိုက်သည်။ ထို့အပြင် သူက လွှမ်းမိုးခြင်းအဆင့်သာ ရှိသေးသည်။
" လွှမ်းမိုးခြင်းအဆင့်မှာတင် ဒီလိုဖြစ်နေရင် ဖရိုဖရဲအဆင့်ကို တက်လှမ်းပြီးရင် မင်းက ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက် ဖြစ်သွားပြီမဟုတ်ဘူးလား။ " လမ်းစဉ်တစ်သောင်းမျက်လုံးက တွေးလိုက်သည်။
ယခင် လမ်းစဉ်တစ်သောင်းမျက်လုံးက လင်းယွမ်အပေါ် ရင်းနှီးမြှုပ်နှံမှုမှာ စွန့်စားမှုတစ်ခုသာ ဖြစ်သည်။ မဟာသူတော်စင်တစ်ယောက်ပင် သူ၏ ရင်းနှီးမြှုပ်နှံမှုနှင့် မထိုက်တန်ပေ။ သို့သော် လင်းယွမ်က ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက်ဖြစ်လာလျှင် ခေတ်အဆက်အဆက်က ပြိုင်ဘက်ကင်းမဟာသူတော်စင်အားလုံးကို ဖိနှိပ်နိုင်လိမ့်မည်ဖြစ်သည်။
ယခုအချိန်တွင် လမ်းစဉ်တစ်သောင်းမျက်လုံးက လင်းယွမ်ကို အနာဂတ်တွင် အလွှာဆယ့်သုံး အချိန်သက်ရှိ သို့မဟုတ် ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက် ဖြစ်လာလိမ့်မည်ဟု ယုံကြည်သွားသည်။
" ငါ့ရဲ့ အမြော်အမြင်က မဆိုးဘူးလို့ ပြောရမယ်။ " လမ်းစဉ်တစ်သောင်းမျက်လုံးက ကျေနပ်စွာ တွေးလိုက်သည်။
" တည်နေရာရွှေ့ပြောင်းတာကို ဘယ်တော့စမလဲ။ " လင်းယွမ်က မေးလိုက်သည်။
" အခုစလို့ရပြီ။ " လမ်းစဉ်တစ်သောင်းမျက်လုံးက တစ်စုံတစ်ခုကို သတိရသွားပြီး သတိပေးလိုက်သည်။ " ဒါနဲ့ အဲ့ဒီရွှမ်ဟွမ်စကြာဝဠာပေါ်လာတာက မဟာသူတော်စင်အများကြီးကို ဆွဲဆောင်သွားတယ်။ အချို့တောင် ငါ့ဆီလာပြီး ရွှမ်ဟွမ်စကြာဝဠာအနီးကို ပို့ပေးဖို့တောင် တောင်းဆိုနေကြတယ်။ "
လမ်းစဉ်တစ်သောင်းမျက်လုံး၏ စွမ်းရည်များနှင့် နည်းစနစ်များက မဟာသူတော်စင်များကြားတွင် လျို့ဝှက်ချက်မဟုတ်ပေ။
" နားလည်ပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ သူက ထိုအခြေအနေများကို ခန့်မှန်းမိသောကြောင့် အဆိုးဆုံးအခြေအနေအတွက် မူလခန္ဓာကိုယ်ဖြင့် သွားခဲ့ခြင်းဖြစ်သည်။
" မခုခံနဲ့။ " လမ်းစဉ်တစ်သောင်းမျက်လုံးက လင်းယွမ်ကို ကြည့်လိုက်ရာ ပတ်ဝန်းကျင်ရှိ အချိန်လေဟာနယ်လှိုင်းများက သိသိသာသာ ပြင်းထန်လာခဲ့သည်။
ချင်းလန်ဟင်းလင်းပြင်နယ်မြေ။
ဖရိုဖရဲကုန်းမြေတစ်ခုရှိ လမ်းစဉ်တစ်သောင်းခန်းမထဲသို့ ပုံရိပ်တစ်ခု ဝင်ရောက်လာသည်။ ထိုပုံရိပ်က အရပ်ရှည်ပြီး ရှေးဟောင်းအော်ရာတစ်ခုထွက်ပေါ်နေသည်။ သူက ချက်ချင်း လမ်းစဉ်တစ်သောင်းခန်းမ၏ နက်ရှိုင်းသော နေရာသို့ ဝင်ရောက်လာသည်။
" လူရိုင်းမဟာသူတော်စင် " ခန်းမသခင်က ထိုပုံရိပ်ကို အနည်းငယ် ဦးညွှတ်နှုတ်ဆက်လိုက်သည်။
" ငါ လမ်းစဉ်တစ်သောင်းမျက်လုံးနဲ့ တွေ့ချင်တယ်။ " လူရိုင်းမဟာသူတော်စင်က ပြောလိုက်သည်။
" ကောင်းပြီ။ " ခန်းမသခင်က လမ်းစဉ်တစ်သောင်းမျက်လုံးကို ဆက်သွယ်လိုက်သည်။
မကြာမီ အချိန်လေဟာနယ်ဝဲဂယက်တစ်ခုပေါ်လာပြီး လမ်းစဉ်တစ်သောက်းမျက်လုံးက လူရိုင်းမဟာသူတော်စင်ကို ငုံ့ကြည့်လိုက်သည်။
" လူရိုင်း မင်းငါ့ဆီက ဘာလို့ချင်လို့လဲ။ " လမ်းစဉ်တစ်သောင်းမျက်လုံးက တည်ငြိမ်စွာ ပြောလိုက်သည်။
" ငါ ဒီအချိန်လေဟာနယ်တည်နေရာကို သွားချင်တယ်။ " လူရိုင်းမဟာသူတော်စင်က တိုက်ရိုက်ပြောလိုက်သည်။
" မင်းလည်း အဲ့ဒီရွှမ်ဟွမ်စကြာဝဠာကို သွားချင်လို့လား။ " လမ်းစဉ်တစ်သောင်းမျက်လုံးက သူ့ကို ကြည့်လိုက်သည်။
" ဟုတ်တယ်။ အဲ့ဒီပြိုင်ဘက်ကင်းမဟာသူတော်စင်အကြောင်း မှတ်တမ်းတစ်ခုမှာ ငါဖတ်ဖူးတယ်။ သူဖန်တီးခဲ့တဲ့ စကြာဝဠာက အတော်လေး တန်ဖိုးရှိလိမ့်မယ်။ " လူရိုင်းမဟာသူတော်စင်က ပြောလိုက်သည်။
" ပြဿနာမရှိဘူး။ " လမ်းစဉ်တစ်သောင်းမျက်လုံးက ပြန်ပြောလိုက်သည်။ " ဒါပေမယ့် ငါက မျှတတဲ့ ကုန်သွယ်မှုကိုပဲ ဦးစားပေးတယ်ဆိုတာ မင်းသိမှာပါ။ "
" ကောင်းပြီ။ ပြောပါ။ " လူရိုင်းမဟာသူတော်စင်က ခေါင်းညိမ့်လိုက်သည်။
" ဖရိုဖရဲသလင်းကျောက် တစ်ဆယ်ဘီလီယံ။ ဒါမှမဟုတ် မဟာသူတော်စင်အဆင့် လက်နက်ရတနာ ဆယ်ခု။ " လမ်းစဉ်တစ်သောင်းမျက်လုံးက စျေးနှုန်းကို ပြောလိုက်သည်။
" ဖရိုဖရဲသလင်းကျောက် တစ်ဆယ်ဘီလီယံလား။ " လူရိုင်းမဟာသူတော်စင်က မျက်မှောင်ကြုတ်သွားသည်။
သူမလာခင်ကတည်းက လမ်းစဉ်တစ်သောင်းမျက်လုံး၏ ခေါင်းပုံဖြတ်မှုကို ပြင်ဆင်ထားသော်လည်း ထိုစျေးနှုန်းကို ကြားသောအခါ သူက တုန်လှုပ်သွားခဲ့သည်။ ဖရိုဖရဲသလင်းကျောက် တစ်ဆယ်ဘီလီယံက မဟာသူတော်စင်တစ်ယောက်အတွက်ပင် အလွန်များပြီး မဟာသူတော်စင်အဆင့် လက်နက်ဆယ်ခုဆိုလျှင် ပြောစရာပင်မလိုပေ။
ချင်းလန်ဟင်းလင်းပြင်နယ်မြေမှ ရွှမ်ဟွမ်စကြာဝဠာအကွာအဝေးက သူ့အတွက် ဆယ်စုနှစ်အချို့သွားရမည်ဖြစ်သည်။ အချိန်မမီမည်ကို မစိုးရိမ်လျှင် သူ့ဘာသာသူ သွားပေလိမ့်မည်။ သို့သော် ယခု တစ်ကြိမ် တည်နေရာရွှေ့ပြောင်းရန် ဖရိုဖရဲသလင်းကျောက် တစ်ဆယ်ဘီလီယံပေးရမည်ဖြစ်သည်။
" မင်းဆန္ဒမရှိရင်လည်း ထားလိုက်တော့။ " လမ်းစဉ်တစ်သောင်းမျက်လုံးက ပြောလိုက်သည်။
" ငါဆန္ဒရှိပါတယ်။ " လူရိုင်းမဟာသူတော်စင်က အသက်ပြင်းပြင်းရှူလိုက်သည်။ " ဒါပေမယ့် နည်းနည်းလောက်လျှော့လို့မရဘူးလား။ ငါ့ဆီမှာ အခု အဲ့လောက်ထိ မရှိသေးဘူး။ "
" ဒါဆို မင်းဆီမှာ ဘယ်လောက်ရှိလဲ။ " လမ်းစဉ်တစ်သောင်းမျက်လုံးက မေးလိုက်သည်။
" ဖရိုဖရဲသလင်းကျောက် သုံးဘီလီယံနဲ့ မဟာသူတော်စင်လက်နက် နှစ်ခု။ " လူရိုင်းမဟာသူတော်စင်က ပြန်ပြောလိုက်သည်။ " အဲ့ဒီလက်နက်နှစ်ခုကိုတော့ ပေးလို့မရဘူး။ မဟုတ်ရင် ငါ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားကျသွားပြီး စကြာဝဠာထဲ ရောက်ရင်တောင် တန်ဖိုးရှိတာ ရလိုက်မှာမဟုတ်ဘူး။ "
" ဖရိုဖရဲသလင်းကျောက် သုံးဘီလီယံက အရမ်းနည်းလွန်းတယ်။ " လမ်းစဉ်တစ်သောင်းမျက်လုံးက ပြောလိုက်သည်။
သူက လင်းယွမ်ကို ခေါင်းပုံဖြတ်ရန် မလိုလားသော်လည်း ထိုမဟာသူတော်စင်များကို ခေါင်းပုံဖြတ်ရန် ဝန်မလေးပေ။ နောက်ဆုံးတွင် သူတို့နှစ်ယောက်က သဘောတူညီမှုရရှိသွားပြီး ဖရိုဖရဲသလင်းကျောက် သုံးဘီလီယံနှင့် စကြာဝဠာထဲမှ ရရှိသမျှ ၃၀ ရာခိုင်နှုန်းကို ပေးခြင်းဖြင့် တည်နေရာရွှေ့ပြောင်းခွင့်ရခဲ့သည်။
" မင်းက ဘာမှမလုပ်ဘဲ ၃၀ ရာခိုင်နှုန်းယူမှာလား။ " လူရိုင်းမဟာသူတော်စင်က သက်ပြင်းချလိုက်သည်။
" ဖရိုဖရဲသလင်းကျောက် တစ်ဆယ်ဘီလီယံပေးဖို့လည်း မင်းရွေးချယ်နိုင်ပါတယ်။ " လမ်းစဉ်တစ်သောင်းမျက်လုံးက ပြောလိုက်သည်။
" ဒါဆိုလည်း ထားလိုက်ပါတော့။ " သူက ခေါင်းခါလိုက်သည်။
ရွှမ်ဟွမ်စကြာဝဠာ၏ တန်ဖိုးကို သူယုံကြည်သော်လည်း သူရရှိမည့် ၃၀ ရာခိုင်နှုန်းက ဖရိုဖရဲသလင်းကျောက် ခုနှစ်ဘီလီယံထက် ကျော်လွန်မည်မဟုတ်ပေ။
ဖရိုဖရဲဟင်းလင်းပြင်ရှိ လျို့ဝှက်ဆန်းကြယ်သော နေရာတစ်ခုတွင် ဦးချိုနှစ်ခုနှင့် မဟာသူတော်စင်တစ်ယောက်က ရှေးဟောင်းယဇ်ပလ္လင်တစ်ခုရှေ့တွင် ပေါ်လာသည်။
" ကြီးမြတ်သော ယဇ်ပလ္လင်ရဲ့ စိတ်ဝိညာဉ် ငါ အဲ့ဒီတည်နေရာကို အမြန်ဆုံးသွားချင်တယ်။ " ဦးချိုနှင့် မဟာသူတော်စင်က ပြောလိုက်သည်။
ရှေးဟောင်းယဇ်ပလ္လင်က အနည်းငယ် တုန်ခါသွားပြီး သူ၏ နားထဲတွင် အသံတစ်ခု ထွက်ပေါ်လာသည်။
" ဒီခရီးက ရမယ့် ခြောက်ဆယ်ရာခိုင်နှုန်းကို ငါလိုချင်တယ်။ "
" ၆၀ ရာခိုင်နှုန်းလား။ " သူက တိတ်ဆိတ်သွားသည်။ အခြားမဟာသူတော်စင်များနှင့် အသက်စွန့်တိုက်ခိုက်ပြီး ရလာမည့် အကျိုးအမြတ်များ၏ ၆၀ ရာခိုင်နှုန်းကို ယဇ်ပလ္လင်သို့ ပေးရမည်ဖြစ်သည်။
ထိုယဇ်ပလ္လင်၏ စွမ်းရည်များကို သူကောင်းကောင်းသိနေသည်။ ၎င်းက ၆၀ ရာခိုင်နှုန်းကို ပြောင်လဲမည်မဟုတ်သည့်အပြင် သူ ဖုံးကွယ်ထားချင်လျှင်တောင် ဖုံးကွယ်ထားနိုင်မည်မဟုတ်ပေ။