အခန်း (၅၁၁-၅၁၃)
Vol. 35 Ch. 511-513
အခန်း (၅၁၁) - အာဏာစက်ကို ထူထောင်ခြင်း
~"အင်မော်တယ် လက်နက် စံအိမ်က သခင်လေး ကြွလာပါပြီ..."
အစောင့်၏ ကျယ်လောင်သော အော်ဟစ်သံကို ကြားလိုက်ရသည့် တစ်ခဏ၌၊ ခန်းမဆောင်ကြီး အတွင်းရှိ လူတိုင်း၏ မျက်နှာထားများ အကြီးအကျယ် လှုပ်ရှားသွားကြ၏။
အင်မော်တယ် လက်နက် စံအိမ် သခင်လေး ရောက်လာလေ၏။
လေလံရုံက တကယ်ပဲ အင်မော်တယ် လက်နက် စံအိမ်ကို ဖိတ်ကြားနိုင်ခဲ့သည်လော။
‘ကယ်တင်ရှင် ရောက်လာပြီ…’
ဆန်းလော့ နန်းတော်သခင် စိတ်ထဲတွင် မျှော်လင့်ချက်ရောင်ခြည်များ တောက်ပလာ၏။
'ငါတို့ အသက်ရှင်ပြီဟေ့…’
ကြောက်လန့်နေသော ပါရမီရှင်များနှင့် အင်အားကြီး ခေါင်းဆောင်များ အားလုံး ဝမ်းသာအားရ ဖြစ်ကုန်ကြ၏။ အကြောက်တရားများ ပျောက်ကွယ်သွားပြီး စိတ်လှုပ်ရှားမှုများ အစားထိုး ဝင်ရောက်လာလေသည်။
ဆန်းလော့နန်းတော်သခင်က
"ဖုန်းဝူချန်... မင်း ဘယ်လောက်ကြာကြာ မောက်မာနိုင်မလဲ ကြည့်ကြသေးတာပေါ့... ကျန်းမိသားစု ကျောထောက်နောက်ခံ ရှိတာနဲ့ ထင်ရာစိုင်းလို့ ရမယ် မထင်နဲ့...
ဟု အားတက်သရော အော်ဟစ်လိုက်သည်။
"ဖုန်းဝူချန်... အာဏာကို အလွဲသုံးစားလုပ်ပြီး အနိုင်ကျင့်တာက မင်းပဲ..."
"ငါ သခင်လေးချီကုန်းကို သိတယ်... မင်းရဲ့ ယုတ်မာမှုတွေကို ငါ တိုင်ပြောလိုက်မယ်..."
"အင်မော်တယ် လက်နက် စံအိမ်ရဲ့ အင်အားက ကျန်းမိသားစုထက် သာလွန်တယ်... ကျန်းမိသားစုက မင်းကို ဆက်ပြီး ကာကွယ်ပေးရဲဦးမလား ကြည့်ရသေးတာပေါ့..."
ပါရမီရှင်များ အားလုံး တယောက်တစ်ပေါက် အော်ဟစ်နေကြ၏။
သူတို့၏ အမြင်တွင် အင်မော်တယ် လက်နက် စံအိမ် သခင်လေး ဝင်ပါလာပြီ ဆိုလျှင် ဒီပြဿနာ ပြေလည်သွားမှာ သေချာသည်။ ဖုန်းဝူချန်ကိုတောင် အပြစ်ပေးကောင်း ပေးလိမ့်မည်ဟု မျှော်လင့်နေကြ၏။
"ဟုတ်လို့လား..."
ဖုန်းဝူချန်က မထီမဲ့မြင် နှာခေါင်းရှုံ့လိုက်သည်။
‘ဖုန်းဝူချန်က မျက်တောင်တစ်ခတ် အတွင်းမှာ ဝိညာဉ်လက်နက် ဖန်တီးနိုင်တယ်... ကျန်းမိသားစု မပြောနဲ့... အင်မော်တယ် လက်နက် စံအိမ်တောင် ဒီလောက် မလုပ်နိုင်ဘူး…’
'ဖုန်းဝူချန်က နည်းနည်းလေးတောင် မကြောက်ဘူး... ကျန်းမိသားစု ခေါင်းဆောင်တွေလည်း စိုးရိမ်ပုံ မရဘူး... ကျန်းမိသားစုနဲ့ အင်မော်တယ် လက်နက် စံအိမ်က မတည့်ဘူးလို့ ကြားဖူးတယ်... ဒါပေမဲ့ အခု ဘာလို့ ဘာမှ မဖြစ်သလို နေနေကြတာလဲ…’
ဟု ရှန်ဝူဂိုဏ်းချုပ် လေးနက်စွာ တွေးတောနေမိ၏။
ကျန်းမိသားစု ခေါင်းဆောင်လည်း ဇဝေဇဝါ ဖြစ်နေရသည်။
‘ဖုန်းဝူချန်က အခုထိ ခေါင်းမာနေတုန်းပဲ... သူက အင်မော်တယ် လက်နက် စံအိမ်ကိုလည်း မကြောက်ဘူးတဲ့လား…’
ကျန်းမီကုံးလည်း စဉ်းစားရခက်နေ၏။
မကြာမီမှာပင် သခင်လေး ချီကုန်းသည် အစွမ်းထက် ပညာရှင်များ ခြံရံလျက် ခန်းမဆောင်ထဲသို့ ဝင်ရောက်လာသည်။
"ချီကုန်းက ဥက္ကဋ္ဌကြီးလင်ရဲ့ မွေးနေ့ကို ဂုဏ်ပြုပါတယ်..."
သူက ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
"အားနာစရာကြီး သခင်လေးရာ..."
လင်မိုယန် ပြုံးရွှင်စွာ ပြန်ပြောလိုက်၏။
"အစ်ကိုချီ…”
ပါရမီရှင် တစ်ယောက်က ချီကုန်းကို ရင်းရင်းနှီးနှီး လှမ်းခေါ်လိုက်သည်။
"မဂ်လာပါ…သခင်လေး..."
အခြား ပါရမီရှင်များလည်း ဝိုင်းဝန်း နှုတ်ဆက်ကြ၏။
"သခင်လေးကို ဂုဏ်ပြုပါတယ်..."
အင်အားကြီး ဂိုဏ်းခေါင်းဆောင်များလည်း အရိုအသေ ပြုကြ၏။
သို့သော်... လူတိုင်းကို အံ့အားသင့်သွားစေသည့် အချက်မှာ ချီကုန်းသည် သူတို့ကို လုံးဝ လျစ်လျူရှုထားခြင်းပင် ဖြစ်၏။ လေထုလို သဘောထားပြီး ဖြတ်ကျော်သွားလေ၏။
ချီကုန်းနှင့် သူ့လူများသည် ဖုန်းဝူချန် ရှေ့သို့ ရောက်သွားပြီး အလွန်အမင်း ရိုသေလေးစားစွာဖြင့် ဦးညွှတ်လိုက်ကြ၏။
"တပည့်က ဆရာဘိုးဘေးကို ဂါရဝပြုပါတယ်... ကျန်းမိသားစု ခေါင်းဆောင်နဲ့ အကြီးအကဲ သုံးယောက်ကို ဂါရဝပြုပါတယ်..."
ထိုမြင်ကွင်းကို မြင်လိုက်ရသည့် တစ်ခဏ၌ ခန်းမဆောင် တစ်ခုလုံး အချိန်ရပ်တန့်သွားသကဲ့သို့ ဖြစ်သွား၏။ လူတိုင်း ကျောက်ရုပ်များအလား တောင့်တင်းသွားကြ၏။
အင်မော်တယ် လက်နက် စံအိမ် သခင်လေးက ဖုန်းဝူချန်ကို 'ဆရာဘိုးဘေး' လို့ ခေါ်လိုက်တယ်တဲ့လား။
လောကကြီး... ဘာတွေ ဖြစ်ကုန်တာလဲ။
အင်အားကြီး ဂိုဏ်းခေါင်းဆောင်များနှင့် ပါရမီရှင်များ အားလုံး မှင်သက်သွားကြရ၏။
ချီကုန်းက ဖုန်းဝူချန်ရဲ့ တပည့် ဖြစ်နေတာလား။
ဒါ ဖြစ်နိုင်ပါ့မလား။ ချီကုန်း ဆိုတာ အင်မော်တယ် လက်နက် စံအိမ်၏ သခင်လေး၊ အဆင့်အတန်း မြင့်မားသူ။ သူ့လက်နက်သွန်းလုပ်ခြင်း စွမ်းရည်က ကျန်းကျွင့်လန်လောက် မမီပေမယ့် ကုန်းမြေတိုက်ကြီး၏ ဒုတိယ ပါရမီရှင်ပဲ မဟုတ်ပါလော။
အင်မော်တယ် လက်နက် စံအိမ်က ဝူကျီနယ်မြေ၏ အရှင်သခင် ဖြစ်၏။ နန်းတော်သခင်ကြီး ဆိုတာ အင်မော်တယ် လက်နက် သွန်းလုပ်နိုင်သော ကြောက်မက်ဖွယ် ပုဂ္ဂိုလ်ကြီး ဖြစ်၏။
ဒီလောက် ကြီးမားတဲ့ နောက်ခံ ရှိပါလျက်နှင့် ဖုန်းဝူချန်ကို ဆရာဘိုးဘေးလို့ ခေါ်စရာ အကြောင်းမရှိပေ။
လင်မိုယန်နှင့် အကြီးအကဲများပင် လိပ်ပြာလွင့်မတတ် ဖြစ်သွားကြ၏။
"ဆေးဧကရာဇ်က ချီကုန်းရဲ့ ဆရာဘိုးဘေး ဖြစ်နေတာလား..."
လင်မိုယန် ရင်ဘတ်ထဲမှာ ဗုံးပေါက်ကွဲသွားသလို ခံစားလိုက်ရ၏။
လူအများစုက ငရဲကနေ ကောင်းကင်ဘုံကို ရောက်ဖို့ ခဲယဉ်းသော်လည်း... ယခု သူတို့ကတော့ ကောင်းကင်ဘုံကနေ ၁၈ ထပ် ငရဲအထိ တန်းပြီး ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။
ရှန်ဝူဂိုဏ်း၊ ကျန်းမိသားစု ၊ ကောမိသားစု နှင့် အခြား အင်အားစုများမှာ တိတ်တဆိတ် သက်ပြင်းချလိုက်ကြ၏။ ဝင်မပါခဲ့မိတာ ကံကောင်းလိုက်လေခြင်း။ သို့သော်၊ ကြောက်လွန်း၍ ချွေးစေးတွေ ရွှဲနစ်နေလေ၏။
ဆန်းလော့နန်းတော်သခင်နှင့် အခြားသူများမှာမူ အကြွင်းမဲ့ မျှော်လင့်ချက်မဲ့သွားကြ၏။
"မင်းရဲ့ လက်နက်သွန်းလုပ်ခြင်း အဆင့်က နည်းနည်း တိုးတက်လာပေမယ့်... ဆဌမ အဆင့် ကို မရောက်သေးဘူးပဲ..."
ဖုန်းဝူချန်က ခေါင်းညိတ်ပြီး ချီကုန်းကို ဝေဖန်လိုက်သည်။
"တပည့်ကို လမ်းညွှန်ပေးပါဦး..."
ချီကုန်း ရိုသေစွာ တောင်းဆိုလိုက်၏။
"အခွင့်အရေး ရလာမှာပါ..."
ဖုန်းဝူချန် ပြုံးလိုက်သည်။
"ဆရာ... သူတို့က ဘာကိစ္စလဲ..."
ချီကုန်းက ဒူးထောက်နေသူများကို ကြည့်ပြီး မေးလိုက်သည်။ ဘာဖြစ်ခဲ့လဲ ဆိုတာ သူ မသိသေးပေ။
"သူတို့က ဆရာ့ကို စော်ကားခဲ့ကြတယ်..."
ကျန်းကျွင့်လန်က ဝင်ဖြေလိုက်သည်။
အင်အားကြီး ဂိုဏ်းခေါင်းဆောင်များနှင့် ပါရမီရှင်များ အားလုံး သေမင်း၏ အငွေ့အသက်ကို ခံစားလိုက်ရ၏။ အင်မော်တယ် လက်နက် စံအိမ် သခင်လေးတောင် ဖုန်းဝူချန်ရဲ့ တပည့် ဖြစ်နေမှတော့ သူတို့ကို ဘယ်သူက ကယ်နိုင်တော့မှာလဲ။
"ဆရာကို စော်ကားတယ် ဟုတ်လား..."
ချီကုန်း၏ မျက်နှာထား ရေခဲတမျှ အေးစက်သွား၏။
"သခင်လေး... ကျွန်တော်တို့ မသိလို့ပါ... သခင်လေးက ဆေးဧကရာဇ်ရဲ့ တပည့်ဆိုတာ မသိခဲ့ပါဘူး... ဆေးဧကရာဇ်က သခင်လေးကျန်းရဲ့ ဆရာဆိုတာလည်း မသိခဲ့ပါဘူး... တောင်းပန်ပါတယ်... ခွင့်လွှတ်ပါ... နောက်တစ်ခါ မလုပ်တော့ပါဘူး..."
ဆန်းလော့နန်းတော်သခင် ခေါင်းကို ကြမ်းပြင်နှင့် တဒုန်းဒုန်း ဆောင့်ကာ တောင်းပန်လေသည်။
"သခင်လေး... အသက်ချမ်းသာပေးပါ... ဆေးဧကရာဇ်... သနားပါ..."
ကျန်လူများလည်း ငိုယိုတောင်းပန်ကြ၏။
တောင်းပန်ခြင်းကလွဲလို့ တခြား ရွေးချယ်စရာ မရှိတော့ပေ။
"အသက်ချမ်းသာပေးရမယ် ဟုတ်လား..."
ကျန်းကျွင့်လန် မထီမဲ့မြင် ရယ်မောလိုက်သည်။
"ဆန်းလော့နန်းတော်သခင်... ခုနက ခင်ဗျား အဲ့လို မပြောပါဘူး... ချီကုန်းကို ခင်ဗျားတို့ဘက် ပါလာအောင် သွေးထိုးနေတာ မဟုတ်ဘူးလား... ဆရာ့ကို တိုင်ပြောမယ် ဆို..."
"သတ်လိုက်..."
ချီကုန်း အေးစက်စွာ အမိန့်ပေးလိုက်သည်။
ချီကုန်း၏ နောက်လိုက် ပညာရှင် တစ်ယောက် ရိပ်ခနဲ ပျောက်ကွယ်သွား၏။
"ဘုန်း..."
မျက်တောင်တစ်ခတ်စာ အတွင်းမှာပင် ဆန်းလော့နန်းတော်သခင် အမှုန့်ကြိတ်ခံလိုက်ရသည်။ ဘယ်လို သေသွားမှန်းတောင် မသိလိုက်ရပေ။ ထျန်းကျီဘုံ အဆင့် မဟုတ်လျှင် ထိုပညာရှင်၏ လှုပ်ရှားမှုကို မြင်နိုင်မည် မဟုတ်ပေ။
"ဖေဖေ..."
ဆန်းလော့နန်းတော် သခင်လေး ကြောက်လွန်း၍ ကြမ်းပြင်ပေါ်တွင် ပုံလျက်သား လဲကျသွား၏။
"ကျုပ်က မသတ်ချင်ပါဘူး... ဒါပေမဲ့ ခင်ဗျားတို့က အခွင့်အရေးကို တန်ဖိုးမထားခဲ့ကြတာ..."
ဟု ဖုန်းဝူချန်က သွေးအေးအေးဖြင့် ပြောလိုက်သည်။
“တစ်ယောက်မှ အရှင်မထားနဲ့…”
ချီကုန်းက ထပ်မံ အမိန့်ပေးလိုက်သည်။
ချီကုန်းသည် ဖုန်းဝူချန်၏ သဘောထားကို ကောင်းကောင်း နားလည်သည်။ ဖုန်းဝူချန် လိုချင်သော ရလဒ်ကို သူ ဖန်တီးပေးရမည်။
"အစ်ကိုချီ... ကျွန်တော်ပါ... ကျွန်တော်က ကျိုးဟောက်ထျန်းလေ... ကျွန်တော့်ကို မသတ်ပါနဲ့..."
ပါရမီရှင် တစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
သို့သော်... ချီကုန်းက လှည့်ပင် မကြည့်ပေ။
"ရွှပ်..."
"ရှဲ... ရှဲ... ရှဲ..."
ချီကုန်း၏ အမိန့်အောက်တွင် သူ့လူသည် မညှာမတာ လှုပ်ရှားလိုက်သည်။ မျက်တောင်တစ်ခတ်စာ အတွင်းမှာပင် ဒူးထောက်တောင်းပန်နေသော ဂိုဏ်းခေါင်းဆောင်များနှင့် ပါရမီရှင်များ အားလုံး လည်ပင်းပြတ်ကာ သေဆုံးကုန်ကြလေ၏။
ဒီနေ့ သူတို့ လာတာ မွေးနေ့ပွဲ တက်ဖို့ မဟုတ်ဘူး... သေလမ်း လာရှာကြတာပဲ။
ကျန်းမိသားစု၊ ကောမိသားစု၊ ရှန်ဝူဂိုဏ်းနှင့် အခြား ( ၆ ဖွဲ့ ) ၊ ( ၇ ဖွဲ့ ) လောက်သာ ကံကောင်းထောက်မစွာ အသက်ရှင် ကျန်ရစ်ခဲ့ကြ၏။
"ဝဋ်လည်တာပဲ..."
လျိုချင်းယန် ကျေနပ်အားရစွာ ပြောလိုက်သည်။
"ဆရာ... သူတို့ကိုရော သတ်ရမလား..."
အင်မော်တယ် လက်နက် စံအိမ်မှ ပညာရှင်က ကျန်ရစ်သူများကို ညွှန်ပြရင်း မေးလိုက်သည်။
ရှန်ဝူဂိုဏ်းချုပ်နှင့် အခြားသူများ ကြောက်လွန်း၍ နှလုံးရပ်မတတ် ဖြစ်ကုန်ကြ၏။
ဖုန်းဝူချန်က .. "သူတို့နဲ့ မဆိုင်ပါဘူး... ဒါပေမဲ့ ဒီနေ့ ကိစ္စကို ဘယ်သူမှ အပြင်မပြောရဘူး... နဂါးနတ်ဘုရား နန်းတော်က ညီအစ်ကိုတွေ လေ့ကျင့်ဖို့ လိုသေးတယ်..."
ဟု အေးဆေးစွာ ပြောလိုက်သည်။
"စိတ်ချပါ... ကျွန်တော်တို့ တစ်ခွန်းမှ ဟမှာ မဟုတ်ပါဘူး..."
ရှန်ဝူဂိုဏ်းချုပ်နှင့် အခြားသူများ ကမန်းကတန်း ကတိပေးလိုက်ကြ၏။
"အလောင်းတွေ ရှင်းထုတ်လိုက်ပါ... မွေးနေ့ပွဲ ဆက်ကျင်းပမယ်... ဒီလူတွေကြောင့် ပွဲပျက်မခံနိုင်ဘူး..."
ဖုန်းဝူချန်က ပြုံးရင်း ပြောလိုက်သည်။ လူသေအလောင်းများ ရှိနေသော်လည်း သူ့မျက်နှာထားကတော့ ပုံမှန်အတိုင်း တည်ငြိမ်နေကာ မျက်ခုံး တစ်ချက် မတွန့်ကွေးပေ။
အခန်း (၅၁၂) - နေရာရွှေ့ပြောင်း အခင်းအကျင်း
~စားပွဲသောက်ပွဲကြီးသည် ရယ်မောသံများ၊ ပျော်ရွှင်စွာ စကားပြောဆိုသံများဖြင့် ပြည့်နှက်နေ၏။ ဂိုဏ်းခေါင်းဆောင် အများအပြား အသတ်ခံလိုက်ရသည်ကို မည်သူမျှ ဂရုမစိုက်တော့သလိုပင်။
ကျန်းမိသားစုနှင့် အင်အားကြီး ဂိုဏ်းများမှ ခေါင်းဆောင်များသည် ဖုန်းဝူချန်ကို အလွန်အမင်း ရိုသေလေးစားစွာဖြင့် ဝိုင်းဝန်း နှုတ်ဆက်ကြ၏။
ဒီနေ့သည် လင်မိုယန်၏ အသက် ( ၇၀ ) ပြည့် မွေးနေ့ပွဲ ဖြစ်သော်လည်း... ဖုန်းဝူချန်က ပွဲ၏ အဓိက ဇာတ်ဆောင် ဖြစ်နေ၏။ ဖုန်းဝူချန်၏ မွေးနေ့ပွဲ ကျင်းပနေသကဲ့သို့ပင်။
ဖုန်းဝူချန် ကိုယ်တိုင်ပင် အားနာလာသည်။
လင်မိုယန်သည် မွေးနေ့ရှင် ဖြစ်သည်လေ။ သူ့ကို အဆင်မပြေ ဖြစ်အောင် လုပ်မိသလို ဖြစ်နေသည် မဟုတ်ပါလော။
ကံကောင်းသည်မှာ အားလုံးက နားလည်ပေးကြ၏။ ပွဲပြီးသည်အထိ လင်မိုယန်ကို လစ်လျူရှုမထားခဲ့ကြပေ။
မွေးနေ့ပွဲ ပြီးဆုံးသွားသောအခါ ဖုန်းဝူချန်သည် လင်ရှောင်ရှောင်နှင့်အတူ ရှင်းကျဲမြို့တော်မှ ထွက်ခွာလာပြီး နဂါးနတ်ဘုရား နန်းတော်သို့ ပြန်ခဲ့ကြ၏။
မပြန်ခင်တွင် ဖုန်းဝူချန်သည် အခင်းအကျင်း တည်ဆောက်ရန် လိုအပ်သော ပစ္စည်းများကိုပါ ယူဆောင်သွားခဲ့သည်။
ကျန်းမိသားစု ခေါင်းဆောင်နှင့် အခြားသူများလည်း လူစုခွဲသွားကြ၏။ ရှန်ဝူဂိုဏ်းချုပ်နှင့် အင်အားကြီး ခေါင်းဆောင်များသာ ကျန်ရစ်ခဲ့သည်။
လင်မိုယန်၏ အသက် ( ၇၀ ) ပြည့် မွေးနေ့ပွဲသည် အမှတ်တရ ဖြစ်စရာ ကောင်းလှသည်။
သွေးထွက်သံယို ဖြစ်ရပ်များကြောင့် ပွဲပျက်သွားနိုင်သော်လည်း၊ လေလံရုံကို လုံးဝ မထိခိုက်ခဲ့ပေ။
ဆန့်ကျင်ဘက် အနေဖြင့် ဖုန်းဝူချန်သည် ဝူကျီနယ်မြေ၏ အင်အားကြီးများကို အထင်ကြီးလေးစားသွားစေခဲ့သည်။
လေလံရုံ ခန်းမဆောင်ကြီး အတွင်း၌... ဖုန်းဝူချန်၊ ကျန်းမိသားစုနှင့် ချီကုန်းတို့ ထွက်ခွာသွားပြီးနောက် အင်အားကြီး ခေါင်းဆောင်များ သက်ပြင်းချလိုက်နိုင်တော့သည်။
ကျန်းမိသားစု၊ အင်မော်တယ် လက်နက် စံအိမ်နှင့် ဖုန်းဝူချန်တို့ ရှိနေစဉ်က အသက်ရှုရန်ပင် ခက်ခဲခဲ့သည် မဟုတ်ပါလော။
ကျန်းမိသားစု (မျိုးရိုး နာမည်တူ) ခေါင်းဆောင်က ဦးဆုံး မေးလိုက်သည်။
"ဥက္ကဋ္ဌကြီးလင်... ဆေးဧကရာဇ် ဆိုတာ တကယ်တော့ ဘယ်သူလဲဗျာ... သူ့အဆင့်အတန်းက ဘာလို့ ဒီလောက် ကြောက်စရာ ကောင်းနေရတာလဲ..."
ထိုသို့ မေးမြန်းသည်ကို ကြားလိုက်ရသောအခါ လင်မိုယန် ခေါင်းခါလိုက်ပြီး ခါးသီးစွာ ပြုံးလိုက်သည်။
"ကျုပ်လည်း သိပ်မသိပါဘူးဗျာ... ဆေးဧကရာဇ်က သခင်လေးကျန်းရဲ့ ဆရာ ဖြစ်ပြီး၊ နဂါးနတ်ဘုရား နန်းတော်သခင် ဖြစ်တယ် ဆိုတာလောက်ပဲ သိတာပါ... ခင်ဗျားတို့ မြင်တဲ့အတိုင်းပဲ... ဆေးဧကရာဇ်ရဲ့ လက်နက်သွန်းလုပ်ခြင်း စွမ်းရည်က အင်မတန်မှ ကြောက်စရာ ကောင်းပါတယ်... ‘စိတ်ဖြင့် လက်နက်ဖန်ဆင်းခြင်း’ အဆင့်ကို ရောက်နေပြီ... ဆေးဖော်စပ်ရာမှာလည်း ' အတွေးတစ်ချက်ဖြင့် ဆေးဖော်စပ်ခြင်း' ကို တတ်မြောက်ထားသူပါ..."
"ကျုပ် ဆေးဧကရာဇ်ကို ဆရာတင်လိုက်ပါပြီ... ဆရာက ဆေးပညာရှင်နဲ့ လက်နက်ပညာရှင်တွေရဲ့ ကိုယ်ထဲက မီးအဆိပ်ကို ထိန်းချုပ်နိုင်စွမ်း ရှိပါတယ်... ကျုပ်ကိုယ်ထဲက မီးအဆိပ်ကို ဆရာ ကိုယ်တိုင် ဖယ်ရှားပေးလိုက်တာပါ..."ဟု နီဖုန်းယွင်က ဝင်ပြောပြလိုက်သည်။
"ဘုရားရေ…မီးအဆိပ်ကို ထိန်းချုပ်နိုင်တယ်လား..."
အင်အားစု အသီးသီးမှ ဆေးပညာရှင်များ မျက်နှာ ဖြူဖျော့ကုန်ကြ၏။
"သခင်လေးချီကုန်းက ဆေးဧကရာဇ်ရဲ့ မြေးတပည့် ဖြစ်တယ် ဆိုတာကိုတော့ ကျုပ် ဒီနေ့မှ သိရတာပါ... ဒါကို ကြည့်ရင် ဆေးဧကရာဇ်ရဲ့ နောက်ကွယ်မှာ ကျန်းမိသားစုတင် မကဘူး... အင်မော်တယ် လက်နက် စံအိမ်လည်း ရှိနေတယ် ဆိုတာ သေချာသွားပြီ..."
ထိုသို့ ပြောပြနေစဉ်၊ လင်မိုယန်၏ အိုမင်းသော မျက်ဝန်းများထဲတွင် ကြောက်ရွံ့မှုများ ဖြတ်ပြေးသွား၏။
သူ့စကားအား ကြားရသောအခါ၊ အင်အားကြီး ခေါင်းဆောင်များ အားလုံး မျက်နှာများ အုံ့မှိုင်းသွားကုန်ကြ၏။
သည်လောက် ကြောက်စရာကောင်းသော နောက်ခံ ရှိသူကို သူတို့ ဘယ်လိုလုပ် အပြစ်ပြုရဲပါမည်နည်း။
လင်မိုယန် ဆက်ပြောလိုက်သည်။
"လွတ်လပ်ခြင်းဂိုဏ်းချုပ်က ကျုပ် သတိပေးတာ နားမထောင်ဘဲ ကိုယ့်သေတွင်း ကိုယ်တူးသွားတာပါ... ကံကောင်းလို့ ခင်ဗျားတို့ ဝင်မပါခဲ့ကြတာ..."
ထိုအခါ ၊ ကျန်းမီကုံးက ပြောလိုက်သည်။
"မူးယစ်နတ်ဘုရား စားသောက်ဆိုင်မှာတုန်းက ယန်ဟယ်တို့ အကြိမ်ကြိမ် ရန်စတာတောင် ဆေးဧကရာဇ်က နည်းနည်းလေးမှ မကြောက်ခဲ့ဘူး... အဲ့ဒီတုန်းကတည်းက ဆေးဧကရာဇ်က သာမန် မဟုတ်မှန်း ကျွန်တော် သိလိုက်တာပါ.."
ကျန်းမီကုံး သူ့ဆုံးဖြတ်ချက် မှန်ကန်ခဲ့သည့်အတွက် တိတ်တဆိတ် ဝမ်းသာနေမိသည်။ မဟုတ်လျှင် သူတို့ ကျန်းမိသားစုလည်း သေဆုံးစာရင်းထဲ ပါသွားလောက်ပြီ မဟုတ်ပါလော။
ပိုင်လီဟန်က ဝင်ပြောသည်။
"သာမန် မဟုတ်ရုံတင် ဘယ်ကမလဲဗျာ... ဆေးဧကရာဇ်က ငယ်ငယ်လေးနဲ့ ဒီလောက် စွမ်းအားကြီးပြီး၊ ဆေးဧကရာဇ် အဆင့်၊ ပြီးတော့ နတ်ဘုရား စွမ်းရည်တွေပါ ပိုင်ဆိုင်ထားတာ... ခင်ဗျားတို့ ဆေးဧကရာဇ် ဆေးဖော်တာ မမြင်ဖူးသေးလို့ပါ... တကယ့်ကို အနုပညာပဲ... ဆေးဧကရာဇ်ကို နတ်ဘုရားလို့ ခေါ်ရင်တောင် မမှားဘူး..."
အင်အားကြီး ခေါင်းဆောင်များ အားလုံး ခေါင်းညိတ် ထောက်ခံလိုက်ကြ၏။ ဖုန်းဝူချန်ကို အလွန်အမင်း သတိထားရမည့် ပုဂ္ဂိုလ်အဖြစ် သတ်မှတ်လိုက်ကြ၏။
လင်မိုယန်က သတိပေးလိုက်သည်။
"မိတ်ဆွေတို့... ဒီနေ့ ကိစ္စကို အပြင်ပြန်ရောက်ရင် ဘယ်သူ့ကိုမှ မပြောပါနဲ့... ခင်ဗျားတို့ရဲ့ လက်အောက်ခံ အင်အားစုတွေကိုလည်း ဆေးဧကရာဇ်ကို ရန်မစမိအောင် သတိပေးထားကြပါ... မဟုတ်ရင် ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်ဘူး..."
အင်အားကြီး ခေါင်းဆောင်များ ကမန်းကတန်း ခေါင်းညိတ်လိုက်ကြ၏။
‘ဆေးဧကရာဇ်ကို အပြစ်ပြုလို့ မဖြစ်ဘူး... လုံးဝ မဖြစ်ဘူး..’
စောစောက မြင်ကွင်းကို ပြန်တွေးမိတိုင်း သူတို့ ချွေးစေးများ ပျံနေကြ၏။
ဖုန်းဝူချန်အတွက် ဆိုလျှင် ချီကုန်းသည် တောင်းပန်နေသူများကိုပင် မျက်တောင်မခတ်ဘဲ သတ်ပစ်ရန် အမိန့်ပေးခဲ့သည်။ သူနှင့် သိသော ကျိုးဟောက်ထျန်း ကိုတောင် မညှာမတာ သတ်ပစ်ခဲ့သည်။
ဤအခြင်းအရာကို ကြည့်ခြင်းအားဖြင့် ဖုန်းဝူချန်သည် ချီကုန်း၏ ရင်ထဲတွင် မည်မျှ အရေးပါကြောင်း သိသာထင်ရှားနေ၏။
အင်မော်တယ် လက်နက် စံအိမ်ကြီး တစ်ခုလုံး ဖုန်းဝူချန်၏ လက်အောက်သို့ ရောက်နေပြီ ဆိုတာကိုသာ သူတို့ သိလိုက်ရလျှင်... မေးရိုးများ ပြုတ်ကျကုန်ကြပေလိမ့်မည်။
...
နဂါးနတ်ဘုရား နန်းတော်သို့ ပြန်ရောက်သည်နှင့် ဖုန်းဝူချန်သည် 'နေရာရွှေ့ပြောင်း အခင်းအကျင်း' ကို ဦးစွာ တည်ဆောက်လိုက်သည်။
ဖုန်းဝူချန် တည်ဆောက်သော အခင်းအကျင်းသည် ဝူကျီနယ်မြေတွင် သုံးနေကျ အခင်းအကျင်းများနှင့် မတူပေ။
အခင်းအကျင်းကို နဂါးနတ်ဘုရား နန်းတော် အတွင်း၌ တည်ဆောက်ထားပြီး၊ နောက်ထပ် အခင်းအကျင်း တစ်ခုကို ယန်ဟော် အင်ပါယာ တွင် တည်ဆောက်ရန် ရည်ရွယ်ထားသည်။ သို့မှသာ ဖုန်းမိသားစုနှင့် ကောင်းကင်ဗိမာန် မှ လူများ နဂါးနတ်ဘုရား နန်းတော်သို့ အလွယ်တကူ လာရောက်နိုင်မည် ဖြစ်၏။ နဂါးနတ်ဘုရား နန်းတော်သားများ အနေဖြင့်လည်း အင်ပါယာသို့ ပြန်ရန် လွယ်ကူပေမည်။
အင်ပါယာတွင် အရေးပေါ် အခြေအနေ ဖြစ်ပေါ်လာပါက ချက်ချင်း သွားရောက် ကူညီနိုင်မည် မဟုတ်ပါလော။
အခြားသူများ တံခါးပိတ် ကျင့်ကြံနေချိန်တွင် ဖုန်းဝူချန်သည် အခင်းအကျင်း တည်ဆောက်ခြင်းဖြင့် အလုပ်ရှုပ်နေ၏။
အားလုံး အဆင်သင့် ဖြစ်သောအခါ ဖုန်းဝူချန်သည် အစစ်အမှန်ယွမ်စွမ်းအားကို လှုံ့ဆော်လိုက်ပြီး အခင်းအကျင်းကို အသက်သွင်းလိုက်သည်။
"ဝေါ..ဝေါ..."
( ၁၂ )ပေခန့် ကျယ်သော အခင်းအကျင်းမှ အပြာရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး မြေပြင် အနည်းငယ် တုန်ခါသွား၏။
"ဟုတ်ပြီကွ.. ယန်ဟော် အင်ပါယာ ကောင်းကင်ဗိမာန်မှာ နောက်ထပ် အခင်းအကျင်း တစ်ခု တည်ဆောက်ပြီး ချိတ်ဆက်လိုက်ရင် ပြီးပြီ..."
ဖုန်းဝူချန် ပြုံးရင်း ရေရွတ်လိုက်သည်။
"နန်းတော်သခင်... ဒါ နေရာရွှေ့ပြောင်း အခင်းအကျင်းလားဗျ..."
အားလှိုင်းများကို အာရုံခံမိသဖြင့် စစ်သည်အချို့ စပ်စုရန် ရောက်လာကြ၏။
"ဟုတ်တယ်... အင်ပါယာမှာ နောက်တစ်ခု တည်ဆောက်ပြီး ချိတ်ဆက်လိုက်ရင် ငါတို့ အင်ပါယာကို အချိန်မရွေး ပြန်လို့ရပြီ..."
"ဝမ်းသာလိုက်တာဗျာ... အင်ပါယာကို အချိန်မရွေး ပြန်လို့ရပြီပေါ့..."
စစ်သည်များ စိတ်လှုပ်ရှားသွားကြ၏။
"နဂါးနတ်ဘုရား နန်းတော်ကို သေချာ စောင့်ကြပ်ထားကြ... အန္တရာယ် ရှိရင် အခင်းအကျင်းကြီးကို ဖွင့်လိုက်... ငါ အင်ပါယာကို ခဏ ပြန်လိုက်ဦးမယ်..."
ဖုန်းဝူချန် မှာကြားလိုက်သည်။
"ဟုတ်ကဲ့ နန်းတော်သခင်..."
စစ်သည်များ အားတက်သရော ပြန်ဖြေလိုက်ကြ၏။
ဖုန်းဝူချန် အင်ပါယာသို့ ပြန်ရန် ပြင်နေစဉ် နီဖုန်းယွင်၏ အသံလှိုင်း ရောက်ရှိလာသည်။
"ဆရာ... 'နှစ်တစ်ထောင် အင်မော်တယ် ဝိညာဉ်ကျောက်'ရဲ့ သတင်း ရပါပြီ..."
“ဗျာ... တကယ်လား…”
ဖုန်းဝူချန်၏ မျက်နှာ ဝင်းပသွား၏။
"တကယ်ပါ ဆရာ... ဒီမနက်တင်ပဲ အနောက်ဘက်ဒေသ ချီယွမ်တောင်မှာ ရှိတယ်လို့ သတင်းရပါတယ်..."
"ကောင်းပြီ... ကျွန်တော် ချီယွမ်တောင်ကို သွားလိုက်ပါမယ်..."
ဖုန်းဝူချန် ပြန်ဖြေလိုက်ပြီး ယန်ဟော် အင်ပါယာသို့ ချက်ချင်း ထွက်ခွာလိုက်သည်။
နှစ်တစ်ထောင် အင်မော်တယ် ဝိညာဉ်ကျောက်သည် အလွန် ရှားပါးလှသည်။ ရှာဖွေ၍ ရနိုင်သော ပစ္စည်း မဟုတ်ဘဲ၊ ကံကောင်းမှသာ တွေ့နိုင်သော ရတနာမျိုး ဖြစ်ပေ၏။
ဖုန်းဝူချန်သည် နီဖုန်းယွင်ကို မျှော်လင့်ချက် သိပ်မထားဘဲ ရှာခိုင်းခဲ့ခြင်း ဖြစ်သော်လည်း၊ ဒီလောက် မြန်မြန်ဆန်ဆန် သတင်းရလိမ့်မည်ဟု ထင်မထားခဲ့မိပေ။
ဖုန်းဝူချန် အလွန် စိတ်လှုပ်ရှားနေ၏။
နှစ်တစ်ထောင် အင်မော်တယ် ဝိညာဉ်ကျောက်သာ ရလျှင်... နဂါးနတ်ဘုရား ဓားကို အင်မော်တယ် ဓားအဖြစ် အဆင့်မြှင့်တင်နိုင်တော့မည်။
ဖုန်းဝူချန်၏ လက်နက်သွန်းလုပ်ခြင်း စွမ်းရည်နှင့် ဆိုလျှင် သာမန် အင်မော်တယ် ဝိညာဉ်ကျောက်များဖြင့်လည်း အင်မော်တယ် ဓား ပြုလုပ်နိုင်သည်။
သို့သော် ဖုန်းဝူချန်က နှစ်တစ်ထောင် သက်တမ်းရှိသော ကျောက်ကိုမှ လိုချင်နေခြင်းတွင် အကြောင်းပြချက် ရှိပေလိမ့်မည်။
...
—---------
ယန်ဟော် အင်ပါယာ၊ ကောင်းကင်ဗိမာန်...
ခုနစ်ရက်ကြာ ခရီးနှင်ပြီးနောက် ဖုန်းဝူချန်သည် ကောင်းကင်ဗိမာန်သို့ ရောက်ရှိလာသည်။
ဖုန်းမိသားစုနှင့် အင်ပါယာ အကြီးအကဲများ အားလုံး ကောင်းကင်ဗိမာန်တွင် စုဝေးနေကြ၏။
"နေရာရွှေ့ပြောင်း အခင်းအကျင်း... ပွင့်စေ.."
ဖုန်းဝူချန်သည် အစစ်အမှန်ယွမ်စွမ်းအားကို လှုံ့ဆော်လိုက်ပြီး လက်ဝါးဖြင့် မြေကြီးကို ရိုက်ချလိုက်ရာ အခင်းအကျင်းမှ အပြာရောင် အလင်းတန်းများ ဝေဝါးလာသည်။
"ဝူချန်... ဒါ မင်းပြောတဲ့ နေရာရွှေ့ပြောင်း အခင်းအကျင်းလား..."
ဖုန်းကျိန့်ရှုံး အံ့အားသင့်စွာ မေးလိုက်သည်။
"စွမ်းအားလှိုင်းတွေက သိပ်ပြင်းထန်တာပဲ..."
ဧကရာဇ် သွမ့်ထျန်းဟွမ်နှင့် အခြားသူများလည်း အံ့ဩနေကြ၏။
ဖုန်းဝူချန် ပြုံးလိုက်ပြီး..၊
"ဟုတ်ပါတယ်... ဒီအခင်းအကျင်း ရှိရင် ဝူကျီနယ်မြေက နဂါးနတ်ဘုရား နန်းတော်ကို အချိန်မရွေး သွားလို့ရပါပြီ... ဒါပေမဲ့ ခရီးဝေးလွန်းလို့ အချိန်နည်းနည်းတော့ ကြာလိမ့်မယ်..."
"ဝူချန်က တကယ် တော်တာပဲ..."
သူမ၏ မျက်နှာပေါ်တွင် ဂုဏ်ယူမှုများ အပြည့်နှင့် ရှောင်ချင်းချင်းက ဝမ်းသာအားရ ပြောလိုက်လေသည်။
အခန်း (၅၁၃) - ဖန်ယွင်ဂိုဏ်းသို့ သွားခြင်း
"ရပါပြီ... နေရာရွှေ့ပြောင်း အခင်းအကျင်း ပွင့်သွားပြီဆိုတော့... အားလုံး လိုက်ခဲ့ကြပါ..."
ဖုန်းဝူချန်က ဖုန်းကျိန့်ရှုံးနှင့် အခြားသူများကို ဦးဆောင်ပြီး အခင်းအကျင်းထဲသို့ ဝင်ရောက်သွား၏။
နေရာရွှေ့ပြောင်း အခင်းအကျင်းသည် လျင်မြန်လှသော်လည်း၊ နဂါးနတ်ဘုရား နန်းတော်သို့ ချက်ချင်း ရောက်ရှိသွားခြင်း မဟုတ်ပေ။
အခင်းအကျင်း အတွင်းရှိ လမ်းကြောင်းသည် ရောင်စုံ အလင်းတန်းများဖြင့် လှပဆန်းကြယ်နေသဖြင့် လူတိုင်း အံ့ဩမှင်သက်နေကြ၏။
ခရီးအကွာအဝေး ဝေးလွန်းသဖြင့် နာရီဝက်ခန့် ကြာမြင့်မည် ဖြစ်၏။ သို့သော် ပျံသန်းသွားတာထက်တော့ အဆပေါင်းများစွာ မြန်ဆန်သည်မှာ အမှန်ပင်။
"ဖေဖေ... မေမေ...မင်းကြီး... နဂါးနတ်ဘုရား နန်းတော်ကို ရောက်ရင် ကျွန်တော် အရေးကြီးကိစ္စ ရှိလို့ သွားစရာ ရှိတယ်... အဖော်မပြုပေးနိုင်တော့ဘူးနော်..."
ဖုန်းဝူချန်က ဆန်းကြယ်သော လမ်းကြောင်းကြီးထဲတွင် ပြုံးရင်း ပြောလိုက်သည်။
ထိုအခါ၊ ဖုန်းကျိန့်ရှုံးက ဂုဏ်ယူဝင့်ကြွားစွာ ရယ်မောလိုက်သည်။
"ဟားဟား၊ သားလေး... သွားစရာရှိ သွားပါ... ဖေဖေတို့ကို စိတ်မပူနဲ့..."
"သားလေး... ဂရုစိုက်နော်..."
ဟု ရှောင်ချင်းချင်းကလည်း မိခင်မေတ္တာ အပြည့်ဖြင့် မှာကြားလေသည်။
"စိတ်ချပါ မေမေ..."
ထိုစဉ်၊ ဧကရာဇ် သွမ့်ထျန်းဟွမ် မနေနိုင်တော့ဘဲ မေးလိုက်မိသည်။
"ဖုန်းဝူချန်... မင်းရဲ့ လက်ရှိ ကျင့်ကြံဆင့်က ဘယ်လောက် ရောက်နေပြီလဲကွ... မင်းရဲ့ စွမ်းအားက သိပ်ကြောက်စရာ ကောင်းနေတယ်လို့ ဒီအရှင် ခံစားနေရတယ်..."
"ကောင်းကင်ဘုံလူသား ဒုတိယအလွှာ ပါဗျ..."
ဖုန်းဝူချန်က ပေါ့ပေါ့ပါးပါးပင် ဖြေလိုက်သည်။
"အလိုလေး... ကောင်းကင်ဘုံလူသား ဒုတိယအလွှာ ဟုတ်လား..."
ဧကရာဇ် မျက်လုံးများ ပြူးကျယ်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွား၏။ ရင်ထဲတွင် လှိုင်းတံပိုးကြီးများ ရိုက်ခတ်နေသကဲ့သို့ တုန်လှုပ်သွားမိသည်။
"ကောင်းကင်ဘုံလူသား အဆင့်ကို ရောက်သွားပြီလား..."
ဖုန်းကျိန့်ရှုံးနှင့် ဖုန်းချန်ယန်တို့လည်း လန့်သွားကြ၏။ ဖုန်းဝူချန်၏ တိုးတက်နှုန်းသည် မယုံကြည်နိုင်လောက်အောင် မြန်ဆန်လွန်းလှသည်။
"မြန်လိုက်တာ..."
စစ်ထူကျန့်ထျန်း၏ အသံများ တုန်ရီနေ၏။
‘အားကျစရာ ကောင်းလိုက်တာ…’
ကောင်းကင်ဗိမာန်မှ အဖွဲ့သားများ အားလုံး အံ့ဩမှင်သက်နေကြ၏။
"ကြိုးစားပြီး ကျင့်ကြံရင် ခင်ဗျားတို့လည်း ကောင်းကင်ဘုံလူသား အဆင့်ကို ရောက်နိုင်ပါတယ်…”
ဟု ဖုန်းဝူချန်က ပြုံးလိုက်ပြီး အားပေးလိုက်သည်။
"ကောင်းတယ်... သိပ်ကောင်းတယ်... ဟား ဟား... ဒါမှ ငါ့သား ဖုန်းကျိန့်ရှုံးရဲ့ သားကွ..."
ဖုန်းကျိန့်ရှုံး ပျော်လွန်း၍ ကခုန်ချင်စိတ် ပေါက်နေ၏။
နဂါးနတ်ဘုရား နန်းတော်သို့ ရောက်သည်နှင့် ဖုန်းဝူချန်သည် ဖုန်းကျိန့်ရှုံးတို့ကို လျိုချင်းယန်နှင့် အပ်ထားခဲ့ပြီး၊ လင်ရှောင်ရှောင်နှင့်အတူ လေလံရုံသို့ ချက်ချင်း ထွက်ခွာလာခဲ့လိုက်သည်။
—-----------
လေလံရုံသို့ ရောက်သောအခါ လင်မိုယန်နှင့် အဖွဲ့သားများ ကိုယ်တိုင် ကြိုဆိုကြ၏။
"ဆေးဧကရာဇ်... အချိန်ကိုက် ရောက်လာတာပဲ... 'နှစ်တစ်ထောင် အင်မော်တယ် ဝိညာဉ်ကျောက်' က အနောက်ဘက်ဒေသ၊ ချီယွမ်တောင်ပေါ်က 'ဖန်ယွင်ဂိုဏ်း' မှာ ရှိတယ်လို့ သတင်းရထားပါတယ်..."
လင်မိုယန်က ရိုသေစွာ သတင်းပို့လိုက်သည်။
"ဖန်ယွင်ဂိုဏ်း..."
ဖုန်းဝူချန် ခဏမျှ စဉ်းစားလိုက်ကာ၊
"ဖန်ယွင်ဂိုဏ်းရဲ့ အင်အားက ဘယ်လောက် ရှိလဲဗျ... ကျွန်တော့် အထင်တော့ သိပ်မကြီးလောက်ဘူး..."
နီဖုန်းယွင်က ဖြေလိုက်သည်။
"ဖန်ယွင်ဂိုဏ်းရဲ့ အင်အားက သာမန်ပါပဲ... ဒါကြောင့် မွေးနေ့ပွဲကို မဖိတ်ခဲ့တာပါ..."
ဖုန်းဝူချန် ခေါင်းညိတ်လိုက်သည်။
"ကောင်းပါပြီဗျာ ... ကျွန်တော် အခုချက်ချင်း ချီယွမ်တောင်ကို သွားလိုက်မယ်..."
"ဆရာ... နေပါဦး... ကျွန်တော်တို့ လူတွေ ပြောတာတော့... နှစ်တစ်ထောင် အင်မော်တယ် ဝိညာဉ်ကျောက်ကို လိုချင်ရင် ဖန်ယွင်ဂိုဏ်းရဲ့ တောင်းဆိုချက်တွေကို လိုက်လျောရမယ်တဲ့..."
"တောင်းဆိုချက်... ဘာတောင်းဆိုချက်လဲ..."
နီဖုန်းယွင် ခါးသီးစွာ ပြုံးလိုက်သည်။
"ဆဌမ အဆင့် ဆေးလုံး အလုံး ( ၁၀၀ )၊ ဝိညာဉ်လက်နက် အခု ( ၁၀၀ )... ပြီးတော့ သူတို့ရဲ့ ရန်သူတော်ကြီး 'ကရုဏာမဲ့ တောင်ကြား'ကို သုတ်သင်ရှင်းလင်းပေးရမယ်တဲ့..."
ထိုစကားကို ကြားသောအခါ ဖုန်းဝူချန် မျက်မှောင်ကြုတ်လိုက်သည်။
"ဆေးလုံးနဲ့ လက်နက်က ပြဿနာ မရှိပါဘူး... နှစ်တစ်ထောင် အင်မော်တယ် ဝိညာဉ်ကျောက်ရဲ့ တန်ဖိုးက အဲ့ဒါတွေထက် အများကြီး ပိုတယ်... ဒါပေမဲ့ ရန်သူကို သုတ်သင်ပေးရမယ် ဆိုတာကတော့ နည်းနည်း လွန်လွန်းနေပြီ..."
ထိုအခါ၊ လင်မိုယန်က လေးနက်စွာ ရှင်းပြလိုက်သည်။
"ကရုဏာမဲ့ တောင်ကြားရဲ့ အင်အားက ဖန်ယွင်ဂိုဏ်းနဲ့ တူတူလောက်ပါပဲ... ဒါပေမဲ့ သူတို့ နောက်ကွယ်မှာ 'အင်ပါယာ အစွန်းရောက် ဂိုဏ်း'ရှိနေတယ်... အနောက်ဘက်ဒေသရဲ့ အင်အားကြီး
( ၅ ) ခုထဲက တစ်ခုပါ... ဒါပေမဲ့ သူတို့က လမ်းမှန်လိုက်တဲ့ ဂိုဏ်း မဟုတ်လို့ မွေးနေ့ပွဲကို မဖိတ်ခဲ့တာ..."
"ဆေးဧကရာဇ်... ထျန်းခွေတို့ကို ထည့်ပေးလိုက်ရမလား..."
"မလိုပါဘူး... ကျွန်တော့်မှာ နည်းလမ်း ရှိပါတယ်ဗျ... ရှောင်ရှောင်..လာ.. သွားကြစို့..."
ဖုန်းဝူချန် ခေါင်းခါလိုက်ပြီး လင်ရှောင်ရှောင်၏ လက်ကို ဆွဲကာ ထွက်ခွာသွားတော့သည်။
"ဆရာ... ဂရုစိုက်ပါ..."
နီဖုန်းယွင် စိုးရိမ်တကြီး မှာကြားလိုက်သည်။
—------------
"ဝှစ်..ဝှစ်..."
ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့သည် လေလံရုံမှ ထွက်ခွာပြီး အနောက်ဘက်ဒေသသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားကြ၏။
တစ်နာရီခန့် အကြာတွင်... ချီယွမ်တောင်သို့ ရောက်ရှိလာကြ၏။
"အစ်ကိုကြီးဖုန်း... ဟိုနန်းတော်က ဖန်ယွင်ဂိုဏ်း ဖြစ်လောက်တယ်..."
လင်ရှောင်ရှောင်က တောင်ထိပ်ပေါ်ရှိ နန်းတော်တစ်ခုကို လက်ညှိုးထိုးပြလိုက်ခြင်းပါ။
ဖုန်းဝူချန်က အကဲခတ်လိုက်ပြီးနောက်၊
"အစွမ်းအထက်ဆုံး လူက ကောင်းကင်ဘုံလူသား ပဉ္စမအလွှာပဲ ရှိတယ်..."
"အစ်ကိုကြီးဖုန်း... ဝင်လုမလို့လားဟင်..."
လင်ရှောင်ရှောင် အံ့ဩတကြီး မေးလိုက်သည်။
"မင်းအစ်ကိုကြီးက အဲ့လိုလူမျိုးလားကွ..."
ဖုန်းဝူချန် မျက်လုံးလှန်ကြည့်လိုက်သည်။
လင်ရှောင်ရှောင်က ဖုန်းဝူချန်ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်နေသော်လည်း ဘာမှ မပြောတော့ပေ။
"..."
လင်ရှောင်ရှောင်၏ အကြည့်ကြောင့် ဖုန်းဝူချန် စိတ်အိုက်သွားရသည်။
"ဝှစ်..ဝှစ်..."
ဖန်ယွင်ဂိုဏ်း အထက် ကောင်းကင်ယံတွင် ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင် ရောက်ရှိလာကြ၏။
"ဘယ်သူလဲ..."
တပည့်တစ်ယောက်က လှမ်းအော်လိုက်ရာ ရင်ပြင်ပေါ်ရှိ တပည့်များ အားလုံး မော့ကြည့်လာကြ၏။
ဖုန်းဝူချန်တို့ ဆင်းသက်လိုက်ပြီး အေးဆေးစွာ ပြောလိုက်သည်။
"နှစ်တစ်ထောင် အင်မော်တယ် ဝိညာဉ်ကျောက် အတွက် လာတာပါ... ခင်ဗျားတို့ ဂိုဏ်းချုပ်ကို သွားပြောလိုက်..."
"အင်မော်တယ် ဝိညာဉ်ကျောက် ဟုတ်လား... ဪ... လေလံရုံက လူတွေ ဖြစ်မယ်..."
တပည့်များ စိတ်အေးသွားကြ၏။ သို့သော် သူတို့၏ အကြည့်များက လင်ရှောင်ရှောင်ဆီသို့ ရောက်ရှိသွားကြ၏။
"လှလိုက်တာ..."
တပည့်များ မျက်လုံးများ ပြူးကျယ်ကုန်ကြ၏။ လင်ရှောင်ရှောင်၏ အလှတရားက သူတို့ကို ဖမ်းစားထားသည်။
ထိုအခိုက်အတန့်မှာပင်၊ လင်ရှောင်ရှောင်ထံမှ အေးစက်သော အရှိန်အဝါတစ်ခု ထွက်ပေါ်လာရာ တပည့်များ လန့်ဖျတ်ပြီး အကြည့်လွှဲလိုက်ကြရသည်။
ထိုအချိန်တွင် စီနီယာ တပည့်တစ်ယောက် ထွက်လာပြီး ဖုန်းဝူချန်တို့ကို အကဲခတ်လိုက်၏။
"စီနီယာအစ်ကို... သူတို့က လေလံရုံက လူတွေပါဗျ..."
‘ဒီလူက ကျင့်ကြံဆင့်ကို ဖုံးကွယ်ထားတယ်... ငါ မမြင်ရဘူး... မိန်းကလေးကတော့ ထျန်းယွမ်ဘုံ သတ္တမအလွှာပဲ ရှိသေးတယ်…’
ထိုလူက တွက်ချက်လိုက်သော်လည်း သိပ်ဂရုမစိုက်ပေ။
"ကျုပ်က ဖန်ယွင်ဂိုဏ်းရဲ့ ခေါင်းဆောင်တပည့် လီမုပါ... ဆေးလုံးတွေနဲ့ ဝိညာဉ်လက်နက်တွေ ပါလာပြီလား..."
ဖုန်းဝူချန် ပြုံးပြီး…၊
"ကျောက်တုံး အစစ် ဟုတ်မဟုတ် အရင် ကြည့်ရဦးမယ်..."
ထိုအခါ၊ လီမု ခေါင်းညိတ်လိုက်သည်။
"ဒီဘက်ကို ကြွပါ..."
လီမုက လမ်းပြခေါ်ဆောင်သွားရင်း တပည့်တစ်ယောက်ကို ဂိုဏ်းချုပ်နှင့် အကြီးအကဲများကို သွားခေါ်ခိုင်းလိုက်သည်။
မကြာမီမှာပင်... ဖန်ယွင်ဂိုဏ်းချုပ် ကျောက်ဟွာဖုန်းနှင့် အကြီးအကဲ သုံးယောက် ရောက်ရှိလာကြ၏။
"ဂိုဏ်းချုပ်... သူတို့က အင်မော်တယ် ဝိညာဉ်ကျောက် လာယူတာပါ..."
ဟု လီမုက ရိုသေစွာ သတင်းပို့လိုက်သည်။
ကျောက်ဟွာဖုန်းက ဖုန်းဝူချန်တို့ကို အကဲခတ်လိုက်ပြီး ပြုံး၍ ပြောလိုက်သည်။
"ကြိုဆိုပါတယ်… ဧည့်သည်တော်တို့..."
ဖုန်းဝူချန်က
"ဂိုဏ်းချုပ်ကျောက်... တွေ့ရတာ ဝမ်းသာပါတယ်..."
ဟု ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
"မင်းတို့က အင်မော်တယ် ဝိညာဉ်ကျောက် လာယူတာ ဆိုတော့ စကားကို လိုရင်းပဲ ပြောကြတာပေါ့... ကျုပ်ရဲ့ တောင်းဆိုချက်တွေကို သိပြီးသား ဖြစ်မှာပါ... ဆဌမ အဆင့် ဆေးလုံး အလုံး ( ၁၀၀ )၊ ဝိညာဉ်လက်နက် အခု ( ၁၀၀ )... ပြီးတော့ ကရုဏာမဲ့ တောင်ကြားကို မျိုးဖြုတ်ပေးရမယ်... ဒါတွေ လုပ်ပေးနိုင်ရင် ကျောက်တုံးက မင်းတို့ အပိုင်ပဲ..."
"ဂိုဏ်းချုပ်ကျောက်... ဆေးလုံးနဲ့ လက်နက်က ပြဿနာ မရှိပါဘူး... ဒါပေမဲ့ ကရုဏာမဲ့ တောင်ကြားနဲ့ ကျုပ်တို့က ဘာရန်ငြိုးမှ မရှိဘူး... ဒီတောင်းဆိုချက်က နည်းနည်း ခက်ခဲလွန်းတယ်... ပြီးတော့ သူတို့နောက်ကွယ်မှာ အင်ပါယာ အစွန်းရောက် ဂိုဏ်း ရှိနေတယ်လေ... ဖန်ယွင်ဂိုဏ်း အနေနဲ့ ယှဉ်နိုင်ပါ့မလား... တခြား တောင်းဆိုချက် ပြောင်းလို့ မရဘူးလား..."
ဖုန်းဝူချန် ညှိနှိုင်းကြည့်လိုက်သည်။
ထိုစကားကို ကြားသောအခါ ကျောက်ဟွာဖုန်း၏ မျက်နှာထား မည်းမှောင်သွား၏။
"ငါ့တောင်းဆိုချက်က ပြောင်းလဲမှာ မဟုတ်ဘူး... မလုပ်နိုင်ရင် ပြန်တော့..."
ဟု ကျောက်ဟွာဖုန်းက စိတ်မရှည်စွာ မောင်းထုတ်လိုက်လေတော့သည်။