← Chapters

အခန်း (၁၇၁၃-၁၇၁၅)

Vol. 90 Ch. 1713-1715

အခန်း (၁၇၁၃-၁၇၁၅)

Vol. 90 Ch. 1713-1715

အခန်း (၁၇၁၃) - သဘောမတူရင် နမ်းပစ်မှာနော်

~ယဲ့ဖန် လုံးဝ ပြောစရာစကား ပျောက်ရှသွား၏။

မီလီကမူ အတော်လေး ပျော်ရွှင်နေပုံရသည်။ သူမသည် မန်နေဂျာ မာနင်းကို ချိုသာစွာ ပြုံးပြလိုက်၏။

"ကျေးဇူးပါပဲ ဒေါ်ဒေါ် မာနင်း"

"ဦးက ခဏနေရင် အရေးကြီးတဲ့ လူကြီးတစ်ယောက်နဲ့ သွားတွေ့မှာ... ပြီးရင် ဂေါက်ရိုက်ဖို့လည်း ရှိသေးတယ်"

"ဒါကြောင့် ဒေါ်ဒေါ် မာနင်းအနေနဲ့ အဲ့ဒီအခမ်းအနားနဲ့ လိုက်ဖက်မယ့် ဖိနပ်တစ်ရံလောက် ရွေးပေးပါဦးနော်"

"စိတ်ချပါ သမီးလေးရဲ့"

မန်နေဂျာ မာနင်း ပြန်ပြောလိုက်၏။

"ဒေါ်ဒေါ် အခုပဲ သွားရွေးပေးပါ့မယ်"

ပြောပြောဆိုဆိုပင် သူမသည် ယဲ့ဖန်၏ ဖိနပ်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး၊ အပြုံးတစ်ခုနှင့်အတူ ဆိုင်ထဲသို့ ပြန်ဝင်သွားလေတော့၏။

မီလီသည် ယဲ့ဖန်၏ အနားသို့ တိုးကပ်လာပြီး၊ သူမ၏ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုစေချင်သော ကလေးငယ်တစ်ဦးအလား မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ပြနေ၏။

"ဘယ်လိုလဲ... ကျွန်မက ဦး ထင်ထားသလောက် မငယ်ပါဘူးနော်"

"နောက်ကျရင် ကျွန်မကို ကောင်မလေးလို့ ခေါ်ဖို့ မသင့်တော်တော့ဘူး မဟုတ်လား"

ယဲ့ဖန် ရယ်ရခက် ငိုရခက် ဖြစ်သွားလေတော့၏။

"အဲ့ဒါက အဓိကအချက် မဟုတ်ဘူးလေ"

"အဓိကအချက်က... မင်းအမေနဲ့ မန်နေဂျာ မာနင်းက တစ်ခုခုကို အထင်လွဲသွားကြပြီ"

"ထားလိုက်ပါတော့"

မီလီကမူ ဂရုစိုက်ပုံ မရပေ။

"ဒီလိုဆိုတော့ ဦးအနေနဲ့ တန်ဖိုးကြီး ဝတ်စုံတစ်စုံနဲ့ သားရေဖိနပ်တစ်ရံကို အလကား ရသွားတာပေါ့... ရော့စ် ဝတ်စုံဆိုင်က ပစ္စည်းတွေက ဈေးမပေါဘူးနော်... ကျွန်မ မှတ်မိသလောက်ဆိုရင် ဦး ဝတ်ထားတဲ့ ဝတ်စုံနဲ့ ဖိနပ်က ဒေါ်လာ နှစ်သိန်းအောက် မလျော့ဘူး"

"ပြီးတော့ ဒီလို အထင်လွဲသွားလို့ ထိခိုက်နစ်နာမယ့်သူက ကျွန်မ ဖြစ်သင့်တာ မဟုတ်ဘူးလား"

"ကျွန်မတောင် ဂရုမစိုက်တာ... ဦးက ဘာတွေ ပူနေတာလဲ"

ယဲ့ဖန် ပြောစရာစကား မရှိတော့ချေ။

သူ့မှာ ပိုက်ဆံမရှိ၍ မဟုတ်သော်လည်း...

တစ်ခါတစ်ရံတွင် အဆင့်မြင့် ဝတ်စုံနှင့် ဖိနပ်ကို အလကား ရလိုက်ခြင်းသည်လည်း ကျေနပ်စရာ ကောင်းလှပေသည်။

မန်နေဂျာ မာနင်း ရွေးချယ်ပေးလာသော သားရေဖိနပ်ကို စီးကြည့်လိုက်သောအခါ အတော်လေး အဆင်ပြေနေသည်ကို တွေ့ရ၏။ သူသည် ချက်ချင်းပင် ကျေးဇူးတင်စကား ဆိုလိုက်ပြီး မီလီကို နှုတ်ဆက်ကာ ပြန်ရန် ပြင်လိုက်လေတော့၏။

မထင်မှတ်ထားစွာပင်၊ သူနှင့် မီလီ ဟာရိုးလ် ဈေးဝယ်စင်တာ၏ တံခါးပေါက်ဝသို့ ရောက်ရှိလာပြီး၊ သူမကို နှုတ်ဆက်ရန် ပြင်လိုက်ချိန်မှာပင်... သူမသည် လက်ညှိုးလေး ထိုးကာ ဝမ်းနည်းပက်လက် မျက်နှာထားဖြင့် သူ့ကို ကြည့်နေသည်ကို တွေ့လိုက်ရ၏။

"ဦး... ကျွန်မတို့ အတူတူ ဒီလောက် ဖြစ်ခဲ့ကြပြီးမှ... အဝတ်အစားတွေ ဝတ်ပြီးတာနဲ့ ကျွန်မကို မသိချင်ယောင်ဆောင်သွားတာလား"

"ဘာကြီး..."

ယဲ့ဖန်၏ ခြေလှမ်းများ ချက်ချင်း ရပ်တန့်သွားလေတော့၏။

ဘေးပတ်ဝန်းကျင်မှ လူများသည်လည်း တစ်စုံတစ်ခုကို အထင်လွဲသွားကြပုံရပြီး၊ မိမိတို့ လုပ်လက်စ အလုပ်များကို ရပ်တန့်ကာ ကြည့်ရှုလာကြ၏။

ယဲ့ဖန်နှင့် မီလီကို ခဏမျှ ကြည့်ရှုပြီးနောက်၊ ဆူညံသံများ ထွက်ပေါ်လာတော့၏။

"ဟိုက်ရှားပါး... သတင်းထူးကြီးပါလားဟ"

"ဦးကြီးနဲ့ လိုလီတာလေးလား"

"ဦးကြီးနဲ့ လိုလီတာလေးက အတူတူ ဖြစ်ခဲ့ကြပြီးမှ... ဦးကြီးက အဝတ်အစား ဝတ်ပြီးတာနဲ့ သူ့ကို မသိချင်ယောင်ဆောင်နေတာတဲ့လား"

"ကိုယ်ကျင့်တရားတွေ ဘယ်ရောက်ကုန်ပြီလဲ... စည်းကမ်းတွေ ဘယ်ရောက်ကုန်ပြီလဲ... ဒီလောက်လှပြီး ဖြူစင်တဲ့ လိုလီတာလေးကို ငါ ဘယ်မှာ ရှာလို့ရမလဲ"

"..."

ဆူညံသံများကြားတွင် ထူးဆန်းသော စကားသံအချို့ ရောနှောပါဝင်နေသော်လည်း၊ မည်သူကမျှ အသေးစိတ် ဂရုမစိုက်ကြချေ။

မနာလိုဝန်တိုစိတ်ကြောင့် မျက်လုံးများ နီရဲနေသော ထိုလူကို တစ်ချက်သာ လှမ်းကြည့်လိုက်ကြပြီး၊ ယဲ့ဖန်နှင့် မီလီဘက်သို့ ပြန်လည် အာရုံစိုက်လိုက်ကြ၏။

ယဲ့ဖန်သည် ထိုလူများ၏ အကြည့်များနှင့် ဝေဖန်သံများကို သတိပြုမိသည်။

အားလုံးက တကယ်ကြီး အထင်လွဲကုန်ကြတော့၏။

သူ၏ မျက်နှာထားမှာ တင်းမာသွားလေတော့၏။

"မီလီ... မင်းကို လေးလေးနက်နက် သတိပေးရလိမ့်မယ်"

"လူရှေ့သူရှေ့မှာ စကားကို ဆင်ခြင်ပြီး ပြောပေးပါ"

"အဝတ်အစား ဝတ်ပြီးတာနဲ့ မသိချင်ယောင်ဆောင်တယ် ဆိုတာ ဘာစကားလဲ...ငါ ပြောပုံက ငါကပဲ မင်းကို ဖျက်ဆီးခဲ့သလိုလို ဖြစ်နေပြီ"

"ငါတို့က အတူတူ ဈေးဝယ်ထွက်ခဲ့ကြရုံလေ"

မီလီသည် ဝမ်းနည်းနေသော ပုံစံဖြင့် ဆက်လက် ပြောဆိုနေဆဲပင်။

"ကျွန်မ သိပါတယ်... အဲ့ဒါကိုပဲ ပြောချင်တာပါ"

"ဒါပေမဲ့ ကျွန်မက အင်္ဂလိပ်စာ ကောင်းကောင်း မသင်ခဲ့ရတော့... တိတိကျကျ မပြောတတ်ဘူး ဖြစ်သွားတာပါ..."

ယဲ့ဖန် မျက်မှောင်ကြုတ်လိုက်၏။

နေမဝင်အင်ပါယာ၊ ဖော့ခ်စီးတီး( မြူခိုးမြို့တော်) (Fog City) မှ မြို့စားမိသားစုဝင် တစ်ယောက်က... သူမ၏ အင်္ဂလိပ်စာ မကောင်းပါဘူးဟု ပြောထွက်ရဲသည်။

ဒါထက် ပိုပြီး ဖြစ်ကတတ်ဆန်း ဆန်တဲ့ အကြောင်းပြချက် ရှိဦးမလား။

"ဦး... ကျွန်မ ဒီနေ့ အရမ်း ပျင်းနေလို့ပါ... ကျွန်မနဲ့အတူ လိုက်ကစားပေးပါလား"

မီလီ၏ ရည်ရွယ်ချက်အမှန် ပေါ်လာလေတော့၏။

ယဲ့ဖန် သူမနှင့် ကစားနေရန် စိတ်မပါပေ။

"ဒီနေ့ည ငါ့မှာ အရေးကြီးတဲ့ ညစာစားပွဲ ရှိတယ်... ကြိုတင် ပြင်ဆင်စရာတွေ ရှိသေးတယ်"

"မင်း သူငယ်ချင်းတွေကို သွားရှာလိုက်ပါ"

"ကျွန်မ သူငယ်ချင်းတွေက နေ့ဘက်ဆို မအားကြဘူး"

မီလီ နှုတ်ခမ်းဆူလိုက်၏။

"ပြီးတော့ အဲ့ဒီနေရာကို မိန်းကလေးတွေချည်း သွားရတာ မပျော်ပါဘူး"

"အဲ့ဒီမှာ မိန်းမလှလေးတွေ အများကြီး ရှိတယ်... လိုနေတာက ယောက်ျား ပီသတဲ့ အမျိုးသားတစ်ယောက်ပဲ"

"ဦးသာ ကျွန်မနဲ့ မလိုက်ဘူးဆိုရင်... တခြား ဘယ်သူ့ကို ခေါ်သွားရမှန်းလည်း မသိတော့ဘူး"

"မိန်းမတွေက ငါ ဓားဆွဲထုတ်မယ့် အမြန်နှုန်းကို နှောင့်နှေးစေတယ်... ငါ မလိုက်ဘူး"

ယဲ့ဖန် ခေါင်းခါပြလိုက်၏။

"ဒါဆို ကျွန်မ တောင်းပန်ပါတယ်နော်"

"မရဘူး"

"နည်းနည်းလေးမှ ဖြစ်နိုင်ခြေ မရှိဘူးလား"

"မရှိဘူး"

" ပြောပြီးပြီပဲ... ဒီနေ့ ၊ ငါ့မှာ အရေးကြီးကိစ္စ ရှိပါတယ်လို့"

"ခဏလေးပဲ လိုက်ခဲ့ပေးပါ... အရမ်း မကြာစေရပါဘူးလို့ ကတိပေးပါတယ်"

"မရပါဘူးဆို"

"အား..."

မီလီသည် မည်သို့မျှ ပြောမရသည့် အဆုံး၊ ခြေဆောင့်လိုက်ပြီးနောက်... တစ်စုံတစ်ခုကို ကြံစည်လိုက်သကဲ့သို့ ယဲ့ဖန်ကို စူးစိုက်ကြည့်လိုက်လေတော့၏။

"ကျွန်မ ဂရုမစိုက်ဘူး... ဦး လိုက်ကို လိုက်ခဲ့ရမယ်"

"ဦး သဘောမတူရင်... ကျွန်မ ဦးကို နမ်းပစ်လိုက်မယ်... ယုံလား"

"ဒါ ဘာခြိမ်းခြောက်မှုကြီးလဲ"

ယဲ့ဖန် အချိန်မီ မတုံ့ပြန်နိုင်လိုက်ပေ။

မီလီသည် ရုတ်တရက် သူ့ကို ဝင်နမ်းလိုက်၏။

ယဲ့ဖန် အမြန် ရှောင်တိမ်းလိုက်ပြီး၊ လက်တစ်ဖက်ဖြင့် သူ၏ မျက်နှာကို ကာကွယ်လိုက်သည်။

ထို့ကြောင့် သူမ မအောင်မြင်လိုက်ပေ။

သူမ၏ နူးညံ့သော နှုတ်ခမ်းလွှာများသည် သူ၏ လက်ဖမိုးပေါ်သို့သာ ကျရောက်သွား၏။

ထိုအခြေအနေကို မြင်လိုက်ရသောအခါ မီလီ အံ့သြသွားပုံရသည်။ ယဲ့ဖန်က သူမ၏ အနမ်းကို ရှောင်တိမ်းလိမ့်မည်ဟု သူမ ထင်မထားခဲ့မိပေ။

ခေတ္တမျှ ကြောင်အသွားပြီးနောက်၊ သူမသည် ယဲ့ဖန်၏ မျက်နှာ တစ်ဖက်ခြမ်းကို ရုတ်တရက် ထပ်မံ နမ်းလိုက်ပြန်၏။

ယဲ့ဖန်သည် လက်ဖြင့် အမြန် ထပ်ကာလိုက်ပြန်သည်။

နောက်ဆုံးတွင် မီလီသည် ဉာဏ်ဆင်လိုက်လေတော့၏။ သူ၏ လက်ဖမိုးကို နမ်းတော့မလို ဟန်ဆောင်လိုက်ပြီး၊ ရုတ်တရက် ခေါင်းကို လှည့်ကာ သူ၏ နှုတ်ခမ်းကို ဖျတ်ခနဲ နမ်းလိုက်၏။

"ပြွတ်"

ယခုတစ်ကြိမ်တွင်မူ ယဲ့ဖန် ကြက်သေသေသွားရလေတော့၏။ ဘေးပတ်ဝန်းကျင်မှ လူများလည်း ကြောင်အသွားကြ၏။

"သောက်ကျိုးနည်း... ငါ့မှာ အပြစ်ရှိရင် ဥပဒေနဲ့ပဲ စီရင်လိုက်ပါတော့... ဒီလို ပုံရိပ်တွေနဲ့ ငါ့ကို နှိပ်စက်မနေပါနဲ့"

"ငါ့ကျတော့ ဘာလို့ ဒီလောက် လှပြီး ကိုယ်တိုင် ဦးဆောင်တဲ့ ကောင်မလေးမျိုးနဲ့ မတွေ့ရတာလဲ"

"ငိုချင်လာပြီကွာ"

"ခုနက ဒီကောင်မလေးက ဦးကြီးကို 'အဝတ်အစား ဝတ်ပြီးတာနဲ့ မသိချင်ယောင်ဆောင်နေတယ်' လို့ ပြောတုန်းက... ကောင်မလေးကို ကစားပြီး စွန့်ပစ်မယ့် လူယုတ်မာ ဇာတ်လမ်းလို့ ငါ ထင်နေခဲ့တာ... ဒါပေမဲ့ အခု ကောင်မလေးရဲ့ တုံ့ပြန်ပုံကို ကြည့်ရတာ ငါ ထင်တာ မှားနေပုံပဲ... ဒါက ဦးကြီးက ကောင်မလေးကို ကစားတာ မဟုတ်ဘဲ၊ ကောင်မလေးက ဦးကြီးကို အပိုင်ဖမ်းနေတဲ့ ဇာတ်လမ်း ဖြစ်နေပါရောလား"

"အမှန်အတိုင်း ပြောရရင်... ငါ အဲ့ဒီ ဦးကြီးရဲ့ ရုပ်ကို သေချာ ကြည့်ပြီးပြီ... စီးကရက် တစ်ဘူး ကုန်အောင် သောက်ပြီး စဉ်းစားတာတောင်... သူနဲ့ ငါ ဘာကွာခြားလဲ ဆိုတာ စဉ်းစားလို့ မရသေးဘူး"

"ငါ့ခံနိုင်ရည်တွေ ကျိုးပျက်ကုန်ပြီ... ဒီတစ်ခါတော့ တကယ် ကျိုးပျက်ကုန်ပြီဟေ့"

"..."

တကယ်တမ်းတွင် ထိုလူများ၏ အော်ဟစ်ဆူညံသံများကြောင့် လမ်းသွားလမ်းလာများ ပိုမို စုဝေးရောက်ရှိလာကြလေတော့၏။

ယဲ့ဖန်သည် ထိုအခြေအနေကို မြင်လိုက်ရသောအခါ ထုံကျင်သွားသကဲ့သို့ ခံစားလိုက်ရ၏။

"ကောင်းပြီ... ကောင်းပြီ... ကျွန်တော် လိုက်ခဲ့ပါ့မယ်"

"မယ်မင်းကြီးမ... ခင်ဗျားရဲ့ တန်ခိုးစွမ်းအားတွေကို ရုပ်သိမ်းလိုက်ပါတော့ဗျာ”

အခန်း (၁၇၁၄) - နည်းနည်းတော့ ခေတ်လွန်လွန်းနေပြီ

~နေ့ခင်းကြောင်တောင်ကြီးမှာ မိန်းမလှလေးတစ်ယောက်က သူ့ကို အတင်းနမ်းမည်ဟု ခြိမ်းခြောက်နေ၏။

ဘေးပတ်ဝန်းကျင်က လမ်းသွားလမ်းလာတွေလည်း ဒါမျိုး ဖြစ်လာလိမ့်မည်ဟု ထင်မထားသလို၊ တရုတ်ရိုးရာ ယဉ်ကျေးမှုအောက်မှာ ကြီးပြင်းလာခဲ့ရသော ကျောင်းသားလေး ယဲ့ဖန်လည်း ထင်မထားခဲ့မိတာ အမှန်ပင်။

ရိုးရာဓလေ့တွေနှင့် ရင်းနှီးကျွမ်းဝင်နေသည့် လူငယ်လေးတွေအတွက်တော့... ဒီလို အခြေအနေကြီးက နည်းနည်းတော့ ခေတ်လွန်လွန်းနေပြီ မဟုတ်လား။

ထို့ကြောင့်၊ ပါးစပ်ကလွဲလျှင် ကျန်သည်ပ နေရာတွေအကုန် မာကျောသန်မာလှသည့် ယဲ့ဖန်တစ်ယောက်... ယာယီ အရှုံးပေးလိုက်ဖို့ ဆုံးဖြတ်လိုက်ရတော့၏။

"ကဲ... ပြော... ဘယ်ကို သွားချင်တာလဲ... ဘာလုပ်ချင်တာလဲ"

ယဲ့ဖန် အရှုံးပေးလိုက်သည်ကို မြင်လိုက်ရသောအခါ မီလီတစ်ယောက် နှမြောတသ ဖြစ်သွားပုံရ၏။

"ဘာလို့ နည်းနည်းလောက် ထပ်မတောင့်ခံထားတာလဲ"

"ဒါ ကျွန်မရဲ့ ပထမဆုံးအကြိမ် အနမ်းလေ"

"အရသာတောင် မခံလိုက်ရဘူး"

"ဘာ အရသာလဲ... ဒီကောင်မလေး"

ယဲ့ဖန် မနေနိုင်တော့ဘဲ သူမ၏ ခေါင်းကို ခပ်ဖွဖွလေး ခေါက်လိုက်၏။

"အသက်က ငယ်ငယ်လေး ရှိသေးတယ်... ဘာတွေ လျှောက်တွေးနေတာလဲ"

"မြန်မြန်ပြော... ဘာကစားချင်တာလဲ"

ထိုအခါမှသာ မီလီသည် အနည်းငယ် ငြိမ်ကျသွားပြီး၊ ခေါင်းလေးကို ပွတ်သပ်ကာ ဝမ်းနည်းပက်လက် ပြောရှာ၏။

"အိုကေလေ... ပြောပါ့မယ်... ဘာလို့ ဒီလောက်တောင် ကြမ်းတမ်းရတာလဲ"

"နာတယ်သိလား"

ယဲ့ဖန် စိတ်မရှည်တော့ပေ။ သူမ၏ ခေါင်းကို နောက်တစ်ချက် ထပ်ခေါက်ချင်နေပြီ ဖြစ်သည်။

သို့သော် မီလီသည် ယခုလောက်ဆိုလျှင် သင်ခန်းစာ ရလောက်ပြီ ဖြစ်သည်။

အခြေအနေ မကောင်းမှန်း သိလိုက်သောအခါ၊ သူမသည် ယဲ့ဖန်နှင့် ခပ်လှမ်းလှမ်းသို့ အမြန် ဆုတ်ခွာလိုက်ပြီး လှမ်းပြောလိုက်၏။

"တကယ် ပျော်စရာကောင်းတဲ့ ကိစ္စပါ"

"ဖော့ခ်စီးတီး( မြူခိုးမြို့တော်) (Fog City) မှာ ဖဲရိုးဘီ တောင်ကုန်း (Ferroby Hill) ဆိုတာ ရှိတယ်... အဲ့ဒီက ဖဲရိုးဘီ ကားပြိုင်ကွင်း (Ferroby Circuit Racetrack) ဆိုတာ အင်ပါယာ တစ်ခုလုံးမှာ နာမည်ကြီးပဲ... အရမ်း အန္တရာယ်များပြီး အရမ်း စိတ်လှုပ်ရှားဖို့ ကောင်းတာ"

ကားပြိုင်ကွင်းအကြောင်း ကြားလိုက်ရသောအခါ၊ သူမက သူ့ကို ကားပြိုင်စေချင်သည်ဟု ယဲ့ဖန် ထင်မှတ်လိုက်သည်။ သူသည် သူမကို ချက်ချင်း စောင်းကြည့်လိုက်၏။

"ကားပြိုင်ဖို့ ဆိုရင်တော့ စိတ်ကူးတောင် မယဉ်နဲ့"

"မင်းပုံစံကို ကြည့်ရတာ အတော်လေး သွေးဆူလွယ်မယ့်ပုံပဲ... အန္တရာယ်များတဲ့ လမ်းကြောင်းမှာ ကားမောင်းရင် အသက်အန္တရာယ် အရမ်းများတယ်"

"ငါ့ကို အကြမ်းဖက်ပြီး ခြိမ်းခြောက်ရင်တောင် ငါ လက်ခံမှာ မဟုတ်ဘူး"

"ဟွန်း"

မီလီ၏ မျက်နှာလေး နီရဲသွား၏။

"ဦးကလည်း ဘာတွေ ပြောနေတာလဲ... ပြီးတော့ ကျွန်မ ဦးနှောက်ထဲမှာ ဘာတွေ ရှိလဲလို့ မေးနေသေးတယ်... ဦးလည်း အတူတူပဲ မဟုတ်လား"

"ကျွန်မတို့နှစ်ယောက်လုံးက နှာဘူးတွေပဲဟာ... ဘာလို့ နှာဘူးချင်း ဒုက္ခပေးနေမှာလဲ"

"ဟေ..."

ယဲ့ဖန်၏ မျက်နှာထားမှာ တောင့်တင်းသွားလေတော့၏။

မီလီသည် စကားကို အမြန် ပြောင်းလိုက်၏။

"ကောင်းပြီ... ကောင်းပြီ... ဒီအကြောင်း ဆက်မပြောတော့ဘူး... လိုရင်းကိုပဲ ပြောကြရအောင်"

"ကျွန်မက ကားမောင်းမှာ မဟုတ်ပါဘူး... ဦး ပြောသလိုပဲ... ကားပြိုင်တာက အန္တရာယ်များတယ်လေ... မတော်တဆ တိုက်မိပြီး သေသွားရင် ဘယ်လိုလုပ်မလဲ... ကျွန်မက ကိုယ်တိုင် အန္တရာယ်ထဲ ခုန်ဆင်းမယ့်သူ မဟုတ်ပါဘူး"

"ခုနက ဖဲရိုးဘီ ကားပြိုင်ကွင်းအကြောင်း ပြောတာက... ကျွန်မ သွားပြိုင်မလို့ မဟုတ်ဘူး... အဲ့ဒီမှာ မကြာခင် စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ပြိုင်ပွဲတစ်ခု ရှိတော့မှာမို့လို့... ပါဝင်ယှဉ်ပြိုင်မယ့်သူတွေ အကုန်လုံးက နာမည်ကြီးတွေချည်းပဲ... ဘယ်သူ နိုင်မလဲ ဆိုတာကိုလည်း လောင်းကြေးထပ်လို့ ရတယ်... တကယ် ပျော်စရာ ကောင်းပါတယ်ဆို... ဦးကို အဖော်လိုက်ခဲ့စေချင်လို့ပါ"

"ဒီတောင်းဆိုမှုက မလွန်ဘူး မဟုတ်လား"

ထိုအခါမှသာ ယဲ့ဖန် သဘောပေါက်သွားလေတော့၏။ သူမကို တစ်ချက် ကြည့်လိုက်ပြီးနောက်၊ ပစ္စည်းများကို ယူကာ ကားပါကင်ဘက်သို့ လျှောက်သွားလိုက်၏။

"GPS ဖွင့်လိုက်... ကားမောင်းပို့ပေးမယ်"

မီလီသည် ချက်ချင်းပင် ဖုန်းကို ဖွင့်ပြီး လမ်းကြောင်းရှာလိုက်၏။

ယဲ့ဖန်သည် ရှုပ်ထွေးပိတ်ဆို့နေသော ယာဉ်ကြောကြားမှ ကျွမ်းကျင်စွာ မောင်းနှင်ထွက်ခွာလာသည်ကို မြင်လိုက်ရသောအခါ သူမ၏ မျက်လုံးများ အရောင်တောက်သွားသည်။

"ဝါး... ဦးက ကားမောင်းတတ်တာလား"

"ကားမောင်းတတ်တာများ အထူးအဆန်း ကျနေတာပဲ"

ယဲ့ဖန် ခေါင်းခါပြလိုက်၏။

မီလီသည် ယာဉ်မောင်းဘေးခုံတွင် အမြန် ဝင်ထိုင်လိုက်ပြီး၊ ဖုန်းကို စင်ပေါ် တင်လိုက်သည်။

"အထူးအဆန်းပဲပေါ့"

"ကျွန်မ သူငယ်ချင်းတွေထဲမှာ ကားမောင်းတတ်တဲ့သူ သိပ်မရှိဘူး"

"မေမေတို့ကလည်း ကျွန်မကို သင်ခွင့်မပေးဘူးလေ... ကိုယ်တိုင် မောင်းတာက အန္တရာယ်များတယ်တဲ့... ယာဉ်မောင်း ငှားပေးရင် ရပြီတဲ့"

"ငါနဲ့ မင်းကြားမှာ ရန်ငြိုးရန်စလည်း မရှိပါဘူး... ဘာလို့ ရုတ်တရက်ကြီး ကြွားနေတာလဲ"

ယဲ့ဖန် သူမကို တစ်ချက် စောင်းကြည့်လိုက်၏။

"ကြွားတာ မဟုတ်ပါဘူး... မေမေတို့က တကယ် အဲ့လို ပြောတာပါ"

မီလီသည် ကားမောင်းနေသော ယဲ့ဖန်ကို စိတ်ဝင်တစား ကြည့်လိုက်၏။

"ဦး... ကားမောင်းရတာ လွယ်လားဟင်"

"ပြီးတော့ ပျော်စရာကောင်းလား"

"အမှန်အတိုင်း ပြောရရင်... ကျွန်မက သူများတွေ ကားပြိုင်တာ ကြည့်ရတာ ကြိုက်ပေမယ့်... ကားမှောက်တာတွေ၊ တိမ်းမှောက်တာတွေ မြင်ရတိုင်း တွေးမိတယ်... ဒီကိစ္စက တကယ်ပဲ အဲ့ဒီလောက် ပျော်စရာကောင်းလို့လား... အန္တရာယ်ရှိမှန်း သိရက်နဲ့ ဘာလို့ လူတွေ အများကြီးက ကစားချင်နေကြတာလဲ... ပြီးတော့ ကားပြိုင်တဲ့ ယဉ်ကျေးမှုတွေတောင် ပေါ်လာကြသေးတယ်..."

ဒီကောင်မလေးက တကယ့် စကားအိုးလေးပါလား။

မီလီတစ်ယောက် စက်သေနတ် ပစ်သကဲ့သို့ တရစပ် ပြောဆိုနေသည်ကို နားထောင်ရင်း ယဲ့ဖန် ခေါင်းကိုက်လာလေတော့၏။

သူမ တစ်ခဏလေးတောင် မရပ်နားပေ။

နောက်ဆုံးတွင် ယဲ့ဖန် စကားလမ်းကြောင်း လွှဲလိုက်ရတော့၏။

"ဒီနေ့ ဘယ်သူတွေ ပြိုင်မှာလဲ"

"လောင်းကြေးက ဘယ်လောက်ထိ များနိုင်လဲ"

"ပြိုင်မယ့်သူတွေရဲ့ နောက်ခံက အကြီးကြီးပဲ"

မီလီသည် တကယ်ပင် ဘာမဆို ပြောနိုင်သူ ဖြစ်သည်။ ယဲ့ဖန် စကားလမ်းကြောင်း လွှဲလိုက်သည်ကို ကြားလိုက်ရသောအခါ၊ သူမသည် တုံ့ဆိုင်းခြင်းမရှိဘဲ လိုက်ပါ စီးမျောသွား၏။

"သူငယ်ချင်းတွေ ပြောပြတာတော့... ဒီပြိုင်ပွဲမှာ ပါဝင်မယ့် အဓိက အဖွဲ့က နေမဝင်အင်ပါယာရဲ့ ပထမတန်းစား 'လေစွမ်းအား သားတော်' (Son of the Wind Team) အဖွဲ့တဲ့... ပြီးတော့ ဒဏ္ဍာရီလာ ပါရမီရှင် အပျော်တမ်း ကားမောင်းသမား တစ်ယောက်နဲ့... နေမဝင်အင်ပါယာရဲ့ ယခင် ကားမောင်းဘုရင်ကြီးရဲ့ သားတော်လည်း ပါတယ်တဲ့"

"အဲ့ဒီ ဒဏ္ဍာရီလာ ပါရမီရှင်က တစ်နိုင်ငံလုံး လှည့်ပတ်ပြီး ကားမောင်းကျွမ်းကျင်သူတွေကို လိုက်စိန်ခေါ်နေတာ... အဲ့ဒီမှာ မတော်တဆ 'လေစွမ်းအား သားတော်' အဖွဲ့ရဲ့ ခေါင်းဆောင်ကို နိုင်သွားတယ်... တစ်ချိန်တည်းမှာပဲ ယခင် ကားမောင်းဘုရင်ကြီးရဲ့ သားတော်ကိုလည်း သွားတွေ့မိတယ်... အဲ့ဒါနဲ့ သူတို့က ဒီလို ပြိုင်ပွဲကြီး ဖြစ်လာအောင် စီစဉ်လိုက်ကြတာတဲ့..."

သူမ၏ ရှင်းပြချက်ကို နားထောင်ရင်း၊ ဖဲရိုးဘီ ကားပြိုင်ကွင်းသို့ မောင်းနှင်လာခဲ့ရာ... ယဲ့ဖန်သည် ပြိုင်ပွဲ၏ အခြေအနေကို ယေဘုယျ နားလည်သွားလေတော့၏။

ပြိုင်ပွဲတွင် အဓိက အုပ်စုကြီး သုံးခု ပါဝင်ပြီး၊ အားလုံးက ဒဏ္ဍာရီဆန်ကြသည်။

'လေစွမ်းအား သားတော်' ပရော်ဖက်ရှင်နယ် အဖွဲ့သည် နေမဝင်အင်ပါယာ၏ ထိပ်တန်း အဖွဲ့တစ်ဖွဲ့ ဖြစ်ပြီး၊ နိုင်ငံတကာ ပြိုင်ပွဲများတွင် ဆုတံဆိပ်များစွာ ရရှိခဲ့ဖူးသည်။ သူတို့၏ ခေါင်းဆောင်ဖြစ်သူ 'လေစွမ်းအား သားတော်' မှာ အလွန် မောက်မာသူ ဖြစ်ပြီး၊ ပြိုင်ပွဲတစ်ခုတွင် တစ်စုံတစ်ယောက်၏ ကျော်တက်ခြင်းကို ခံလိုက်ရပြီးနောက်... ထိုလူကို အငြိုးထားကာ လိုက်လံ စိန်ခေါ်နေခြင်း ဖြစ်သည်။

ဆန်မူစီ (Sen Musi) သည် နေမဝင်အင်ပါယာ၏ ဒဏ္ဍာရီလာ ပါရမီရှင် ကားမောင်းသမား ဖြစ်သည်။ မည်သည့် ပရော်ဖက်ရှင်နယ် အဖွဲ့နှင့်မျှ မပူးပေါင်းဖူးသော်လည်း၊ ပရော်ဖက်ရှင်နယ် ပြိုင်ပွဲများ အပါအဝင် မည်သည့် ပြိုင်ပွဲတွင်မျှ ရှုံးနိမ့်ဖူးခြင်း မရှိပေ။ ကျွမ်းကျင်သူတို့၏ အထီးကျန်ဆန်မှုကို ခံစားလိုက်ရ၍လား မသိ၊ သူသည် စီနီယာအချို့ထံမှ သင်ယူပြီးနောက်... နိုင်ငံအနှံ့ လှည့်လည်ကာ လျှို့ဝှက် ကျွမ်းကျင်သူများကို လိုက်လံ စိန်ခေါ်နေခြင်း ဖြစ်သည်။ မတော်တဆ 'လေစွမ်းအား သားတော်' ကို အနိုင်ရခဲ့ပြီးနောက်၊ ဖော့ခ်စီးတီး( မြူခိုးမြို့တော်)တွင် နောက်ထပ် ကျွမ်းကျင်သူ တစ်ဦးနှင့် ဆုံတွေ့ခဲ့သဖြင့်... ဤကဲ့သို့ အဆင့်မြင့် ပြိုင်ပွဲကြီးကို ဖန်တီးလိုက်ခြင်း ဖြစ်သည်။

ရှန်ရှု (Shangshu) သည် နေမဝင်အင်ပါယာ၏ ယခင် ကားမောင်းဘုရင်ကြီး၏ တစ်ဦးတည်းသော သားဖြစ်ပြီး၊ လက်ရှိတွင် မိသားစုပိုင် ကြက်ကြော်နှင့် ဟမ်ဘာဂါဆိုင်တွင် ပို့ဆောင်ရေးသမား (Delivery Man) အဖြစ် လုပ်ကိုင်နေ၏။ ငယ်စဉ်ကတည်းက ဖခင်ထံမှ ကားမောင်းပညာ သင်ယူခဲ့သော်လည်း၊ မိမိ၏ စွမ်းရည်ကို သေချာ နားမလည်ခဲ့ပေ။ သို့သော် လွန်ခဲ့သော ရက်ပိုင်းက အစားအသောက် ပို့ဆောင်ရင်း ဆန်မူစီ၏ ကားကို ကျော်တက်ခဲ့မိသဖြင့်... ဆန်မူစီက သူ့အိမ်တိုင်ရာရောက် လာရောက် စိန်ခေါ်ခြင်း ခံခဲ့ရသည်။

ပါဝင်ယှဉ်ပြိုင်သူ သုံးဦးစလုံးသည် ဒဏ္ဍာရီဆန်လွန်းလှသဖြင့်၊ လာရောက်ကြည့်ရှုသူများနှင့် လောင်းကြေးထပ်သူများ အလွန် များပြားနေခြင်း ဖြစ်သည်။

ကြားရသလောက် ဆိုလျှင် စုစုပေါင်း လောင်းကြေးပမာဏသည် ဒေါ်လာ တစ်ဘီလီယံ အထိပင် ရောက်ရှိနေပြီဟု ဆိုသည်။

"ဦး... ကျွန်မတို့ ဘယ်သူ့ဘက်က လောင်းကြမလဲဟင်”

အခန်း (၁၇၁၅) - အပြင်မှာ မင်း ဒီလိုပုံစံ ဖြစ်နေတာကို မင်းအမေကော သိရဲ့လား

~မီလီသည် မိမိကိုယ်မိမိ သူစိမ်း တစ်ယောက်ဟူ၍ သဘောမထားချေ။ သူမသည် မေးခွန်းမေးနေစဉ်မှာပင် ပီကေ တစ်ခုကို ထုတ်ယူကာ စတင်ဝါးနေလိုက်၏။

ချောမွတ်ဖြူဝင်းနေသော ခြေတံအစုံကို ပူးကပ်ထားပြီး၊ ဟိုဒီ လှုပ်ရမ်းနေသည်။

ယဲ့ဖန်သည် မနေနိုင်တော့ဘဲ သူမကို လှည့်ကြည့်လိုက်မိ၏။

"မလှုပ်နဲ့တော့ကွာ... ငါ မျက်စိနောက်လာပြီ"

မီလီသည် ကောက်ကျစ်စွာ ပြုံးလိုက်သည်။

"တကယ်လား"

ပြောပြောဆိုဆိုပင် သူမသည် ဂါဝန်စကို အပေါ်သို့ အနည်းငယ် ပင့်တင်လိုက်သယောင် ဟန်ဆောင်လိုက်၏။

"..."

ယဲ့ဖန်သည် ယာဉ်စည်းကမ်းကို ခေတ္တမျှ လျစ်လျူရှုလိုက်ရတော့၏။ သူသည် ဂါဝန်စကို ဆွဲတင်နေသော သူမ၏ လက်ကို ဖြတ်ခနဲ ရိုက်ချလိုက်၏။

မထင်မှတ်ထားစွာပင်၊ မီလီသည် အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိသည့်အပြင်... သူ့ကို ပြုံးပြကာ မျက်စိတစ်ဖက်ပင် မှိတ်ပြလိုက်သေးသည်။

"ဘယ်လိုနေလဲ ဦး"

"ချောမွတ်ပြီး နူးညံ့နေတာပဲလား... အရိုးမပါသလို ပျော့ပျောင်းနေတာလား"

ယဲ့ဖန်သည် သူမကို အထင်ကြီးလေးစားမိသွားရတော့၏။ သူ၏ လက်ကို ပြန်ရုတ်သိမ်းလိုက်ပြီးနောက်၊ သူမကို မကြည့်ဘဲ မနေနိုင်တော့ပေ။

"အပြင်မှာ မင်း ဒီလိုပုံစံ ဖြစ်နေတာကို မင်းအမေကော သိရဲ့လား"

"ဘယ်သိမလဲ"

မီလီကမူ ပီကေကို ဝါးရင်း ပေါ့ပါးစွာပင် ပြန်ပြောလိုက်၏။

"သူတို့ရှေ့နဲ့ တခြားလူတွေရှေ့မှာဆိုရင် ကျွန်မက အရမ်း လိမ္မာတာလေ"

"ဦးလို ကျွန်မရဲ့ စိတ်ကူးထဲက ပုံစံမျိုးကိုပဲ စနောက်ချင်တာပါ"

"တခြားလူတွေက ကျွန်မကို လာစရင်တောင်... ကျွန်မက ဂရုစိုက်မှာ မဟုတ်ဘူး"

"မင်းနဲ့ လိုက်ကစားဖို့ သဘောတူလိုက်မိတာ မှားသွားပြီလို့ ရုတ်တရက် ခံစားလိုက်ရတယ်"

ယဲ့ဖန် ခေါင်းခါလိုက်သည်။

ထိုအခါ မီလီ တခစ်ခစ် ရယ်မောလိုက်၏။

"အဟင်း..နောင်တရဖို့ အချိန်မနှောင်းသေးပါဘူး"

"ဘယ်လိုပဲဖြစ်ဖြစ် ဦးက ကျွန်မရဲ့ ပင်လယ်ဓားပြလှေပေါ်ပဲ ရောက်နေသေးတာလေ... ပင်လယ်ဓားပြ ကုတင်ပေါ် ရောက်နေတာမှ မဟုတ်တာ"

ပြောပြောဆိုဆိုပင် သူမသည် ဖြူဝင်းချောမွတ်သော ခြေထောက်များကို နောက်တစ်ကြိမ် ထပ်မံ လှုပ်ရမ်းလိုက်ပြန်သည်။

လူရမ်းကားလုပ်သည့် နေရာတွင် သူမကို မယှဉ်နိုင်မှန်း ယဲ့ဖန် နားလည်လိုက်လေတော့၏။ သူသည် မိမိ၏ အားနည်းချက်ဖြင့် တစ်ဖက်လူ၏ အားသာချက်ကို မတိုက်ခိုက်လိုတော့သဖြင့် စကားလမ်းကြောင်း လွှဲလိုက်၏။

"ပြိုင်မယ့် သုံးသင်းထဲမှာ ဘယ်အသင်းက နိုင်နိုင်ခြေ ပိုရှိတယ်လို့ မင်း ထင်သလဲ"

"ကားပြိုင်ပွဲနဲ့ ပတ်သက်ရင်တော့ ကျွန်မ တော်တော်လေး လောင်းဖူးတယ်"

မီလီသည်လည်း အာရုံပြောင်းလွယ်သူ ဖြစ်ပေသည်။

"ကျွန်မရဲ့ ကျွမ်းကျင်တဲ့ အမြင်နဲ့ ဆုံးဖြတ်ရမယ်ဆိုရင်တော့... ဒီပြိုင်ပွဲက တော်တော်လေး ရင်ခုန်စရာ ကောင်းတယ်"

" 'လေစွမ်းအား သားတော်' (Son of the Wind) ပရော်ဖက်ရှင်နယ် အဖွဲ့က နေမဝင်အင်ပါယာမှာ ပထမတန်းစား အဖွဲ့ပဲ... သူတို့က အချိန်အကြာကြီး လေ့ကျင့်ထားရသလို၊ မရေမတွက်နိုင်တဲ့ ပရော်ဖက်ရှင်နယ် ပြိုင်ပွဲတွေကိုလည်း ဖြတ်သန်းခဲ့ဖူးတယ်... ဒါ့အပြင် သူတို့အဖွဲ့ရဲ့ နောက်ကွယ်မှာ ကူညီပံ့ပိုးပေးနေတဲ့ ထောက်ပံ့ရေး အဖွဲ့လည်း ရှိသေးတယ်... ယာဉ်တွေကို ပြုပြင်မွမ်းမံပေးတာတို့၊ လေ့ကျင့်ရေး အစီအစဉ်တွေ ရေးဆွဲပေးတာတို့ လုပ်ပေးကြတာပေါ့... အရင်တုန်းက 'လေစွမ်းအား သားတော်' ခေါင်းဆောင်က ပေါ့ဆလို့ ဆန်မူစီကို တစ်ကြိမ် ရှုံးခဲ့ဖူးတယ်... ဒါပေမဲ့ ဒီလို တရားဝင် ပြိုင်ပွဲမှာ သူတို့သာ အစွမ်းကုန် ကြိုးစားလာရင် ဘယ်သူနိုင်မလဲ ဆိုတာ ပြောရခက်တယ်"

"ဆန်မူစီ (Sen Musi) အကြောင်းကိုတော့ ကျွန်မ ပြောပြပြီးပြီနော်... သူက နေမဝင်အင်ပါယာရဲ့ နာမည်ကျော် ပါရမီရှင် အပျော်တမ်း ကားမောင်းသမားပဲ... အပျော်တမ်း ဆိုပေမယ့် သူ့ရဲ့ စွမ်းရည်က အနည်းဆုံး ခုနစ်ထပ်၊ ရှစ်ထပ်လောက် မြင့်မားတယ်... အရင်က ပြိုင်ပွဲပေါင်း ရာချီ ပြိုင်ခဲ့ဖူးပေမယ့် တစ်ခါမှ မရှုံးဖူးဘူး... ကားမောင်းကျွမ်းကျင်မှု အပိုင်းမှာတော့ သူက တကယ့်ကို ဘီလူးတစ်ကောင်လိုပဲ... ဒါ့အပြင် သူ့ရဲ့ နောက်ခံကလည်း အရမ်း တောင့်တင်းတယ်... သူ့မိဘတွေ ပူးပေါင်းဖွင့်လှစ်ထားတဲ့ နျူကလီးယား ဆေးဘက်ဆိုင်ရာ ကုမ္ပဏီက အင်ပါယာရဲ့ ထိပ်တန်း ဆေးဘက်ဆိုင်ရာ အုပ်စုတွေထဲက တစ်ခုလေ... သူ မောင်းတဲ့ ကားကလည်း ကမ္ဘာ့ထိပ်တန်း စွမ်းဆောင်ရည်ရှိတဲ့ ကားဖြစ်ပြီး၊ ပရော်ဖက်ရှင်နယ် အဖွဲ့တစ်ဖွဲ့က သူ့အတွက် သီးသန့် ပြင်ဆင်ပေးထားတာပါ"

"ဒီပြိုင်ပွဲမှာ သူတို့ရဲ့ အခြေခံ အချက်အလက်တွေက တူညီလုနီးပါးပဲ... နှစ်ဖက်စလုံး နိုင်နိုင်ခြေ အရမ်းများပါတယ်"

သူမက ထိုနှစ်သင်းကိုသာ အလေးပေး ပြောကြားနေသည်ကို ကြားလိုက်ရသဖြင့် ယဲ့ဖန် ခေါင်းညိတ်လိုက်၏။

"ဒါဆို မင်း ဆိုလိုတာက... ဒီပြိုင်ပွဲမှာ ဒီအသင်းနှစ်သင်းကို ပိုပြီး အထင်ကြီးတယ် ဆိုတဲ့ သဘောပေါ့ကွ"

"အဲ့လိုတော့ မဟုတ်ပါဘူး"

မီလီသည် ပီကေပူဖောင်း တစ်လုံး မှုတ်ထုတ်လိုက်သည်။ ပူဖောင်း ကွဲသွားသောအခါ လျှာဖြင့် လှိမ့်ကာ ပါးစပ်ထဲသို့ ပြန်သွင်းလိုက်ပြီးမှ ဆက်ပြော၏။

"နောက်ဆုံးတစ်ယောက် ဖြစ်တဲ့ ရှန်ရှု (Shangshu) ကလည်း လွယ်လွယ်နဲ့ ကစားလို့ ရမယ့်သူ မဟုတ်ဘူး"

"သူ့အဖေ ရှန်ယွင်တန် (Shang Yundun) က တစ်ချိန်တုန်းက နေမဝင်အင်ပါယာရဲ့ အပြောင်မြောက်ဆုံးနဲ့ ဒဏ္ဍာရီအဆန်ဆုံး ကားမောင်းဘုရင်ကြီးလေ... အနောက်တိုင်း ကားမောင်းသမားတွေ အကုန်လုံးကို အနိုင်ယူခဲ့ပြီး၊ ကမ္ဘာ့ပြိုင်ကားလောကရဲ့ အမြင့်ဆုံး ပလ္လင်ပေါ်ကို တက်လှမ်းနိုင်မယ့် အလားအလာ ရှိခဲ့တဲ့သူမျိုး... သူ့ရဲ့ ကားမောင်းစွမ်းရည်က အံ့မခန်းပဲ... ကံဆိုးတာက သူ့ဘဝ အထွတ်အထိပ် ရောက်နေချိန်မှာ အရိုင်းဆန်တဲ့ အမျိုးသမီးတစ်ယောက်နဲ့ ချစ်ကြိုက်မိသွားတယ်... အဲ့ဒီနောက်မှာတော့ အချစ်စိတ်ကြောင့် ကျဆုံးသွားပြီး လောကကြီးကို ကျောခိုင်းကာ အေးအေးဆေးဆေး နေထိုင်သွားခဲ့တယ်"

"ရှန်ယွင်တန်ရဲ့ သားဖြစ်တဲ့အပြင်၊ ဖခင်ရဲ့ လွှမ်းမိုးမှုအောက်မှာ ကြီးပြင်းလာခဲ့ရတဲ့ ရှန်ရှုရဲ့ စွမ်းရည်ကလည်း သေချာပေါက် ထိပ်တန်းအဆင့်မှာ ရှိနေမှာပဲ"

"ဆန်မူစီက သူ့ကို ကားမောင်းတာ တစ်ခါပဲ မြင်ဖူးပေမယ့်၊ ဒီပြိုင်ပွဲမှာ ပါဝင်လာဖို့ နည်းလမ်းပေါင်းစုံ သုံးပြီး ဖိတ်ခေါ်ခဲ့တယ် ဆိုတဲ့ အချက်ကို ကြည့်ရင် သိနိုင်ပါတယ်"

"ဒါဆို မင်းပြောချင်တာက... 'လေစွမ်းအား သားတော်' အဖွဲ့မှာက ထူးချွန်တဲ့ ပရော်ဖက်ရှင်နယ် ဆန်မှုနဲ့ ပထမတန်းစား ပစ္စည်းကိရိယာတွေ ရှိတယ်... ဆန်မူစီမှာလည်း ပထမတန်းစား ကားမောင်းကျွမ်းကျင်မှုနဲ့ ပထမတန်းစား ပစ္စည်းကိရိယာတွေ ရှိတယ်... ရှန်ရှုရဲ့ ကားမောင်းကျွမ်းကျင်မှုကိုတော့ ခန့်မှန်းလို့ မရသေးဘူး... ဒီတစ်ခါ သုံးဖက်စလုံး နိုင်နိုင်ခြေ ရှိနေပြီး၊ ဘယ်လိုမှ ကြိုတင်ခန့်မှန်းလို့ မရဘူး ဆိုတဲ့ သဘောပေါ့"

ယဲ့ဖန်သည် အချိန်ကြာမြင့်စွာ ခွဲခြမ်းစိတ်ဖြာပြီးနောက် ရလဒ်မှာ ဤကဲ့သို့ ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့မိပေ။ ရယ်ရမလို ငိုရမလိုပင် ဖြစ်သွားလေတော့၏။

မီလီ ခေါင်းညိတ်လိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်၏။

"ဟုတ်တယ်"

"ဒီပြိုင်ပွဲရဲ့ ရလဒ်က ဘယ်လိုမှ ခန့်မှန်းလို့ မရနိုင်တာမို့လို့ လူတွေရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်နေတာပေါ့... ကြည့်ရတာ ပိုပြီး ပျော်စရာ ကောင်းတာပေါ့"

"ဦး... ခဏနေကျရင် ကျွန်မတို့ အန်စာတုံး ခေါက်ကြမလား"

"ဘယ်အသင်း ကျလဲ... အဲ့ဒီအသင်း နိုင်မယ်ဆိုပြီး လောင်းကြေးထပ်ကြမယ်လေ"

"ဒါက ကိုယ့်ပိုက်ဆံကိုယ် မလေးစားရာ မရောက်လွန်းဘူးလားကွာ"

ယဲ့ဖန် သူမကို ကြည့်လိုက်၏။

"ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ သေချာ လေ့လာကြည့်သင့်တာပေါ့"

"ကျွန်မ လေ့လာပြီးပြီလေ"

မီလီသည် ပီကေဝါးနေခြင်းကို ရပ်တန့်လိုက်သည်။

"ဒါ ကျွန်မ သေသေချာချာ လေ့လာပြီးမှ ရလာတဲ့ ရလဒ်ပဲ"

"သူတို့ သုံးယောက်စလုံးက စွမ်းရည်ရော ပစ္စည်းကိရိယာရော အရမ်း ကောင်းကြတယ်"

"ပစ္စည်းကိရိယာ အပိုင်းမှာ နည်းနည်း အားနည်းတာကတော့ ရှန်ရှု ဖြစ်လောက်တယ်"

"ကြားတာတော့ သူ့အိမ်က ကြက်ကြော်နဲ့ ဟမ်ဘာဂါဆိုင် ဖွင့်ထားတာတဲ့... သူတို့ သုံးမယ့် ပြိုင်ကားကလည်း သာမန် AE86 လေးပါပဲ... စက်ပစ္စည်း အပိုင်းမှာတော့ 'လေစွမ်းအား သားတော်' နဲ့ ဆန်မူစီတို့ထက် တစ်ဆင့် နိမ့်နေတယ်"

ယဲ့ဖန် ခေါင်းခါလိုက်၏။

"ခဏနေ ရောက်ရင် ငါ သွားကြည့်လိုက်ဦးမယ်"

"တကယ်လို့ မင်း လောင်းချင်တယ်ဆိုရင် ငါ လောင်းတဲ့ဖက်ကို လိုက်လောင်းဖို့သာ မှတ်ထား"

မီလီသည် သူ၏ ဆိုလိုရင်းကို နားလည်သွားပုံရပြီး ချက်ချင်း လှမ်းကြည့်လိုက်သည်။

"ဦးက ကားပြိုင်တာကို နားလည်လို့လား"

ယဲ့ဖန် ခေါင်းညိတ်လိုက်ပြီး ရေရေရာရာ မရှိသော ပုံစံဖြင့် ပြောလိုက်၏။

"ကားပြိုင်တာ... စက်မှုပညာ... နည်းနည်းပါးပါးတော့ သိပါတယ်"

"ခဏနေ ကွင်းထဲရောက်ရင် သူတို့ရဲ့ ပစ္စည်းကိရိယာတွေကို သွားကြည့်လိုက်မယ်... သူတို့ရဲ့ စွမ်းဆောင်ရည်ကို မြင်ပြီးရင်တော့ ၈၀၊ ၉၀ ရာခိုင်နှုန်းလောက် အတည်ပြုနိုင်မှာပါ"

"မဆိုးဘူးပဲ ဦး"

မီလီ၏ မျက်လုံးများ ချက်ချင်း အရောင်တောက်သွားလေတော့၏။

"ဦးက တော်တော်လေး သိတာပဲနော်"

"ဒီလိုမျိုး ကိုယ့်ကိုယ်ကိုယ် ကြွားဝါရတာ နည်းနည်းတော့ ရှက်ဖို့ကောင်းပေမယ့်... ဒီတစ်ခါတော့ ငါ ပုံကြီးချဲ့ ပြောနေတာ မဟုတ်ပါဘူး"

ယဲ့ဖန် ပြုံးလိုက်၏။

"ဒီနယ်ပယ် နှစ်ခုမှာတော့... ငါ့ရဲ့ စံနှုန်းက အမှတ် သန်းတစ်ရာလောက် ရှိပါတယ်"

သူသည် မီလီနှင့် ခေတ္တမျှ စကားစမြည် ပြောဆိုပြီးနောက်၊ ပြိုင်ပွဲ၏ အခြေအနေ အတိအကျနှင့် လောင်းကြေးထပ်ပုံတို့ကို နားလည်သဘောပေါက်သွား၏။ ထို့နောက် သူမကို ခေါ်ဆောင်ကာ ဖဲရိုးဘီ တောင်ကုန်းဆီသို့ မောင်းနှင်လာခဲ့လေတော့၏။

သူတို့နှစ်ဦး မောင်းဝင်လာသောအခါ၊ တောင်ကုန်းပေါ်တွင် လူများနှင့် ဇိမ်ခံကားများ အများအပြား စုဝေးရောက်ရှိနေကြပြီ ဖြစ်သည်။

ဆူညံပွက်လောရိုက်နေ၏။

ယဲ့ဖန်သည် လွတ်နေသော နေရာလွတ်တစ်ခုကို ရှာဖွေကာ ကားရပ်လိုက်ပြီး၊ မီလီကို ခေါ်ဆောင်၍ လျှောက်သွားရန် ပြင်လိုက်သည်။

မထင်မှတ်ထားစွာပင်၊ ကားပေါ်မှ ဆင်းလိုက်သည်နှင့် တပြိုင်နက်... ဘေးနားမှ လှောင်ပြောင်လိုသော အသံတစ်သံ ထွက်ပေါ်လာတော့၏။

“အိုးဟိုး... ဘယ်သူများလဲလို့”

All Chapters