အခန်း (၄၉၆-၄၉၈)
Vol. 34 Ch. 496-498
အခန်း ၄၉၆ - သူက ဘယ်သူလဲ... သူ လာနေပြီ...
ဆွန်မိသားစုမှ ထွက်ခွာလာပြီးနောက် လော့ချန်သည် အလောတကြီးဖြင့် မြို့ပြင်သို့ ဦးတည် ပျံသန်းလာသည်။
“ဟိုမှာ... ဆွန်မိသားစု ခေါင်းဆောင် ဆွန်ယင်ယန်ပဲ... သူ ဖမ်းဆီးခံလိုက်ရတာလား... ဘယ်သူက ဒီလောက်အထိ ရဲတင်းပြီး လျှပ်ယွမ်ဂိုဏ်း အကြီးအကဲကိုတောင် လက်ရ ဖမ်းဆီးထိရဲတာလဲ...”
“အဲ့ဒီလူက ဘယ်သူလဲ... အရှိန်အဝါက တကယ့်ကို ကြောက်စရာကောင်းလိုက်တာ...”
ဆွန်မိသားစု၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေကြသူများသည် ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်မိကြပြီးနောက် ထပ်မံ၍ အသက်ပင် ဝဝမရှူရဲတော့ချေ။
ညကောင်းကင်ယံမှာ ဝေဝါးနေပြီး ပါးလွှာသော တိမ်တိုက်များက လမင်းကို ဖုံးကွယ်ထားသည်။
တစ်ကိုယ်လုံးတွင် သွေးအရှိန်အဝါများ လှည့်ပတ်နေသော ဝတ်စုံနက်နှင့်လူသည် ဆွန်မိသားစု ခေါင်းဆောင် ဆွန်ယင်ယန်ကို ဆွဲကိုင်လျက် ဝေးရာသို့ ပျံသန်းသွားတော့သည်။
ဤမြင်ကွင်းမှာ မည်သို့ကြည့်ကြည့် ထိတ်လန့်ဖွယ်ရာ ကောင်းလှပေသည်။
လူအများ၏ ထိတ်လန့်တုန်လှုပ်နေသော စောင့်ကြည့်မှုများအောက်တွင် လော့ချန်သည် ဝူးယန်မြို့မှ ထွက်ခွာလာခဲ့သည်။
သူသည် လမ်းကို တိုက်ရိုက် မသွားသေးဘဲ ကောင်းကင်ယံသို့ ပျံတက်လိုက်ပြီး ဝူးယန်မြို့ကို တစ်ပတ်ပတ်ကာ အခြားသော အရပ်မျက်နှာတစ်ခုသို့ ရောက်မှသာ မြူခိုးရိပ်ခြေလှမ်းကို အသုံးပြုပြီး အရှိန်အဟုန်ဖြင့် ခရီးနှင်တော့သည်။
ထွက်ခွာလာပြီး မကြာမီမှာပင် ဝူးယန်မြို့ဘက်မှ ထိတ်လန့်ဖွယ်ရာ ချီစွမ်းအင် ရိုက်ခတ်မှုတစ်ခု တိုးဝင်လာသည်ကို လော့ချန် သတိပြုမိလိုက်သည်။ ၎င်းမှာ အနည်းဆုံး သွေးကြောနိုးကြားမှုနယ်ပယ် ထိပ်တန်းသန်မာသူ သို့မဟုတ် ထိုထက်ပင် ပိုမို အစွမ်းထက်သူ ဖြစ်ပေလိမ့်မည်။
“တော်သေးတာပေါ့... မြန်မြန် ထွက်လာခဲ့မိလို့...”
လော့ချန် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။
သူသည် သွေးကြောနိုးကြားမှုနယ်ပယ် ထိပ်တန်းသန်မာသူများ သို့မဟုတ် သွေးကြောနိုးကြားမှုနယ်ပယ်ကို ကျော်လွန်သွားသော စတုတ္ထနယ်ပယ်မှ မဟာစွမ်းအားရှင်များနှင့် ယှဉ်ပြိုင်ရန်အထိ မောက်မာခြင်း မရှိပေ။
သွေးကြောနိုးကြားမှုနယ်ပယ် နောက်ပိုင်းအဆင့်တွင် အဆင့်ငယ်တစ်ခုစီကြား၌ တိုက်ခိုက်ရေးစွမ်းအား ကွာခြားချက်မှာ အလွန်ပင် ကြီးမားလှပေသည်။
စတုတ္ထနယ်ပယ်မှ မဟာစွမ်းအားရှင်များမှာမူ ကမ္ဘာမြေ၏ စွမ်းအားများကိုပင် အသုံးချနိုင်စွမ်း ရှိကြပြီး သူတို့၏ လှုပ်ရှားမှုတိုင်းမှာ ကောင်းကင်နှင့် မြေပြင်ကို တုန်လှုပ်စေနိုင်သဖြင့် လက်ရှိ လော့ချန်အနေဖြင့် မည်သို့မျှ မခုခံနိုင်သော တည်ရှိမှုမျိုး ဖြစ်နေဆဲပင်။
“ဝှစ်...”
အရှိန်ကို မြှင့်တင်လိုက်ရင်း လော့ချန်သည် သွေးရောင်ပုံရိပ်တစ်ခုနှယ် ပြောင်းလဲသွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ကောင်းကင်ယံ၌ ပျောက်ကွယ်သွားကာ လူသူကင်းမဲ့လှသော လွင်ပြင်ဆီသို့ ဦးတည်လိုက်သည်။
နာရီဝက်ခန့် ကြာပြီးနောက် လော့ချန်၏ အရှိန်မှာ တဖြည်းဖြည်း နှေးကွေးလာခဲ့သည်။
သူ၏ ကိုယ်ပေါ်ရှိ သွေးနီရောင် အငွေ့အသက်များမှာ တဖြည်းဖြည်း မှိန်ဖျော့သွားပြီး သူ၏ တစ်ကိုယ်လုံးမှာလည်း ရုတ်တရက် ကျုံ့ဝင်သွားကာ အရေပြားများမှာလည်း အရောင်အဝါ ကင်းမဲ့သွားတော့သည်။
လော့ချန်သည် တစ်ကိုယ်လုံး အားအင်ကုန်ခမ်းနေပြီး အသက်ရှူပင် မဝတော့ဘဲ နက်နဲလှသော အားအင်ချို့တဲ့မှုကို ခံစားနေရသည်။
“ဒါက သွေးလောင်ဆေးလုံးရဲ့ နောက်ဆက်တွဲ ဆိုးကျိုးပဲ...”
“ငါ့ရဲ့ အခုလက်ရှိ စွမ်းအားက ပုံမှန်ရဲ့ သုံးပုံတစ်ပုံတောင် မရှိတော့ဘူး... အဆင့်တူ သန်မာသူတွေနဲ့တောင် ယှဉ်နိုင်ဖို့ ခက်လိမ့်မယ်...”
လော့ချန် သက်ပြင်းချလိုက်မိသည်။
သွေးလောင်ဆေးလုံး၏ နောက်ဆက်တွဲ ဆိုးကျိုးမှာ သူ ထင်ထားသည်ထက်ပင် ပိုမို ကြီးမားလှပေသည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် အကယ်၍သာ ရန်သူနှင့် ဆုံတွေ့ခဲ့လျှင် အသက်ရှင်ရန် လမ်းစ ရှိတော့မည် မဟုတ်ပေ။
“နောက်ကျရင် အသက်အန္တရာယ်နဲ့ ကြုံရတဲ့ အခြေအနေမျိုး မဟုတ်ရင်တော့ ဒါကို အလွယ်တကူ မသုံးတော့ဘူး...”
လော့ချန် စိတ်ထဲ၌ ဆုံးဖြတ်ချက် ချလိုက်ပြီးနောက် လက်ဖြင့် တစ်ချက် တောက်လိုက်ကာ သွေးနှင့် ချီစွမ်းအင်များကို ပြန်လည် ဖြည့်တင်းပေးနိုင်သော ဆေးလုံးအချို့ကို ထုတ်ယူ၍ သောက်သုံးလိုက်သည်။
သို့သော်လည်း သွေးလောင်ဆေးလုံး၏ ဆိုးကျိုးမှာ ထိတ်လန့်ဖွယ်ရာ ကောင်းလွန်းလှပေသည်။ ထိုသာမန် ဆေးလုံးများ၏ အာနိသင်မှာ အလွန်ပင် အကန့်အသတ် ရှိနေခဲ့ပြီး သူ၏ စိတ်ဓာတ်ကို အနည်းငယ်သာ ပြန်လည် လန်းဆန်းစေခဲ့သည်။
“သွေးနဲ့ အသားတွေကို အားဖြည့်ပေးနိုင်မယ့် မိုးမြေရတနာတွေကို ရှာမှ ဖြစ်မယ်...”
လော့ချန် ကိုယ့်ကိုယ်ကိုယ် ရေရွတ်လိုက်ရင်း ဆက်လက် ခရီးနှင်လာခဲ့သည်။ နောက်ထပ် တစ်နာရီခန့် ကြာပြီးနောက် လော့ချန်သည် နက်ရှိုင်းလှသော တောအုပ်တစ်ခုသို့ ရောက်ရှိလာခဲ့သည်။
ပတ်ဝန်းကျင် မိုင်ပေါင်း ရာချီတွင် မြင့်မားလှသော တောင်ထိပ်များ ရှိနေပြီး လူသူ အရိပ်အယောင်ပင် မရှိပေ။
သူ၏ ဝိညာဉ်အင်အားကို အစွမ်းကုန် ထုတ်ဖော်လျက် စူးစမ်းလိုက်ပြီး အခြားသူများကို မတွေ့ရှိရမှသာ စိတ်အေးသွားပြီး ဆွန်ယင်ယန်ကို ခေါ်ဆောင်လျက် ဖုံးကွယ်နေသော ချောက်ကမ်းပါးတစ်ခုပေါ်သို့ ဆင်းသက်လိုက်သည်။
မီးပုံတစ်ခု ဖိုလိုက်ပြီးနောက် လော့ချန်သည် ဝတ်စုံနက်နှင့် ခေါင်းပေါင်းကို ချွတ်လိုက်သည်။ ဆွန်ယင်ယန်ကိုသာ ရှင်းလင်းနိုင်ခဲ့ပါက ဆွန်မိသားစုကို သူ အမြစ်ဖြတ်ခဲ့ကြောင်း မည်သူမျှ သိရှိနိုင်တော့မည် မဟုတ်ပေ။
ထိုစဉ် ဆွန်ယင်ယန်သည် သတိပြန်ဝင်လာပြီး မျက်လုံးများကို ဖွင့်လိုက်သည်။
ရုတ်တရက် အားအင်ကုန်ခမ်းကာ ပိန်ချုံးနေသော လော့ချန်ကို မြင်လိုက်ရသည့်အခါ သူသည် ပထမဦးစွာ မှင်တက်မိသွားသော်လည်း သူ၏ အကြည့်မှာ ချက်ချင်းပင် လှုပ်ရှားသွားကာ သူ၏ အရှိန်အဝါများကို အတတ်နိုင်ဆုံး ထိန်းချုပ်လျက် သတိလစ်နေသည့်ဟန် ဆက်လက် ဆောင်နေခဲ့သည်။
လျှပ်ယွမ်ဂိုဏ်း ပြင်ပစည်းအကြီးအကဲ တစ်ဦးအနေဖြင့် ဆွန်ယင်ယန်သည် လော့ချန်မှာ ဆေးလုံးသုံးစွဲထားသည့် နောက်ဆက်တွဲ ဆိုးကျိုးကို ခံစားနေရကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိလိုက်ရခြင်းပင်။
ယခုအခါ လော့ချန်၏ အရှိန်အဝါမှာ သာမန် သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့် သန်မာသူတစ်ဦးနှယ်သာ ရှိတော့ပြီး ထိုထက်ပင် ပိုမို အားနည်းနေနိုင်သေးသည်။
သူသာ အခွင့်အရေးတစ်ခု ရှာနိုင်ခဲ့ပါက အခြေအနေကို ပြောင်းပြန်လှန်နိုင်မည် ဖြစ်သလို တစ်ဖက်လူကို တစ်ခဏချင်းအတွင်း ရှင်းလင်းပစ်နိုင်ပေလိမ့်မည်။
“ဝှစ်...”
ဆွန်ယင်ယန်သည် လော့ချန်ကို မည်သို့ လက်စားချေရမလဲ ဆိုသည်ကို စိတ်ကူးယဉ်နေဆဲပင် ရုတ်တရက် ဓားအလင်းတစ်ခု ညမှောင်မှောင်အတွင်း ဝင်းလက်သွားပြီး ဓားစွမ်းအားတစ်ခုမှာ ဆွန်ယင်ယန်၏ ဒန်ထျန်အတွင်းသို့ တိုက်ရိုက် ထိုးဖောက် ဝင်ရောက်သွားတော့သည်။
ဘုန်းခနဲ အသံနှင့်အတူ ဆွန်ယင်ယန်၏ ချီစွမ်းအင်ဗဟိုမှာ ပေါက်ကွဲသွားရပြီး သူ၏ ကိုယ်ပေါ်မှ အရှိန်အဝါများလည်း ချက်ချင်းပင် ပြန့်ကျဲ ပျောက်ကွယ်သွားတော့သည်။
“မင်း... မင်း ငါ့ရဲ့ ကျင့်ကြံမှုကို ဖျက်ဆီးလိုက်တာလား... မလုပ်နဲ့...”
ဆွန်ယင်ယန် မျက်လုံးများ ပြူးထွက်သွားပြီး လော့ချန်ကို စိုက်ကြည့်လိုက်ရာ သူ၏ မျက်နှာမှာ ညိုမည်းနေပြီး ရင်ဘတ်မှာလည်း ပြင်းထန်စွာ တုန်ခါနေခဲ့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာတင် သူ၏ မျှော်လင့်ချက်များမှာ မျှော်လင့်ချက်မဲ့မှုများအဖြစ်သို့ ရုတ်ချည်း ပြောင်းလဲသွားခဲ့ရပြီ ဖြစ်သည်။
“တိရစ္ဆာန်လေး... ငါ အဲ့ဒီတုန်းက မင်းတို့ သားအဖကို သတ်ပြီး လော့မိသားစု တစ်ခုလုံးကို အမြစ်ဖြတ်ခဲ့သင့်တာ... မင်း သိပ်ပြီး ဝမ်းမသာနဲ့ဦး... မင်းလည်း သေရမှာပဲ... အဆုံးမရှိတဲ့ လိုက်လံသတ်ဖြတ်တာကို မင်း စောင့်နေလိုက်စမ်း...”
ကျင့်ကြံမှု အဖျက်ဆီးခံလိုက်ရသဖြင့် ပြန်လည် နာလန်ထူရန် လမ်းမရှိတော့ရာ ဆွန်ယင်ယန်သည် ဒေါသတကြီး ဆဲဆိုအော်ဟစ်တော့သည်။
“ဖြန်း...”
လော့ချန် ဓားကို အိမ်အတွင်းသို့ ပြန်သွင်းလိုက်ရင်း ဆွန်ယင်ယန်၏ ပါးကို လက်ဖဝါးဖြင့် အပြင်းအထန် ရိုက်ချလိုက်ရာ ထိုသူ၏ ပါးစပ်မှ သွေးများ ပန်းထွက်လာတော့သည်။ သူက အေးစက်စွာ ပြုံးလျက် ဆိုလိုက်သည်။
“အခုက အရင်လို မဟုတ်တော့ဘူး... မင်း ဒုက္ခနည်းနည်း သက်သာချင်ရင်တော့ ပါးစပ်ကို ပိတ်ထားတာက ပိုကောင်းမယ်...”
“ငါ့ကို လိုက်လံသတ်ဖြတ်မယ်ဆိုတာ လျှပ်ယွမ်ဂိုဏ်းကို ပြောတာလား... ဒါဆိုရင်တော့ မင်း စိတ်ပျက်ရလိမ့်မယ်... ဒါတွေအားလုံး ငါလုပ်တာလို့ ဘယ်သူမှ သိမှာ မဟုတ်ဘူး... တကယ်လို့ သိခဲ့ရင်တောင် ဘာမှမဖြစ်ဘူး...”
“မင်းက သွေးဝိညာဉ်ဂိုဏ်းနဲ့ ပူးပေါင်းခဲ့မှတော့ မင်းရဲ့ မိသားစု အမြစ်ဖြတ်ခံရတာကလည်း မင်းတို့ရဲ့ ဝဋ်ကြွေးပဲ...”
ဆွန်ယင်ယန်သည် လော့ချန်၏ စကားကြောင့် ပြန်လည် မပြောနိုင်တော့ဘဲ ဒေါသကြောင့် မျက်လုံးများ နီမြန်းသွားခဲ့သည်။
လော့ချန် နေရာတွင် ထိုင်ချလိုက်ရင်း တည်ငြိမ်စွာ ဆိုလိုက်သည်။
“ပြောစမ်း... အဲ့ဒီတုန်းက ငါ့အဖေကို တိုက်ခိုက်ဖို့ မင်းကို ဘယ်သူက ခိုင်းစေခဲ့တာလဲ...”
ဆွန်ယင်ယန်က အေးစက်စွာ ရယ်မောလိုက်သည်။
“မင်းက သူ့ကို လက်စားချေချင်လို့လား... တကယ့်ကို ရယ်စရာပဲ... အဲ့ဒါက မင်းတစ်သက်လုံး မော့ကြည့်နေရမယ့် တည်ရှိမှုမျိုးပဲ... မင်းရဲ့ စိတ်ကူးယဉ်မှုတွေကို စောစောစီးစီး ဖျက်ဆီးလိုက်တာက ပိုကောင်းမယ်...”
လော့ချန်၏ အသံမှာ အလွန် အေးစက်နေသည်။
“မင်းနဲ့ စကားအရှည်ကြီး ပြောနေဖို့ ငါ့မှာ အချိန်မရှိဘူး... အဲ့ဒါ ဘယ်သူလဲဆိုတာ မင်း ပြောပြဖို့ပဲ လိုတယ်... လက်စားချေနိုင်ခြင်း မချေနိုင်ခြင်းက ငါ့ကိစ္စပဲ... ဒါမှမဟုတ် မင်း မပြောချင်ရင်လည်း ရပါတယ်... ငါ့ရဲ့ နည်းလမ်းတွေကို မင်း မြည်းစမ်းကြည့်လိုက်အုံးပေါ့...”
ဆွန်ယင်ယန်၏ မျက်နှာမှာ ဖြူဖျော့သွားခဲ့သည်။
ဤကဲ့သို့သော အရှက်ရမှုကို သူ လက်မခံနိုင်ပေ။ ဘေးနားရှိ မီးပုံကို ကြည့်ရင်း သူ၏ အကြည့်မှာ လှုပ်ရှားသွားကာ ဆိုလိုက်သည်။
“သူ ဘယ်သူလဲဆိုတာ ငါ တကယ် မသိဘူး...”
လော့ချန်၏ အကြည့်မှာ အေးစက်သွားပြီး လက်ချောင်းကို တစ်ချက် တောက်လိုက်သည်။
“ရွှီး...”
ချီစွမ်းအင် အဟုန်တစ်ခုက ဆွန်ယင်ယန်၏ ဘယ်ဘက်လက်ဖဝါးကို တိုက်ရိုက် ဖောက်ထွင်းသွားတော့သည်။
“အား...”
ဆွန်ယင်ယန် နာကျင်စွာ အော်ဟစ်လိုက်ရပြီး လေးနက်စွာ ဆိုလိုက်သည်။
“တော်တော့... ငါ မင်းကို မလိမ်ပါဘူး... သူ့ရဲ့ အမည်ကို ငါ တကယ် မသိတာ... သူက ကျိမိသားစုရဲ့ အဆင့်မြင့်လူကြီး တစ်ယောက်ဆိုတာပဲ သိတယ်... အဆင့်အတန်းနဲ့ စွမ်းအားကတော့ သာမန်မဟုတ်ဘူး... မြင့်မြတ်လှတဲ့ ဂုဏ်သရေရှိ သန်မာသူ တစ်ယောက်ပဲ... သူကပဲ ငါ့ကို အမြဲတမ်း ဆက်သွယ်တာလေ... အဲ့ဒီလို ပုဂ္ဂိုလ်မျိုးကို ငါက ဘယ်လိုလုပ်ပြီး အတင်း မေးမြန်းရဲမှာလဲ...”
လော့ချန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
ဆွန်ယင်ယန် လိမ်ညာနေခြင်း မဟုတ်ကြောင်း သူ သိမြင်လိုက်သည်။
“မင်းတို့က ဘယ်လို ဆက်သွယ်ကြတာလဲ...”
လော့ချန် မေးမြန်းလိုက်သည်။
ဆွန်ယင်ယန် ရုန်းကန်လျက် ထရပ်လိုက်ရင်း ရက်စက်စွာ ပြုံးလိုက်သည်။
“အဲ့ဒီလူက အနှိုင်းမဲ့သန်မာသူ တစ်ယောက်မှန်း သိရက်နဲ့ မင်းက အရှုံးမပေးသေးဘူးလား... ကောင်းပြီ... မင်းက ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံချင်နေမှတော့ ငါလည်း မင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့... ငါ့ဆီမှာ သူ့ရဲ့ အမှတ်အသား ရှိတယ်... အဲ့ဒါက ငါ့ရဲ့ သိုလှောင်လက်စွပ်ထဲမှာ ရှိတယ်... ငါ့ကို လွှတ်ပေးစမ်း... ငါ ရှာပေးမယ်...”
လော့ချန် ခဏမျှ စဉ်းစားလိုက်ပြီး လက်ဖြင့် တစ်ချက် တောက်လိုက်ကာ ဆွန်ယင်ယန်၏ ချည်နှောင်မှုများကို ဖြေလျှော့ပေးလိုက်သည်။
တစ်ဖက်လူ၏ ကျင့်ကြံမှုမှာ အဖျက်ဆီးခံထားရပြီးဖြစ်ရာ ချီစွမ်းအင်ကိုပင် အသုံးမပြုနိုင်သဖြင့် မည်သည့် ပြဿနာမျှ ဖြစ်လာမည် မဟုတ်ကြောင်း သူ ယူဆလိုက်ခြင်းပင်။
ဆွန်ယင်ယန်ကို လွှတ်ပေးလိုက်ပြီးနောက် လော့ချန်သည် ထိုသူ၏ သိုလှောင်လက်စွပ်ကို ထုတ်ယူလိုက်ပြီး သူ၏ ဝိညာဉ်အင်အားဖြင့် ဝိညာဉ်အမှတ်အသားကို ဖျက်ဆီးကာ ဖွင့်ကြည့်လိုက်သည်။
၎င်းမှာ ကြယ်သုံးလုံးပါ သိုလှောင်လက်စွပ် တစ်ခုဖြစ်ပြီး အတွင်းခန်းမှာ အခန်းငယ်တစ်ခုစာခန့် ကျယ်ဝန်းလှပေသည်။
အတွင်း၌ ပစ္စည်းများစွာ ပြည့်နှက်နေခဲ့ပြီး သွေးကြောဖွင့်ဆေးလုံးများမှာပင် သေတ္တာကြီး အချို့ ရှိနေကာ အရေအတွက်မှာ အနည်းဆုံး တစ်သောင်းကျော် ရှိပေလိမ့်မည်။
လော့ချန် စိတ်အာရုံဖြင့် လှုံ့ဆော်လိုက်ရာ အတွင်းရှိ ပစ္စည်းအားလုံးမှာ အပြင်ဘက်သို့ ထွက်ပေါ်လာခဲ့ပြီး မြေပြင်ပေါ်၌ တောင်ငယ်တစ်ခုနှယ် စုပုံသွားတော့သည်။
“အမှတ်အသားက ဘာလဲ...”
ဆွန်ယင်ယန်က ဆိုသည်။
“တံဆိပ်ပြား တစ်ခုပဲ...”
လော့ချန် ခေါင်းညိတ်လိုက်သည်။
“ရှာစမ်း... မလိုအပ်တဲ့ လှုပ်ရှားမှုတွေ မလုပ်နဲ့နော်... မဟုတ်ရင် နောက်ဆက်တွဲကို မင်း သိမှာပါ...”
ဆွန်ယင်ယန် အနိုင်နိုင် ထရပ်လိုက်ပြီး မီးပုံဘက်သို့ လျှောက်သွားကာ စတင် ရှာဖွေတော့သည်။
“တွေ့ပြီ...”
ခဏအကြာတွင် ဆွန်ယင်ယန်သည် လက်နှစ်လုံးခန့် ကျယ်သော တံဆိပ်ပြားတစ်ခုကို ကောက်ယူလိုက်ပြီး လော့ချန်ဆီသို့ လှမ်းပေးလိုက်သည်။
လော့ချန်၏ မျက်လုံးများ ဝင်းလက်သွားပြီး ထိုတံဆိပ်ပြားကို လှမ်း၍ ဖမ်းဆုပ်လိုက်သည်။
ထိုအခိုက်အတန့်တွင် ဆွန်ယင်ယန်သည် မသိမသာဖြင့် လက်ချောင်းကို တစ်ချက် တောက်လိုက်သည်။
ခရမ်းရောင် နံ့သာတိုင် အပိုင်းအစလေး တစ်ခုမှာ သူ၏ နောက်ဘက်ရှိ မီးပုံအတွင်းသို့ ကျရောက်သွားတော့သည်။
လော့ချန် ချက်ချင်း သတိပြုမိသွားပြီး ရင်ထဲ၌ နိုးကြားသွားကာ လေးနက်စွာ အော်ဟစ်လိုက်သည်။
“မင်း ဘာလုပ်တာလဲ...”
“ဟားဟားဟားဟား...”
ဆွန်ယင်ယန်၏ မျက်နှာမှာ ရုတ်တရက် တွန့်လိမ်သွားပြီး သူ၏ မျက်ဝန်းအတွင်း၌ ရူးသွပ်မှု၊ သတ်ဖြတ်လိုစိတ်များနှင့်အတူ အောင်မြင်သွားသည့်နှယ် ရက်စက်မှုများ ပြည့်နှက်လာကာ အားရပါးရ ရယ်မောလိုက်တော့သည်။
“လော့ချန်... မင်းက သူ ဘယ်သူလဲဆိုတာ သိချင်နေတာ မဟုတ်လား...”
“သူ လာနေပြီ......”
“ဝှစ်...”
နံ့သာတိုင်မှာ မီးပုံအတွင်း ကျရောက်သွားသည်နှင့်တစ်ပြိုင်နက် အပြာရောင် မီးခိုးငွေ့များ ထွက်ပေါ်လာခဲ့ပြီး ထိုမီးခိုးငွေ့များကြားတွင် တောက်ပလှသော အလင်းတန်းများ ဝင်းလက်လာခဲ့သည်။
လော့ချန် အခြေအနေ မကောင်းကြောင်း သိလိုက်သဖြင့် ချက်ချင်းပင် လက်ဖဝါးဖြင့် တစ်ချက် ရိုက်ချလိုက်ပြီး မီးပုံကို ဖျက်ဆီးရန် ကြိုးစားလိုက်သည်။
“ဘုန်း...”
လက်ဖဝါးပုံရိပ်မှာ မီးပုံဆီသို့ ဖိနှိပ်ကျဆင်းသွားသော်လည်း ထိုအပြာရောင် မီးခိုးငွေ့များမှာ ဒြပ်သားတစ်ခုနှယ် ဖြစ်ပေါ်လာပြီး လက်ဖဝါးပုံရိပ်ကို လွင့်စဉ်သွားစေခဲ့ရာ... ပြင်းထန်လှသော ချီစွမ်းအင်များကြောင့် ဆွန်ယင်ယန်မှာ သွေးအန်လျက် ဝေးရာသို့ လွင့်စင်သွားတော့သည်။
တစ်ချိန်တည်းမှာပင်...
“ဟင်...”
မီးခိုးငွေ့များကြားမှ တိုးညင်းလှသော နှာခေါင်းရှုတ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုအသံမှာ ကျယ်လောင်သည် မဟုတ်သော်လည်း ကမ္ဘာမြေကို လွှမ်းမိုးနိုင်သည့် ရမ်းကားလှသော အရှိန်အဝါမျိုး ရှိနေခဲ့သဖြင့် ပတ်ဝန်းကျင်ရှိ လေထုမှာပင် တောင့်တင်းသွားရပြီး အရာအားလုံးမှာ ရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရတော့သည်။
အခန်း ၄၉၆ ပြီးပါပြီ။
အခန်း ၄၉၇ - အနှိုင်းမဲ့သန်မာသူ၏ ဒေါသ... အသက်ကယ်တံဆိပ် စွမ်းရည်ပြသခြင်း...
“မကောင်းတော့ဘူး...”
ထိုအသံကို ကြားလိုက်ရသည်နှင့် လော့ချန်၏ နှလုံးခုန်သံမှာ ရုတ်တရက် မြန်ဆန်လာသည်။
အသံမှာ နားအနီးမှ ထွက်ပေါ်လာသလိုရှိသော်လည်း အလွန်ဝေးကွာသော ကောင်းကင်ယံမှ လာနေသည့်နှယ်လည်း ရှိနေခဲ့သည်။ ထိတ်လန့်ဖွယ်ရာ ဖိအားများသည် ကမ္ဘာမြေနှင့် ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားပြီး ဟင်းလင်းပြင်ကိုပင် တုန်ခါသွားစေသည်။
လော့ချန်သည် အစွမ်းကုန် သတိထားနေခဲ့သလို ဆွန်ယင်ယန်၏ ကျင့်ကြံမှုကိုလည်း တိုက်ရိုက် ဖျက်ဆီးထားပြီး ဖြစ်သည်။
သို့သော်လည်း ဆွန်ယင်ယန်သည် အခွင့်အရေးတစ်ခုကို ရှာဖွေသွားနိုင်လိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
“ဝှစ်...”
မီးခိုးငွေ့များ တွန့်လိမ်သွားပြီး နတ်ဘုရားတစ်ပါးနှယ် ကိုယ်ရိပ်တစ်ခုမှာ ကျောက်ဂူအတွင်းသို့ ဆင်းသက်လာတော့သည်။
ထိုကိုယ်ရိပ်မှာ ဝေဝါးလှသော အလင်းတန်းများ၏ လွှမ်းခြုံမှုကို ခံထားရသဖြင့် မည်မျှပင် ကြိုးစားကြည့်ပါစေ သူ၏ မျက်နှာကို မမြင်ရပေ။ စူးရှလှသော မျက်ဝန်းအစုံမှာမူ ကောင်းကင်ယံရှိ နေမင်းကြီးနှယ်၊ ပြိုကျလာသော ကြယ်တံခွန်နှယ် ရှိနေခဲ့သည်။
၎င်းမှာ ပုံရိပ်ယောင်တစ်ခုသာ ဖြစ်သော်လည်း သူ၏ အရှိန်အဝါမှာ ကမ္ဘာမြေကို အုပ်စိုးသူတစ်ဦးနှယ် ရှိနေခဲ့သဖြင့် လူကို အလိုအလျောက် ထိတ်လန့်သွားစေပြီး ဒူးထောက်လိုသည့် စိတ်ဆန္ဒများကို ဖြစ်ပေါ်စေခဲ့သည်။
“မင်း နောက်တစ်ခါ လုပ်ပြန်ပြီလား... ငါ့ရဲ့ ဝိညာဉ်နံ့သာကို ထပ်မသုံးဖို့ ငါ အရင်က ပြောခဲ့ပြီးပြီ မဟုတ်လား... ငါ့ရဲ့ စကားကို မင်းက လျစ်လျူရှုရဲတယ်ပေါ့...”
ခန့်ညားထည်ဝါလှသော ထိုကိုယ်ရိပ်သည် လက်နှစ်ဖက်ကို နောက်ပစ်ထားလျက် ကောင်းကင်ဘုံတွင် ရပ်တည်နေသည့်နှယ် လူသားအားလုံးကို ငုံ့ကြည့်နေသည်။
သူသည် ဆွန်ယင်ယန်ကို ကြည့်ကာ နှာခေါင်းတစ်ချက် ရှုတ်လိုက်ရာ သူ၏ အကြည့်ကျရောက်ရာ ဟင်းလင်းပြင်မှာ ပြင်းထန်စွာ တွန့်လိမ်သွားတော့သည်။
ဟင်းလင်းပြင် တစ်ခုလုံးမှာ သူ၏ ရောက်ရှိလာမှုကို တောင့်မခံနိုင်သဖြင့် ပြိုကွဲတော့မည့် အရိပ်အယောင်များပင် ထွက်ပေါ်လာသည်။
“ဖူး...”
ဆွန်ယင်ယန်မှာ ကျင့်ကြံမှု အဖျက်ဆီးခံထားရသလို ဒဏ်ရာလည်း ရထားသူဖြစ်ရာ ဤမျှ ပြင်းထန်လှသော ဖိအားကို မည်သို့ တောင့်ခံနိုင်ပါမည်နည်း။ သူသည် သွေးတစ်လုတ် အပြင်းအထန် အန်လိုက်ရပြီး မြေပြင်ပေါ်၌ ဝပ်ဆင်းလျက် မျက်နှာမှာ စက္ကူနှယ် ဖြူဖျော့သွားတော့သည်။
သူသည် လော့ချန်ကို အနိုင်နိုင် လှမ်းကြည့်လိုက်ရင်း ခက်ခက်ခဲခဲ ပြောလိုက်သည်။
“အရှင်... သူ... သူက လော့... ချန်...”
“ဟင်... လော့ချန်လား... မင်းက အဲ့ဒီ အသုံးမကျတဲ့ကောင်လေးပေါ့...”
ခန့်ညားလှသော ကိုယ်ရိပ်မှာ အကြည့်ကို လွှဲလိုက်ပြီး လော့ချန်ကို စိုက်ကြည့်လိုက်သည်။
လော့ချန်၏ မျက်ဝန်းအိမ်မှာ ကျုံ့ဝင်သွားပြီး အကြည့်မှာ ချက်ချင်းပင် အေးစက်သွားကာ ရင်ထဲ၌ အတွေးများစွာ ဆူဝေလာခဲ့သည်။
အမှားအယွင်း မရှိနိုင်ပေ... ဤသူသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ဆွန်ယင်ယန်ကို ခိုင်းစေပြီး ဖခင်၏ ကျင့်ကြံမှုကို ဖျက်ဆီးခဲ့သော နောက်ကွယ်မှ တရားခံအစစ်ပင် ဖြစ်ပေလိမ့်မည်။
ထိုစဉ် ခန့်ညားလှသော ကိုယ်ရိပ်မှာ အနည်းငယ် အံ့အားသင့်သွားပုံရသည်။
“ဟင်... မင်း သိုင်းဝိညာဉ် နိုးကြားတာ ဘယ်လောက် ကြာသေးလို့လဲ... အခုတော့ သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့်ကို ရောက်နေပြီလား... အသုံးမကျတဲ့ သိုင်းဝိညာဉ် နိုးကြားထားတဲ့ အသုံးမကျတဲ့ကောင်က... ဘယ်လိုလုပ်ပြီး ဒီလောက် မြန်မြန် တိုးတက်လာနိုင်ရတာလဲ...”
“မင်းရဲ့ ကိုယ်ပေါ်မှာ ဘာလျှို့ဝှက်ချက်တွေ ရှိနေလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့...”
စကားပြောနေစဉ်အတွင်း ထိုကိုယ်ရိပ်သည် လော့ချန်ကို စူးစိုက်ကြည့်လိုက်ရာ သူ၏ အကြည့်အတွင်း၌ အလင်းတန်းများ ဝင်းလက်လာခဲ့ပြီး နေနှင့် လနှယ် ရှိနေကာ အရာအားလုံးကို ဖောက်ထွင်းနိုင်သည့် စွမ်းအားများဖြင့် စိတ်နှလုံးအတွင်းသို့ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။
“အရှိန်အဝါက ဝေဝါးနေပြီး သွေးနဲ့ အသားတွေက ခန်းခြောက်နေတာပဲ... ကျင့်ကြံမှုက သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့် အထွတ်အထိပ်ကို ရောက်နေပါစေဦး... ချီစွမ်းအင်ရော ခန္ဓာကိုယ်ရောက သိပ်ပြီးအားနည်းနေတာပဲ... သာမန် သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့် သန်မာသူတွေကိုတောင် မီမှာ မဟုတ်ဘူး...”
“ဟင်း... မင်းက ဆေးလုံးတွေ အများကြီး သောက်ပြီး ကျင့်ကြံမှုကို အတင်းအကျပ် မြှင့်တင်ထားလို့ ဒီလို ဖြစ်နေတာပဲ ဖြစ်မှာပေါ့...”
ခန့်ညားလှသော ကိုယ်ရိပ်သည် လော့ချန်၏ အခြေအနေကို တစ်ချက်ကြည့်ရုံဖြင့် သိမြင်လိုက်သဖြင့် နှိမ်ချစွာ ပြုံးလျက် ခေါင်းခါယမ်းလိုက်သည်။ “ဟဲဟဲ... အသုံးမကျတဲ့ကောင်ကတော့ အသုံးမကျတဲ့ကောင်ပါပဲ... အရာရာမှာ အတိုင်းအတာ ရှိတယ်ဆိုတာကိုတောင် မသိဘူးပဲ... ဒီလိုမျိုး အတင်းအကျပ် လုပ်ဆောင်တာက ကျင့်ကြံမှု တိုးတက်လာပါစေဦး... နောက်ဆုံးတော့ ရေထဲက လ၊ မှန်ထဲက အရိပ်လိုပဲ ဖြစ်မှာပါ... သန်မာသူ တစ်ယောက် ဖြစ်လာမယ့် လမ်းစကို လုံးဝ ဖျက်ဆီးပစ်လိုက်တာပဲ...”
“ဒါပေမဲ့ ဒါက မင်းအတွက်တော့ ဘာမှ မဟုတ်ပါဘူး... မင်းရဲ့ ပါရမီနဲ့ဆိုရင်လည်း အဝေးကြီး သွားနိုင်မှာ မဟုတ်ဘူးလေ... မင်းရဲ့ ကိုယ်ပေါ်မှာ သုံးလိုက်ရတဲ့ ဆေးလုံးတွေအတွက်သာ နှမြောဖို့ ကောင်းတာပဲ... တကယ့်ကို ဖြုန်းတီးပစ်လိုက်တာပဲ...”
ထိုကိုယ်ရိပ်သည် ခေါင်းခါယမ်းလိုက်ရင်း လော့ချန်ကို လုံးဝ အရေးမလုပ်ဘဲ လှောင်ပြောင် နှိမ်ချနေသည်။
ကျိမိသားစု မဆိုထားနှင့်... အခြားသော နယ်ပယ်ခွဲများမှ တပည့်များပင်လျှင် လော့ချန်၏ အသက်အရွယ်တွင် သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အလတ်အဆင့်သို့ ရောက်ရှိနေသူမှာ ပျမ်းမျှအဆင့်လောက်သာ ရှိပေလိမ့်မည်။
ထိုသူများထဲမှ တစ်ဦးကို ဆွဲထုတ်လိုက်လျှင်ပင် လော့ချန်ထက် အဆပေါင်း ရာချီ၊ ထောင်ချီ၍ သန်မာပေလိမ့်မည်။
လော့ချန်သာ ကျိမိသားစုထဲတွင် ရှိနေမည်ဆိုပါက အနိမ့်ဆုံးအဆင့်ထက်ပင် ပိုမို နိမ့်ကျနေပေလိမ့်မည်။
အလွန်အမင်း ညံ့ဖျင်းလှသူဟုပင် ဆိုရပေမည်။
ထိုစကားကို ကြားရသည့်အခါ ဆွန်ယင်ယန်သည် ပါးစပ်ဟကာ ရှင်းပြလိုနေသည်။
လော့ချန်သည် အသုံးမကျသူ မဟုတ်ဘဲ သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံမှုဖြင့် သွေးကြောနိုးကြားမှုနယ်ပယ် သတ္တမအဆင့် သန်မာသူကို တစ်ဦးတည်းဖြင့် သတ်ဖြတ်နိုင်သော ပါရမီရှင်၊ အဆင့်မြင့်ပါရမီရှင်တစ်ဦး ဖြစ်သည် မဟုတ်ပါလော။
သို့သော် သူ၏ ဒဏ်ရာမှာ ပြင်းထန်လှသလို အနှိုင်းမဲ့သန်မာသူ၏ ဖိအားအောက်တွင် စကားပြောရန်ပင် အားအင် မရှိတော့ချေ။
“ဖူး...”
စိုးရိမ်စိတ်များကြောင့် ဆွန်ယင်ယန်သည် သွေးတစ်လုတ် ထပ်မံ အန်လိုက်ရပြန်သည်။
ခန့်ညားလှသော ကိုယ်ရိပ်၏ တစ်ကိုယ်လုံးတွင် အလင်းတန်းများ ယှက်ဖြန့်နေပြီး သူသည် ဆွန်ယင်ယန်ကို တစ်ချက်ကြည့်ကာ လော့ချန်ကို ဆိုလိုက်သည်။
“မင်း သူ့ကို ရှာတာက အဲ့ဒီတုန်းက ကိစ္စတွေကြောင့် ဖြစ်မှာပေါ့... မင်း ဘာတွေ သိထားလဲ...”
လော့ချန် စကားမပြောသည်ကို မြင်ရသည့်အခါ ထိုကိုယ်ရိပ်က ခပ်ဖွဖွ ခေါင်းခါယမ်းလိုက်သည်။
“ထားလိုက်ပါတော့... ဒါတွေက အရေးမကြီးပါဘူး... မူလက ငါ မင်းရဲ့ ကိစ္စတွေကို ဝင်ပါဖို့ အစီအစဉ် မရှိဘူး... မင်းက အဲ့ဒီလောက်အထိ အဆင့်မရှိဘူးလေ...”
“နှမြောစရာကောင်းတာက မင်းရဲ့ ကံကြမ္မာက မကောင်းတာပဲ... သူ ငါ့ရဲ့ ဝိညာဉ်နံ့သာကို ထွန်းလိုက်တာကိုး... ငါနဲ့ ဆုံမိမှတော့ ဒီနေ့ ငါကိုယ်တိုင် မင်းကို အဆုံးသတ်ပေးရမှာပေါ့... ငါ့ရဲ့ လက်ထဲမှာ သေရတာကလည်း မင်းအတွက်တော့ ဂုဏ်ယူစရာ ကိစ္စတစ်ခုပဲ...”
စကားပြောနေစဉ်အတွင်း ခန့်ညားလှသော ကိုယ်ရိပ်သည် ညာဘက်လက်ကို မြှောက်လိုက်သည်။
ရိုးရှင်းလှသော ဤလှုပ်ရှားမှုလေး တစ်ခုကပင် ဟင်းလင်းပြင် တစ်ခုလုံးကို တုန်ခါသွားစေပြီး ကောင်းကင်ယံ၌ တိမ်များ ဆူပွက်လာလေသည်။
လော့ချန်သည် တစ်ဖက်လူ အမှန်တကယ် တိုက်ခိုက်တော့မည်ကို မြင်လိုက်ရသည့်အခါ အခြေအနေ မကောင်းကြောင်း သိလိုက်သဖြင့် စိတ်အာရုံကို လျင်မြန်စွာ လှည့်ပတ်လျက် လေးနက်စွာ ဆိုလိုက်သည်။
“မင်း ငါ့ကို သတ်လို့ မရဘူး...”
“ဟင်... ဘာလို့လဲ...”
ခန့်ညားလှသော ကိုယ်ရိပ်သည် သူ၏ လက်ဖဝါးကို ရပ်တန့်လိုက်သည်။
လော့ချန်သည် ထိုသူကို စိုက်ကြည့်လိုက်ရင်း နှုတ်ခမ်းကို တစ်ချက် သပ်လိုက်ကာ ဆိုလိုက်သည်။
“ငါ သိထားသလောက်တော့ ကျိမိသားစုက ငါ့အမေကို ကတိပေးထားဖူးတယ်... ငါတို့ သားအဖရဲ့ အသက်ကို ဘေးဒုက္ခ မပေးပါဘူးဆိုပြီးတော့လေ... အဆင့်အတန်း မြင့်မားလှတဲ့ ရှေးဟောင်းမိသားစုကြီးဖြစ်တဲ့ ကျိမိသားစုက ကတိဖျက်တော့မလို့လား... မင်းက ကတိစကားကို ချိုးဖောက်တော့မလို့လား...”
အခြေအနေက ဤသို့ ဖြစ်လာမှတော့ လော့ချန်အနေဖြင့် အသက်ရှင်နိုင်ရန်အတွက် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားရတော့မည် ဖြစ်သည်။
ထိုသူနှင့် နှိုင်းယှဉ်ပါက သူ၏ လက်ရှိစွမ်းအားမှာ အလွန်ပင် အားနည်းလွန်းလှပေသည်။ ခုခံနိုင်စွမ်းပင် မရှိသဖြင့် အညံ့ခံကာ အသက်ရှင်ရန်သာ ကြံစည်ရတော့မည်။
ဤဘေးဒုက္ခမှ လွတ်မြောက်သွားသည်နှင့် တစ်နေ့သောအခါတွင် သူသည် ကျိမိသားစု ရှိရာသို့ ကိုယ်တိုင် သွားရောက်ပြီး ထိုသူကို အဆပေါင်း ရာချီ၊ ထောင်ချီ၍ အဖိုးအခ ပြန်လည် ပေးဆပ်စေရမည်။
“ဟင်... မင်းက ဒီကိစ္စကို သိနေတာကိုး...”
ခန့်ညားလှသော ကိုယ်ရိပ်၏ မျက်ဝန်းအတွင်းမှ ထူးဆန်းသော အလင်းတန်းများ ထွက်ပေါ်လာပြီး ခဏမျှ စဉ်းစားကာ ခေါင်းခါယမ်းလိုက်သည်။
“မင်းရဲ့ အသက်က ဘာမှ တန်ဖိုးမရှိပါဘူး... ဒါပေမဲ့ မင်း တည်ရှိနေတာက ငါတို့ ကျိမိသားစုအတွက် အရှက်ရစရာ ကိစ္စတစ်ခုပဲ... ဒီလောကမှာ မရှိသင့်တဲ့သူပေါ့... ငါတို့ ကျိမိသားစုရဲ့ ဂုဏ်သိက္ခာအတွက် ဒီနေ့ ငါကပဲ ချွင်းချက်အနေနဲ့ မင်းကို သုတ်သင်ပေးရမှာပဲ... နောက်ပြီး မင်းကို ငါသတ်လိုက်တာကို မိုးနဲ့မြေကလွဲပြီး ဘယ်သူ သိနိုင်မှာလဲ...”
စကားပြောနေစဉ်အတွင်း ခန့်ညားလှသော ကိုယ်ရိပ် မြှောက်ထားသည့် လက်ဖဝါးပေါ်၌ ကြည်လင်တောက်ပလှသော ဧရာမ အလင်းကွင်းကြီးတစ်ခု ပေါ်ထွက်လာခဲ့ပြီး လော့ချန်ဆီသို့ ဖိနှိပ်ကျဆင်းလာတော့သည်။
ချက်ချင်းပင် လော့ချန် ရှိနေသော ဟင်းလင်းပြင်မှာ ပြိုကျပျက်စီးလာတော့သည်။
လော့ချန်၏ မျက်ဝန်းအိမ်မှာ အစွန်းကုန် ကျုံ့ဝင်သွားခဲ့သည်။
ပြိုင်ဘက်ကင်းလှသော ဖိအားများ သူ၏ ကိုယ်ပေါ်သို့ ကျရောက်လာကြောင်း ခံစားလိုက်ရပြီး လက်ချောင်းတစ်ချောင်းကိုပင် မလှုပ်ရှားနိုင်တော့ချေ။
အမှားအယွင်း မရှိပေ... ဤလက်ဖဝါးချက်သာ ကျရောက်လာပါက သူ၏ ဝှက်ဖဲအားလုံးကို ထုတ်သုံးပါစေဦး... သေချာပေါက် သေဆုံးရမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
“တောက်... ငါသာ မသေခဲ့ရင် နောက်တစ်နေ့မှာ မင်းကို သေချာပေါက် သတ်မယ်...”
လော့ချန်သည် နာကျည်းစွာ အော်ဟစ်လိုက်ရင်း သူ၏ မျက်ဝန်းအတွင်း၌ ရန်ငြိုးနှင့် ရက်စက်မှုများ ပြည့်နှက်သွားသည်။ သူ၏ ရင်ထဲ၌ နောက်ဆုံးသော မျှော်လင့်ချက်တစ်ခုသာ ကျန်ရှိတော့သည်။ ၎င်းမှာ ထို သူအိုကြီး သူ၏ ဝိညာဉ်ပင်လယ်အတွင်း ချန်ရစ်ခဲ့သော အသက်ကယ်တံဆိပ်ပင် ဖြစ်သည်။
သို့သော်လည်း ထိုအသက်ကယ်တံဆိပ်သည် အနှိုင်းမဲ့သန်မာသူ၏ အရှိန်အဝါကို တားဆီးနိုင်ပါမည်လား ဟူသည်ကိုကား မသိနိုင်ပေ။
“ငါ့ရဲ့ ရှေ့မှာ မင်းက မသေဘဲ နေဖို့ အရည်အချင်း မရှိဘူး...”
ခန့်ညားလှသော ကိုယ်ရိပ်က အေးစက်စွာ ပြုံးလျက် လက်ဖဝါးကို ရိုက်ချလိုက်သည်။
ထိုအခိုက်အတန့်တွင်...
လော့ချန်၏ ဝိညာဉ်ပင်လယ်အတွင်းရှိ အစိမ်းရောင် ဓားငယ်လေးမှာ ထိန်းချုပ်မရဘဲ တုန်ခါလာခဲ့ပြီး အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာကာ လော့ချန်၏ ဝိညာဉ်ပင်လယ်အတွင်းမှ တိုက်ရိုက် ထိုးထွက်လာတော့သည်။
တစ်ခဏအတွင်းမှာပင်...
“ဘုန်း...”
ပြင်းထန်လှသော အစိမ်းရောင် ဓားအလင်းတစ်ခု လော့ချန်၏ ကိုယ်ပေါ်မှ ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်သို့ ထိုးတက်သွားကာ မည်းနက်နေသော ညကောင်းကင်ယံကို ဧရာမ အစိမ်းရောင် အက်ကြောင်းကြီး တစ်ခုအဖြစ် ဆုတ်ဖြဲပစ်လိုက်သည်။
ထိုအက်ကြောင်းမှာ အရှိန်အဟုန်ဖြင့် ပြန့်ကားသွားခဲ့ပြီး ကောင်းကင်တစ်ခုလုံးကို နှစ်ခြမ်း ခွဲပစ်လိုက်သည့်နှယ် ရှိနေသည်။
ဤ အရှိန်အဝါအောက်တွင် ထိုကိုယ်ရိပ် ရိုက်ချလိုက်သော တောက်ပလှသည့် အလင်းကွင်းမှာ တစ်ခဏချင်းအတွင်း ပျောက်ကွယ်သွားရပြီး သူ၏ ကိုယ်ပေါ်မှ ဝေဝါးလှသော အလင်းတန်းများမှာလည်း အဆက်မပြတ် တွန့်လိမ်ပျက်စီးနေသည်။
“ဘာ...”
ခန့်ညားလှသော ကိုယ်ရိပ်မှာ မျက်လုံးများ ပြူးထွက်သွားပြီး အမူအရာ ပျက်ယွင်းစွာ အော်ဟစ်လိုက်တော့သည်။
“သိုင်းဝိညာဉ် ဆန္ဒလား... မင်းလို ကောင်လေးရဲ့ ကိုယ်ပေါ်မှာ ဒီလို စွမ်းအားမျိုး ဘယ်လိုလုပ် ရှိနေရတာလဲ... ဒါမျိုးက တာယွဲ့မင်းဆက်မှာတောင် ရှိနိုင်မှာ မဟုတ်ဘူး... မင်းက ဘယ်သူလဲ... ငါတို့ ကျိမိသားစုရဲ့ ကိစ္စကို ဝင်ပါရဲတယ်ပေါ့... အသက်မရှင်ချင်တော့ဘူးလား...”
“ဝှစ်...”
အစိမ်းရောင် ဓားပုံရိပ်မှာ တုန်ခါသွားခဲ့ပြီး ဝေဝါးလှသော ဆန္ဒပုံရိပ်တစ်ခု ထိုအတွင်းမှ ထွက်ပေါ်လာသည်။
လက်ထဲတွင် နဂါးဦးခေါင်းပုံပါ တောင်ဝှေးကို ကိုင်ဆောင်ထားပြီး မျက်ခုံးမွေးဖြူကြီးများမှာ မြေပြင်အထိ ရောက်နေကာ... ၎င်းမှာ လင်ချူးလန်ကို ခေါ်ဆောင်သွားခဲ့သော သူအိုကြီးပင် ဖြစ်ပေသည်။
သို့သော် ယခုအခိုက်အတန့်တွင် ထိုသူအိုကြီး၏ ကိုင်းညွတ်နေသော ခန္ဓာကိုယ်မှာ အလွန်ပင် ကြီးမားလှသဖြင့် ကောင်းကင်ကို ထောက်ထားပြီး မြေပြင်ကို နင်းထားသည့်နှယ် ရှိနေခဲ့ကာ... ဤကမ္ဘာမြေကို ထောက်ကန်ထားသော နတ်ဘုရားတစ်ပါးနှယ် တည့်တည့်ပင် မကြည့်ရဲလောက်အောင် ရှိနေသည်။
သူ၏ ဝေဝါးလှသော မျက်ဝန်းအစုံမှာ ကြယ်တာရာ နှစ်စင်းနှယ် ရှိနေခဲ့ပြီး အေးစက်လှသော အမူအရာဖြင့် ကျိမိသားစု သန်မာသူ၏ ပုံရိပ်ကို ကြည့်ကာ တည်ငြိမ်စွာ ဆိုလိုက်သည်။
“ဒီသူငယ်လေးက ငါ့အပေါ်မှာ ကျေးဇူးရှိတယ်... မင်း ဘယ်သူလဲဆိုတာ ငါ ဂရုမစိုက်ဘူး...”
“ထွက်သွားစမ်း...”
အခန်း ၄၉၇ ပြီးပါပြီ။
အခန်း ၄၉၈ - နှစ်ဦးသော သန်မာသူ... ၅၀ ရာနှုန်း ဓားဆန္ဒ...
“ထွက်သွားစမ်း...”
နဂါးဦးခေါင်းပါ တောင်ဝှေးနှင့် သူအိုကြီး၏ ပြတ်သားလှသော အမိန့်ပေးသံနှင့်အတူ ဟင်းလင်းပြင် တစ်ခုလုံး တုန်ခါသွားပြီး ကမ္ဘာမြေကြီးမှာလည်း လှုပ်ခါသွားခဲ့ရာ မည်သို့မျှ မခုခံနိုင်သော ဖိအားများကို ခံစားလိုက်ရသည်။
“တကယ့်ကို ရမ်းကားတာပဲ... ဒီလောကမှာ ငါတို့ ကျိမိသားစုကို နှင်ထုတ်ရဲတဲ့လူ တစ်ယောက်မှ မရှိသေးဘူး... မင်းက သူ့ကို သတ်ခွင့်မပေးဘူးဆိုရင် ဒီနေ့ ငါကပဲ သူ့ကို သေချာပေါက် သတ်ပြရမှာပေါ့...”
ကျိမိသားစု သန်မာသူက နှာခေါင်းရှုံ့လိုက်ရာ သူ၏ အသံမှာ နွေဦးမိုးကြိုးနှယ် ပေါက်ကွဲထွက်ပေါ်လာသည်။
စကားအဆုံးတွင် သူ၏ ကိုယ်ပေါ်၌ တောက်ပလှသော အလင်းကွင်းများ တစ်ခုပြီးတစ်ခု ဝင်းလက်လာခဲ့ပြီး တစ်ခုစီမှာ ကြည်လင်တောက်ပလျက် ဟင်းလင်းပြင်နှင့် ချိတ်ဆက်နေကာ သူ၏ မျက်ဝန်းအတွင်း၌လည်း အဆုံးမရှိသော အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာလေသည်။
သူသည် ရှေ့သို့ တစ်လှမ်း တိုးလိုက်ရင်း ကောင်းကင်ယံအထက်၌ ရပ်တည်လျက် တစ်ကိုယ်လုံးတွင် အလင်းကွင်းများ ရစ်ပတ်ကာ နတ်ဘုရားတစ်ပါးနှယ် ဖြစ်တည်နေပြီး နဂါးဦးခေါင်းပုံပါ တောင်ဝှေးနှင့် သူအိုကြီးကို ငုံ့ကြည့်လိုက်သည်။
“သိုင်းဝိညာဉ် ဆန္ဒတစ်ခုတည်းနဲ့တင် ငါ့ကို တားဆီးနိုင်မယ်လို့ မင်း ထင်နေတာလား...”
နဂါးဦးခေါင်းတောင်ဝှေးနှင့် သူအိုကြီး၏ မျက်နှာတွင် မည်သည့် အမူအရာမျှ ရှိမနေဘဲ သူ၏ အရှိန်အဝါမှာ ထိုရှည်လျားလှသော ဓားစွမ်းအားနှင့် တစ်သားတည်း ဖြစ်သွားခဲ့ရာ ကမ္ဘာမြေကို ဆုတ်ဖြဲနိုင်သည့် အဟုန်မျိုး ရှိနေခဲ့ပြီး တည်ငြိမ်စွာ ဆိုလိုက်သည်။
“ဧကရာဇ်တောင်ထိပ်က ကျိမိသားစု... ရှေးဟောင်းအစဉ်အလာ ရှိတာကြောင့် တကယ်ပဲ သန်မာပါတယ်... ဒါပေမဲ့ မင်းကတော့ အဲ့ဒီလောက်အထိ မဟုတ်ပါဘူး... မင်းက သူ့ကို သေချာပေါက် သတ်မယ်လို့ ဆုံးဖြတ်ထားမှတော့ ငါကလည်း မင်းရဲ့ ဒီဆန္ဒပုံရိပ်ယောင်ကို ခြေမှုန်းပေးရတာပေါ့...”
ထိုစကားကြောင့် ကျိမိသားစု သန်မာသူ၏ မျက်ဝန်းအတွင်းမှ ဒေါသများ ပေါက်ကွဲထွက်လာသည်။
“မောက်မာလှချည်လား... ငါ့ရဲ့ အစွမ်းတွေကို မင်း မြည်းစမ်းကြည့်လိုက်ပါအုံး...”
စကားပြောနေစဉ်အတွင်း ကျိမိသားစု သန်မာသူ၏ ကိုယ်ပေါ်မှ အလင်းကွင်းများမှာ ပိုမို တောက်ပလာခဲ့ပြီး စူးရှလှသော အလင်းတန်းများဖြင့် ကောင်းကင်ယံကို လင်းထိန်သွားစေကာ ညာဘက်လက်ကို မြှောက်လျက် သူအိုကြီးဆီသို့ ဖိနှိပ်ကျဆင်းလာတော့သည်။
“ဘုန်း...”
ကျယ်ပြောလှသော ပင်လယ်လှိုင်းနှယ် ချီစွမ်းအင် ရိုက်ခတ်မှုများမှာ ကမ္ဘာမြေနှင့် ကောင်းကင်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး အဆုံးမရှိသော အလင်းတန်းများ စုစည်းလျက် ကောင်းကင်ကို ဖုံးလွှမ်းနိုင်သည့် ဧရာမ လက်ဖဝါးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ ကြည်လင်တောက်ပလှသော အလင်းပုံရိပ်များလည်း ယှက်ဖြန့်နေသည်။
လော့ချန် အသက်ရှူပင် ရပ်တန့်သွားရပြီး ရင်ထဲ၌ ထိတ်လန့်သွားရသည်။
သူ၏ အမြင်တွင် ကောင်းကင်မှာ ကောင်းကင် မဟုတ်တော့သလို မြေပြင်မှာလည်း မြေပြင် မဟုတ်တော့ပေ။
ထိုဧရာမ လက်ဖဝါးကြီး ဖုံးလွှမ်းထားသော နယ်မြေမှာ ပြင်ပလောကနှင့် လုံးဝ ကွဲကွာသွားသကဲ့သို့ ရှိနေခဲ့ပြီး သေဆုံးခြင်းနှင့် ခြောက်ကပ်ခြင်းများသာ ကျန်ရှိတော့သည်။
“ကလစ်...”
ဧရာမ လက်ဖဝါးကြီးအောက်တွင် ကမ္ဘာမြေမှာ တစ်ခဏချင်းအတွင်း ကွဲအက်သွားတော့သည်။
မည်းနက်သော အက်ကြောင်းကြီးများမှာ ပိုက်ကွန်တစ်ခုနှယ် ရှုပ်ယှက်ခတ်လျက် လော့ချန်နှင့် သူအိုကြီးဆီသို့ ဖုံးလွှမ်းလာခဲ့ရာ အရာအားလုံးကို အဆုံးသတ်တော့မည့်နှယ် ရှိနေသည်။
နဂါးဦးခေါင်းတောင်ဝှေးနှင့် သူအိုကြီး၏ မျက်နှာတွင် မည်သည့် အမူအရာမျှ မရှိဘဲ ထိုလက်ဖဝါးကြီးကို ကြည့်ရင်း သူ၏ မျက်ဝန်းအတွင်းမှ အလင်းတန်း နှစ်စင်း ပေါက်ကွဲထွက်လာကာ အေးစက်စွာ အော်ဟစ်လိုက်သည်။
“ခြေမှုန်းစမ်း...”
ထိုစကား ထွက်လာသည်နှင့်တစ်ပြိုင်နက် သူ၏ ကိုင်းညွတ်နေသော ကိုယ်ရိပ်မှာ အတိုင်းအဆမရှိ ကြီးမားလာပြီး ထိုရှည်လျားလှသော ဓားပုံရိပ်အတွင်းသို့ ပေါင်းစပ်ဝင်ရောက်သွားကာ... ကမ္ဘာမြေနှင့် တစ်သားတည်း ဖြစ်သွားသကဲ့သို့ ထူးဆန်းသော တုန်ခါမှုလှိုင်းများ ပျံ့နှံ့သွားပြီး ဓားပုံရိပ်မှာလည်း ရုတ်တရက် ပြန့်ကားလာခဲ့ရာ ကမ္ဘာဦးအစကနှယ် ရှုပ်ထွေးဝေဝါးနေလျက် ဧရာမ လက်ဖဝါးကြီးကို တားဆီးထားလိုက်သည်။
ကမ္ဘာမြေနှင့် ကောင်းကင် တစ်ခုလုံး ငြိမ်သက်သွား၏။
နောက်တစ်ခဏတွင် ကောင်းကင်ယံကို ဖောက်ထွင်းနိုင်သည့် ထိတ်လန့်ဖွယ်ရာ တုန်ခါမှုလှိုင်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ရမ်းကားလှသော ဒီရေလှိုင်းများနှယ် တစ်လှိုင်းထက် တစ်လှိုင်း ပိုမို မြင့်မားလာကာ အဆုံးမရှိသကဲ့သို့ ရှိနေသည်။
“ဘုန်း... ဘုန်း... ဘုန်း...”
ထိုတုန်ခါမှုအောက်တွင် ပတ်ဝန်းကျင်ရှိ တောင်တန်းများနှင့် မြစ်ရေများမှာ သဲပွင့်များနှယ် ပြိုကျပျက်စီးလာခဲ့ပြီး မည်သည့် အသံမျှ မထွက်ဘဲ မြူမှုန်များအဖြစ် ပြောင်းလဲသွားတော့သည်။
မျက်တောင် တစ်ချက်၊ နှစ်ချက်ခတ်ရုံမျှ အချိန်အတွင်းမှာပင် ပတ်ဝန်းကျင်ရှိ တောင်ထိပ်များမှာ ပျောက်ကွယ်သွားရပြီး နက်ရှိုင်းလှသော ချောက်ကမ်းပါးကြီးများ ဖြစ်လာတော့သည်။
“တကယ့်ကို သန်မာတာပဲ...”
လော့ချန်သည် ဤမျှ ထူးခြားဆန်းပြားလှသော စွမ်းအားများကြောင့် မှင်တက်မိသွားရပြီး မျက်တောင်ပင် မခတ်ရဲဘဲ အသက်ကို အောင့်ထားလိုက်မိသည်။
ဤတိုက်ပွဲမှာ ထိုနှစ်ဦးအတွက် အရှုံးအနိုင် ခွဲရုံသာ ဖြစ်သော်လည်း... သူ့အတွက်မူ အသက်နှင့် သေခြင်းတရား ပတ်သက်နေသည် မဟုတ်ပါလော။
ဓားပုံရိပ်မှာ ကျယ်ပြောလှပြီး အရှိန်အဝါမှာလည်း ပြင်းထန်လှပေသည်။ ၎င်းနှင့် နှိုင်းယှဉ်ပါက ဧရာမ လက်ဖဝါးကြီးမှာ တဖြည်းဖြည်း မှိန်ဖျော့လာနေပြီး ကျိမိသားစု သန်မာသူ၏ ကိုယ်ရိပ်မှာလည်း လျင်မြန်စွာပင် ဝေဝါးလာနေသည်။
“တောက်...”
ကျိမိသားစု သန်မာသူမှာ ဒေါသတကြီး အော်ဟစ်လိုက်ရင်း သူ၏ ကိုယ်ပေါ်မှ တောက်ပလှသော အလင်းကွင်းများကို အဆက်မပြတ် တုန်ခါစေလျက် သူ၏ ဤဆန္ဒပုံရိပ်၏ စွမ်းအားအားလုံးကို ထိုလက်ဖဝါးကြီးအတွင်းသို့ ပေါင်းစပ်ထည့်သွင်းလိုက်သည်။
သို့သော်လည်း သူ မည်မျှပင် ကြိုးစားပါစေ ထိုထိတ်လန့်ဖွယ်ရာ ဓားပုံရိပ်မှာမူ ရှေးဦးအစကတည်းက တည်ရှိနေသည့်နှယ် ပြောင်းလဲခြင်း မရှိဘဲ... ဖျက်ဆီးအားပြင်းသော အရှိန်အဝါများကိုသာ ထုတ်လွှတ်နေရာ... သူ အစွမ်းကုန် တိုက်ခိုက်လိုက်သော အဟုန်များမှာ အနားသို့ ရောက်သည်နှင့်တစ်ပြိုင်နက် မီးခိုးငွေ့များနှယ် ပျောက်ကွယ်သွားတော့သည်။
နောက်ဆုံးတွင် ဧရာမ လက်ဖဝါးကြီးမှာ ပျောက်ကွယ်သွားရပြီး ဓားပုံရိပ်မှာ မည်သူမျှ မယှဉ်နိုင်သော အရှိန်အဝါဖြင့် ကျိမိသားစု သန်မာသူ၏ ကိုယ်ရိပ်ဆီသို့ ပိုင်းချလိုက်တော့သည်။
အရာအားလုံးကို ခြေမှုန်းနိုင်သော ထိုဆန္ဒစွမ်းအားကြောင့် ကျိမိသားစု သန်မာသူ၏ ကိုယ်ရိပ်မှာ အဆက်မပြတ် တွန့်လိမ်နေ၏။
“အား... မင်း ဘယ်သူလဲဆိုတာ ငါ့ကို မသိစေနဲ့ဦး... မဟုတ်ရင် ကမ္ဘာပေါ်မှာရော၊ ကောင်းကင်ဘုံမှာပါ မင်း နေစရာ မရှိစေရဘူး... သတ်စမ်း... သတ်... သတ်...”
ဓားပုံရိပ်၏ ဝါးမြိုခြင်းကို ခံလိုက်ရသည့် အခိုက်အတန့်တွင် ကျိမိသားစု သန်မာသူသည် သူအိုကြီးကို ကြည့်ရင်း နာကျည်းစွာဖြင့် အော်ဟစ်တော့သည်။
နောက်တစ်ခဏတွင်...
“ဘုန်း...”
ကျိမိသားစု သန်မာသူ၏ ကိုယ်ရိပ်မှာ ကွဲအက်နေသော ဖန်သားနှယ် အပိုင်းပိုင်း ပြတ်တောက်သွားရပြီး မရေမတွက်နိုင်သော အလင်းစက်များအဖြစ် ပြောင်းလဲလျက် ဟင်းလင်းပြင်အတွင်း ပျောက်ကွယ်သွားတော့သည်။
ကျိမိသားစု သန်မာသူ၏ ဆန္ဒပုံရိပ်ကို သတ်ဖြတ်ပြီးနောက် ထိတ်လန့်ဖွယ်ရာ ဓားပုံရိပ်မှာ လျင်မြန်စွာ ကျုံ့ဝင်သွားပြီး နောက်ဆုံးတွင် နဂါးဦးခေါင်းတောင်ဝှေးနှင့် သူအိုကြီးသာ ကျန်ရစ်တော့သည်။
သူသည် လှည့်လိုက်ပြီး လော့ချန်ကို စိုက်ကြည့်လိုက်ကာ သူ၏ မျက်ဝန်းအတွင်း၌ အံ့သြရိပ်တစ်ခု ဖြတ်ပြေးသွားသည်။
“သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့် အထွတ်အထိပ်... ပြီးတော့ ဓားဆန္ဒ အစပျိုးမှုကိုတောင် နားလည်ထားတာလား... ကောင်လေး... မင်း အသုံးမကျတဲ့ သိုင်းဝိညာဉ် နိုးကြားထားပြီးတော့ တစ်နှစ်တောင် မပြည့်သေးတဲ့ အချိန်အတွင်းမှာ ဒီလို အောင်မြင်မှုမျိုး ရခဲ့တာက... ငါ့ကိုတောင် အံ့သြစေတာပဲ...”
လော့ချန် ရိုသေစွာဖြင့် ဆိုလိုက်သည်။
“ကယ်တင်ပေးတဲ့အတွက် အကြီးအကဲကို ကျေးဇူးတင်ပါတယ်...”
ယနေ့သာ ထိုအကြီးအကဲ မရှိခဲ့ပါက သူ သေချာပေါက် သေရမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
သူအိုကြီးက ခပ်ဖွဖွ ခေါင်းခါယမ်းလိုက်သည်။
“အဲ့ဒီတုန်းက မင်း ငါ့ရဲ့ သခင်မလေးကို ကယ်တင်ခဲ့ဖူးတာလေ... အဲ့ဒီကျေးဇူးတရားက ကောင်းကင်ထက်တောင် မြင့်မားပါသေးတယ်... ဒီသိုင်းဝိညာဉ် ဆန္ဒကလည်း မူလကတည်းက ကျေးဇူးတုံ့ပြန်ဖို့ ပေးထားခဲ့တာပဲ... အခုက ငါ့ရဲ့ ကတိအတိုင်း လုပ်ပေးရုံပဲမို့လို့ ကျေးဇူးတင်နေဖို့ မလိုပါဘူး...”
လော့ချန်၏ ဦးနှောက်အတွင်း၌ လင်ချူးလန်၏ ပုံရိပ် ဖြတ်ပြေးသွားသဖြင့် မေးမြန်းလိုက်မိသည်။
“အကြီးအကဲခင်ဗျာ... လင်ချူးလန်နဲ့ အကြီးအကဲတို့ ကူးယွမ်မြို့ အနားမှာ ဝိုင်းဝန်းတိုက်ခိုက်တာကို ခံရတယ်လို့ ကျွန်တော် ကြားသိရပါတယ်... လင်ချူးလန်ရော အဆင်ပြေရဲ့လား...”
“သခင်မလေးကတော့ ဘေးကင်းပါတယ်... ကျန်တဲ့ ကိစ္စတွေကိုတော့ မင်း မမေးပါနဲ့ဦး... အချို့သော ကိစ္စတွေက သိတာထက် မသိတာက ပိုကောင်းတယ်လေ... မဟုတ်ရင် မင်းအတွက် ဘေးဒုက္ခတွေပဲ သယ်ဆောင်လာလိမ့်မယ်...”
“လော့ချန် နားလည်ပါပြီ...”
လော့ချန် ခေါင်းညိတ်လိုက်ပြီး ထပ်မံ မမေးတော့ပေ။
ဤမျှ သန်မာလှသော ပုဂ္ဂိုလ်တစ်ဦးကပင် လင်ချူးလန်ကို သခင်မလေးဟု ခေါ်ဆိုနေမှတော့... လင်ချူးလန်၏ အဆင့်အတန်းမှာ မည်မျှ မြင့်မားမည်ကို သိသာလှပေသည်။ ၎င်းမှာ လက်ရှိ သူ လက်လှမ်းမီနိုင်သော အဆင့်မျိုး မဟုတ်သည်မှာ သေချာလှပေသည်။
“ကောင်းပြီ... အချိန် သိပ်မရှိတော့ဘူး...”
စကားအနည်းငယ် ပြောဆိုပြီးနောက် သူအိုကြီး၏ ကိုယ်ရိပ်မှာ တဖြည်းဖြည်း မှိန်ဖျော့လာခဲ့သည်။ သူသည် လော့ချန်ကို ကြည့်ကာ ဆိုလိုက်သည်။
“အဲ့ဒီတုန်းက ငါ ဒီသိုင်းဝိညာဉ် ဆန္ဒကို ချန်ထားခဲ့တာက အရေးကြီးတဲ့ အချိန်မှာ မင်းရဲ့ အသက်ကို တစ်ခါလောက် ကယ်တင်ပေးနိုင်ဖို့ပဲ... ဒါပေမဲ့ မင်းရဲ့ နောက်ကြောင်းက ဧကရာဇ်တောင်ထိပ်က ကျိမိသားစုနဲ့ ပတ်သက်နေလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး...”
“မင်းက အသုံးမကျတဲ့ သိုင်းဝိညာဉ် ပါရမီနဲ့ တစ်နှစ်အတွင်းမှာ အခုလို အဆင့်အထိ ကျင့်ကြံနိုင်တာက... တကယ့်ကို ဒုက္ခတွေ အများကြီး ခံခဲ့ရမှာဖြစ်သလို သာမန်အတိုင်း မနေချင်တဲ့ စိတ်ဆန္ဒတွေလည်း ရှိနေမှာပဲ... မင်းမှာ ဒီလို စိတ်ဓာတ်မျိုး ရှိနေမှတော့ ငါကလည်း မင်းကို တစ်ဖက်တစ်လမ်းကနေ ကူညီပြီး နောက်ထပ် တစ်လှမ်း တိုးနိုင်အောင် လုပ်ပေးရသေးတာပေါ့...”
“ငါ့ရဲ့ ကျန်ရှိနေတဲ့ သိုင်းဝိညာဉ် ဆန္ဒကို မင်းရဲ့ ဝိညာဉ်ပင်လယ်ထဲကို တိုက်ရိုက် ထည့်သွင်းပေးမယ်... အဲ့ဒါက မင်းရဲ့ ဓားဆန္ဒ ကြီးထွားလာဖို့အတွက် ကူညီပေးလိမ့်မယ်... ဘယ်လောက်အထိ တိုးတက်မလဲဆိုတာကတော့ မင်းရဲ့ နားလည်နိုင်စွမ်းပေါ်မှာပဲ မူတည်လိမ့်မယ်...”
စကားအဆုံးတွင် သူအိုကြီးသည် ထူးဆန်းလှသော သင်္ကေတတစ်ခုကို ပုံဖော်လိုက်ပြီး လော့ချန်၏ နဖူးဆီသို့ ညွှန်ပြလိုက်သည်။
“ဝှစ်...”
မှန်းဆ၍မရနိုင်သော တုန်ခါမှုတစ်ခု ထွက်ပေါ်လာပြီး သူအိုကြီး၏ ကိုယ်ရိပ်မှာ ပြိုကွဲသွားကာ... တောက်ပလှသော ထူးဆန်းသည့် အလင်းစက်တစ်ခုအဖြစ် ပြောင်းလဲလျက် လော့ချန်၏ မျက်ခုံးနှစ်ခု အလယ်သို့ စီးဝင်သွားတော့သည်။
“ဘုန်း...”
ချက်ချင်းပင် လော့ချန်သည် သန့်စင်ပြီး ကျယ်ပြောလှသော စွမ်းအားတစ်ခု သူ၏ ကိုယ်တွင်းသို့ တိုးဝင်လာကြောင်း ခံစားလိုက်ရပြီး ထိုအတွင်း၌ သိုင်းပညာ အတွေ့အကြုံ အချို့လည်း ပါဝင်နေသည်။
ထိုအချက်အလက်များမှာ အလွန်ပင် ပြန့်ကျဲနေပြီး ထိုသူ၏ သိုင်းဝိညာဉ် ဆန္ဒမှာ ပြိုကွဲလုနီးပါး ဖြစ်နေခြင်းနှင့် ပတ်သက်နေပေလိမ့်မည်။
လော့ချန်မှာမူ လျစ်လျူမရှုဝံ့ဘဲ ချက်ချင်းပင် ခြေချိတ်ထိုင်ချလျက် သေသေချာချာ နားလည်ရန် ကြိုးစားတော့သည်။
ထိုအချက်အလက်များမှာ ပြန့်ကျဲနေသော်လည်း ထို အကြီးအကဲမှာ မည်သည့် အဆင့်အတန်းရှိသူ ဖြစ်သနည်း... သူ၏ စကားတစ်ခွန်း၊ စာတစ်လုံးမှာပင် အလွန် နက်ရှိုင်းလှသဖြင့် လော့ချန်၏ စိတ်အာရုံမှာ ထိုအတွင်း၌ တဖြည်းဖြည်း နစ်မြုပ်သွားတော့သည်။
ခဏကြာပြီးနောက်...
“ဝှစ်...”
ချောက်ကမ်းပါးပေါ်တွင် လေပြင်းတစ်ခု ဖြတ်သန်းတိုက်ခတ်သွားသည်။
လော့ချန် မျက်လုံးများကို ဖွင့်လိုက်ပြီး လေကို ဖြည်းညင်းစွာ ရှူထုတ်လိုက်သည်။
ထိုရှူထုတ်လိုက်သော လေမှာ ပြိုကွဲမသွားဘဲ မီတာ အနည်းငယ်အထိ ပန်းထွက်သွားခဲ့ပြီး ရှေ့မှောက်ရှိ ကျောက်တုံးကြီး တစ်ခုကိုပင် ဖောက်ထွင်းသွားကာ အပေါက်ငယ်များစွာ ဖြစ်ပေါ်သွားစေခဲ့သဖြင့် အလွန်ပင် ထက်မြက်လှပေသည်။
“၅၀ ရာနှုန်း ဓားဆန္ဒ...”
လော့ချန်၏ မျက်ဝန်းအတွင်းမှ အလင်းတန်းများ ပေါက်ကွဲထွက်လာသည်။
ဆွန်မိသားစုကို အမြစ်ဖြတ်ပြီးနောက် သူသည် သတ်ဖြတ်ခြင်းများကြားမှ စိတ်ဓာတ်များ အသွင်ပြောင်းလဲလာခဲ့သဖြင့် ဓားဆန္ဒမှာလည်း ၄၀ ရာနှုန်း အထွတ်အထိပ် အဆင့်သို့ ရောက်ရှိလာခဲ့သည်။
ယနေ့ ထိုအကြီးအကဲ၏ သိုင်းဝိညာဉ် ဆန္ဒ၏ အကူအညီကို ရရှိလိုက်သည့်အခါ သူ၏ ဓားဆန္ဒမှာ တစ်ခဏချင်းအတွင်းမှာပင် ယခင်ကထက် ပိုမို ထက်မြက်လာခဲ့ပြီး ၅၀ ရာနှုန်း ဓားဆန္ဒအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
၎င်းတင်မကသေးဘဲ လော့ချန် ခံစားနေရသည်မှာ သူ၏ ဓားဆန္ဒမှာ အခုမှ တိုးတက်လာခဲ့ခြင်း ဖြစ်သော်လည်း အလွန်ပင် ခိုင်မာနေခဲ့ပြီး ၅၀ ရာနှုန်း အထွတ်အထိပ် အဆင့်သို့ပင် နီးကပ်နေခဲ့ပြီ ဖြစ်သည်။
၆၀ ရာနှုန်း ဓားဆန္ဒသို့ တက်လှမ်းရန်မှာလည်း အချိန်အတော်ကြာလိမ့်မည် မဟုတ်တော့ပေ။ ရှေ့ဆက်လာမည့် ကာလအတွင်း သူ၏ စွမ်းအားမှာ တဟုန်ထိုး တိုးတက်လာတော့မည်မှာ သေချာလှပေသည်။
“လင်ချူးလန်... အကြီးအကဲ... ကျေးဇူးတင်ပါတယ်...”
လော့ချန် တီးတိုး ရေရွတ်လိုက်ရင်း အကြည့်ကို လွှဲလိုက်ကာ အခြားတစ်ဖက်ရှိ ဆွန်ယင်ယန်ကို ကြည့်လိုက်ရာ သူ၏ အကြည့်မှာ အေးဆေးတည်ငြိမ်နေသော်လည်း ထက်မြက်လှပေသည်။
အခန်း ၄၉၈ ပြီးပါပြီ။