အခန်း (၁၇၀၇-၁၇၀၉)
Vol. 90 Ch. 1707-1709
အခန်း (၁၇၀၇) - အနှစ် ၂၀၀၀ နောက်ပိုင်း မွေးဖွားလာတဲ့ မမကြီး
~"ဟီးဟီး... အဲ့ဒီလောက်ကြီးလည်း မဟုတ်ပါဘူး"
မီလီသည် လျှာလေး တစ်လစ်ထုတ်ပြလိုက်၏။
"ကျွန်မက နည်းနည်း အံ့သြသွားလို့ စကားတွေ ပိုပြောမိသွားတာပါ"
"ဒါနဲ့ ပြောရဦးမယ်... ဦးက ဒီကို ဘာလာဝယ်တာလဲ... ကြည့်ရတာ ဒီနေရာနဲ့ သိပ်ရင်းနှီးပုံ မရဘူးနော်... ကျွန်မကို မေးကြည့်ပါလား... ကျွန်မက ဒီမှာ ကြီးပြင်းလာတာလေ... ဦး ရှာနေတာကို ကူရှာပေးနိုင်မလားလို့ပါ"
"အတည်ပြောနေတာနော်... ဒီနေရာက ကျွန်မအိမ်နောက်ဖေးက ပန်းခြံလေးလိုပဲ... နေရာအနှံ့ အကုန်သိတယ်"
ယဲ့ဖန်သည် "ဒီလမ်းက ငါပိုင်တယ်" ဟု ကြွေးကြော်လေ့ရှိသော ဤမိန်းမလှလေးမှာ စကားအိုးလေး ဖြစ်နေမည်ဟု သံသယဝင်မိလိုက်သည်။
သို့သော် သူမက ဤနေရာနှင့် အလွန် ရင်းနှီးသည်ဟု ပြောနေသောကြောင့်၊ သူသည် သံသယ မျက်လုံးများဖြင့် ကြည့်လိုက်ပြီး ခြေလှမ်းကို ရပ်တန့်လိုက်၏။
"မင်း ငါ့ကို လိမ်မနေပါဘူးနော်...
ဒီနေရနဲ့ တကယ် ရင်းနှီးတာလား"
"ဘုရားစူး ကျိန်ရဲတယ်"
မီလီသည် လေးနက်သော မျက်နှာထားဖြင့် လက်သုံးချောင်း ထောင်ပြလိုက်၏။
"ကျွန်မ ဒီမှာ ကြီးပြင်းလာတာပါဆို"
"ဒီနေရာက ဧရိယာစတုရန်းမီတာ ၆ သောင်းလောက် ကျယ်ဝန်းပြီး၊ ဆိုင်ခန်းပေါင်း ၃၃၀ လောက် ရှိတယ်... တစ်ချိန်တုန်းကဆိုရင် နေမဝင်အင်ပါယာရဲ့ တော်ဝင်မိသားစုဝင်တွေတောင် တောင့်တမက်မောခဲ့ရတဲ့ ဈေးဝယ် နိဗ္မာန် တစ်ခုပေါ့... အခုတော့ ဈေးဝယ်စင်တာ သက်သက်ပဲ မဟုတ်တော့ဘူး... ဒီစင်တာရဲ့ ပတ်ပတ်လည်မှာ ဟာရိုးလ်မိသားစုပိုင်တဲ့ ဟာရိုးလ်ဘဏ်၊ ဟာရိုးလ် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းနဲ့ ဟာရိုးလ် မုန့်တိုက်တွေပါ ရှိနေပြီလေ"
"ဒီနေရာမှာ ပိုက်ဆံသာ အလုံအလောက် ရှိပါစေ... လိုချင်တာ အကုန် ဝယ်လို့ရတယ်... ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ်၊ လူကြီးဖြစ်ဖြစ် ကလေးဖြစ်ဖြစ်၊ ဝဝဖြစ်ဖြစ် ပိန်ပိန်ဖြစ်ဖြစ်... ကိုယ်နဲ့လိုက်ဖက်တဲ့ အဝတ်အစားတွေကို ဒီမှာ ရှာတွေ့နိုင်တယ်... ဒါတင် ဘယ်ကမလဲ... ရေတွက်လို့ မကုန်နိုင်တဲ့ လက်ဝတ်ရတနာတွေ၊ လျှပ်စစ်ပစ္စည်းတွေ၊ အားကစား ပစ္စည်းတွေ၊ မင်္ဂလာဆောင် အသုံးအဆောင်တွေ၊ အိမ်မွေးတိရစ္ဆာန်နဲ့ ဆက်စပ်ပစ္စည်းတွေ၊ အရုပ်တွေ၊ အစားအသောက်တွေ၊ ကျန်းမာရေးနဲ့ အလှအပ ပစ္စည်းတွေ၊ လက်ဆောင်ပစ္စည်းတွေ၊ စာရေးကိရိယာတွေ၊ အိမ်သုံးပစ္စည်းတွေ၊ ပရိဘောဂတွေ... အစုံအလင် ရှိတယ်နော်"
"ဒါ့အပြင် ဧည့်သည်တွေ အနားယူဖို့နဲ့ စားသောက်ဖို့အတွက် စားသောက်ဆိုင် ၃၂ ဆိုင်လည်း ရှိသေးတယ်"
"နောက်ထပ် ရှိသေးတယ်နော်... တကယ်လို့ ဈေးဝယ်ရတာ ပင်ပန်းလာပြီဆိုရင် အပေါ်ထပ်မှာ စပါး (Spa) ရှိတယ်... နှိပ်နယ်တာ၊ အလှပြုပြင်တာ၊ ဈေးဝယ်ဖို့ အကြံဉာဏ်တောင်းတာ၊ နာရီပြင်တာ၊ ဆံပင်ညှပ်တာ၊ အထည်ချုပ်တာ၊ နိုင်ငံခြားငွေ လဲလှယ်တာ၊ ငွေလွှဲတာ၊ မင်္ဂလာဧည့်ခံပွဲ ကျင်းပတာ၊ အစားအသောက် ပို့ဆောင်တာ၊ ပစ္စည်းပို့ဆောင်တာတွေအပြင်... ကိုယ်နဲ့ လိုက်ဖက်မယ့် ရေမွှေးဖော်မြူလာကိုတောင် စိတ်ကြိုက် မှာယူ ဖန်တီးနိုင်သေးတယ်"
"ဒီနေရာရဲ့ စီးပွားရေး ရည်ရွယ်ချက်ကတော့... ကမ္ဘာပေါ်က လူတိုင်း လိုချင်တာမှန်သမျှ အကုန်ရနိုင်ရမယ် ဆိုတဲ့... Omnia-Omnibus-Ubique-All-Things-For-All-People, Everywhere ဆိုတာပါပဲ"
"..."
ပြောပြီးသည်နှင့် မီလီသည် တစ်စုံတစ်ခုကို သက်သေပြချင်နေသကဲ့သို့၊ ဤဈေးဝယ်စင်တာကြီးအကြောင်းကို မိသားစု ရတနာတစ်ခုအလား ဆက်လက် မိတ်ဆက် ပြောကြားနေပြန်သည်။
ယဲ့ဖန်သည် သူမ ပြောသမျှကို နားထောင်ရင်း၊ သူမသည် ဤနေရာနှင့် အမှန်တကယ် ရင်းနှီးကျွမ်းဝင်ကြောင်း သိလိုက်ရသဖြင့် အလျင်အမြန်ပင် ဖြတ်ပြောလိုက်ရတော့၏။
"တော်ပြီ... တော်ပြီ... ယုံပါပြီဗျာ"
"အမှန်အတိုင်း ပြောရရင်... ငါက ဝတ်စုံတစ်စုံလောက် လာဝယ်တာပါ... ဒီည လူကြီးတစ်ယောက်နဲ့ တွေ့စရာရှိလို့ တရားဝင် ပွဲအခမ်းအနား တစ်ခုကို သွားရမှာမို့လို့လေ"
"အဲ့ဒီမှာ ဂေါက်ရိုက်ဖို့လည်း ရှိတယ်"
"ဘယ်ဆိုင်ကို သွားရမလဲ၊ ဘယ်လို အဝတ်အစားနဲ့ ဆက်စပ်ပစ္စည်းတွေက သင့်တော်မလဲ ဆိုတာ မင်း သိလား"
"ဒါဆိုရင်တော့ ဦးက ကျွန်မ ကျွမ်းကျင်တဲ့ နယ်ပယ်ကို လာမေးနေတာပဲ"
မီလီသည် ချက်ချင်းပင် ယဲ့ဖန်၏ လက်ကို ဆွဲကိုင်လိုက်ပြီး၊ ဟာရိုးလ် ဈေးဝယ်စင်တာအတွင်း လျှောက်သွားကာ နောက်ဆုံးတွင် အီတလီ နာမည်နှင့် ဝတ်စုံဆိုင် တစ်ဆိုင်ရှေ့သို့ ရောက်ရှိသွားသည်။
"ဒီဆိုင်က အင်ပါယာ တစ်ခုလုံးမှာ ထိပ်တန်းအဆင့်လို့ သတ်မှတ်လို့ရတယ်"
"ဂျီဗင်ချီ (Givenchy) တို့၊ အာမေနီ (Armani) တို့လို နိုင်ငံတကာ အမှတ်တံဆိပ်တွေလောက် နာမည်မကြီးပေမယ့်... နေမဝင်အင်ပါယာရဲ့ တော်ဝင်မိသားစုဝင် တော်တော်များများက ဒီဆိုင်မှာပဲ ဝတ်စုံလာချုပ်ကြတာလေ"
"ဒီအမှတ်တံဆိပ်ရဲ့ ဒီဇိုင်းဒါရိုက်တာက ဒီဇိုင်းလောက တစ်ခုလုံးမှာ ထိပ်တန်းပဲ... နေမဝင်အင်ပါယာရဲ့ တော်ဝင်မိသားစုကတောင် အသိအမှတ်ပြုထားတဲ့ အဆင့်မျိုးနော်"
ယဲ့ဖန်သည် ထပ်မမေးတော့ဘဲ၊ သဘာဝကျကျပင် မီလီ၏ လက်ကို ဖြုတ်ချလိုက်ပြီး ဆိုင်ထဲသို့ ဝင်ရန် ပြင်လိုက်၏။
ထိုအခိုက်အတန့်၌ မီလီသည်လည်း သူမ ယဲ့ဖန်၏ လက်ကို ကိုင်ထားမိကြောင်း သတိပြုမိသွားပုံရပြီး မျက်နှာလေး ရဲခနဲ ဖြစ်သွားရှာသည်။
သူမ၏ ခြေလှမ်းများလည်း ရပ်တန့်သွား၏။
ခဏကြာမှ သူမက ပျာပျာသလဲ ပြောလိုက်သည်။
"ဟို... ဦး အရင် ဝင်ကြည့်နှင့်လိုက်နော်... ကျွန်မ အဖေဆီ သွားပြီး သူ့ရဲ့ VIP ကတ် သွားတောင်းလိုက်ဦးမယ်"
"နောက်ကျရင် ဦး ငွေရှင်းတဲ့အခါ အဲ့ဒီကတ်နဲ့ ရှင်းလိုက်ပေါ့.. အတွင်း လျှော့ဈေး (Internal Discount) ရလိမ့်မယ်"
"ပိုက်ဆံ အများကြီး သက်သာသွားမှာနော်"
ပြောပြောဆိုဆိုပင် သူမသည် ခပ်သွက်သွက် ပြေးထွက်သွားလေတော့၏။
ယဲ့ဖန်သည် အများကြီး တွေးမနေတော့ဘဲ၊ ပြန်လည်ဖြေကြားပြီးသည်နှင့် ဆိုင်ထဲသို့ တန်းတန်းမတ်မတ် လျှောက်ဝင်သွားလိုက်၏။
ထိုအချိန်၌ အနောက်ဘက် မလှမ်းမကမ်းရှိ ဒုတိယထပ်တွင် ရွှေရောင်မုတ်ဆိတ်မွေးများနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ရပ်နေသည်။ သူက ဟစ်ဟော့ (Hip-hop) ဝတ်စုံကို ဝတ်ဆင်ထားပြီး တစ်ကိုယ်လုံးတွင် တက်တူးများ ထိုးထားသည်။
သူသည် ယဲ့ဖန် ဝင်သွားသည်ကို မြင်လိုက်ရသောအခါ ဝေါ်ကီတော်ကီကို ကိုင်၍ ချက်ချင်း အမိန့်ပေးလိုက်လေတော့၏။
"အားလုံးပဲ အာရုံစိုက်ကြ... အာရုံစိုက်ကြ... ဧည့်သည်အသစ် နောက်တစ်ယောက် ဝင်သွားပြီ"
"ပစ္စည်းအဖွဲ့... ကင်မရာအဖွဲ့... အားလုံး နေရာယူထားကြ"
"ဝတ်စုံဆိုင်ရောက် ဧည့်သည်ကို ကျပန်း နောက်ပြောင်ခြင်း အစီအစဉ်... အပိုင်း ၁၃၂... ရိုက်ကူးရေး စတင်တော့မည်"
...
ယဲ့ဖန် ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် တပြိုင်နက်... ဝတ်စုံ ရွေးချယ်နေကြသော ဧည့်သည်များ၊ ငွေကိုင်ဝန်ထမ်းများနှင့် ဆိုင်ဝန်ထမ်းများ အားလုံးက သူ့ကို ဝိုင်းကြည့်နေကြသည်ဟု ခံစားလိုက်ရသည်။
ထူးဆန်းသော ခံစားမှုတစ်ခုပင်။
ထို့နောက် ထိုလူများသည် အကြည့်ကို လျင်မြန်စွာ လွှဲဖယ်သွားကြပြီး၊ လုပ်ငန်းခွင်ဝတ်စုံ ဝတ်ဆင်ထားသော အရောင်းစာရေးမ တစ်ဦးသာ ပြုံးရွှင်စွာဖြင့် သူ့ထံသို့ လျှောက်လှမ်းလာခဲ့သည်။ သို့သော် ယဲ့ဖန်သည် ဆိုင်ထဲရှိ လူတိုင်းက သူ့ကို တိတ်တဆိတ် အကဲခတ်နေကြသည်ဟု ခံစားနေရဆဲပင်။
ယဲ့ဖန် ဘာမှ ဆက်မတွေးနိုင်ခင်မှာပင်၊ ထိုအမျိုးသမီးက သူ့အနားသို့ ရောက်လာပြီး နှုတ်ဆက်လိုက်၏။
"မင်္ဂလာပါ ရှင့်... ဘာများ ကူညီပေးရမလဲ"
"ဝတ်စုံအသစ် လိုချင်လို့လားရှင်"
ယဲ့ဖန်သည် သူ၏ အတွေးများကို ဘေးဖယ်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
"ကျွန်တော် တရားဝင်ပွဲတွေမှာလည်း ဝတ်လို့ရသလို၊ ပေါ့ပေါ့ပါးပါးလည်း ဖြစ်မယ့် ဝတ်စုံမျိုး လိုချင်တယ်"
"အရေးကြီးတဲ့ ဧည့်သည်တွေနဲ့ တွေ့တဲ့အခါ ဝတ်လို့ရမယ့်အပြင်၊ ဂေါက်ရိုက်တဲ့အခါမှာလည်း ဝတ်လို့ကောင်းမယ့် ပုံစံမျိုးပေါ့"
"ခဏလေး စောင့်ပါနော်"
ထိုအမျိုးသမီးက တော်နေ၍လား သို့မဟုတ် အခြားအကြောင်းကြောင့်လား မသိပေ။ သူမသည် ယဲ့ဖန်၏ အရပ်အမောင်းနှင့် ခန္ဓာကိုယ် အချိုးအစားကို တစ်ချက်သာ အကဲခတ်ကြည့်လိုက်ပြီး၊ ငွေရှင်းကောင်တာ အနီးရှိ ပြခန်းတစ်ခုဆီသို့ လျင်မြန်စွာ လျှောက်သွားကာ ဝတ်စုံတစ်စုံကို ယူဆောင်လာခဲ့သည်။
"ဒီဝတ်စုံက ဒီဇိုင်းဒါရိုက်တာ ကိုယ်တိုင် ဒီဇိုင်းဆွဲပေးထားတာပါ... ပထမတန်းစားပါပဲ"
"ပြီးတော့ ရှင့်ရဲ့ ခန္ဓာကိုယ်နဲ့ စတိုင်လ် နဲ့ဆိုရင် အရမ်း လိုက်ဖက်မှာ သေချာပါတယ်"
"စိတ်မရှိဘူးဆိုရင် အဝတ်လဲခန်းထဲမှာ အခုပဲ သွားဝတ်ကြည့်လို့ ရပါတယ်နော်"
ယဲ့ဖန်သည် ဝတ်စုံကို ကြည့်လိုက်၏။
ပထမတစ်ချက် ကြည့်လိုက်ရုံဖြင့် အသားနှင့် ဒီဇိုင်းမှာ အမှန်တကယ် ကောင်းမွန်ကြောင်း သိသာလှပေသည်။
သို့သော် သူ မျှော်လင့်ထားသည်နှင့် အနည်းငယ် ကွာခြားနေသလို ခံစားရသည်။
ထို့ကြောင့် သူသည် ချက်ချင်းပင် ငြင်းပယ်ရန် ပြင်လိုက်၏။
မထင်မှတ်ထားစွာပင်၊ ထိုအမျိုးသမီးက ဘာမှ ရှင်းပြမနေတော့ဘဲ ဝတ်စုံကို သူ၏ လက်ထဲသို့ အတင်း ထိုးထည့်ပေးလိုက်လေတော့၏။
"ကျွန်မရဲ့ ကျွမ်းကျင်မှုကို ယုံကြည်လိုက်ပါရှင်"
"ကျွန်မ ဒီဆိုင်မှာ လုပ်လာတာ ဆယ်နှစ်ကျော်ပါပြီ... မြို့စားတွေ၊ သူကောင်းမျိုးတွေ၊ ပြီးတော့ တော်ဝင်မိသားစုဝင်တွေကိုတောင် ဝန်ဆောင်မှု ပေးခဲ့ဖူးပါတယ်"
"ဒါ့အပြင် ကျွန်မ ဝန်ဆောင်မှုပေးခဲ့တဲ့ သူတိုင်းက ကျွန်မရဲ့ ရွေးချယ်မှုကို ချီးကျူးခဲ့ကြတာချည်းပါပဲ"
"သွားပြီး ဝတ်ကြည့်လိုက်ပါ... ရှင် လုံးဝ စိတ်ပျက်ရမှာ မဟုတ်ဘူးလို့ အာမခံပါတယ်"
သူမ၏ စကားများကို ကြားရသောအခါ ယဲ့ဖန်သည် အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရပြီး၊ အသိစိတ်မဲ့စွာပင် ငြင်းဆန်ချင်စိတ် ပေါ်လာမိသည်။
သို့သော် ထိုအမျိုးသမီး ပြောပြီးသွားသည်နှင့် တပြိုင်နက်၊ ငွေကိုင်ဝန်ထမ်း အပါအဝင် ဆိုင်ထဲရှိ လူတိုင်းလိုလိုက သူ့ကို နောက်တစ်ကြိမ် ခိုးကြည့်လိုက်ကြသည်ကို သူ အာရုံခံမိလိုက်ပြန်သည်။
သူ့ဘက်က ဘယ်လို တုံ့ပြန်မလဲ ဆိုသည်ကို စိတ်ဝင်တစား စောင့်ကြည့်နေကြသကဲ့သို့ပင်…။
အခန်း (၁၇၀၈) - ခင်ဗျား ကျွန်တော့်ကို ခြိမ်းခြောက်နေတာလား
~ယဲ့ဖန်ကို ဝန်ဆောင်မှု ပေးနေသည့် အမျိုးသမီးသည် သူ့မျက်နှာရိပ်မျက်နှာကဲကို အမြဲမပြတ် အကဲခတ်နေပြီး၊ အချိန်မရွေး တုံ့ပြန်ရန် အသင့်ပြင်ထားပုံ ရသည်။
ယဲ့ဖန်သည် ချက်ချင်းပင် အကြံတစ်ခု ရသွားပြီး ပြုံးလိုက်၏။
"ကောင်းပြီလေ... ခင်ဗျား ဒီလောက်တောင် အကြံပြုနေမှတော့ ကျွန်တော် ဝတ်ကြည့်ပါ့မယ်"
"ဟုတ်ကဲ့ပါ ရှင့်... ဒီဘက်ကို ကြွပါ"
ထိုအမျိုးသမီးသည် စိတ်အေးသွားပုံရပြီး သက်ပြင်းချလိုက်သည်ကို ယဲ့ဖန် သတိပြုမိလိုက်သည်။
ထို့နောက် သူမသည် ယဲ့ဖန်အား အဝတ်အစားဆိုင်၏ ဘယ်ဘက်ခြမ်းရှိ "အဝတ်လဲခန်း" ဟု စာတမ်းကပ်ထားသော နေရာသို့ လမ်းပြခေါ်ဆောင်သွားသည်။
ယဲ့ဖန်သည် သူမ ညွှန်ပြသော အဝတ်လဲခန်းဆီသို့ လျှောက်သွားရင်း၊ ဆိုင်ထဲရှိ လူများ၏ တုံ့ပြန်မှုကို တိတ်တဆိတ် အကဲခတ်နေလိုက်၏။
ထင်ထားသည့်အတိုင်းပင်၊ မူမမှန်မှုများကို ဆက်တိုက် တွေ့ရှိလိုက်ရသည်။
သူ အဝတ်လဲခန်းဆီသို့ လျှောက်သွားသည်နှင့် တစ်ပြိုင်နက်၊ ဆိုင်ထဲတွင် ဟိုကြည့်ဒီကြည့် လုပ်နေကြသော ဧည့်သည်များသည် သူ့ကို ခိုးကြည့်လိုက်ကြပြန်သည်။
ငွေကိုင်ကောင်တာတွင် အလုပ်ရှုပ်နေဟန်ဆောင်နေသော ငွေကိုင်မိန်းကလေးသည်လည်း လှမ်းကြည့်လိုက်၏။
ဒါတင်မကသေးပေ။ ဆိုင်ထဲတွင် လမ်းလျှောက်နေကြသော ထိုဧည့်သည်များသည် အဝတ်အစားများကို စိတ်ဝင်တစား ကြည့်ရှုနေခြင်း မဟုတ်ဘဲ၊ ဟန်ဆောင်ပန်ဆောင်သာ ကြည့်ရှုနေကြကြောင်း ယဲ့ဖန် သတိပြုမိလိုက်သည်။
သူ့ကို ဝန်ဆောင်မှုပေးခဲ့သော အမျိုးသမီးကမူ သူ အဝတ်လဲခန်းဘက်သို့ လှည့်ထွက်သွားသည်နှင့် ဖုန်းကို အလျင်အမြန် ထုတ်ကာ စာရိုက်နေလေတော့၏။
ထို့နောက် အဝတ်လဲခန်းထဲမှ အလွန် တိုးညှင်းသော စက်သံသဲ့သဲ့ကို ကြားလိုက်ရ၏။
"ပြဿနာ ရှိနေပြီ"
"ဒီလူတွေ မရိုးသားတာ သေချာတယ်"
"အဝတ်လဲခန်းထဲမှာ ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတချို့ ရှိနေပုံပဲ"
ယဲ့ဖန်သည် ချက်ချင်းပင် သတိဝီရိယ ရှိသွားလေတော့၏။
အဝတ်လဲခန်း တံခါးကို တွန်းဖွင့်လိုက်သော်လည်း၊ သူ ချက်ချင်း ဝင်မသွားသေးပေ။ အခန်းတွင်း အခြေအနေကို တစ်ချက် ဝေ့ကြည့်လိုက်သည်။
နောက်တစ်စက္ကန့်တွင် သူသည် အဝတ်လဲခန်းထဲမှ ပြန်ထွက်လာပြီး၊ သူ့ကို ဝန်ဆောင်မှုပေးခဲ့သော အမျိုးသမီးဘက်သို့ လှည့်လိုက်၏။ သူ၏ မျက်နှာထားမှာ မည်းမှောင်နေသည်။
"ကျွန်တော့်ကို ရှင်းပြချက်တစ်ခု ပေးဖို့ လိုမယ်ထင်တယ်"
ထိုအမျိုးသမီးသည် ဖုန်းကို ကိုင်ထားဆဲဖြစ်ပြီး၊ တစ်စုံတစ်ယောက်ထံ စာပို့နေဆဲပင် ဖြစ်သည်။
ယဲ့ဖန်၏ စကားကို ကြားလိုက်ရသောအခါ သူမသည် ကြောင်တောင်တောင် ဖြစ်သွားပြီး၊ မော့ကြည့်ကာ မေးလိုက်၏။
"ဘာရှင်းပြချက်လဲရှင်"
ဆိုင်ထဲရှိ ဧည့်သည်အယောင်ဆောင်ထားသူများနှင့် ငွေကိုင်မိန်းကလေးတို့သည်လည်း သူ့ကို ဝိုင်းကြည့်လာကြသည်။
ယဲ့ဖန်သည် သူ၏ လက်ထဲမှ ဝတ်စုံကို ချလိုက်၏။
ထို့နောက် အရှေ့သို့ ဖြတ်ခနဲ လှမ်းလိုက်ပြီး...
အဝတ်လဲခန်းထဲမှ လျှို့ဝှက် ကင်မရာမှန်ဘီလူး (Hidden Camera Lens) တစ်ခုကို ဆွဲထုတ်လိုက်ကာ၊ ထိုအမျိုးသမီးနှင့် ဧည့်သည်များအား မြှောက်ပြလိုက်သည်။
"ဒါက ဘာသဘောလဲ"
"ခင်ဗျားတို့ ကျွန်တော့်ကို ကျိုးကြောင်းဆီလျော်တဲ့ ရှင်းပြချက်တစ်ခု ပေးသင့်တယ် မဟုတ်လား"
"ဘုရားရေ"
ထိုအမျိုးသမီးသည် ကြက်သေသေသွား၏။
ထို့နောက် သူမသည် ယဲ့ဖန်၏ လက်ထဲမှ လျှို့ဝှက်ကင်မရာကို အတင်းပြေးလုလိုက်ပြီး၊ အဝတ်လဲခန်းထဲသို့ ပြေးဝင်ကာ အခြေအနေကို သွားရောက် စစ်ဆေးလေတော့၏။
ပြီးနောက် အခန်းထဲမှ ပြန်ပြေးထွက်လာပြီး မယုံနိုင်စွာဖြင့် အော်ဟစ်လိုက်၏။
"ရှင် ရူးနေလား... ဒါက စစ်ဘက်သုံး အဆင့်မြင့် လျှို့ဝှက် ကင်မရာအမျိုးအစားနော်... ကျွန်မတို့ အဖွဲ့က ဒါကို ရဖို့အတွက် ဒေါ်လာ တစ်သိန်းကျော် အကုန်အကျခံပြီး ဝယ်ထားရတာ"
"အဲ့ဒါကို ရှင်က အတင်း ဆွဲဖြုတ်လိုက်တယ်ပေါ့"
ထိုစကားကို ကြားလိုက်ရသောအခါ ငွေကိုင်မိန်းကလေးနှင့် ဧည့်သည်အယောင်ဆောင်ထားသူများသည်လည်း အလွန် စိတ်လှုပ်ရှားသွားကြသည်။
သူတို့သည် ချက်ချင်းပင် ထိုအမျိုးသမီးအနားသို့ ပြေးသွားကြ၏။
"မဟုတ်မှလွဲရော... ကင်မရာ ပျက်သွားတာလား"
"ငါတို့ ဒါကို ဝယ်ထားတာ တစ်လတောင် မပြည့်သေးဘူးလေ"
"အရင်းတောင် မကျေသေးဘူးဟ"
ထိုအမျိုးသမီးသည် ကင်မရာကို သေချာ စစ်ဆေးကြည့်ပြီးနောက် ခေါင်းခါပြလိုက်၏။
"ပျက်သွားပြီ"
"ဒီလူက အရူးပဲ... သူ အတင်း ဆွဲဖြုတ်လိုက်တုန်းက အတွင်းပိုင်း အစိတ်အပိုင်းတွေ ပျက်စီးသွားပုံရတယ်"
"ပြန်ဖွင့်လို့ မရတော့ဘူး"
ထိုစကားကို ကြားလိုက်ရသောအခါ ငွေကိုင်မိန်းကလေးနှင့် လူအုပ်ကြီး၏ မျက်နှာထားများသည် ချက်ချင်းပင် ပြောင်းလဲသွားကြလေတော့၏။
ထို့နောက် သူတို့အားလုံးသည် ယဲ့ဖန်ကို ဝိုင်းကြည့်လိုက်ကြ၏။
"မင်း လျော်ပေးရမယ်"
"ဒီကောင့်ကို လျော်ကြေးပေးခိုင်းမှ ဖြစ်မယ်"
"ကျုပ်တို့ရဲ့ စုဆောင်းငွေတွေအပြင် ခရက်ဒစ်ကတ်တွေပါ သုံးပြီးမှ ဒေါ်လာ တစ်သိန်းကျော်တန် ဒီပစ္စည်းကို ဝယ်နိုင်ခဲ့တာကွ"
"အသုံးမချရသေးခင်မှာတင် ပျက်စီးသွားပြီ... ဒီကောင် လျော်ကြေးမပေးရင် လွှတ်ပေးလို့ မဖြစ်ဘူး"
အဝတ်လဲခန်းထဲတွင် တပ်ဆင်ထားသော ကင်မရာသည် သူတို့လက်ချက် ဖြစ်နေပြီး၊ ဤလူအားလုံးသည် တစ်ဖွဲ့တည်း ဖြစ်နေလိမ့်မည်ဟု ယဲ့ဖန် ထင်မထားခဲ့မိပေ။
ကင်မရာဖိုးကို သူ့အား လျော်ကြေးပေးခိုင်းနေသည်ကို ကြားလိုက်ရသောအခါ၊ သူသည် မနေနိုင်ဘဲ ရယ်မောလိုက်မိ၏။
"ခင်ဗျားတို့ ဘာပြောလိုက်တာလဲ"
"ကျွန်တော် နားကြားမှားသွားတယ် ထင်တယ်"
"ကျေးဇူးပြုပြီး နောက်တစ်ခေါက်လောက် ပြန်ပြောပေးလို့ ရမလား"
ဧည့်သည်အယောင်ဆောင်ထားသူများနှင့် ငွေကိုင်မိန်းကလေးတို့သည် စကားထပ်မပြောကြတော့ဘဲ၊ ယဲ့ဖန်ကို ဝိုင်းထားလိုက်ကြသည်။ တစ်ချိန်တည်းမှာပင် သူတို့သည် ယဲ့ဖန်ကို ဝန်ဆောင်မှုပေးခဲ့သော အမျိုးသမီးဘက်သို့ လှည့်ကြည့်လိုက်ကြ၏။
ကြည့်ရသည်မှာ ထိုအမျိုးသမီးသည် သူတို့အဖွဲ့၏ ခေါင်းဆောင် ဖြစ်ပုံရသည်။
ယဲ့ဖန်လည်း သူမကို လှမ်းကြည့်လိုက်၏။
ထိုအမျိုးသမီးသည် ကင်မရာအသေးစားလေးကို နောက်တစ်ကြိမ် ထပ်မံ စစ်ဆေးလိုက်ပြီး၊ လုံးဝ အသုံးမပြုနိုင်တော့ကြောင်း သေချာသွားမှသာ ယဲ့ဖန်ဘက်သို့ လှည့်ကြည့်လိုက်သည်။
"ဒါက လွန်ခဲ့တဲ့ တစ်လလောက်ကမှ ကျွန်မတို့ အဖွဲ့ ခက်ခက်ခဲခဲ ဝယ်ယူထားရတဲ့ ပစ္စည်းပါ"
"ဝယ်ယူထားတဲ့ ပြေစာတွေနဲ့ စာရွက်စာတမ်းတွေ အကုန် အပြည့်အစုံ ရှိပါတယ်"
"စုစုပေါင်း တန်ဖိုးက ဒေါ်လာ ၁၃၆,၈၀၀ ပါ"
"ရှင်က ငွေသားနဲ့ ပေးမလား... ကတ်နဲ့ ရှင်းမလား"
ယဲ့ဖန်၏ မျက်နှာထားမှာ ပြောင်းလဲခြင်း မရှိပေ။
"ဒါဆို ခင်ဗျား ဆိုလိုတာက... ဒီအမှားရဲ့ တရားခံက ကျွန်တော်လို့ ပြောချင်တာပေါ့"
"ဒီပစ္စည်းကို ရှင် ဖျက်ဆီးလိုက်တာလေ... တာဝန်က ရှင့်ဆီမှာ ရှိတာပေါ့"
ထိုအမျိုးသမီးက ပုံမှန်ကိစ္စတစ်ခုလိုပင် ပြောလိုက်၏။
"မြန်မြန်လုပ်ပါ ရှင်... ကတ်လား ငွေသားလား... မြန်မြန် လျော်ပေးလိုက်ပါ"
"ကျွန်မတို့ အဖွဲ့သားတွေက လွယ်လွယ်ကူကူ အလျှော့ပေးမယ့်သူတွေ မဟုတ်ဘူးနော်"
"အရက်သမားတွေ၊ ဆေးသမားတွေ၊ လူမိုက်တွေ၊ ပြည့်တန်ဆာစားဖိုမှူးတွေ အကုန်ပါတယ်..."
"သူတို့မှာ ရှင်လို သူဌေးတွေအတွက် ပေးစရာ အချိန်တွေ အများကြီး ရှိသလို... ရှင့်ကို ရွံရှာသွားအောင် လုပ်နိုင်မယ့် နည်းလမ်းတွေလည်း အများကြီး ရှိတယ်"
"ရှင် သူတို့ရဲ့ နှောင့်ယှက်တာကို မခံချင်ဘူးလို့ ကျွန်မ ထင်ပါတယ်"
"ဒါဆို... ခင်ဗျား ကျွန်တော့်ကို ခြိမ်းခြောက်နေတာလို့ ယူဆလို့ ရမလား"
ယဲ့ဖန်သည် မျက်လုံးများကို မှေးစင်းလိုက်၏။
"အို... မဟုတ်ရပါဘူး... ကျွန်မ ရှင့်ကို ခြိမ်းခြောက်တာ မဟုတ်ပါဘူးရှင်"
ထိုအမျိုးသမီး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်နေသော်လည်း၊ မျက်ဝန်းထဲတွင်မူ လှောင်ပြောင်လိုသော အရိပ်အယောင်များ ယှက်သန်းနေသည်။
"ကျွန်မတို့က အကျိုးနဲ့ အပြစ်ကို ရှင်းပြပြီး၊ နှစ်ဖက်စလုံးအတွက် အဆင်ပြေမယ့် အကြံပြုချက်တစ်ခု ပေးရုံပါပဲ"
"ဘယ်လို ရွေးချယ်မလဲ ဆိုတာကတော့ ရှင့်သဘောပါပဲ"
ယဲ့ဖန် ခေါင်းညိတ်လိုက်၏။
"သဘောပေါက်ပါပြီ"
"ခင်ဗျားတို့နဲ့ ပုံမှန်အတိုင်း ဆက်ပြောလို့ ရတော့မယ် မထင်ဘူး"
"ဒါဆိုရင် ရဲခေါ်ဖို့ပဲ ရွေးချယ်လိုက်တော့မယ်... ရဲတွေ လာရှင်းပါစေတော့"
"သူတို့ ဘယ်လို ကိုင်တွယ်မလဲ ဆိုတာ ကြည့်ကြတာပေါ့"
ပြောပြောဆိုဆိုပင် သူသည် ဖုန်းကို ထုတ်လိုက်ပြီး ရဲစခန်းသို့ ခေါ်ဆိုရန် ပြင်လိုက်သည်။
မထင်မှတ်ထားစွာပင်၊ ထိုအခိုက်အတန့်၌ လက်တစ်ဖက် ရုတ်တရက် ရောက်ရှိလာပြီး သူ၏ ဖုန်းကို လုယူရန် ကြိုးစားလိုက်လေတော့၏။
"လူကြီးမင်း... ကျွန်တော်တို့က အခု ခင်ဗျားနဲ့ ယဉ်ယဉ်ကျေးကျေး ပြောဆိုဆက်ဆံနေတာပါ... ပြဿနာကို ရိုးရိုးရှင်းရှင်း ဖြေရှင်းဖို့ အခွင့်အရေး ပေးနေတာပါ... အဲ့ဒီအခွင့်အရေးကို ဖြုန်းတီးပစ်ပြီး ကိစ္စတွေကို ရှုပ်ထွေးအောင် မလုပ်ပါနဲ့"
"ဒါမှမဟုတ်ရင်... ကျွန်တော်တို့ဘက်က ရိုင်းစိုင်းရတော့မယ်... ခင်ဗျားအပေါ်မှာ မယဉ်ကျေးတဲ့ နည်းလမ်းတွေ သုံးရလိမ့်မယ်"
"ခုနက မမကြီးဂရိတ်ဒီ ပြောလိုက်တဲ့ စကားတွေက ခင်ဗျားကို နောက်နေတာ မဟုတ်ဘူးနော်…”
အခန်း (၁၇၀၉) - ဒီနေရာမှာ ဘာလာလုပ်နေကြတာလဲ
~"ငါတို့က ဘယ်လိုပဲဖြစ်ဖြစ် ဘဝပျက်နေတဲ့ကောင်တွေ... ငါတို့ရဲ့ အချိန်တွေက သိပ်ပြီး တန်ဖိုးရှိတာ မဟုတ်ဘူး... မင်းတို့လို သူဌေးတွေနဲ့ ယှဉ်လို့ရပါ့မလား"
"တကယ်လို့ မင်းက ငါတို့နဲ့အပြိုင် မိုက်ချင်တယ်ဆိုရင်တော့... ဒေါ်လာ ၁၃၀,၀၀၀ လျော်ကြေးပေးရုံနဲ့ ပြီးသွားမယ့်ကိစ္စ မဟုတ်တော့ဘူးနော်... အခြေအနေတွေ ရှုပ်ထွေးကုန်ပြီး မင်းပဲ အရှက်တကွဲ ဖြစ်ရလိမ့်မယ်..."
ဖုန်းကို ဝင်လုသော လူမိုက်၏ မျက်နှာပေါ်တွင် လှောင်ပြောင်လိုသော အမူအရာများ ယှက်သန်းနေ၏။
ယဲ့ဖန်သည် သူ့ဖုန်းကို အလုခံလိုက်မည် မဟုတ်ပေ။
သူသည် လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်ပြီး တစ်ဖက်လူ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်၏။ တစ်ချိန်တည်းမှာပင် သူ၏ ခွန်အားကို ပါးနပ်စွာ အသုံးပြုလိုက်သည်။
အရပ်ရှည်ရှည် ထွားကျိုင်းသော ထိုလူမိုက်သည် ရုတ်တရက် ခြေမခိုင်တော့သကဲ့သို့ ယိုင်နဲ့သွားပြီး ရှေ့သို့ ဟန်ချက်ပျက်ကာ လဲကျသွားလေတော့၏။ နောက်ဆုံး၌ သူ၏ မျက်နှာနှင့် ကြမ်းပြင် မိတ်ဆက်သွားရရှာ၏။
"တောက်... ခွေးကောင်"
ထိုလူသည် ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး ညည်းညူလိုက်ရင်း၊ ဒေါသတကြီး ဆဲရေးတိုင်းထွာလိုက်သည်။
"မင်းက အနုနည်းနဲ့ ပြောလို့မရဘဲ အကြမ်းနည်းကိုမှ လိုချင်တယ်ပေါ့လေ"
"ဟေ့ကောင်တွေ... ကြည့်မနေကြနဲ့တော့... ဒီကောင့်ကို အရင်ဆုံး သင်ခန်းစာ ပေးလိုက်ကြစို့"
"ဒါမှမဟုတ်ရင် ငါတို့က ပါးစပ်ပဲ ပါတယ်လို့ သူ ထင်နေလိမ့်မယ်"
သူ၏ အပေါင်းအပါများသည် ထိုစကားကို ကြားလိုက်ရသောအခါ၊ ယဲ့ဖန်ကို ရန်လိုသော မျက်လုံးများဖြင့် ဝိုင်းကြည့်လိုက်ကြပြီး လက်သီးလက်မောင်း တန်းလိုက်ကြလေတော့၏။
ယဲ့ဖန်သည် ထိုအခြေအနေကို မြင်လိုက်ရသဖြင့် ရဲခေါ်ရန် ပြင်လိုက်သလို၊ တစ်ဖက်တွင်လည်း ဤလူမိုက်များကို ကိုယ်တိုင်ကိုယ်ကျ သင်ခန်းစာ ပေးလိုက်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာမိ၏။
မထင်မှတ်ထားစွာပင်၊ ထိုကဲ့သို့ တင်းမာနေသော အခိုက်အတန့်၌... ကြည်လင်ပြတ်သားပြီး စူးရှသော အမျိုးသမီးတစ်ဦး၏ အသံသည် အဝတ်အစားဆိုင်၏ တံခါးပေါက်ဝဆီမှ ထွက်ပေါ်လာလေတော့၏။
"ရပ်လိုက်ကြစမ်း"
"နင်တို့က ဘယ်သူတွေလဲ... ဒီနေရာမှာ ဘာလာလုပ်နေကြတာလဲ"
အသံလာရာဘက်သို့ လှမ်းကြည့်လိုက်သောအခါ မီလီ ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ သူမသည် သူမနှင့် ရုပ်ချင်း အနည်းငယ် ဆင်တူသော အလှပဂေးတစ်ဦးနှင့်အတူ ဝင်ရောက်လာခြင်း ဖြစ်သည်။
ထိုအလှပဂေးသည် စီးပွားရေး လုပ်ငန်းသုံး ဝတ်စုံကို သေသပ်စွာ ဝတ်ဆင်ထားပြီး၊ သူမ၏ ခန္ဓာကိုယ်မှ အထက်တန်းစား ခေါင်းဆောင်တစ်ဦး၏ အရှိန်အဝါများ သင်းပျံ့နေသည်။ သူမ၏ ရင်ဘတ်ပေါ်တွင် တံဆိပ်တစ်ခုကိုလည်း တပ်ဆင်ထား၏။
ဟာရိုးလ် အိုင်ရင်း (Harold Irene)၊ ဟာရိုးလ် ဈေးဝယ်စင်တာ၏ အမှုဆောင် အရာရှိချုပ် (CEO)။
သူမတို့ နှစ်ဦး၏ နောက်တွင် လက်ထောက်များနှင့် နောက်လိုက်များဟု ယူဆရသော အမျိုးသား၊ အမျိုးသမီး အချို့လည်း ပါလာကြသည်။
ဆိုင်ထဲသို့ ဝင်လာချိန်တွင် မီလီ၏ မျက်နှာထားမှာ အလွန်ပင် အရုပ်ဆိုး အကျည်းတန်နေပြီး၊ ဟာရိုးလ် အိုင်ရင်း၏ မျက်နှာမှာလည်း တိမ်မည်းများ ဖုံးလွှမ်းနေသကဲ့သို့ အုံ့မှိုင်းနေ၏။
သူမသည် ဆိုင်အတွင်းကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး မေးမြန်းလိုက်သည်။
"ဒီဆိုင်ရဲ့ တာဝန်ခံက မန်နေဂျာ မာနင်း (Ma Ning) ဆိုတာ ကျွန်မ မှတ်မိပါတယ်"
"သူ ဘယ်ရောက်နေသလဲ"
ယဲ့ဖန်ကို ဝိုင်းဝန်းတိုက်ခိုက်ရန် ပြင်ဆင်နေကြသော အမျိုးသား၊ အမျိုးသမီး လူစုသည် သူတို့အဖွဲ့၏ အဓိက ခေါင်းဆောင်ဖြစ်သော လုပ်ငန်းခွင်ဝတ်စုံနှင့် အမျိုးသမီး ဂရိတ်ဒီ (Grady) ဘက်သို့ ချက်ချင်း လှည့်ကြည့်လိုက်ကြသည်။
ဂရိတ်ဒီသည် ဟာရိုးလ် အိုင်ရင်း၏ ရင်ဘတ်ပေါ်မှ တံဆိပ်ကို မြင်လိုက်ရပုံ ရ၏။ သူမ၏ မောက်မာသော မျက်နှာထားသည် ချက်ချင်းပင် နှိမ့်ချသော ပုံစံသို့ ပြောင်းလဲသွားရှာသည်။
"မန်နေဂျာ မာနင်းက ကိစ္စလေး ရှိလို့ အပြင်ခဏ ထွက်သွားပါတယ်ရှင်"
"ဒါဆို ရှင်က ဘယ်သူလဲ"
ဟာရိုးလ် အိုင်ရင်း၏ မျက်ဝန်းများမှာ အေးစက်နေ၏။
"အရင်က ရှင့်ကို ဒီဆိုင်မှာ တစ်ခါမှ မမြင်ဖူးပါဘူး"
"အာ... ဟို..."
ဂရိတ်ဒီသည် တစ်ခဏမျှ တွေဝေသွားပြီးမှ၊ အနေခက်စွာဖြင့် ပြန်လည် ဖြေကြားလိုက်သည်။
"ကျွန်မတို့က ယူကျု (YouTube) က အဖွဲ့တစ်ဖွဲ့ပါ... ကျွန်မက ဒီအဖွဲ့ရဲ့ မန်နေဂျာပါ"
"ဒီရက်ပိုင်းတွေမှာ ကျွန်မတို့က အဝတ်အစားဆိုင်ထဲကို ရောက်လာတဲ့ ဧည့်သည်တချို့ကို ကျပန်းရွေးပြီး နောက်ပြောင်တဲ့ (Prank) အစီအစဉ်လေး ရိုက်ကူးနေတာပါ... ကျွန်မတို့ အထူးစီစဉ်ထားတဲ့ အဝတ်အစားတွေကို သူတို့ ဝတ်ကြည့်ပြီးရင် ဘယ်လို တုံ့ပြန်မလဲ ဆိုတာကို ရိုက်ကူးတာပါ"
"ဒီနေ့ မန်နေဂျာ မာနင်းရဲ့ ဆိုင်ကို ခဏ ငှားပြီး ဒီနေရာမှာ ယာယီ စတူဒီယို သဘောမျိုး ဆင်ထားတာပါ... လာဝယ်တဲ့ ဧည့်သည်တချို့ကို နောက်ပြောင်ဖို့ စီစဉ်ထားတာပါ..."
ဟာရိုးလ် အိုင်ရင်း၏ မျက်နှာထားမှာ ပြောင်းလဲခြင်း မရှိပေ။
"မန်နေဂျာ မာနင်းရဲ့ ဆိုင်ကို ခဏ ငှားတယ် ဟုတ်လား"
"မန်နေဂျာ မာနင်းကရော သဘောတူထားရဲ့လား"
"ဟာရိုးလ် ဈေးဝယ်စင်တာရဲ့ ဂုဏ်သိက္ခာနဲ့ ဧည့်သည်တွေရဲ့ ဈေးဝယ်တဲ့ အတွေ့အကြုံကို ထိခိုက်စေနိုင်မယ့် ကိစ္စမျိုးကို... သူက ဘာလို့ ကျွန်မကို အသိမပေးရတာလဲ"
"အာ..."
ဂရိတ်ဒီသည် ဗလုံးဗထွေး ဖြစ်သွားပြီး၊ မလုံမလဲဖြင့် ဖြေရှင်းချက် ထုတ်လိုက်၏။
"ဟို... သူ မေ့သွားတာ ဖြစ်ပါလိမ့်မယ်"
"မေ့သွားတယ် ဟုတ်လား"
ဟာရိုးလ် အိုင်ရင်းသည် သူမ၏ နောက်ဘက်ရှိ အမျိုးသမီးတစ်ဦးကို လှမ်းကြည့်လိုက်သည်။
"မန်နေဂျာ မာနင်းကို အခုချက်ချင်း ဖုန်းဆက်လိုက်... အခုချက်ချင်း ပြန်လာပြီး ဘာတွေ ဖြစ်နေသလဲ ဆိုတာ ကျွန်မကို ရှင်းပြခိုင်းလိုက်"
"ဟာရိုးလ် စင်တာထဲက ဧည့်သည်တွေကို လှောင်ပြောင်သရော်ဖို့အတွက် တခြား ဗီဒီယို ရိုက်ကူးရေး အဖွဲ့တွေနဲ့ ပူးပေါင်းတဲ့ ကိစ္စကို ဘာလို့ ကျွန်မတို့ကို တင်ပြခြင်း မရှိရတာလဲ... ဧည့်သည်တွေရဲ့ စိတ်ကျေနပ်မှုနဲ့ ဟာရိုးလ်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမယ့် ကိစ္စမျိုးကို သူ လုပ်ရဲတယ်ပေါ့"
"တကယ်လို့ သူသာ ရှင်းလင်းပြတ်သားတဲ့ အဖြေ မပေးနိုင်ရင်၊ ၂၄ နာရီအတွင်း ဒီဆိုင်ခန်းကို ပိတ်သိမ်းပစ်လိုက်မယ်... ပြီးရင် သူတို့ရဲ့ အမှတ်တံဆိပ် (Brand) ကို ဘယ်တော့မှ လက်ခံတော့မှာ မဟုတ်ဘူး"
ထိုအမျိုးသမီးသည် အမိန့်ကို ကြားသည်နှင့် ဖုန်းခေါ်ရန် ပြင်လိုက်၏။
ဂရိတ်ဒီသည် ထိုစကားကို ကြားလိုက်ရသောအခါ အလွန်အမင်း ထိတ်လန့်သွားရှာသည်။ သူမသည် ဖုန်းခေါ်ရန် ပြင်နေသော အမျိုးသမီးကို အမြန် တားဆီးလိုက်လေတော့၏။
"ဖုန်းမခေါ်ပါနဲ့... ကျေးဇူးပြုပြီး သူ့ကို ဖုန်းမဆက်လိုက်ပါနဲ့ရှင်"
"ကျွန်မ အမှန်အတိုင်း ပြောပါ့မယ်"
"ဒီကိစ္စကို မန်နေဂျာ မာနင်း လုံးဝ မသိပါဘူး... ကျွန်မတို့ ခိုးပြီး လုပ်ကြတာပါ"
"အို... ဟုတ်လား"
ဟာရိုးလ် အိုင်ရင်းသည် သူမကို အေးစက်စွာ စိုက်ကြည့်လိုက်၏။
"ခိုးလုပ်ကြတာပေါ့"
"ဟုတ်... ဟုတ်ပါတယ်"
ဂရိတ်ဒီ၏ မျက်နှာမှာ ရှက်ရွံ့မှုကြောင့် နီမြန်းနေသည်။
"ကျွန်မတို့ အဖွဲ့ထဲက တချို့က မန်နေဂျာ မာနင်း ဆိုင်မှာ မရှိနေအောင် တမင်တကာ ပြဿနာတချို့ ဖန်တီးပြီး သူ့ကို အပြင်ထွက်သွားအောင် မျှားခေါ်လိုက်ကြတာပါ"
"ပြီးတော့မှ သူ မရှိတဲ့အချိန်ကို အခွင့်ကောင်းယူပြီး ဒီနေရာမှာ အမြန် နေရာယူလိုက်ကြတာပါ... ဝင်လာတဲ့ ဧည့်သည်တွေကို နောက်ပြောင်ပြီး ဗီဒီယို ရိုက်ဖို့ စီစဉ်ခဲ့ကြတာပါ"
"ဗီဒီယိုဖိုင် လုံလောက်ပြီ ဆိုတာနဲ့... ဘယ်သူမှ မသိအောင် အကုန် ပြန်ဖြုတ်သိမ်းပြီး မန်နေဂျာ မာနင်းကို ပြန်လာခိုင်းဖို့ စီစဉ်ထားတာပါ..."
"ဒီမတိုင်ခင်ကရော ဧည့်သည် ဘယ်နှယောက်ကို နောက်ပြောင်ပြီးပြီလဲ"
ဟာရိုးလ် အိုင်ရင်း၏ မျက်နှာထားမှာ မည်းမှောင်သွားလေတော့၏။
သူမ၏ နောက်ဘက်ရှိ လက်ထောက်များနှင့် ဝန်ထမ်းများသည် မှတ်စုစာအုပ်များ ထုတ်၍ မှတ်တမ်းတင်နေကြပြီ ဖြစ်သည်။
အချို့က ဟာရိုးလ် စင်တာ၏ လုံခြုံရေး ဝန်ထမ်းများ၊ ရဲအရာရှိများနှင့် ရှေ့နေများကို ဖုန်းဆက် ခေါ်ဆိုနေကြလေပြီ။
ဂရိတ်ဒီ၏ နဖူးပြင်ပေါ်တွင် ချွေးစေးများ စီးကျလာပြီး၊ သူမ၏ အသံမှာ သိသိသာသာ တုန်ရီနေလေတော့၏။
"တစ်... တစ်ယောက်တည်းပါ... ဧည့်သည် တစ်ယောက်တည်းကိုပဲ လိမ်လို့ ရပါသေးတယ်"
"ဒီ... ဒီလူကြီးမင်းက ဒုတိယမြောက်ပါ... ပြီးတော့ မအောင်မြင်လိုက်ပါဘူး"
"ပထမ ဧည့်သည်ကို နောက်ပြောင်ထားတဲ့ ဗီဒီယိုဖိုင် ဘယ်မှာလဲ"
ဟာရိုးလ် အိုင်ရင်း လက်ဖြန့်တောင်းလိုက်၏။
"အဲ့ဒါက... ကျွန်မတို့ အဖွဲ့ထဲက တခြားလူတွေဆီမှာပါ"
ဂရိတ်ဒီ၏ မျက်နှာထားမှာ ကြည့်၍မကောင်းအောင် ပျက်ယွင်းနေသည်။ သူမသည် ဖုန်းကို အမြန်ထုတ်ပြီး စာပို့လိုက်၏။
"ကျွန်မ အဲ့ဒါကို ကိုင်တွယ်ဖို့ အချိန်မရလိုက်ပါဘူး"
"အခုပဲ သူတို့ကို ယူလာခိုင်းလိုက်ပါ့မယ်"
ဟာရိုးလ် အိုင်ရင်းသည် စကားအများကြီး မပြောတော့ပေ။
သို့သော် ရွှေရောင်မုတ်ဆိတ်မွေးနှင့် တက်တူးများ ထိုးထားသော အမျိုးသားသည် ကွန်ပျူတာတစ်လုံးကို ပိုက်လျက် တစ်ဖက်အဆောက်အဦးမှ ကူးလာသည်ကို မြင်လိုက်ရပြီး... ဗီဒီယိုဖိုင်များကို စစ်ဆေးကြည့်ရှုပြီးနောက်၊ သူမသည် လက်အောက်ငယ်သား တစ်ယောက်ကို အမိန့်ပေးလိုက်၏။
"ဒီဗီဒီယိုဖိုင်တွေ အားလုံးကို မိတ္တူကူးထားလိုက်"
"သက်သေခံပစ္စည်း ဖြစ်တဲ့ ကွန်ပျူတာကိုလည်း သိမ်းဆည်းထား"
"ပြီးရင် အဲ့ဒီ ပထမဧည့်သည်ရဲ့ အချက်အလက်ကို အမြန်ဆုံး စုံစမ်းပြီး... ဟာရိုးလ် စင်တာ ကိုယ်စား တောင်းပန်လွှာ ပို့လိုက်ပါ"
ဝန်ထမ်းဖြစ်သူသည် ချက်ချင်းပင် ညွှန်ကြားချက်အတိုင်း ဆောင်ရွက်လေတော့၏။
ထိုအချိန်တွင် ဟာရိုးလ် အိုင်ရင်းသည် ဂရိတ်ဒီနှင့် ယဲ့ဖန်ကို ဝိုင်းထားသော လူအုပ်ကြီးကို ကြည့်လိုက်၏။
"ကျန်တဲ့ ကိစ္စတွေကိုတော့ ရှေ့နေတွေ၊ ရဲတွေနဲ့ ဟာရိုးလ် လုံခြုံရေး ဝန်ထမ်းတွေ ရောက်လာမှ ဆက်ပြောကြတာပေါ့"
"အခုတော့... ရှင်တို့ လုပ်နေတဲ့ ကိစ္စကို ဆက်ပြောကြစို့"
"ရှင်တို့တွေက ဟာရိုးလ် စင်တာရဲ့ ဧည့်သည်တစ်ယောက်ကို ဝိုင်းထားပြီး ခြိမ်းခြောက်နေတဲ့ ပုံစံ ပေါက်နေတယ်နော်... ဘာလုပ်ဖို့ ကြံစည်နေကြတာလဲ"
ဂရိတ်ဒီခမျာ ချွေးများ ရွှဲနစ်နေရုံသာမက၊ ခြေထောက်များပါ ထိန်းမနိုင်သိမ်းမရ တုန်ရီနေရှာသည်။ သူမသည် ပါးစပ်ကို ဟလိုက် ပိတ်လိုက်ဖြင့် တစ်စုံတစ်ခု ပြောရန် ကြိုးစားနေသော်လည်း၊ နောက်ဆုံးတွင် မည်သည့် စကားသံမျှ ထွက်ပေါ်မလာတော့ချေ။