← Chapters

တစ်ယောက်ယောက်က နှောင့်ယှက်နေပြီ

Vol. 41 Ch. 568

တစ်ယောက်ယောက်က နှောင့်ယှက်နေပြီ

Vol. 41 Ch. 568

ငြိမ်းချမ်းသည့် ညတာတစ်ခု ဖြစ်ခဲ့၏။ ထိုအရာဝတ္ထုသည် မလှုပ်ရှားဘဲ ထောင့်ဘက်တွင် သူတောင်းစား တစ်ယောက်ပမာ ကျုံ့ကျုံ့လေး နေနေခဲ့သည်။ ထိုလူက ကျန်းရီနှင့် ကျန်သည့်သူများ နံနက်စောစောတွင် ထွက်ခွာသွားပြီးသည့်တိုင် မလှုပ်ရှားသေးပေ။ ကျန်းရီက ထိုထောက်လှမ်းသူကို စုံစမ်းစစ်ဆေးရန်အတွက် သူ၏ကောင်းကင်စိတ်အာရုံကို မထုတ်ဖော်ခဲ့ဘဲ သာမာန်အတိုင်း ခရီးဆက်ခဲ့တော့သည်။

“သခင်လေး ဘာဖြစ်လို့လဲ အဲဒီလူ ကျွန်မတို့နောက် လိုက်လာတာလား”

မိုင်ထောင်ချီကို သွားလာပြီးနောက် ကျန်းရီသည် တောအုပ်ထဲတွင် ကောင်းကင်နှင့်လူသား ပေါင်းစည်းသည့် အခြေအနေသို့ ဝင်ရောက်သွားခဲ့သည်။ သူ၏မျက်လုံးကို ပြန်ဖွင့်လိုက်ချိန်၌ ဖုန်းလန်က စိတ်ပူပန်စွာ မေးတော့၏။

“အမ်”

ချင်ယွီနှင့် ရှောင်နူက ယမန်နေ့ညက ဘာဖြစ်ခဲ့မှန်း မသိကြပေ။ သူတို့ကဖုန်းလန် စိတ်ပူပန်နေတာကို မြင်သောအခါ ကျန်းရီဆီသို့ သိချင်စိတ်ဖြင့် ကြည့်လိုက်ကြ၏။ ကျန်းရီက အေးတိအေးစက်ပြုံးကာ ပြောလိုက်သည်။

“သူနောက်က လိုက်နေတယ် ဒါပေမဲ့ သူ့ကိုယ်သူ ကောင်းကောင်း ပုန်းနေနိုင်တာပဲ ငါ့ရဲ့ကောင်းကင်စိတ်အာရုံကို အားကိုးခဲ့မယ်ဆိုရင် သူ့ကိုရှာတွေ့မှာ မဟုတ်ဘူး အဲ့ဒီလူက ထိပ်တန်းကင်းထောက်တစ်ယောက်ပဲ”

ဖုန်းလန်၏ မျက်ဝန်းတို့က အေးစက်စက်အလင်းတန်းဖြင့် ဖြတ်ခနဲ လက်သွားလျှက် သုန်မှုန်စွာ ပြန်ပြောလိုက်လေ၏။

“ကျွန်မတို့တွေ လှုပ်ရှားသင့်လား”

ကျန်းရီက ခဏတာ စဉ်းစားပြီးနောက် ပြန်ပြောလိုက်သည်။

“ဖုန်းအာ သူ့တစ်ယောက်ထဲကို မင်းဖြေရှင်းနိုင်မှာလား ငါပြောချင်တာက ဖြေရှင်းရုံ ရုတ်ရုတ်သဲသဲ မဖြစ်ဘဲနဲ့လေ”

“ပြဿနာမရှိဘူး”

ဖုန်းလန်က မောက်မာထောင်လွှားမှု အချို့ဖြင့် ပြန်ပြောလိုက်လေ၏။ ရယ်စရာပဲ။ ကောင်းကင်ဧကရာဇ် အဆင့်တစ်ယောက်က ဗာဂျရာနယ်ပယ် သိုင်းပညာရှင်တစ်ယောက်ကို ဖြေရှင်းတဲ့အချိန် ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့မယ်ဆိုရင် ဖုန်းလန်က ဖီးနစ်အော်သံနယ်မြေရဲ့ အုပ်စိုးသူနေရာကနေ ဆင်းရမှာပေါ့။

“ကောင်းပြီလေ”

ကျန်းရီက ခေါင်းညိတ်လိုက်၏။ “ဒါဆိုရင် ငါတို့က ခရီးဆက်ကြမယ် မင်းကတော့ တိတ်တိတ်ဆိတ်ဆိတ် လုပ်ပေါ့ ပြီးမှငါတို့နောက်ကို လိုက်ခဲ့”

“အွန်း”

ဖုန်းလန်သည် အေးမြသော လေပြည်သဖွယ် ပြောင်းလဲသွားပြီးနောက် ထွက်သွားတော့၏။ သူမ၏အရှိန်က ပုံရိပ်ယောင်ပမာ မြန်ဆန်လှပေသည်။ ရထားလုံးမောင်းသမားကတောင် ရထားလုံးကားလိပ် ဖြတ်ခနဲ လက်သွားတာပဲ ခံစားလိုက်မိပြီး အဖြူရောင်အရိပ်ကို တွေ့လိုက်ရသည်။ သူကဖုန်းလန် ထွက်သွားမှန်းတောင် သဘောမပေါက်ခဲ့ပေ။

ရထားလုံးက ခရီးဆက်နေစဉ် ဖုန်းလန်က ပုံရိပ်ယောင်တစ်ခုအဖြစ် အသွင်ပြောင်းလဲပြီးနောက် မလှမ်းမကမ်းရှိ လျိုတစ်ခုထဲသို့ တစ်ဟုန်ထိုး ဝင်သွားလိုက်၏။ သူမသည် မီတာရာချီအကွာမှ ခြုံပုတ်အတွင်း ပုန်းနေပြီးနောက် ကောင်းကင်စိတ်အာရုံကို မထုတ်ဖော်ခဲ့ပေ။ ပတ်ဝန်းကျင်ကို စစ်ဆေးရန် သူမ၏မျက်လုံးကိုသာ အားကိုးခဲ့၏။

ချီ ချီ

မကြာမီ၌ ပုံရိပ်လေးတစ်ခုက နောက်ကွယ်မှ ထွက်ပေါ်လာသည်။ ထိုလူ၏အရှိန်က အင်မတန် မြန်ဆန်သည်။ ထို့အပြင် သူကလမ်းမကျယ်ကို မသုံးဘဲ တောအုပ်နားရှိ လမ်းကိုသာ သုံးခဲ့တာဖြစ်သည်။ သူကအကွာအဝေးတစ်ခု၌ အရှိန်ဖြင့် ပေါ်ပေါက်လာတိုင်း သူ့ကိုယ်သူ ကိုယ်ရောင်ဖျောက်ရန်အတွက် နေရာတစ်ခု ရှာနေ၏။ ထိုလူ၏အရှိန်က မြန်ဆန်လွန်းရာ သာမာန်သိုင်းပညာရှင်တစ်ဦးက သူ၏အရိပ် မပျောက်ကွယ်သွားခင် ရောင်ခြည်တစ်ခုကိုသာ မြင်တွေ့ရမှာပဲဖြစ်သည်။

ပိုအရေးကြီးသည်က ထိုလူ၏ပုံစံက သေးလွန်းနေတာပဲဖြစ်သည်။ သူသည် ကျောက်ဆောင်များနောက်၌ ပုန်းကွယ်နိုင်ပြီး သူ့တစ်ကိုယ်လုံးကို ကိုယ်ရောင်ဖျောက်ထားနိုင်၏။ ဖုန်းလန်ကသူ၏ တည်ရှိမှုကို သိနေသောကြောင့်သာ မဟုတ်လျှင် သူကတစ်ချိန်လုံး အရှိန်တင်ထားလျှင်တောင် ထိုလူကို ရှာတွေ့နိုင်မှာမဟုတ်ပေ။

ဖုန်းလန်သည် သူမ၏အရှိန်အဝါကို ပြန်ရုတ်လျှက် လှုပ်ရှားမှုမရှိ နေနေကာ ထိုလူသူမနား ကပ်လာမည့်အချိန်ကို စောင့်ဆိုင်းနေသည်။ သို့သော် ထိုလူက ဖုန်းလန်နှင့် မီတာရာချီအကွာ၌ ရုတ်တရက် ရပ်တန့်လိုက်သည်။ ပြီးနောက် အပေါ်သို့ ပြန်တက်သွားပြီးနောက် လှည့်ပြေးတော့၏။

ငါ့ကိုရှာတွေ့သွာတာလား။ ထွက်ပြေးဖို့ ကြိုးစားနေသေးတယ်လား။

ဖုန်းလန်က ထိတ်လန့်အံ့အားသင့်သွားသည်။ သို့သော်သူမက မြန်မြန်ဆန်ဆန် တုန့်ပြန်လေ၏။ လျှင်မြန်စွာ ခုန်တက်လိုက်ပြီး သူမလေထဲသို့ ရောက်သည့်အချိန်တွင် သူမက အနက်ရောင် အလင်းတန်းဖြင့် လွှမ်းလာတော့သည်။ မြန်မြန်ဆန်ဆန်ပင် ကောင်းကင်တစ်ဝက်က အမှောင်ထုထဲ ကျရောက်သွား၏။

ထိုသူက အမှောင်ထု တာအိုပုံစံ ထုတ်ဖော်သည့်အချိန်တွင် ထွက်ပြေးနိုင်ခြင်း မရှိတော့ပေ။ ဖုန်းလန်ထက် အားနည်းသူများက အမှောင်ထု တာအိုပုံစံဖြင့် လွှမ်းခြုံခံခဲ့ရလျှင် သူတို့က သာမာန်လောကနှင့် ကွဲသွားပြီး ပုံရိပ်ယောင် အမှောင်ထု လောကထဲသို့ နစ်ဝင်သွားမှာဖြစ်ကာ အာရုံခံနိုင်စွမ်းတို့ အပြည့်အဝ ဆုံးရှုံးသွားပေလိမ့်မည်။

ချီ ချီ

ဖုန်းလန်သည် အစိမ်းရောင် ရောင်ခြည်တန်းကို အားစိုက်ထုတ်မှုမရှိ ပစ်ထုတ်လိုက်ပြီး ထိုသူ၏ ခန္ဓာကိုယ်နှင့် ရောသွားစေတော့၏။ ပြီးနောက် သူ၏သတိစိတ်တို့က လျော့ပါးသွားကာ သတိလစ်သွားတော့သည်။ ထိုလူက ဗာဂျရာနယ်ပယ်သို့ ရောက်ပြီဖြစ်သော်ငြား ဒုတိယအဆင့်တွင်သာ ရှိသေးသည်။ ကောင်းကင်ဧကရာဇ်အဆင့် သိုင်းပညာရှင်တစ်ဦးအဖို့ ယင်းက ပုရွက်ဆိတ်တစ်ကောင်ကို သတ်နေရခြင်းနှင့် ဆင်တူပေ၏။

အမှောင်ထုက ဖြည်းဖြည်းချင်း လွင့်ပျယ်သွားပြီး ပတ်ဝန်းကျင်က ၎င်း၏မူရင်းအခြေအနေကို ပြန်ရသွားတော့သည်။ ဖုန်းလန်သည် ထိုသူကို လက်တစ်ဖက်ထဲဖြင့် ကိုင်မြှောက်ပြီးနောက် လေထဲသို့ ပြန်တက်ကာ သူမ၏ ကောင်းကင်စိတ်အာရုံကို ထုတ်ဖော်လိုက်၏။ သူတို့နောက် လိုက်နေသည့်သူ မရှိကြောင်း အတည်ပြုပြီးနောက် ကျန်းရီနောက် လျင်မြန်စွာ လိုက်သွားတော့သည်။

ကျန်းရီနှင့် ကျန်သည့်သူများက ရထားလုံးထဲ စီးနင်းလိုက်ပါနေစဉ် ဖုန်းလန်က အရှိန်ပြင်းပြင်းဖြင့် ဝင်လာနေ၏။ မျက်တောင်ခတ်စာ အနည်းငယ်အတွင်း သူမသည်သူတို့ကို လိုက်မှီလာပြီဖြစ်သည်။ ဖြတ်ခနဲ လှုပ်ရှားမှုဖြင့် သူမက ရထားလုံးထဲသို့ ပြန်ဝင်သွားတော့၏။ အစကနေ အဆုံးအထိ မြင်းရထားမောင်းသူသည် ဖုန်းလန်ထွက်သွားတာကိုတောင် မသိခဲ့ပေ။

“အမ်”

ကျန်းရီသည် သူတို့ကို မရှင်းပြခဲ့သောကြောင့် ချင်ယွီနှင့် ကျန်းရှောင်နူက ဘာမှမသိရသည့် အခြေအနေ ရောက်နေသည်။ ဖုန်းလန်သည် ရုပ်ဆိုးသည့် သတ္တဝါတစ်ကောင်ကို ပြန်သယ်လာတာကို သူတို့မြင်သည့်အချိန်တွင် နှစ်ယောက်လုံးက တအံ့တသြ အော်မိကြတော့၏။

“စလိုက်ရအောင်”

ကျန်းရီက တစ်ချက်ကြည့်ပြီးနောက် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ ကောင်းကင်စိတ်အာရုံတို့ကို ဖြန့်ကျက်လျှက် ဖုန်းလန်ကို ကာကွယ်ထားလိုက်သည်။ ဖုန်းလန်က ခေါင်းညိတ်ပြီး သူမ၏လက်က အစမ်းရောင် ရောင်ခြည်ဖြင့် တောက်ပလာပြီးနောက် ထိုသတ္တဝါကို ဝိညာဉ်ကျွန်အဖြစ် သန့်စင်ရန် ပြင်ဆင်လိုက်လေ၏။

သူတို့သည် ထိုကဲ့သို့သော ကျွမ်းကျင်သည့် ကင်းထောက်တစ်ဦးထံမှ အဖြေရမှာမဟုတ်ပေ။ သူ့ကိုဝိညာဉ်ကျွန်အဖြစ် သန့်စင်ပြီးသည်နှင့် သူသိသမျှ အရာအားလုံးကို သူတို့သိပေမည်။ ထို့အပြင် သူတို့က နောက်ထပ် ထိပ်တန်းအဆင့် ကင်းထောက်တစ်ဦးကိုလည်း ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ နောင်၌ သူတို့လှုပ်ရှားရာတွင် ပိုလွယ်ကူလာမှာပဲဖြစ်၏။

“ဟူး”

မထင်ထားသည်က ဖုန်းလန်သည် သူမ၏လျှို့ဝှက်သိုင်းကို စတင်ထုတ်ဖော်သည့် အချိန်၌ ထိုသတ္တဝါ၏ ခန္ဓာကိုယ်က တုန်ယင်လာတော့၏။ သူ၏ပါးစပ်မှ သွေးများတစီးစီး ထွက်လာပြီးနောက် မျက်လုံးနှစ်ခုလုံး ဖြူသွားပြီး အသက်ရှုရပ်သွားတော့၏။

“အား” ကျန်းရှောင်နူနှင့် ချင်ယွီက ထိတ်လန့်အံ့အားသင့်သွားလေသည်။ ရှောင်နူကလည်း အော်လိုက်လေ၏။ အကြောင်းမှာ ထိုသတ္တဝါ၏ ပါးစပ်မှ စီးကျလာသော သွေးများက အစိမ်းရောင် ဖြစ်နေသောကြောင့်ဖြစ်သည်။

“ပြောင်မြောက်လိုက်တဲ့ ဗျူဟာတစ်ခုပဲ”

ကျန်းရီနှင့် ဖုန်းလန်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်လေ၏။ နှစ်ယောက်လုံးက သုန်မှုန်သည့် အမူအရာ ပေါ်လာတော့သည်။ ဖုန်းလန်က သက်ပြင်းချလိုက်၏။

“သခင်လေး ဒီလူရဲ့ဝိညာဉ်မှာ လျှို့ဝှက်သိုင်းတစ်မျိုး ရှိနေတယ် သူ့ကိုသန့်စင်ချင်တဲ့လူ ဒါမှမဟုတ် ဝိညာဉ်ရှာဖွေတာမျိုး တစ်ယောက်ယောက်က လုပ်ခဲ့မယ်ဆိုရင် သူကချက်ချင်း သေမှာပဲ ဒီတစ်ခေါက်ရန်သူက သိပ်ကိုအစွမ်းထက်တယ်”

“အလောင်းကို ပစ်ထုတ်လိုက်”

ကျန်းရီက လက်ကိုဝှေ့ယမ်းလိုက်၏။ ဖုန်းလန်သည် ဖြတ်ခနဲ ပြန်ထွက်သွားပြီးနောက် အလောင်းကို လျိုထဲပစ်ချကာ ပြန်ရောက်လာတော့သည်။ ချင်ယွီက ခါးသက်သော အမူအရာဖြင့် ညစ်ညမ်းသော သွေးများပြည့်နေသည့် မြင်းရထားကို သန့်ရှင်းတော့သည်။

ကျန်းရီက သူ့ဘာသာသူ ရေရွတ်ပြောနေလေ၏။ ခဏအကြာတွင် သူကဆုံးဖြတ်ချက် ချလိုက်တော့သည်။ သူ၏ရှေးဟောင်းနတ်ဘုရား လက်စွပ်ထဲမှ ခရမ်းရွှေရောင်သစ်ရွက် တစ်အိတ်ကို ထုတ်ယူပြီးနောက် မြင်းရထားမောင်းသူဆီ ပစ်ပေးကာ အပြင်သို့ထွက်လိုက်၏။

“ငါပြောတာနားထောင် ဒါကမင်းအတွက် ဆုကြေးပဲ ငါတို့ချက်ချင်း ထွက်သွားတော့မယ် မင်းကရှေ့ကို ဆက်သွားတော့ ငါတို့စီစဉ်ထားတဲ့ လမ်းကြောင်းအတိုင်း ခင်ဗျားငါးရက်လောက် ဆက်သွားဖို့လိုတယ် ကျုပ်တို့ဘယ်သွားလဲလို့ တစ်ယောက်ယောက်က မေးလာခဲ့ရင် ဒီအတိုင်းပဲ ဖြေလိုက် နားလည်ပြီလား”

“ဟုတ်ကဲ့ ဟုတ်ကဲ့ ဆုအတွက် ကျေးဇူးတင်ပါတယ် သခင်လေး” မြင်းရထားမောင်းသူသည် ခရမ်းရွှေရောင် တစ်အိတ်ကို ဖမ်းဆုပ်ပြီးနောက် သူ၏မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများ ပြည့်နေလေ၏။ ခရမ်းရွှေသည် အနည်းဆုံး ငါးကီလိုမီတာခန့် ရှိလောက်၏။ သူ၏တာဝန် ပြီးစီးသည်နှင့် သူ့တစ်ဘဝလုံး စိုးရိမ်ပူပန်စရာ ရှိတော့မှာမဟုတ်ပေ။

“သွားကြမယ်”

ကျန်းရီက လက်ယမ်းလိုက်၏။ ဖုန်းလန်၊ ချင်ယွီနှင့် ကျန်းရှောင်နူတို့က တစ်ယောက်ပြီးတစ်ယောက် ထွက်လာသည်။ ကျန်းရီက ကျန်းရှောင်နူကို သယ်ပြီးနောက် သူတို့လေးဦးသားက ပုံရိပ်ယောင်များအဖြစ် ပြောင်းလဲသွားပြီး ခပ်ဝေးဝေးရှိ မြင့်မားသော တောင်တန်းများဆီသို့ ထွက်ခွာသွား၏။

ရွှီး ရွှီး

ရထားလုံးမောင်းသမားသည် အတွေ့အကြုံရပြီး ဗဟုသုတ ကြွယ်ဝပေ၏။ သို့သော် ထိုကဲ့သို့ သိုင်းပညာရှင်တစ်ဦးကို ကြုံတွေ့ဖူးတာ ပထမဆုံးအကြိမ် ဖြစ်သောကြောင့် သူ၏အသားအရောင်က သေလုနီးပါး ဖြူလျော်သွားပေ၏။ သူကအတန်ကြာ တွေဝေနေပြီးနောက် အမိန့်အတိုင်း ရထားလုံးကို ခရီးဆက်နှင်ရန် အမိန့်ပေးလိုက်ပြီးနောက် သူကမပျင်းရိရဲတော့ပေ။ ကျန်းရီ၏စကားကို အာမခံရဲချေ။ ကျန်းရီက သိသွားခဲ့လျှင် သူ့အသက် ဆုံးရှုံးမှာ သေချာနေ၏။

လေးယောက်သားက အေးစက်သော လေထုတိုက်ခတ်တာ ခံနေရပြီး သူတို့က တောင်ထွတ်ထိပ်တွင် ရပ်နေလေသည်။ သူတို့က ရှေ့ရှိတောအုပ်ကြီးကိုကြည့်ပြီး ဘာလုပ်ရမယ်မှန်း မသိဖြစ်နေကြ၏။ သူတို့ခရီး ရှေ့ဆက်ရန် မည်သို့သွားရမည်မှန်း မသိတော့ပေ။

“ချင်ယွီ ရှောင်နူ မင်းတို့နှစ်ယောက် စကြာဝဠာ နန်းတော်ထဲမှာ ပုန်းနေမှရမယ် ငါတို့ကများလွန်းတယ် ရှင်းလင်းတဲ့ ပစ်မှတ်တစ်ခု ဖြစ်နေစေတာ”

ကျန်းရီက တည်ကြည်စွာ ပြောလိုက်တော့၏။ ချင်ယွီနှင့် ကျန်းရှောင်နူတို့က ခေါင်းညိတ်လိုက်သည်။ ယခုက နောက်ရမည့် အချိန်မဟုတ်မှန်း သူတို့နှစ်ဦး သိနေလေ၏။ အင်အားကြီး အဖွဲ့တစ်ခုက သူတို့ကို စောင့်ကြည့်နေလေရာ အချိန်မရွေး တိုက်ပွဲတစ်ပွဲ စတင်နိုင်သည်။ သူတို့နှစ်ဦး အနားတွင် ရှိနေပါက ပိုတောင်လွယ်ကူသည့် ပစ်မှတ် ဖြစ်လာနိုင်၏။ ထို့အပြင် ကျန်းရှောင်နူက အသွင်မပြောင်းခဲ့လျှင် ဝန်ထုတ်ဝန်ပိုးသာ ဖြစ်ပေလိမ့်မည်။

ဘီး

သူတို့ကို စကြ၀ဠာနန်းတော်ထဲသို့ ထည့်ပြီးနောက် ကျန်းရီသည် ကျို့ဝူသားရဲကို ခေါ်ပြီးနောက် ဖုန်းလန်နှင့်အတူ မြေအောက် မီတာတစ်ရာကျော် အကွာကနေ သွားလိုက်တော့သည်။ ဖုန်းလန်ကို သူနှင့်အတူ ခေါ်လာရသည့် အကြောင်းအရင်းမှာ သူမက အံ့မခန်းခွန်အား ပိုင်ဆိုင်ထားသောကြောင့် ဖြစ်သည်။ အမှောင်ထု တာအိုပုံစံ ရှိနေလျှင် သူတို့က မြေအောက်ရှိ အန္တရာယ်များကို ပိုမြန်မြန်ဆန်ဆန် အာရုံခံမိမှာပဲဖြစ်၏။

တစ်ရက်ကြာညောင်းသွား၏။ နှစ်ယောက်သားက သူတို့အသက်က ထိုအပေါ်တွင် မူတည်နေသည့်ပမာ ပျံသန်းနေတော့သည်။ သို့သော် တစ်ရက်အတွင်း နောက်ကွယ်ရှိ အဖွဲ့ကလည်း သူတို့၏လက်သည်းကို ထုတ်ပြလာပြီဖြစ်သည်။ ရုတ်တရက် ဖုန်းလန်က ကျန်းရီကို ရပ်တန့်ခိုင်းလိုက်ပြီး သူမ၏ အရှိန်အဝါ တည်ရှိမှုက တိုးသွားတော့၏။ သူမက ကျန်းရီကိုကြည့်ပြီး ခါးသက်စွာ ပြုံးလိုက်သည်။ “သခင်လေး အရှေ့မှာ လုပ်ကြံသတ်ဖြတ်ရေးသမား အချို့ရှိနေတယ် စုစုပေါင်းခြောက်ယောက်ပဲ ကောင်းကင်ဧကရာဇ်အဆင့်က တစ်ယောက်နဲ့ ဗာဂျရာနယ်ပယ် သိုင်းပညာရှင် ငါးယောက်ရှိတယ် သွေးထက်သံယို တိုက်ပွဲအတွက် ပြင်ဆင်ထားတော့”

“အပေါ်တက်မယ်”

မြေအောက်က တိုက်ခိုက်ရန်အတွက် မသင့်တော်ပေ။ ကျန်းရီသည် တစ်ဖက်၌ လူပိုများနေပြီး သူတို့တွင် မည်သည့်စွမ်းရည်များ ပိုင်ဆိုင်ထားမှန်း သူမသိသောကြောင့် အပေါ်တက် တိုက်ခိုက်ရန်သာ ရည်ရွယ်လိုက်၏။ ဖုန်းလန်က ခေါင်းညိတ်လိုက်တော့သည်။ ကျန်းရီက ကျို့ဝူသားရဲကို ပြန်သိမ်းပြီးနောက် သူမကသူ့ကို လက်တစ်ဖက်ထဲဖြင့် သယ်လာလေ၏။ သူမ၏ ကျန်သည့်လက်တစ်ဖက်၌ ဓားရှည်တစ်လက် ပေါ်လာကာ ကြမ်းတမ်းသော နဂါးတစ်ကောင်သဖွယ် အပေါ်သို့ ဝှေ့တက်သွားလေ၏။

ဖောင်း ဖောင်း ဖောင်း

သူမက အပေါ်သို့ ထွက်လာစဉ် သူတို့အထက်ရှိ မြေပြင်က ပေါက်ကွဲသွားပြီဖြစ်သည်။ လူရိပ်ခြောက်ရိပ်ကလည်း ပျံထွက်လာ၏။ ရက်စက်သော ပုံပန်းသွင်ပြင်ရှိသည့် သခင်လေးများထဲမှ တစ်ဦးက ဖုန်းလန်ကို အကြည့်ရောက်သွားလေသည်။ သူကအားပါးတရ ပြုံးပြီးပြောလိုက်တော့သည်။

“ဟီး ဟီး ဒီကောင်မလေးက ကောင်းကင်ဧကရာဇ်နယ်ပယ်ပဲ သူက ဖီးနစ်ခန္ဓာအစစ်လို့ သတ်မှတ်လို့ မရပေမဲ့ ဒီခရီးက လာရကျိုးနပ်သေးတာကိုး”

***

All Chapters