ပထမဆုံး ဝင်ရောက်သွားသူ...
Vol. 64 Ch. 919
လက်ရှိအခြေအနေတွင် မမျှော်လင့်ထားသော အဖြစ်အပျက်များ မရှိခဲ့လျှင် လင်းယွမ်က ပထမဆုံး ဝင်ရမည်မှာ သေချာသည်။ ဒုတိယဝင်ရမည့်သူက သူနှင့် အမွှာရင်းမြစ်မဟာသူတော်စင်ထဲက တစ်ယောက်ဖြစ်ပေလိမ့်မည်။ ဆိုလိုသည်မှာ သူက ဒုတိယ သို့မဟုတ် တတိယ ဝင်ရမည့်သူ ဖြစ်ပေလိမ့်မည်။
အမွှာရင်းမြစ်မဟာသူတော်စင်၏ အကြံအစည်အရ သူက လင်းယွမ်ကို အချိန်ဆွဲထားနိုင်လျှင် သူ သို့မဟုတ် အမွှာရင်းမြစ်က ပထမဆုံး ဝင်နိုင်မည်ဖြစ်သည်။ ထိုအခါ ဟေးယောင်မဟာသူတော်စင်က ဒုတိယမြောက် ဝင်ရမည်မှာ သေချာသွားပေလိမ့်မည်။
" ဒါဆို ငါပြင်ဆင်လိုက်တော့မယ်။ " အမွှာရင်းမြစ်မဟာသူတော်စင်က ချက်ချင်း မျက်လုံးများ မှိတ်လိုက်ပြီး ပတ်ဝန်းကျင်ရှိ အချိန်လေဟာနယ်က အပြာရောင်၊ မီးခိုးရောင်များနှင့် ပြည့်နှက်သွားသည်။
ဝုန်း...
ဟေးယောင်၏ နယ်ပယ်ကလည်း ချက်ချင်း ကျယ်ပြန့်လာပြီး လင်းယွမ်ကို ဖုံးလွှမ်းရန် ကြိုးစားလိုက်သော်လည်း ပြင်ပကမ္ဘာက တားဆီးထားသည်။
" အမွှာရင်းမြစ်မဟာသူတော်စင်.... " ရှေ့ဆုံးမှ လင်းယွမ်က တစ်စုံတစ်ခုကို သတိပြုမိသွားပြီး နောက်လှည့်ကြည့်လိုက်သည်။
အမွှာရင်းမြစ်မဟာသူတော်စင်က တိုက်ခိုက်မှု ရပ်တန့်လိုက်သည်ကို သူသတိပြုမိသော်လည်း ပတ်ဝန်းကျင် အချိန်လေဟာနယ်က ဖရိုဖရဲဖြစ်နေသောကြောင့် ဘာဖြစ်နေသည်ကို ခဏ မခွဲခြားနိုင်ပေ။
လင်းယွမ်က စကြာဝဠာဝင်ပေါက်နှင့် အလွန်နီးကပ်နေချိန်တွင် နက်ရှိုင်းသော အော်ရာတစ်ခုက လျင်မြန်စွာ ချဉ်းကပ်လာသည်။ လင်းယွမ်၏ အမူအရာက ပြောင်းလဲသွားပြီး အမွှာရင်းမြစ်မဟာသူတော်စင်၏ ပတ်ဝန်းကျင်ကလည်း ရှင်းလင်းသွားခဲ့သည်။
" ဟမ် " လင်းယွမ်က အမွှာရင်းမြစ်၏ ဦးခေါင်းပေါ်မှ အပြာရောင်နှင့် မီးခိုးရောင် ဦးချိုနှစ်ခုကို သတိပြုမိသွားသည်။ သူ၏ စိတ်စွမ်းအားက တိုက်ခိုက်ခံရသကဲ့သို့ ခံစားလိုက်ရပြီး တဖြည်းဖြည်း ကျဆင်းသွားခဲ့သည်။
" မကောင်းတော့ဘူး။ " လင်းယွမ်က တစ်စုံတစ်ခု မှားယွင်းနေသည်ကို ချက်ချင်း သိလိုက်သည်။ အတွင်းစကြာဝဠာ၏ စွမ်းအားများက သူ၏ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားပြီး ထိုသက်ရောက်မှုကို ဖယ်ရှားလိုက်သည်။
" ဟားဟားဟား အားလုံးပဲ ခွင့်ပြုပါဦး။ " အမွှာရင်းမြစ်မဟာသူတော်စင်က အပြာမီးခိုးရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မယုံကြည်နိုင်စရာကောင်းသော အရှိန်ဖြင့် လင်းယွမ်ကို ဖြတ်ကျော်က စကြာဝဠာထဲသို့ ပထမဆုံး တိုးဝင်သွားခဲ့သည်။
" မင်း " လင်းယွမ်က ဟေးယောင်ကို ကြည့်လိုက်သည်။ ထိုမဟာသူတော်စင်နှစ်ယောက်က ပူးပေါင်းထားသည်ကို သူခန့်မှန်းမိလိုက်သည်။ မဟုတ်လျှင် အမွှာရင်းမြစ်မဟာသူတော်စင် ပြင်ဆင်နေချိန်တွင် ဟေးယောင်မဟာသူတော်စင်က နှောက်ယှက်နိုင်စွမ်းအပြည့်အဝ ရှိသောကြောင့် ဖြစ်သည်။
" အဲ့ဒီအမွှာရင်းမြစ် အချိန်ဆွဲပေးမယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား။ " ဟေးယောင်မဟာသူတော်စင်က မကျေမနပ်ဖြစ်နေသည်။
အမွှာရင်းမြစ်မဟာသူတော်စင်က လင်းယွမ်ကို အချိန်ဆွဲခဲ့သည်မှာ မှန်သော်လည်း ခဏအတွင်း အမွှာရင်းမြစ်က ပထမဆုံး ဝင်ရောက်သွားခဲ့ပြီး သူက ကျန်နေခဲ့သည်။
ဝုန်း....
လင်းယွမ်က ပြင်ပကမ္ဘာ၏ ပြင်းထန်သော ဖိနှိပ်မှုနှင့် လီယန်နေမင်းစွမ်းအားတို့ကို ထုတ်လွှတ်ပြီး ဟေးယောင်မဟာသူတော်စင်ကို အပြည့်အဝ လွှမ်းမိုးလိုက်သည်။
" ဒါက..." ဟေးယောင်၏ အမူအရာက ပြောင်းလဲသွားပြီး အမှောင်နယ်ပယ်ကို အသက်သွင်းလိုက်သည်။ သို့သော် အချိန်လေဟာနယ် ဖိနှိပ်မှုနှင့် လီယန်နေမင်း၏ အလင်းရောင်တို့က အလွန်သန်မာလှပြီး သူ့အတွက် ခုခံရန် ခက်ခဲစေသည်။
" သူက အစောက အစွမ်းကုန်မထုတ်ခဲ့ဘူးလား။ " ဟေးယောင်က မျက်မှောင်ကြုတ်သွားသည်။
ဝုန်း...
လင်းယွမ်က သူ၏ ညာလက်ကို မြှောက်ပြီး ဟေးယောင်ဆီသို့ လက်ဝါးရိုက်ချက်တစ်ခု ပို့လွှတ်လိုက်သည်။ ထိုရိုက်ချက်က ကောင်းကင်နှင့်မြေကြီး ပြိုကျသွားသကဲ့သို့ ဟေးယောင်က သူ၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်လာသော မယုံကြည်နိုင်စရာကောင်းသည့် ရိုက်ခတ်မှုကို ခံစားလိုက်ရသည်။
အမှောင်နယ်ပယ်က သူ့ကို ကာကွယ်ထားသော်လည်း ထိုရိုက်ချက်အောက်တွင် ဟေးယောင်က သူ၏ နယ်ပယ်နှင့်အတူ အဝေးသို့ လွင့်ထွက်သွားသည်။ နောက်ဆုံးမှ လူရိုင်းမဟာသူတော်စင်က ထိုမြင်ကွင်းကို ကြည့်ပြီး ဝမ်းသာသွားသည်။ အကြောင်းမှာ လင်းယွမ်၏ ရိုက်ချက်ကြောင်း ဟေးယောင်က သူ၏ နောက်သို့ပင် ရောက်သွားခဲ့သောကြောင့် ဖြစ်သည်။
ဝှစ်...
လင်းယွမ်က ဟေးယောင်ကို ရိုက်ထုတ်ပြီးနောက် လှည့်မကြည့်တော့ဘဲ စကြာဝဠာအတွင်းသို့ ဝင်ရောက်သွားသည်။
" ဟားဟားဟား ဟေးယောင် ငါလည်း သွားပြီဟေ့။ " လူရိုင်းမဟာသူတော်စင်က ရွှမ်ဟွမ်စကြာဝဠာ၏ ဝင်ပေါက်ရှေ့တွင် ချက်ချင်း ပေါ်လာပြီး အတွင်းသို့ လှမ်းဝင်သွားသည်။
ဝှစ် ဝှစ်....
ထိုခဏတွင် ထျန်းလု၊ အရိပ်နတ်ဆိုးနှင့် အခြားမဟာသူတော်စင်ခြောက်ယောက်တို့ကလည်း ရွှမ်ဟွမ်စကြာဝဠာအတွင်းသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်သွားသည်။
လင်းယွမ်၏ ရိုက်ချက်ကြောင့် ဟေးယောင်မဟာသူတော်စင်မှာ မူးဝေသွားခဲ့ပြီး ၎င်းက ကျန်မဟာသူတော်စင်ခြောက်ယောက် ဝင်ရောက်ရန် အခွင့်အရေး ရသွားခဲ့သည်။ အစတွင် သူတို့က ၅ ယောက်မြောက်မှ ဝင်ရမည်ဟု တွေးခဲ့ကြသော်လည်း ဟေးယောင်က လွင့်ထွက်သွားသောကြောင့် သူတို့အားလုံးမှ တစ်နေရာစီ ရှေ့တိုးသွားကြသည်။
" ငါတို့လည်း..." အဝေးမှ စောင့်ကြည့်နေသော ဖရိုဖရဲအရှင်သခင်များလည်း စိတ်လှုပ်ရှားသွားကြသည်။ ယခုအခါ အချိန်လေဟာနယ်ဖိနှိပ်မှုမရျိသောကြောင့် အားနည်းသော ဖရိုဖရဲအရှင်သခင်များပင် တည်နေရာရွှေ့ပြောင်းပြီး ဝင်ရောက်နိုင်ပြီဖြစ်သည်။
အမွှာရင်းမြစ်၊ ဟေးယောင်နှင့် အခြားမဟာသူတော်စင်များ၏ တိုက်ပွဲက ထိုစကြာဝဠာ၏ ထူးခြားမှုကို သတိပြုမိနိုင်စေသည်။ သို့သော် မည်သူမှ မလှုပ်ရှားနိုင်မီ။
ဝှစ် ဝှစ်....
အမှောင်အော်ရာတစ်ခုက ပတ်ဝန်းကျင်သို့ ရူးသွပ်စွာ ပျံ့နှံ့လာပြီး ဟေးယောင်မဟာသူတော်စင်က သူ၏ နယ်ပယ်ကို ပြန်လည်ဖြန့်ကျက်လိုက်ခြင်းဖြစ်သည်။
" သေစမ်း။ အမွှာရင်းမြစ် ငါ့ကို လှည့်စားသွားတယ်။ " ဟေးယောင်မဟာသူတော်စင်က အလွန်ဒေါသထွက်နေသည်။
အမွှာရင်းမြစ်မဟာသူတော်စင်က လင်းယွမ်ကို အချိန်ကြာကြာ တားဆီးထားနိုင်မည့် နည်းလမ်းမရှိကြောင်း သို့မဟုတ် ရှိလျှင်တောင် သုံးမည်မဟုတ်ကြောင်း ဟေးယောင်က နောက်ဆုံးတွင် နားလည်သွားသည်။ အမွှာရင်းမြစ်မဟာသူတော်စင်အတွက် သူကိုယ်တိုင် အရင်ဝင်ရောက်နိုင်လျှင်ပင် လုံလောက်နေပြီဖြစ်သည်။
ဝုန်း...
ဟေးယောင်မဟာသူတော်စင်က ရွှမ်ဟွမ်စကြာဝဠာ၏ ဝင်ပေါက်ရှေ့တွင် ပေါ်လာသည်။ မူလက စိတ်အားထက်သန်နေကြသော ဖရိုဖရဲအရှင်သခင်များက ရုတ်တရက် ရပ်တန့်သွားကြပြီး ဟေးယောင်မဝင်မချင်း ဘယ်သူမှ မချဉ်းကပ်ရဲကြပေ။
သူတို့က ဒေါသထွက်နေသော ဟေးယောင်မဟာသူတော်စင်နှင့်ယှဉ်လျှင် ခုခံနိုင်စွမ်းမရှိကြပေ။ အကယ်၍ သူတို့က အရင်ဝင်သွားပြီး ဟေးယောင်ကို ဒေါသထွက်အောင် လုပ်မိလျှင် စကြာဝဠာထဲမှ ဘယ်သူမှအသက်ရှင်လျက် ပြန်ထွက်နိုင်မည်မဟုတ်ပေ။
" ဒီတစ်ခါတော့ ငါ အကြီးအကျယ် ရှုံးသွားတာပဲ။ " စကြာဝဠာထဲသို့မဝင်မီ ဟေးယောင်က စိတ်ပျက်သွားမိသည်။
ဟေးယောင်မဟာသူတော်စင် ဝင်သွားသည်နှင့် ဖရိုဖရဲအရှင်သခင်များစွာကလည်း တည်နေရာရွှေ့ပြောင်းကာ အပြိုင်အဆိုင် ဝင်ရောက်သွားကြသည်။ သို့သော် အချို့ဖရိုဖရဲအရှင်သခင်များကတော့ ဝင်ရောက်ခြင်းမပြုကြသေးပေ။
" ဒီစကြာဝဠာက တကယ် ထူးခြားပေမယ့် ငါတို့ ဘာလုပ်နိုင်မှာလဲ။ မဟာသူတော်စင်ဆယ်ယောက်လည်း ဝင်သွားပြီ။ ဖရိုဖရဲအရှင်သခင်တွေလည်း အများကြီးပဲ။ ရတနာတွေကို သူတို့ပဲ ခွဲယူသွားလိမ့်မယ်။ ငါတို့ဝင်သွားရင် ရတနာတွေမရတဲ့အပြင် အသက်တောင် ပေးရနိုင်တယ်။ " ဖရိုဖရဲအရှင်သခင်အချို့က အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်နိုင်ကြသည်။
ဖရိုဖရဲအရှင်သခင်များက မဟာသူတော်စင်များ၏ စွမ်းအားကို သိကြသော်လည်း ယခုကဲ့သို့ မဟာသူတော်စင်များ၏ ပြင်းထန်သော တိုက်ပွဲကို မမြင်ဖူးကြပေ။ ပုံမှန်အားဖြင့် မဟာသူတော်စင်များက တိုက်ခိုက်လေ့မရှိကြပေ။
လင်းယွမ်နှင့် ဟေးယောင်တို့၏ တိုက်ပွဲက သူတို့ကို သူတို့ မည်မျှအားနည်းကြောင်း နက်ရှိုင်းစွာ နားလည်သွားစေခဲ့သည်။
" စကြာဝဠာထဲကို မဝင်ရရင်တောင် အဲ့ဒီမဟာသူတော်စင်တွေရဲ့ တိုက်ပွဲကို မြင်ရတာနဲ့တင် တန်ပါတယ်။ "
" မှန်တယ်။ အရင်က တိုက်ပွဲပုံရိပ်တွေ မြင်ဖူးပေမယ့် အုခလို့ အပြင်မှာ တိုက်ခိုက်တာနဲ့ ဘယ်လိုမှမယှဉ်နိုင်ဘူး။ "
" နောက်ဆုံးပေါ်လာတဲ့ အဲ့ဒီမဟာသူတော်စင်ကို မှတ်ထားကြ။ နောက်တစ်ခါ သူနဲ့ တွေ့ရင် ဘယ်လိုအကြောင်းနဲ့မှ ရန်မစသင့်ဘူး။ "
ဖရိုဖရဲအရှင်သခင်များက စကြာဝဠာထဲသို့ ဝင်ရောက်မည့် အစီအစဉ်ကို လက်လွှတ်လိုက်ကြပြီး သူတို့တွင် ဖိအားများ မရှိကြတော့ပေ။
" ဟုတ်တယ်။ ငါလည်း ငါ့ရဲ့ မိတ်ဆွေတွေ သတိထားရအောင် ဒီတိုက်ပွဲမှတ်တမ်းကို သူတို့ဆီ ပို့ပေးလိုက်ပြီ။ "
၎င်းမှာ ဖရိုဖရဲဟင်းလင်းပြင်တွင် မဟာသူတော်စင်များ ကျော်ကြားရသည့် အကြောင်းရင်းလည်းဖြစ်သည်။ သူတို့က တစ်ကြိမ် လှုပ်ရှားလိုက်သည်နှင့် အခြားသူများ မြင်တွေ့သွားလျှင် ထိုသတင်းက ကျယ်ပြန့်စွာ ပျံ့နှံ့သွားမည်ဖြစ်သည်။
လင်းယွမ်ကဲ့သို့ အစွမ်းထက်လှသူတစ်ယောက်က မည်သည့်သတင်းအချက်အလက်မှမရှိခြင်းမှာ အလွန်ပင်ရှားပါးလှသည်။ ထို့ကြောင့် သူ့ကို ရှေးဟောင်းခေတ်ကာလမှ မဟာသူတော်စင်တစ်ယောက်အဖြစ်သာ သတ်မှတ်နိုင်ပြီး သူ၏ အကြောင်းသိရှိသူများက မရှိတော့ခြင်းဖြစ်နိုင်သည်။
အဝေးတစ်နေရာရှိ အချိန်လေဟာနယ်ထဲတွင် ကြီးမားသော စိတ်အသိအချို့က စောင့်ကြည့်နေကြသည်။ ထိုစိတ်အသိများက ကြီးမားသော မျက်လုံးတစ်လုံး၊ ရှေးဟောင်းယဇ်ပလ္လင်တစ်ခုနှင့် နှစ်ပိုင်းကျိုးနေသော ဓားရှည်တစ်လက် စသည်ဖြင့် ပုံစံအမျိုးမျိုးနှင့် ရှိနေကြသည်။
" အဲ့ဒီလူက ဖရိုဖရဲလမ်းစဉ်စွမ်းအားကို မထုတ်ဖော်ဘဲနဲ့ သူ့ရဲ့ စွမ်းအားနဲ့တင် မဟာသူတော်စင်တွေနဲ့ ယှည်နိုင်နေတာပဲ။ တကယ်အံ့ဩစရာကောင်းတယ်။ " ရှေးဟောင်းယဇ်ပလ္လင်မှ အံ့အားသင့်နေသော စိတ်ဝိညာဉ်လှိုင်းတစ်ခု ထွက်ပေါ်လာသည်။
သူတို့အားလုံးက အလွှာဆယ့်သုံး အချိန်သက်ရှိများ ချန်ထားခဲ့သော အထူးတည်ရှိမှုများ ဖြစ်ကြပြီး သာမန်သက်ရှိများမဟုတ်ကြပေ။ သူတို့က စကြာဝဠာခေတ်များတစ်လျှောက် မဟာသူတော်စင်များစွာကို မြင်ဖူးကြသည်။ သို့သော် လင်းယွမ်ကဲ့သို့သော လူမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။