← Chapters

အခန်း (၄၉၉-၅၀၁)

Vol. 34 Ch. 499-501

အခန်း (၄၉၉-၅၀၁)

Vol. 34 Ch. 499-501

အခန်း ၄၉၉ - အရှင်လတ်လတ် ဝါးမြိုခြင်း...

“ဆွန်ယင်ယန်... မင်း သေခါနီးအထိ ငါ့ကို ထပ်ပြီး လုပ်ကြံရဲသေးတယ်ပေါ့... နှမြောစရာပဲ... ငါက ကံကောင်းပြီး မသေခဲ့ဘူး... ဆိုစမ်းပါဦး... ငါ မင်းကို ဘယ်လို ပြန်ပြီး ကျေးဇူးဆပ်ရမလဲ...”

လော့ချန်သည် ဒဏ်ရာအပြင်းအထန်ရကာ မြေပြင်ပေါ် လဲကျနေသော ဆွန်ယင်ယန်ကို အေးစက်စွာ ကြည့်ရင်း တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။

သူ၏ ခြေလှမ်းများမှာ အလွန်ပင် နှေးကွေးလှသော်လည်း ခြေလှမ်းတိုင်းမှာ ဆွန်ယင်ယန်၏ နှလုံးခုန်သံ တစ်ချက်စီနှယ် ရှိနေတော့သည်။

“မင်း... မင်း...”

ဆွန်ယင်ယန်သည် လော့ချန်ကို စိုက်ကြည့်လိုက်ရာ သူ၏ မျက်နှာမှာ သွေးတစ်စက်မျှ မရှိသကဲ့သို့ ဖြူဖျော့နေခဲ့သည်။

သူသည် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားကာ အနှိုင်းမဲ့သန်မာသူ၏ ဝိညာဉ်နံ့သာကို ထွန်းညှိခဲ့ပြီး ကျိမိသားစု သန်မာသူ၏ ဆန္ဒပုံရိပ်ကို ဖိတ်ခေါ်ခဲ့ရခြင်း ဖြစ်သည်။

လော့ချန် ဤတစ်ကြိမ်တွင် သေချာပေါက် သေရမည်ဟု သူ ယူဆခဲ့သော်လည်း ကံမကောင်းစွာနှင့်ပင် သူ၏ ဆန္ဒမှာ သဲထဲရေသွန်သည့်နှယ် ဖြစ်ခဲ့ရသည်။ လော့ချန် အသက်ရှင်နိုင်လိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။

ယခုတစ်ကြိမ်တွင်မူ သူကိုယ်တိုင် ဘေးဒုက္ခနှင့် ကြုံရတော့မည်ကို သိရှိသွားသဖြင့် ဆွန်ယင်ယန်၏ မျက်နှာမှာ တဖြည်းဖြည်း တွန့်လိမ်လာပြီး မျက်လုံးများ နီမြန်းလျက် ဆိုလိုက်သည်။

“ဟားဟားဟား... ခွေးတိရစ္ဆာန်လေး... မင်း ငါ့ကို သတ်လိုက်လို့ကော ဘာထူးမှာလဲ... မင်းက ကျိမိသားစုရဲ့ အနှိုင်းမဲ့ သန်မာသူကို စော်ကားခဲ့မှတော့... နောင်ကျရင် အေးအေးဆေးဆေး နေရဖို့ စိတ်မကူးနဲ့တော့... တစ်လှိုင်းပြီးတစ်လှိုင်း လာမယ့် လိုက်လံသတ်ဖြတ်မှုတွေကိုပဲ စောင့်နေလိုက်စမ်း... လော့မိသားစု တစ်ခုလုံးလည်း မင်းနဲ့အတူ အသေခံရမှာပဲ...”

ဆွန်ယင်ယန်သည် ရူးသွပ်စွာဖြင့် အားရပါးရ ရယ်မောနေခဲ့သည်။

ကျိမိသားစု အနှိုင်းမဲ့သန်မာသူ၏ ဆန္ဒပုံရိပ် ခြေမှုန်းခံလိုက်ရသည့်အတွက် ထိုလူအနေဖြင့် ဤအတိုင်း လွှတ်ထားမည် မဟုတ်သည်မှာ သေချာလှပေသည်။

ဆန္ဒပုံရိပ်တစ်ခုတည်းနှင့်ပင် ဤမျှအထိ ထိတ်လန့်ဖွယ် ကောင်းနေမှတော့... အကယ်၍ ထိုသူ ကိုယ်တိုင်သာ ရောက်ရှိလာပါက လက်ချောင်းတစ်ချောင်းတည်းဖြင့်ပင် လော့ချန်ကို အကြိမ်ပေါင်း ရာချီ၊ ထောင်ချီ၍ သုတ်သင်နိုင်မည်ဟု ဆွန်ယင်ယန်က ယုံကြည်နေခဲ့သည်။

လော့ချန်သည် ဆွန်ယင်ယန်ကို ကြည့်ကာ ခပ်ဖွဖွ ပြုံးလျက် ဆိုလိုက်သည်။

“ဆွန်ယင်ယန်... နောင်တစ်ချိန်မှာ ငါ သေမလား၊ မသေဘူးလားဆိုတာ ငါ သေချာ မပြောနိုင်ဘူး... ဒါပေမဲ့ အခု ငါ သေချာပေါက် ပြောနိုင်တာကတော့... မင်းကတော့ လုံးဝ ရုပ်ပျက်ဆင်းပျက်နဲ့ သေရမှာအမှန်ပဲ... မင်း ဘယ်နည်းနဲ့မှ နောက်ထပ်တဖန် ရှောင်လွှဲနိုင်မှာ မဟုတ်တော့ဘူး...”

“မင်း သေရမှာပဲဆိုပြီး ငါက မင်းကို ဘာမှ ထပ်မလုပ်နိုင်တော့ဘူးလို့ ထင်နေတာလား... ငါ့ရဲ့ နည်းလမ်းတွေကို မင်း မြည်းစမ်းကြည့်လိုက်ပါအုံး...”

“ငါ ဘယ်နည်းလမ်းနဲ့ ဒီလောက် မြန်မြန် တိုးတက်လာတယ်ဆိုတာ မင်း သိချင်နေတယ်မဟုတ်လား... စိတ်ချ ဒီအကြောင်း မင်းမသေခင် ကောင်းကောင်း သိသွားစေရမယ်... နောက်ပြီး ငါ့ရဲ့ ဝါးမြိုခြင်း စွမ်းရည်ကို အရှင်လတ်လတ် လူတစ်ယောက်ပေါ်မှာ တစ်ခါမှ မစမ်းဖူးသေးဘူး... ဒီနေ့ မင်းနဲ့ပဲ စမ်းကြည့်ရသေတာပေါ့...”

လော့ချန် စကားတစ်ခွန်း ပြောလိုက်တိုင်း သူ၏ မျက်ဝန်းအတွင်းမှ သတ်ဖြတ်လိုစိတ်များမှာ ပိုမို ပြင်းထန်လာခဲ့သလို ရက်စက်ကြမ်းတမ်းသည့် အငွေ့အသက်များလည်း ဆူဝေလာတော့သည်။

“မင်း... မင်း ဘာလုပ်မလို့လဲ...”

လော့ချန်၏ အေးစက်လှသော အကြည့်အောက်တွင် ဆွန်ယင်ယန်၏ ရင်ထဲ၌ အလိုအလျောက် ထိတ်လန့်မှုများ ဖြစ်ပေါ်လာသည်။

လော့ချန်၏ အကြည့်မှာ နတ်ဆိုးတစ်ဦးနှယ် ရှိနေပြီး သွားဖြူဖြူများကို ပေါ်အောင် ပြုံးပြလိုက်ရင်း ဆိုလိုက်သည်။

“ဒီမှာ... ငါ ဘာလို့ ဒီလောက် မြန်မြန် တိုးတက်လာရလဲဆိုတာ မင်း သိချင်နေတာ မဟုတ်လား... ဒါဆိုရင်လည်း မျက်လုံးကို သေသေချာချာ ဖွင့်ပြီး ကြည့်ထားလိုက်စမ်း...”

“ဝါးမြိုစမ်း...”

လော့ချန် အော်ဟစ်လိုက်ရင်း လက်တစ်ဖက်ဖြင့် ဆွန်ယင်ယန်ကို လှမ်း၍ ဆုပ်ကိုင်လိုက်သည်။

“ဂီး...”

ကိုယ်တွင်းရှိ ကိုးရောင်ခြယ် နဂါးကြေးခွံရတနာမှာ တုန်ခါသွားခဲ့ပြီး ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာကာ... လော့ချန်၏ ညာဘက်လက်ဖဝါးပေါ်၌ ကိုးရောင်ခြည် အလင်းတန်းများ ဝင်းလက်လာပြီးနောက် ခန့်ညားလှသော နဂါးအရှိန်အဝါတစ်ခုအဖြစ် ပြောင်းလဲလျက် ပါးစပ်ကြီးကို ဟကာ ဆွန်ယင်ယန်၏ တစ်ကိုယ်လုံးကို မမြင်ရသော စုပ်ယူမှုများဖြင့် ဖုံးလွှမ်းထားလိုက်သည်။

ချက်ချင်းပင် ဆွန်ယင်ယန်၏ တစ်ကိုယ်လုံးမှာ ထိန်းမရဘဲ တုန်ယင်လာခဲ့ပြီး သူ၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်မှာ ပြင်းထန်လှသော စုပ်ယူမှုကြီး တစ်ခုကြောင့် ဆုတ်ဖြဲခံနေရသည့်နှယ် ခံစားလိုက်ရသည်။

သူသည် ဧရာမ ကြိတ်စက်ကြီး တစ်ခုအတွင်း ရောက်ရှိနေသကဲ့သို့ အရာအားလုံးမှာ ကြိတ်ခြေခံနေရပြီး ဝိညာဉ်မှာပင် လွတ်မြောက်နိုင်ခြင်း မရှိတော့ပေ။

ဤကဲ့သို့သော နာကျင်မှုမှာ စိတ်နှလုံးအတွင်းသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားခဲ့ပြီး ဓားဖြင့် အပိုင်းပိုင်း ခုတ်ထစ်ခံရခြင်းထက် အဆပေါင်း ဆယ်ဆ၊ ရာချီ၊ ထောင်ချီ၍ ပိုမို ပြင်းထန်လှပေသည်။

“အား... အား... အား...”

ဆွန်ယင်ယန်သည် သေဆုံးရန် ပြင်ဆင်ထားပါစေဦး... ယခုအခိုက်အတန့်တွင်မူ နာကျင်မှုကြောင့် မနေနိုင်ဘဲ အော်ဟစ်ညည်းညူနေရတော့သည်။ သူ၏ မျက်နှာမှာ တွန့်လိမ်နေခဲ့ပြီး လော့ချန်ကို ကြည့်ကာ မျှော်လင့်ချက်မဲ့စွာ အော်ဟစ်လိုက်သည်။

“အား... ခွေးတိရစ္ဆာန်လေး... မင်း ကောင်းကောင်း သေရမှာ မဟုတ်ဘူး...”

“သတ်လိုက်ပါ... ငါ့ကို မြန်မြန် သတ်လိုက်ပါ...”

“လော့ချန်... ငါ့ကို ခွင့်လွှတ်ပေးပါ... ငါ့ကို မြန်မြန် သတ်ပေးပါတော့...”

မျက်တောင်တစ်ခတ်အတွင်းမှာတင် ဆွန်ယင်ယန်၏ စိတ်ဓာတ်နှင့် ဝိညာဉ်မှာ လုံးဝ ပြိုကွဲသွားခဲ့ရပြီ ဖြစ်သည်။

မူလက ရမ်းကားနေသော အမူအရာမှာ ပျောက်ကွယ်သွားပြီး အသနားခံ တောင်းပန်ခြင်းများအဖြစ် ပြောင်းလဲသွားခဲ့သလို... လော့ချန်ကိုလည်း မြေပြင်ကို ဦးခေါင်းဖြင့် တဘုန်းဘုန်းတိုက်ကာ အဆက်မပြတ် ဦးညွှတ်ကာ နေတော့သည်။

ယခင်က အထက်စီးမှ ရပ်တည်ခဲ့သော အရှိန်အဝါများမှာ လုံးဝ မရှိတော့ပေ။

ဆွန်ယင်ယန်၏ အော်ဟစ်သံများကို ကြားနေရသော်လည်း လော့ချန်မှာမူ မလှုပ်မယှက်ဘဲ အကြည့်များမှာ အေးစက်နေခဲ့သည်။

“မင်း ငါ့အဖေကို အလစ်အငိုက် တိုက်ခိုက်တုန်းကကော... ဒီလို အချိန်မျိုး ရောက်လာမယ်လို့ မတွေးခဲ့ဘူးလား...”

“ငါတို့ သားအဖကို စော်ကားတုန်းကကော... ဒီလို အချိန်မျိုး ရောက်လာမယ်လို့ မတွေးခဲ့ဘူးလား...”

“ခုနက ငါ့ကို လုပ်ကြံဖို့ ကြံစည်တုန်းကကော... ဒီလို အချိန်မျိုး ရောက်လာမယ်လို့ မတွေးခဲ့ဘူးလား...”

အကယ်၍သာ ထိုအကြီးအကဲ၏ အသက်ကယ်လက်ဆောင် မရှိခဲ့ပါက ယနေ့ သူ ဘေးဒုက္ခနှင့် ကြုံတွေ့ရမည်မှာ သေချာလှပေသည်။

လော့ချန်သည် သူ့ကို လွယ်လွယ်နှင့် လွှတ်ပေးရန် အကြောင်းမရှိပေ။

“အား...”

နဂါးအရှိန်အဝါ၏ ဝါးမြိုမှုအောက်တွင် ခေတ္တမျှ ကြာပြီးနောက် ကြယ်ခြောက်ပွင့်ပါသော မိစ္ဆာလင်းယုန် သိုင်းဝိညာဉ်မှာ တွန့်လိမ်လျက် ဆွန်ယင်ယန်၏ ခန္ဓာကိုယ်အတွင်းမှ ဆွဲထုတ်ခံလိုက်ရသည်။

“ဘုန်း...”

သိုင်းဝိညာဉ် အနှစ်သာရများ ဝါးမြိုခံလိုက်ရသဖြင့် ဆွန်ယင်ယန်၏ အော်ဟစ်သံမှာ ချက်ချင်းပင် ရပ်တန့်သွားရပြီး... အသက်ဝိညာဉ်ဓာတ် ကင်းမဲ့သွားသော ခန္ဓာကိုယ်ကြီးမှာ မြေပြင်ပေါ်သို့ တောင့်တောင့်ကြီး လဲကျသွားကာ သူ၏ အသက်မှာလည်း ဤနေရာ၌ပင် ဇာတ်သိမ်းသွားတော့သည်။

“ဝုန်း...”

နဂါးအရှိန်အဝါမှာ လော့ချန်၏ ကိုယ်တွင်းသို့ ပြန်လည် ဝင်ရောက်သွားသည်။

ချက်ချင်းပင် လော့ချန်သည် အလွန် ကျယ်ပြောလှသော အနှစ်သာရများ သူ၏ ကိုယ်တွင်း၌ ပေါက်ကွဲထွက်ပေါ်လာကြောင်း ခံစားလိုက်ရပြီး... ၎င်းမှာ မီးတောင်ပေါက်ကွဲလိုက်သည့်နှယ် သွေးကြောများမှတစ်ဆင့် တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသဖြင့် သူ၏ ခန္ဓာကိုယ်မှာလည်း အဆက်မပြတ် တုန်ခါနေခဲ့သည်။

“တကယ့်ကို သန်မာတာပဲ...”

လော့ချန် အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်မိသည်။

သူသည် ယခင်ကလည်း သွေးကြောနိုးကြားမှုနယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ် သန်မာသူများကို ဝါးမြိုခဲ့ဖူးသည်။ သို့သော်လည်း မည်သည့်အရာကမျှ ယခုတစ်ကြိမ်လောက် မပြင်းထန်ခဲ့ပေ။

ဆွန်ယင်ယန်၏ သိုင်းဝိညာဉ် အနှစ်သာရမှာ အဆင့်တူ သန်မာသူများထက် အဆပေါင်းများစွာ ပိုမို သန်မာနေခဲ့သည် မဟုတ်ပါလော။

“အရှင်လတ်လတ် ဝါးမြိုလိုက်လို့ ဖြစ်မှာပဲ...”

လော့ချန် သုံးသပ်လိုက်ရင်း ရင်ထဲ၌ ဝမ်းသာသွားမိသည်။

“ဒါက ငါ့ကို သွေးကြောနိုးကြားမှုနယ်ပယ် ပဉ္စမအဆင့်ကို တက်လှမ်းနိုင်အောင် ကူညီပေးနိုင်မှာပဲ...”

ဆွန်ယင်ယန်၏ အလောင်းကို တစ်ချက်ကြည့်လိုက်ရင်း လော့ချန်၏ အကြည့်မှာ ထက်မြက်လာပြီး မမြင်ရသော အခြေအနေတစ်ခုတွင် သူ၏ စိတ်နှလုံးအတွင်းရှိ အနှောင်အဖွဲ့တစ်ခုမှာ ပြိုကွဲသွားသကဲ့သို့ ခံစားလိုက်ရကာ စိတ်အာရုံမှာလည်း များစွာ ကြည်လင်လာခဲ့သည်။

ယခုမှ တိုးတက်လာသော ဓားဆန္ဒမှာလည်း အလိုအလျောက်ပင် ပိုမို ခိုင်မာလာသည့် အရိပ်အယောင်များ ပြသလာခဲ့သည်။

ဆွန်ယင်ယန်ကို ပထမဆုံးအကြိမ် တွေ့ဆုံစဉ်ကတည်းက လော့ချန်၏ ရင်ထဲတွင် အမောတစ်ခု ဖြစ်နေခဲ့သည် မဟုတ်ပါလော။ ညပေါင်းများစွာ အိမ်မက်ဆိုးများအဖြစ် သူ၏ ဦးနှောက်အတွင်း ပေါ်ထွက်နေခဲ့ခြင်းပင်။

ယခုအခါ ဆွန်ယင်ယန်ကို ကိုယ်တိုင် အဆုံးသတ်လိုက်နိုင်ပြီး ရင်ထဲမှ အမောကို ဖယ်ရှားနိုင်ခဲ့ပြီဖြစ်ရာ လော့ချန်၏ စိတ်ဓာတ်မှာလည်း အသွင်ပြောင်းလဲလာခဲ့ပြီး... ဓားဆန္ဒမှာလည်း လိုက်ပါ မြင့်တက်လာကာ ပိုမို ထက်မြက်လှသော အရှိန်အဝါများကို ထုတ်လွှတ်နေသဖြင့် မည်သည့်အချိန်တွင်မဆို ၆၀ ရာနှုန်း ဓားဆန္ဒအဆင့်သို့ တက်လှမ်းနိုင်တော့မည့်နှယ် ရှိနေခဲ့သည်။

“ရွှီး...”

အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ရင်း လော့ချန်သည် လက်ချောင်းကို တစ်ချက် တောက်လိုက်ရာ ဆွန်ယင်ယန်၏ ဦးခေါင်းမှာ ပြတ်တောက်သွားပြီး လင်ရှောင်တံဆိပ်ပြားအတွင်းသို့ သိမ်းဆည်းလိုက်သည်။

“ခုနက လှုပ်ရှားမှုက အရမ်းကြီးသွားပြီ... ဒီနေရာကနေ မြန်မြန် ထွက်မှ ဖြစ်မယ်...”

အရာအားလုံးကို သိမ်းဆည်းပြီးနောက် လော့ချန်၏ ကိုယ်ရိပ်မှာ တစ်ချက် လှုပ်ရှားသွားကာ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး ညမှောင်မှောင်အတွင်း တစ်ခဏချင်း ပျောက်ကွယ်သွားတော့သည်။

“ဝှစ်...”

လော့ချန် ထွက်ခွာသွားပြီး မကြာမီ...

သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူ အချို့မှာ ဟင်းလင်းပြင်ကို ဖောက်ထွင်းလျက် လူသူကင်းမဲ့သော ထိုတောင်ထိပ်ပေါ်သို့ ရောက်ရှိလာကြသည်။

“ဟင်... ဒီမှာ ဘာတွေ ဖြစ်ခဲ့တာလဲ...”

“ဒီလို ဖျက်ဆီးနိုင်စွမ်းမျိုးက အနည်းဆုံးတော့ မဟာစွမ်းအားရှင်အဆင့် သန်မာသူတွေရဲ့ တိုက်ပွဲပဲ ဖြစ်ရမယ်... ဒါမှမဟုတ် အဲ့ဒီထက်တောင် ပိုပြီး သန်မာဦးမလား မသိဘူး...”

“မဟာစွမ်းအားရှင်ထက် ပိုသန်မာတယ် ဟုတ်လား... ဒါဆိုရင် ဘယ်လို တည်ရှိမှုမျိုး ဖြစ်မလဲ... ဂိုဏ်းကြီးသုံးဂိုဏ်းမှာတောင် အဲ့ဒီလို သန်မာတဲ့သူ မရှိဘူးလေ...”

“ဒီနေရာက အန္တရာယ်များတယ်... မြန်မြန် သွားကြစမ်း...”

အောက်ဘက်ရှိ ပျက်စီးနေသော ကမ္ဘာမြေကို ကြည့်ရင်း ထိုသွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူများမှာ ထိတ်လန့်တုန်လှုပ်လျက် အမြန်ဆုံး ထွက်ပြေးကြတော့သည်။

အလယ်ပိုင်းကုန်းမြေကြီး...

အလွန် မြင့်မားလှသော တောင်ထိပ်တစ်ခုမှာ ဟင်းလင်းပြင်အထက်၌ လွင့်ပျံနေသယောင်ပင်။

ထိုတောင်ထိပ်မှာ အဆုံးကိုပင် မမြင်နိုင်ဘဲ တစ်ခုလုံးမှာ ထူထပ်လှသော မြူခိုးများ၏ ဖုံးလွှမ်းခြင်းကို ခံထားရသလို ရောင်စုံအလင်းတန်းများစွာလည်း ယှက်နွယ်နေပြီး... ငှက်ဝံနှင့် ကြိုးကြာများလည်း ကစားနေကြသဖြင့် နတ်ဘုံနတ်နန်း တစ်ခုနှယ် ရှိနေပေ၏။

“တောက်...”

တောင်ထိပ်ပေါ်ရှိ ခန့်ညားလှသော နန်းတော်တစ်ခုအတွင်းမှ မိုးကြိုးသံနှယ် ဒေါသတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

နန်းတော်အတွင်း၌ ဝေဝါးလှသော အလင်းတန်းများ၏ လွှမ်းခြုံမှုကို ခံထားရသည့် ထွားကျိုင်းလှသော သက်လတ်ပိုင်းအရွယ် လူတစ်ဦးသည် ရွှေဝါရောင် သွေးတစ်လုတ်ကို အပြင်းအထန် အန်ထုတ်လိုက်ရပြီး မတ်တပ်ရပ်လိုက်ရာ... သူ၏ အကြည့်မှာ တောက်လောင်နေသော မီးလျှံနှယ် ရှိနေခဲ့သဖြင့် နေမင်းကြီးပင်လျှင် အရောင်မှိန်သွားရတော့သည်။

“ငါ့ရဲ့ ဆန္ဒပုံရိပ်ကို ဖျက်ဆီးရဲတယ်ပေါ့... တကယ့်ကို ရဲတင်းလွန်းတယ်...”

ဒေါသတကြီး အော်ဟစ်လိုက်သဖြင့် နန်းတော်ကြီး တစ်ခုလုံး တုန်ခါသွားရပြီး ထိုသက်လတ်ပိုင်းလူက အမိန့်ပေးလိုက်သည်။

“ဘယ်သူရှိလဲ...”

“ဝှစ်...”

ဝတ်စုံနက်နှင့် သူအိုကြီးတစ်ဦးမှာ မည်သည့် အသံမျှ မထွက်ဘဲ နန်းတော်အတွင်းသို့ ရောက်ရှိလာခဲ့သည်။

“ဝှစ်...”

ထိုသက်လတ်ပိုင်းလူသည် လက်တစ်ဖက်ဖြင့် လှမ်း၍ ဖမ်းဆုပ်လိုက်ရာ သူ၏ လက်ဖဝါးအတွင်း၌ အလင်းတန်းများ ဝင်းလက်လာပြီးနောက် ပုံတူကားချပ်တစ်ခု လျင်မြန်စွာ ဖြစ်ပေါ်လာခဲ့သည်။

ထိုကားချပ်ပေါ်၌ နဂါးဦးခေါင်းတောင်ဝှေးကို ကိုင်ဆောင်ထားပြီး မျက်ခုံးမွေးဖြူကြီးများမှာ မြေပြင်အထိ ရောက်နေသော သူအိုကြီးတစ်ဦး၏ ပုံရိပ် ရှိနေလေ၏။

“စုံစမ်းစမ်း... ဒီလူက ဘယ်သူလဲ... အခု ဘယ်မှာ ရှိနေလဲဆိုတာကို...”

“ဝှစ်...”

ပုံတူကားချပ်မှာ ဝတ်စုံနက်နှင့် သူအိုကြီးဆီသို့ ပျံထွက်သွားသည်။

“ဟုတ်ကဲ့ပါ...”

ဝတ်စုံနက်နှင့် သူအိုကြီးသည် ဝတ်ရုံစကို ဝှေ့ယမ်းလိုက်ရင်း ထိုကားချပ်ကို သိမ်းဆည်းလိုက်ကာ ရိုသေစွာဖြင့် ပြန်လည် ဖြေကြားလိုက်သည်။

မျက်ဝန်းအတွင်း၌ မီးလျှံများ ဝင်းလက်နေဆဲဖြစ်ကာ ထိုသက်လတ်ပိုင်းလူက ထပ်မံ အော်ဟစ်လိုက်သည်။

“ရတနာရထားလုံးကို ပြင်စမ်း... ငါကိုယ်တိုင် တာယွဲ့မင်းဆက်ဆီကို တစ်ခေါက် သွားရမယ်...”

“ဟုတ်ကဲ့ပါ...”

ဝတ်စုံနက်နှင့် သူအိုကြီးက ပြန်လည် ဖြေကြားလိုက်ပြီးနောက် ဦးညွှတ်လျက် ဆိုသည်။

“အကြီးအကဲ... အရှေ့ကုန်းမြေကြီး ဌာနခွဲဘက်ကနေ ပေးပို့လာတဲ့ ပစ္စည်းတစ်ခု ရှိပါတယ်...”

စကားပြောနေစဉ်အတွင်း သူအိုကြီးသည် ကလေးငယ်တစ်ဦး၏ လက်သီးဆုပ်ခန့် ရှိသော ဖန်လုံးတစ်ခုကို ဆက်သလိုက်သည်။

“ဟင်...”

ထိုသက်လတ်ပိုင်းလူသည် ထိုဖန်လုံးကို လှမ်း၍ ဖမ်းဆုပ်လိုက်သည်။

ချက်ချင်းပင် ဖန်လုံးအတွင်း၌ ဝေဝါးလှသော အလင်းတန်းများ ဝင်းလက်လာပြီး မြင်ကွင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။

၎င်းမှာ လော့ချန်သည် ယွဲ့ဟုန်ယီ၏ ရှေ့မှောက်တွင် သူ၏ သိုင်းဝိညာဉ်ကို ထုတ်ဖော်ပြသခဲ့သည့် မြင်ကွင်းပင် ဖြစ်သည်။

“ဟားဟားဟားဟား...”

မြင်ကွင်းကို ကြည့်ပြီးနောက် ထိုသက်လတ်ပိုင်းလူသည် နှိမ်ချစွာဖြင့် အားရပါးရ ရယ်မောလိုက်ရာ နန်းတော်ကြီး တစ်ခုလုံး တုန်ခါသွားတော့သည်။

“တကယ်ပဲ ကြယ်တစ်လုံးတောင် မပါတဲ့ အသုံးမကျတဲ့ သိုင်းဝိညာဉ်ပဲကိုး... မဆန်းပါဘူး... သူ သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့်ကို တက်လှမ်းနိုင်ပါစေဦး... အရှိန်အဝါက ဒီလောက်အထိ အားနည်းနေတာကိုး... ဒါက ကျိလင်ယွဲ့ ချန်ရစ်ခဲ့တဲ့ သွေးသားပေါ့... ငါကတောင် သူက ယွမ်ဟောင်လေးအတွက် ခြိမ်းခြောက်မှု ဖြစ်လာမလားလို့ စိုးရိမ်ခဲ့မိသေးတယ်... အခုကြည့်ရတာ တကယ့်ကို ရယ်စရာပဲ...”

မျက်လုံးများကို လှည့်ပတ်လိုက်ရင်း ထိုသက်လတ်ပိုင်းလူက ဝတ်ရုံစကို ဝှေ့ယမ်းလိုက်သည်။

“ထားလိုက်ပါတော့... တာယွဲ့မင်းဆက်ကို သွားနေဖို့ မလိုတော့ဘူး... ဒီလို အမှိုက်မျိုးက ငါကိုယ်တိုင် သွားဖို့ အရည်အချင်း မရှိပါဘူး... သူ့ရဲ့ ကံကြမ္မာအတိုင်းပဲ ထားလိုက်ကြတာပေါ့...”

အခန်း ၄၉၉ ပြီးပါပြီ။

အခန်း ၅၀၀ - အမြောက်အများရရှိခြင်း... အစွမ်းကုန် ကျင့်ကြံခြင်း...

တိုက်ပွဲဖြစ်ပွားရာနေရာမှ ထွက်ခွာလာပြီးနောက် လော့ချန်သည် မြောက်ဘက်သို့ ဦးတည်ကာ တစ်ဟုန်ထိုး ပျံသန်းလာခဲ့သည်။

နောက်တစ်နေ့ နံနက်မိုးလင်းချိန်တွင် လော့ချန်သည် ဝူးယန်မြို့နှင့် မိုင်ပေါင်း သောင်းချီဝေးကွာသော နေရာသို့ ရောက်ရှိလာခဲ့ပြီး တောင်နှင့်ရေ ရှိသော နေရာတစ်ခုတွင် ရပ်နားလိုက်သည်။

လျှပ်စီးဓားကို ဆွဲထုတ်လိုက်ရင်း လော့ချန် လက်ကောက်ဝတ်ကို တစ်ချက် လှုပ်ရှားလိုက်ရာ ဓားစွမ်းအားများ ယှက်ဖြန့်သွားပြီး ချောက်ကမ်းပါးပေါ်တွင် အခန်းတစ်ခန်းစာခန့် ကျယ်ဝန်းသော ကျောက်ဂူတစ်ခု ဖြစ်ပေါ်လာသည်။

ကျောက်ဂူအတွင်းသို့ ဝင်ရောက်လိုက်ပြီးနောက် လော့ချန်သည် လေကို ဖြည်းညင်းစွာ ရှူထုတ်လိုက်ပြီး တင်းမာနေသော စိတ်အာရုံများကို လျှော့ချလိုက်သည့်အခါ သူသည် နက်ရှိုင်းလှသော ပင်ပန်းနွမ်းနယ်မှုများကို ချက်ချင်း ခံစားလိုက်ရသည်။

မနေ့မှ ယနေ့အထိ ဖြစ်ရပ်များစွာ ဖြစ်ပွားခဲ့သည် မဟုတ်ပါလော။ ၎င်းအပြင် သွေးလောင်ဆေးလုံး သောက်သုံးထားသည့် နောက်ဆက်တွဲ ဆိုးကျိုးများလည်း ရှိနေခဲ့သည်။ သူသည် ခန္ဓာကိုယ်ရော စိတ်ဓာတ်ပါ အတိုင်းအဆမရှိ အားအင်ကုန်ခမ်းနေခဲ့ပြီ ဖြစ်သည်။ အခြားသူတစ်ဦးသာဆိုလျှင် နောက်ဆုံး အခြေအနေသို့ ရောက်ရှိနေသည်မှာ ကြာပြီ ဖြစ်ပေလိမ့်မည်။

“အရင်ဆုံး အနားယူမှ ဖြစ်မယ်...”

လျှပ်စီးဓားကို ပိုက်လျက် လော့ချန်သည် ကျောက်နံရံကို မှီကာ ခေတ္တမျှ အိပ်ပျော်သွားခဲ့ပြီး သတိအနည်းငယ်ကိုမူ ချန်ထားခဲ့သည်။

မွန်းလွဲပိုင်း အချိန်ရောက်မှ လော့ချန် မျက်လုံးများ ပွင့်လာသည်။

“အတော်လေး နေလို့ကောင်းသွားပြီ... ဒီလောက်အထိ ပင်ပန်းတာ ဒါ ပထမဆုံးပဲ...”

မတ်တပ်ရပ်လိုက်ရင်း လော့ချန်သည် ကိုယ်လက်များကို ဆန့်ထုတ်လိုက်ရာ တစ်ကိုယ်လုံးရှိ အရိုးများမှ တဖြောက်ဖြောက် အသံများ ထွက်ပေါ်လာတော့သည်။

“အနှိုင်းမဲ့ သန်မာသူ...”

တမြန်နေ့က ဖြစ်ပျက်ခဲ့သည်များကို တွေးတောမိလိုက်သည့်အခါ လော့ချန် လွန်စွာ မျက်မှောင်ကြုတ်လိုက်မိသည်။

ဖခင်ကို ဒုက္ခပေးရန် အမိန့်ပေးခဲ့သော ထိုကျိမိသားစု သန်မာသူမှာ ဆန္ဒပုံရိပ်တစ်ခုတည်းနှင့်ပင် ဤမျှအထိ စွမ်းအားကြီးမားနေပြီး တောင်ကို ဖြို၊ ပင်လယ်ကို ဖို့နိုင်သည့် အစွမ်းမျိုး ရှိနေခဲ့သည် မဟုတ်ပါလော။

သူ၏ စစ်မှန်သော စွမ်းအားမှာ မည်မျှအထိ ထိတ်လန့်ဖွယ် ကောင်းမည်ကို သူ စဉ်းစား၍ပင် မရနိုင်တော့ချေ။

သူနှင့် ထိုသူကြား ကွာခြားချက်မှာ ကြယ်ကလေးများနှင့် လမင်းကြီးနှယ် ဖြစ်နေခဲ့သည်။

ခေတ္တမျှ အံ့သြတုန်လှုပ်သွားပြီးနောက် လော့ချန် ခေါင်းခါယမ်းလိုက်ပြီး ထပ်မံ မတွေးတောတော့ပေ။

ထမင်းကို တစ်လုပ်ချင်း စားရသလို လမ်းကိုလည်း တစ်လှမ်းချင်း လျှောက်ရမည် မဟုတ်ပါလော။

ယခုအခါ သူနှင့် ထိုသူကြား ကွာခြားချက်မှာ ချောက်ကမ်းပါးကြီးနှယ် ရှိနေသဖြင့် သူ လုပ်နိုင်သည်မှာ စွမ်းအားကို အစွမ်းကုန် မြှင့်တင်ရန်သာ ရှိတော့သည်။

“ရရှိထားတာတွေကို အရင်ကြည့်ရသေးတာပေါ့...”

လော့ချန် ကြမ်းပြင်တွင် ထိုင်ချလိုက်သည်။ သူသည် ဆွန်မိသားစု၏ ပိုင်ဆိုင်မှုများကို အလွန်ပင် စိတ်ဝင်စားနေသည်။

ဆွန်မိသားစုသည် ဝူးယန်မြို့၌ နှစ်ပေါင်းများစွာ အခြေချခဲ့သလို ဆွန်ယင်ယန်မှာလည်း လျှပ်ယွမ်ဂိုဏ်း၏ ပြင်ပစည်းအကြီးအကဲ တစ်ဦး ဖြစ်ရာ... စုဆောင်းထားသော ပိုင်ဆိုင်မှုများမှာ နည်းပါးလိမ့်မည် မဟုတ်ပေ။

လော့ချန်သည် ပထမဦးစွာ သွေးကြောဖွင့်ဆေးလုံးများကို ထုတ်ယူလိုက်သည်။

သေတ္တာလိုက် စုပုံထားသော သွေးကြောဖွင့်ဆေးလုံးများမှာ တောင်ငယ်တစ်ခုနှယ် ရှိနေခဲ့ပြီး လော့ချန် ခန့်မှန်းကြည့်ရသလောက် အနည်းဆုံး တစ်သိန်းခန့် ရှိပေလိမ့်မည်။ လော့ယန်မြို့ ဆွန်မိသားစုထံမှ ရရှိခဲ့သော သုံးသောင်းကျော်နှင့် ပေါင်းစပ်လိုက်လျှင် စုစုပေါင်း တစ်သိန်းသုံးသောင်းကျော်ခန့် ရှိပေလိမ့်မည်။

သွေးကြောဖွင့်ဆေးလုံး တစ်သိန်းသုံးသောင်းကျော်ဆိုသည်မှာ ငွေစသန်းပေါင်းများစွာ တန်ဖိုးရှိလှပေသည်။ ၎င်းမှာ သာမန် သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူ အများစုအတွက် စိတ်ကူးပင် မယဉ်ရဲသော ကြီးမားလှသော ပိုင်ဆိုင်မှုတစ်ခုပင်။

သွေးကြောဖွင့်ဆေးလုံးများအပြင် လော့ချန်သည် ဝိညာဉ်ကျောက်တုံး သေတ္တာတစ်လုံးနှင့် အမျိုးမျိုးသော ဆေးလုံးများစွာကိုလည်း တွေ့ရှိလိုက်ရသည်။

ထိုဆေးလုံးများနှင့် ဝိညာဉ်ကျောက်တုံးများ၏ အဆင့်အတန်းမှာ မြင့်မားလှသည် မဟုတ်သော်လည်း အရေအတွက်နှင့် အမျိုးအစား များပြားလှသဖြင့် တန်ဖိုးမှာလည်း သာမန်မဟုတ်ပေ။

၎င်းအပြင် ကျင့်စဉ်နှင့် သိုင်းပညာ လျှို့ဝှက်ကျမ်းပေါင်း ရာကျော် ရှိနေခဲ့ပြီး အများစုမှာ ကြယ်တစ်လုံးမှ သုံးလုံးအထိ အခြေခံကျမ်းများ ဖြစ်ကြသော်လည်း ကြယ်လေးပွင့် ကျမ်း (၁၇) ကျမ်း၊ ကြယ်ငါးပွင့် ကျမ်း (၄) ကျမ်း ပါဝင်နေခဲ့ကာ... ထိုအထဲမှ နှစ်ကျမ်းမှာမူ ကြယ်ငါးပွင့် ထိပ်တန်းအဆင့်သို့ပင် ရောက်ရှိနေခဲ့သည်။

“အလယ်အလတ်အဆင့် လျှို့ဝှက်ကျမ်းတွေ ဒီလောက်တောင် များတာလား... ဒါတွေက ငါ့ မိသားစုကို အင်အားတောင့်တင်းအောင် လုပ်ဖို့အတွက် တကယ့်ကို အသုံးဝင်မှာပဲ...”

လော့ချန် မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

ဤမျှ များပြားလှသော လျှို့ဝှက်ကျမ်းများသည် သူ့မိသားစု၏ အလုံးစုံသော အင်အားကို အဆင့်အတန်း အချို့အထိ မြင့်တက်လာစေရန် လုံလောက်လှပေသည်။

“ဟင်...”

လော့ချန် ဆေးလုံးများနှင့် လျှို့ဝှက်ကျမ်းများကို သိမ်းဆည်းရန် ပြင်လိုက်စဉ် ရုတ်တရက် သစ်သားသေတ္တာငယ်လေး တစ်ခုကို သတိပြုမိလိုက်သည်။

သေတ္တာမှာ အလွန်ပင် လက်ရာမြောက်လှသလို လော့ချန်သည် ထိုအတွင်းမှ ကျယ်ပြောလှသော သက်စောင့်အရှိန်အဝါ တစ်ခုကို ခံစားလိုက်ရသည်။

“ဘုန်း...”

လော့ချန် ထိုသေတ္တာကို တိုက်ရိုက် ဖွင့်လိုက်သည့်အခါ ကျောက်ဂူအတွင်းသို့ သွေးရောင်နှင့် ရွှေရောင် အလင်းတန်းများ ချက်ချင်းပင် ဝင်းလက်သွားတော့သည်။

သေတ္တာအတွင်း၌ လက်ဖဝါးခန့် ရှိသော တစ်ကိုယ်လုံး သွေးနီရောင် လွှမ်းနေသည့် လင်ဇီးဆေးမြစ် တစ်ခု ရှိနေခဲ့သည်။

ထိုလင်ဇီးဆေးမြစ် တစ်ကိုယ်လုံးတွင် သွေးကြောများနှယ် လမ်းကြောင်း နှစ်ကြောင်း ရှိနေပြီး အိပ်မက်ဆန်လှသော သွေးရောင်အလင်းတန်းများ ဝင်းလက်နေသလို ဝိညာဉ်အရှိန်အဝါများလည်း ဖုံးလွှမ်းနေခဲ့ကာ... ကြယ်တာရာ ငါးလုံးမှာလည်း အလင်းတန်းများနှင့်အတူ လှုပ်ရှားနေပြီး လက်ထဲ၌ ကိုင်ဆောင်ထားသည့်အခါ ထူးဆန်းသော တုန်ခါမှုများကိုပင် ခံစားနေရသည်။

“ကြယ်ငါးပွင့် ထိပ်တန်း ဝိညာဉ်ဆေး... သွေးလင်ဇီးပဲ... လမ်းကြောင်း နှစ်ကြောင်းတောင် ပါတာဆိုတော့ အနည်းဆုံး နှစ်ပေါင်း နှစ်ထောင်လောက် သက်တမ်းရှိမှာပဲ...”

လော့ချန်၏ အကြည့်မှာ တည်ငြိမ်သွားပြီးနောက် လွန်စွာ ဝမ်းသာသွားမိသည်။

သွေးလင်ဇီးဆိုသည်မှာ သွေးနှင့် အသားများကို အားဖြည့်ပေးနိုင်သော ကမ္ဘာမြေ၏ ရတနာ မဟုတ်ပါလော။ သာမန် သွေးလင်ဇီးမှာ သက်တမ်း ခုနစ်ရာ၊ ရှစ်ရာခန့်သာ ရှိတတ်ပြီး နှစ်ပေါင်း တစ်ထောင်ကျော်ရန်မှာ အလွန်ပင် ရှားပါးလှပေသည်။ နှစ်ပေါင်း နှစ်ထောင် သက်တမ်းရှိသော သွေးလင်ဇီး၏ အာနိသင်နှင့် တန်ဖိုးမှာ သာမန် သွေးလင်ဇီးများထက် များစွာ သာလွန်လှပေသည်။

လော့ချန်သည် သွေးလောင်ဆေးလုံး၏ နောက်ဆက်တွဲ ဆိုးကျိုးကြောင့် သွေးနှင့် အသားများ ခန်းခြောက်နေပြီး သူ၏ အခြေအနေမှာ အထွတ်အထိပ် အဆင့်၏ သုံးပုံတစ်ပုံခန့်သာ ရှိတော့သည် မဟုတ်ပါလော။

နှစ်ပေါင်း နှစ်ထောင် သက်တမ်းရှိသော ဤသွေးလင်ဇီး ရှိနေမှတော့ သူသည် အတိုတောင်းဆုံးသော အချိန်အတွင်း အထွတ်အထိပ် အဆင့်သို့ ပြန်လည် ရောက်ရှိရန် လုံလောက်လှပေသည်။

“တကယ့်ကို လိုအပ်နေတဲ့ အချိန်မှာ ရလိုက်တာပဲ...”

စိတ်အေးသွားပြီးနောက် လော့ချန်သည် သွေးလင်ဇီးကို ဘေးတွင် ထားလိုက်ပြီး အကြည့်ကို လွှဲလိုက်ရာ သွေးရောင် ကြွေပုလင်းငယ် နှစ်လုံးကို သတိပြုမိလိုက်ပြန်သည်။

သူ သေသေချာချာ မှတ်မိနေသည်မှာ ထိုကြွေပုလင်းငယ် နှစ်လုံးမှာ သွေးဝိညာဉ်ဂိုဏ်း သန်မာသူက ဆွန်ယင်ယန်ကို လက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

“ဒါက ဘာဆေးလုံးတွေလဲ မသိဘူး...”

လော့ချန် တီးတိုး ရေရွတ်လိုက်ရင်း ပုလင်းအဖုံးကို ဖွင့်ကာ ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်သည်။

ချက်ချင်းပင် ကျောက်ဂူအတွင်း၌ သွေးရောင် အလင်းတန်းများ စူးရှသွားပြီး ပြင်းထန်လှသော သွေးအနံ့အသက်များ ပျံ့နှံ့သွားတော့သည်။

ထို သွေးအနံ့မှာ လူကို ပျို့အန်စေခြင်း မရှိဘဲ တစ်ချက် ရှူလိုက်ရုံဖြင့်ပင် တစ်ကိုယ်လုံး နွေးထွေးသွားစေသလို စိတ်ဓာတ်ကိုလည်း များစွာ လန်းဆန်းစေခဲ့သည်။ ထို သွေးအရှိန်အဝါများမှာ လော့ချန်၏ လက်ဖဝါးပေါ်ရှိ သွေးရောင် ဆေးလုံးမှ ထွက်ပေါ်လာခြင်းပင် ဖြစ်သည်။

ဆေးလုံးမှာ သွေးနီရောင်နှင့် ရွှေရောင် ယှက်နွယ်နေပြီး မျက်နှာပြင်ပေါ်တွင် တွန့်လိမ်နေသော အစင်းကြောင်းများ ရှိနေခဲ့ကာ... တစ်ချက်ကြည့်လိုက်လျှင် ရုန်းကန်နေသော သွေးရောင်ပုံရိပ်များနှယ် ရှိနေပြီး သွေးရောင် အငွေ့အသက်များလည်း မျက်နှာပြင်ပေါ်၌ ဝေ့ဝဲနေခဲ့သည်။

“သွေးဝိညာဉ် ဆေးလုံးပဲ...”

လက်ထဲမှ ဆေးလုံးကို ကြည့်ရင်း လော့ချန် အလွန်ပင် ဝမ်းသာသွားမိသည်။

ယခင်က သူသည် သွေးအနှစ်သာရဆေးလုံး သုံးလုံးကို သောက်သုံးခဲ့ဖူးပြီး ကျင့်ကြံမှုမှာ သွေးကြောနိုးကြားမှုနယ်ပယ် စတုတ္ထအဆင့် အလယ်ပိုင်းမှနေ၍ စတုတ္ထအဆင့် နောက်ပိုင်းသို့ တိုက်ရိုက် တက်လှမ်းနိုင်ခဲ့သည် မဟုတ်ပါလော။

ယခု ပုလင်းတစ်လုံးစီတွင် ဆေးလုံး ခြောက်လုံးစီ ပါဝင်နေသဖြင့် စုစုပေါင်း ဆေးလုံး တစ်ဆယ့်နှစ်လုံး ရှိနေခဲ့ပြီ ဖြစ်သည်။

ဤဆေးလုံး တစ်ဆယ့်နှစ်လုံး ရှိနေမှတော့ သူသည် သွေးကြောနိုးကြားမှုနယ်ပယ် ပဉ္စမအဆင့်သို့ တက်လှမ်းရန် မည်သည့် အခက်အခဲမျှ ရှိတော့မည် မဟုတ်သလို... ဆဋ္ဌမအဆင့်သို့ တက်လှမ်းရန်ပင် ကြိုးစားနိုင်ပေလိမ့်မည်။

“ကြယ်ငါးပွင့် ထိပ်တန်း ဝိညာဉ်ဆေး တစ်ခုရဲ့ တန်ဖိုးက ငွေစ တစ်ထောင်ကျော် တန်တာလေ... သွေးအနှစ်သာရ ဆေးလုံးရဲ့ တန်ဖိုးကတော့ ပိုပြီး မြင့်မှာပဲ... ဆေးလုံး တစ်ဆယ့်နှစ်လုံးဆိုရင် အနည်းဆုံး ငွေစ သောင်းပေါင်းများစွာ တန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှုပဲ... တကယ့်ကို ရက်ရက်ရောရော ပေးတာပဲ... ဆွန်ယင်ယန် သွေးဝိညာဉ်ဂိုဏ်းဆီ ဘာလို့ ခိုလှုံသွားလဲဆိုတာ မဆန်းတော့ပါဘူး...”

“ဂိုဏ်းကြီးသုံးဂိုဏ်းမှာ ဘယ်နှယောက်လောက်များ သွေးဝိညာဉ်ဂိုဏ်းရဲ့ ဆွဲဆောင်မှုကို ခံထားရမလဲ မသိဘူး...”

လက်ထဲမှ သွေးအနှစ်သာရဆေးလုံးကို ကြည့်ရင်း လော့ချန်၏ အကြည့်မှာ အေးစက်သွားပြီး ရင်ထဲ၌ ပြင်းထန်လှသော စိုးရိမ်စိတ်များ ဖြစ်ပေါ်လာခဲ့သည်။

စည်းရုံးသိမ်းသွင်းခံထားရသူမှာ ဆွန်ယင်ယန် တစ်ယောက်တည်း မဟုတ်သည်မှာ သေချာလှပေသည်။

မကြာမီ အချိန်အတွင်းမှာပင် တာယွဲ့မင်းဆက် တစ်ခုလုံးကို လွှမ်းခြုံသွားမည့် အဖြစ်အပျက်ကြီး တစ်ခု ဖြစ်ပွားတော့မည်ဟု သူ ခံစားနေရသည်။

“ဘာပဲဖြစ်ဖြစ်... ကောင်းကင်ပြိုရင် အရပ်ရှည်တဲ့သူတွေ အရင် ထမ်းထားမှာပဲ... အခု ငါ့အတွက် အရေးကြီးဆုံးက စွမ်းအားကို မြန်မြန် မြှင့်တင်ပြီး ကြိုတင် ပြင်ဆင်ထားဖို့ပဲ...”

လော့ချန် ခေါင်းခါယမ်းလိုက်ရင်း အတွေးများကို ရုပ်သိမ်းလိုက်သည်။

အခြားသော ပစ္စည်းများကို လင်ရှောင်တံဆိပ်ပြားအတွင်းသို့ သိမ်းဆည်းလိုက်ပြီးနောက် သွေးလင်ဇီးကို ထုတ်ယူလိုက်သည်။

ဆွန်မိသားစုကို အမြစ်ဖြတ်နိုင်ခဲ့ပြီး ရင်ထဲမှ အမောတစ်ခုကို ဖြေဖျောက်နိုင်ခဲ့သဖြင့် လော့ချန်၏ စိတ်ဓာတ်မှာလည်း မကြုံစဖူး တည်ငြိမ်နေခဲ့ပြီး ဤနေရာ၌ အချိန်အတော်ကြာအောင် အခန်းအောင်း ကျင့်ကြံရန် ပြင်ဆင်လိုက်ခြင်းပင် ဖြစ်သည်။

ကျင့်ကြံမှုအဆင့် မြှင့်တင်ခြင်းအပြင် သူသည် ထိုအကြီးအကဲ ချန်ရစ်ခဲ့သော သိုင်းဝိညာဉ် ဆန္ဒကိုလည်း သေသေချာချာ နားလည်ရန် ကြိုးစားရပေဦးမည်။

၎င်းမတိုင်မီတွင်မူ အထွတ်အထိပ် အဆင့်သို့ အရင်ဆုံး ပြန်လည် ရောက်ရှိရန် လိုအပ်ပေသည်။

“ဝှစ်...”

သွေးလင်ဇီးကို ထုတ်ယူလိုက်ပြီးနောက် လော့ချန်သည် အပိုင်းအစလေး တစ်ခုကို ဖြတ်ယူကာ ပါးစပ်အတွင်းသို့ ထည့်လိုက်သည်။

သွေးလင်ဇီးမှာ ပါးစပ်အတွင်း ရောက်သည်နှင့်တစ်ပြိုင်နက် အရည်ပျော်သွားခဲ့ပြီး ပူပြင်းလှသော စီးကြောင်းတစ်ခုနှယ် ဝမ်းဗိုက်အတွင်းသို့ စီးဝင်ကာ ခြေလက် အင်္ဂါများဆီသို့ ပျံ့နှံ့သွားတော့သည်။

လော့ချန်သည် ခန်းခြောက်နေသော သူ၏ ခန္ဓာကိုယ်မှာ မိုးခေါင်နေသော လွင်ပြင်ကြီးနှယ် ရှိနေခဲ့ပြီး... သွေးလင်ဇီး၏ ဆေးစွမ်းများကို ရူးသွပ်စွာ ဝါးမြိုနေကာ... သွေးနှင့် အသားများ၊ အရိုးများ ကြီးထွားလာသော အသံကိုပင် ကြားနေရသကဲ့သို့ ရှိနေခဲ့သည်။

အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ရင်း လော့ချန်သည် ခန္ဓာကိုယ် ပြန်လည် တည်ဆောက်ခြင်း အခြေအနေသို့ ဝင်ရောက်သွားတော့သည်။

တစ်ရက် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။

နောက်တစ်နေ့တွင် လော့ချန် မျက်လုံးများကို ဖွင့်လိုက်ရာ တစ်ကိုယ်လုံးမှာ တက်ကြွ လန်းဆန်းနေခဲ့သည်။

သူ၏ အရေပြားများမှာ ကြည်လင်တောက်ပနေပြီး ကိုယ်ပေါ်တွင် ဝေဝါးလှသော ရွှေရောင် အငွေ့အသက်များမှာလည်း မှိန်လိုက်၊ လင်းလိုက် ဖြစ်နေခဲ့ကာ... မူလက ပိန်ချိုင့်နေသော ခန္ဓာကိုယ်မှာလည်း သန်မာထွားကျိုင်းလာခဲ့ပြီး ကြွက်သားအစင်းကြောင်းများမှာလည်း ထင်ရှားလှသဖြင့် အင်အားများ ပြည့်နှက်နေခဲ့သည်။

မတ်တပ်ရပ်လိုက်ရင်း လော့ချန် လက်သီး နှစ်ချက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ လေထုမှာ ဆူဝေလာပြီး အရိုးများမှာလည်း တစ်ပြိုင်နက် မြည်ဟည်းလာခဲ့သည်။

“နှစ်ပေါင်း နှစ်ထောင် သက်တမ်းရှိတဲ့ သွေးလင်ဇီးက တကယ်ကို မခေဘူးပဲ... တစ်ရက်ကျော်ကျော်လေးအတွင်းမှာတင် ငါ့ကို အထွတ်အထိပ် အဆင့်ကို ပြန်ရောက်စေခဲ့တာပဲ...”

လော့ချန်၏ မျက်ဝန်းအတွင်းမှ အလင်းတန်းများ ပေါက်ကွဲထွက်လာသည်။ အထွတ်အထိပ် အဆင့်သို့ ပြန်လည် ရောက်ရှိသွားမှတော့ နောက်ပိုင်းတွင် သူသည် အရာအားလုံးကို ဘေးဖယ်ထားပြီး အစွမ်းကုန် ကျင့်ကြံကာ ကျင့်ကြံမှုအဆင့်နှင့် ဓားဆန္ဒကို မြှင့်တင်ရတော့မည် ဖြစ်သည်။

များပြားလှသော သိုင်းဝိညာဉ် အနှစ်သာရများနှင့် သွေးအနှစ်သာရ ဆေးလုံး တစ်ဆယ့်နှစ်လုံး ရှိနေမှတော့... ကျင့်ကြံမှုပိုင်းတွင် လော့ချန်သည် သွေးကြောနိုးကြားမှုနယ်ပယ် ဆဋ္ဌမအဆင့်သို့ တက်လှမ်းနိုင်ရန် ယုံကြည်ချက် အပြည့်အဝ ရှိနေခဲ့သည်။

ဓားဆန္ဒနှင့် ပတ်သက်၍မူ ထို အကြီးအကဲ၏ သိုင်းဝိညာဉ် ဆန္ဒမှ မည်မျှအထိ နားလည်နိုင်မည်လဲ၊ ဓားဆန္ဒကို မည်သည့်အဆင့်အထိ မြှင့်တင်နိုင်မည်လဲ ဆိုသည်ကိုမူ လော့ချန်လည်း မသေချာသဖြင့် ကျင့်ကြံကြည့်မှသာ သိရှိနိုင်ပေလိမ့်မည်။

အခန်း ၅၀၀ ပြီးပါပြီ။

အခန်း ၅၀၁ - တဟုန်ထိုး တိုးတက်ခြင်း...

“အရင်ဆုံး သိုင်းဝိညာဉ် အနှစ်သာရတွေကို သန့်စင်ရမယ်...”

ဆွန်မိသားစုကို အမြစ်ဖြတ်ပြီးနောက် လော့ချန်သည် တစ်အောင့်တည်းနှင့် လူပေါင်း နှစ်ရာကျော်၏ သိုင်းဝိညာဉ်များကို ဝါးမြိုခဲ့သည်။ ထိုအထဲတွင် သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူ ခြောက်ဦး၊ ခုနစ်ဦးခန့် ပါဝင်နေခဲ့သည် မဟုတ်ပါလော။

အကယ်၍ သူ၏ ကျင့်ကြံမှုအဆင့် တိုးတက်မလာခဲ့ဘဲ ခန္ဓာကိုယ်လည်း သန်မာမလာခဲ့လျှင်... ၎င်းအပြင် နဂါးကျင့်စဉ် ကို ပထမအဆင့်အထိ အောင်မြင်ထားသဖြင့် ပိုမိုများပြားသော သိုင်းဝိညာဉ် အနှစ်သာရများကို လက်ခံနိုင်စွမ်း ရှိမနေခဲ့လျှင်... ဤမျှ များပြားလှသော လူအရေအတွက်ကို တစ်ပြိုင်နက် ဝါးမြိုရန်မှာ လုံးဝ မဖြစ်နိုင်ပေ။

ဤသိုင်းဝိညာဉ် အနှစ်သာရများကိုသာ သန့်စင်နိုင်ခဲ့ပါက သူ၏ စွမ်းအားကို နောက်ထပ် အဆင့်တစ်ခုသို့ မြှင့်တင်ရန် လုံလောက်လှပေသည်။

လော့ချန် ခြေချိတ်ထိုင်ချလိုက်ရင်း စိတ်ကြည်လင်ဆေးလုံး တစ်လုံးကို သောက်သုံးလိုက်ကာ ချီစွမ်းအင်ဗဟိုကို လှည့်ပတ်လျက် ကိုယ်တွင်းရှိ သိုင်းဝိညာဉ် အနှစ်သာရများကို စတင် သန့်စင်တော့သည်။

“ဘုန်း...”

သူ၏ စိတ်အာရုံ လှုပ်ရှားမှုနှင့်အတူ ကိုယ်တွင်း၌ သိမ်းဆည်းထားသော ကျယ်ပြောလှသည့် အနှစ်သာရများမှာ ချက်ချင်းပင် လှုပ်ရှားလာခဲ့ပြီး... ရမ်းကားလှသော ဒီရေလှိုင်းများနှယ် ကိုယ်တွင်းရှိ သွေးကြော သုံးဆယ့်ခြောက်သွယ်အတွင်း လှည့်ပတ် စီးဆင်းနေတော့သည်။

တစ်ပတ် လှည့်ပတ်ပြီးတိုင်း သိုင်းဝိညာဉ် အနှစ်သာရမှာ အနည်းငယ် အားနည်းသွားပြီး... ၎င်းနှင့်အပြိုင် လော့ချန်၏ မူလ ချီစွမ်းအင်မှာ ပိုမို ခိုင်မာလာကာ တစ်လှမ်းချင်း ကြီးထွားလာနေတော့သည်။

ငါးရက် ကြာပြီးနောက်...

“ဝှစ်...”

လူလုပ် ကျောက်ဂူအတွင်းမှ ပြင်းထန်လှသော ချီစွမ်းအင် ရိုက်ခတ်မှုတစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး တောင်ထိပ် ပတ်ဝန်းကျင်ရှိ မြူခိုးများကိုပင် လွင့်စင်သွားစေခဲ့သည်။

တောင်အောက်ခြေရှိ စမ်းချောင်းလေးဘေးတွင် ရေသောက်နေသော မိစ္ဆာသားရဲများမှာ ထိုအခိုက်အတန့်တွင် ထိတ်လန့်တုန်လှုပ်သွားကြရပြီး အမြန်ဆုံး ထွက်ပြေးကြတော့သည်။

ကျောက်ဂူအတွင်း၌မူ...

လော့ချန်သည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ရာ သူ၏ အကြည့်မှာ လျှပ်စီးနှယ် ထက်မြက်နေသည်။

“သွေးကြောနိုးကြားမှုနယ်ပယ် ပဉ္စမအဆင့်...”

ငါးရက်တိုင်တိုင် မအိပ်မနေ ကျင့်ကြံခဲ့ပြီးနောက် လော့ချန်သည် ကိုယ်တွင်းရှိ သိုင်းဝိညာဉ် အနှစ်သာရများ၏ တစ်စိတ်တပိုင်းကို သန့်စင်နိုင်ခဲ့ပြီး... နောက်ဆုံးတွင် သူ၏ ချီစွမ်းအင် အလင်းတန်းများကြား၌ သုံးဆယ့်ခုနစ်ခုမြောက် သွေးကြောကို ဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်သည်။

သွေးကြောနိုးကြားမှုနယ်ပယ် ပဉ္စမအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။

“နှေးလွန်းသေးတယ်...”

တိုးတက်မှုအတွက် ဝမ်းသာခြင်း မရှိဘဲ လော့ချန် လွန်စွာ မျက်မှောင်ကြုတ်လိုက်မိသည်။

ဤမျှ များပြားလှသော သိုင်းဝိညာဉ် အနှစ်သာရများကို ဝါးမြိုထားသလို ကျင့်ကြံမှုမှာလည်း အတားအဆီး အဆင့်သို့ ရောက်ရှိနေသည်မှာ ကြာပြီဖြစ်ပါလျက်... တက်လှမ်းနိုင်ရန် ငါးရက်တိုင်တိုင် အချိန်ယူခဲ့ရသည် မဟုတ်ပါလော။

ဤရလဒ်မှာ သာမန်လူများအတွက်ဆိုလျှင် အလွန်ပင် ထူးခြားလှသဖြင့် ဝမ်းသာမဆုံး ဖြစ်နေကြပေလိမ့်မည်။ သို့သော် လော့ချန်မှာမူ ကျေနပ်ခြင်း မရှိနိုင်ပေ။

ကျိမိသားစု သန်မာသူ၏ ပြိုင်ဘက်ကင်းလှသော အရှိန်အဝါကို မြင်တွေ့ခဲ့ရပြီးနောက် လော့ချန်သည် ကျိမိသားစု၏ သန်မာမှုကို အသစ်တစ်ဖန် ပြန်လည် သိမြင်လာခဲ့သလို ကျိယွမ်ဟောင်ကို အနိုင်ယူရန်အတွက်လည်း ပြင်းထန်လှသော ဖိအားများကို ခံစားနေရခြင်းပင်။

ယခုအခါ ကျိယွမ်ဟောင်မှာ မြင့်မားလှသော တောင်ကြီးတစ်လုံးနှယ် သူ၏ ရှေ့မှောက်တွင် မတ်တပ်ရပ်နေခဲ့သည် မဟုတ်ပါလော။

ဤတောင်ကြီးကို မဖြိုနိုင်သရွေ့ မည်သည့် အောင်မြင်မှုမဆို ရေထဲက လနှယ်သာ ဖြစ်ပေလိမ့်မည်။

ကျိယွမ်ဟောင်သည် ကျိမိသားစု၏ နတ်သားတစ်ပါး ဖြစ်သည့်အတွက် ပါရမီမှာ ပြိုင်ဘက်ကင်းလှသလို ကျိမိသားစု၏ ထိတ်လန့်ဖွယ်ရာ အရင်းအမြစ်များ၏ အထောက်အပံ့ကိုလည်း ရရှိထားသူ ဖြစ်ရာ ထိုသူကို အနိုင်ယူလိုပါက ပုံမှန်အတိုင်း သန်မာလာရုံနှင့် မလုံလောက်ဘဲ အခြားသူများထက် သာလွန်သော တိုးတက်မှု အရှိန်အဟုန် ရှိနေမှသာ ဖြစ်ပေလိမ့်မည်။

“ဒါဆိုရင် ငါ့ရဲ့ အထွတ်အထိပ် အစွမ်းသတ္တိ အခြေအနေကို စမ်းသပ်ကြည့်ရအောင်...”

အတွေးတစ်ခု ဖြတ်ပြေးသွားသည်နှင့် လော့ချန်သည် သွေးအနှစ်သာရ ဆေးလုံး တစ်လုံးကို တိုက်ရိုက် ထုတ်ယူလိုက်သည်။

သူသည် သိုင်းဝိညာဉ် အနှစ်သာရများကို သန့်စင်နေရင်း သွေးအနှစ်သာရ ဆေးလုံးနှင့်ပါ ပေါင်းစပ်လျက် ကျင့်ကြံခြင်းဖြင့် ကိုယ်တွင်းရှိ အလားအလာများကို အတင်းအကျပ် လှုံ့ဆော်ကာ ကျင့်ကြံမှု အရှိန်ကို မြှင့်တင်ရန် ကြံစည်လိုက်ခြင်းပင်။

“ဂလု...”

သွေးအနှစ်သာရ ဆေးလုံးမှာ ဝမ်းဗိုက်အတွင်း ရောက်သည်နှင့်တစ်ပြိုင်နက် ပေါက်ကွဲသွားသကဲ့သို့ ရှိနေခဲ့ပြီး ကျယ်ပြောလှသော သွေးအရှိန်အဝါ ဆေးစွမ်းများမှာ သိုင်းဝိညာဉ် အနှစ်သာရများနှင့် ပေါင်းစပ်လျက် အလွန် ပြင်းထန်လှစွာသော အမူအရာဖြင့် လော့ချန်၏ ကိုယ်တွင်း၌ တိုးဝင် နှောင့်ယှက်နေတော့သည်။

“ကလစ်...”

လော့ချန်သည် သွေးနှင့် အသားများ တုန်ခါနေသလို အရိုးများမှာလည်း ညည်းတွားနေကြောင်း ထင်ရှားစွာ ခံစားနေရပြီး သူ၏ ကိုယ်ပေါ်တွင် သွေးနီရောင် အငွေ့အသက်များမှာ အဝတ်စများနှယ် ဝေ့ဝဲနေလေသည်။

ဤသည်မှာ လက်ရှိခန္ဓာကိုယ်၏ ကန့်သတ်ချက်သို့ ရောက်ရှိနေသဖြင့် သွေးနှင့် အရှိန်အဝါများ အပြင်ဘက်သို့ ယိုစိမ့်ထွက်ပေါ်လာခြင်းပင်။

ဤသည်ကိုမူ လော့ချန် သတိမပြုမိဘဲ ရင်ထဲ၌ အတွေးတစ်ခုသာ ရှိနေခဲ့သည်။ ၎င်းမှာ သန်မာလာရန်ပင်။ စိတ်အာရုံအားလုံးကို စုစည်းလျက် အစွမ်းကုန် ကျင့်ကြံနေတော့သည်။

ယခုတစ်ကြိမ်တွင်မူ နှစ်ရက်သာ ကြာမြင့်ခဲ့ပြီးနောက် ကျောက်ဂူအတွင်းရှိ ချီစွမ်းအင်များ ထပ်မံ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

လော့ချန်၏ ကျင့်ကြံမှုမှာ သွေးကြောနိုးကြားမှုနယ်ပယ် ပဉ္စမအဆင့် အလယ်ပိုင်းသို့ ချောမွေ့စွာ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။

စက္ကန့်ပိုင်းမျှပင် ရပ်နားခြင်း မရှိဘဲ လော့ချန်သည် သွေးအနှစ်သာရ ဆေးလုံး တစ်လုံးကို ထပ်မံ သောက်သုံးလိုက်ကာ ကျင့်ကြံမှုကို ဆက်လက် လုပ်ဆောင်ပြန်သည်။

သုံးရက် ကြာပြီးနောက် သွေးကြောနိုးကြားမှုနယ်ပယ် ပဉ္စမအဆင့် နောက်ပိုင်းသို့ ရောက်ရှိလာခဲ့သည်။

ထို့နောက် သွေးကြောနိုးကြားမှုနယ်ပယ် ပဉ္စမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။

သိုင်းဝိညာဉ် အနှစ်သာရများကို သန့်စင်ပြီးနောက် ဆက်လက်ပြီး လော့ချန်သည် ဝိညာဉ်ကျောက်တုံးများကို ထုတ်ယူကာ ဝါးမြိုလိုက်ပြီး သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူများ၏ ကျင့်ကြံမှုအရှိန်ကို မြှင့်တင်ပေးနိုင်သော သွေးအနှစ်သာရ ဆေးလုံးများနှင့်ပါ ပေါင်းစပ်လိုက်သည့်အခါ သူ၏ တိုးတက်မှုကို "တဟုန်ထိုး တိုးတက်ခြင်း" ဟုပင် တင်စားရပေလိမ့်မည်။

တိုတောင်းလှသော ရက်သတ္တပတ် နှစ်ပတ်အတွင်းမှာပင် လော့ချန်၏ ကျင့်ကြံမှုမှာ အဆင့်ဆင့် တက်လှမ်းနိုင်ခဲ့ပြီး သွေးကြောနိုးကြားမှုနယ်ပယ် ပဉ္စမအဆင့် အထွတ်အထိပ်သို့ တစ်ဟုန်ထိုး ရောက်ရှိသွားခဲ့ခြင်းပင်။

ဤအချိန်သို့ ရောက်မှသာ လော့ချန် ရပ်နားလိုက်တော့သည်။

သွေးအနှစ်သာရ ဆေးလုံး လေးလုံး ကျန်ရှိနေသေးသော်လည်း သူ ခံစားနေရသည်မှာ ခန္ဓာကိုယ်သည် နောက်ဆုံး အကန့်အသတ်သို့ ရောက်ရှိနေပြီး စိတ်အာရုံမှာလည်း အမည်မသိ ပူပန်မှုများ ရှိနေခဲ့ခြင်းပင်။

ဤကဲ့သို့သော အခြေအနေမျိုးတွင် သွေးအနှစ်သာရ ဆေးလုံးကို ဆက်လက် သောက်သုံးပါစေဦး တိုတောင်းလှသော အချိန်အတွင်း သွေးကြောနိုးကြားမှုနယ်ပယ် ဆဋ္ဌမအဆင့်သို့ တက်လှမ်းနိုင်ရန်မှာ ခက်ခဲလှပေလိမ့်မည်။

ဤ နောက်ဆုံး အကန့်အသတ်ကို ကျော်လွှားလိုပါက အခြေခံများကို လုံလောက်စွာ စုဆောင်းရမည်ဖြစ်သလို သို့မဟုတ်ပါက အခြားသော ကဏ္ဍတစ်ခုခုတွင် ကြီးမားလှသော တိုးတက်မှုများ ရှိနေမှသာ ဖြစ်ပေလိမ့်မည်။

၎င်းမှာ လူတိုင်း ပြောဆိုလေ့ရှိကြသော ကျင့်ကြံမှု အတားအဆီး အဆင့်ပင် ဖြစ်သည်။

“ထားလိုက်ပါတော့... ရက်သတ္တပတ် နှစ်ပတ်အတွင်းမှာ သွေးကြောနိုးကြားမှုနယ်ပယ် ပဉ္စမအဆင့် အထွတ်အထိပ်ကို ရောက်လာတာကလည်း မဆိုးပါဘူး... ခဏလောက် အနားယူပြီးမှ ဓားဆန္ဒကို ဆက်ပြီး ကျင့်ကြံရတာပေါ့...”

သက်ပြင်းတစ်ချက် ရှူထုတ်လိုက်ရင်း လော့ချန် မတ်တပ်ရပ်လိုက်ပြီး တောင်အောက်ခြေရှိ စမ်းချောင်းလေးဆီသို့ ပျံသန်းသွားတော့သည်။

ဓားဆန္ဒကို နားလည်ရန်မှာ စိတ်အာရုံအားလုံးကို စုစည်းရမည် ဖြစ်သဖြင့်... လော့ချန်သည် ရင်ထဲမှ ပူပန်မှုများကို အရင်ဆုံး တည်ငြိမ်အောင် လုပ်ဆောင်ပြီး စိတ်ဓာတ်များ အထွတ်အထိပ် အဆင့်သို့ ပြန်လည် ရောက်ရှိမှသာ ဆက်လက် လုပ်ဆောင်ရန် ကြံစည်ခြင်းပင်။

စမ်းချောင်းလေးဘေးတွင်...

မီးပုံတစ်ခု တောက်လောင်နေပြီး ငါးကင်နံ့များ ပျံ့နှံ့နေခဲ့သည်။

ခန္ဓာသန့်စင်မှုနယ်ပယ်တွင် အသားစားရသလို သွေးကြောနိုးကြားမှုနယ်ပယ်တွင်မူ ချီစွမ်းအင်ကို စားသုံးရသည် မဟုတ်ပါလော။

သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူများ၏ အားအင်ကုန်ခမ်းမှုမှာ ကြီးမားလှသဖြင့် သာမန် အစားအစာများမှာ သူတို့၏ လိုအပ်ချက်ကို ဖြည့်ဆည်းမပေးနိုင်တော့ဘဲ... ပုံမှန်အားဖြင့် သွေးကြောဖွင့်ဆေးလုံးများကိုသာ သုံးစွဲကြသဖြင့် ရက်သတ္တပတ် တစ်ပတ်၊ နှစ်ပတ်ခန့် မစားမသောက်ဘဲ နေနိုင်ခြင်းမှာလည်း သာမန်ကိစ္စပင် ဖြစ်သည်။

သို့သော်လည်း လူသားဖြစ်သည့်အတွက် စိတ်ဆန္ဒများ ရှိနေဆဲဖြစ်ရာ သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူများမှာလည်း ချွင်းချက် မရှိပေ။

အချိန်အတော်ကြာအောင် အခန်းအောင်း ကျင့်ကြံခဲ့သဖြင့် လော့ချန်မှာလည်း ဆာလောင်မှုကို ခံစားနေရပြီ ဖြစ်ရာ ငါးအချို့ကို ကင်ပြီး စားသုံးလိုက်ခြင်းပင်။

ငါးကင်နံ့များမှာ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားသဖြင့် စွမ်းအားနိမ့်ပါးသော မိစ္ဆာသားရဲ အများအပြားကို ဆွဲဆောင်နေခဲ့သည်။ သို့သော် ထိုမိစ္ဆာသားရဲများမှာမူ အဝေးမှသာ စောင့်ကြည့်ရဲကြပြီး အနားသို့ မကပ်ရဲကြပေ။

လော့ချန်သည် သူ၏ အရှိန်အဝါများကို ဖုံးကွယ်ထားသည့်တိုင် မိစ္ဆာသားရဲများ၏ ဗီဇအရ လော့ချန်၏ ကိုယ်တွင်းမှ ပြင်းထန်လှသော သွေးအရှိန်အဝါများကို ခံစားမိနေကြသည်။

သူသည် လူသားပုံသဏ္ဍာန်ရှိသော ရက်စက်လှသည့် မိစ္ဆာသားရဲကြီး တစ်ကောင်နှယ် ရှိနေမှတော့ ဘယ်သတ္တဝါက အနားကပ်ရဲပါမည်နည်း။

စားသောက်ပြီးနောက် လော့ချန်သည် ရှေ့ဆက်လာမည့် ကျင့်ကြံမှုများကို စတင် စဉ်းစားတော့သည်။

သူ၏ ဓားဆန္ဒ အဆင့်မှာ ယခုအခါ ၅၀ ရာနှုန်း အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ရာ... ခြေတစ်လှမ်း တိုးလိုက်ရုံဖြင့် ၆၀ ရာနှုန်း ဓားဆန္ဒသို့ တက်လှမ်းနိုင်တော့မည် ဖြစ်သည်။

သို့သော် သူ၏ ရည်မှန်းချက်မှာ ထိုမျှနှင့်တင် ရပ်တန့်နေသည် မဟုတ်ပေ။

ထို အကြီးအကဲ ချန်ထားရစ်ခဲ့သော သိုင်းဝိညာဉ် ဆန္ဒနှင့်အတူ သူ၏ ဝိညာဉ်ပင်လယ်အတွင်းရှိ ဓားဘုရင်၏ ဆန္ဒများကိုပါ ပေါင်းစပ်လိုက်မည်ဆိုလျှင် လော့ချန်သည် ၇၀ ရာနှုန်း ဓားဆန္ဒအဆင့်သို့ တက်လှမ်းရန် ကြံစည်နေခြင်းပင် ဖြစ်သည်။

ဤအဆင့်ငယ် တစ်ခု၏ ကွာခြားချက်ကို အထင်မသေးသင့်ပေ။

၆၀ ရာနှုန်း ဓားဆန္ဒမှာ ဓားဆန္ဒ အစပျိုးမှု အလယ်အလတ်အဆင့်၏ အထွတ်အထိပ် အခြေအနေ ဖြစ်သည်။

၇၀ ရာနှုန်း ဓားဆန္ဒမှာမူ ထိုအစွန်းကုန် အခြေအနေကို ချိုးဖောက်ပြီး ဓားဆန္ဒ အစပျိုးမှု၏ အဆင့်မြင့်အဆင့်သို့ တက်လှမ်းခြင်း ဖြစ်ရာ... သွေးကြောနိုးကြားမှုနယ်ပယ်ရှိ ဓားသမား အများအပြားမှာပင် ဤအဆင့်သို့ ရောက်ရှိရန် ခက်ခဲလှပေသည်။

အကယ်၍သာ ၇၀ ရာနှုန်း ဓားဆန္ဒသို့ တက်လှမ်းနိုင်ခဲ့မည်ဆိုပါက သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာ ယခင်က မရှိဖူးသေးသော အဆင့်တစ်ခုသို့ ရောက်ရှိသွားမည်မှာ သေချာလှသလို... အဆင့်ကျော် တိုက်ခိုက်ခြင်းမှာလည်း ထမင်းစား၊ ရေသောက်သကဲ့သို့ပင် ရိုးရှင်းသွားပေလိမ့်မည်။

“အောင်မြင်ပါစေလို့ပဲ မျှော်လင့်ရမှာပဲ...”

လက်ကို တစ်ချက် ခါယမ်းလိုက်ရင်း လော့ချန်၏ ကိုယ်ရိပ်မှာ တစ်ချက် လှုပ်ရှားသွားကာ ကျောက်ဂူရှိရာဆီသို့ ပျံသန်းသွားတော့သည်။

“အုဝူး...”

လော့ချန် ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် ငါးကင်နံ့ကို စောင့်မျှော်နေကြသော မိစ္ဆာသားရဲငယ်များမှာ ချက်ချင်း ပြေးဝင်လာကြပြီး ကြွင်းကျန်သော အစားအစာများအတွက် အချင်းချင်း တိုက်ခိုက်ကာ လုယက်စားသောက် ကြတော့သည်။

လော့ချန် အစွမ်းကုန် ကျင့်ကြံနေစဉ်မှာပင်...

တာယွဲ့မင်းဆက်အတွင်း၌ ကမ္ဘာကို တုန်လှုပ်စေမည့် အဖြစ်အပျက်ကြီး တစ်ခု ဖြစ်ပွားခဲ့သည်။

ဝူးယန်မြို့ရှိ လျှပ်ယွမ်ဂိုဏ်း အကြီးအကဲ ဆွန်ယင်ယန်၏ မိသားစုဖြစ်သော ဆွန်မိသားစုမှာ တစ်ညအတွင်း အမြစ်ဖြတ် သတ်ဖြတ်ခြင်းကို ခံလိုက်ရသည် ဆိုသည့် သတင်းပင်။

ဆွန်မိသားစုအတွင်းရှိ လူပေါင်း သုံးရာ၊ လေးရာခန့်မှာ အသက်ရှင်သူ တစ်ဦးမျှ မကျန်ရှိတော့ဘဲ... လူတိုင်း၏ တစ်ကိုယ်လုံးရှိ အနှစ်သာရ သွေးများမှာ စုပ်ယူခြင်း ခံထားရသဖြင့် အလောင်းများမှာ ခြောက်ကပ်နေခဲ့ရာ အလွန်ပင် ထိတ်လန့်စရာ ကောင်းလှပေသည်။

မျက်မြင်သက်သေများ၏ ပြောကြားချက်အရ သတ်ဖြတ်သူမှာ တစ်ကိုယ်လုံးတွင် သွေးရောင်လွှမ်းပြီး နတ်ဆိုးအငွေ့အသက်များ ဖုံးလွှမ်းနေပြီး မျက်လုံး နှစ်စုံမှာ မီးရှူးတိုင်နှယ် နီမြန်းနေကာ... အလွန်ပင် ရက်စက်လှသဖြင့် မိစ္ဆာဘုရင်ကြီး တစ်ပါးနှယ်ပင် ရှိနေခဲ့သည်ဟု ဆိုကြသည်။

ဤကဲ့သို့သော သဲလွန်စများကြောင့် ဂိုဏ်းကြီးသုံးဂိုဏ်းမှာ ဆွန်မိသားစုကို အမြစ်ဖြတ်ခဲ့သော တရားခံမှာ သွေးဝိညာဉ်ဂိုဏ်းသား ဖြစ်ကြောင်း အတည်ပြုလိုက်ကြသည်။

လျှပ်ယွမ်ဂိုဏ်း အဆင့်မြင့် အကြီးအကဲများမှာ အကြီးအကျယ် ဒေါသထွက်သွားကြပြီး ဖုံးကွယ်ထားခြင်း မရှိတော့ဘဲ... ဂိုဏ်းကြီးသုံးဂိုဏ်းကို ပူးပေါင်းစေလျက် နက်မှောင်တောင်တန်းအတွင်းသို့ အကြီးအကျယ် စူးစမ်းရှာဖွေရန် ပြင်ဆင်လိုက်ကြကာ... သွေးဝိညာဉ်ဂိုဏ်း၏ စခန်းကို ရှာဖွေပြီး အမြစ်ဖြတ် သုတ်သင်ရန် ဆုံးဖြတ်လိုက်ကြတော့သည်။

သွေးဝိညာဉ်ဂိုဏ်းမှာ တာယွဲ့မင်းဆက်အတွင်းသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်လာပြီဖြစ်ကြောင်း သတင်းမှာလည်း လူတိုင်း သိရှိသွားကြပြီ ဖြစ်သည်။

တစ်ခဏချင်းအတွင်းမှာပင် လူတိုင်း စိုးရိမ်ထိတ်လန့် နေကြတော့သည်။

ယခုတစ်ကြိမ် အမြစ်ဖြတ်ခံရသူမှာ ဆွန်မိသားစု ဖြစ်သော်လည်း နောက်တစ်ကြိမ်တွင်မူ လီမိသားစု၊ ကျန်းမိသားစု သို့မဟုတ် ရဲ့မိသားစု ဖြစ်လာနိုင်သည် မဟုတ်ပါလား။

အခန်း ၅၀၁ ပြီးပါပြီ။

All Chapters