← Chapters

အခန်း (၅၁၇-၅၁၉)

Vol. 35 Ch. 517-519

အခန်း (၅၁၇-၅၁၉)

Vol. 35 Ch. 517-519

အခန်း (၅၁၇) - ငါမင်းကို ရိုက်တော့မယ်

~ရှန်ဝူမြို့တော်ထဲသို့ ဝင်ရောက်လာပြီးနောက်၊ ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့သည် စားသောက်ဆိုင် တစ်ခုတွင် အနားယူရင်း ရှန်ဝူဂိုဏ်း၏ တည်နေရာကို စုံစမ်းရန် စီစဉ်လိုက်ကြ၏။

ထိုအချိန်တွင်... လမ်းမပေါ်မှ မိန်းကလေးတစ်ယောက် သူတို့နှစ်ယောက်ရှိရာသို့ ကြောက်လန့်တကြား ပြေးဝင်လာသည်။ နောက်တွင် အမျိုးသားတစ်ယောက်က လိုက်လာနေ၏။

"ကယ်ပါဦး... မြန်မြန် ကယ်ကြပါဦး..."

မိန်းကလေးက အသက်လု ပြေးရင်း အော်ဟစ်နေ၏။

သူမသည် အပြာနုရောင် ဝတ်စုံလေးကို ဝတ်ဆင်ထားပြီး ကျက်သရေရှိလှသည်။ နူးညံ့သိမ်မွေ့သော မျက်နှာလေးနှင့် ဆွဲဆောင်မှု ရှိသော ကိုယ်ခန္ဓာ အချိုးအစားကို ပိုင်ဆိုင်ထားသည်။

"အလှလေး... ဒီနေ့ ဒီသခင်လေးရဲ့ လက်ထဲကနေ မင်း လွတ်မယ်ထင်နေလား... ဒီနေ့ မင်းကို ငါ ဝါးမြိုပစ်မယ်..."

နောက်မှ လိုက်လာသော အမျိုးသားက ညစ်ညမ်းစွာ ပြုံးရင်း ပြောလိုက်သည်။ လမ်းသွားလမ်းလာများကို လုံးဝ ဂရုမစိုက်ပေ။

နေ့ခင်းကြောင်တောင်ကြီးမှာ မိန်းကလေးတစ်ယောက်ကို ဒီလို ဗြောင်ကျကျ စော်ကားရဲသည်မှာ လွန်လွန်းလှသည်။

လူအများက တီးတိုး ကျိန်ဆဲနေကြသော်လည်း မည်သူမျှ ဝင်မကူညီရဲကြပေ။

ဖုန်းဝူချန်တို့နှင့် လက်တစ်ကမ်းအလို ရောက်သောအခါ ထိုမိန်းကလေးကို နောက်မှ လိုက်လာသူက ဖမ်းဆွဲလိုက်ပြီး ဆွဲခေါ်သွား၏။

"ကယ်ပါဦး... ကျေးဇူးပြုပြီး ကယ်ပါ..."

မိန်းကလေးက ဖုန်းဝူချန်တို့ကို ကြောက်ရွံ့အားကိုးသော မျက်လုံးများဖြင့် ကြည့်နေရှာသည်။

"ဘယ်ပြေးဦးမလဲ ကြည့်ရသေးတာပေါ့..."

ထိုအမျိုးသားက ရက်စက်စွာ ရယ်မောလိုက်ပြီး မိန်းကလေး၏ ပါးပြင်နုနုလေးကို နမ်းရှုံ့ရန် ပြင်လိုက်သည်။

သို့သော်... သူ့နှုတ်ခမ်း မိန်းကလေးကို မထိခင်မှာပင် ဓားပျံတစ်ချောင်း ရုတ်တရက် ပေါ်လာပြီး သူ့နှုတ်ခမ်းရှေ့တွင် ပိတ်ရပ်လိုက်သည်။

‘ကောင်းကင်ဘုံလူသား စတုတ္ထအလွှာ…’

ဖုန်းဝူချန် စိတ်ထဲမှ ရေရွတ်လိုက်သည်။ ရုတ်တရက် ပေါ်လာသော အရှိန်အဝါသည် အတော်လေး အစွမ်းထက်လေသည်။

ဓားသွား၏ အေးစက်မှုကြောင့် ထိုလူ ဇောချွေးများ ပျံသွား၏။ သတ်ဖြတ်လိုစိတ် အငွေ့အသက်များက သူ့ကို တုန်လှုပ်သွားစေ၏။

ထိုစဉ်၊

"ယွဲ့လန်ကို လွှတ်လိုက်စမ်း... မဟုတ်ရင် သတ်ပစ်မယ်..."

ထိုသို့၊ အေးစက်သော အသံတစ်သံ ထွက်ပေါ်လာသည်။

"အစ်ကိုကြီးမန်..."

မိန်းကလေး ယွဲ့လန်က ဝမ်းသာအားရ အော်ဟစ်လိုက်သည်။

"မန်ချင်း... မင်းကိုး..."

ထိုလူက မထီမဲ့မြင် ပြုံးရင်း လွှတ်ပေးလိုက်သည်။ လာသူက မန်ချင်းက ဖြစ်နေမှန်း သိလိုက်ရသောအခါ ကြောက်စိတ်များ ပျောက်ကွယ်သွားပြီး မောက်မာသော အမူအရာများ ပြန်ပေါ်လာသည်။

ရောက်လာသူသည် အသက် ( ၂၅ ) နှစ်ခန့် ရှိမည့် လူရွယ် တစ်ဦး ဖြစ်၏။ အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်ရှည်များကို ပခုံးပေါ်တွင် ပေါ့ပေါ့ပါးပါး ချထားသည်။ ရုပ်ရည်သန့်ပြန့်ပြီး ကြည့်ကောင်းသူ တစ်ဦးဖြစ်၏။

ဖုန်းဝူချန် ဝင်ကူညီရန် ပြင်လိုက်သော်လည်း၊ တခြားလူ ရောက်လာသဖြင့် လက်ရှောင်လိုက်သည်။

ယွဲ့လန်သည် လွတ်မြောက်သွားသည်နှင့် ယုန်ကလေးတစ်ကောင်အလား မန်ချင်း၏ ရင်ခွင်ထဲသို့ ဝင်ရောက်ခိုလှုံလိုက်သည်။

မန်ချင်းက ထိုလူကို စူးစူးဝါးဝါး စိုက်ကြည့်ရင်း အေးစက်စွာ ပြောလိုက်၏။

"ဟဲမင်... မင်းအဖေက မြို့စားမင်း ဖြစ်နေတာနဲ့ ငါ မင်းကို မသတ်ရဲဘူး မထင်နဲ့..."

ဟဲမင်က မောက်မာစွာ ပြန်ပြောလိုက်သည်။

"မင်းရဲ့ ကျင့်ကြံဆင့်က ငါ့ထက် မြင့်တာ ငါသိတယ်... ဒါပေမဲ့ မင်း ငါ့ကို သတ်ရဲလို့လား... ငါ့ကို သတ်ရင် မင်း ရှန်ဝူမြို့တော်ကနေ အသက်ရှင်လျက် ပြန်ထွက်သွားနိုင်မယ် ထင်နေလား... ပြီးတော့ ဒီအလှလေး သေသွားမှာ မင်း မလိုလားပါဘူး..."

ဟဲမင်သည် ရှန်ဝူ မြို့စားမင်း၏ သခင်လေး ဖြစ်၏။ အဖြူရောင် ပိုးသား ဝတ်ရုံကို ဝတ်ဆင်ထားပြီး ရုပ်ရည် ချောမောသော်လည်း မျက်နှာထားက ကောက်ကျစ်သည်။ သူ့ကျင့်ကြံဆင့်သည် ကောင်းကင်ဘုံလူသား တတိယအလွှာ ဖြစ်ပြီး၊ ရွယ်တူများထဲတွင် အတော်လေး ထူးချွန်သူ ဖြစ်၏။

ဟဲမင်၏ စကားကြောင့် မန်ချင်း၏ မျက်နှာထား မည်းမှောင်သွား၏။

စကားပြောနေရင်း ဟဲမင်၏ အကြည့်များက လင်ရှောင်ရှောင်ဆီသို့ ရောက်ရှိသွား၏။ အစက ကြောင်သွားသော်လည်း ချက်ချင်းပင် လင်ရှောင်ရှောင်၏ အလှတရားတွင် နစ်မွန်းသွားတော့သည်။

ဟဲမင်သည် လင်ရှောင်ရှောင်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေ၏။ သူ့မျက်လုံးထဲတွင် ကမ္ဘာလောကကြီး၌ သူမတစ်ယောက်တည်း ရှိတော့သကဲ့သို့ ဖြစ်နေ၏။ ဖုန်းဝူချန်ကိုပင် မမြင်တော့ပေ။

ဟဲမင်၏ ရိုင်းစိုင်းသော အကြည့်များက ဖုန်းဝူချန်ကို စိတ်အနှောင့်အယှက် ဖြစ်စေ၏။

"တိရစ္ဆာန်..."

ဟဲမင်၏ အကြည့်များကို သတိထားမိသော ယွဲ့လန်က ရွံရှာစွာဖြင့် ကျိန်ဆဲလိုက်သည်။

"အစ်ကိုကြီးမန်... သွားကြစို့... သူ့ကို ဂရုစိုက်မနေပါနဲ့..."

"သူများတွေကို ဒုက္ခပေးခွင့် မပြုနိုင်ဘူး..."

ဟု မန်ချင်းက ပြတ်သားစွာ ပြောလိုက်သည်။ ဟဲမင်က လင်ရှောင်ရှောင်ကို မရိုးမသား ကြံစည်နေမှန်း သူ ရိပ်မိသည်။

မန်ချင်း၏ စကားကို ကြားသောအခါ ဟဲမင်က အေးစက်စွာ ပြောလိုက်သည်။

"မန်ချင်း... ငါ့ကိစ္စ မင်း ဝင်မပါတာ ကောင်းမယ်... ယွဲ့လန် မျက်နှာ မထောက်ရင် မင်းကို ငါ သတ်ခိုင်းလိုက်တာ ကြာပြီ... မင်းရဲ့ စတုတ္ထအလွှာလောက်နဲ့ ငါ့ကို နိုင်မယ် ထင်နေလား..."

"တစ်ယောက်ချင်း တိုက်ရင် ငါ့ကို နိုင်မယ်ဆိုရင်တော့ ငါပြောစရာ မရှိဘူး... ဒါပေမဲ့ ငါ့ရှေ့မှာတော့ ဘယ်သူ့ကိုမှ ဒုက္ခပေးဖို့ စိတ်မကူးနဲ့..."

မန်ချင်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။ လုံးဝ နောက်ဆုတ်မည့်ပုံ မပေါ်ပေ။

မန်ချင်း၏ စိတ်ဓာတ်ကို ဖုန်းဝူချန် သဘောကျသွား၏။

"ဇန်ယင်.."

ဟဲမင် အော်ခေါ်လိုက်သည်။

"ရွှစ်..."

လူရိပ်တစ်ခု မန်ချင်း၏ ရှေ့တွင် ရုတ်တရက် ပေါ်လာလေသည်။ ခေါင်းအစ ခြေအဆုံး သတ်ဖြတ်လိုစိတ်များ လွှမ်းခြုံထားသည်။

"ကောင်းကင်ဘုံလူသား ပဉ္စမအလွှာ..."

မန်ချင်း မှုန်ကုပ်သွားပြီး ယွဲ့လန်ကို သူ့နောက်သို့ ပို့ကာ ကာကွယ်လိုက်သည်။

"သူ ဝင်ပါရဲရင် သတ်ပစ်လိုက်..."

ဟဲမင်က မန်ချင်းကို ရက်စက်စွာ ကြည့်ပြီး အမိန့်ပေးလိုက်သည်။

ဇန်ယင်သည် ဟဲမင်၏ ကိုယ်ရံတော် ဖြစ်ပြီး၊ ဟဲမင် အသက်အန္တရာယ် ကြုံရချိန်တိုင်း ပေါ်လာလေ့ရှိ၏။

"အစ်ကိုကြီးမန်... သွားကြစို့... သူ့ကို မနိုင်နိုင်ဘူး..."

ယွဲ့လန် စိုးရိမ်တကြီး တိုက်တွန်းလိုက်သည်။

"မရဘူး..."

မန်ချင်း အံကြိတ်ကာ ငြင်းဆန်လိုက်သည်။

ဟဲမင်က သူတို့ကို ဂရုမစိုက်တော့ဘဲ လင်ရှောင်ရှောင်ဘက်သို့ လှည့်ကာ ငါးခူပြုံး ပြုံးလိုက်သည်။

"အလှလေး... နာမည် ဘယ်လိုခေါ်လဲ... ကြည့်ရတာ ရှန်ဝူမြို့တော်ကို ပထမဆုံး ရောက်ဖူးတာ ထင်တယ်... အစ်ကိုကြီး လိုက်ပြပေးမယ်လေ... ဒီမြို့မှာ ငါ့အမိန့်က ဥပဒေပဲ..."

"ထွက်သွား..."

လင်ရှောင်ရှောင်က အေးစက်စွာ မောင်းထုတ်လိုက်သည်။

လင်ရှောင်ရှောင်၏ တုံ့ပြန်မှုကြောင့် ဟဲမင်၏ အပြုံး တောင့်တင်းသွားပြီး အနေရခက်သွား၏။

"ကောင်မစုတ်... မင်းက အကောင်းပြောလို့ မရဘူးပဲ..."

ဟဲမင် မျက်နှာထား ပြောင်းလဲသွားပြီး လင်ရှောင်ရှောင်နှင့် ဖုန်းဝူချန်ကို ရက်စက်စွာ ကြည့်လိုက်သည်။

"မင်းသူငယ်ချင်းကို ငါသတ်ပစ်လိုက်မယ် ဆိုတာ မယုံဘူးလား..."

"ဖြောင်း..."

ဟဲမင် စကားမဆုံးခင်မှာပင် ပြတ်သားသော ပါးရိုက်သံ တစ်ခု ထွက်ပေါ်လာသည်။ ဘာဖြစ်သွားမှန်း မသိလိုက်ခင်မှာပင် သူ့မျက်နှာကို လက်ဝါးတစ်ချက် လာရိုက်သွား၏။

ဖုန်းဝူချန်၏ လက်ချက်ပင်။

ပါးရိုက်ချက်ကြောင့် ဟဲမင် ယိုင်နဲ့သွား၏။ ပါးစပ်ထောင့်မှ သွေးများ စီးကျလာပြီး မျက်နှာပေါ်တွင် လက်ဝါးရာ အထင်းသား ပေါ်လာသည်။ ပူလောင်သော နာကျင်မှုက တစ်ကိုယ်လုံး ပျံ့နှံ့သွား၏။

"မြန်လိုက်တာ..."

ဇန်ယင် ဖုန်းဝူချန်ကို လေးနက်စွာ ကြည့်လိုက်သည်။ ဖုန်းဝူချန် ဘယ်လို လှုပ်ရှားလိုက်မှန်း သူ မမြင်လိုက်ရပေ။

"လွန်လွန်းတယ်... မင်း ငါ့ကို ရိုက်ရဲတယ်ပေါ့..."

ဟဲမင် ဒေါသထွက်လွန်း၍ ရူးသွပ်မတတ် ဖြစ်သွား၏။ ကြောက်မက်ဖွယ် စွမ်းအားများကို စုစည်းပြီး ဖုန်းဝူချန်ကို ထိုးရန် ပြင်လိုက်သည်။

သူ့အနီးဆုံးမှာ သည်အကောင်ပဲ ရှိတာလေ။ တခြားဘယ်သူ ရိုက်မည်နည်း။

"ဖြောင်း..."

"အွတ်..."

ဒေါသတကြီး အော်ဟစ်ပြီး စွမ်းအားထုတ်ရန် ပြင်နေသော ဟဲမင်သည် နောက်ထပ် ပါးရိုက်သံ တစ်ချက်ကို ကြားလိုက်ရပြန်သည်။ ဒီတစ်ခါ ပိုမြန်သည်။ ဟဲမင် သွေးအန်ပြီး လွင့်စင်ထွက်သွားရလေသည်။

ဟဲမင် ကြောင်အသွား၏။

ရှန်ဝူမြို့တော်ထဲမှာ သူ့ကို ရိုက်ရဲတဲ့သူ ရှိတယ်တဲ့လား။

"ငါ မင်းကို ရိုက်တာ... မင်းပါးစပ်က ညစ်ပတ်လွန်းတယ်... ပြီးတော့ မင်းရုပ်က ဆိုးလွန်းလို့ ငါ လန့်သွားတာ... ငါမရိုက်ရင် ဘယ်သူ ရိုက်မလဲ..."

ဖုန်းဝူချန်က မျက်နှာသေဖြင့် ပြောလိုက်သည်။

"ကောင်စုတ်... မင်း သေလမ်းရှာနေတာပဲ..."

ဟဲမင် ပေါက်ကွဲသွားတော့သည်။ သတ်ဖြတ်လိုစိတ်များ တောက်လောင်နေ၏။

"သခင်လေး... ခဏနေပါဦး..."

ဇန်ယင်က ဟဲမင်ကို ချက်ချင်း တားလိုက်သည်။

"သူ့စွမ်းအားက သခင်လေးထက် သာလွန်နေတယ်..."

ဖုန်းဝူချန်၏ ကျင့်ကြံဆင့်ကို မမြင်ရသော်လည်း၊ ဇန်ယင်၏ အာရုံခံစားမှုအရ ဖုန်းဝူချန်သည် အလွန် စွမ်းအားကြီးကြောင်း သိနေ၏။

"သိရက်နဲ့ ဘာလို့ မတိုက်သေးတာလဲဟ.. သူ့ကို သတ်ပေးစမ်း..."

မျက်နှာတစ်ခုလုံး ရောင်ရမ်းနေသော ဟဲမင်က ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။

အခန်း (၅၁၈) - လက်သီးတစ်ချက်တည်းဖြင့် အပြတ်ရှင်းခြင်း

~"စွမ်းလိုက်တာ..."

ယွဲ့လန် သည် ဖုန်းဝူချန်ကို ကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်နေ၏။

"စွမ်းတာတင် မကဘူး... သိပ်ကို ကြောက်စရာကောင်းတယ်... ငါတောင် သူဘယ်လို တိုက်လိုက်မှန်း မမြင်လိုက်ဘူး..."

မန်ချင်းလည်း အံ့ဩတကြီး ဝန်ခံလိုက်သည်။

သူ့ထက် အသက်ငယ်ပေမယ့် ဒီလောက် စွမ်းအားကြီးနေတာကို မန်ချင်း ဘယ်လိုလုပ် မအံ့ဩဘဲ နေနိုင်မလဲ။

ဖုန်းဝူချန်၏ စွမ်းအားဖြင့် ဆိုလျှင် သူတို့ ဝင်ကူညီစရာပင် မလိုတော့ပေ။

"ဝီ..."

ဇန်ယင်သည် အစစ်အမှန်ယွမ်စွမ်းအားကို လှုံ့ဆော်လိုက်ပြီး ကောင်းကင်ဘုံလူသား ပဉ္စမအလွှာ၏ ကြောက်မက်ဖွယ် အရှိန်အဝါကို ထုတ်ဖော်လိုက်သည်။ လမ်းမကြီးတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး အဆောက်အအုံများ ပြိုကျပျက်စီးကုန်သည်။

လမ်းပေါ်မှ လူများ ထိတ်လန့်တကြား ထွက်ပြေးကုန်ကြ၏။

ဖုန်းဝူချန်ကို ရင်ဆိုင်ရာတွင် ဇန်ယင် လေးနက်နေ၏။ ဖုန်းဝူချန်၏ စွမ်းအားအစစ်အမှန်ကို မသိရသေးသဖြင့် အစွမ်းကုန် ထုတ်သုံးမှ ဖြစ်မည်။

ဖုန်းဝူချန်က ဇန်ယင်ကို အေးစက်စွာ ကြည့်လိုက်ပြီး ပြောလိုက်သည်။

"ငါ မင်းနဲ့ မတိုက်ချင်ဘူး... ထွက်သွားစမ်း..."

"ဟွန်း... မတိုက်ဘဲ ထွက်သွားလို့ ရမယ် ထင်နေလား... အိပ်မက် မမက်နဲ့..."

ဟဲမင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

ဖုန်းဝူချန်၏ အေးစက်သော အကြည့်များ ဟဲမင်ဆီသို့ ရောက်ရှိသွားရာ ဟဲမင် ဇောချွေးများ စို့သွား၏။

"ငါ မင်းကို သတ်လိုက်မှာ မကြောက်ဘူးလား..."

"သတ်မယ် ဟုတ်လား... မင်းမှာ အရည်အချင်း ရှိမရှိ ကြည့်ရသေးတာပေါ့..."

ဟဲမင်က ပြန်အော်လိုက်သည်။ ပါးနှစ်ချက် အရိုက်ခံထားရသဖြင့် သူ အလွန် ဒေါသထွက်နေပြီ ဖြစ်၏။

"ကောင်လေး... အပေါ်မှာ သွားရှင်းကြစို့..."

ဇန်ယင်၏ အသံသည် ရေခဲတိုက်အလား အေးစက်နေပြီး လေထဲသို့ ဖြည်းညှင်းစွာ ပျံတက်သွား၏။

မြို့ထဲတွင် တိုက်ခိုက်လျှင် အပြစ်မဲ့သူများ ထိခိုက်ကုန်မည် မဟုတ်ပါလော။

"အစ်ကိုကြီးဖုန်း... တိုက်မှပဲ ရတော့မယ့်ပုံပဲ..."

လင်ရှောင်ရှောင် ပြောလိုက်သည်။

ဖုန်းဝူချန်သည် လေထဲသို့ ဖြည်းညှင်းစွာ ပျံတက်သွားပြီး ကမ္ဘာပျက် စွမ်းအားနှင့် အထွတ်အထိပ် ခန္ဓာ ဒုတိယအဆင့်ကို တပြိုင်နက်တည်း ထုတ်ဖော်လိုက်သည်။

"ဝီ..."

သွေးရောင် အလင်းတန်းများ တောက်ပလာပြီး ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ဖုန်းဝူချန်၏ ကိုယ်ထဲမှ ပေါက်ကွဲထွက်လာသည်။ စက္ကန့်ပိုင်း အတွင်းမှာပင် ကောင်းကင်ဘုံလူသား စတုတ္ထအလွှာ အထိ မြင့်တက်သွား၏။

"ဒုတိယအလွှာ..."

"အရှိန်အဝါက နှစ်ဆင့်တောင် တက်သွားတာလား..."

"စွမ်းလိုက်တာ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

မန်ချင်း၊ ယွဲ့လန်နှင့် ဟဲမင်တို့ အံ့ဩတုန်လှုပ်သွားကြ၏။ အောက်ဘက်မှ ကြည့်ရှုသူများလည်း ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြ၏။

လက်အိတ်ကို ထုတ်ယူလိုက်သောအခါ ဖုန်းဝူချန်၏ အရှိန်အဝါသည် စတုတ္ထအလွှာ အထွတ်အထိပ် အထိ ရောက်ရှိသွား၏။

"သူ့တိုက်ခိုက်စွမ်းရည်က ဒီလောက်ထိ မြင့်တက်သွားတာလား..."

ဇန်ယင် ဖုန်းဝူချန်ကို နတ်ဆိုး တစ်ကောင်လို ကြည့်နေမိသည်။

ရှန်ဝူမြို့တော် ကောင်းကင်ယံထက်တွင် ကြောက်မက်ဖွယ် စွမ်းအားနှစ်ခု ရိုက်ခတ်နေသဖြင့် မြို့ထဲမှ ပညာရှင်များ အားလုံး အာရုံစိုက်မိသွားကြ၏။

"ဇန်ယင် ပါလား... သခင်လေး ဟဲမင် ပြဿနာ ထပ်ရှာပြန်ပြီ ထင်တယ်..."

"ဟိုကောင်လေးက ဘယ်သူလဲ... ငယ်ငယ်လေးနဲ့ စွမ်းလိုက်တာ..."

"ဒုတိယအလွှာလေးနဲ့ စတုတ္ထအလွှာ အထွတ်အထိပ် စွမ်းအားကို ထုတ်နိုင်တယ်တဲ့လား..."

လူအများ အံ့ဩနေကြ၏။

"အဆင်သင့် ဖြစ်ပြီလား..."

ဖုန်းဝူချန်က အချိန်မရွေး အနိုင်ယူနိုင်သည့် ပုံစံဖြင့် အေးစက်စွာ မေးလိုက်သည်။

ဇန်ယင် အသိပြန်ဝင်လာပြီး မျက်နှာထား မည်းမှောင်သွား၏။

"ဘုန်း..."

"အုန်း..."

ဇန်ယင် ဘာမှ ပြန်မပြောတော့ဘဲ ရုတ်တရက် တိုက်ခိုက်လိုက်သည်။ မြည်ဟည်းသံနှင့်အတူ အရှိန်အဟုန် ပြင်းပြင်းဖြင့် ဝင်ရောက်လာသည်။ ဟင်းလင်းပြင် တုန်ခါသွား၏။

ဖုန်းဝူချန်သည် လက်သီးတွင် စွမ်းအားများ စုစည်းလိုက်ရာ သွေးရောင် အလင်းတန်းများ တောက်ပလာသည်။

"မြေကမ္ဘာအဆင့် အဆင့်မြင့် သိုင်းပညာ... ကောင်းကင်ဖျက်ဆီး သတ်ဖြတ်ခြင်း..."

ဇန်ယင် ရောက်ရှိလာပြီး ကြောက်မက်ဖွယ် စွမ်းအားများ စုစည်း၍ လက်ဝါးရိုက်ချလိုက်သည်။

"ရှေးဦး နဂါးနတ်ဘုရား လက်သီး ..."

ဖုန်းဝူချန်က ကြောက်ရွံ့ခြင်း မရှိဘဲ ပြန်လည် တိုက်ခိုက်လိုက်သည်။

"ဘုန်း..."

"ဂွပ်..."

"အွတ်..."

လက်သီးနှင့် လက်ဝါး ထိမိလိုက်သည့် တစ်ခဏ၌ ဟိန်းညံသော ပေါက်ကွဲသံ ထွက်ပေါ်လာသည်။ ဇန်ယင်၏ မျက်နှာထား ရှံ့တွသွားပြီး အကြောက်တရားများ ဝင်ရောက်လာသည်။ အရိုးကျိုးသံနှင့်အတူ သွေးတစ်ပွက် အန်ထုတ်ကာ အမြောက်ဆန်ပမာ လွင့်စင်ထွက်သွားရလေသည်။

"အား..."

လက်မောင်းရိုး တစ်ခုလုံး ကြေမွသွားသဖြင့် ဇန်ယင် နာကျင်စွာ အော်ဟစ်လိုက်သည်။

"မဖြစ်နိုင်ဘူး... ဒါ ဘာစွမ်းအားကြီးလဲ..."

ဇန်ယင် မယုံကြည်နိုင် ဖြစ်နေ၏။ သူ အစွမ်းကုန် ထုတ်သုံးထားသော သိုင်းကွက်က ဖုန်းဝူချန်၏ လက်သီးတစ်ချက်ကိုတောင် မခံနိုင်ဘူးတဲ့လား။

"ဝုန်း.."

အားလှိုင်းများ၏ ရိုက်ခတ်မှုကြောင့် ရှန်ဝူမြို့တော် ကောင်းကင်ယံ တစ်ခုလုံး တုန်ခါနေ၏။

လက်သီးတစ်ချက်တည်းနှင့် ဇန်ယင်၏ လက်မောင်းကို ချိုးပစ်လိုက်ပြီး အကြီးအကျယ် ဒဏ်ရာရစေခဲ့သည်။

"ရှီး..."

ကြည့်ရှုသူ အားလုံး လေစုပ်သံ ထွက်သွားကြ၏။ မျက်လုံးများ ပြူးထွက်မတတ် ဖြစ်နေကြ၏။

"သူ... သူက နတ်ဆိုးများလား..."

ဟဲမင် မျက်နှာ ဖြူဖျော့သွားပြီး ကြောက်လန့်တကြား ရေရွတ်လိုက်မိသည်။

"မယုံနိုင်စရာပဲ... ပဉ္စမအလွှာ ပညာရှင်ကို လက်သီးတစ်ချက်တည်းနဲ့ အနိုင်ယူလိုက်တာလား..."

မန်ချင်းလည်း ထုံထိုင်းသွား၏။

ဖုန်းဝူချန်သည် ဒုတိယ အလွှာသာ ရှိသော်လည်း၊ စတုတ္ထ အလွှာ အထွတ်အထိပ် စွမ်းအားကို ထုတ်သုံးပြီး ပဉ္စမ အလွှာကို အနိုင်ယူလိုက်ခြင်း ဖြစ်၏။

ဖုန်းဝူချန် ဖြည်းညှင်းစွာ ဆင်းသက်လာပြီး အရှိန်အဝါများကို ပြန်လည် ရုပ်သိမ်းလိုက်သည်။

ဖုန်းဝူချန် လမ်းပေါ်သို့ ခြေချလိုက်သည်နှင့် ဟဲမင် ကြောက်လန့်တကြား နောက်ဆုတ်သွား၏။ သေလူတစ်ယောက်ထက်ပင် မျက်နှာ ပိုဖြူနေ၏။

ဖုန်းဝူချန်က ဟဲမင် ဆီသို့ ခြေလှမ်းကျဲကြီးများနှင့် လျှောက်သွားလိုက်သည်။

"မင်း... မင်း ငါ့ကို သတ်ရင်... မင်းလည်း အသက်ရှင်မှာ မဟုတ်ဘူး..."

ဟဲမင်က တုန်တုန်ရီရီဖြင့် ခြိမ်းခြောက်လိုက်၏။

"ဘုန်း..."

"အွတ်..."

ဖုန်းဝူချန်က စကားပြန်မပြောဘဲ ခြေထောက်ဖြင့် ကန်ထုတ်လိုက်သည်။ ဟဲမင် သွေးအန်ပြီး လွင့်စင်ထွက်သွားကာ မြေကြီးပေါ်တွင် လိမ့်သွား၏။

ပရိသတ်ကြီး ကြောက်လွန်း၍ အသက်ရှုရပ်မတတ် ဖြစ်နေကြ၏။

"ညီလေး... မြန်မြန် သွားတော့... မြို့စားမင်း သိသွားရင် မင်း ပြေးလို့လွတ်မှာ မဟုတ်တော့ဘူး..."

ဟု မန်ချင်းက အလျင်အမြန် သတိပေးလိုက်သည်။

ထိုအခါ၊ ဖုန်းဝူချန် ပြုံးလိုက်ပြီး...

"ကိစ္စမရှိပါဘူး... ကျွန်တော်က ရှန်ဝူမြို့တော်မှာ လုပ်စရာ ရှိသေးတယ်... ရှန်ဝူဂိုဏ်း ဘယ်နားမှာလဲ ပြောပြလို့ ရမလား..."

"ရှန်ဝူဂိုဏ်း..."

မန်ချင်း ကြောင်သွား၏။

"မြို့တောင်ဘက်မှာပါ..."

ဟု ယွဲ့လန်က ဝင်ဖြေလိုက်သည်။

"ကျေးဇူးပါပဲ... သွားခွင့်ပြုပါဦး..."

ဖုန်းဝူချန်က လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်သည်။

"သူတောင်းစား... မင်း လွတ်မယ် ထင်နေလား..."

ဒဏ်ရာရနေသော ဟဲမင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ဟောဗျာ... ဒါ ရှန်ဝူမြို့တော်က သခင်လေး မဟုတ်လား... သနားစရာ ကောင်းလိုက်တာ..."

ထိုအချိန်တွင် လှောင်ပြောင်သံ တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

"အစ်ကိုယဲ့..."

ဟဲမင် ဝမ်းသာအားရ အော်ဟစ်လိုက်သည်။

"အစ်ကိုယဲ့... ကူညီပါဦး... ဟိုကောင်လေးကို သတ်ပေးပါ..."

"အစ်ကိုကြီးဖုန်း... ဟိုလူပဲ..."

လင်ရှောင်ရှောင်က လမ်းတဖက်ကို မေးငေါ့ပြလိုက်သည်။

ဖုန်းဝူချန် လှမ်းကြည့်လိုက်ရာ ရင်းနှီးသော မျက်နှာတစ်ခုကို တွေ့လိုက်ရသဖြင့် အံ့ဩသွား၏။

"သူပါလား…”

အခန်း (၅၁၉) - ထူးဆန်းသော လေထု

~လမ်းတဖက်မှ ထိုလူ၏ အကြည့်သည် ဖုန်းဝူချန်နှင့် ဆုံသွား၏။

တစ်ချက်တည်းနှင့်... ထိုလူလည်း အံ့ဩသွားပြီး ဖုန်းဝူချန်ကို ပါးစပ်အဟောင်းသား စိုက်ကြည့်နေမိသည်။

"အစ်ကိုယဲ့..."

ထိုလူထံမှ တုံ့ပြန်မှု မရသဖြင့် ဟဲမင် ထပ်မံ အော်ခေါ်လိုက်သည်။

"ပါးစပ်ပိတ်ထားစမ်း... ဖယ်လိုက်..."

ထိုလူက ဒေါသတကြီး မာန်မဲလိုက်ပြီး ဟဲမင်ကို စူးစူးဝါးဝါး ကြည့်လိုက်သည်။ ဟဲမင် ကြောက်လွန်း၍ ပါးစပ်ကို အမြန်ပိတ်ထားလိုက်ရသည်။

ထိုလူ၏ ရက်စက်သော အကြည့်များသည် ဖုန်းဝူချန်ဆီသို့ ပြန်လည် ရောက်ရှိသွား၏။ မျက်လုံးများထဲတွင် ဒေါသများ တောက်လောင်နေပြီး ပြင်းထန်သော တိုက်ခိုက်လိုစိတ်များ ပေါက်ကွဲထွက်လာသည်။

ဒီလူသည် ဖုန်းဝူချန်နှင့် အရင်က တွေ့ဆုံဖူးသော ယဲ့ထျန်းဝေ ပင် ဖြစ်လေသည်။

"ရှန်ဝူဂိုဏ်းရဲ့ ထိပ်တန်းတပည့် ယဲ့ထျန်းဝေ..."

"ကောင်းကင်ဘုံလူသား ပဉ္စမအလွှာ... ယဲ့ထျန်းဝေက အဆင့်တက်သွားပြီကွ..."

"အာ၊ သူက ရှန်ဝူဂိုဏ်းရဲ့ နံပါတ်တစ် ပါရမီရှင်... သူ့စွမ်းအားက ရှန်ဝူဂိုဏ်းချုပ်လေးနဲ့ ယှဉ်နိုင်တယ်လေဟ.."

လူအုပ်ကြီး ဆူညံသွား၏။ ယဲ့ထျန်းဝေကို မသိသူ ရှန်ဝူမြို့တော်တွင် မရှိသလောက်ပင်။

ယဲ့ထျန်းဝေသည် အလွန် သန်မာသူ ဖြစ်၏။ တစ်ခါက ကောင်းကင်ဘုံ လူသား စတုတ္ထအလွှာ ပညာရှင် နှစ်ယောက်ကို တစ်ယောက်တည်း ရင်ဆိုင်နိုင်ခဲ့ပြီး အနောက်ဘက်ဒေသ တစ်ခုလုံးကို တုန်လှုပ်စေခဲ့သူ…။

ကြောက်စရာ အကောင်းဆုံးကတော့ ယဲ့ထျန်းဝေ၏ 'သစ်ရွက်နက်' ပင်။ ပုံစံမျိုးစုံ ပြောင်းလဲနိုင်ပြီး စွမ်းအား ကြီးမားလှသည်။

ယဲ့ထျန်းဝေသည် ရှန်ဝူဂိုဏ်း၏ ထိပ်တန်းတပည့် ဖြစ်သော်လည်း၊ သူ့စွမ်းအားက ဂိုဏ်းချုပ်လေးထက်ပင် သာလွန်သည်ဟု ပြောစမှတ်ပြုကြ၏။

အကြောင်းမှာ... ယဲ့ထျန်းဝေသည် စတုတ္ထအဆင့် ဆေးပညာရှင် ဖြစ်သလို၊ တတိယ အဆင့် လက်နက်ပညာရှင်လည်း ဖြစ်သောကြောင့်ပင်။

သူ မည်မျှ စွမ်းအားကြီးမည် ဆိုတာ တွေးကြည့်ရုံနှင့် သိနိုင်ပါသည်။

အနောက်ဘက်ဒေသတွင် ယဲ့ထျန်းဝေ၏ အဆင့်အတန်းသည် သာမန် မဟုတ်ပေ။

"ဟေ့ကောင်လေး... ကမ္ဘာကြီးက ကျဉ်းလိုက်တာနော်... ဒီမှာ လာဆုံရတယ်လို့..."

ယဲ့ထျန်းဝေက ရက်စက်စွာ ပြောလိုက်သည်။

"အစ်ကိုယဲ့... သူ့ကို သိလို့လား..."

ဟဲမင် အံ့ဩတကြီး မေးလိုက်သည်။

"မင်း နောက်တစ်ခွန်း ထပ်ပြောရင် သတ်ပစ်လိုက်မယ်..."

ယဲ့ထျန်းဝေ အေးစက်စွာ ခြိမ်းခြောက်လိုက်သည်။ ဟဲမင် တစ်ကိုယ်လုံး တုန်ယင်သွား၏။

ဟဲမင်သည် မြို့စားမင်း သား ဖြစ်သော်လည်း ယဲ့ထျန်းဝေကို မငြိုငြင်စေရဲပေ။

သို့သော်... ယဲ့ထျန်းဝေနှင့် ဖုန်းဝူချန်ကြားတွင် ရန်ငြိုးရှိနေကြောင်း သူ ရိပ်မိလိုက်သည်။ ယဲ့ထျန်းဝေ၏ လက်ချက်ဖြင့် ဖုန်းဝူချန် သေတော့မည်ဟု တွေးပြီး သူ ကြိတ်ပျော်နေမိသည်။

ဖုန်းဝူချန်က ပြုံးရင်း ပြောလိုက်သည်။

"မင်းက ရှန်ဝူဂိုဏ်းရဲ့ ထိပ်တန်းတပည့် ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး... ပြီးတော့ ပဉ္စမအလွှာကိုတောင် ရောက်သွားပြီပဲ... ပါရမီရှင် ဆိုတာ ဒါမျိုးကိုး..."

လူအုပ်ကြီး၏ ပြောစကားများအရ ယဲ့ထျန်းဝေ၏ အကြောင်းကို ဖုန်းဝူချန် သိလိုက်ရပြီ ဖြစ်၏။

"ပြီးခဲ့တဲ့ တခေါက်တုန်းက မင်းရဲ့ ဝိညာဉ်စွမ်းအားကြောင့် ငါ ဒဏ်ရာရခဲ့တာ... အဲ့ဒါ ငါ မင်းထက် အားနည်းတယ်လို့ မဆိုလိုဘူးနော်..."

ပြောနေရင်း၊ ယဲ့ထျန်းဝေ၏ တိုက်ခိုက်လိုစိတ်များ ပိုမို ပြင်းထန်လာသည်။

"ဟိုကောင်လေးက ဆေးပညာရှင်လား... ယဲ့ထျန်းဝေကို ဒဏ်ရာရအောင် လုပ်နိုင်တယ်တဲ့လား..."

"သူ့နောက်ခံက ဘာလဲ... ယဲ့ထျန်းဝေတောင် သူ့လက်ချက်နဲ့ ဒဏ်ရာရဖူးတယ် ဆိုတော့..."

"ခုနက သူက ပဉ္စမအလွှာ ပညာရှင်ကိုတောင် လက်သီးတစ်ချက်တည်းနဲ့ ဒဏ်ရာရစေခဲ့တာလေ... သူ့စွမ်းအားက သိပ်ကြောက်စရာ ကောင်းတယ်... ယဲ့ထျန်းဝေတောင် သူ့ပြိုင်ဘက် မဟုတ်လောက်ဘူး..."

လူအုပ်ကြီး အံ့ဩတုန်လှုပ်နေကြ၏။

"ယဲ့ထျန်းဝေ... နောက်မှ တိုက်ကြတာပေါ့... ငါ ရှန်ဝူဂိုဏ်းမှာ ကိစ္စ ရှိလို့ လမ်းပြပေးပါလား..."

ဖုန်းဝူချန်က ပြုံးပြီး ပြောလိုက်သည်။

"ရှန်ဝူဂိုဏ်းကို သွားမလို့လား..."

ယဲ့ထျန်းဝေ မျက်ခုံးပင့်လိုက်သည်။

"ရှန်ဝူဂိုဏ်းကို ရောက်မှ တိုက်ချင်ရင် တိုက်ကြတာပေါ့... ငါ မင်းတို့ ဂိုဏ်းချုပ်နဲ့ ဆွေးနွေးစရာ ရှိလို့..."

ဖုန်းဝူချန် ဆက်ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ယဲ့ထျန်းဝေက အရှိန်အဝါကို ရုပ်သိမ်းလိုက်သည်။

"ဂိုဏ်းချုပ်နဲ့ ဘာကိစ္စ ရှိလို့လဲ..."

ဖုန်းဝူချန် အေးဆေးစွာ ပြန် ဖြေလိုက်သည်။

"အကူအညီ တောင်းစရာ ရှိလို့ပါ..."

"ဝှစ်..ဝှစ်... ရွှစ်..."

ဖုန်းဝူချန် စကားဆုံးသည်နှင့် တပြိုင်နက် မြို့တွင်းမှ လေတိုးသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ် အရှိန်အဝါများက ရှန်ဝူမြို့တော် တစ်ခုလုံးကို လွှမ်းခြုံသွား၏။

"ကောင်းကင်ဘုံလူသား နဝမအလွှာ..."

ဖုန်းဝူချန် မျက်မှောင်ကြုတ်လိုက်သည်။ မကြည့်ဘဲနဲ့တောင် မြို့စားမင်းနှင့် အဖွဲ့ ရောက်လာမှန်း သိလိုက်သည်။

"မြို့စားမင်း ရောက်လာပြီ..."

လူအုပ်ကြီး စိတ်လှုပ်ရှားသွားကြ၏။

"ဒီကောင်လေးတော့ သွားပြီ... ဇန်ယင်ရဲ့ လက်မောင်းကို ချိုးပြီး၊ သခင်လေးကို ဒဏ်ရာရအောင် လုပ်ခဲ့တာ... အသက်ရှင်လျက် ပြန်ထွက်သွားဖို့ မလွယ်တော့ဘူး..."

"မြို့စားမင်းက သူ့သားကို အရမ်း ကာကွယ်တတ်တာ... ဒီကောင်လေး သေချာပေါက် သေပြီ..."

"ရှန်ဝူမြို့တော် ဆိုတာ ရှန်ဝူဂိုဏ်းရဲ့ လက်အောက်ခံလေ... သခင်လေးကို အပြစ်ပြုမိမှတော့ နောက်ခံဘယ်လောက်ကောင်းကောင်း သေမှာပဲ..."

လူအများက ခေါင်းခါရင်း သက်ပြင်းချလိုက်ကြ၏။

ရှန်ဝူဂိုဏ်းသည် အနောက်ဘက်ဒေသ၏ အရှင်သခင် ဖြစ်ပြီး၊ ရှန်ဝူမြို့တော်သည် သူတို့၏ အမာခံနယ်မြေ ဖြစ်၏။

ဟဲမင်သည် ရှန်ဝူဂိုဏ်း သခင်လေးနှင့် ထိပ်တန်းတပည့် ပြီးလျှင် တတိယမြောက် အကြောက်ရဆုံး ပုဂ္ဂိုလ် ဖြစ်၏။

ဟဲမင်ကို အပြစ်ပြုမိမှတော့ ဖုန်းဝူချန် ဘယ်လိုလုပ် အသက်ရှင်နိုင်တော့မှာလဲ။

"ညီလေး... ပြေး... အခုမပြေးရင် နောက်ကျသွားလိမ့်မယ်..."

မန်ချင်း စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။

"ကိစ္စမရှိပါဘူး..."

ဖုန်းဝူချန်က မတုန်မလှုပ်။

မန်ချင်းနှင့် ယွဲ့လန်တို့ ကြောင်အသွားကြ၏။ ဒီလောက် အခြေအနေ ဆိုးနေတာကို မပြေးဘဲ နေတာက သေချင်လို့လား။

"ကောင်စုတ်... မင်းသေပြီသာမှတ်..."

အင်အားကြီး ပုဂ္ဂိုလ်များ ရောက်လာသည်ကို အာရုံခံမိလိုက်သောအခါ ဖြူဖျော့နေသော ဟဲမင်၏ မျက်နှာပေါ်တွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာသည်။

လူရိပ် တစ်ဒါဇင်ကျော် ဆင်းသက်လာသည်။ မြို့စားမင်း ဟဲချန်ချင်း၊ အကြီးအကဲများနှင့် ထိပ်သီးပိုင်းများ ဖြစ်ကြ၏။

"မင်အာ.. ဘယ်သူ လုပ်တာလဲ..."

ရှေ့ဆုံးမှ လူလတ်ပိုင်းအရွယ် အမျိုးသားကြီးက မေးလိုက်သည်။ သူသည် မြို့စားမင်း ဟဲချန်ချင်း ဖြစ်၏။ သားဖြစ်သူ ဒဏ်ရာရနေသည်ကို မြင်သောအခါ ဒေါသတကြီး မေးလိုက်ခြင်းပင်။

"ဖေဖေ... သူပဲ... ဇန်ယင်ရဲ့ လက်ကို ချိုးပစ်တာလည်း သူပဲ... ဖေဖေ... သူ့ကို မြန်မြန်သတ်ပေးပါ..."

အားကိုးစရာ ရောက်လာသဖြင့် ဟဲမင် ဝမ်းသာအားရ ဖုန်းဝူချန်ကို လက်ညှိုးထိုးပြပြီး အော်ဟစ်လိုက်သည်။

"ဇန်ယင်ရဲ့ လက်ကို ချိုးလိုက်တယ် ဟုတ်လား..."

ယဲ့ထျန်းဝေ ဖုန်းဝူချန်ကို အံ့ဩတကြီး ကြည့်လိုက်မိသည်။

"ခုနက ကြောက်စရာကောင်းတဲ့ စွမ်းအားက ဒီကောင်လေးဆီကလား..."

အကြီးအကဲ တစ်ယောက်က အံ့ဩတကြီး ရေရွတ်လိုက်သည်။

ဟဲချန်ချင်းနှင့် အခြားသူများလည်း ဖုန်းဝူချန်ကို ကြည့်ပြီး မယုံနိုင် ဖြစ်နေကြ၏။

ဒီလောက် ငယ်ရွယ်တဲ့ လူငယ်လေးက ဒီလောက် စွမ်းအားကြီးနေတာလား။

"မင်းက ဘယ်သူလဲ..."

ဟဲချန်ချင်းက ဖုန်းဝူချန်ကို စူးစူးဝါးဝါး ကြည့်ရင်း မေးလိုက်သည်။

"နဂါးနတ်ဘုရား နန်းတော်က... ဖုန်းဝူချန်..."

ဖုန်းဝူချန် တည်ငြိမ်စွာ ဖြေလိုက်သည်။

"ဖုန်းဝူချန်..."

ထိုနာမည်ကို ကြားလိုက်ရသည့် တစ်ခဏ၌ ဟဲချန်ချင်းနှင့် ထိပ်သီးပိုင်းများ၏ မျက်နှာထားများ ရုတ်ခြည်း ပြောင်းလဲသွားပြီး၊ မျက်လုံးများထဲတွင် အကြောက်တရားများ ပြည့်နှက်လာသည်။

"ဖုန်းဝူချန်... သူက တကယ်ကြီး ဆေးဧကရာဇ် ဖုန်းဝူချန်... သခင်လေးကျန်းရဲ့ ဆရာတဲ့လား..."

ယဲ့ထျန်းဝေ မျက်လုံးများ ပြူးကျယ်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွား၏။

"ရှောင်ရှောင်... ကြည့်ရတာ သူတို့က အစ်ကို့ကို သိပုံရတယ်..."

လင်ရှောင်ရှောင် တိုးတိုးလေး ပြောလိုက်သည်။

"ရှန်ဝူဂိုဏ်းချုပ်က သတင်းပို့ထားပုံရတယ်..."

ဖုန်းဝူချန် ခေါင်းညိတ်လိုက်သည်။

"ဖေဖေ... ဘာဖြစ်လို့လဲ..."

ဟဲချန်ချင်းနှင့် အကြီးအကဲများ၏ ကြောက်လန့်နေသော မျက်နှာများကို မြင်သောအခါ ဟဲမင် နားမလည်နိုင် ဖြစ်သွား၏။

"ဘာဖြစ်တာလဲ... မြို့စားမင်းတို့က ဘာလို့ ဒီလောက် ကြောက်နေကြတာလဲ..."

"ဒီကောင်လေးက တကယ်ပဲ အဲ့လောက် ကြောက်စရာ ကောင်းလို့လား..."

"နဂါးနတ်ဘုရား နန်းတော် ဖုန်းဝူချန်... တစ်ခါမှ မကြားဖူးပါဘူး... ဘာလို့ ကြောက်နေကြတာလဲ..."

"ငါလည်း မကြားဖူးဘူး... အနောက်ဘက်ဒေသက မဟုတ်လောက်ဘူး... ဒီမှာ နဂါးနတ်ဘုရား နန်းတော် ဆိုတာ မရှိဘူးလေ..."

ရှန်ဝူမြို့သားများ ဇဝေဇဝါ ဖြစ်ကုန်ကြသည်။

"အစ်ကိုကြီးမန်... သူက တော်တော် စွမ်းပုံရတယ်... မြို့စားမင်းတောင် သူ့ကို ကြောက်နေတယ်..."

ယွဲ့လန် ပါးစပ်အဟောင်းသား ဖြစ်နေ၏။

မန်ချင်းကတော့ ကျောက်ရုပ် ဖြစ်နေလေ၏။

ပတ်ဝန်းကျင် တစ်ခုလုံး တင်းမာနေပြီး လူတိုင်း နားမလည်နိုင် ဖြစ်နေကြသည်။

ထူးဆန်းသော တိတ်ဆိတ်မှုကြီး လွှမ်းမိုးသွားပြီး၊ လူတိုင်းက ဖုန်းဝူချန်ကို တလှည့်၊ ဟဲချန်ချင်းကို တလှည့် ကြည့်နေကြ၏။

ထိုအခိုက်အတန့်တွင်... ဟဲမင် တစ်စုံတစ်ခုကို ရိပ်စားမိသလို ခံစားလိုက်ရပြီး ရင်ထဲတွင် ထိတ်လန့်မှုများ စတင် ဝင်ရောက်လာလေသည်။

All Chapters