← Chapters

အခန်း (၁၇၁၀-၁၇၁၂)

Vol. 90 Ch. 1710-1712

အခန်း (၁၇၁၀-၁၇၁၂)

Vol. 90 Ch. 1710-1712

အခန်း (၁၇၁၀) - မင်း ဦးနှောက်ထဲမှာ ရောဂါဆိုး ရှိနေတာပဲ

~မီလီသည် ထိုအခြေအနေကို မြင်လိုက်ရသောအခါ ချက်ချင်းပင် ယဲ့ဖန်၏ ဘေးနားသို့ တိုးကပ်လာပြီး တိုးတိုးလေး မေးလိုက်၏။

"ဦး... ဘာဖြစ်တာလဲဟင်"

"ဘာလို့ ဒီလူတွေက ဦးကို ဝိုင်းရိုက်ချင်နေတဲ့ ပုံစံ ပေါက်နေတာလဲ"

ယဲ့ဖန်သည် ဂရိတ်ဒီနှင့် ကျန်လူများကို တစ်ချက် ဝေ့ကြည့်လိုက်သည်။

"သူတို့ကို ကိုယ်တိုင် ဖြေရှင်းခိုင်းလိုက်လေ"

"ဟာရိုးလ်ရဲ့ စီမံခန့်ခွဲရေးရုံး ရှေ့မှာ သူတို့ ဘယ်လို စကားမျိုးတွေ ပြောထွက်မလဲ ဆိုတာ ကျွန်တော် သိချင်နေပြီ"

မီလီသည် ချက်ချင်းပင် ဂရိတ်ဒီကို လှမ်းကြည့်လိုက်၏။

"အာ... ဟို... ကျွန်မနဲ့ ဒီလူကြီးမင်းကြားမှာ ပဋိပက္ခ အနည်းငယ် ဖြစ်သွားလို့ပါ"

ဂရိတ်ဒီသည် စကားထစ်နေသည်။

"ပြီးတော့ ကျွန်မတို့ အဖွဲ့သားတွေက နည်းနည်း စိတ်လိုက်မာန်ပါ ဖြစ်သွားကြတာပါ..."

"နည်းနည်း စိတ်လိုက်မာန်ပါ ဖြစ်သွားတယ် ဟုတ်လား"

မီလီသည် သူမ၏ စကားကို လုံးဝ မယုံကြည်ပေ။

"ခုနက ကျွန်မ အမေနဲ့အတူ ဝင်လာတုန်းက... 'ရှင်က အနုနည်းနဲ့ ပြောလို့မရဘဲ အကြမ်းနည်းကိုမှ လိုချင်တယ်' ဆိုပြီး သူ့ကို လျော်ကြေးပေးခိုင်းမယ်လို့ ပြောနေတာ ကြားလိုက်ပါတယ်... အဲ့ဒါကို နည်းနည်း စိတ်လိုက်မာန်ပါ ဖြစ်သွားတယ်လို့ ခေါ်တာလား"

"အဲ့ဒါက ကျွန်မတို့ အမှား မဟုတ်ပါဘူး"

ဂရိတ်ဒီသည် ဦးနှောက်ထဲတွင် ရောဂါဆိုး တစ်ခုခု ရှိနေသကဲ့သို့ ရုတ်တရက် ပြောင်းလဲသွားပြီး၊ တရားမျှတဟန်ဆောင်ကာ ပြောဆိုလိုက်ပြန်သည်။

"အဲ့ဒါ အားလုံးက ဒီလူကြီးမင်းရဲ့ အမှားပါ"

"ကျွန်မတို့ အဖွဲ့က ပိုက်ဆံတွေ စုဆောင်းပြီး၊ ခရက်ဒစ်ကတ်တွေ အကုန်သုံးကာမှ ဒီ စစ်ဘက်သုံး အဆင့်မြင့် ကင်မရာလေးကို ဝယ်နိုင်ခဲ့တာပါ... သုံးလို့တောင် တစ်လပဲ ရှိပါသေးတယ်... အဲ့ဒါကို သူက ဖျက်ဆီးပစ်လိုက်တယ်လေ"

"ဒါကြောင့် ကျွန်မတို့က သူ့ကို လျော်ကြေး တောင်းရတာပါ"

"ဒါပေမဲ့ သူက မပေးချင်ဘူး ဖြစ်နေတယ်"

"အဲ့ဒီတော့ ကျွန်မတို့ လူတွေ ဒေါသထွက်တာ ဆန်းသလား..."

"နေပါဦး"

မီလီသည် သူမ၏ စကားကို အမြန် ဖြတ်ပြောလိုက်၏။

"ကျွန်မ အရင်ဆုံး မေးစရာရှိတဲ့ အသေးစိတ် အချက်အလက်တချို့ ရှိနေတယ်"

"ဦး... အဲ... ကျွန်မဘေးက ယဲ့လူကြီးမင်းက ရှင်တို့ရဲ့ ရိုက်ကူးရေး ပစ္စည်းတွေကို ဘယ်အချိန်တုန်းက ဖျက်ဆီးလိုက်တာလဲ"

"ပြီးတော့ ဘာကြောင့် ဖျက်ဆီးလိုက်တာလဲ"

"ခုနလေးတင်ပါ"

ဂရိတ်ဒီသည် တုံ့ဆိုင်းခြင်းမရှိဘဲ မခံချင်စိတ်ဖြင့် ပြန်ပြောလိုက်သည်။

"သူ အဝတ်လဲခန်းထဲ ဝင်သွားပြီးတော့... ဘယ်လိုလုပ်မှန်း မသိဘဲ ဒီ လျှို့ဝှက်ကင်မရာကို တွေ့သွားတယ်"

"ပြီးတော့ သူက အဲ့ဒါကို အတင်း ဆွဲဖြုတ်ပစ်လိုက်တာ"

"ကျွန်မတို့ သွားစစ်ကြည့်တော့ ကင်မရာမှန်ဘီလူး ပျက်စီးနေပြီ..."

"..."

မီလီသည် ပြောစရာစကား ပျောက်ရှသွားလေတော့၏။

သူမသည် ဂရိတ်ဒီကို တစ်ခဏမျှ စိုက်ကြည့်ပြီးနောက် မေးလိုက်၏။

"ဒါဆိုရင် ရှင့်အမြင်အရ... အဝတ်အစားဆိုင်ထဲမှာ လျှို့ဝှက်ကင်မရာတွေ တပ်ဆင်ပြီး ဧည့်သည်တွေရဲ့ လျှို့ဝှက်ချက်တွေကို ခိုးရိုက်တာက ကျိုးကြောင်းဆီလျော်တဲ့ လုပ်ရပ်လို့ ပြောချင်တာလား"

"ကျွန်မတို့ မမှန်ဘူးဆိုတာ သိပါတယ်... ဒါပေမဲ့ အဲ့ဒါကို ခဏဖယ်ထားရင်တောင်မှ၊ သူ့ဘက်ကလည်း မှားတာပဲ မဟုတ်ဘူးလား"

ဂရိတ်ဒီသည် တကယ့်ကို ရောဂါဆိုး ရနေပုံရသည်။ သူမသည် ဂန္တဝင်မြောက် လမ်းကြောင်းလွှဲ နည်းလမ်းကိုပင် ထုတ်သုံးလိုက်သေး၏။

"ဒီပစ္စည်းကို တွေ့လိုက်ရလို့ သူ စိတ်မကြည်ဘူး ဆိုရင်တောင်မှ... သူ့ရဲ့ ဒေါသကို ယဉ်ယဉ်ကျေးကျေး ထုတ်ဖော်ပြသလို့ ရသားပဲ"

"ဒီလောက်ထိ ရက်စက်စရာ မလိုပါဘူး... ကျွန်မတို့ ပိုက်ဆံအများကြီး ပေးဝယ်ထားရတဲ့ ကင်မရာကို သူက ဆွဲဖြုတ်ပြီး ဖျက်ဆီးပစ်လိုက်တာလေ..."

"ရှင်တို့ လုပ်နေတဲ့ အလုပ်က တရားမဝင်ဘူး ဆိုတာရော သိရဲ့လား"

မီလီသည် သူမ၏ စကားကို တစ်ခွန်းတည်းဖြင့် အဆုံးသတ်ပေးလိုက်လေတော့၏။

"အင်ပါယာရဲ့ တည်ဆဲဥပဒေအရ... ကာယကံရှင်ရဲ့ သဘောတူညီချက် မပါဘဲ အဝတ်လဲခန်းလို သီးသန့်နေရာတွေမှာ တစ်ဖက်သားရဲ့ လျှို့ဝှက်ချက်တွေကို ချိုးဖောက်တာဟာ... ပုဂ္ဂိုလ်ရေး လျှို့ဝှက်ချက် ချိုးဖောက်မှုနဲ့ ပြည်သူ့အကျိုးစီးပွားကို ထိခိုက်စေမှု ရာဇဝတ်မှု မြောက်တယ်"

"ပြီးတော့ ခုနက ရှင်တို့က ယဲ့လူကြီးမင်းကို အကြမ်းဖက်ဖို့ ကြိုးစားခဲ့သေးတယ်... အဲ့ဒါပါ ထပ်ပေါင်းလိုက်ရင် အကြမ်းဖက်မှု ပုဒ်မပါ ထပ်တိုးသွားလိမ့်မယ်"

"ဒီလို အခြေအနေမျိုးမှာတောင်မှ... ရှင်တို့က ယဲ့လူကြီးမင်းကို ပြန်ကိုက်ပြီး လျော်ကြေးတောင်းရဲတဲ့ သတ္တိ ဘယ်က ရလာတာလဲ"

ဂရိတ်ဒီသည် လုံးဝ စကားပြန်မပြောနိုင်တော့ချေ။

မီလီကမူ ဆက်လက် ပြောဆိုနေ၏။

"ပြီးတော့ ခုနက ကျွန်မ အမေ ပြောသွားသလိုပဲ... ရှင်တို့ရဲ့ လုပ်ရပ်တွေက ဟာရိုးလ် စင်တာရဲ့ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်စေတယ်"

"ဟာရိုးလ်ရဲ့ ရှေ့နေတွေက ရှင်တို့ကို တရားဝင် တရားစွဲလိုက်ရင်... ရှင်တို့ ဘယ်လို တန်ကြေးတွေ ပေးဆပ်ရမလဲ၊ ဘယ်လို တာဝန်တွေ ယူရမလဲ ဆိုတာ တွေးဖူးရဲ့လား"

ဂရိတ်ဒီ၏ နဖူးပေါ်တွင် ချွေးစေးများ ထပ်မံ စီးကျလာပြန်သည်။

သူတို့သည် အသုံးမကျသူများ ဖြစ်သော်လည်း၊ အရူးများတော့ မဟုတ်ကြပေ။

သာမန်လူများ၏ ရှေ့တွင် ရက်စက်ဟန်ဆောင်၍ ရကောင်း ရနိုင်သော်လည်း...

ဟာရိုးလ် ကဲ့သို့သော ဘီလူးကြီးတစ်ကောင်နှင့် ရင်ဆိုင်ရချိန်တွင်မူ၊ သူတို့သည် ခုခံနိုင်စွမ်း အနည်းငယ်မျှပင် ရှိလိမ့်မည် မဟုတ်ချေ။

အဘယ်ကြောင့်ဆိုသော် သူတို့သည် အလင်းထဲတွင် ရှိနေသည်ဖြစ်စေ၊ အမှောင်ထဲတွင် ရှိနေသည်ဖြစ်စေ... ဟာရိုးလ်တွင် သူတို့ကို တိတ်တဆိတ် သတ်ဖြတ်ပစ်နိုင်မည့် နည်းလမ်းပေါင်း တစ်ရာမက ရှိနေသောကြောင့်ပင်။

တကယ်လို့ သူတို့သာ အခြေအနေကို သဘောမပေါက်ဘဲ ဆက်မိုက်မဲနေမယ်ဆိုရင်... မနက်ဖြန် မိုးလင်းတဲ့အထိတောင် စောင့်စရာလိုမည် မဟုတ်ပေ။ ဒီနေ့ညမှာတင် သိမ်းမြစ် (Thames River) အောက်တွင် အမည်မသိ အလောင်းကောင်အချို့ ထပ်တိုးလာပေလိမ့်မည်။

"လူကြီးမင်း... ကျွန်မ တကယ် တောင်းပန်ပါတယ်"

ဂရိတ်ဒီသည် အခြေအနေကို သဘောပေါက်သွားပြီးနောက်၊ ယဲ့ဖန်ကို အလေးအနက် ဦးညွှတ်လိုက်လေတော့၏။

"ကျွန်မတို့ ခုနက လောဘစိတ်တွေ ဖုံးလွှမ်းသွားလို့ပါ"

"အစကနေ အဆုံးထိ ကျွန်မတို့ အမှားပါ"

"ရှင့်ကို မရိုက်ကူးခဲ့သင့်ပါဘူး... ပြီးတော့ ခိုးရိုက်တာကို ရှင် မိသွားပြီးတဲ့နောက်မှာလည်း ရှင့်ကို အပြစ်မတင်သင့်ပါဘူး"

သူမ၏ အဖွဲ့သားအချို့သည် ထိုအခြေအနေကို မြင်လိုက်ရသောအခါ မကျေမနပ် ဖြစ်နေပုံရသည်။ သူတို့သည်လည်း ပြီးပြီးရော ပုံစံဖြင့် "တောင်းပန်ပါတယ်" ဟုသာ ပြောလိုက်ကြ၏။

"ဘာလဲ... မင်းတို့က မကျေနပ်သေးဘူးပေါ့"

ယဲ့ဖန် သူတို့ကို တစ်ချက် စောင်းကြည့်လိုက်သည်။

ထိုလူများသည် ဘာမှ ပြန်မပြောကြတော့ချေ။

ဂရိတ်ဒီသည် ဒေါသတကြီး ခုန်ထလိုက်ပြီး သူတို့ တစ်ယောက်ချင်းစီကို ပါးရိုက်ပစ်လိုက်လေတော့၏။

"ငတုံးတွေ"

သူမသည် အံကြိတ်၍ မာန်မဲလိုက်၏။

"အခြေအနေကို မင်းတို့ မမြင်ကြဘူးလား"

"ဟာရိုးလ်ရဲ့ CEO ကိုယ်တိုင်က ငါတို့ရှေ့က လူငယ်လေးကြောင့် ဒီနေရာကို ရောက်လာတာလေ"

"ဘာလို့ မင်းတို့က တောင်းပန်စကား မပြောကြတာလဲ... ဟာရိုးလ်ရဲ့ လူကြီးတွေက ငါတို့ကို မှတ်မိသွားအောင် စောင့်နေကြတာလား"

ထိုအခါမှသာ ထိုလူများသည် အခြေအနေမှန်ကို သဘောပေါက်သွားကြလေတော့၏။ မျက်နှာထားများ ပြောင်းလဲသွားပြီး၊ ညှိုးကျသွားကြ၏။

သူတို့အားလုံး ယဲ့ဖန်ကို အလေးအနက် ဦးညွှတ်လိုက်ကြပြီး၊ မျက်နှာထားများမှာလည်း ဖားယားသော ပုံစံများ ဖြစ်သွားကြသည်။

"ဟုတ်ပါတယ်"

"ကျွန်တော်တို့ ခုနက အမြင်မှားသွားကြတာပါ"

"ကျွန်တော်တို့ မန်နေဂျာ ပြောတာ မှန်ပါတယ်... ဒါက တကယ်ပဲ ကျွန်တော်တို့ အမှားပါ"

"တကယ်လို့ ကျွန်တော်တို့ကြောင့် လူကြီးမင်းမှာ ဆုံးရှုံးမှု တစ်စုံတစ်ရာ ရှိခဲ့တယ်... ဒုက္ခရောက်ခဲ့တယ် ဆိုရင်၊ ကျွန်တော်တို့ တာဝန်အပြည့်ယူပြီး အကောင်းဆုံး ပြန်လည် ကုစားပေးပါ့မယ်"

ယဲ့ဖန်သည် အစကတည်းက မည်သည့် ဆုံးရှုံးမှုမှ မရှိခဲ့ပေ။

သူတို့အားလုံး အရှုံးပေးသွားကြသည်ကို မြင်လိုက်ရသောအခါ၊ အချိန်ထပ်မဖြုန်းချင်တော့ချေ။

"ကျွန်တော့်အချိန်တချို့ ပုပ်သွားတာပဲ ရှိပါတယ်"

"ခင်ဗျားတို့ ဆုံးရှုံးမှုတွေ၊ လျော်ကြေးတွေအကြောင်း ပြောချင်ရင်... ဟာရိုးလ်ရဲ့ လူကြီးတွေနဲ့ သွားပြောကြပါ"

"ခင်ဗျားတို့က ဒီက ဧည့်သည်တွေကို ဒုက္ခပေးပြီး ဟာရိုးလ်ရဲ့ နာမည်ကို ထိခိုက်စေတာလေ... သူတို့ကို ဘယ်လို ပြန်လျော်ကြေးပေးရမလဲ ဆိုတာ ခင်ဗျားတို့ စဉ်းစားသင့်တဲ့ ကိစ္စပဲ"

ပြောပြောဆိုဆိုပင် ယဲ့ဖန်သည် ယင်ကောင်များကို မောင်းထုတ်သကဲ့သို့ လက်ကို ဝှေ့ယမ်းပြလိုက်ပြီး၊ ဆိုင်ထဲရှိ ဝတ်စုံများကို ဆက်လက် ကြည့်ရှုလိုက်လေတော့၏။

ဈေးဝယ်ရသည့် အတွေ့အကြုံမှာ အနည်းငယ် ရှုပ်ထွေးသွားခဲ့သော်လည်း၊ မီလီ ညွှန်းပေးသော ဤအဝတ်အစားဆိုင်သည် အမှန်တကယ် ကောင်းမွန်သည်။

ယဲ့ဖန်သည် ပြသထားသော အသင့်ချုပ် ဝတ်စုံအချို့ကို သာမန်ကာလျှံကာ ကြည့်လိုက်ရုံဖြင့်၊ အသားနှင့် ဒီဇိုင်းမှာ အတော်လေး ကောင်းမွန်ကြောင်း သိသာလှပေသည်။

အရေးကြီးဆုံးမှာ ထိုဝတ်စုံများသည် သူ၏ စိတ်ကြိုက်နှင့် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်းပင်။

ထို့ကြောင့် ဟာရိုးလ် အိုင်ရင်း၏ လက်အောက်ငယ်သားများက ဂရိတ်ဒီနှင့် အဖွဲ့ကို ခေါ်ဆောင်သွားပြီးနောက်၊ သူသည် ဆိုင်ထဲရှိ စင်များကို ဆက်လက် လှည့်လည် ကြည့်ရှုနေလိုက်သည်။

မီလီသည်လည်း ဘေးမှ လိုက်ပါလာပြီး၊ ယဲ့ဖန်နှင့် ပြသထားသော ဝတ်စုံများကို မကြာခဏ အကဲခတ်ကြည့်ရှုနေသည်။ သို့သော် သူမသည် တစ်စုံတစ်ခုကို လေးလေးနက်နက် စဉ်းစားနေပုံရ၏။

ယဲ့ဖန်သည် ဝတ်စုံဆိုင်၏ အလယ်ဗဟိုသို့ လျှောက်သွားပြီး၊ သူ့ရှေ့ရှိ ဝတ်စုံတစ်စုံကို မြင်လိုက်ရသောအခါ မျက်လုံးများ အရောင်တောက်သွားလေတော့၏။

အခန်း (၁၇၁၁) - ကြည့်တော့ ယောကျာ်းပီသပြီး ချောမောခန့်ညားပေမယ့်... ပါးစပ်က ဘာလို့ ဒီလောက် အာတာလဲ

~"ဟေး... ဟေး... ဟေး... ဦး... ဒါလေး ကြည့်လိုက်ပါဦး"

မီလီသည် ယဲ့ဖန်ကို အမြန် တားဆီးလိုက်၏။

"ဒါလေးဆိုရင်ရော ဘယ်လိုနေမလဲ"

ယဲ့ဖန်သည် သူမ၏ အခေါ်အဝေါ်ကို ဂရုမစိုက်တော့ဘဲ၊ သူမကို သာမန်ကာလျှံကာ တစ်ချက်ကြည့်လိုက်ပြီးနောက်... သူမ ညွှန်ပြသော ဝတ်စုံဆီသို့ အကြည့်လွှဲလိုက်၏။

ပထမတစ်ချက် ကြည့်လိုက်သည်နှင့်ပင် ထိုဝတ်စုံသည် ယဲ့ဖန်၏ စိတ်ကြိုက်နှင့် ထပ်တူကျသွားသည်။

လူအုပ်ကြီးထဲတွင် မိမိ၏ အချစ်စစ်ကို ရုတ်တရက် ရှာတွေ့သွားသကဲ့သို့ ခံစားချက်မျိုးပင်။

"ဦးရဲ့ စရိုက်နဲ့ အရမ်း လိုက်ဖက်မယ်လို့ ကျွန်မ ခံစားမိတယ်"

မီလီသည် ပြောပြောဆိုဆိုပင် ထိုဝတ်စုံကို ဖြတ်ခနဲ ယူလိုက်၏။

"ခုနက ဦးရဲ့ အရပ်အမောင်းနဲ့ ခန္ဓာကိုယ် အချိုးအစားကို ကျွန်မ အကဲခတ်ပြီးပြီ... ဒီဒီဇိုင်းက ဦးနဲ့ ကွက်တိပဲ... ဝတ်ကြည့်လိုက်ပါလား"

"ဝတ်လိုက်ရင် ထွက်လာမယ့် ရလဒ်က အံ့သြစရာ ကောင်းနေလိမ့်မယ်လို့ ကျွန်မ အာမခံတယ်"

ယဲ့ဖန်လည်း ထိုအတိုင်း ခံစားမိသည်။ သို့သော် သူမလက်ထဲမှ ဝတ်စုံကို လှမ်းယူလိုက်ရင်း မေးလိုက်၏။

"မင်းက ဒီလိုကိစ္စတွေလည်း နားလည်တယ်ပေါ့"

"ကျွန်မ ပြောပြီးသားလေ... ဟာရိုးလ်ထဲမှာ ကြီးပြင်းလာတာပါလို့"

မီလီ၏ မျက်နှာပေါ်တွင် ဂုဏ်ယူသော အရိပ်အယောင်များ ပေါ်လာသည်။

"ငယ်ငယ်ကတည်းက ဒီဆိုင်ပိုင်ရှင်တွေရဲ့ လွှမ်းမိုးမှု ခံခဲ့ရတယ်လို့ ပြောလို့ရတာပေါ့... အဝတ်အစား ရွေးချယ်တဲ့ နေရာမှာတော့ ကျွန်မ မျက်လုံးက ဘယ်သူနဲ့မှ မတူအောင် စူးရှတယ်ရှင့်"

"ပြီးတော့ ခုနက လူမိုက်တွေကို ကျွန်မ ရွတ်ပြလိုက်တဲ့ ဥပဒေ ပုဒ်မတွေ ဆိုတာကလည်း... ဟာရိုးလ်ရဲ့ ရှေ့နေအဖွဲ့က အမှုအခင်း အမျိုးမျိုးကို ကိုင်တွယ်ဖြေရှင်းနေတာတွေကို ငယ်ငယ်ကတည်းက ကြည့်ပြီး မှတ်သားထားတာတွေလေ"

"ဒီလမ်းမကြီးရဲ့ မမကြီး ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ကျွန်မ တန်ပါတယ်နော်"

"ကောင်းပါပြီဗျာ.. ယုံပါပြီ"

ယဲ့ဖန် ပြုံးလိုက်၏။ သူ၏ ခေါင်းထဲတွင် "ကျွန်တော့်ဖခင် ရပ်ကွက်လူကြီး" ဟူသော ဂန္တဝင် စာစီစာကုံးလေး တစ်ပုဒ်ကို ရုတ်တရက် သတိရသွားမိသည်။

သူ့ရှေ့က လမ်းမကြီးတစ်ခုလုံးကို ပိုင်စိုးသော မမကြီး၏ အဆင့်အတန်း မြင့်မားနေခြင်းမှာ... သူမ၏ မိခင်က ဟာရိုးလ် စင်တာ၏ CEO ဖြစ်နေသောကြောင့် ဖြစ်ပေလိမ့်မည်။

သို့သော် ထိုအတွေးများက ခဏတာမျှသာ ဖြစ်၏။ သူသည် ပြုံးလိုက်ပြီး မီလီ ကမ်းပေးသော ဝတ်စုံကို ယူလိုက်သည်။

ဘာပဲဖြစ်ဖြစ်... သူမ ဘယ်လိုနည်းနဲ့ မမကြီး ဖြစ်လာတယ် ဆိုတာက သူ့ကိစ္စမှ မဟုတ်ဘဲလေ။

သူ သိထားရမှာက... ဒီမိန်းမလှလေးက မဆိုးဘူး၊ သူ့ရဲ့ လောကအမြင် (Worldview) က မရွဲ့စောင်းဘူး၊ ပြီးတော့ ကြည့်ရတာ မျက်စိပသာဒ ဖြစ်တယ်... ဒါဆိုရင် လုံလောက်ပြီ မဟုတ်လား။

ဝတ်စုံကို ယူပြီးနောက် ယဲ့ဖန်သည် အဝတ်လဲခန်းထဲသို့ ဝင်ကာ ဝတ်ကြည့်လိုက်၏။

အဝတ်မလဲမီ သူ၏ လုပ်ငန်းခွင် ကျွမ်းကျင်မှုအရ ပတ်ဝန်းကျင်ကို သေချာ စစ်ဆေးလိုက်သေးသည်။

အဝတ်လဲခန်းထဲတွင် မူမမှန်မှု တစ်စုံတစ်ရာ မရှိကြောင်း သေချာမှသာ၊ သူသည် အဝတ်အစားများကို ချွတ်ပြီး ဝတ်စုံသစ်ကို လဲလှယ်ဝတ်ဆင်လိုက်၏။

ဝတ်စုံသစ်ကို ဝတ်ဆင်လိုက်သည်နှင့် တစ်ပြိုင်နက်... သက်သောင့်သက်သာ ရှိမှုကိုသာ ယဲ့ဖန် ခံစားလိုက်ရသည်။

ချုပ်ရိုးချုပ်သားများမှာ ကွက်တိပင် ဖြစ်၏။ ပိုနေသည်ဟု မခံစားရသလို၊ ကျပ်နေသည်ဟုလည်း မခံစားရပေ။

အလွန် အံဝင်ခွင်ကျ ဖြစ်လှပေသည်။

ထို့အပြင် အရည်အသွေးမြင့် အထည်သားကို အသုံးပြုထားခြင်း ဖြစ်သည်။

ဝတ်ဆင်ထားရသည့် ခံစားမှုမှာ ပေါ့ပါးပြီး ချောမွေ့နေ၏။

အလွန် ဇိမ်ကျပေသည်။

ယဲ့ဖန် အလွန် ကျေနပ်သွား၏။

နောက်ဆုံး ကြယ်သီးကို တပ်ပြီးနောက်၊ သူသည် အဝတ်လဲခန်း တံခါးကို ဖွင့်လိုက်ပြီး ကိုယ်လုံးပေါ် မှန်ရှေ့တွင် ရပ်ကာ မိမိကိုယ်ကို ပြန်လည် ကြည့်ရှုလိုက်လေတော့၏။

မထင်မှတ်ထားစွာပင် ထိုအခိုက်အတန့်၌ အာမေဋိတ်သံ တစ်ခု ထွက်ပေါ်လာ၏။

"ဘုရားရေ"

"ဦး... အဝတ်လဲခန်းထဲမှာ ပလပ်စတစ်ဆာဂျရီ ဝင်လုပ်လိုက်တာလား... အရမ်း ချောသွားပါလား"

"နတ်သားလေးကျနေတာပဲ"

မီလီပင် ဖြစ်သည်။

သူမသည် မှင်သက်သွားပုံရ၏။ မျက်လုံးများ ပြူးကျယ်သွားရုံသာမက၊ ပါးစပ်ကိုပါ လက်ဖြင့် အုပ်ထားလိုက်သေးသည်။

"အဲ့ဒီလောက်တောင် ဖြစ်သွားပြီလား"

ယဲ့ဖန်သည် ဂရုမစိုက်သလိုပင် ကိုယ်လုံးပေါ်မှန်ရှေ့သို့ လျှောက်သွားလိုက်၏။

ထို့နောက် သူကိုယ်တိုင်ပင် အံ့အားသင့်သွားရသည်။

ဓားသွားကဲ့သို့ မျက်ခုံးများ၊ ကြယ်တာရာကဲ့သို့ မျက်ဝန်းများ၊ ပန်းပုထုဆစ်ထားသကဲ့သို့ မျက်နှာသွင်ပြင်နှင့်... နုပျိုသော်လည်း ရင့်ကျက်ပြတ်သားသော ယောက်ျားပီသမှုများ...

ထို့အပြင် သူ၏ ခန္ဓာကိုယ်မှ မမြင်နိုင်သော အရှိန်အဝါများ ထွက်ပေါ်နေသည်။

ဒီဝတ်စုံနှင့်ဆိုလျှင်... သူက တကယ့်ကို အသေအလဲ ချောမောခန့်ညားနေတော့၏။

"တော်သေးတာပေါ့... ငါ အနုပညာလောကထဲ မဝင်လိုက်မိလို့... မဟုတ်ရင် နှစ်နှစ်ခွဲလောက် အကသင်တန်း တက်ထားတဲ့ မင်းသားပေါက်စလေးတွေ သွားရှာတော့မှာ... အနုပညာလောကက ပရိသတ်တွေ အကုန်လုံး ငါ့ကြောင့် မူးမေ့လဲကုန်ကြလိမ့်မယ်"

"တော်စမ်းပါ ဦးရယ်... ကြည့်တော့ ယောက်ျားပီသပြီး ချောမောခန့်ညားပေမယ့်... ပါးစပ်က ဘာလို့ ဒီလောက် အာတာလဲ"

မီလီသည်လည်း ခေသူ မဟုတ်ချေ။ စကားအရာတွင် အတော်လေး နှုတ်လှန်ထိုးတတ်သူ ဖြစ်သည်။ ထိုစကားကို ကြားလိုက်ရသောအခါ ချက်ချင်းပင် တုံ့ပြန်လိုက်လေတော့၏။

"ဦးက တကယ် ချောတာတော့ မှန်ပါတယ်... ဒါပေမဲ့ အနုပညာလောကက မင်းသားလေးတွေလောက်တော့ ဘယ်ချောပါ့မလဲ"

"သူတို့ အများစုက နွဲ့နှောင်းပြီး မိန်းမဆန်တဲ့ လမ်းကြောင်းကို သွားကြတာ... ဦးကကျတော့ ယောက်ျားပီသတဲ့ ပုံစံမျိုးလေ"

"ဦးလို လူမျိုးက အနုပညာလောကထဲ မဝင်သင့်ပါဘူး... ရောမခေတ်က အားကစားကွင်း (Colosseum) ကြီးထဲကို ဝင်ပြီး၊ ဦး ဘယ်လောက် ယောက်ျားပီသပြီး သတ္တိကောင်းသလဲ ဆိုတာ လူတိုင်းကို ပြသသင့်တာ"

ယဲ့ဖန် မီလီကို တစ်ချက် စောင်းကြည့်လိုက်၏။

"ပထမအချက်...ငါ မင်းကို ဘယ်တုန်းက မရှုံ့ချခဲ့ဘူး"

"ဒုတိယအချက်..."

"ဒုတိယအချက်က ကျွန်မ တခြားသဘောနဲ့ ပြောတာ မဟုတ်ပါဘူးနော်"

မီလီသည် လျှာလေး တစ်လစ်ထုတ်ပြလိုက်ပြီး ယဲ့ဖန်၏ စကားကို ဖြတ်ပြောလိုက်သည်။

"ဦး ကိုယ့်အလှထဲမှာ ကိုယ်နစ်မွန်းပြီး လမ်းပျောက်သွားမှာ စိုးလို့ပါ"

"စိတ်မရှိပါနဲ့ ဦးရယ်... စတာပါ"

"ဦး မကြိုက်ရင် နောက်ကျရင် မပြောတော့ပါဘူးလို့ ကတိပေးပါတယ်"

"ကောင်မလေး"

ယဲ့ဖန် ပြုံးလိုက်ပြီး သူမနှင့် ဆက်လက် ငြင်းခုံမနေတော့ပေ။

မထင်မှတ်ထားစွာပင်၊ မီလီသည် သူ့ကို 'ကောင်မလေး' ဟု ခေါ်လိုက်သည်ကို ကြားလိုက်ရသောအခါ မကျေမနပ် ဖြစ်သွားလေတော့၏။

"ဘယ်သူက ကောင်မလေးလဲ"

"ဒီမှာ ၁၈ နှစ် ပြည့်ပြီးပြီနော်... တရားဝင် ရည်းစားထားလို့ရတဲ့ အရွယ် ရောက်နေပြီ"

"ပြီးတော့ ဦးကလည်း ကျွန်မထက် စာရင် သိပ်ပြီး အသက်ကြီးတာ မဟုတ်ဘဲနဲ့... အဲ့ဒီလို ခေါ်ရတာ အားမနာဘူးလား"

ယဲ့ဖန် ပြုံးလိုက်၏။

"ခင်ဗျားကလည်း ကျွန်တော့်ကို ဦးလို့ ခေါ်နေပြီပဲလေ"

"ကျွန်တော်က ခင်ဗျားကို ကောင်မလေးလို့ ပြန်ခေါ်တာ ကျိုးကြောင်းဆီလျော်မှု မရှိဘူးလား"

"မရှိပါဘူး"

မီလီသည် ခါးထောက်လိုက်၏။

"ဦးက ကျွန်မထက် နှစ်နည်းနည်းပဲ ကြီးတာလေ"

"ကျွန်မက ဦးလို့ ခေါ်ချင်လို့ ခေါ်တာ... ဒါပေမဲ့ ဦးက ကျွန်မကို ကောင်မလေးလို့ ခေါ်ခွင့်မရှိဘူး"

"ဒါဆို ဘယ်လို ခေါ်ရမလဲ"

ယဲ့ဖန်သည် ဤကိစ္စနှင့် ပတ်သက်ပြီး အချိန်အကြာကြီး ငြင်းခုံမနေချင်တော့ချေ။

မီလီ၏ မျက်လုံးများထဲတွင် ကောက်ကျစ်သော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။

"ကြိုက်သလို ခေါ်လို့ ရပါတယ်... ဥပမာ... အချစ်ရေ တို့၊ မိန်းမရေ တို့၊ အသည်းလေး တို့ ဆိုရင်လည်း ကျွန်မက မငြင်းပါဘူး"

"ဟေ..."

ယဲ့ဖန်၏ ခေါင်းထဲတွင် မေးခွန်းပေါင်းများစွာ ပြည့်နှက်သွားလေတော့၏။

မီလီသည် သူ့ကို ကြည့်ပြီး အားငယ်သောအသံဖြင့် ပြောလိုက်၏။

"ဘာဖြစ်လို့လဲ"

"ဘာလို့ ကျွန်မကို အဲ့ဒီလို ကြည့်နေတာလဲ"

"မကြိုက်ရင်လည်း ပြောပေါ့... ဘာလို့ မျက်နှာကြီးက အဲ့ဒီလို ဖြစ်သွားရတာလဲ"

ယဲ့ဖန်သည် သူမကို ခေါင်းအစ ခြေအဆုံး သေချာ ကြည့်လိုက်သည်။ တစ်ဖက်လူမှာ အကြည့်မခံနိုင်တော့ဘဲ အင်္ကျီစကို လိမ်ဆွဲနေသည်အထိ ဖြစ်သွားမှသာ သူက ပြောလိုက်၏။

"ဘုရားရေ... ငါ မသိက်မိပါလား"

"ငါက မင်းကို မိတ်ဆွေ သူငယ်ချင်းလို သဘောထားပြီး ဆက်ဆံနေတာ... မင်းက ငါ့ကို ယောကျာ်း တော်ချင်နေတာကိုး"

"အာ... ကျွန်မက စတာပါ ဦးရယ်"

မီလီ ရှက်သွားပုံရသည်။ သူမသည် လက်သီးဆုပ်လေးကို မြှောက်လိုက်ပြီး ယဲ့ဖန်ကို လှမ်းထိုးမလို ရွယ်လိုက်ကာ သူ့စကားကို တားဆီးလိုက်၏။

"ဦးကလည်း ရှေးရိုးမစွဲပါနဲ့လား"

"ဟာသဉာဏ်လည်း လုံးဝ မရှိဘူး"

ယဲ့ဖန်သည် လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး သူမ၏ လက်ကို ဖမ်းဆုပ်လိုက်သည်။

"စတာ ဟုတ်လား... ဒါဆိုရင် ငါ ထောက်ပြလိုက်တုန်းက ဘာလို့ ဒီလောက်တောင် တုံ့ပြန်မှု ကြီးသွားရတာလဲ"

"မင်း ငါ့ကို ကြောင်တောင်နှိုက်ချင်နေတာ မဟုတ်လား"

"အာ... ဦး... လွှတ်ပါ"

မီလီ ပို၍ ပြာယာခတ်သွားရှာသည်။

အထူးသဖြင့် ယဲ့ဖန်က သူမ၏ လက်ကို ဖမ်းဆုပ်ထားလိုက်သောအခါ၊ သူမ၏ မျက်နှာလေးမှာ သဘာဝမကျအောင် နီရဲသွားလေတော့၏။

သူမသည် အသိစိတ်မဲ့စွာ ရုန်းကန်လိုက်မိသော်လည်း၊ အကြောင်းတစ်ခုခုကြောင့် အမှန်တကယ် ရုန်းကန်လိုက်သောအခါ... သူမ၏ ပုံစံမှာ နွဲ့ဆိုးဆိုးပြီး ချွဲနေသကဲ့သို့ ဖြစ်သွားသည်။

"ကျွန်မကို လွှတ်ပေးပါ..."

"ကျွန်မ ပြောပြီးပြီပဲ... ဦးကို စလိုက်တာပါလို့"

"ဦးရဲ့ စကားပြောပုံနဲ့ ရုပ်ရည်က ကျွန်မ စိတ်ကူးထဲက ပုံစံနဲ့ ကိုက်ညီနေပေမယ့်... ဘယ်လိုလုပ် ဒီလောက် မြန်မြန်ကြီး ဖြစ်နိုင်မှာလဲ... ဒါ ကျွန်မရဲ့ ပထမဆုံး အကြိမ်လေ"

သူမ၏ တုံ့ပြန်မှုကို မြင်လိုက်ရသောအခါ ယဲ့ဖန်၏ ရင်ထဲတွင် ဗုံသံများ ဆူညံသွားရသည်။

"ငါ အချိန်အခါ မဟုတ်တဲ့အချိန်မှာ ရောက်လာတာလား"

အချိန်အခါမသင့်သော အသံတစ်ခု တံခါးဝဆီမှ ထွက်ပေါ်လာလေတော့၏။

အခန်း (၁၇၁၂) - မေးခွန်းထုတ်စရာ တစ်ခု

~"ငါ အချိန်အခါမဟုတ်တဲ့အချိန်မှာ ရောက်လာတာများလား"

တံခါးဝဆီမှ အသံကို ကြားလိုက်ရသောအခါ၊ ယဲ့ဖန်သည် တစ်ချက်သာ လှမ်းကြည့်လိုက်ပြီး မီလီ၏ လက်ကို အမြန် လွှတ်လိုက်၏။

အဘယ်ကြောင့်ဆိုသော် ရောက်ရှိလာသူမှာ ဂရိတ်ဒီနှင့် အဖွဲ့အား ဖြေရှင်းရန် စီစဉ်ပေးခဲ့သော ဟာရိုးလ် အိုင်ရင်း ဖြစ်နေသောကြောင့်ပင်။

မီလီ၏ မိခင်အရင်း။

ဟာရိုးလ် အိုင်ရင်း၏ ဘေးတွင် အထက်တန်းဆန်သော အငွေ့အသက်များ ရှိသည့် လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးလည်း ပါလာသည်။

ထိုအမျိုးသမီးသည် တရားဝင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ရင်ဘတ်ပေါ်တွင် တံဆိပ်တစ်ခု တပ်ဆင်ထား၏။

တံဆိပ်ပေါ်တွင် ရေးသားထားသည်မှာ သူမ၏ နာမည်နှင့် ရာထူးပင် ဖြစ်သည်။ ရော့စ် ဝတ်စုံဆိုင် (Ross Suit Shop) မန်နေဂျာ မာနင်း (Ma Ning)။

ထိုအခြေအနေကို မြင်လိုက်ရသောအခါ မီလီသည် အနည်းငယ် ရှက်ရွံ့သွားပြီး သူမတို့အနားသို့ အမြန် ပြေးသွားလိုက်သည်။

"မေမေ... ဒေါ်ဒေါ် မာနင်း"

"မေမေ လာတာ အချိန်မကိုက်ဘူး မဟုတ်လား"

ဟာရိုးလ် အိုင်ရင်းသည် ထိုစကားကို ပြောလိုက်ရင်း ယဲ့ဖန်ကို နောက်ပြောင်လိုသော အကြည့်ဖြင့် တစ်ချက် လှမ်းကြည့်လိုက်၏။

မီလီ၏ ပါးပြင်လေးများမှာ ပို၍ နီရဲသွားရှာသည်။ သူမသည် ဟာရိုးလ် အိုင်ရင်း၏ လက်မောင်းကို ချက်ချင်းပင် အသာအယာ လှုပ်ရမ်းလိုက်ပြီး နွဲ့ဆိုးဆိုးလေး ပြောလိုက်၏။

"အာ... မေမေကလည်း ဘာတွေ လျှောက်ပြောနေတာလဲ"

"မေမေ ထင်သလို မဟုတ်ပါဘူးနော်"

"ဦးနဲ့ သမီးကြားမှာ ဘာမှ မရှိပါဘူး"

"ဘာမှ မရှိဘူး ဟုတ်လား"

ဟာရိုးလ် အိုင်ရင်းသည် မျက်လုံးများကို လှန်ကြည့်လိုက်၏။

"လက်တောင် ကိုင်ထားကြသေးတယ်လေ"

"တကယ်လို့သာ ငါနဲ့ မင်းရဲ့ ဒေါ်ဒေါ် မာနင်း ရောက်မလာရင်... အခုချိန်ဆို မင်း သူ့ရင်ခွင်ထဲ ရောက်နေလောက်ပြီ မဟုတ်လား"

"အာ... မေမေကလည်း... မေမေ ထင်သလို မဟုတ်ပါဘူးဆို"

မီလီ၏ မျက်နှာလေးမှာ သွေးစက်ကျလုမတတ် နီမြန်းနေလေတော့၏။

"ဦးနဲ့ သမီးက..."

"တော်ပြီ... တော်ပြီ... ဆက်ရှင်းပြမနေနဲ့တော့"

ဟာရိုးလ် အိုင်ရင်းသည် မီလီ စကားမဆုံးခင်မှာပင် လက်ကာပြလိုက်၏။

"မေမေက အဲ့ဒီလောက် ရှေးရိုးစွဲကြီး မဟုတ်ပါဘူး"

"မင်း ဘယ်သူ့ကို ကြိုက်တယ် ဆိုတာ မင်းကိစ္စပါ... မျက်လုံးကို သေချာဖွင့်ထားပြီး လူဆိုးကောင်လေးတွေရဲ့ လှည့်စားတာ မခံရဖို့ပဲ လိုတယ်"

ထို့နောက် သူမသည် မီလီ၏ လက်ကို ဖယ်ရှားလိုက်ပြီး ယဲ့ဖန်၏ အနားသို့ လျှောက်သွားလိုက်သည်။

"ယဲ့လူကြီးမင်း ဟုတ်တယ်မလား"

ဤသည်မှာ ယဲ့ဖန်အတွက် အနောက်တိုင်းမှ အမျိုးသမီး လူကြီးတစ်ဦးနှင့် ပထမဦးဆုံးအကြိမ် ထိတွေ့ဆက်ဆံဖူးခြင်း ဖြစ်သည်။ ယဉ်ကျေးမှု ကွာခြားချက်များကြောင့် အနည်းငယ် အသားမကျသေးသလို ခံစားနေရသဖြင့်၊ သူသည် တောင့်တောင့်ကြီး ခေါင်းညိတ်ပြလိုက်ရ၏။

"ဟုတ်ပါတယ်"

"ကွင်းစ်ရိပ်သာလမ်းမကြီးမှာ ဖြစ်ခဲ့တဲ့ ကိစ္စကို မီလီ ပြောပြလို့ ငါ သိပြီးပါပြီ"

ဟာရိုးလ် အိုင်ရင်း၏ မျက်နှာပေါ်တွင် ကြင်နာသော အပြုံးတစ်ခု ဖြစ်ပေါ်နေသည်။

"မင်းနဲ့ ကြွယ်ဝခြင်းအသင်းကို တကယ် ကျေးဇူးတင်ပါတယ်"

"တကယ်လို့သာ မင်းရဲ့ ဇွဲလုံ့လနဲ့ ပြတ်သားမှုတွေ မရှိခဲ့ဘူး ဆိုရင်... အဲ့ဒီတုန်းက မီလီ တစ်ယောက် အသက်ရှင်လျက် ပြန်ရောက်မလာနိုင်တော့ဘူး"

"ခင်ဗျား ပြောတာ လွန်ပါပြီဗျာ"

ယဲ့ဖန် ယဉ်ကျေးစွာ ပြန်ပြောလိုက်၏။

"ကျွန်တော်က ပြဿနာကို တိုက်ဆိုင်စွာ တွေ့ရှိခဲ့လို့ တတ်နိုင်သလောက် ကူညီပေးခဲ့ရုံပါပဲ"

" နှိမ့်ချမနေပါနဲ့"

ဟာရိုးလ် အိုင်ရင်း လက်ကာပြလိုက်ပြီး၊ သံမဏိကဲ့သို့ ခိုင်မာပြတ်သားသော လေသံဖြင့် ပြောလိုက်သည်။

"နောက်ပိုင်း ဘာတွေ ဆက်ဖြစ်ခဲ့လဲ ဆိုတာကို အတည်ပြုဖို့အတွက် ငါတို့ လူလွှတ်ပြီး စုံစမ်းခဲ့ပါတယ်"

"မီလီနဲ့ လမ်းသွားလမ်းလာ အများကြီး အသက်ဘေးက လွတ်မြောက်ခဲ့ရတာ မင်းကျေးဇူးကြောင့် ဆိုတာ သေချာပါတယ်"

"ပြီးတော့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ယိုစိမ့်နေတာကို စတွေ့တုန်းက... မင်းက လိုင်စင် မရှိတဲ့ အဲ့ဒီဆောက်လုပ်ရေး အဖွဲ့ဆီ သွားပြောခဲ့သေးတယ် ဆို... ဒါပေမဲ့ သူတို့ တာဝန်ခံက မင်းကို မောင်းထုတ်ခဲ့တယ်လို့ ကြားတယ်"

"နောက်ဆုံးကျမှ မင်းက မတတ်သာတဲ့ အဆုံး ကြွယ်ဝခြင်းအသင်းကို ဆက်သွယ်ပြီး... အနီးအနားက လူတွေကို အမြန်ဆုံး ရွှေ့ပြောင်းပေးဖို့ အကူအညီတောင်းခဲ့ရတာ မဟုတ်လား"

ဟာရိုးလ် အိုင်ရင်းသည် အခြေအနေများကို ဤမျှအထိ အသေးစိတ် သိရှိထားလိမ့်မည်ဟု ယဲ့ဖန် ထင်မထားခဲ့မိပေ။ ဤမိသားစု၏ အာဏာစွမ်းအားကို သူ ပိုမို နားလည်သဘောပေါက်လိုက်၏။

သူ ပြန်ပြုံးပြလိုက်သည်။

"ဟုတ်ပါတယ်... အဲ့ဒီ ဆောက်လုပ်ရေး အဖွဲ့ တာဝန်ခံက ကျွန်တော့် အကြံပြုချက်ကို နားမထောင်ခဲ့ပါဘူး"

"တကယ်လို့သာ သူ့မှာ တာဝန်ယူစိတ် နည်းနည်းလောက် ရှိခဲ့မယ်ဆိုရင်... အဲ့ဒီလောက်ကြီးတဲ့ ပေါက်ကွဲမှုကြီး ဖြစ်ချင်မှ ဖြစ်လာမှာပါ"

"ဖြစ်ခဲ့ရင်တောင်မှ အဲ့ဒီလောက်ထိ ပြင်းထန်မှာ မဟုတ်ပါဘူး"

ဟာရိုးလ် အိုင်ရင်း ခေါင်းညိတ်လိုက်၏။

"အဲ့ဒီလူတွေ သေသင့်ပါတယ်"

"ဒါကြောင့် အဲ့ဒီတုန်းက အမှန်တရားကို သိလိုက်ရပြီးတဲ့နောက်မှာ... နေမဝင်အင်ပါယာရဲ့ တော်ဝင် ထောက်လှမ်းရေး အဖွဲ့က သူတို့အားလုံးကို ဖမ်းဆီးထိန်းသိမ်းလိုက်ပါပြီ"

"သူတို့ ဆက်လက် ရင်ဆိုင်ရမယ့် အရာကတော့... အင်ပါယာ ပြည်သူလူထုရဲ့ ရွံရှာမုန်းတီးမှုနဲ့ ဥပဒေရဲ့ ပြင်းထန်တဲ့ အပြစ်ဒဏ်တွေပါပဲ"

ထိုလူများ ဖမ်းဆီးခံလိုက်ရသည်ကို ကြားလိုက်ရသော်လည်း ယဲ့ဖန် မအံ့သြပေ။

သို့သော် မီလီကမူ သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

"ဒါဆို ဦးက ကြွယ်ဝခြင်းအသင်းကို မဆက်သွယ်ခင်မှာတောင် အဲ့ဒီလောက် အများကြီး ကြိုးစားခဲ့သေးတာပေါ့"

"ဦးက တကယ် အံ့မခန်းပါပဲ"

ယဲ့ဖန် ပြန်မဖြေပေ။

ဟာရိုးလ် အိုင်ရင်း သူမကို တစ်ချက် လှမ်းကြည့်လိုက်၏။

"မင်း အမေ ဒီမှာ ရှိနေသေးတယ်နော်"

"စနောက်ချင်ရင် နောက်မှ လုပ်"

"မေမေ ယဲ့လူကြီးမင်းနဲ့ စကားပြောလို့ ပြီးအောင် စောင့်ဦး"

မီလီသည် ချက်ချင်းပင် လျှာထုတ်ပြလိုက်ပြီး အသံတိတ်သွားလေတော့၏။

ဟာရိုးလ် အိုင်ရင်း ယဲ့ဖန်ဘက်သို့ ပြန်လှည့်လိုက်၏။

"တို့ အများကြီး ပြောနေရတာက တခြား ရည်ရွယ်ချက် မရှိပါဘူး...တို့နဲ့ မီလီ့အဖေက ဒီကျေးဇူးကို အမြဲ မှတ်ထားမယ်ဆိုတာ ယဲ့လူကြီးမင်းကို ပြောပြချင်လို့ပါ"

"တကယ်လို့ နောင်တစ်ချိန်မှာ အကူအညီ လိုအပ်တာ ရှိရင်... ဘယ်အချိန်ပဲ ဖြစ်ဖြစ် ပြောလို့ ရပါတယ်"

"ငါတို့ မိသားစုက ဟာရိုးလ် မျိုးနွယ်စုကြီးရဲ့ အခွဲတစ်ခုပဲ ဖြစ်ပြီး... ဟိုထိပ်သီး မြို့စားကြီးတွေရဲ့ မိသားစုနဲ့ မယှဉ်နိုင်ပေမယ့်... အင်ပါယာ နယ်မြေထဲမှာတော့ အာဏာစွမ်းအား တစ်ခု ရှိပါသေးတယ်... ပုံမှန်အားဖြင့်တော့ မိုးပြိုမယ့် ကိစ္စမျိုး မဟုတ်သရွေ့... မင်းအတွက် ဖြေရှင်းပေးဖို့က ကျွန်မတို့အတွက် သိပ်မခက်ခဲပါဘူး"

သူမ ဆိုလိုရင်းကို ယဲ့ဖန် နားလည်သဘောပေါက်လိုက်သဖြင့် ချက်ချင်း ကျေးဇူးတင်စကား ဆိုလိုက်၏။

"နားလည်ပါပြီ"

"ခင်ဗျားနဲ့ ခင်ဗျား အမျိုးသားရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်"

"ရပါတယ်... ဒါက ငါတို့ လုပ်သင့်တဲ့အရာပါ"

ဟာရိုးလ် အိုင်ရင်း ပြန်ပြောလိုက်သည်။

ထို့နောက် သူမသည် ရုတ်တရက် မီလီကို လှမ်းကြည့်လိုက်၏။

"ဒီနေ့ သမီးနဲ့အတူ လိုက်လာတာက သူ့ရဲ့ ကျေးဇူးရှင်ကို တွေ့ချင်လို့ပါ... ပြောရရင်တော့ ငါ့ရဲ့ ခရီးစဉ်က ဒီမှာတင် ပြီးဆုံးသင့်ပါပြီ"

"ဒါပေမဲ့ ခုနက မင်းနဲ့ သမီးကို ကြည့်ရတာ.. ပြောစရာ စကားတစ်ခွန်း ရှိလာတယ်"

"ဗျာ"

ယဲ့ဖန်၏ မျက်နှာပေါ်တွင် မေးခွန်းထုတ်လိုသော အမူအရာ ဖြည်းညှင်းစွာ ပေါ်ပေါက်လာသည်။

ဟာရိုးလ် အိုင်ရင်းသည် သူမ၏ သမီးကို ကြည့်လိုက်ပြီး အဓိပ္ပာယ်ပါပါ ပြောလိုက်၏။

"ဒီမတိုင်ခင်တုန်းက မီလီမှာ ရည်းစား တစ်ယောက်မှ မရှိခဲ့ဖူးပါဘူး... တကယ်လို့ မင်းတို့နှစ်ယောက် အတူတူ တွဲဖြစ်ကြမယ် ဆိုရင်... သူ့ကို ကောင်းကောင်း ဆက်ဆံပေးဖို့ ငါ မျှော်လင့်ပါတယ်"

"အနည်းဆုံးတော့ သူ့ကို အနိုင်မကျင့်ပါနဲ့... မလိမ်ညာပါနဲ့"

"သူ့အဖေနဲ့ ငါ့မှာ သမီးဆိုလို့ ဒီတစ်ယောက်တည်း ရှိတာပါ"

"တကယ်လို့ သူ အနိုင်ကျင့်ခံရမယ် ဆိုရင်... မင်းက သူ့ရဲ့ အသက်သခင် ကျေးဇူးရှင် ဖြစ်နေပါစေဦး... မင်းရဲ့နောက်ခံက ဘယ်လောက်ပဲ တောင့်တင်းနေပါစေဦး...တို့တွေက မင်းကို လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ဘူး... နားလည်လား"

"ဟေ..."

ယခုတစ်ကြိမ်တွင်မူ ယဲ့ဖန် ပို၍ ဇဝေဇဝါ ဖြစ်သွားရလေတော့၏။

ဟာရိုးလ် အိုင်ရင်းသည် သူ၏ ရှင်းပြချက်ကို နားထောင်လိုစိတ် မရှိပေ။ သူမသည် မာနင်းကို ကြည့်ပြီး ပြောလိုက်၏။

"ကဲ... ငါ.. ပြောချင်တာ ဒါပါပဲ"

"ဆက်ပြောနေရင် မီလီက ကျွန်မကို စိတ်ရှုပ်တော့မယ်"

"မင်းတို့ ကောင်းကောင်း ဆက်ပြောကြပါ... ငါ.. ဟာရိုးလ် စင်တာထဲမှာ လုပ်စရာတွေ အများကြီး ရှိသေးတယ်... သွားတော့မယ်"

ပြောပြီးသည်နှင့် သူမ ထွက်ခွာသွားလေတော့၏။

သူမ နှုတ်ဆက်သွားခဲ့သော မန်နေဂျာ မာနင်းသည်လည်း တစ်စုံတစ်ခုကို အထင်လွဲနေပုံရသည်။ သူမသည် ဟာရိုးလ် အိုင်ရင်းကို လိုက်ပို့ပြီး ပြန်ရောက်လာသောအခါ... ယဲ့ဖန်နှင့် မီလီကို မိခင်မေတ္တာ ပြည့်ဝသော အပြုံးဖြင့် ကြည့်လိုက်၏။

"မီလီလေး... သမီးရဲ့ အမြင်က မဆိုးဘူးပဲ"

"သမီး အမေဆီကနေ တို့ဆိုင်အကြောင်း ကြားပြီးပြီ... ဟာရိုးလ်မှာရှိတဲ့ ရော့စ် ဝတ်စုံဆိုင်ရဲ့ မန်နေဂျာ တစ်ယောက်အနေနဲ့... ယဲ့လူကြီးမင်း ဝတ်ထားတဲ့ ဝတ်စုံကို တောင်းပန်တဲ့အနေနဲ့ လက်ဆောင်ပေးလိုက်ပါမယ်"

"ပြီးတော့ လိုက်ဖက်မယ့် သားရေဖိနပ် တစ်ရံပါ ထပ်ပြီး လက်ဆောင်ပေးပါရစေ”

All Chapters