လာရောက်ဖိတ်ခေါ်သူများ...
Vol. 64 Ch. 915
အချိန်များ ကုန်လွန်လာပြီး မျက်စိတစ်မှိတ်အတွင်း နှစ်နှစ်ကြာသွားခဲ့သည်။
ထိုနှစ်နှစ်အတွင်း နောက်ထပ် မဟာသူတော်စင် ငါးယောက် ထပ်ရောက်လာခဲ့သည်။ အမှန်တကယ် ဟင်းလင်းပြင်နယ်မြေရာချီမှာပင် မဟာသူတော်စင်တစ်ယောက် ထွက်ပေါ်လာရန် ခက်ခဲသည်။
ရွှမ်ဟွမ်စကြာဝဠာ ပေါ်ထွက်လာချိန်မှ ယခုအချိန်ထိ နှစ်အနည်းငယ်အတွင်း မဟာသူတော်စင်ကိုးယောက် စုဝေးခဲ့ကြသည်။ သူတို့ထဲမှ အများစုမှာ အထူးနည်းလမ်းများကို အသုံးပြုပြီး ကြီးမားသော တန်ဖိုးများ ပေးဆပ်၍ ရောက်လာကြခြင်း ဖြစ်သည်။
ဝုန်း...
ရွှမ်ဟွမ်စကြာဝဠာ၏ အစွန်းတစ်ဖက်က အတိုင်းအတာတစ်ခုအထိ ပြိုလဲသွားခဲ့သည်။
လင်းယွမ်ကလည်း သူ၏ ကျင့်ကြံခြင်းကို ရပ်တန့်ပြီး အဝေးမှ စောင့်ကြည့်နေသည်။ ရွှမ်ဟွမ်စကြာဝဠာ၏ အစွန်ပိုင်းပြိုလဲသွားသည်နှင့် အတွင်းမှ အော်ရာများက အပြင်သို့ စီးထွက်လာချိန်တွင် လင်းယွမ်၏ အမူအရာက ပြောင်းလဲသွားခဲ့သည်။
အကြောင်းမှာ သူကိုင်ဆောင်ထားသော မြေပုံက နောက်တစ်ကြိမ် ပြောင်းလဲသွားသောကြောင့် ဖြစ်သည်။
" မြေပုံက ကျယ်ပြန့်လာတာလား။ " လင်းယွမ်၏ စိတ်အသိကိုယ်ပွားက အတွင်းစကြာဝဠာထဲသို့ ဆင်းသက်လာပြီး သူ၏ ရှေ့မှ သားရေချပ်၏ ပြောင်းလဲမှုများကို စောင့်ကြည့်နေသည်။
ရွှမ်ဟွမ်စကြာဝဠာ၏ အော်ရာထွက်ပေါ်လာသည်နှင့်အမျှ သားရေချပ်ပေါ်မှ မြေပုံမှာ လျင်မြန်စွာ ကျယ်ပြန့်လာသည်။ ယခင် မြေပုံက သားရေချပ်၏ ငါးပုံတစ်ပုံသာ ရှိခဲ့သော်လည်း ယခု သားရေချပ်မျက်နှာပြင်၏ တစ်ဝက်က မြေပုံဖြင့် ဖုံးလွှမ်းသွားသည်။
" ဂူဗိမာန်အပြင် အခြားနေရာတွေအများကြီးပေါ်လာတယ်။ " လင်းယွမ်က ဂရုတစိုက် လေ့လာပြီး နယ်မြေအများစုက မြေပုံတွင် ပေါ်လာသည်။
ဥပမာ ဖူထူမျှော်စင်ဟုခေါ်သော နေရာက ရုပ်ခန္ဓာကျင့်ကြံသော နေရာဖြစ်ပြီး ထိုနေရာသို့ ချဉ်းကပ်လာသော မည်သည့်သက်ရှိမဆို ဖူထူမျှော်စင်၏ စွမ်းအား လွှမ်းမိုးခြင်းခံရမည်ဖြစ်သည်။
ဘုံကိုးခုခန်းမဟုခေါ်သော နေရာလည်းရှိနေသည်။ ၎င်းက ဧကရာဇ်ရွှမ်ဟွမ် ဖန်တီးထားသော ကမ္ဘာငယ်ကိုးခုနှင့် ဆက်သွယ်ထားပြီး ဖရိုဖရဲဟင်းလင်းပြင်မှ အထူးသက်ရှိအချို့ကို ချုပ်နှောင်ထားသည်။
" ဒီမြေပုံကို ကိုင်ထားရင် ငါ ရွှမ်ဟွမ်စကြာဝဠာထဲရောက်တာနဲ့ အားသာချက် ရလိမ့်မယ်။ " လင်းယွမ်က ပြုံးလိုက်သည်။
အခြားအင်အားကြီးသးများက ရွှမ်ဟွမ်စကြာဝဠာအတွင်းသို့ ရောက်လျှင် မည်သည့်နေရာသို့ သွားရမည်ကို သိကြမည်မဟုတ်ပေ။ ထိုနယ်မြေများ၏ တန်ဖိုးနှင့် တည်နေရာများကို သူတို့မသိကြပေ။ အဆင်အခြင်မဲ့ တိုးဝင်သွားလျှင် ဘုံးကိုးခုခန်းမ သို့မဟုတ် ဖူထူမျှော်စင်ကဲ့သို့သော နေရာများသို့ ရောက်ရှိသွားနိုင်သည်။
ထို့အပြင် ရွှမ်ဟွမ်စကြာဝဠာထဲသို့ ဝင်ရောက်သွားသည်နှင့် အချိန်တိုင်းက တန်ဖိုးရှိလှသည်။ ခဏပိတ်မိသွားလျှင်တောင် သူတို့ပြန်ထွက်လာချိန်တွင် တန်ဖိုးရှိသောအရာများကို အခြားသူများ ယူဆောင်သွားကြပေလိမ့်မည်။
" ငါဝင်သွားတာနဲ့ ဒီလမ်းကြောင်းအတိုင်း သွားရမယ်။ " လင်းယွမ်က မြေပုံပေါ်တွင် ရွှမ်ဟွမ်စကြာဝဠာထဲသို့ ဝင်ရောက်မည့်လမ်းကြောင်းကို ရေးဆွဲလိုက်သည်။ ထိုလမ်းကြောင်းပေါ်တွင် ရတနာများနှင့် လက်နက်များစွာ ရှိနေသောကြောင့် လင်းယွမ်အတွက် အကျိုးအများဆုံး ရရှိနိုင်မည်ဖြစ်သည်။
စကြာဝဠာအတွင်း မည်သည့်နေရာကိုမဆို ရောက်သွားနိုင်သောကြောင့် လင်းယွမ်က ဖြစ်နိုင်ခြေအားလုံးကို တွက်ချက်ပြီး လမ်းကြောင်းဆယ်ခုကျော်ကို ကြိုတင်ဖော်ထုတ်ထားခဲ့သည်။
" နောက်ဆုံးမှာ ဂူဗိမာန်ဆီသွားရမှာပဲ။ အဲ့ဒီမှာ ဧကရာဇ်ရွှမ်ဟွမ်ရဲ့ တန်ဖိုးအရှိဆုံးရတနာတွေ သိမ်းဆည်းထားလောက်တယ်။ " လင်းယွမ်က မြေပုံ၏ အလယ်မှ ဂူဗိမာန်ကို ကြည့်လိုက်သည်။
" ဒါပေမယ့် ဒီရွှမ်ဟွမ်စကြာဝဠာ ပွင့်လာချိန်မှာ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေရဲ့ ပိုင်ရှင်တစ်ယောက်မှ ရောက်မလာဘူးလား။ " လင်းယွမ်က စဉ်းစားလိုက်သည်။
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေကို သန့်စင်ထားသည့် သက်ရှိတိုင်းက သူတို့ကြားတွင် ဖျော့တော့သော ဆက်သွယ်မှုတစ်ခု ရှိကြသည်။ ဧကရာဇ်ရွှမ်ဟွမ်၏ တပည့်ဖြစ်လာသူများက ရွှမ်ဟွမ်မျိုးနွယ်ဝင်များဖြစ်လာပြီး အချင်းချင်း ခွဲခြားသိမြင်နိုင်ကြသည်။
" စကြာဝဠာခေတ်တွေအများကြီး ကုန်ဆုံးသွားပြီဆိုတော့ လျို့ဝှက်နယ်မြေရဲ့ ပိုင်ရှင်တွေ ရှိနေသေးရင်တောင် ရွှမ်ဟွမ်စကြာဝဠာပေါ်လာတာကို မသိတာဖြစ်နိုင်သလို အချိန်မီရောက်လာနိုင်မှာမဟုတ်ဘူး။ "
သူက ထိုစကြာဝဠာမှာ ရွှမ်ဟွမ်စကြာဝဠာဖြစ်ကြောင်း သိရှိခြင်းမှာ သားရေချပ်မြေပုံကြောင့်ဖြစ်ပြီး ၎င်းတို့က အပြန်အလှန် တုန့်ပြန်မှုရှိနေသောကြောင့်ဖြစ်သည်။ ထိုသားရေချပ်မရှိလျှင် လင်းယွမ်အနေဖြင့် ထွက်ပေါ်လာသော စကြာဝဠာမှာ ရွှမ်ဟွမ်စကြာဝဠာဖြစ်ကြောင်း သိနိုင်မည်မဟုတ်ပေ။
အကယ်၍ အလွန်ဝေးကွာနေလျှင် သွားရောက်ရန် ကုန်ကျစရိတ်က အလွန်ကြီးမားလျှင် ထိုအခြေအနေတွင် သွားရောက်ရန် ထိုက်တန်မည်မဟုတ်ပေ။ ထို့အပြင် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ ပိုင်ရှင်ဖြစ်လာရန်မှာ မလွယ်ကူပေ။
ရွှမ်ဟွမ်စကြာဝဠာ၏ အစွန်တစ်နေရာမှ အချိန်လေဟာနယ်ပြိုလဲသွားပြီး အတွင်းမှ စွမ်းအားများ ထွက်ပေါ်လာသည်နှင့် စောင့်ဆိုင်နေခဲ့ကြသော အင်အားကြီးသူများစွာက စိတ်လှုပ်ရှားသွားကြသည်။
" နောက်ထပ်ရက်နည်းနည်းလောက် လိုဦးမယ်။ " လင်းယွမ်က တွေးလိုက်သည်။
ထိုနေရာမှ အချိန်လေဟောနယ်ပြိုလဲမှုက စကြာဝဠာအတွင်း၌ အချိန်လေဟာနယ်မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့ပြီး ဝင်ရောက်နိုင်ရန် နောက်ထပ် ရက်အနည်းငယ် စောင့်ရဦးမည်ဖြစ်သည်။
" ဟင် " လင်းယွမ်က ရွှမ်ဟွမ်စကြာဝဠာကို အာရုံစိုက်နေစဉ် အော်ရာတစ်ခု ချဉ်းကပ်လာသည်ကို သတိထားမိလိုက်သည်။
" ရှန်ဖုန်းအရှင်သခင် " လင်းယွမ်က ထိုသူကို ချက်ချင်းမှတ်မိလိုက်သည်။ ရှန်ဖုန်းအရှင်သခင်၏ နောက်တွင် အခြားဖရိုဖရဲအရှင်သခင်နှစ်ယောက် ပါလာကြသည်။
" မိတ်ဆွေ မစိုးရိမ်နဲ့။ ငါတို့မှာ ရန်လိုစိတ်မရှိပါဘူး။ " ရှန်ဖုန်းအရှင်သခင်က အဝေးမှ ပြောလိုက်ပြီး ထပ်တိုးမလာဘဲ ရပ်တန့်လိုက်သည်။
" ဘာကိစ္စရှိလို့လဲ။ " လင်းယွမ်က သူတို့ကို ကြည့်ပြီး မေးလိုက်သည်။
" မိတ်ဆွေလည်း ဒီစကြာဝဠာရဲ့ ထူးခြားမှုကို သတိပြုမိမှာပါ။ ဒါကို ဖန်တီးခဲ့တဲ့သူက ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက်ဖြစ်မှာ သေချာတယ်။ " ရှန်ဖုန်းအရှင်သခင်က ပြောလိုက်သည်။ " ဒါပေမယ့် ဒီစကြာဝဠာထဲက ရတနာအများစုကတော့ မဟာသူတော်စင်ကိုးယောက်လက်ထဲကို ရောက်သွားဖို့များတယ်။ "
ရှန်ဖုန်းအရှင်သခင်က စကြာဝဠာနှင့် အနီးဆုံးတွင် ရှိနေသော ပုံရိပ်ကိုးခုကို ကြည့်လိုက်သည်။ အစပိုင်းတွင် မဟာသူတော်စင်များက သူတို့၏ အော်ရာများကို ထိန်းချုပ်ထားသော်လည်း ယခုအခါ သူတို့က စကြာဝဠာထဲကို ဝင်ရောက်တော့မည်ဖြစ်သောကြောင့် သူတို့၏ ကြောက်စရာကောင်းသော အော်ရာများကို ထုတ်ဖော်ထားကြပြီဖြစ်သည်။
" ငါတို့လို ဖရိုဖရဲအရှင်သခင်တွေက မဟာသူတော်စင်တွေနောက်ကလိုက်ပြီး အကြွင်းအကျန်တွေကိုပဲ ရနိုင်မှာ။ အဲ့ဒါတောင် အခြားအရှင်သခင်တွေကို သတိထားနေရသေးတယ်။ " ရှန်ဖုန်းအရှင်သခင်က သက်ပြင်းချလိုက်သည်။
လင်းယွမ်က ၎င်းကို ကြားသောအခါ ဘာမှမပြောပေ။ မဟာသူတော်စင်များကြားတွင် ပြိုင်ဆိုင်မှုများရှိသကဲ့သို့ ဖရိုဖရဲအရှင်သခင်များကြားတွင်လည်း ပြိုင်ဆိုင်မှုများရှိနေသည်။
အမှန်တကယ်တွင် အရှင်သခင်များကြား ယှဉ်ပြိုင်မှုမှာ မဟာသူတော်စင်များထက်ပင် ပို၍ ပြင်းထန်နိုင်သည်။ အကြောင်းမှာ မဟာသူတော်စင်ကိုးယောက်က စကြာဝဠာအတွင်းရှိ အရင်းအမြစ်နှင့် ရတနာအများစုကို သေချာပေါက်ရရှိကြမည်ဖြစ်သောကြောင့် ဖြစ်သည်။
သို့သော် ဖရိုဖရဲအရှင်သခင်များက ယခုပင် တစ်ရာကျော်နေပြီဖြစ်သည်။ မဟာသူတော်စင်များစွန့်ပစ်လိုက်သော အကြွင်းအကျန်များကို အရှင်သခင်တစ်ရာကျော်က လုယူကြမည်ဆိုလျှင် ထိုတိုက်ပွဲက မည်မျှပြင်းထန်မည်ကို ခန့်မှန်းကြည့်ရုံနှင့် သိနိုင်လေသည်။
" ဘာပြောချင်တာလဲ။ " လင်းယွမ်က တိုက်ရိုက်မေးလိုက်သည်။
" ငါတို့နဲ့ ပူးပေါင်းဖို့ မင်းကို ဖိတ်ခေါ်ချင်တယ်။ " ရှန်ဖုန်းအရှင်သခင်က ပြောလိုက်သည်။
" ငါတို့လို ဖရိုဖရဲအရှင်သခင်တွေက အခြားသူတွေနဲ့ ယှဉ်ပြိုင်ဖို့ အင်အားချင်းပူးပေါင်းဖို့လိုတယ်။ စိတ်ချပါ။ ငါတို့အပါအဝင် ဖရိုဖရဲအရှင်သခင် ၁၂ယောက် ရှိပြီးသားပါ။ မင်းသာ ပူးပေါင်းမယ်ဆိုရင် ဒီခရီးက တစ်ခုခုသေချာပေါက် ရလိမ့်မယ်။ " ရှန်ဖုန်းအရှင်သခင်က ဆက်ပြောလိုက်သည်။
" ဒါပေမယ့် မင်းပူးပေါင်းပြီးရင် ဒီစကြာဝဠာထဲမှာ ရှာတွေ့သမျှ အရာအားလုံးကို ငါကပဲ စီမံခန့်ခွဲမယ်။ ငါ့ကိုယုံပါ။ ဒီနည်းလမ်းကပဲ အကျိုးအမြတ် အများဆုံး ရရှိလိမ့်မယ်။ ဒါကလည်း မင်းအတွက် အကျိုးပဲ ရှိပြီး ဘာဆ်ုးကျိုးမှ မရှိပါဘူး။ "
လင်းယွမ်က ရှန်ဖုန်းအရှင်သခင်ကို ကြည့်ပြီး ခေါင်းခါလိုက်သည်။ " ရလာသမျှ အကျိုးအမြတ်အားလုံးကို ခွဲဝေပေးဖို့ မင်းလက်ထဲကို အပ်ရမယ် ဟုတ်လား။ "
လင်းယွမ်က ပူးပေါင်းမည်မဟုတ်သော်လည်း ထိုစကားကြောင့် အတော်လေးစိတ်ပျက်သွားမိသည်။ ရှန်ဖုန်းအရှင်သခင်က သူ့ကို ဘယ်လိုသဘောထားနေတာလဲ။
" ငါစိတ်မဝင်စားဘူး။ " လင်းယွမ်က တိုက်ရိုက်ငြင်းပယ်လိုကသည်။
" စိတ်မဝင်စားဘူးဟုတ်လား။ " ရှန်ဖုန်းအရှင်သခင်က အနည်းငယ် အံ့အားသင့်သွားသည်။
သူထိုနေရာသို့ မလာမီ အခြားသူများနှင့် တွေ့ဆုံခဲ့ပြီး သူတို့အားလုံးကလည်း သူ၏ သဘောထားကို လက်ခံခဲ့ကြသည်။ ဖရိုဖရဲအရှင်သခင် တစ်ရာကျော် စုဝေးနေချိန်တွင် အချို့အရှင်သခင်များ ပူးပေါင်းမိလျှင် အမှန်တကယ်ပင် အသာစီးရနိုင်ပေလိမ့်မည်။
" ထပ်ပြီး စဉ်းစားပါဦး။ " ရှန်ဖုန်းအရှင်သခင်က ပြောလိုက်သည်။
" ငါပြောပြီးပြီ။ စိတ်မဝင်စားဘူး။ " လင်းယွမ်က မျက်မှောင်ကြုတ်သွားသည်။
" ကောင်းပြီလေ။ ဒါက မင်းရဲ့ ရွေးချယ်မှုပဲ။ " ရှန်ဖုန်းအရှင်သခင်က ခဏတိတ်ဆိတ်သွားပြီး ဆက်မပြောတော့ပေ။ " ဒါပေမယ့် ငါသတိပေးလိုက်မယ်။ တစ်ယောက်တည်းသွားတာက မင်းကို ပိုပြီး ထိခိုက်စေရုံပဲရှိလိမ့်မယ်။ "
" ရှန်ဖုန်း မင်း တကယ်ပဲအငြင်းခံလိုက်ရတာလား။ " ရှန်ဖုန်းအရှင်သခင်နှင့် အခြားသူများက ထွက်သွားချိန်တွင် ဘေးမှ လူတစ်ယောက်က ပြောလိုက်သည်။
" သူက ဘယ်နယ်မြေကလဲ။ မင်းရဲ့ကျော်ကြားမှုကို မကြဖူးဘူးထင်တယ်။ " အခြားတစ်ယောက်က လှောင်ပြောင်လိုက်သည်။
" သူရဲ့ နောက်ခံက ဘာပဲဖြစ်ဖြစ် ရန်သူတွေဝိုင်းနေတာတောင် တစ်ယောက်တည်းသွားဖို့ စဉ်းစားနေတယ်။ " ရှန်ဖုန်းအရှင်သခင်က ခေါင်းခါပြီး အေးစက်စွာ ပြောလိုက်သည်။ " ဒီစကြာဝဠာထဲကို ဝင်ရောက်တဲ့အချိန်ကျရင် ငါ့ကို ငြင်းတာ သူဘယ်လောက်မှားလဲဆိုတာ သိလာလိမ့်မယ်။ "