← Chapters

အခန်း (၁၇၁၆-၁၇၁၈)

Vol. 91 Ch. 1716-1718

အခန်း (၁၇၁၆-၁၇၁၈)

Vol. 91 Ch. 1716-1718

အခန်း (၁၇၁၆) - စကားပြော ဆင်ခြင်စမ်း

~"တို့ရဲ့ ချီလီလေး (chilly)က အမျိုးသားတစ်ယောက်နဲ့ အတူတူ လာတယ်တဲ့ဟေ့... ဒါမျိုး တစ်ခါမှ မကြုံဖူးပါလား"

"အလို... အလို... ငါ မှတ်မိသလောက်ဆိုရင် တစ်စုံတစ်ယောက်သော ချီလီလေး (chilly)က ပြောဖူးတယ်... ဒီတစ်သက် ဘယ်တော့မှ အချစ်ကို လက်ခံမှာ မဟုတ်ဘူးတဲ့... ဟုတ်တယ်မလား"

"အခုတော့ လူတိုင်းရှေ့မှာ သူ့စကားသူ ပြန်ရုပ်သိမ်းတော့မယ်ပေါ့လေ"

ယဲ့ဖန်သည် အသံလာရာဘက်သို့ လှည့်ကြည့်လိုက်၏။ အရပ်ရှည်ရှည် ထွားထွားကြိုင်းကြိုင်းနှင့် တော်တော်လေး ရုပ်ဖြောင့်သော အမျိုးသားတစ်ဦး ဖြစ်သည်။ ရုပ်ရှင်ဇာတ်ကားများထဲမှ ဝံပုလွေ လူသား ဇာတ်ကောင်နှင့်ပင် တူသေးတော့သည်။ ထိုအမျိုးသားသည် ဘယ်ဘက်နှင့် ညာဘက်တွင် မော်ဒယ်မလေး နှစ်ဦးကို ဖက်ထားပြီး၊ ဆေးပြင်းလိပ် သောက်ရင်း မျက်လုံးမှေးကာ ကြည့်နေ၏။

သေချာသည်မှာ... သူသည် မီလီကို ကြည့်နေခြင်း ဖြစ်သည်။

မီလီသည် ထိုလူနှင့် ရင်းနှီးကျွမ်းဝင်ပုံ ရသည်။ သူ၏ ပုံစံကို မြင်လိုက်ရသောအခါ သူမ မဲ့ရွဲ့လိုက်၏။

"မိန်းမဆိုတာ စိတ်ပြောင်းလွယ်တယ်လေ"

"ငါက ရုတ်တရက် အချစ်ကို လက်ခံချင်စိတ် ပေါက်လာတယ်... နင် ဘာတတ်နိုင်လဲ"

"ပြီးတော့ ငါက အခုမှ အချစ်ကို လက်ခံချင်စိတ် ပေါက်လာရုံ ရှိသေးတာ... တကယ် ချစ်နေတာ မဟုတ်သေးဘူး... နင်ကရော... နာမည်မဖော်လိုတဲ့ သခင်လေး ဝုဖ်ဂန်းက ပြောဖူးတယ်လေ... ချစ်သူရဲ့ သစ္စာဖောက်ခြင်းကို ခံရပြီးတဲ့နောက် မိန်းမတွေကို ဘယ်တော့မှ စိတ်မလှုပ်ရှားတော့ဘူး ဆို... ဟုတ်တယ်မလား"

"အခုကျတော့ ဘာလို့ လူကြားထဲမှာ မိန်းမတွေကို ဖက်ပြီး ပရောပရည် လုပ်နေရတာလဲ"

ဆေးပြင်းလိပ်နှင့် လူကမူ ဂရုစိုက်ပုံ မရပေ။ သူသည် ရယ်မောလိုက်ပြီး ဘေးနားမှ အလှပဂေးနှစ်ဦးကို ဆက်လက် ပွတ်သပ် ကစားနေ၏။

"ငါ သူတို့ကို စိတ်ဝင်စားတာ မဟုတ်ပါဘူး... အားနေလို့ သူတို့ ခန္ဓာကိုယ်တွေနဲ့ ဆော့ကစားနေရုံ သက်သက်ပါပဲ"

အလှပဂေးနှစ်ဦးသည် ထိုစကားကို ကြားလိုက်ရသောအခါ မျက်နှာပျက်သွားရှာသည်။

သို့သော် ဝုဖ်ဂန်းသည် စကားဆုံးသည်နှင့် လက်ထဲမှ ရွှေနာရီနှင့် ကျောက်စိမ်းလက်စွပ်တို့ကို သူတို့၏ အင်္ကျီကော်လာကြားထဲသို့ ပေါ့ပေါ့ပါးပါး ထိုးထည့်ပေးလိုက်၏။ ထိုအခါ သူတို့၏ မျက်နှာထားများသည် ချက်ချင်းပင် ပုံမှန် ပြန်ဖြစ်သွားကြပြီး၊ ယခင်ကထက်ပင် ပိုမို၍ ဖားယားလာကြသည်။ ဝုဖ်ဂန်း၏ လက်ကို သူတို့၏ လျှို့ဝှက်နေရာများဆီသို့ပင် အတင်း ဆွဲယူသွားကြသေးသည်။

"ဟုတ်ပါတယ်... ဟုတ်ပါတယ်... သခင်လေး ဝုဖ်ဂန်းနဲ့ ကျွန်မတို့က ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေး သက်သက်ပါပဲ... ရှုပ်ထွေးတဲ့ စိတ်ခံစားမှုတွေ မပါပါဘူးရှင်"

"ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့"

မီလီသည် ထိုမိန်းမနှစ်ယောက်ကို အထင်သေးစွာ ကြည့်လိုက်၏။ သူမသည် ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။

"ငါ ပြောရလိမ့်မယ် ဝုဖ်ဂန်း... နင့်ရဲ့ အကြိုက်က အခု တော်တော် အောက်တန်းကျသွားတာပဲ"

ဝုဖ်ဂန်းသည် ဆေးလိပ်ငွေ့များကို မှုတ်ထုတ်လိုက်ပြီး ဂရုမစိုက်သလို ပြန်ပြောလိုက်၏။

"မစမ်းသပ်ကြည့်ဖူးဘဲနဲ့ သူတို့ မကောင်းဘူးလို့ နင် ဘယ်လို သိနိုင်မလဲ"

"ငါတို့ ယောက်ျားတွေရဲ့ စံနှုန်းအရ ပြောရရင်... သူတို့က အများကြီး သိတယ်... ပြီးတော့ အရမ်း ပွင့်လင်းတယ်... တကယ့် လက်တွေ့ပွဲ ရောက်ရင် ဟို အထက်တန်းစား ဆိုတဲ့ မိန်းမတွေထက် အများကြီး သာတယ်"

"နင် မယုံရင် နင့်ရဲ့ ချစ်သူကို မေးကြည့်လိုက်လေ... တကယ်လို့သာ သူ့သဘောထားကို မေးမယ်ဆိုရင်... ကားအသစ်ကို သဘောကျတာအပြင်... ကိုယ်မောင်းချင်သလို မောင်းလို့ရပြီး၊ ကိုယ့်လိုအပ်ချက်ကို နားလည်ပေးနိုင်တဲ့... ကိုယ့်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တဲ့... အလိုအလျောက်တောင် မောင်းပေးနိုင်တဲ့ ကားမျိုးကို ပိုကြိုက်တယ်လို့ ဖြေမှာ သေချာတယ်"

"ထွီ"

မီလီသည် သူ့ကို တံတွေးနှင့် လှမ်းထွေးလိုက်၏။

"စကားပြော ဆင်ခြင်စမ်း"

"နေ့ခင်းကြောင်တောင်ကြီး လူတွေ အများကြီး ရှေ့မှာ... အဲ့ဒီလို ညစ်ညမ်းတဲ့ စကားတွေ မပြောနဲ့"

"ပြီးတော့ ငါ့ကို လေးစားမှု နည်းနည်းလောက် ပေးစမ်းပါ... ငါ့ဘေးနားက ဦးက ငါ့ရဲ့ Crushပဲ ရှိသေးတာ... ဘာ ချစ်သူလဲ... နားထောင်ရတာ ရိုင်းလွန်းမနေဘူးလား"

"Crush ဟုတ်လား"

ဝုဖ်ဂန်းသည် ယဲ့ဖန်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး၊ ခေါင်းအစ ခြေအဆုံး အကဲခတ်ကာ အကျယ်ကြီး အော်ရယ်လိုက်လေတော့သည်။

"နင့်ရဲ့ အကြိုက်ကလည်း ငါ့ထက် သိပ်သာတာ မဟုတ်ပါဘူးဟ"

"ငါ ကစားနေတဲ့ မော်ဒယ်မလေးတွေက အနည်းဆုံးတော့ ရာဂဏန်းထဲက တစ်ယောက်လောက် ရွေးထားတာ... ရုပ်ရည်ရော ခန္ဓာကိုယ်ရော အပြစ်ပြောစရာ မရှိဘူး... ပြီးတော့ ပရော်ဖက်ရှင်နယ် သင်တန်းတွေ ဆင်းထားတာမို့လို့ အရာအားလုံး ကျွမ်းကျင်တယ်"

"နင့်ဘေးနားက အစ်ကိုကြီးက ရုပ်ရည် မဆိုးဘူး ဆိုပေမယ့်... သူ့ရဲ့ အရပ်အမောင်းနဲ့ ခန္ဓာကိုယ်က ငါတို့ အင်ပါယာမှာ သာမန်လောက်ပဲ ရှိတာ မဟုတ်ဘူးလား"

"ပွင့်ပွင့်လင်းလင်း ပြောရရင်... ငါ့ရဲ့ သက်တော်စောင့်တွေထဲက ကြိုက်တဲ့တစ်ယောက်က သူ့ကို အရပ်အမောင်းရော ခန္ဓာကိုယ်ရော အသာစီး ရနေတယ်"

"နင်က သူ့ရဲ့ ဘာကို ကြိုက်တာလဲ... သူ့ရဲ့ အထူးစွမ်းရည်ကိုလား... ဒါမှမဟုတ် သူ့ရဲ့ အလုပ်ကိုလား"

"ငါ ပြောပြီးပြီလေ... လေးစားမှု ရှိပါလို့... ဘာလို့ ညစ်ညမ်းတဲ့ စကားတွေ ဆက်ပြောနေတာလဲ"

မီလီသည် အင်္ကျီလက်မောင်းကို ပင့်တင်လိုက်၏။

"နင် အရိုက်ခံချင်နေတာလား"

ဝုဖ်ဂန်းသည် မီလီ ဒေါသထွက်လာမည်ကို ကြောက်ရွံ့ပုံရသည်။ သူသည် ချက်ချင်းပင် ရပ်တန့်လိုက်၏။

"ငါက စတာပါဟ"

"နင်က ဘာလို့ ဒီလောက်တောင် ပျာယာခတ်နေရတာလဲ"

"နင် အကြိုက်ဆုံး လူသားက နင့်ရဲ့ ဟန်ဆောင်ထားတဲ့ ပုံရိပ်ကို သိသွားပြီး... နောက်ကျရင် နင့်ကို ရှောင်ဖယ်သွားမှာ ကြောက်နေတာလား"

"သွားစမ်းပါ"

မီလီ သူ့စကားကို ဖြတ်ပြောလိုက်၏။

"ဒီမမကြီးက ဘယ်တုန်းကမှ ဟန်မဆောင်ခဲ့ဖူးဘူး... ဟုတ်ပြီလား"

"နင့်အကြောင်း ပြောရမယ်ဆိုရင်... နင့်ရဲ့ ရည်းစားဟောင်းက နင့်ကို အကြီးအကျယ် ဖောက်ပြန်သွားတယ်လို့ ကြားတယ်... နင်က လူကွယ်ရာမှာ အကြိမ်ကြိမ် ငိုကြွေးခဲ့ပေမယ့်... ငါတို့ရှေ့မှာတော့ သန်မာချင်ယောင် ဆောင်နေခဲ့တယ် ဆို"

ဝုဖ်ဂန်းသည် ထိုကိစ္စကို ကြားလိုက်ရသောအခါ အနည်းငယ် ရှက်ရွံ့သွားပုံရပြီး၊ လေသံ ပျော့သွား၏။

"ကြည့်ပါဦး... နင်က ဘာလို့ အဲ့ဒီအကြောင်း ပြန်ပြောနေတာလဲ.. ငါတို့က သူငယ်ချင်းတွေလေဟာ"

"ဪ... သူငယ်ချင်းတွေ မို့လို့လား... ဒါဆို ခုနက နင် ဘာလို့ ငါ့ကို လှောင်ပြောင်နေတာလဲ... ငါ့ရဲ့ crush ရှေ့မှာ ဘာလို့ ငါ့ကို အရှက်ခွဲနေတာလဲ"

မီလီ နှာခေါင်းရှုံ့လိုက်၏။

"အဲ့ဒီအကြောင်း ပြောမိမှ ရုတ်တရက် သတိရတယ်... နင့်ရဲ့ ရည်းစားဟောင်းက လွန်ခဲ့တဲ့ ရက်ပိုင်းက နင့်ကို နောက်တစ်ခါ ထပ်ပြီး ဒုက္ခပေးသွားပြန်ပြီလို့ ကြားတယ်"

"နင် သူ့ကို ပေးထားတဲ့ တိုက်ခန်းထဲမှာ တခြား ယောကျာ်းတစ်ယောက်နဲ့ အတူတူ အိပ်ခဲ့တယ် ဆို... နင် မီတာခ ဆောင်ပေးထားတဲ့ လျှပ်စစ်မီးကို သုံးပြီး... နင် ဝယ်ပေးထားတဲ့ စမတ် မွေ့ရာ (Smart Mattress) ပေါ်မှာ အိပ်ခဲ့ကြတာတဲ့လား"

"ပြီးတော့ အဲ့ဒီ စမတ် မွေ့ရာက နင့်ဖုန်းနဲ့ ချိတ်ထားတာ ဆိုတော့... မွေ့ရာကို သုံးလိုက်တိုင်း နင့်ဖုန်းထဲကို သတိပေးချက် (Notification) တွေ ဝင်ဝင်လာတယ် ဆို..."

"..."

ဝုဖ်ဂန်း၏ မျက်နှာမှာ စိမ်းပုပ်သွားလေတော့သည်။ သူသည် တောင်းပန်တိုးလျှိုးသော လေသံဖြင့် ပြောလိုက်ရှာ၏။

"မမကြီး... ကျွန်တော် မှားပါတယ်... ကျွန်တော် မှားပါတယ်ဗျာ... ဒီလောက်နဲ့ပဲ ရပ်လိုက်ကြရအောင်နော်"

"နောက်ကျရင် ပါးစပ် မသရမ်းတော့ပါဘူးလို့ ကတိပေးပါတယ်"

"ပြီးတော့ နင့်ကို ဘာမှ အတင်းအကျပ် မလုပ်တော့ပါဘူး"

မီလီသည် လက်ပိုက်လိုက်ပြီး နှာခေါင်း တစ်ချက် ရှုံ့လိုက်ပြန်၏။

"ငါ့မှာ အဲ့ဒီလို အတင်းအဖျင်းတွေ အများကြီး ရှိသေးတယ်နော်"

"ဒီသတင်းတွေ နေရာတကာ ပြန့်မသွားစေချင်ရင်... ဒီနေ့ နင် ပြောခဲ့တဲ့ စကားတွေကို မှတ်ထားလိုက်"

"မှတ်ထားပါတယ်... မှတ်ထားပါတယ်ဗျာ"

ဝုဖ်ဂန်း တကယ် ကြောက်လန့်သွားပုံရသည်။ သူ၏ နဖူးပေါ်တွင် ချွေးစေးများ စီးကျလာ၏။

"နောက်တစ်ခါ ထပ်မဖြစ်စေရပါဘူးလို့ ကတိပေးပါတယ်"

"ကဲပါ... မမကြီး မီလီ ရယ်... လောင်းကြေးထပ်ရမယ့်အချိန် နီးနေပြီ... ကျွန်တော် သွားလိုက်ပါဦးမယ်"

"နင့်ရဲ့ crushကို အောင်မြင်စွာ သိမ်းပိုက်နိုင်ပြီး ကလေးမလေး မြန်မြန် ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်... တာ့တာ"

ပြောပြောဆိုဆိုပင် သူသည် ဆက်စီ မော်ဒယ်မလေး နှစ်ဦးကို ဖက်ကာ အလျင်စလို ထွက်ပြေးသွားလေတော့သည်။

မော်ဒယ်မလေး နှစ်ဦးက သူ့ရင်ခွင်ထဲသို့ အတင်း တိုးဝင်နေကြဆဲ ဖြစ်သော်လည်း... သူ ထွက်ခွာသွားပုံမှာ အနည်းငယ် ရှက်စရာ ကောင်းနေသည်။

ထိုအခြေအနေကို မြင်လိုက်ရမှ မီလီသည် သူမ၏ စူးရှသော အကြည့်များကို ရုပ်သိမ်းလိုက်ပြီး ယဲ့ဖန်ဘက်သို့ လှည့်လိုက်၏။

"ဦး... အဲ့ဒီကောင်ကို ဂရုမစိုက်ပါနဲ့"

"သူက အဲ့ဒီလိုပါပဲ... ပါးစပ်ကသာ အာနေတာ... စိတ်ရင်းက ရိုးပါတယ်"

"ပြီးတော့ သူက မဆိုးပါဘူး... နည်းနည်း ငတုံးဆန်ပြီး ပါးစပ်သရမ်းတာက လွဲရင်... တခြား ပြဿနာ သိပ်မရှိပါဘူး... ဖော့ခ်စီးတီးက ဒုတိယ မျိုးဆက်တွေထဲမှာတော့ သူ့အကျင့်စာရိတ္တက တော်တော်လေး ကောင်းမွန်တဲ့အထဲ ပါတယ်"

ယဲ့ဖန်သည် အလေးအနက် မထားပေ။ သူ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။

"ငါ စိတ်ထဲ မထားပါဘူး"

"ဒါပေမဲ့ ခုနက သူပြောပုံအရ ဆိုရင်... လောင်းကြေးထပ်ဖို့ အချိန်နီးနေပြီ ထင်တယ်... ငါတို့ မြန်မြန် သွားကြစို့"

“ဆုံးဖြတ်ချက် မချခင်မှာ... ဒီ ပြိုင်ပွဲဝင် သုံးယောက်ရဲ့ ပစ္စည်းကိရိယာတွေနဲ့ ကားမောင်းကျွမ်းကျင်မှုတွေကို အရင် သွားကြည့်ချင်သေးတယ်”

အခန်း (၁၇၁၇) - ကျွန်မကို နောက်နေတာလား

မီလီသည် ရှေ့မှ ဦးဆောင်သွားလိုက်၏။

မကြာမီပင် ယဲ့ဖန်နှင့် မီလီတို့သည် ဖဲရိုးဘီ (Ferroby) ပြိုင်ကွင်း၏ စမှတ်ဖြစ်သော အကြီးဆုံး ပွဲကြည့်စင် အနီးသို့ ရောက်ရှိသွားကြသည်။

ထိုနေရာတွင် လူအချို့ စုဝေးနေကြပြီးဖြစ်ကာ၊ အလယ်ဗဟိုတွင် ယနေ့ပြိုင်ပွဲ၏ အဓိက ဇာတ်လိုက် သုံးဦး ရှိနေ၏။

'လေစွမ်းအား သားတော်' (Son of the Wind) အဖွဲ့၏ ခေါင်းဆောင်၊ ဆန်မူစီ (Sen Musi) နှင့် ရှန်ရှု (Shangshu) တို့ ဖြစ်ကြသည်။

'လေစွမ်းအား သားတော်' အဖွဲ့ခေါင်းဆောင်သည် ခေါင်းစည်းပုဝါ အနက်ရောင်ကို စည်းနှောင်ထားပြီး၊ ဟစ်ဟော့ (Hip-hop) စတိုင်လ် ဝတ်ဆင်ထားသည်။ သူသည် ပြုပြင်မွမ်းမံထားသော ပါဂါနီ ဖူဂျင် (Pagani Fūjin) ကားကို မှီလျက်၊ မောက်မာသော မျက်နှာထားဖြင့် အဖွဲ့သားများနှင့် ပေါ့ပါးစွာ စကားပြောဆိုနေ၏။ သူသည် ဤပွဲအတွက် အလွန် ယုံကြည်မှု ရှိနေပုံရသည်။

ဆန်မူစီမှာမူ အလွန် လေးနက်တည်ငြိမ်နေသည်။ သူသည် ပြုပြင်မွမ်းမံထားသော GTR ကားကို ပတ်လျှောက်ကြည့်ရှုရင်း၊ ပြိုင်ပွဲမစမီ နောက်ဆုံးအကြိမ် ပြင်ဆင်စစ်ဆေးမှုများ ပြုလုပ်နေသကဲ့သို့ ရှိနေ၏။

ရှန်ရှုကိုတော့ သေချာ လိုက်ရှာမကြည့်လျှင် တွေ့နိုင်မည် မဟုတ်ပေ။

ထိုကောင်လေးသည် အိပ်ရေးပျက်ထားပုံရသည်။ သူသည် ယာဉ်မောင်းထိုင်ခုံကို အနောက်သို့ လှဲချထားပြီး ကားထဲတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေ၏။

သူ့ကားသည်လည်း ထိုသုံးယောက်ထဲတွင် စွမ်းအား အနိမ့်ဆုံးဖြစ်သော AE86 ပင် ဖြစ်သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ မီလီသည် ချက်ချင်းပင် ခေါင်းခါလိုက်၏။

"ကြည့်ရတာ ပြိုင်ပွဲရဲ့ ရင်ခုန်စရာ ကောင်းမှုက အများကြီး လျော့ကျသွားပြီ ထင်တယ်"

"သူတို့သုံးယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေနဲ့ လေးနက်မှုတွေကို ကြည့်ရတာ... ရှန်ရှုက စောစောစီးစီး ရှုံးသွားမယ့်ပုံပဲ"

"ဆန်မူစီရဲ့ နိုင်နိုင်ခြေက သူနဲ့ 'လေစွမ်းအား သားတော်' ထက် အများကြီး ပိုမြင့်နေလောက်တယ်"

ဘေးပတ်ဝန်းကျင်ရှိ ပွဲကြည့်ပရိသတ် အများအပြားသည်လည်း သူမ၏ အမြင်ကို သဘောတူကြပြီး ဆက်လက် ဆွေးနွေးနေကြသည်။

"ငါလည်း အဲ့ဒီလို ထင်တယ်"

"သူတို့ သုံးယောက်စလုံးမှာ နိုင်နိုင်ခြေ ကိုယ်စီ ရှိကြတာ မှန်ပါတယ်... 'လေစွမ်းအား သားတော်' ရဲ့ ကျွမ်းကျင်ပိုင်နိုင်မှုနဲ့ ပစ္စည်းကိရိယာတွေက ပထမတန်းစား ဖြစ်သလို... ဆန်မူစီ လည်း အတူတူပါပဲ... ရှန်ရှုရဲ့ ပစ္စည်းကိရိယာတွေက အားနည်းပေမယ့်... သူက ဒဏ္ဍာရီလာ ကားမောင်းဘုရင်ကြီးရဲ့ သားလေ... သူ့ရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေကို လျှော့တွက်လို့ မရဘူး... သုံးယောက်စလုံး နိုင်နိုင်ခြေ ရှိတယ်"

"ဒါပေမဲ့ အခုလို အရေးကြီးတဲ့ ပြိုင်ပွဲ မတိုင်ခင်မှာ... ရှန်ရှုက ကောင်းကောင်းတောင် အိပ်မပျော်နိုင်ဘူး ဖြစ်နေတာ... အာရုံစူးစိုက်မှု မြင့်မားဖို့ လိုအပ်တဲ့ အားကစားမျိုးမှာ ဒီလို ဖြစ်နေတာက ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ အတူတူပဲ"

"ဒါ့အပြင် သူ့ရဲ့ ပစ္စည်းကိရိယာတွေကလည်း ဆန်မူစီတို့၊ 'လေစွမ်းအား သားတော်' တို့လောက် မကောင်းဘူးလေ"

"အဲ့ဒီတော့ သူ့မှာ နိုင်နိုင်ခြေ မရှိသလောက်ပဲ"

"နိုင်နိုင်ခြေ အရှိဆုံးက ဆန်မူစီ ဖြစ်လောက်တယ်"

"သူ့ရဲ့ စွမ်းရည်က 'လေစွမ်းအား သားတော်' နဲ့ သိပ်မကွာဘူး... သူတို့မှာ အားသာချက်၊ အားနည်းချက် ကိုယ်စီ ရှိကြပေမယ့်... ယေဘုယျအားဖြင့်တော့ ကွာဟချက် သိပ်မကြီးပါဘူး"

"ပစ္စည်းကိရိယာ အပိုင်းမှာလည်း နှစ်ယောက်စလုံး တူတူလောက်ပဲ"

"အခု သူက ဒီလောက် လေးနက်နေတာကို ကြည့်ရင်... အစွမ်းကုန် ကြိုးစားဖို့ ပြင်ဆင်ထားတယ် ဆိုတာ သိသာတယ်... ခဏနေ ပြိုင်ပွဲကျရင် သူ နိုင်နိုင်ခြေ ပိုများလိမ့်မယ်"

"သူ့ပြိုင်ဘက် 'လေစွမ်းအား သားတော်' ကတော့ နည်းနည်း ပေါ့ဆနေသလိုပဲ... ဒါက ပြိုင်ပွဲမှာ ရှောင်ရမယ့် အချက်ပဲ"

သို့သော် ထိုသူ ပြောပြီးသည်နှင့် တစ်ပြိုင်နက်၊ တစ်စုံတစ်ယောက်က ချက်ချင်း ကန့်ကွက်လိုက်သည်။

"မင်းရဲ့ အမြင်က နည်းနည်း တစ်ဖက်သတ် ဆန်လွန်းနေတယ်"

" 'လေစွမ်းအား သားတော်' က အမြဲတမ်း အဲ့ဒီလိုပဲ ပြိုင်နေကျပါကွာ"

"ပြိုင်ပွဲမစခင်မှာ ပေါ့ပေါ့ပါးပါး နေတတ်ပေမယ့်... တကယ်တမ်း ပြိုင်ပွဲ စတာနဲ့ သူက ဘယ်သူ့ထက်မဆို ပိုပြီး အာရုံစိုက်တတ်တယ်"

"ပြီးတော့ ဆန်မူစီအပေါ် မင်း သုံးသပ်တာ မှားနေတယ်လို့ ငါ ထင်တယ်"

"ဆန်မူစီ ကားကို အဲ့ဒီလောက် လေးလေးနက်နက် စစ်ဆေးနေတာက ပြိုင်ပွဲကို တန်ဖိုးထားလို့... အာရုံစိုက်လို့ မဟုတ်ဘူး... သူ စိတ်လှုပ်ရှားနေလို့ကွ... 'လေစွမ်းအား သားတော်' ရဲ့ ဖိအားပေးမှုကို သူ ခံစားနေရလို့ အဲ့ဒီလို ဖြစ်နေတာ"

"အတိုချုပ် ပြောရရင်... 'လေစွမ်းအား သားတော်' နိုင်နိုင်ခြေ ပိုများတယ်"

"..."

"မင်းက 'လေစွမ်းအား သားတော်' ရဲ့ ပရိသတ် မဟုတ်လား... ဘာလို့ သူ့ကို ဒီလောက် မြှောက်ပင့်ပေးနေရတာလဲ"

"သူက သိသိသာသာကြီး မောက်မာနေတာကို... မင်းက အမြဲတမ်း အဲ့ဒီလိုပဲ နေတတ်ပါတယ် ဆိုပြီး ပြောနေသေးတယ်"

"မာနကြီးရင် ကျဆုံးတတ်တယ် ဆိုတာ မင်း မကြားဖူးဘူးလား"

"ဒီပွဲမှာ သူ ရှုံးမှာ သေချာတယ်"

"ငါ ထင်တာတော့ မင်းကမှ ဆန်မူစီရဲ့ ပရိသတ် အစစ် ဖြစ်မယ်"

"သူက အပျော်တမ်း ကားမောင်းသမားလေး တစ်ယောက်ပါကွာ"

"မင်း ဘယ်လောက်ပဲ ကြွားနေပါစေ... သူက ပထမတန်းစား ပရော်ဖက်ရှင်နယ် ယာဉ်မောင်း တစ်ယောက်ကို ဘယ်ယှဉ်နိုင်ပါ့မလဲ... သဘောပေါက်လား"

"ကိုယ့်ရဲ့ ဝါသနာလောက်နဲ့ သူများရဲ့ အသက်မွေးဝမ်းကျောင်း ပညာကို လာမစိန်ခေါ်နဲ့ကွ"

"ဒီပွဲမှာ ရှုံးမှာက သူပဲ"

"..."

နောက်ဆုံးတွင် ထိုလူစုနှစ်စုသည် ဆန်မူစီ နိုင်မလား၊ 'လေစွမ်းအား သားတော်' နိုင်မလား ဆိုသည်ကို အကြီးအကျယ် ငြင်းခုံကြလေတော့သည်။

မြင်ကွင်းတစ်ခုလုံး ရှုပ်ထွေးပွက်လောရိုက်သွား၏။

မီလီသည် ထိုနေရာမှ အမြန် ခွာလိုက်ပြီး ယဲ့ဖန်ဘက်သို့ လှည့်လိုက်သည်။

"ဦး... ဒီပြိုင်ပွဲရဲ့ ရလဒ်ကို ဘယ်လို မြင်လဲ"

ယဲ့ဖန်သည် ယာဉ်မောင်း သုံးဦး၏ ပစ္စည်းကိရိယာများကို အကဲခတ်နေသည်။

သူ၏ 'မာစတာ အဆင့် စက်မှုကျွမ်းကျင်ပညာ'ဖြင့် ကြည့်လိုက်သည်နှင့်... ရှန်ရှု၏ AE86 မှာ ရိုးရှင်းလှသည် မဟုတ်ကြောင်း ချက်ချင်း သိလိုက်ရသည်။

သူ ပြုံးလိုက်၏။

"အခု ပြောဖို့တော့ စောပါသေးတယ်"

"အတည်ပြု ပြောနိုင်ဖို့အတွက်... ဒီယာဉ်မောင်းတွေရဲ့ အချက်အလက်တွေ ပိုလိုသေးတယ်"

"ဒါနဲ့... လောင်းကြေးထပ်ဖို့ နောက်ဆုံးအချိန်က ဘယ်တော့လဲ"

"ပုံမှန်အားဖြင့်တော့ ပြိုင်ပွဲမစခင် အထိ လောင်းလို့ ရပါတယ်"

မီလီသည် တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက်... ဘယ်သူ နိုင်နိုင်ခြေ ပိုရှိလဲ ဆိုသည်ကို လူတစ်ယောက်နှင့် ငြင်းခုံနေသော ဝုဖ်ဂန်း ဆီသို့ ရုတ်တရက် လျှောက်သွားလိုက်သည်။

"နင့်ဆီမှာ 'လေစွမ်းအား သားတော်'၊ ဆန်မူစီ နဲ့ ရှန်ရှု တို့ ကားပြိုင်ခဲ့တုန်းက ဗီဒီယို မှတ်တမ်းတချို့ ရှိလား"

"ငါ့ကို တစ်စုံလောက် ပေးပါလား"

"ငါ့ဦး ကြည့်ချင်လို့တဲ့"

ဝုဖ်ဂန်း ဘာမှမပြောတော့ဘဲ၊ သက်တော်စောင့်ဟု ယူဆရသော အနက်ရောင် ဝတ်စုံနှင့် လူတစ်ယောက်ကို လှမ်းကြည့်လိုက်သည်။ ထိုလူသည် အိုင်ပတ် (iPad) တစ်လုံးကို ဖွင့်ပြီး မီလီအား ကမ်းပေးလိုက်၏။

မီလီ ရရှိသည်နှင့် တပြိုင်နက် ပြန်လျှောက်လာခဲ့သည်။

"ဒီထဲမှာ ဝုဖ်ဂန်း ရထားတဲ့ ယာဉ်မောင်း သုံးယောက်ရဲ့ ပြိုင်ပွဲ အချက်အလက်တွေနဲ့... ဖဲရိုးဘီ ပြိုင်ကွင်းရဲ့ အလုံးစုံ အခြေအနေတွေ ပါတယ်"

"ဒီကောင်က ဖော့ခ်စီးတီးမှာ အာဏာရှိတဲ့ကောင် ဆိုတော့... သူ့အချက်အလက်တွေက တော်တော် စုံလောက်တယ်"

ယဲ့ဖန်သည် ဖွင့်ကြည့်လိုက်ပြီး အမြန် လေ့လာလိုက်ရာ... မကြာမီပင် အခြေအနေကို သဘောပေါက်သွားလေတော့သည်။

သူသည် အိုင်ပတ်ကို မီလီအား ပြန်ပေးလိုက်၏။ မီလီ အိုင်ပတ် သွားပြန်ပေးပြီးနောက်၊ သူက ပြောလိုက်သည်။

"ခဏနေကျရင် ငါနဲ့အတူ ရှန်ရှုဘက်က လိုက်လောင်းနော်"

"ဒီမှာ အများဆုံး လောင်းကြေး ဘယ်လောက် ထပ်လို့ရလဲ"

မီလီ အံ့သြသွားသည်။

"ဦး... ကျွန်မကို နောက်နေတာလား"

"သူ့ဘက်က လောင်းမယ် ဟုတ်လား"

"ပြီးတော့ ဦး ပြောပုံအရ ဆိုရင်... အများဆုံး လောင်းကြေးနဲ့ ပုံအောချင်နေတာလား"

"ခုနက လူတွေ ဆွေးနွေးနေကြတာကို မကြားလိုက်ဘူးလား... လူတိုင်းနီးပါးက သူ့မှာ နိုင်နိုင်ခြေ မရှိဘူးလို့ ထင်နေကြတာ... ဆွေးနွေးတဲ့အထဲမှာတောင် သူ့ကို အလိုလို ဖယ်ထားကြတာလေ... ဦးက..."

"အခု မင်းကို အသေးစိတ် ရှင်းပြနေရင် မင်း နားလည်မှာ မဟုတ်ဘူး"

ယဲ့ဖန် ပြုံးလိုက်၏။

"ပြိုင်ပွဲ စပြီးရင်... အမှန်တရားကို လက်တွေ့ပြဖို့ အရေးကြီးတဲ့ နေရာတစ်ခုဆီ မင်းကို ခေါ်သွားပြမယ်"

"အခုတော့ လောင်းကြေး သွားထပ်ကြစို့"

မီလီ ထပ်မမေးတော့ဘဲ၊ ယဲ့ဖန်ကို ခေါ်ဆောင်ကာ လောင်းကြေးထပ်သည့် နေရာသို့ သွားလိုက်သည်။

ယဲ့ဖန်သည် တုံ့ဆိုင်းခြင်းမရှိဘဲ အမြင့်ဆုံး လောင်းကြေးဖြစ်သော ဒေါ်လာ သန်း ၁၀၀ ကို ထပ်လိုက်လေတော့သည်။

မီလီလည်း သူ့နောက်သို့ လိုက်ကာ ဒေါ်လာ ၅ သန်း ထပ်လိုက်၏။

သူတို့နှစ်ဦး လောင်းကြေးထပ်လိုက်သောအခါ၊ လောင်းကြေးဝိုင်းမှ ဝန်ထမ်းများပင် အံ့အားသင့်သွားကြသည်။ ရှန်ရှုဘက်မှ လောင်းမှာ သေချာရဲ့လား ဟုပင် အကြိမ်ကြိမ် မေးမြန်း အတည်ပြုယူရ၏။

ယဲ့ဖန်ကတော့ သေချာပေါက် အတည်ပြုလိုက်သည်။

သူသည် ချက်ချင်းပင် လောင်းကြေးထပ်လိုက်၏။

ထို့နောက် ယဲ့ဖန်က ရွေးချယ်ထားသော အကောင်းဆုံး ကြည့်ရှုမည့် နေရာသို့ မီလီကို ခေါ်ဆောင်သွားလိုက်သည်။

သူနှင့် မီလီ ရှန်ရှုဘက်မှ လောင်းကြေး အကြီးကြီး ထပ်ပြီး မကြာမီမှာပင်... ဝုဖ်ဂန်း ရောက်ရှိလာပြီး လောင်းကြေးဝန်ထမ်းကို စီးကရက် ကမ်းပေးကာ ရင်းရင်းနှီးနှီး မေးမြန်းလိုက်သည်ကို သူတို့ မသိလိုက်ကြပေ။

ယဲ့ဖန်နှင့် မီလီတို့က ရှန်ရှုဘက်မှ ပုံအောလောင်းသွားကြောင်း သိလိုက်ရသောအခါ... ဝုဖ်ဂန်းသည် ခေတ္တမျှ စဉ်းစားလိုက်ပြီး သူ၏ ဘဏ်ကတ်ကို ထုတ်ကာ ရှန်ရှုဘက်မှ ဒေါ်လာ ၁၀ သန်း လိုက်လောင်းလိုက်သည်။

ထို့နောက် ဝုဖ်ဂန်းသည် မော်ဒယ်မလေး တစ်သိုက်ကို ခေါ်ဆောင်ကာ၊ ယဲ့ဖန် ရွေးချယ်ထားသော နေရာသို့ ရောက်ရှိလာခဲ့လေတော့သည်။

အခန်း (၁၇၁၈) - ရှားပါးမျိုးစိတ်

~ယဲ့ဖန်သည် ဖဲရိုးဘီ (Ferroby) ပြိုင်ကွင်း၏ အဆုံးသတ်မျဉ်းနှင့် တစ်ကီလိုမီတာခန့်သာ ဝေးသော ငါးဆင့်ကွေ့ (Five-turn hairpin) အနီးတွင် နေရာယူကာ ပြိုင်ပွဲကို ကြည့်ရှုရန် ရွေးချယ်လိုက်၏။

ယဲ့ဖန်၏ သုံးသပ်ချက်အရ ယနေ့ည ယှဉ်ပြိုင်မည့် ယာဉ်မောင်းသုံးဦး၏ အဆုံးအဖြတ် တိုက်ပွဲသည် ဤနေရာတွင်သာ ဖြစ်ပွားလိမ့်မည်ဟု ယူဆထားသောကြောင့် ဖြစ်သည်။

ရှေ့ပိုင်း ဆယ်ကီလိုမီတာခရီးတွင် ကြမ်းတမ်းပြီး မတ်စောက်သော နေရာအများအပြား ရှိသဖြင့် သာမန်ပြိုင်ပွဲဝင်များအဖို့ အကွာအဝေး ဖြတ်တောက်နိုင်ခြေ ရှိသော်လည်း၊ ယဲ့ဖန်၏ အမြင်တွင်မူ ထိုအချက်များသည် ပြိုင်ပွဲ၏ ရလဒ်ကို အဆုံးအဖြတ် ပေးနိုင်လိမ့်မည် မဟုတ်ပေ။ ထိုနေရာများသည် လူတိုင်းအတွက် စမ်းသပ်မှုတစ်ခု သက်သက်သာ ဖြစ်ဖို့ များပေသည်။

ယခုအချိန်၌ ငါးဆင့်ကွေ့ အကွေ့အနီးတွင် ပရိသတ်များစွာ စုဝေးရောက်ရှိနေကြပြီ ဖြစ်သည်။ သူတို့အများစုမှာ မော်ဒယ်များနှင့် ယှဉ်နိုင်လောက်သည့် အရပ်ရှည်ရှည် ခြေတံသွယ်သွယ် အလှပဂေးများသာ ဖြစ်ကြ၏။

ယဲ့ဖန်သည် မီလီကို ဆွဲခေါ်လာသောအခါ၊ မိန်းမလှလေးအများအပြားက သူတို့ဘက်သို့ လှည့်ကြည့်လာကြသည်။ မီလီသည် ယဲ့ဖန်ကို ချက်ချင်းပင် မျက်စိတစ်ဖက် မှိတ်ပြလိုက်၏။

"ဘယ်လိုလဲ... ဒီတစ်ခါ ကျွန်မနဲ့ လိုက်လာရတာ မရှုံးဘူး မဟုတ်လား"

"လာကြည့်တဲ့သူ အများစုက အလှပဂေးတွေချည်းပဲလေ"

ယဲ့ဖန် ခေါင်းခါလိုက်သည်။ သူမကို ဆက်ပြီး အရေးလုပ်မနေတော့ဘဲ၊ ပွဲကြည့်စင်အထက်ရှိ အီလက်ထရောနစ် ဖန်သားပြင်ဆီသို့သာ အာရုံစိုက်လိုက်၏။

ထိုဖန်သားပြင်ပေါ်တွင် အဆင့်မြင့် ဒရုန်းများ အသုံးပြုကာ ပြိုင်ကားများ၏ လက်ရှိ အခြေအနေကို အပေါ်စီးမှ ရိုက်ကူးပြသနေသည်။

ဖန်သားပြင်မှတစ်ဆင့် ကြည့်လိုက်လျှင် 'လေစွမ်းအား သားတော်' (Son of the Wind)၊ ဆန်မူစီနှင့် ရှန်ရှုတို့ သုံးဦးစလုံး ပြိုင်ပွဲဝင်ရန် အသင့်ပြင်ဆင်နေကြပြီ ဖြစ်ကြောင်း ရှင်းလင်းစွာ မြင်တွေ့နေရ၏။ ပြိုင်ပွဲ စတင်တော့မည် ဖြစ်သည်။

"ပြိုင်ပွဲကို ကြည့်စမ်းပါ"

"ခဏနေမှ ပြိုင်ပွဲက စမှာလေ... အခု ဘာကြည့်စရာ ရှိလို့လဲ"

မီလီက ဂရုမစိုက်ပေ။

"ဒီအချိန်လေးမှာ ကျွန်မလို အလှပဂေးလေးကို ကြည့်နေတာက ပိုမကောင်းဘူးလား"

ယဲ့ဖန် သူမကို တစ်ချက် စောင်းကြည့်လိုက်၏။

မီလီသည် သူမ၏ မို့မောက်သော ရင်ကို ကော့လိုက်သည်။

"ဘာလို့ ကျွန်မကို အဲ့ဒီလို လာကြည့်နေတာလဲ... ကျွန်မ ပြောတာ မှားလို့လား"

"မင်းသာ ဗီဒီယိုတိုလေးတွေ ရိုက်တင်လိုက်ရင် တစ်ခဏချင်း ပေါက်သွားမှာ သေချာတယ်"

ယဲ့ဖန် အတည်ပြု ပြောကြားလိုက်၏။

"ဗီဒီယိုအတို ပလက်ဖောင်းတွေ သုံးတဲ့သူတွေက မင်းလို ရှားပါးမျိုးစိတ်တွေကို အရမ်း ကြိုက်ကြတာလေ"

"ဦး... ကျွန်မကို ချီးကျူးလိုက်တာလား"

မီလီသည် ထိုဝေါဟာရ၏ အဓိပ္ပာယ်ကို သေချာ နားမလည်ပုံရသော်လည်း၊ ယဲ့ဖန်၏ စကားအစပိုင်းကို နားထောင်ပြီး ခန့်မှန်းလိုက်သည်။

"ချီးကျူးတာ ဖြစ်ရမှာပေါ့"

ယဲ့ဖန် ထပ်မံ အတည်ပြုပေးလိုက်၏။ သူသည် အီလက်ထရောနစ် ဖန်သားပြင်ကို ဆက်လက် ကြည့်ရှုရန် ပြင်လိုက်စဉ်မှာပင်... ဝုဖ်ဂန်း တစ်ယောက် လူတစ်စုနှင့်အတူ လျှောက်လာသည်ကို တွေ့လိုက်ရသည်။

ကြည့်ရသည်မှာ ထိုလူသည် အလှပဂေးများကြားတွင် အတော်လေး နာမည်ကြီးပုံရသည်။

သူ လျှောက်လာသည်နှင့် တစ်ပြိုင်နက်၊ မိန်းမလှလေးများစွာသည် ပန်းပွင့်လေးများပမာ ပြုံးရွှင်စွာဖြင့် သူ့ကို ဦးအောင် နှုတ်ဆက်ကြလေတော့သည်။

"ဟေး... သူဌေးလေး ဝုဖ်ဂန်း ပါလား"

"မတွေ့တာ ကြာပြီနော် သူဌေးလေး ဝုဖ်ဂန်း"

"ရှင်ကတော့ အမြဲတမ်း ကျော့မော့နေတာပဲနော်"

"ဘယ်တော့လောက် အားမလဲဟင်... ဆိုင်ထိုင်ပြီး ဝိုင်းဖွဲ့သောက်ကြမလား"

"သောက်ပြီးရင် ဂေါက်ရိုက်နည်းနဲ့ ပတ်သက်တဲ့ နည်းပညာပိုင်းဆိုင်ရာ ပြဿနာတွေကို ဆွေးနွေးကြတာပေါ့... ကျွန်မ သူငယ်ချင်းတချို့က ရှင့်နာမည်ကို ကြားဖူးနေတာ ကြာပြီ... ရှင်နဲ့အတူ လေးလေးနက်နက် ဆွေးနွေးချင်နေကြတာ"

ဝုဖ်ဂန်းသည် ဤကဲ့သို့သော အခြေအနေမျိုးကို ကောင်းစွာ ကိုင်တွယ်နိုင်ပုံရ၏။ သူသည် ချက်ချင်းပင် ရယ်မောလိုက်သည်။

"ကောင်းပြီလေ"

"အလှပဂေးလေးတွေနဲ့ လေးလေးနက်နက် ဆွေးနွေးရတာကို ငါလည်း နှစ်သက်ပါတယ်"

"ခဏနေကျရင် ငါ့ကို သတိပေးတဲ့အနေနဲ့ စာပို့ထားလိုက်နော်... ငါ အားတာနဲ့ မင်းတို့ကို ဖုန်းဆက်လိုက်ပါ့မယ်"

ပြောပြောဆိုဆိုပင် သူသည် သူ့ကို လာရောက်နှုတ်ဆက်ကြသော အလှပဂေးများနှင့် ခေတ္တမျှ စကားစမြည် ပြောဆိုလိုက်ပြီးနောက်... စကားလမ်းကြောင်းကို ကားပြိုင်ပွဲဘက်သို့ သဘာဝကျကျ လှည့်လိုက်၏။

"ဒါနဲ့ စကားမစပ်... အလှပဂေးလေးတွေက ဒီကားပြိုင်ပွဲမှာ ဘယ်သူနိုင်မယ်လို့ လောင်းထားကြလဲဟင်"

တစ်ချိန်တည်းမှာပင် သူသည် ပြုံးရွှင်စွာဖြင့် အခြား ပွဲကြည့်ပရိသတ်များကိုလည်း ဝေ့ကြည့်လိုက်သည်။ သူ၏ မေးခွန်းသည် ရှိနေသူအားလုံးကို မေးမြန်းလိုက်ခြင်း ဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။

စောစောက စကားဝိုင်းထဲ မဝင်ခဲ့ကြသော အခြား အလှပဂေးအချို့သည် ထိုစကားကို ကြားလိုက်ရသောအခါ ချက်ချင်းပင် ဝင်ရောက် ဆွေးနွေးလာကြလေတော့သည်။

"ကျွန်မကတော့ 'လေစွမ်းအား သားတော်' ဘက်က လောင်းထားတယ်"

"ကျွန်မက သူ့ပရိသတ်လေ... သူ့အဖွဲ့ရဲ့ ပြိုင်ပွဲတိုင်းလိုလို ကျွန်မ ကြည့်ဖူးတယ်... သူတို့ရဲ့ အဆင့်အတန်းက အရမ်း မြင့်သလို၊ စွမ်းဆောင်ရည်ကလည်း အရမ်း တည်ငြိမ်တယ်... မတော်တဆ ဖြစ်နိုင်ခြေ ဆိုတာ မရှိသလောက်ပဲ"

"ပြီးတော့ ကျွန်မ သူတို့အဖွဲ့ကို စောင့်ကြည့်လာတာ နှစ်အတော်ကြာပြီ... သူတို့ရဲ့ ကျွမ်းကျင်ပိုင်နိုင်မှု က အမြဲတမ်း မြင့်ပါတယ်... ပြီးတော့ ဒိုင်တွေနဲ့ ပေါင်းပြီး ပရိသတ်ဆီက အမြတ်ထုတ်တဲ့ ကိစ္စမျိုးတွေမှာ သူတို့ ဘယ်တော့မှ မပါဝင်ဖူးဘူး"

"ဒါကြောင့် ဒီပွဲမှာ သူ နိုင်နိုင်ခြေ ပိုများတယ်လို့ ကျွန်မ ထင်တယ်"

"ကျွန်မကတော့ ဆန်မူစီ ဘက်က လောင်းထားတယ်... ကျွန်မက သူ့သူငယ်ချင်းလေ... ပြီးတော့ တခြား ကားမောင်းကျွမ်းကျင်သူတွေကို သူ လိုက်စိန်ခေါ်တာကိုလည်း ကျွန်မ ကိုယ်တိုင် အကြိမ်ကြိမ် မြင်ဖူးတယ်"

"သူ့ရဲ့ ကားမောင်းကျွမ်းကျင်မှုကို ဘယ်လို ဖော်ပြရမှန်းတောင် မသိဘူး... တခြားနည်းနဲ့ ပြောရရင်တော့ သူက တကယ့်ကို ပါရမီရှင်ပဲ"

"အရင်တုန်းက သူနဲ့ ယှဉ်ပြိုင်ဖူးတဲ့ ပရော်ဖက်ရှင်နယ် ယာဉ်မောင်းတွေတောင်မှ သူ့အကြောင်းကို အဲ့ဒီလိုပဲ ပြောကြပါတယ်"

"ဆန်မူစီက ပြိုင်ဘက်တွေရဲ့ အားသာချက်တွေကို သင်ယူတဲ့နေရာမှာ အရမ်း တော်တယ်... ပြီးတော့ ကားမောင်းကျွမ်းကျင်မှု နယ်ပယ်မှာ သူ့ရဲ့ သင်ယူနိုင်စွမ်းက ကြောက်စရာ ကောင်းလောက်အောင် မြန်ဆန်တယ်... အရင်တုန်းက ထိပ်တန်း ယာဉ်မောင်းတွေနဲ့ ပြိုင်တုန်းကဆိုရင် အစပိုင်းမှာ သူက အမြဲ နောက်ကောက်ကျနေတတ်တယ်... ဒါပေမဲ့ ပြိုင်ဘက်တွေရဲ့ အားသာချက်တွေကို သင်ယူပြီးတာနဲ့ သူတို့ကို ပြန်ကျော်တက်သွားတာပဲ"

"သူနဲ့ ရင်းနှီးတဲ့ ကျွန်မတို့တွေကတော့ သူ့ကို ကားပြိုင်လောကရဲ့ 'အံ့ဖွယ် ဖန်တီးရှင်' လို့တောင် တင်စားခေါ်ဝေါ်ကြတယ်"

"ဒါကြောင့် ဒီတစ်ခါလည်း သူပဲ နိုင်မယ်လို့ ကျွန်မတို့ သေချာပေါက် ယုံကြည်တယ်"

"..."

ဝုဖ်ဂန်း ခေါင်းညိတ်လိုက်၏။

သူသည် အားလုံးနှင့် ပြုံးရွှင်စွာ ခေတ္တမျှ စကားစမြည် ပြောဆိုပြီးနောက်၊ လူတိုင်း၏ စိတ်ခံစားချက်ကို ဂရုစိုက်ပေးပြီးမှ... ယဲ့ဖန်နှင့် မီလီဘက်သို့ လှည့်ကြည့်လိုက်သည်။

"ညီမလေး မီလီ... မင်းနဲ့ မင်းဘေးနားက လူချောလေးကရော ဘယ်လိုလဲ"

"ဘယ်သူ နိုင်မယ်လို့ ထင်လဲ"

ထိုလူသည် သူ့အဖြေကို စောင့်နေသကဲ့သို့ ယဲ့ဖန် ခံစားလိုက်ရသည်။ ထို့ကြောင့် ဝုဖ်ဂန်းက သူ့ကို မေးခွန်းထုတ်လာသောအခါ ယဲ့ဖန် ချက်ချင်း ပြန်မဖြေသေးပေ။

မီလီကမူ စိတ်မရှည်စွာဖြင့် ဝင်ပြောလိုက်၏။

"ငါတို့က ဆန်မူစီ ဘက်က လောင်းထားတာ... ဘာဖြစ်လို့လဲ... နင် အခု ဘာလှည့်ကွက်တွေ သုံးချင်ပြန်ပြီလဲ"

"ဆန်မူစီ ဟုတ်လား"

ဝုဖ်ဂန်း ပြုံးလိုက်ပြီး ငြင်းဆန်ခြင်း မပြုပေ။

"သူက တကယ် တော်ပါတယ်...ငါ့ရဲ့ သတင်းအချက်အလက်တွေအရလည်း သူ နိုင်နိုင်ခြေ ပိုများတယ်လို့ ပြနေတယ်"

"ဒါပေမဲ့... ရှန်ရှု ဆိုတဲ့ ပြိုင်ပွဲဝင်ကိုလည်း လျှော့တွက်လို့ မရဘူးလို့ ငါ ဘာလို့ ခံစားနေရပါလိမ့်"

"ခုနက ငါ လောင်းကြေးထပ်မလို့ သွားတုန်းက... လောင်းကြေးကောင်တာက ဝန်ထမ်းတွေ ပြောတာ ကြားခဲ့ရတယ်... လူတစ်ယောက်က ရှန်ရှုဘက်ကို လောင်းကြေး အကြီးကြီး ထပ်သွားတယ်တဲ့... ငါလည်း ကံစမ်းတဲ့အနေနဲ့ အဲ့ဒီလူ လောင်းတဲ့အတိုင်း ရှန်ရှုဘက်ကို ဒေါ်လာ ၁၀ သန်း လိုက်လောင်းခဲ့တယ်"

အခြေအနေက ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မီလီ ထင်မထားခဲ့ပေ။ ထိုစကားကို ကြားလိုက်ရသောအခါ သူမ တစ်ခဏမျှ ကြောင်အသွားပြီး... အသိစိတ်မဲ့စွာဖြင့် ယဲ့ဖန်ဘက်သို့ လှည့်ကြည့်လိုက်မိသည်။

ဘေးပတ်ဝန်းကျင်ရှိ အလှပဂေးများသည်လည်း ဆူညံပွက်လောရိုက်သွားကြပြီး သူ့ဘက်သို့ ဝိုင်းကြည့်လာကြလေတော့သည်။

"တကယ်ကြီးလား... သခင်လေး ဝုဖ်ဂန်း"

"ဘယ်သူကများ ဒီလောက် ရူးသွပ်ပြီး ရှန်ရှုဘက်ကို လောင်းကြေး အကြီးကြီး ထပ်ရဲရတာလဲ"

"ရှင် အခုချက်ချင်း လောင်းကြေးလက်ခံတဲ့ ဝန်ထမ်းတွေကို ဆက်သွယ်ပြီး ပိုက်ဆံ ပြန်တောင်းလိုက်ပါလား"

"ဒေါ်လာ ၁၀ သန်း ဆိုတာ နည်းတဲ့ ပမာဏမှ မဟုတ်တာ"

"ရှန်ရှုဘက်ကို လောင်းတာက ပိုက်ဆံတွေကို ရေထဲ ပစ်လိုက်တာနဲ့ အတူတူပဲ မဟုတ်ဘူးလား"

"..."

ဝုဖ်ဂန်း ခေါင်းညိတ်လိုက်၏။

"မင်းတို့ ပြောတာကို ငါ နားလည်ပါတယ်"

"ဒါပေမဲ့ ငါ့ရှေ့က လူတစ်ယောက်က ရှန်ရှုဘက်ကို ဒေါ်လာ သန်း ၁၀၀ တောင် လောင်းသွားတယ်လို့ ကြားခဲ့ရတယ်... အဲ့ဒါကြောင့် ငါလည်း ဒီလို အတွေး ဝင်လာတာပါ"

"ဒေါ်လာ သန်း ၁၀၀ တောင် တစ်ခါတည်း ပုံအောပြီး လောင်းရဲတဲ့ ညီအစ်ကိုက ရည်ရွယ်ချက် မရှိဘဲ လောင်းမှာ မဟုတ်ဘူးလို့ ထင်တယ်လေ... ဒါကြောင့် သူနဲ့လိုက်ပြီး လောင်းလိုက်တာပါ"

ပြောပြောဆိုဆိုပင် သူသည် ယဲ့ဖန်ကို မသိမသာ တစ်ချက် ကြည့်လိုက်၏။

ဘေးပတ်ဝန်းကျင်ရှိ အလှပဂေးများသည် တစ်စုံတစ်ခုကို ရိပ်မိသွားကြသကဲ့သို့၊ အားလုံးက ယဲ့ဖန်ကို မျက်လုံးပြူးများဖြင့် ဝိုင်းကြည့်လိုက်ကြလေတော့သည်။

"ဘုရားရေ"

"ရှန်ရှုဘက်ကို အများဆုံး လောင်းထားတာ ဒေါ်လာ သန်း ၁၀၀ တောင်လား"

“ဒါက သိပ်ကို ရူးသွပ်လွန်းမနေဘူးလား"

All Chapters