အခန်း (၅၂၀-၅၂၂)
Vol. 35 Ch. 520-522
အခန်း (၅၂၀) - လက်နှစ်ဖက်ကို ချိုးဖျက်ခြင်း
~‘သူ... သူက ဘယ်သူလဲ…’
ဟဲမင်၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုများ စတင် ပေါ်လာသည်။ သူ့ခန္ဓာကိုယ်က ထိန်းချုပ်မရအောင် တုန်ယင်နေပြီး ကြီးမားသော ဘေးဆိုးကြီးကို ယူဆောင်လာမိပြီဟု ခံစားလိုက်ရသည်။
‘သူတို့က သူ့ကို သိနေတာလား... ငါက ဘာလို့ မသိရတာလဲ…’
ကြောက်လန့်ပြီး တိတ်ဆိတ်ငြိမ်သက်နေသော ဖေဖေဖြစ်သူနှင့် ထိပ်သီးပိုင်းများကို ကြည့်ရင်း ဟဲမင် ငရဲကျသွားသလို ခံစားနေရသည်။
"ဖေဖေ... ခင်ဗျား ဘာသိထားတာလဲ... သူက ဘယ်သူလဲ..."
ဟဲမင် ထိတ်လန့်တကြား မေးလိုက်၏။
"ကြယ်တာရာနယ်မြေ ကျန်းမိသားစု သခင်လေးရဲ့ ဆရာ..."
ဟု ဟဲချန်ချင်းက တုန်တုန်ရီရီဖြင့် ဖြေလိုက်သည်။
"သခင်လေးကျန်းရဲ့ ဆရာ…”
ထိုစကားလုံးများသည် ဟဲမင်၏ နားထဲတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပဲ့တင်ထပ်သွား၏။ မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူလျော်သွားပြီး မျှော်လင့်ချက်မဲ့သွား၏။ နှလုံးခုန်သံများ မြန်ဆန်လာပြီး ရင်ဘတ်ထဲမှ ခုန်ထွက်တော့မတတ် ဖြစ်နေ၏။
ဟဲမင် လုံးဝ ကြက်သေသေသွား၏။ ဝိညာဉ်လွင့်သွားသကဲ့သို့ မျက်လုံးများ အရောင်မှိန်သွား၏။
သခင်လေးကျန်း ဆိုတာ ဘယ်သူလဲ။ ကုန်းမြေတိုက်ကြီးရဲ့ နံပါတ်တစ် လက်နက်ပညာရှင် ပါရမီရှင်လေ။
ဟဲမင် ဆိုတာ မြို့စားမင်းလေး တစ်ယောက်သာ ဖြစ်၏။ ကျန်းကျွင့်လန်နှင့် ယှဉ်လျှင် မိုးနှင့် မြေကြီးလောက် ကွာခြားသည်။
"မြို့စားမင်းဟဲ... ခင်ဗျားသားက တော်တော် မောက်မာလွန်းတယ်... နေ့ခင်းကြောင်တောင်ကြီး ရှန်ဝူမြို့သူမြို့သားတွေ ရှေ့မှာ ဒီလို ရှက်စရာကောင်းတဲ့ အလုပ်မျိုး လုပ်ရဲတယ်... 'ရှန်ဝူ' ဆိုတဲ့ နာမည်ကို အရှက်ရစေတာပဲ..."
ဖုန်းဝူချန်၏ အသံက အေးစက်စွာ ထွက်ပေါ်လာပြီး တိတ်ဆိတ်နေသော ပတ်ဝန်းကျင်ကို ဖြိုခွင်းလိုက်သည်။
"ဟုတ်ကဲ့... ဟုတ်ကဲ့ပါ..."
ဟဲချန်ချင်း ခေါင်းတငြိမ့်ငြိမ့်ဖြင့် ဝန်ခံလိုက်သည်။ ပြန်မပြောရဲပေ။
မြို့စားမင်း ကိုယ်တိုင်က ဒီလောက် သနားစဖွယ် ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ မြို့သူမြို့သားများ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြ၏။
"ဖုန်းဝူချန် ဆိုတာ တော်တော် အရေးပါတဲ့ ပုဂ္ဂိုလ် ဖြစ်ရမယ်..."
"မြို့စားမင်းက သူ့ကို သိပုံရတယ်... မဟုတ်ရင် ဒီလောက် ကြောက်နေမှာ မဟုတ်ဘူး..."
"ဒီတစ်ခါတော့ သခင်လေး သွားပြီ..."
လူအုပ်ကြီး တီးတိုး ပြောဆိုနေကြ၏။ ဖုန်းဝူချန်အကြောင်း ပို၍ သိချင်လာကြ၏။
ဟဲချန်ချင်းကို အေးစက်စွာ ကြည့်ရင်း ဖုန်းဝူချန်က ပြောလိုက်သည်။
"မြို့စားမင်းဟဲ... ခင်ဗျားကို ရွေးချယ်စရာ နှစ်ခု ပေးမယ်... တစ်ခုက ကျုပ် ခင်ဗျားသားကို သတ်မယ်... နောက်တစ်ခုက ခင်ဗျားကိုယ်တိုင် ခင်ဗျားသားရဲ့ လက်တွေကို ဖြတ်ပစ်... တစ်ခု ရွေးလိုက်..."
ဟဲချန်ချင်း တုန်လှုပ်သွား၏။ ဘယ်ရွေးချယ်မှုမှ သူ လက်မခံနိုင်ပေ။
လက်မခံနိုင်ပေမယ့်လည်း ရွေးကို ရွေးရတော့မည်။ ရွေးချယ်စရာက ရှင်းနေ၏။
"ဝှစ်..ဝှစ်..."
"အား..."
ဟဲချန်ချင်းသည် တွန့်ဆုတ်ခြင်း မရှိဘဲ ဟဲမင်၏ လက်နှစ်ဖက်ကို ဖြတ်ပစ်လိုက်သည်။ ရုတ်တရက် နာကျင်မှုကြောင့် ဟဲမင် စူးရှစွာ အော်ဟစ်လိုက်သည်။ သွေးများ ပန်းထွက်လာပြီး လမ်းမကြီးကို ရဲရဲနီသွားစေ၏။
"မြို့စားမင်းက သူ့သားရဲ့ လက်ကို တွန့်ဆုတ်ခြင်း မရှိဘဲ ဖြတ်ပစ်လိုက်တယ်... ဒါ... ဒါ..."
မြင်ကွင်းကို ကြည့်ရင်း လူအများ တုန်လှုပ်ခြောက်ခြားသွားကြ၏။
အသက်ရှင်ဖို့အတွက် ဘယ်သူက သေလမ်းကို ရွေးမှာလဲ။
ဘေးနားရှိ မန်ချင်းနှင့် ယွဲ့လန်တို့လည်း ကြက်သေသေနေကြ၏။
ဖုန်းဝူချန်၏ စကားတစ်ခွန်းတည်းနှင့် ဟဲချန်ချင်းက သားဖြစ်သူ၏ လက်ကို ဖြတ်ပစ်လိုက်ရသည်။ ဖုန်းဝူချန်၏ အဆင့်အတန်းက ဘယ်လောက်တောင် ကြီးမားနေလို့ ဟဲချန်ချင်း ဒီလောက် ကြောက်ရွံ့နေရတာလဲ။
"ငါ့လက်တွေ... ငါ့လက်တွေ... ဖေဖေ... ဘာလို့လဲ... ဘာလို့လဲဗျာ..."
ဟဲမင် ကြောက်လန့်တကြား အော်ဟစ်ငိုကြွေးနေ၏။ မြေကြီးပေါ် ပြတ်ကျနေသော လက်များကို ကြည့်ပြီး ရူးသွပ်မတတ် ဖြစ်နေရှာသည်။
ဟဲချန်ချင်း ဘာမှ ပြန်မပြောဘဲ မျက်လုံးများကို တင်းတင်း မှိတ်ထားလိုက်သည်။ ရင်ထဲက နာကျင်မှုကို မြိုသိပ်ထားရသည်။
ဖုန်းဝူချန်ကို အပြစ်ပြုမိလျှင် တန်ကြေးပေးဆပ်ရမည်ကို ဟဲချန်ချင်း ကောင်းကောင်း သိသည်။
သို့သော် ရွေးချယ်စရာ ရလိုက်တာကိုက ကံကောင်းသည်ဟု မှတ်ယူရမည်။ လက်နှစ်ဖက် ဖြတ်လိုက်ခြင်းဖြင့် အသက်ကို ကယ်နိုင်ခဲ့သည်။
"ကျုပ်မှာ အရေးကြီးကိစ္စ မရှိရင်... လက်ဖြတ်ရုံနဲ့ ပြီးမှာ မဟုတ်ဘူး... သဘောပေါက်လား..."
ဖုန်းဝူချန် အေးစက်စွာ မေးလိုက်သည်။
"သဘောပေါက်ပါတယ်..."
ဟဲချန်ချင်းက ခေါင်းညိတ်လိုက်သည်။ ကျောပြင်တွင် ချွေးများ ရွှဲနစ်နေ၏။ စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။
‘တော်သေးတာပေါ့... မဟုတ်ရင် သားလေး အသက်ပါ ပါသွားမှာ။’
"နောက်တစ်ခါ ထပ်ဖြစ်ရင်... ရှန်ဝူဂိုဏ်း ဆက်ရှိနေစရာ မလိုတော့ဘူး..."
ဟု ဖုန်းဝူချန်က အေးဆေးစွာ ပြောလိုက်သည်။
"နောက်တစ်ခါ လုံးဝ မဖြစ်စေရပါဘူး..."
ဟဲချန်ချင်း အရူးအမူး ခေါင်းခါရင်း ကတိပေးလိုက်သည်။
ထို့နောက်၊ ဖုန်းဝူချန်က ဟဲချန်ချင်းကို လျစ်လျူရှုလိုက်ပြီး ယဲ့ထျန်းဝေ ဘက်သို့ လှည့်ကာ "ရှန်ဝူဂိုဏ်းကို လိုက်ပို့ပေးပါ…” ဟု ပြောလိုက်သည်။
"လိုက်ခဲ့ပါ..."
ဖုန်းဝူချန်၏ အဆင့်အတန်းကို သိလိုက်ရသော်လည်း ယဲ့ထျန်းဝေ တည်ငြိမ်အောင် ထိန်းထားသည်။
သို့သော် သူ့လေသံတွင် ရိုသေမှုများ ပါဝင်လာသည်။
ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင် ထွက်ခွာသွားမှ ဟဲချန်ချင်းတို့ သက်ပြင်းချနိုင်တော့သည်။ ဖုန်းဝူချန် ပေးသော ဖိအားသည် အသက်ရှုရပ်မတတ် ကြီးမားလွန်းလှသည်။
"မြို့စားမင်း... ဖုန်းဝူချန်က ဘယ်သူလဲ..."
"မြို့စားမင်းက သူ့ကို ဒီလောက် ကြောက်ရတယ် ဆိုတော့... သူ့အဆင့်အတန်းက သေချာပေါက် ကြီးမားမှာပဲ..."
"ဘယ်သူလဲဗျာ..."
ပညာရှင် အများအပြား အပြေးအလွှား လာမေးကြ၏။
"မမေးကြပါနဲ့တော့..."
ဟဲချန်ချင်း အားလျော့စွာ ပြောလိုက်သည်။
"အကြီးအကဲ... မင်အာကို ကုသဖို့ ပြန်ခေါ်သွားလိုက်ပါ..."
ဖုန်းဝူချန်က သူ့နာမည်ကိုသာ ပြောသွားပြီး၊ ဟဲချန်ချင်းကလည်း ထပ်မပြောပြသဖြင့် လူတိုင်း ပိုပြီး စိတ်ဝင်စားလာကြ၏။
အဖြေမရလေ... ပိုသိချင်လေ၊ ပိုစိုးရိမ်လေ ဖြစ်နေကြ၏။
ရှန်ဝူဂိုဏ်းသည် မြို့နှင့် မဝေးလှပေ။ မိနစ်ပိုင်းအတွင်း ယဲ့ထျန်းဝေက ဖုန်းဝူချန်တို့ကို ခေါ်ဆောင်သွား၏။
ရှန်ဝူဂိုဏ်း၏ နန်းတော်များသည် ခမ်းနားထည်ဝါလှသည်။ နဂါးနတ်ဘုရား နန်းတော်လောက် မကြီးကျယ်သော်လည်း လေးစားဖွယ် ကောင်းသည်။
"ဆေးဧကရာဇ်... ဒါ ရှန်ဝူဂိုဏ်း ပါ..."
ယဲ့ထျန်းဝေ ရိုသေစွာ မိတ်ဆက်ပေးလိုက်၏။ စိန်ခေါ်မှု အကြောင်း တစ်လုံးမှ မဟတော့ပေ။
ဖုန်းဝူချန် ခေါင်းညိတ်ပြီး ပြုံးလိုက်သည်။
"အနောက်ဘက်ဒေသရဲ့ အရှင်သခင် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တန်ပါတယ်... ပညာရှင်တွေလည်း ပေါများတာကိုး..."
စကားပြောရင်း သူတို့သုံးဦး ဂိုဏ်းတံခါးဝသို့ ရောက်ရှိလာကြ၏။
"အစ်ကိုကြီး... ပြန်ရောက်လာပြီလား..."
တံခါးစောင့် တပည့်လေးက ဝမ်းသာအားရ နှုတ်ဆက်လိုက်သည်။
"အစ်ကိုကြီး... သူတို့က ဘယ်သူတွေလဲ..."
နောက်တစ်ယောက်က ဖုန်းဝူချန်တို့ကို ကြည့်ပြီး မေးလိုက်သည်။
"ဆေးဧကရာဇ် ပဲ... ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေကို သွားပြောလိုက်... ဆေးဧကရာဇ် ရောက်လာပြီလို့..."
ယဲ့ထျန်းဝေ ပြောလိုက်သည်။
"ဆေးဧကရာဇ်..."
တပည့်နှစ်ယောက်လုံး တုန်လှုပ်သွားကြ၏။ ဖုန်းဝူချန်ကို ကြည်ညိုသော မျက်လုံးများဖြင့် ကြည့်ပြီး သတင်းပို့ရန် ပြေးထွက်သွားကြ၏။
"ဂိုဏ်းချုပ်... အကြီးအကဲများ... ဆေးဧကရာဇ် ရောက်လာပါပြီ... ဆေးဧကရာဇ် ရောက်လာပါပြီ..."
သူတို့နှစ်ယောက် အော်ဟစ်သံက ရှန်ဝူဂိုဏ်း တစ်ခုလုံး ပဲ့တင်ထပ်သွား၏။
"ဆေးဧကရာဇ်... နဂါးနတ်ဘုရား နန်းတော်သခင် ဖုန်းဝူချန် လား..."
"သခင်လေးကျန်းရဲ့ ဆရာတဲ့လား... ဘုရားရေ... သူက ငါတို့ ရှန်ဝူဂိုဏ်းကို တကယ် လာတာလား..."
"ငါ နားကြားမှားတာ မဟုတ်ပါဘူးနော်... ဆေးဧကရာဇ် ရောက်လာတယ်တဲ့..."
"မြန်မြန်... အားလုံး ထွက်ကြ... ဆေးဧကရာဇ်ကို သွားကြိုကြမယ်..."
သတင်းကြားသော တပည့်တိုင်း အံ့ဩဝမ်းသာ ဖြစ်ကုန်ကြ၏။
"ဆေးဧကရာဇ် ရောက်လာပြီ..."
"သခင်လေးကျန်းရဲ့ ဆရာလေ..."
"အင်မော်တယ် လက်နက် စံအိမ် သခင်လေးရဲ့ ဆရာဘိုးဘေးပဲ..."
နန်းဆောင်ထဲတွင်လည်း လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြ၏။ ဂိုဏ်းချုပ်နှင့် အကြီးအကဲများ အားလုံး အလျင်အမြန် ထွက်လာကြ၏။
ခဏအတွင်းမှာပင်... ရှန်ဝူဂိုဏ်း၏ ကျယ်ဝန်းသော ရင်ပြင်တော်ကြီးတွင် တပည့် သောင်းချီ စုဝေးရောက်ရှိလာကြ၏။
ယဲ့ထျန်းဝေက ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်ကို ဦးဆောင်ပြီး ရင်ပြင်တော် လှေကားထစ်များ အတိုင်း တက်လာခဲ့သည်။
"ကြိုဆိုပါတယ် ဆေးဧကရာဇ်..."
ရှန်ဝူဂိုဏ်းချုပ် ဦးဆောင်သော လူအုပ်ကြီးသည် တညီတညွတ်တည်း ဦးညွှတ်နှုတ်ဆက်လိုက်ကြ၏။ သူတို့၏ အသံများသည် တောင်တန်းများကြားတွင် ပဲ့တင်ထပ်သွား၏။
ဖုန်းဝူချန် ရောက်ရှိလာခြင်းသည် ဂိုဏ်းချုပ်ကို အတိုင်းမသိ ဝမ်းသာစေခဲ့သည်။ သူ မထင်မှတ်ထားခဲ့သော ကံကောင်းခြင်းကြီးပင်။
အခန်း (၅၂၁) - ရှန်ဝူဂိုဏ်းသို့ ရောက်ရှိခြင်း
"ဆေးဧကရာဇ် ကြွလာပြီ..."
ရှန်ဝူဂိုဏ်းချုပ် ကိုယ်တိုင်က မျှော်လင့်တကြီး ကြိုဆိုနေသည်ကို မြင်ရသောအခါ တပည့်များ အားလုံး စိတ်လှုပ်ရှားနေကြ၏။
လူတိုင်း၏ အကြည့်များက ဖုန်းဝူချန်ဆီသို့ စုပြုံရောက်ရှိနေကြ၏။
"ငါတို့ အစ်ကိုကြီးက ဆေးဧကရာဇ်နဲ့ အတူတူ လာတာလား..."
"သူက ငယ်လိုက်တာ... ငါ့ထက်တောင် ငယ်သေးတယ်... ဂိုဏ်းချုပ်တို့ ပြောသလောက်ရော ကြောက်စရာ ကောင်းပါ့မလား..."
"အသက် ( ၂၀ ) လောက်ပဲ ရှိသေးတယ်... ပါရမီရှင် ဆိုတာ ဒါမျိုးကိုး..."
"ကြည့်ကောင်းလိုက်တာ... ဒါပေမဲ့ သခင်လေး ပြောသလောက်တော့ မစွမ်းလောက်ပါဘူး..."
"ဝိုး... ဘေးနားက မိန်းကလေးက လှလိုက်တာ... ဆေးဧကရာဇ်ရဲ့ ရည်းစား ဖြစ်လောက်တယ်... ငါတို့ရဲ့ ဒုတိယ အစ်မကြီးတောင် သူ့ခြေဖျား မမီဘူး..."
တပည့်များ တီးတိုး ဝေဖန်နေကြ၏။ ဖုန်းဝူချန်၏ အသက်အရွယ်ကြောင့် သံသယ ဝင်နေကြသော်လည်း၊ ထုတ်မပြောရဲကြပေ။ ဖုန်းဝူချန်ကို အပြစ်ပြုမိလျှင် အသက်ပျောက်သွားနိုင်သည်။
"ဆေးဧကရာဇ်... ရှန်ဝူဂိုဏ်းကို ကြွရောက်လာတာ ဂုဏ်ယူပါတယ်..."
ရှန်ဝူဂိုဏ်းချုပ် ကျန့်ရှောင်ယွင်က အလွန်အမင်း ရိုသေလေးစားစွာဖြင့် ကြိုဆိုလိုက်သည်။
ကျန့်ရှောင်ယွင်သည် အသက် ( ၆၀ ) ကျော် အရွယ်ရှိပြီး မီးခိုးရောင် ပိုးသားဝတ်စုံကို ဝတ်ဆင်ထားသည်။ သြဇာအာဏာနှင့် ပြည့်စုံပြီး ထျန်းကျီဘုံ အဆင့်သို့ ရောက်ရှိနေသူ ဖြစ်၏။ အနောက်ဘက်ဒေသ၏ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ကြီးပင်။
သူ့ဘေးတွင် သခင်လေး ကျန့်ရှောက်ခုံးနှင့် အကြီးအကဲ သုံးယောက် ရပ်နေကြ၏။ ပထမအကြီးအကဲ ထန်ချင်းဖုန်းမှာ ပဉ္စမ အဆင့် ဆေးပညာရှင် ဖြစ်ပြီး ထျန်းကျီဘုံ အဆင့်သို့ ရောက်ရှိနေသူလည်း ဖြစ်၏။
"ဂိုဏ်းချုပ်ကျန့်... အားနာစရာကြီးဗျာ..."
ဖုန်းဝူချန်က ပြုံးပြီး ပြောလိုက်သည်။
"ဂိုဏ်းချုပ်ကျန့်နဲ့ အကြီးအကဲများကို ဂါရဝပြုပါတယ်..."
လင်ရှောင်ရှောင်က ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
"ဆေးဧကရာဇ်... ဒီမှာ စကားပြောဖို့ မကောင်းပါဘူး... အထဲကို ကြွပါ..."
ဟု ကျန့်ရှောင်ယွင်က အလျင်အမြန် ဖိတ်ခေါ်လိုက်သည်။
တပည့်များကတော့ သူတို့ ဂိုဏ်းချုပ် ဒီလောက် ရိုသေတာမျိုး တစ်ခါမှ မမြင်ဖူးသဖြင့် အံ့ဩနေကြ၏။
ခန်းမဆောင်ထဲသို့ ရောက်သောအခါ...
ကျန့်ရှောင်ယွင်က ရိုသေစွာ မေးလိုက်သည်။
"ဆေးဧကရာဇ်... ရှန်ဝူဂိုဏ်းကို ဘာကိစ္စနဲ့ ကြွလာတာလဲ သိခွင့်ရှိမလား..."
ဖုန်းဝူချန် လက်ဖက်ရည် တစ်ငုံသောက်လိုက်ပြီး ပြုံးလိုက်သည်။
"ဒီတစ်ခါ ဂိုဏ်းချုပ်ကျန့်ဆီက အကူအညီ တောင်းစရာ ရှိလို့ပါ..."
"အကူအညီ..."
ကျန့်ရှောင်ယွင် ဝမ်းသာသွား၏။
‘ ဖုန်းဝူချန်က အကူအညီတောင်းတယ် ဆိုတာ ရှားပါးတဲ့ အခွင့်အရေးပဲ။’
"ဘာအကူအညီ လိုချင်တာလဲ ပြောပါ ဆေးဧကရာဇ်... ကျွန်တော် အစွမ်းကုန် ကူညီပေးပါ့မယ်..."
ဖုန်းဝူချန် ခေါင်းညိတ်လိုက်ပြီး အကျိုးအကြောင်း ရှင်းပြလိုက်သည်။
"စိတ်မပူပါနဲ့ ဆေးဧကရာဇ်... အင်ပါယာ အစွန်းရောက် ဂိုဏ်းကို လူလွှတ်ပြီး သတိပေးလိုက်ပါ့မယ်... သူတို့ ဖန်ယွင်ဂိုဏ်းကို ထိရဲမှာ မဟုတ်တော့ပါဘူး..."
ကျန့်ရှောင်ယွင်က ချက်ချင်း သဘောတူလိုက်သည်။ ဖုန်းဝူချန်အတွက် ဆိုလျှင် ဒီလောက် ကိစ္စသေးသေးလေးက ဘာမှ မဟုတ်ပေ။
ဖုန်းဝူချန်က ဖန်ယွင်ဂိုဏ်းကို ကတိပေးထားပြီး ဖြစ်ရာ ကတိမပျက်ချင်ပေ။
"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ကျန့်..."
"ရပါတယ် ဆေးဧကရာဇ်... ဒါ အသေးအဖွဲလေးပါ..."
ဖုန်းဝူချန် အကြွေးတင်သွားပြီ ဖြစ်ရာ ရှန်ဝူဂိုဏ်းအတွက် အကျိုးအမြတ် ကြီးမားလှသည်။
ထန်ချင်းဖုန်းက ရိုသေစွာ မေးလိုက်သည်။
"ဆေးဧကရာဇ်... အင်ပါယာ အစွန်းရောက် ဂိုဏ်း လက်ထဲက မြေပုံက ဆေးဧကရာဇ်အတွက် အရေးကြီးလို့လား..."
"ဟုတ်တယ်... အရေးကြီးတယ်... အဲ့ဒီထဲမှာ ကျွန်တော် လိုချင်တဲ့ ပစ္စည်းတစ်ခု ရှိနေလို့..."
ဟု ဖုန်းဝူချန် လေးနက်စွာ ဖြေလိုက်သည်။ ဘာပစ္စည်းလဲ ဆိုတာတော့ သူ ထုတ်မပြောပေ။
ထိုစဉ်၊ ကျန့်ရှောက်ခုံးက "မြေပုံကို ဘယ်လို ယူမလဲဗျ..”
ဟု စပ်စုလာသည်။
"ကျွန်တော့်မှာ နည်းလမ်း ရှိပါတယ်... ဒါပေမဲ့ အခု အရေးကြီးကိစ္စ တစ်ခု ရှိသေးတယ်......"
တဆက်တည်း၌၊ ဖုန်းဝူချန်က ထန်ချင်းဖုန်းကို ကြည့်ပြီး မေးလိုက်သည်။
“၀င်္ကပါပင်လယ်နယ်မြေက ဆေးပညာ ဆွေးနွေးပွဲ စတော့မယ်... ကျွန်တော် အဲ့ဒီကို သွားရဦးမယ်... ပထမ အကြီးအကဲလည်း သွားတော့မယ်မလား”
"ဆေးဧကရာဇ်လည်း တက်ရောက်မှာလား... ကျွန်တော် မနက်ဖြန် သွားမလို့ပါ..."
ထန်ချင်းဖုန်း စိတ်လှုပ်ရှားစွာ ပြန် မေးလိုက်သည်။
"အင်း... တခြား ဘာကိစ္စမှ မရှိတော့ရင် ကျွန်တော် သွားခွင့်ပြုပါဦး..."
ဖုန်းဝူချန် ခေါင်းညိတ်လိုက်ပြီး နှုတ်ဆက်လိုက်သည်။
ကျန့်ရှောင်ယွင်နှင့် အခြားသူများ ဖုန်းဝူချန်ကို တရိုတသေ လိုက်ပို့ကြ၏။
ဂိုဏ်းတံခါးဝ ရောက်သောအခါ တောက်လျှောက် ငြိမ်နေသော ယဲ့ထျန်းဝေက စကားစပြောလာသည်။
"ဆေးဧကရာဇ်... ခင်ဗျားရဲ့ အဆင့်အတန်းက မြင့်မားပေမယ့်... ကျွန်တော်တို့ ကြားက ပြိုင်ဆိုင်မှုကိုတော့ ရှောင်လွှဲလို့ မရပါဘူး... ခွင့်လွှတ်ပါ..."
ယဲ့ထျန်းဝေ၏ မာနက ဖုန်းဝူချန်ကို အနိုင်ယူချင်နေဆဲပင်။
"ဒါဆို ခင်ဗျား ကြိုးစားပြီး ကျင့်ကြံရလိမ့်မယ်... ကျွန်တော့် အလုပ် ကိစ္စပြီးရင် နဂါးနတ်ဘုရား နန်းတော်ကို လာခဲ့ပါ... ခင်ဗျားမှာ အခွင့်အရေး တစ်ကြိမ်ပဲ ရှိတယ်..."
ဖုန်းဝူချန်က ယုံကြည်မှု ရှိစွာ ပြုံးရင်း ပြောလိုက်သည်။
သူ့စကားကြောင့် ယဲ့ထျန်းဝေ မျက်မှောင်ကြုတ်လိုက်သည်။ ဇန်ယင်ကို လက်သီး တစ်ချက်တည်းဖြင့် ဒဏ်ရာရစေခဲ့သည့် ဖုန်းဝူချန်၏ စွမ်းအားကို သူ ခန့်မှန်းမိသည်။
‘ငါ မင်းကို သေချာပေါက် အနိုင်ယူပြမယ်... မင်းက ဆေးဧကရာဇ် ဖြစ်နေရင်တောင်မှ…’
ယဲ့ထျန်းဝေ စိတ်ထဲတွင် ကြိမ်းဝါးလိုက်သည်။ ဆေးပညာမှာ ရှုံးပေမယ့် တိုက်ခိုက်ရေးမှာတော့ အနိုင်ယူချင်သည်။
"ခင်ဗျားရှုံးရင်... ကျွန်တော့်ဆီမှာ အညံ့ခံရမယ်..."
ဖုန်းဝူချန်က လှည့်ထွက်သွားရင်း ပြောလိုက်ခြင်းပါ။
"ကျွန်တော် နိုင်ရင်ရော..."
"ခင်ဗျား နိုင်မှာ မဟုတ်ဘူး..."
ဖုန်းဝူချန်က ပြတ်သားစွာ ပြောလိုက်သည်။
ယဲ့ထျန်းဝေ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိ၏။ အနောက်ဘက်ဒေသ၏ နံပါတ်တစ် ပါရမီရှင် ဖြစ်သော သူ့ကို ဒီလောက် အထင်သေးတာ တစ်ခါမှ မကြုံဖူးပေ။
‘ ငါ မင်းကို သေချာပေါက် အနိုင်ယူပြမယ်…’
...
ရှန်ဝူဂိုဏ်းမှ ထွက်ခွာလာပြီးနောက် ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့သည် အင်ပါယာ အစွန်းရောက် ဂိုဏ်းဆီသို့ ဦးတည်သွားကြ၏။
အင်ပါယာ အစွန်းရောက် ဂိုဏ်း ခန်းမဆောင်တွင်...
ဂိုဏ်းချုပ်နှင့် အကြီးအကဲများ၏ မျက်နှာထားများ မည်းမှောင်နေ၏။
"ရှန်ဝူဂိုဏ်းက သိပ်အနိုင်ကျင့်လွန်းတယ်..."
ဂိုဏ်းချုပ် လေ့ထင်း ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ အခန်းတစ်ခုလုံး ဒေါသအရှိန်အဝါများဖြင့် ပြည့်နှက်သွား၏။
"ရှန်ဝူဂိုဏ်းနဲ့ ဖန်ယွင်ဂိုဏ်းက ဘာပတ်သက်မှုမှ မရှိဘဲနဲ့... ဘာလို့ ရုတ်တရက်ကြီး ကာကွယ်ပေးရတာလဲ... ကျန့်ရှောင်ယွင်က ရတနာမြေပုံ အကြောင်း သိနေတာလား... ဘယ်သူ သတင်းပေးလိုက်တာလဲ..."
အကြီးအကဲ တစ်ယောက်က နားမလည်နိုင် ဖြစ်နေ၏။
"ဖန်ယွင်ဂိုဏ်းက လွဲရင် ငါတို့ပဲ သိတာ... ဖန်ယွင်ဂိုဏ်းက သွားပြောတာ ဖြစ်နိုင်တယ်..."
ဟု နောက်တစ်ယောက်က သုံးသပ်လိုက်သည်။
"ဖြစ်နိုင်တယ်..."
ထိုအခါ၊ လေ့ထင်းက အေးစက်စွာ ကြုံးဝါးလိုက်သည်။
"ဘယ်လိုပဲ ဖြစ်ဖြစ်... ဖန်ယွင်ဂိုဏ်း လက်ထဲက မြေပုံတစ်ဝက်ကို ကျန့်ရှောင်ယွင် လက်ထဲ ပါသွားလို့ မဖြစ်ဘူး..."
ရှန်ဝူဂိုဏ်းက အင်အားကြီးလွန်းသဖြင့် သူတို့ ယှဉ်နိုင်မည် မဟုတ်ပေ။ မြေပုံသာ သူတို့လက်ထဲ ရောက်သွားလျှင် အင်ပါယာ အစွန်းရောက် ဂိုဏ်း လက်ထဲက တစ်ဝက်ပါ ပါသွားနိုင်သည်။
ထို့နောက်၊ တပည့်တစ်ယောက်က ကြောက်လန့်တကြား ဝင်လာပြီး သတင်းပို့လာသည်။
"ဂိုဏ်းချုပ်... အပြင်မှာ လူတစ်ယောက် ရောက်နေပါတယ်... နဂါးနတ်ဘုရား နန်းတော်က ဖုန်းဝူချန် ပါတဲ့... တွေ့ခွင့်တောင်းနေပါတယ်..."
အခန်း (၅၂၂) - ရတနာမြေပုံ ပေးအပ်ခြင်း
"နဂါးနတ်ဘုရား နန်းတော်သခင် ဖုန်းဝူချန်..."
ဂိုဏ်းချုပ်နှင့် အကြီးအကဲများ မျက်မှောင်ကြုတ်သွားကြ၏။ ဒီနာမည်ကို တစ်ခါမှ မကြားဖူးပေ။
"ဘယ်သူလဲ..."ဟု အကြီးအကဲ တစ်ယောက်က မေးလိုက်သည်။
"တပည့်လည်း မသိပါဘူး... တစ်ခါမှ မမြင်ဖူးပါဘူး..."
တပည့်လေး ခေါင်းခါလိုက်သည်။
"မတွေ့ဘူး... ထွက်သွားခိုင်းလိုက်..."
ဂိုဏ်းချုပ် ဒေါသထွက်နေ၏။ ရှန်ဝူဂိုဏ်းက ဝင်ရှုပ်ထားလို့ ဒေါသထွက်နေရသည့်အထဲ၊ ဧည့်သည် လာတွေ့ဖို့ စိတ်မပါပေ။
ထိုအချိန်တွင် ဖုန်းဝူချန်၏ အသံ ခန်းမဆောင်ထဲတွင် ပဲ့တင်ထပ်သွား၏။
"ချင်မင် နတ်ဘုရားနန်းတော် …မြေပုံကိစ္စ ဆိုရင်တောင် မတွေ့ဘူးလား..."
"ချင်မင် နတ်ဘုရားနန်းတော် မြေပုံ..."
ဂိုဏ်းချုပ်နှင့် အကြီးအကဲများ အကြီးအကျယ် တုန်လှုပ်သွားကြ၏။
"သူက ဘယ်လိုလုပ် သိနေတာလဲ... ဒီ ဖုန်းဝူချန်က ဘယ်သူလဲ..."
ဂိုဏ်းချုပ် လေးနက်စွာ မေးခွန်းထုတ်လိုက်သည်။
"ဝှစ်..ဝှစ်..."
နောက်တစ်စက္ကန့်တွင် လူရိပ်နှစ်ခု ရုတ်တရက် ပေါ်လာသည်။
ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့ပင်။
သူတို့နှစ်ယောက် ရုတ်တရက် ပေါ်လာခြင်းက ထိပ်သီးပိုင်းများကို လန့်ဖျတ်သွားစေ၏။ သူတို့၏ ကျင့်ကြံဆင့်နှင့်တောင် ဖုန်းဝူချန်တို့ လာနေတာကို အာရုံမခံမိလိုက်ဘူးတဲ့လား။
အင်ပါယာ အစွန်းရောက် ဂိုဏ်းချုပ်သည် ထျန်းကျီဘုံ ပထမအလွှာ ဖြစ်ပြီး၊ အကြီးအကဲ သုံးယောက်သည် ကောင်းကင်ဘုံလူသား သတ္တမ၊ အဋ္ဌမ အလွှာ အသီးသီး ရှိကြ၏။
ဒီလောက် စွမ်းအားကြီးသည့် သူတွေတောင် သတိမထားမိလိုက်ဘူး ဆိုတော့... အခြေအနေက မရိုးရှင်းတော့ပေ။
"မင်းက ဖုန်းဝူချန်လား..."
ဂိုဏ်းချုပ် ကျိုးရွှမ်ထုန်က ဖုန်းဝူချန်တို့ကို အကဲခတ်ရင်း မေးလိုက်သည်။
‘ဒီကောင်လေးက စွမ်းအားကို တော်တော် ဖုံးကွယ်ထားနိုင်တာပဲ... ငါတောင် မမြင်ရဘူး... လာတာကိုတောင် သတိမထားမိဘူး ဆိုတော့... သူ့ကိုယ်ဖော့ပညာက မြေကမ္ဘာအဆင့် အထက်မှာ ရှိလောက်တယ်... အနောက်ဘက်ဒေသမှာ ဒီလိုလူမျိုး တစ်ခါမှ မမြင်ဖူးဘူး...လုံးဝ မရိုးရှင်းဘူး…’
ကျိုးရွှမ်ထုန် တွက်ချက်နေမိသည်။
လင်ရှောင်ရှောင်ကို ကြည့်လိုက်သောအခါ...
"ထျန်းယွမ်ဘုံ သတ္တမအလွှာ... ကြည့်ရတာ ဒီကောင်မလေးရဲ့ စွမ်းအားလည်း သိပ်မကြီးလောက်ပါဘူး..."
ကျိုးရွှမ်ထုန်နှင့် အခြား အကြီးအကဲများလည်း ဖုန်းဝူချန်၏ ကျင့်ကြံဆင့်ကို မမြင်ရသဖြင့် အံ့ဩနေကြ၏။
ပိုပြီး အံ့ဩစရာ ကောင်းတာက... ဖုန်းဝူချန်က ချင်မင် နတ်ဘုရားနန်းတော် မြေပုံ (ရတနာမြေပုံ) အကြောင်း သိနေခြင်းပင်။
"ဟုတ်ပါတယ်..."
ဖုန်းဝူချန် ခေါင်းညိတ်လိုက်သည်။
"မင်းက ဘယ်သူလဲ... ပြီးတော့ ရတနာမြေပုံ အကြောင်း ဘယ်လို သိတာလဲ..."
ဟု ကျိုးရွှမ်ထုန် ထပ်မေးလိုက်သည်။ မျက်လုံးများက ဖုန်းဝူချန်အပေါ် စူးစိုက်နေ၏။
ဖုန်းဝူချန်က ပြုံးလိုက်ပြီး ဖြေလိုက်သည်။
"ကျန်တဲ့ မြေပုံတစ်ဝက်က ကျွန်တော့်ဆီမှာ ရှိနေလို့လေ..."
"ဘာ... မင်းဆီမှာ ရှိတယ် ဟုတ်လား..."
ကျိုးရွှမ်ထုန်နှင့် ထိပ်သီးပိုင်းများ အားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြ၏။
"မဖြစ်နိုင်တာ... မင်းက ရတနာမြေပုံ အကြောင်း သိစရာ အကြောင်းမရှိသလို... ပိုင်ဆိုင်ထားစရာ အကြောင်းလည်း မရှိဘူး..."
ပထမအကြီးအကဲက ငြင်းဆန်လိုက်သည်။
ကျိုးရွှမ်ထုန် မျက်မှောင်ကြုတ်လိုက်ပြီး...
"မင်းက ဘယ်သူလဲ..."
"နဂါးနတ်ဘုရား နန်းတော် ဖုန်းဝူချန် ပါ... ကျွန်တော်က မြေပုံတစ်ဝက်ကို ဖန်ယွင်ဂိုဏ်းချုပ် လက်ထဲကနေ ရလာတာပါ... အကြီးအကဲက မဖြစ်နိုင်ဘူးလို့ ထင်နေတုန်းပဲလား..."
"ဘာ... ဖန်ယွင်ဂိုဏ်းချုပ်က မင်းကို ပေးလိုက်တယ် ဟုတ်လား..."
ကျိုးရွှမ်ထုန်နှင့် အကြီးအကဲ သုံးယောက်လုံး တပြိုင်နက် အော်ဟစ်လိုက်ကြ၏။ မျက်လုံးများ ပြူးကျယ်လျက် မယုံကြည်နိုင် ဖြစ်နေကြ၏။
ဖန်ယွင်ဂိုဏ်းချုပ်က အသက်လောက် တန်ဖိုးထားသည့် မြေပုံကို သူစိမ်းတစ်ယောက်ဆီ ပေးလိုက်တယ် ဆိုတာ ယုံရခက်ကြီး ဖြစ်နေ၏။
သို့သော်၊ ဖုန်းဝူချန်က ဖန်ယွင်ဂိုဏ်းက ရသည်ဟု ပြောရဲမှတော့ ယုံရမလို ဖြစ်နေ၏။
အနောက်ဘက်ဒေသ တစ်ခုလုံးမှာ ဒီမြေပုံအကြောင်းကို ဖန်ယွင်ဂိုဏ်းနှင့် သူတို့ အင်ပါယာ အစွန်းရောက် ဂိုဏ်းသာ သိသည်လေ။
သူတို့ မယုံတာကို မြင်တော့ ဖုန်းဝူချန်က မြေပုံတစ်ဝက်ကို ထုတ်ပြလိုက်ပြီး ပြုံးလိုက်သည်။
"ဒါက ကျန်တဲ့ တစ်ဝက်ပါ... အခု ယုံပြီလား..."
"အစ်ကိုကြီးဖုန်း... သူတို့ အတင်းလုယူရင် ဘယ်လိုလုပ်မလဲ..."
လင်ရှောင်ရှောင် စိုးရိမ်တကြီး မေးလိုက်သည်။
‘အင်ပါယာ အစွန်းရောက် ဂိုဏ်းရဲ့ နယ်မြေထဲမှာ ဒီလို ထုတ်ပြလိုက်တာက ကိုယ့်သေတွင်း ကိုယ်တူးတာ မဟုတ်ဘူးလား။’
ဖုန်းဝူချန်က စိတ်မပူဖို့ ပြန်ပြောလိုက်သည်။
"မပူပါနဲ့... အစ်ကို့မှာ နည်းလမ်း ရှိပါတယ်..."
"တကယ်ပဲ... တကယ့် မြေပုံ အစစ်ပဲ..."
ကျိုးရွှမ်ထုန် ထိုင်ရာမှ ထလိုက်သည်။
"မဖြစ်နိုင်ဘူး... ဖန်ယွင်ဂိုဏ်းက မင်းကို ဘယ်လိုလုပ် ပေးလိုက်မှာလဲ..."
အကြီးအကဲ တစ်ယောက်က လက်မခံနိုင်သေးပေ။
သည်မြေပုံကြောင့်သာ ဖန်ယွင်ဂိုဏ်း အသက်ဆက်ရှင်နေသည်လေ။
ရှန်ဝူဂိုဏ်းက လာသတိပေးသွားတာကို သတိရပြီး ကျိုးရွှမ်ထုန် မေးလိုက်သည်။
"မင်းနဲ့ ရှန်ဝူဂိုဏ်း ဘယ်လို ပတ်သက်လဲ..."
"ရှန်ဝူဂိုဏ်းကို လာသတိပေးခိုင်းတာ မင်းလား..."
ပထမအကြီးအကဲကလည်း လေသံခပ်ပြတ်ပြတ်ဖြင့် မေးလိုက်သည်။
ဖုန်းဝူချန်က သူတို့ကို ကြည့်ပြီး အမှုမထားဘဲ၊
"ကျွန်တော် ဒီမြေပုံတစ်ဝက်ကို ခင်ဗျားတို့ကို ပေးလို့ရတယ်... ဒါပေမဲ့ သတိပေးချင်တာက... မြေပုံထဲက ရတနာတွေက တကယ် ရှိချင်မှ ရှိမှာ... ပြီးတော့ အရမ်း အန္တရာယ်များတယ်... ရတနာ ရှာတွေ့ရင်တောင် အသက်ရှင်လျက် ပြန်လာနိုင်ပါ့မလား မသေချာဘူး..."
ထိုသို့၊ သူတို့ မေးတာကို မဖြေဘဲ စကားလမ်းကြောင်း လွှဲလိုက်သည်။ ဒါက သူတို့ကို ပိုပြီး ဇဝေဇဝါ ဖြစ်စေပြီး၊ ဖုန်းဝူချန်ကို သတ်ပြီး လုယူဖို့ တွန့်ဆုတ်သွားစေ၏။
"ဘာသဘောလဲ... မင်းက ငါတို့ကို မြေပုံပေးမယ် ဟုတ်လား..."
ကျိုးရွှမ်ထုန် နားမလည်နိုင် ဖြစ်သွား၏။
‘သည်လို အလကားရမယ့် အခွင့်အရေးမျိုး ရှိပါ့မလား။’
"ကျွန်တော့်မှာ တောင်းဆိုချက် တစ်ခု ရှိတယ်..."
ဖုန်းဝူချန်က လက်ညှိုးတစ်ချောင်း ထောင်ပြလိုက်သည်။
"ဘာတောင်းဆိုချက်လဲ..."
"ရတနာ တည်နေရာကို အတိအကျ သိပြီဆိုရင်... ကျွန်တော့်ကို ပြောပြရမယ်... ရတနာ ရလာရင် ခင်ဗျားတို့က ( ၇ ) ပုံယူ၊ ကျွန်တော်က ( ၃ ) ပုံယူမယ်... ရိုးရိုးလေးပါပဲ..."
"ဘာ... မင်းက ငါတို့ကို အသုံးချပြီး ရတနာ ရှာခိုင်းတာလား... ပြီးရင် ရှန်ဝူဂိုဏ်းနဲ့ ပေါင်းပြီး ငါတို့ကို ရှင်းပစ်မလို့မလား... ငါတို့ကို သုံးနှစ်သား ကလေးလေးတွေ မှတ်နေလား..."
ကျိုးရွှမ်ထုန် ဒေါသထွက်သွား၏။
ရှန်ဝူဂိုဏ်းက လာသတိပေးပြီး မကြာခင်မှာ ဖုန်းဝူချန် ရောက်လာ၏။ ထို့ထက် ပို၍၊ ဖန်ယွင်ဂိုဏ်းနှင့်လည်း ပတ်သက်နေသည် ဆိုတော့... အကွက်ကျလွန်းနေ၏။
"ခင်ဗျားတို့ ရှာနေတာ ကြာပြီ မဟုတ်လား... ကျွန်တော့် မြေပုံတစ်ဝက် မပါဘဲ နောက်ထပ် ဆယ်နှစ်၊ အနှစ်နှစ်ဆယ် ရှာရင်တောင် တွေ့မှာ မဟုတ်ဘူး... မြေပုံအပြည့်အစုံ ရှိမှ လွယ်ကူမှာ... ဘယ်လိုလဲ..."
ဖုန်းဝူချန်က ဆွဲဆောင်လိုက်သည်။
"ဂိုဏ်းချုပ်... လောလောဆယ် သဘောတူလိုက်ပြီး မြေပုံကို အရင် ရအောင်ယူလိုက်တာ ပိုကောင်းမယ်..."ဟု ပထမအကြီးအကဲက ကပ်၍ အကြံပေးလိုက်သည်။
"ကောင်းပြီ... ငါတို့ သဘောတူတယ်..."
ကျိုးရွှမ်ထုန်သည် ချက်ချင်း သဘောတူလိုက်သည်။
ဖုန်းဝူချန်က တွန့်ဆုတ်ခြင်း မရှိဘဲ မြေပုံတစ်ဝက်ကို ကျိုးရွှမ်ထုန်ဆီသို့ ပစ်ပေးလိုက်၏။
"သဘောတူညီချက် ရပြီနော်... ရတနာ ရှာတွေ့ရင် ကြယ်တာရာနယ်မြေက နဂါးနတ်ဘုရား နန်းတော်ကို လာအကြောင်းကြားပေးပါ... ခွင့်ပြုပါဦး..."
မြေပုံပေးပြီးတာနဲ့ ဖုန်းဝူချန်က လင်ရှောင်ရှောင်ကို ခေါ်ပြီး ရုတ်ချည်း ထွက်ခွာသွားလေ၏။
‘အာမခံချက် ဘာမှ မယူဘဲ မြေပုံကို ဒီအတိုင်း ပေးလိုက်တာလား။’
ကျိုးရွှမ်ထုန်နှင့် အကြီးအကဲများ ကြောင်အသွားကြ၏။
"ဒီကောင်လေးက အရူးလား... နှုတ်ကတိလောက်ကို ယုံတယ်တဲ့လား..."
"တကယ့် ငတုံးပဲ..."
"ဒီမြေပုံက အစစ်ပဲ... ဘာမှ ပြုပြင်ထားတာ မရှိဘူး..."
ကျိုးရွှမ်ထုန် မျက်မှောင်ကြုတ်လိုက်သည်။
"ဖုန်းဝူချန်က မြေပုံကို ဒီလောက် လွယ်လွယ် ပေးလိုက်တာ... ငါတို့ကို ယုံလို့ မဟုတ်ဘူး... သူ့ကိုယ်သူ ယုံကြည်မှု ရှိလွန်းလို့ပဲ..."
"ရတနာ တွေ့ရင် သူ့ကို ဘာအကြောင်းနဲ့ ဝေပေးရမှာလဲ... အဲ့ဒီအချိန်ကျရင် ရှန်ဝူဂိုဏ်းလည်း ငါတို့ကို ဘာမှ လုပ်နိုင်မှာ မဟုတ်တာ ..ဟမ့်..."
ပထမအကြီးအကဲက ရက်စက်စွာဖြင့် ကြုံးဝါးလိုက်လေသည်။