← Chapters

အခန်း (၅၀၂-၅၀၄)

Vol. 34 Ch. 502-504

အခန်း (၅၀၂-၅၀၄)

Vol. 34 Ch. 502-504

အခန်း ၅၀၂ - သတ်ဖြတ်ခြင်း ဓားဆန္ဒ... သတ်ဖြတ်ရမည့် စာရင်း...

လော့ချန်သည် ဆွန်မိသားစုကို အမြစ်ဖြတ်ခဲ့ခြင်းက ပြင်ပလောကတွင် မည်မျှအထိ လှုပ်ခတ်သွားသည်ကို မသိရှိပေ။

မှန်ပေသည်... သိရှိခဲ့လျှင်လည်း သူ ဂရုစိုက်နေမည် မဟုတ်ပေ။ သူ၏ စိတ်အာရုံတစ်ခုလုံးမှာ ဓားဆန္ဒ ကျင့်ကြံခြင်းအတွင်း၌သာ နစ်မြုပ်နေခဲ့သည်။

ထိုသူအိုကြီး ချန်ရစ်ခဲ့သော သိုင်းဝိညာဉ် ဆန္ဒစွမ်းအားမှာ ဓားဆန္ဒထက် ပိုမို မြင့်မားသော စွမ်းအားတစ်ခုဖြစ်ပြီး ဓားဆန္ဒနှင့် အရင်းအမြစ်ချင်း တူညီသော်လည်း ဦးတည်ချက်ချင်းကမူ ကွဲပြားပေသည်။

ဤကဲ့သို့သော စွမ်းအားမျိုးကို လော့ချန်၏ လက်ရှိ အဆင့်အတန်းဖြင့် တိုက်ရိုက် အသုံးမပြုနိုင်သေးသော်လည်း သူ၏ ဓားဆန္ဒကို အရှိန်အဟုန်ဖြင့် ကြီးထွားလာစေရန်အတွက်မူ ကူညီပေးနိုင်ပေသည်။

သူအိုကြီး ပြောခဲ့သလိုပင် မည်မျှအထိ နားလည်နိုင်မည်နည်း ဆိုသည်မှာ သူ၏ ဉာဏ်ရည်ပေါ်၌သာ မူတည်လိမ့်မည်။ အကယ်၍ ဉာဏ်ရည် မမီပါက ဤစွမ်းအားများကို အလကား ဖြုန်းတီးပစ်သကဲ့သို့ ဖြစ်သွားပြီး ဘာမှ ရရှိလာမည် မဟုတ်ပေ။

လော့ချန်မှာမူ မိမိ၏ ဉာဏ်ရည်အပေါ် ယုံကြည်မှု အပြည့်အဝ ရှိနေသည်။ ၎င်းအပြင် သူ၏ ဝိညာဉ်ပင်လယ်အတွင်း၌ ဓားဘုရင်၏ ဆန္ဒလည်း ရှိနေသေးသည် မဟုတ်ပါလော။

စိတ်အာရုံကို ကိုယ်တွင်းသို့ စုစည်းလိုက်ပြီးနောက် လော့ချန်သည် ဓားဆန္ဒကို ထိန်းချုပ်လျက် ဓားဘုရင်၏ ဆန္ဒနှင့် ယှဉ်ပြိုင်စေပြီး ထိုအတွင်းမှ ဆန်းကြယ်မှုများကို စတင် နားလည်ရန် ကြိုးစားတော့သည်။

“ဟင်...”

ကျင့်ကြံမှု စတင်သည်နှင့်တစ်ပြိုင်နက် လော့ချန်သည် ထူးခြားမှုကို သတိပြုမိလိုက်သည်။

ဓားဘုရင်၏ ဆန္ဒမှ ထွက်ပေါ်နေသော ထက်မြက်မှုများနှင့် ထိတွေ့လိုက်သည့်အခါ မမြင်ရသော အခြေအနေတစ်ခုတွင် နက်နဲလှသော သတ်ဖြတ်လိုစိတ်များမှာ သူ၏ စိတ်နှလုံးအတွင်းမှ ပေါက်ကွဲထွက်ပေါ်လာတော့မည့်နှယ် ရှိလာနေ၏။

အကယ်၍သာ လော့ချန်သည် ဝိညာဉ်အင်အား မသန်မာဘဲ စိတ်ဓာတ် မခိုင်မာပါက အခြားသူတစ်ဦးဆိုလျှင် ထိုသတ်ဖြတ်လိုစိတ်များအတွင်း ချက်ချင်း နစ်မြုပ်သွားကာ သတ်ဖြတ်မှုသာ သိသော မိစ္ဆာတစ်ကောင် ဖြစ်သွားပေလိမ့်မည်။

“ငါ့ရဲ့ ဓားဆန္ဒက သတ်ဖြတ်ခြင်း အငွေ့အသက်တွေ စွန်းထင်သွားတာပဲ...”

အာရုံခံကြည့်လိုက်သည်နှင့် လော့ချန် ပြဿနာကို ချက်ချင်း သိမြင်လိုက်သည်။ သူ၏ ဓားဆန္ဒမှာ သန့်စင်သော ထက်မြက်မှုသက်သက် မဟုတ်တော့ဘဲ သတ်ဖြတ်ခြင်း အရှိန်အဝါ တစ်ခု ပါဝင်နေခဲ့ပြီ ဖြစ်သည်။

“ဓားဆန္ဒ အစပျိုးမှုအဆင့်မှာ တခြားသော ဂုဏ်သတ္တိတွေ မပါဝင်သင့်ဘူးလေ... ငါ့ရဲ့ ဓားဆန္ဒမှာ ဘာလို့ သတ်ဖြတ်ခြင်း အရှိန်အဝါ ရှိနေရတာလဲ...”

“ငါ ဆွန်မိသားစုကို အမြစ်ဖြတ်တုန်းက သတ်ဖြတ်မှုတွေ အများကြီး လုပ်ခဲ့လို့လား... မဟုတ်ဘူး... အဲ့ဒါက အချက်တစ်ချက်ပဲ ဖြစ်မှာပါ... အဓိကကတော့ ဓားဘုရင်ရဲ့ ဆန္ဒနဲ့ ဓားဆန္ဒကို ပွတ်တိုက်ပြီး ကျင့်ကြံလို့ ဖြစ်မှာပဲ...”

လော့ချန် အတွေးနက်သွားသည်။

ဤဓားဘုရင်၏ ဆန္ဒမှာ သတ်ဖြတ်ခြင်းကို ကိုယ်စားပြုသည် မဟုတ်ပါလော။ ဤအချက်ကို ထိုစဉ်က ဓားဘုရင် ဆန္ဒ၏ ကိုယ်ပွားထံမှ သိမြင်နိုင်ပေသည်။

ဓားဘုရင် ဆန္ဒ၏ ကိုယ်ပွားမှာ ဓားတစ်ချက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရုံဖြင့်ပင် အလောင်းတောင်၊ သွေးပင်လယ်နှယ် အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့သဖြင့် လော့ချန်မှာ ယခုတိုင်အောင်ပင် ကြက်သီးထနေရဆဲ ဖြစ်သည် မဟုတ်ပါလော။

မည်မျှအထိ သတ်ဖြတ်မှုများ ပြုလုပ်ခဲ့မှသာ ဤမျှ ပြင်းထန်လှသော သတ်ဖြတ်ခြင်း အရှိန်အဝါမျိုး ရှိလာနိုင်ပါမည်နည်း။

“ဓားဆန္ဒကို နားလည်ထားတဲ့ သန်မာတဲ့ ဓားသမား အများအပြားမှာတောင် ဓားဆန္ဒမှာ ဂုဏ်သတ္တိ မပါကြဘူးလေ... ငါက ဓားဆန္ဒ အစပျိုးမှု အဆင့်မှာတင် သတ်ဖြတ်ခြင်း အရှိန်အဝါ ရှိနေပြီဆိုတော့... ဒီအချက်ကတင် ငါဟာ အဆင့်တူ ဓားသမားတွေထက် သာလွန်သွားပြီပေါ့...”

ခေတ္တမျှ မှင်တက်မိသွားပြီးနောက် လော့ချန် ရင်ထဲ၌ ဝမ်းသာသွားမိသည်။

ဓားဆန္ဒမှာ ဂုဏ်သတ္တိ ပါဝင်နေခြင်းမှာ ကောင်းမွန်သော ကိစ္စတစ်ခုဖြစ်ပြီး ဓားဆန္ဒ၏ စွမ်းအားကို မြှင့်တင်ပေးနိုင်သည် မဟုတ်ပါလော။ ဤသို့ဆိုလျှင် ဓားဆန္ဒကို နားလည်ထားသော အခြား ဓားသမားများနှင့် ရင်ဆိုင်ရသည့်အခါ သူသည် အပြတ်အသတ် အသာစီး ရရှိတော့မည်မှာ သေချာလှပေသည်။

မျက်လုံးများကို ဖွင့်လိုက်ရင်း လော့ချန် လက်ညှိုးကို ဆန့်ထုတ်လိုက်ရာ ဓားစွမ်းအားတစ်ခုမှာ ဟင်းလင်းပြင်ကို ဖောက်ထွင်းသွားတော့သည်။

“ရွှီး...”

ကျောက်နံရံပေါ်တွင် နက်ရှိုင်းလှသော ဓားပေါက်တစ်ခု ဖြစ်ပေါ်သွားသည်။ လော့ချန်သည် သတ်ဖြတ်ခြင်း ဓားဆန္ဒကို ထပ်မံ လှုံ့ဆော်လိုက်ပြီး လက်ညှိုးဖြင့် ထပ်မံ ညွှန်လိုက်ပြန်သည်။

“ရွှီး...”

ယခုတစ်ကြိမ်တွင်မူ ဓားပေါက်မှာ ပိုမို နက်ရှိုင်းသွားသည်။

“ဖျက်ဆီးအားက နှစ်ဆယ်ရာခိုင်နှုန်းလောက်အထိ တိုးလာတာပဲ...”

လော့ချန်၏ မျက်လုံးများ ဝင်းလက်သွားပြီး မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ ၎င်းမှာ အစပျိုးမှုသာ ရှိသေးသဖြင့် သူသည် ဓားဘုရင်၏ ဆန္ဒဖြင့် ဓားဆန္ဒကို ဆက်လက် ပွတ်တိုက် ကျင့်ကြံသွားမည်ဆိုပါက... သတ်ဖြတ်ခြင်း ဓားဆန္ဒမှာလည်း တစ်လှမ်းချင်း ပိုမို သန်မာလာတော့မည်မှာ သေချာလှပေသည်။

သို့သော်လည်း သတ်ဖြတ်ခြင်း ဂုဏ်သတ္တိမှာ မည်မျှပင် သန်မာပါစေ ၎င်းမှာ အပိုဆောင်းသာ ဖြစ်ပြီး ဓားဆန္ဒ၏ အဆင့်အတန်းကသာ အခြေခံ ဖြစ်သည် မဟုတ်ပါလော။ လော့ချန်သည် အခြားသော အတွေးများကို ဘေးဖယ်ထားလိုက်ပြီး ၇၀ ရာနှုန်း ဓားဆန္ဒအဆင့်သို့ တက်လှမ်းရန်အတွက် အစွမ်းကုန် ကြိုးစားတော့သည်။

အချိန်များမှာ ရေစီးနှယ် ကုန်ဆုံးသွားပြီးနောက်...

နောက်ထပ် ရက်သတ္တပတ် နှစ်ပတ် ကုန်လွန်သွားခဲ့ပြန်သည်။

“ဝုန်း...”

လော့ချန် ရှိနေသော တောင်ထိပ်ပေါ်၌ ရုတ်တရက် ပြင်းထန်လှသော ထက်မြက်သည့် အရှိန်အဝါတစ်ခု ပျံ့နှံ့သွားသည်။

ထိုထက်မြက်သည့် အရှိန်အဝါမှာ ဓားပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲလျက် ကောင်းကင်သို့ ထိုးတက်သွားပြီး တိမ်တိုက်များကိုပင် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်စေရာ... လေထုမှာလည်း ရေလှိုင်းနှယ် ပြင်းထန်စွာ တုန်ခါလျက် ဝေးကွာသော နေရာအထိ ပျံ့နှံ့သွားတော့သည်။

ကီလိုမီတာ ဆယ်ဂဏန်းခန့် အကွာအဝေးတွင်...

လျှပ်ယွမ်ဂိုဏ်း အတွင်းစည်းတပည့် နှစ်ဦးမှာ ခရီးသွားနေရင်း ထိုလှုပ်ရှားမှု ဖြစ်ပွားရာ အရပ်မျက်နှာသို့ လှမ်းကြည့်လိုက်ကြသည်။

“ချီစွမ်းအင် ရိုက်ခတ်မှုက တကယ့်ကို ပြင်းထန်တာပဲ... ကောင်းကင်နဲ့မြေပြင်ရဲ့ ရတနာတစ်ခုခု ပေါ်ထွက်လာတာများလား...”

“ဖြစ်နိုင်တယ်... အဆင့်မြင့် ရတနာတွေ ပေါ်လာတဲ့အခါမှာ ကမ္ဘာမြေမှာ ထူးခြားတဲ့ အဖြစ်အပျက်တွေ ဖြစ်တတ်တာပဲလေ...”

“အချိန်မဆိုင်းဘဲ သွားကြည့်ရအောင်... တခြားလူတွေ လက်ဦးသွားတာကို ကြည့်မနေနိုင်ဘူး...”

ထိုနှစ်ဦးမှာ အလင်းတန်း နှစ်စင်းအဖြစ် ပြောင်းလဲလျက် လှုပ်ရှားမှု ဖြစ်ပွားရာ အရပ်မျက်နှာသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကြတော့သည်။

ကျောက်ဂူအတွင်း၌မူ...

ကျောက်ဂူတစ်ခုလုံးရှိ ကျောက်နံရံများမှာ ဓားဖြင့် အကြိမ်ပေါင်း ထောင်ချီ၍ ခုတ်ထစ်ခံထားရသည့်နှယ် ဓားရာများဖြင့် ပြည့်နှက်နေခဲ့ပြီး ဂူအပေါ်ဘက်မှာလည်း ဖောက်ထွင်းခံထားရသဖြင့် ကျောက်တုံးစများမှာ တဖွဲဖွဲ ကျဆင်းနေခဲ့သည်။

“၇၀ ရာနှုန်း ဓားဆန္ဒ... သွေးကြောနိုးကြားမှုနယ်ပယ် ဆဋ္ဌမအဆင့်...”

လော့ချန်၏ အသံမှာ ဝမ်းသာမှုများကို ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။ ဓားဆန္ဒ ကျင့်ကြံခြင်းမှာ သူ ထင်ထားသည်ထက်ပင် ပိုမို ချောမွေ့နေခဲ့သည်။

တစ်ရက်တည်းနှင့်ပင် ၆၀ ရာနှုန်း ဓားဆန္ဒသို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သလို... ထို့နောက်တွင်လည်း အဟုန်မပျက်ဘဲ ရက်သတ္တပတ် နှစ်ပတ်အတွင်းမှာပင် ၇၀ ရာနှုန်း ဓားဆန္ဒသို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။

၎င်းမှာ ဓားဆန္ဒ အစပျိုးမှု၏ အဆင့်မြင့်အဆင့်သို့ ရောက်ရှိသွားခြင်းပင် ဖြစ်သည်။

၎င်းတင်မကသေးဘဲ ဓားဆန္ဒ ၇၀ ရာနှုန်းသို့ တက်လှမ်းနိုင်သည့် အခိုက်အတန့်မှာပင် လော့ချန်၏ ကျင့်ကြံမှု အတားအဆီးမှာလည်း ပွင့်သွားခဲ့ပြီး တစ်ကိုယ်လုံးရှိ ချီစွမ်းအင်များမှာ ဆူဝေလာကာ အရည်အသွေးမှာလည်း တဟုန်ထိုး မြင့်တက်လာလျက် သွေးကြောနိုးကြားမှုနယ်ပယ် ဆဋ္ဌမအဆင့် အစောပိုင်းသို့ တိုက်ရိုက် တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။

ယခင် အတွေ့အကြုံများအရဆိုပါက ကျင့်ကြံမှု အတားအဆီးနှင့် ကြုံတွေ့ရသည့်အခါ တက်လှမ်းနိုင်ရန်အတွက် အချိန်အတော်ကြာအောင် အခြေခံများကို စုဆောင်းရမည် မဟုတ်ပါလော။

သွေးကြောနိုးကြားမှုနယ်ပယ် ဆဋ္ဌမအဆင့်သို့ တက်လှမ်းရန်မှာ အနည်းဆုံး တစ်လ၊ နှစ်လခန့် အချိန်ယူရပေလိမ့်မည်။

ယခုကဲ့သို့ လျင်မြန်စွာ တက်လှမ်းနိုင်ခြင်းမှာ လော့ချန်ကို လွန်စွာ အံ့သြတုန်လှုပ်စေခဲ့သည်။

“ဒါကြောင့်လည်း ဓားသမားတိုင်းက ဓားဆန္ဒကို နားလည်ချင်ကြတာကိုး... အကျိုးသက်ရောက်မှုက တကယ်ကို ကြီးမားတာပဲ...”

လော့ချန် သက်ပြင်းချလိုက်မိသည်။ ကျင့်ကြံမှု အတားအဆီးကို ဤမျှ လျင်မြန်စွာ ကျော်လွှားနိုင်ခြင်းမှာ ဓားဆန္ဒကြောင့်သာ ဖြစ်နိုင်ပေလိမ့်မည်။

“ကျင့်ကြံမှုက ဆဋ္ဌမအဆင့်ကို ရောက်သွားပြီ... ဓားဆန္ဒကလည်း ၅၀ ရာနှုန်းကနေ ၇၀ ရာနှုန်းအထိ တိုးတက်လာပြီး ဓားဆန္ဒ အဆင့်မြင့်နယ်ပယ်ကို ရောက်သွားပြီ... ငါ့ရဲ့ အခုလက်ရှိ စွမ်းအားက ဘယ်အဆင့်အထိ ရောက်နေပြီလဲဆိုတာ ငါတောင် မသိတော့ဘူး...”

ကျင့်ကြံမှုနှင့် ဓားဆန္ဒမှာ တစ်ပြိုင်နက် တိုးတက်လာခဲ့ခြင်း ဖြစ်သဖြင့် နှစ်ခုပေါင်းစပ်လိုက်သည့်အခါ လော့ချန်၏ စွမ်းအားမှာ အပြတ်အသတ် မြင့်တက်သွားမည်မှာ သေချာလှပေသည်။

ယခုအခါ သူ၏ စွမ်းအားမှာ သူကိုယ်တိုင်ပင် မှန်းဆ၍ မရနိုင်တော့ပေ။

ဖြစ်နိုင်မည်ဆိုလျှင် လော့ချန်သည် သေဆုံးသွားခဲ့သော ထိုသွေးဝိညာဉ်ဂိုဏ်း သန်မာသူနှင့် နောက်တစ်ကြိမ် ထပ်မံ ယှဉ်ပြိုင်ကြည့်ချင်နေမိသည်။

သွေးလောင်ဆေးလုံးကို မသုံးဘဲနှင့် တစ်ဖက်လူကို သတ်ရန် ဘယ်နှကွက်လောက် ယူရမည်လဲဆိုသည်ကို သိလိုခြင်းပင်။

ဓားတစ်ချက်တည်းနှင့် သတ်နိုင်ပါမည်လား...။

“ဟင်... လူတွေ လာနေတာပဲ... လျှပ်ယွမ်ဂိုဏ်း အတွင်းစည်းတပည့်တွေလား...”

လှုပ်ရှားမှုတစ်ခုကို လော့ချန် သတိပြုမိသွားသဖြင့် အနောက်တောင်ဘက်သို့ လှမ်းကြည့်လိုက်ကာ မျက်လုံးများကို အနည်းငယ် မှေးလိုက်မိသည်။

“လူရှိနေတာပဲ...”

လျှပ်ယွမ်ဂိုဏ်း အတွင်းစည်းတပည့် နှစ်ဦးမှာလည်း လော့ချန်ကို တွေ့ရှိသွားကြသည်။

ဘယ်ဘက်ရှိ ထွားကျိုင်းသော လူငယ်မှာ လော့ချန်ကို တစ်ချက် စူးစမ်းကြည့်လိုက်ရင်း လော့ချန်၏ ခါးရှိ လျှပ်စီးဓားကို သတိပြုမိသွားသဖြင့် မျက်လုံးများ ဝင်းလက်သွားကာ လှမ်း၍ အော်ဟစ်မေးမြန်းလိုက်သည်။

“ကောင်လေး... ခုနက ဒီမှာ ဘာထူးခြားတဲ့ လှုပ်ရှားမှုတွေ ရှိလဲဆိုတာ မင်း သိလား...”

လော့ချန်က တည်ငြိမ်စွာ ခေါင်းခါယမ်းပြလိုက်သည်။

“မသိဘူး ဟုတ်လား... မဖြစ်နိုင်တာ...”

ထွားကျိုင်းသော လူငယ်က နှာခေါင်းရှုံ့လိုက်ရင်း အထက်စီးမှနေ၍ အေးစက်စွာ ဆိုလိုက်သည်။

“ခုနက လှုပ်ရှားမှုက ဒီလောက်အထိ ကြီးမားတာကို... မင်းက ဘယ်လိုလုပ်ပြီး မသိဘဲ နေမှာလဲ... မင်း အဲ့ဒီလို ဖုံးကွယ်နေတာက ရတနာတစ်ခုခု တွေ့လို့ သိမ်းထားတာ မဟုတ်လား... မင်းရဲ့ ကိုယ်ပေါ်က ပစ္စည်းတွေကို အကုန်ထုတ်ပြစမ်း... ငါ ကြည့်ရသေးတာပေါ့...”

ရတနာ ရှိခြင်း၊ မရှိခြင်းမှာ အရေးမကြီးတော့ပေ... ထွားကျိုင်းသော လူငယ်မှာ လော့ချန်၏ ခါးရှိ ဓားမှာ သာမန်မဟုတ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သဖြင့် အတင်းအကျပ် လုယူရန် ကြံစည်နေခြင်းပင် ဖြစ်သည်။

“မသိဘူးဆို မသိဘူးပဲ... သွားတော့မယ်...”

လော့ချန်သည် ထိုနှစ်ဦးနှင့် စကားအရှည်ကြီး ပြောမနေချင်သဖြင့် လှည့်ထွက်ရန် ပြင်လိုက်သည်။

“နေဦး...”

“ဝှစ်...”

အခြားသော မျက်လုံး သွယ်လျလျနှင့် အသားဖြူဖြူ လူငယ်မှာ လော့ချန်၏ ရှေ့မှ ပိတ်ဆို့လိုက်ရင်း မျက်လုံးများကို မှေးလျက် ဆိုလိုက်သည်။ “မင်းက ရွှမ်ယွမ်ဂိုဏ်းတပည့် လော့ချန်ပဲ မဟုတ်လား... မင်းရဲ့ ပုံတူကားချပ်ကို ငါ မြင်ဖူးတယ်...”

“ရွှမ်ယွမ်ဂိုဏ်းတပည့် လော့ချန်လား... ငါတို့ လျှပ်ယွမ်ဂိုဏ်းကို ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲမှာ ပထမနေရာ ဆုံးရှုံးအောင် လုပ်ခဲ့တဲ့ကောင်ပေါ့...”

ထွားကျိုင်းသော လူငယ်မှာလည်း အံ့သြသွားပြီး လော့ချန်ကို ပြန်လည် ကြည့်လိုက်သည့်အခါ သူ၏ မျက်ဝန်းအတွင်း၌ ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်များ ဝင်းလက်လာတော့သည်။

“ဟုတ်တယ်ဆိုရင်ကော... မဟုတ်ဘူးဆိုရင်ကော ဘာဖြစ်လဲ...”

လော့ချန် ခေါင်းခါယမ်းလိုက်ရင်း ရင်ထဲ၌ သက်ပြင်းချလိုက်မိသည်။ သူသည် ဘယ်အချိန်ကတည်းက ဤမျှအထိ နာမည်ကြီးသွားရသနည်း။

သူသည် ပြဿနာများကို မရှာလိုသော်လည်း ပြဿနာများက ကိုယ်တိုင် လိုက်ရှာနေမှတော့... ထိုနှစ်ဦးကို တစ်ချက် ဝေ့ကြည့်လိုက်ရင်း တည်ငြိမ်စွာ ဆိုလိုက်သည်။

“ငါ ဒီနေ့ စိတ်ဓာတ် ကြည်လင်နေလို့ လူမသတ်ချင်ဘူး... မင်းတို့ သွားကြစမ်းပါ...”

ထိုနှစ်ဦးစလုံး၏ ကျင့်ကြံမှုမှာ အလွန် သန်မာလှပေသည်။ ထွားကျိုင်းသော လူငယ်မှာ သွေးကြောနိုးကြားမှုနယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ်တွင် ရှိနေသလို အသားဖြူဖြူ လူငယ်မှာမူ သွေးကြောနိုးကြားမှုနယ်ပယ် သတ္တမအဆင့် နောက်ပိုင်းသို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။

အကယ်၍ ယခင်ကဆိုလျှင် လော့ချန်အနေဖြင့် ဖိအားအချို့ ရှိနေနိုင်သော်လည်း ယခုမူ မည်သည့် ခံစားချက်မျှ ရှိမနေတော့ပေ။

“ဟဲဟဲ...”

အသားဖြူဖြူ လူငယ်က အေးစက်စွာ ရယ်မောလိုက်ရင်း နှိမ်ချစွာ ဆိုလိုက်သည်။

“လူမသတ်ချင်ဘူး ဟုတ်လား... ငါတို့ကို သွားခိုင်းနေတာလား... မင်းက ဘာမို့လို့လဲ... အမှန်အတိုင်း ပြောရရင် မင်းက အခု ငါတို့ လျှပ်ယွမ်ဂိုဏ်းရဲ့ သတ်ဖြတ်ရမဲ့ စာရင်းထဲမှာ ပါနေပြီလေ...”

“ငါတို့နဲ့ ဆုံမိတဲ့ အချိန်ကစပြီးတော့ မင်းရဲ့ ကံကြမ္မာက သေဖို့ပဲ ရှိတော့တာပဲ...”

အခန်း ၅၀၂ ပြီးပါပြီ။

အခန်း ၅၀၃ - ၇၀ ရာနှုန်း ဓားဆန္ဒ ပေါက်ကွဲခြင်း

“သတ်ဖြတ်ရမဲ့ စာရင်း... ဟဲဟဲ... လျှပ်ယွမ်ဂိုဏ်းက ငါ့ကို တကယ်ပဲ အထင်ကြီးနေတာပဲ...”

အသားဖြူဖြူ လူငယ်၏ စကားကို ကြားလိုက်ရသည့်အခါ လော့ချန် အနည်းငယ် အံ့အားသင့်သွားသည်။ ရွှမ်ယွမ်ဂိုဏ်းနှင့် လျှပ်ယွမ်ဂိုဏ်းတို့၏ ရန်ငြိုးမှာ နှစ်ပေါင်း ရာချီ ကြာမြင့်နေပြီဖြစ်ရာ ရေနှင့်မီးနှယ် မတည့်ကြဘဲ အလင်းရော အမှောင်ပါ ပြင်းထန်စွာ အားပြိုင်နေကြခြင်းဖြစ်သည်။ တစ်ဖက်ဂိုဏ်း၏ စွမ်းအားကို လျှော့ချရန်အတွက် ဂိုဏ်းနှစ်ခုစလုံးသည် တစ်ဖက်ဂိုဏ်းမှ အလားအလာရှိသော ပါရမီရှင်များကို လိုက်လံ သုတ်သင်လေ့ ရှိကြသည်။ သို့သော်လည်း ဤသို့သော လှုပ်ရှားမှုမှာ ပေါ်ပေါ်ထင်ထင် လုပ်ဆောင်ခြင်း မရှိဘဲ ထိပ်တန်း ပါရမီရှင်များကိုသာ ပစ်မှတ်ထားလေ့ ရှိခြင်းပင် ဖြစ်သည်။ လော့ချန်သည် တစ်နေ့သောအခါတွင် မိမိကိုယ်တိုင်လည်း ဤကဲ့သို့သော ဂုဏ်ထူးဆောင် စာရင်းထဲ ပါဝင်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ။

အသားဖြူဖြူ လူငယ်က တည်ငြိမ်စွာ ဆိုလိုက်သည်။

“မင်းရဲ့ ပါရမီနဲ့ဆိုရင် သတ်ဖြတ်ရမယ့် စာရင်းထဲ ပါဖို့ အရည်အချင်း မရှိသေးပါဘူး။ ဒါပေမဲ့ နှမြောစရာကောင်းတာက မင်းဟာ ငါတို့ လျှပ်ယွမ်ဂိုဏ်းကို အကြိမ်ကြိမ် စိန်ခေါ်ခဲ့မိတာပဲ။ ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲမှာ ငါတို့ လျှပ်ယွမ်ဂိုဏ်းသားတွေ အများကြီးကို သတ်ခဲ့တာကို ထားလိုက်ပါဦး... မြို့တော်မှာ ငါတို့ လျှပ်ယွမ်ဂိုဏ်း တပည့်ကိုပါ ဖျက်ဆီးခဲ့တာက ငါတို့ ဂိုဏ်းရဲ့ မျက်နှာကို အကြီးအကျယ် ပျက်စီးစေခဲ့တာပဲ...”

“အဲ့ဒီနေ့ကတည်းက မင်းရဲ့ ကံကြမ္မာက သေဖို့ပဲ ရှိတော့တာပဲ...”

ထွားကျိုင်းသော လူငယ်က ခါးရှိ ဓားရှည်ကို ဆုပ်ကိုင်လိုက်ရင်း ဖြဲပြုံးကာ ဆိုလိုက်သည်။ “အညံ့ခံလိုက်စမ်းပါ။ ဒါမှ မင်းရဲ့ အလောင်းကို အကောင်းပကတိအတိုင်း ချန်ထားပေးမှာ။ မဟုတ်ရင်တော့ အပိုင်းပိုင်း ခုတ်ထစ်ခံရတာက ဘယ်လို ခံစားရလဲဆိုတာ မင်းကို မြည်းစမ်းခိုင်းရလိမ့်မယ်”

ထိုနှစ်ဦး၏ အမြင်တွင် လော့ချန်မှာ သေလူတစ်ယောက် ဖြစ်နေပြီ ဖြစ်သည်။

“ဒီမှာ... ငါ အတည်ပြောနေတာ... ငါ ဒီနေ့ တကယ်ပဲ လူမသတ်ချင်ဘူး...”

လော့ချန် ခေါင်းခါယမ်းလိုက်ရင်း သက်ပြင်းတစ်ချက် ရှူထုတ်လိုက်ကာ ထိုနှစ်ဦးကို ဝေ့ကြည့်လျက် ဆိုလိုက်သည်။

“ငါ့ရဲ့ စိတ်ကူး မပြောင်းခင်မှာ မင်းတို့ သွားကြတာက ပိုကောင်းမယ်။ မဟုတ်ရင်တော့ အလကားနေရင်း အသက်ဆုံးရှုံးရလိမ့်မယ်...”

“ဟားဟား... သေခါနီးဖြစ်နေတာတောင် ဟိတ်ဟန် ထုတ်နေတုန်းပဲလား...”

ထွားကျိုင်းသော လူငယ်က အားရပါးရ ရယ်မောလိုက်ရင်း ဓားရှည်ကို ဆွဲထုတ်လိုက်ကာ ဓားဦးဖြင့် လော့ချန်ကို ချိန်ရွယ်လျက် ဆိုလိုက်သည်။ “မင်းက ဒီလို ဟိတ်ဟန်ထုတ်ပြပြီး ငါတို့ကို ခြောက်လို့ရမယ်လို့ ထင်နေတာလား... စိတ်ကူးယဉ်မနေနဲ့တော့... ဒီနေ့ မင်း လွတ်လမ်း မရှိဘူး...”

သူသည် သွေးကြောနိုးကြားမှုနယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ်တွင် ရှိနေသူဖြစ်ရာ သွေးကြောနိုးကြားမှုနယ်ပယ် သတ္တမအဆင့် သန်မာသူနှင့်ပင် ရင်ဆိုင်နိုင်စွမ်း ရှိသူ ဖြစ်သဖြင့် လော့ချန်ကို မည်သို့ မျက်စိထဲ ထည့်ပါမည်နည်း။

“ညီလေး လီ... သူနဲ့ စကားအရှည်ကြီး ပြောမနေနဲ့တော့။ မြန်မြန်သတ်ပြီး ပိရို့မြို့ကို သွားကြမယ်... ဟုတ်သားပဲ... အကြီးအကဲ ရန်ကွေ့က သူ့ကြောင့် လက်တစ်ဖက် ဆုံးရှုံးခဲ့ရတာဆိုတော့... မင်း သူ့ရဲ့ ဦးခေါင်းကို အကြီးအကဲ ရန်ကွေ့ဆီ ဆက်သလိုက်မယ်ဆိုရင် ဒါက ကောင်းတဲ့ အလုပ်တစ်ခု ဖြစ်မှာပဲ...”

အသားဖြူဖြူ လူငယ်မှာမူ ဘေးမှနေ၍ အေးဆေးစွာ စောင့်ကြည့်နေခဲ့သည်။ သူသည် ကိုယ်တိုင် ထွက်တိုက်ခိုက်ရန်ပင် မလိုအပ်ဟု ယူဆနေခြင်းပင် ဖြစ်သည်။

လော့ချန်သည် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ကာ နောက်ဆုံး အနေဖြင့် ပြောလိုက်သည်။

“အင်း... ငါ မင်းတို့ကို အခွင့်အရေး ပေးခဲ့ပြီးပြီပဲ။ မင်းတို့ကမှ မယူတာဆိုတော့... ငါကပဲ မင်းတို့ကို ကိုယ်တိုင် ငရဲပို့ပေးရတော့မှာပေါ့...”

လော့ချန် ခေါင်းခါယမ်းလိုက်သည်။ သူ၏ လေသံမှာ တည်ငြိမ်နေဆဲ ဖြစ်သော်လည်း သူ၏ အရှိန်အဝါမှာမူ ရုတ်တရက် ပြောင်းလဲသွားပြီး သတ်ဖြတ်လိုစိတ်များ ဖုံးလွှမ်းသွားတော့သည်။

“ဟိတ်ဟန် ထုတ်နေတုန်းပဲလား... သေစမ်း...”

ထွားကျိုင်းသော လူငယ်မှာ အကြီးအကျယ် ဒေါသထွက်သွားပြီး ခြေလှမ်းတစ်ချက် လှမ်းလိုက်ကာ တောင်ထိပ်၏ အထက်သို့ ရောက်ရှိသွားပြီးနောက် အထက်စီးမှနေ၍ ရေတံခွန်တစ်ခုနှယ် တောက်ပလှသော ဓားစွမ်းအား တစ်ခုကို ပိုင်းချလိုက်ရာ လေထုမှာ ဆုတ်ဖြဲခံလိုက်ရပြီး လော့ချန်ဆီသို့ ဦးတည်သွားတော့သည်။

“ဝုန်း...”

လော့ချန်၏ ကိုယ်ပေါ်မှ ပြင်းထန်လှသော ချီစွမ်းအင် ရိုက်ခတ်မှုများ ပေါက်ကွဲထွက်ပေါ်လာသည်။ သူ၏ လက်ဖဝါးပေါ်၌ ချီစွမ်းအင်များ ဝင်းလက်နေသော်လည်း ဓားကို ဆွဲထုတ်ခြင်း မရှိဘဲ လက်ဗလာဖြင့်သာ ထိုဓားစွမ်းအားကို လှမ်း၍ ဆုပ်ကိုင်လိုက်သည်။

“ဘုန်း...”

ဓားစွမ်းအားမှာ လော့ချန်၏ လက်ဖဝါးအတွင်း ဖမ်းဆုပ်ခြင်း ခံလိုက်ရပြီး သူ၏ လက်ချောင်းများဖြင့် အားစိုက်လိုက်သည်နှင့်တစ်ပြိုင်နက် တစ်စစီ ကြေမွသွားတော့သည်။

“ဟင်...”

ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ထွားကျိုင်းသော လူငယ်မှာ မျက်နှာပျက်သွားပြီး ရင်ထဲ၌ ထိတ်လန့်သွားရသည်။ ဤဓားချက်ကို သူ အစွမ်းကုန် မထုတ်သုံးခဲ့သော်လည်း သူ၏ အင်အား ခြောက်ဆယ်၊ ခုနစ်ဆယ် ရာခိုင်နှုန်းခန့် ပါဝင်နေခဲ့ရာ သာမန် သွေးကြောနိုးကြားမှုနယ်ပယ် ဆဋ္ဌမအဆင့် သန်မာသူများပင် ခုခံရန် ခက်ခဲလှသည်ကို ဤမျှ လွယ်ကူစွာ ခြေမှုန်းခံလိုက်ရသည် မဟုတ်ပါလား။

“ဝှစ်...”

လော့ချန်၏ ကိုယ်ရိပ်မှာ ဝင်းလက်သွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ထွားကျိုင်းသော လူငယ်၏ ရှေ့မှောက်သို့ ရောက်ရှိသွားသည်။

“တောက်... ထွက်သွားစမ်း”

ထွားကျိုင်းသော လူငယ်မှာ အခြေအနေ မကောင်းကြောင်း သိလိုက်သဖြင့် အကာအကွယ် ချီစွမ်းအင်များကို အစွမ်းကုန် လှုံ့ဆော်လိုက်သလို လော့ချန်ဆီသို့လည်း ဓားဖြင့် အပြင်းအထန် ပိုင်းချလိုက်ကာ လော့ချန်ကို နောက်ဆုတ်သွားစေရန် ကြိုးစားလိုက်သည်။

သို့သော် လော့ချန်မှာမူ လျစ်လျူရှုလိုက်ရင်း တစ်ကိုယ်လုံး၌ ချီစွမ်းအင်များ ဆူဝေနေကာ အရေပြားပေါ်တွင် ဝေဝါးလှသော ရွှေရောင် အလင်းတန်းများ ဝင်းလက်လျက် လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။

လက်သီးမှာ လေထုနှင့် ပွတ်တိုက်မိသဖြင့် မိုးကြိုးသံများနှင့် လှိုင်းလုံးကြီးများ ပေါက်ကွဲသည့်နှယ် မြည်ဟည်းသံများ ထွက်ပေါ်လာတော့သည်။

“ဘုန်း...”

ထွားကျိုင်းသော လူငယ်၏ လက်ထဲမှ ဓားရှည်မှာ တိုက်ရိုက် လွင့်စင်သွားရပြီး သူ တုံ့ပြန်ရန် အချိန်မရမီမှာပင် လက်သီးချက်မှာ သူ၏ ကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်လာတော့သည်။ ဘုန်း ခနဲ အသံနှင့်အတူ သွေးများ ပန်းထွက်သွားခဲ့ပြီး ထွားကျိုင်းသော လူငယ်၏ တစ်ကိုယ်လုံးမှာ အပိုင်းပိုင်း ပြတ်တောက်လျက် အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားကာ လုံးဝ သေဆုံးသွားတော့သည်။

“ညီလေး လီ”

အသားဖြူဖြူ လူငယ်၏ မျက်နှာမှာ အကြီးအကျယ် ပြောင်းလဲသွားသည်။ ဤအရာအားလုံးမှာ လျှပ်စီးနှယ် မြန်ဆန်လွန်းလှသဖြင့် သူ တားဆီးရန်ပင် အချိန်မရလိုက်ပေ။

“သွေးကြောနိုးကြားမှုနယ်ပယ် ဆဋ္ဌမအဆင့်လား... မဖြစ်နိုင်တာ”

လော့ချန် ထုတ်လွှတ်နေသော အရှိန်အဝါကို ခံစားမိလိုက်သည့်အခါ အသားဖြူဖြူ လူငယ်၏ မျက်နှာမှာ အကြိမ်ကြိမ် ပြောင်းလဲသွားရပြီး သူ၏ မျက်ဝန်းအတွင်း၌လည်း ပြိုင်ဘက်ကင်းလှသော ထိတ်လန့်မှုများ ပြည့်နှက်နေတော့သည်။

‘ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲ ပြီးဆုံးခဲ့တာ အချိန် ဘယ်လောက် ကြာသေးလို့လဲ။ ခြောက်လတောင် မပြည့်သေးဘူးလေ’

ဤမျှ တိုတောင်းလှသော အချိန်ကလေးအတွင်း လော့ချန်က သွေးကြောနိုးကြားမှုနယ်ပယ်ကို တက်လှမ်းနိုင်ခဲ့ရုံတင်မကဘဲ ထိုနယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ် သန်မာသူတစ်ဦးကိုပါ လက်ဗလာဖြင့် တစ်ချက်တည်း သတ်ဖြတ်နိုင်ခဲ့သည် မဟုတ်ပါလား။

ဒါက မည်သို့သော တိုးတက်မှု အရှိန်အဟုန်နည်း။ ကြယ်ဆယ်ပွင့် စိတ်ဝိညာဉ်အဆင့် သိုင်းဝိညာဉ် ပိုင်ရှင်ဖြစ်သော ဟွာကျင်းယန်ပင်လျှင် ဤသို့ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။

“မင်းကို သွားခိုင်းတုန်းက မသွားခဲ့ဘဲ... မင်းကိုယ်တိုင် အသေခံချင်နေမှတော့လည်း...”

လူတစ်ဦးကို သတ်ဖြတ်ပြီးနောက် လော့ချန် လက်ကို အသာအယာ ခါယမ်းလိုက်ရင်း အေးဆေးစွာဖြင့် အသားဖြူဖြူ လူငယ်ကို ကြည့်ကာ မေးလိုက်သည်။

“ရန်ကွေ့ဆိုတဲ့ကောင်က အခု ဘယ်မှာလဲ...”

လျှပ်ယွမ်ဂိုဏ်း ပြင်ပစည်း မဟာအကြီးအကဲ ရန်ကွေ့သည် ဆွန်ယင်ယန်နှင့် ပူးပေါင်းကာ လော့မိသားစုကို ဒုက္ခပေးရန် ကြံစည်ခဲ့သူ ဖြစ်သည်။ ဆွန်ယင်ယန် သေဆုံးသွားသဖြင့် သူတို့၏ အကြံအစည်မှာ ပျက်ပြားသွားခဲ့သော်လည်း လော့ချန်ကတော့ ထိုကိစ္စကို မေ့လျော့နေမည် မဟုတ်ပေ။ လော့ချန်၏ အစီအစဉ်အရ ဤသူသည်လည်း သေချာပေါက် သတ်ဖြတ်ရမည့်သူ ဖြစ်ပေသည်။

ယခင်က သူသည် ရန်ကွေ့၏ ပြိုင်ဘက် မဟုတ်ခဲ့သော်လည်း ယခုအခါ ကျင့်ကြံမှုနှင့် ဓားဆန္ဒမှာ တစ်ဟုန်ထိုး တိုးတက်လာခဲ့ပြီ ဖြစ်ရာ လော့ချန်အနေဖြင့် သွေးကြောနိုးကြားမှုနယ်ပယ် အဋ္ဌမအဆင့် သန်မာသူနှင့် ရင်ဆိုင်ရန် ယုံကြည်ချက် အပြည့်ရှိနေသည်။ သူ၏ ခန့်မှန်းချက် မှန်၊ မမှန်ဆိုသည်မှာ မကြာမီ သိရှိရတော့မည် ဖြစ်သည်။

“ကောင်လေး... မင်းက အကြီးအကဲ ရန်ကွေ့ကို ဘာလုပ်မလို့ မေးနေတာလဲ။ ဒါနဲ့... မင်း ဒီနေ့ ဒီကနေ အသက်ရှင်လျက် ထွက်သွားနိုင်မယ်လို့ ထင်နေသေးတာလား...”

အသားဖြူဖြူ လူငယ်၏ မျက်နှာမှာ အေးစက်နေပြီး စကားပြောနေစဉ်အတွင်း သူ၏ ကိုယ်ပေါ်မှ တောက်ပလှသော မီးလျှံ ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာကာ လက်ဖဝါးတစ်ချက်ကို ရိုက်ချလိုက်သည်။

ဟင်းလင်းပြင်မှာ တုန်ခါသွားပြီး ထိုလက်ဖဝါးချက်အောက်တွင် ပတ်ဝန်းကျင်ရှိ လေထုမှာ ခန်းခြောက်သွားရကာ ပူပြင်းလှသော လက်ဖဝါးပုံရိပ်မှာ တောင်ကြီးတစ်လုံးနှယ် ပြင်းထန်လှသော ဖိအားများကို ပေးစွမ်းနေတော့သည်။

“မပြောဘူးဆိုရင်တော့ မင်းပြောလာအောင် ငါကပဲ လုပ်ပေးရသေးတာပေါ့...”

လော့ချန်၏ အကြည့်မှာ အေးစက်နေပြီး သူ ထိုးနှက်လိုက်သော လက်သီးမှာ ရွှေရောင် နဂါးတစ်ကောင်နှယ် ပူပြင်းလှသော လက်ဖဝါးပုံရိပ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။

“ကလစ်...”

ချီစွမ်းအင်များ ပျံ့နှံ့သွားပြီး တောင်ကြီးနှယ် ပူပြင်းလှသော ထိုလက်ဖဝါးပုံရိပ်မှာ တစ်ခဏချင်းအတွင်း မှိန်ဖျော့သွားကာ ပြိုကွဲပျက်စီးသွားတော့သည်။

အသားဖြူဖြူ လူငယ်၏ မျက်ဝန်းအိမ်မှာ ကျုံ့ဝင်သွားပြီး သူ၏ မျက်လုံးများကိုပင် သူ မယုံကြည်နိုင် ဖြစ်သွားသည်။ သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အလတ်အဆင့်နှင့် နောက်ပိုင်းအဆင့် သန်မာသူများကြားတွင် တိုက်ခိုက်ရေးစွမ်းအားမှာ ကောင်းကင်နှင့် မြေပြင်နှယ် ကွာခြားလှသည် မဟုတ်ပါလား။ သို့သော် တစ်ဖက်လူက သူ၏ တိုက်ခိုက်မှုကို လွယ်ကူစွာ တားဆီးနိုင်ခဲ့သည် မဟုတ်ပါလား။

ဒါက သွေးကြောနိုးကြားမှုနယ်ပယ် ဆဋ္ဌမအဆင့် အစောပိုင်း သန်မာသူ တစ်ယောက်ကော ဟုတ်ရဲ့လား။

“ဝှစ်...”

လော့ချန်သည် စကားအရှည်ကြီး မပြောတော့ဘဲ သူ၏ ကိုယ်ရိပ်မှာ လေပြင်းနှယ် ဝင်းလက်သွားကာ အသားဖြူဖြူ လူငယ်ဆီသို့ အရှိန်အဟုန်ဖြင့် ချဉ်းကပ်သွားပြီးနောက် ပြိုင်ဘက်ကင်းလှသော ပြင်းထန်လှသည့် စွမ်းအားများဖြင့် လက်သီးတစ်ချက်ကို ထပ်မံ ထိုးနှက်လိုက်ရာ ခိုင်မာလှသော လက်သီးအဟုန်ကြောင့် ဟင်းလင်းပြင်မှာပင် တုန်ခါသွားရသည်။

အသားဖြူဖြူ လူငယ်၏ အမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားသည်။ သွေးကြောနိုးကြားမှုနယ်ပယ် အလယ်အလတ်အဆင့် သန်မာသူ တစ်ဦးထံမှ ဤကဲ့သို့သော ဖိအားမျိုးကို သူ တစ်ခါမှ မခံစားခဲ့ဖူးပေ။ ၎င်းမှာ အဆင့်တူ သန်မာသူတစ်ဦးနှင့် ရင်ဆိုင်နေရသည့်နှယ် ခံစားနေရသဖြင့် သူသည် ပေါ့ပေါ့တန်တန် မလုပ်ဝံ့တော့ဘဲ သိုင်းဝိညာဉ်ကို တိုက်ရိုက် ထုတ်ဖော်လိုက်တော့သည်။

“ဘုန်း...”

ကြယ်ခုနစ်ပွင့် ဝင်းလက်နေသော မီးလျှံ သိုင်းဝိညာဉ်တစ်ခု ကောင်းကင်သို့ ထိုးတက်သွားပြီးနောက် အသားဖြူဖြူ လူငယ်၏ အရှိန်အဝါမှာ တစ်ခဏချင်းအတွင်း မြင့်တက်လာခဲ့ရာ ရမ်းကားလှသော အရှိန်အဝါမှာ တောင်ပြို၊ ပင်လယ်လှိုင်း ပေါက်ကွဲသည့်နှယ် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။

“မောက်မာလှတဲ့ ကောင်လေး... သေစမ်း... မီးလျှံရိပ် အစွန်းရောက် သတ်ဖြတ်ခြင်း...”

ဒေါသတကြီး အော်ဟစ်လိုက်ရင်း အသားဖြူဖြူ လူငယ်၏ အကြည့်မှာ အေးစက်နေပြီး လက်ဖဝါးနှစ်ဖက်ဖြင့် သူ၏ ရှေ့၌ စက်ဝိုင်းပုံစံ ဖော်ထုတ်လျက် အပြင်းအထန် ရိုက်ချလိုက်သည်။

“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”

ကျယ်ပြောလှသော မီးလျှံ ချီစွမ်းအင်များမှာ လခြမ်းပုံစံ မီးလျှံများအဖြစ် ပြောင်းလဲလျက် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားခဲ့ရာ ဒီရေလှိုင်းများနှယ် မည်သူမျှ မတားဆီးနိုင်သော အရှိန်အဝါမျိုး ရှိနေသည်။

“ဝုန်း...”

စွမ်းအား နှစ်ခုမှာ တစ်ခဏချင်းအတွင်း တိုက်မိသွားကြပြီး ပြင်းထန်လှသော ရိုက်ခတ်မှုလှိုင်းများ ပျံ့နှံ့သွားခဲ့ရာ လေပြင်းများ ဆူဝေလာပြီး လျှပ်စီးများလည်း အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။

“ဝှစ်...”

လော့ချန်သည် နောက်သို့ တစ်ချက် ဆုတ်လိုက်ရင်း ထိုရိုက်ခတ်မှု နယ်ပယ်အတွင်းမှ ရှောင်တိမ်းလိုက်သည်။

“မဖြစ်နိုင်တာ... ဒါကတောင် သူ့ကို ဘာမှ မလုပ်နိုင်ဘူးလား...”

မိမိ၏ အစွမ်းထက်သော သိုင်းကွက်မှာပင် လော့ချန်ကို တစ်စုံတစ်ရာမျှ ထိခိုက်အောင် မလုပ်နိုင်သည်ကို မြင်ရသည့်အခါ အသားဖြူဖြူ လူငယ်မှာ မှင်တက်မိသွားရပြီး သူ၏ မျက်ဝန်းအတွင်းမှ သတ်ဖြတ်လိုစိတ်များမှာလည်း ပိုမို ပြင်းထန်လာတော့သည်။

လော့ချန်က ထိုသူကို တည်ငြိမ်စွာ ကြည့်လိုက်ရင်း ဆိုလိုက်သည်။

“မင်းရဲ့ အသန်မာဆုံး စွမ်းအားတွေကို ထုတ်သုံးစမ်းပါ။ ငါ့ရဲ့ လက်ရှိစွမ်းအားက ဘယ်အဆင့်အထိ ရောက်နေပြီလဲဆိုတာ ငါ သိချင်လို့ပါ...”

ထိုစကားကြောင့် အသားဖြူဖြူ လူငယ်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ပြီး သူ၏ မျက်နှာပေါ်၌ ပုံမှန်မဟုတ်သော နီမြန်းမှုများ ဖြစ်ပေါ်လာခဲ့သည်။ သူသည် သူ၏ တိုက်ခိုက်ရေးစွမ်းအား ရှစ်ဆယ်၊ ကိုးဆယ် ရာခိုင်နှုန်းခန့်ကို ထုတ်သုံးထားပါသော်လည်း တစ်ဖက်လူကမူ လုံးဝ အလေးအနက်ထားပုံ မရပေ။ ၎င်းတင်မကသေးဘဲ သူ၏ စကားအရဆိုပါက သူ့ကို စမ်းသပ်ကျောက်တုံးတစ်ခုနှယ်သာ သဘောထားနေသည် မဟုတ်ပါလား။ ဤသည်က တကယ့်ကို သည်းခံနိုင်စရာ မရှိတော့ပေ။

“ဟားဟားဟား...”

အကြီးအကျယ် ဒေါသထွက်သွားသဖြင့် အသားဖြူဖြူ လူငယ်သည် လော့ချန်ကို လက်ညှိုးငေါက်ငေါက်ထိုးလျက် အော်ဟစ်လိုက်၏။

“မင်းက ဘာမို့လို့လဲ။ ငါ့ရဲ့ အသန်မာဆုံး စွမ်းအားတွေကို မြင်ဖို့ မင်းမှာ ဘာအရည်အချင်း ရှိလို့လဲ...”

“ပြောရရင် မင်းက သွေးကြောနိုးကြားမှုနယ်ပယ် ဆဋ္ဌမအဆင့် အစောပိုင်း ကျင့်ကြံမှုပဲ ရှိတာလေ။ ငါက အသန်မာဆုံး စွမ်းအားတွေကို ထုတ်မသုံးရင်တောင် မင်းကို သတ်ဖို့ လုံလောက်နေပြီ။ ဒီနေ့ မင်း ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားဖို့ မစဉ်းစားနဲ့တော့...”

လော့ချန်၏ စွမ်းအားမှာ သူ့ကို အံ့သြစေခဲ့သည်မှာ မှန်သော်လည်း အသားဖြူဖြူ လူငယ်မှာမူ ယုံကြည်ချက် အပြည့်ရှိနေဆဲ ဖြစ်သည်။ သူသည် သွေးကြောနိုးကြားမှုနယ်ပယ် သတ္တမအဆင့် နောက်ပိုင်း သန်မာသူ ဖြစ်သည့်အတွက် ချီစွမ်းအင်မှာလည်း အလွန်ပင် ထူထဲလှသည် မဟုတ်ပါလား။ တိုက်ပွဲ ကြာလာသည်နှင့်အမျှ သူ သေချာပေါက် အနိုင်ရလိမ့်မည်မှာ မလွဲဧကန်ပင်။

“ဒါဆိုရင်လည်း...”

လော့ချန် ခေါင်းညိတ်လိုက်ရင်း ဆိုလိုက်သည်။

“ငါက မင်းရဲ့ အထင်သေးတာကို ခံရတော့မယ့်ပုံပဲ။ ဒါဆိုရင်တော့ မင်းကို ဖိအားနည်းနည်းလောက် ထပ်ပေးရမှာပေါ့...”

“ဝုန်း...”

နောက်ဆုံးစကားလုံး ထွက်လာသည်နှင့်တစ်ပြိုင်နက် လော့ချန်သည် လျှပ်စီးဓားကို ဆွဲထုတ်လိုက်ရာ ပတ်ဝန်းကျင်ရှိ လေထုမှာ တုန်ခါသွားခဲ့ပြီး ဝေဝါးလှသော ဓားပုံရိပ်တစ်ခု သူ၏ ကိုယ်ပေါ်မှ ကောင်းကင်သို့ ထိုးတက်သွားကာ ဟင်းလင်းပြင်ကို ဆုတ်ဖြဲပစ်လိုက်သည်။ သူ၏ တစ်ကိုယ်လုံးမှာ ဓားအိမ်အတွင်းမှ ထွက်ပေါ်လာသော ပြိုင်ဘက်ကင်းလှသည့် နတ်ဘုရား ဓားတစ်လက်နှယ် ရှိနေခဲ့ပြီး ကမ္ဘာမြေကို ပိုင်းဖြတ်တော့မည့်နှယ် ထိတ်လန့်ဖွယ်ရာ ထက်မြက်မှုများက ပတ်ဝန်းကျင်ရှိ လေထုကို အပိုင်းပိုင်း ဖြတ်တောက်နေတော့သည်။

၇၀ ရာနှုန်း ဓားဆန္ဒ ပေါက်ကွဲလာပြီ ဖြစ်သည်။

အခန်း ၅၀၃ ပြီးပါပြီ။

အခန်း ၅၀၄ - ယွမ်လန်နယ်မြေအုပ်စုကို စိုးမိုးခြင်း၊ နောက်ယောင်ခံလိုက်ခြင်း

ဓားဆန္ဒမှာ ပြင်းထန်လှပြီး ထက်မြက်လှသော လေစီးကြောင်းများ အရပ်မျက်နှာအနှံ့ ပျံ့နှံ့နေသည်။

လော့ချန်သည် ဓားကို ကိုင်ဆောင်လျက် ဟင်းလင်းပြင်၌ ရပ်တည်နေပြီး ဆံနွယ်နက်များမှာ လွင့်ခါနေကာ ကြယ်တာရာနှယ် တည်ငြိမ်လှသော မျက်ဝန်းအစုံမှ ထက်မြက်လှသော အရှိန်အဝါများ ထွက်ပေါ်နေသဖြင့် ပြိုင်ဘက်ကင်းလှသော ဓားသမားတစ်ဦး၏ အငွေ့အသက်များ ရှိနေခဲ့သည်။

“ဒါက...”

အသားဖြူဖြူ လူငယ်၏ ခန္ဓာကိုယ်မှာ နေရာမှာတင် တောင့်တင်းသွားပြီး လော့ချန်ကို စိုက်ကြည့်လိုက်ရာ သူ၏ မျက်နှာမှာ နီမြန်းလိုက်၊ ဖြူဖျော့လိုက် ဖြစ်နေခဲ့ပြီး တံတွေးကို အနိုင်နိုင် မျိုချလိုက်ရသည်။

“၇၀ ရာနှုန်း ဓားဆန္ဒ... မင်းက ဘယ်လိုလုပ်ပြီး ၇၀ ရာနှုန်း ဓားဆန္ဒကို နားလည်ထားနိုင်ရတာလဲ...”

၇၀ ရာနှုန်း ဓားဆန္ဒဆိုသည်မှာ ဓားဆန္ဒအစပျိုးမှု၏ အဆင့်မြင့်နယ်ပယ် ဖြစ်သည်မဟုတ်ပါလား။

ဂိုဏ်းကြီးသုံးဂိုဏ်း၏ တပည့်များထဲတွင်ပင် ဤအဆင့်သို့ ရောက်ရှိနိုင်သော ဓားသမားမှာ လက်ချိုးရေတွက်၍ ရနိုင်ပေသည်။

ဤအဆင့်သို့ ရောက်ရှိသူတိုင်းမှာ နယ်ပယ်တစ်ခုကို တုန်လှုပ်စေနိုင်သော ပါရမီရှင်များသာ ဖြစ်ကြသည်။

“ရွှီး...”

လော့ချန်သည် ဓားကို အသာအယာ ဝှေ့ယမ်းလိုက်ရာ ဓားစွမ်းအားမှာ ကောင်းကင်ယံ၌ ရှည်လျားလှသော အက်ကြောင်းကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ သူက ထိုလူကို ကြည့်ကာ မေးလိုက်သည်။

“အခုတော့ မင်းရဲ့ အသန်မာဆုံး စွမ်းအားတွေကို ထုတ်သုံးလို့ ရပြီမလား...”

အသားဖြူဖြူ လူငယ်၏ မျက်နှာမှာ အစွန်းကုန် ပျက်ယွင်းနေပြီး သူ၏ အကြည့်မှာလည်း တုံ့ဆိုင်းနေသည်။

“သေစမ်း...”

ရုတ်တရက် အသားဖြူဖြူ လူငယ်သည် လက်ကို ဝှေ့ယမ်းလျက် ပူပြင်းလှသော လက်ဖဝါးပုံရိပ်တစ်ခုကို လော့ချန်ဆီသို့ ပစ်လွှတ်လိုက်ပြီးနောက် သူကိုယ်တိုင်မှာမူ နောက်သို့ပင် လှည့်မကြည့်တော့ဘဲ ဝေးရာသို့ အစွမ်းကုန် ထွက်ပြေးတော့သည်။

နောက်ပြောင်နေသည်လား။ သူသည် သူ၏ စွမ်းအား ၈၀၊ ၉၀ ရာခိုင်နှုန်းခန့်ကို ထုတ်သုံးထားပါသော်လည်း သာမန်အခြေအနေရှိ လော့ချန်ကိုပင် အနိုင်နိုင်သာ ယှဉ်နိုင်ခဲ့သည် မဟုတ်ပါလား။

ယခုအခါ လော့ချန်သည် ၇၀ ရာနှုန်း ဓားဆန္ဒဟူသော ဝှက်ဖဲကို ထုတ်ပြလိုက်သည်တွင် သူ မည်သို့ ဖက်ပြိုင်နိုင်ပါမည်နည်း။

သူကဲ့သို့ လူဆယ်ယောက်ကိုပင် လော့ချန်က အလွယ်တကူ ခြေမှုန်းနိုင်ပေလိမ့်မည်။

“လွတ်မယ် ထင်လို့လား...”

လော့ချန် ခေါင်းခါယမ်းလိုက်ရင်း ဓားဆန္ဒကို လျှပ်စီးဓားအတွင်းသို့ ပေါင်းစပ်ထည့်သွင်းကာ ဓားတစ်ချက်ကို ပိုင်းချလိုက်သည်။

“ရွှီး...”

ထက်မြက်လှသော ဓားစွမ်းအား တစ်ခုမှာ ဟိန်းဟောက်ထွက်ပေါ်လာပြီး ပူပြင်းလှသော လက်ဖဝါးပုံရိပ်ကို တစ်ခဏချင်းအတွင်း ဖောက်ထွင်းသွားကာ လျှပ်စီးတစ်ခုနှယ် အသားဖြူဖြူ လူငယ်၏ အကာအကွယ် ချီစွမ်းအင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားတော့သည်။

“ဘုန်း...”

အကာအကွယ် ချီစွမ်းအင်မှာ ပေါက်ကွဲသွားရပြီး အသားဖြူဖြူ လူငယ်၏ ပခုံးပေါ်၌ အရိုးအထိ မြင်ရသော နက်ရှိုင်းလှသည့် ဓားရာကြီးတစ်ခု ဖြစ်ပေါ်သွားသဖြင့် သူသည် သွေးများစွာကို အပြင်းအထန် အန်လိုက်ရသည်။

“ဝှစ်...”

ကိုယ်ရိပ်မှာ တစ်ချက် ဝင်းလက်သွားပြီး လော့ချန်သည် ထိုလူ၏ နောက်သို့ လိုက်ပါသွားသည်။

“ငါ့ကို မသတ်ပါနဲ့... ငါက လျှပ်ယွမ်ဂိုဏ်းရဲ့ အဓိကတပည့်ပါ... မင်း ငါ့ကို သတ်ရင် ဘေးဒုက္ခကြီးနဲ့ ကြုံရလိမ့်မယ်... အကြီးအကဲ ရန်ကွေ့က အခု ပိရို့မြို့မှာ ရှိနေတာ... ငါတို့ အဲ့ဒီမှာ ဆုံဖို့ ချိန်းထားကြတာပါ... ငါ့အသက်ကို ချမ်းသာပေးပါ... မဟုတ်...”

အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာသော လော့ချန်ကို မြင်လိုက်ရသည့်အခါ အသားဖြူဖြူ လူငယ်သည် မျက်လုံးများ ပြူးထွက်သွားပြီး ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်တော့သည်။ လော့ချန်မှာမူ မည်သည့် ခံစားချက်မျှ မရှိဘဲ ဓားတစ်ချက်ကို တိုက်ရိုက် ဝှေ့ယမ်းလိုက်သည်။

“ရွှပ်...”

ဓားအလင်းမှာ လျှပ်စီးနှယ် ဝင်းလက်သွားပြီး ဦးခေါင်းတစ်ခုမှာ ကောင်းကင်သို့ လွင့်စင်သွားတော့သည်။

ဦးခေါင်းမပါသော ခန္ဓာကိုယ်ကြီးမှာ မီတာ ရာချီသော အကွာအဝေးအထိ ပြေးထွက်သွားပြီးမှသာ ကောင်းကင်မှ ပြုတ်ကျသွားခဲ့ရာ သူ၏ အသက်မှာလည်း ဤနေရာ၌ပင် ဇာတ်သိမ်းသွားတော့သည်။

“သိပ်ပြီး အားနည်းတာပဲ... ဒီကောင်က တကယ်ပဲ သွေးကြောနိုးကြားမှုနယ်ပယ် သတ္တမအဆင့် နောက်ပိုင်း သန်မာသူရော ဟုတ်ရဲ့လား...”

လော့ချန်သည် နေရာတွင် ရပ်တန့်လိုက်ရင်း ပြုတ်ကျသွားသော အသားဖြူဖြူ လူငယ်၏ အလောင်းကို ကြည့်ကာ အနည်းငယ် အံ့အားသင့်နေခဲ့သည်။

ယခင် ဝူးယန်မြို့ တိုက်ပွဲက သူသည် သွေးကြောနိုးကြားမှုနယ်ပယ် သတ္တမအဆင့် အလယ်ပိုင်း သန်မာသူ တစ်ဦးနှင့် ရင်ဆိုင်ခဲ့ရစဉ်က သူ၏ ဝှက်ဖဲအားလုံးကို ထုတ်သုံးပါသော်လည်း အနိုင်ရရန် ခက်ခဲခဲ့သည် မဟုတ်ပါလား။ နောက်ဆုံးတွင် သွေးလောင်ဆေးလုံးကို သုံးစွဲမှသာ တစ်ဖက်လူကို သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ယနေ့တွင်မူ သွေးကြောနိုးကြားမှုနယ်ပယ် သတ္တမအဆင့် နောက်ပိုင်း သန်မာသူ တစ်ဦးကို ရင်ဆိုင်ရသည့်အခါ ဤမျှအထိ လွယ်ကူစွာ အနိုင်ရရှိခဲ့ပြီး ၇၀ ရာနှုန်း ဓားဆန္ဒကို ထုတ်သုံးလိုက်ရုံဖြင့်ပင် တစ်ခဏချင်းအတွင်း သတ်ဖြတ်နိုင်ခဲ့သည် မဟုတ်ပါလား။

ဤအချက်က လော့ချန်ကိုပင် အံ့သြတုန်လှုပ်စေခဲ့သည်။

“ကြည့်ရတာ ငါက ကိုယ့်ကိုယ်ကိုယ် သိပ်ပြီး အထင်သေးနေမိတာပဲ... ကျင့်ကြံမှုက ဆဋ္ဌမအဆင့်ကို တက်လှမ်းနိုင်ခဲ့သလို ၇၀ ရာနှုန်း ဓားဆန္ဒကိုလည်း နားလည်ထားမှတော့... စွမ်းအားက ငါ ထင်ထားတာထက်တောင် ပိုပြီး တိုးတက်လာတာပဲ...”

လော့ချန် တွေးတောမိသည်မှာလည်း မှန်ကန်လှပေသည်။ ဤတစ်လကျော်ကျော်အတွင်း အခန်းအောင်း ကျင့်ကြံခဲ့သည့်အခါ သူ၏ ကျင့်ကြံမှုနှင့် ဓားဆန္ဒမှာ အဆင့်ဆင့် တက်လှမ်းနိုင်ခဲ့သဖြင့် သူ၏ စွမ်းအားမှာ ယခင်နှင့် ယှဉ်လျှင် အဝေးကြီး ကွာခြားသွားပြီ ဖြစ်သည်။

နှမြောစရာကောင်းသည်မှာ လက်ရည်စမ်းရန် သင့်လျော်သော ပြိုင်ဘက် မရှိခြင်းပင်။

သို့မဟုတ်ပါက သူ၏ စွမ်းအားမှာ မည်သည့် အဆင့်သို့ ရောက်ရှိနေပြီလဲဆိုသည်ကို သူ သိရှိနိုင်မည် မဟုတ်ပေ။

သွေးကြောနိုးကြားမှုနယ်ပယ် အဋ္ဌမအဆင့်လား...။

သို့မဟုတ် နဝမအဆင့်လား...။

“စတုတ္ထနယ်ပယ်က ငါ့အတွက် အလှမ်းဝေးနေပါသေးတယ်... ငါ လော့ယောင်ကို နယ်ပယ်အဆင့်သတ်မှတ်ချက်စာရင်းထဲ ဝင်အောင်လုပ်မယ်လို့ ကတိပေးထားဖူးတာပဲ... အခုတော့ သွေးကြောနိုးကြားမှုနယ်ပယ်ကို စိုးမိုးဖို့ပဲ ပန်းတိုင်ထားရတော့မှာပေါ့... အရင်ဆုံး ယွမ်လန်နယ်ပယ်စုရဲ့ သွေးကြောနိုးကြားမှုနယ်ပယ်မှာ အဆင့်တစ်နေရာကို အရင်ယူရမယ်...”

လော့ချန်သည် အလယ်ပိုင်းကုန်းမြေကြီးတွင် ပါရမီရှင်များမှာ မြစ်ထဲက ငါးများနှယ် များပြားလှပြီး အခြားသော ကုန်းမြေကြီး လေးခုထက် များစွာ သာလွန်ကြောင်း သိရှိထားသည်မှာ ကြာပြီဖြစ်သည်။

အကယ်၍ ယွမ်လန်နယ်မြေအုပ်စု၏ အဆင့်တူ သန်မာသူများကြားတွင်ပင် ဘုရင်တစ်ပါးနှယ် မစိုးမိုးနိုင်ဘဲ အရာအားလုံးကို မခြေမှုန်းနိုင်ခဲ့လျှင် သူ အလယ်ပိုင်းကုန်းမြေကြီးသို့ သွားရောက်ပြီး ကျိယွမ်ဟောင်ကို အနိုင်ယူမည်ဆိုသော ပန်းတိုင်မှာ စိတ်ကူးယဉ် အိပ်မက်သက်သက်သာ ဖြစ်ပေလိမ့်မည်။

အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ရင်း လော့ချန်၏ ကိုယ်ရိပ်မှာ တစ်ချက် ဝင်းလက်သွားပြီး လျှပ်ယွမ်ဂိုဏ်းတပည့် နှစ်ဦး၏ သိုလှောင်လက်စွပ်များကို သိမ်းဆည်းလိုက်ကာ... ထိုနှစ်ဦး၏ သိုင်းဝိညာဉ်များကိုလည်း တစ်ခုချင်း ဝါးမြိုပြီးမှသာ ဝေးရာသို့ ပျံသန်းသွားတော့သည်။

ကီလိုမီတာ ရာချီ ခရီးနှင်ပြီးနောက် လော့ချန်သည် မြို့ငယ်လေးတစ်ခုကို တွေ့ရှိလိုက်ရသည်။

စုံစမ်းကြည့်လိုက်သည့်အခါ ပိရို့မြို့၏ တည်နေရာကို သိရှိသွားသဖြင့် လော့ချန်သည် နောက်တစ်ကြိမ် ခရီးဆက်ခဲ့ပြီး အနောက်တောင်ဘက်သို့ ဦးတည် ပျံသန်းလာခဲ့သည်။

လျှပ်ယွမ်ဂိုဏ်း ပြင်ပစည်း မဟာအကြီးအကဲ ရန်ကွေ့ ရှိနေသည့် နေရာကို သိသွားမှတော့ သူသည် သေချာပေါက် လက်စားချေရမည်ဖြစ်သလို ဤအန္တရာယ်ကိုလည်း အမြစ်ပြတ် ရှင်းလင်းရပေလိမ့်မည်။

“ရန်ကွေ့ရဲ့ ကျင့်ကြံမှုက အခု သွေးကြောနိုးကြားမှုနယ်ပယ် အဋ္ဌမအဆင့်ကို ကျဆင်းနေတာဆိုတော့... သူ့ကို သုံးပြီး ငါ့ရဲ့ စွမ်းအားကို စမ်းသပ်ကြည့်ရတာပေါ့...”

လော့ချန် အေးစက်စွာ ပြုံးလိုက်ရင်း အရှိန်ကို မြှင့်တင်လိုက်ရာ တစ်ခဏချင်းအတွင်း ကောင်းကင်ယံ၌ ပျောက်ကွယ်သွားတော့သည်။

ပိရို့မြို့သည် တာယွဲ့မင်းဆက်၏ အလယ်ပိုင်းဒေသတွင် တည်ရှိပြီး ဝူးယန်မြို့နှင့် အလားတူ အရွယ်အစားရှိသော အလတ်စားမြို့တစ်မြို့ ဖြစ်သည်။

မြို့၏ ဘေးတစ်ဖက်စီတွင် မြစ်နှစ်စင်း ဖြတ်သန်းစီးဆင်းနေပြီး ပတ်ဝန်းကျင်တွင် စိမ်းလန်းစိုပြေသော တောင်တန်းများ ရှိနေသဖြင့် ရှုခင်းမှာ အလွန်ပင် သာယာလှပေသည်။

နောက်ဆုံး၌ ညနေခင်း အချိန်တွင် လော့ချန်သည် ပိရို့မြို့သို့ ဆိုက်ရောက်လာခဲ့သည်။

သူသည် စားသောက်ဆိုင်တစ်ခုသို့ ဝင်လိုက်ပြီး စားသောက်ဖွယ်ရာ အချို့ကို မှာယူကာ ငွေစတစ်ပြားကို စားပွဲထိုးလေးအား ပေးလိုက်ရင်း မေးမြန်းလိုက်သည်။

“ဒီနှစ်ရက်အတွင်းမှာ လျှပ်ယွမ်ဂိုဏ်းက အကြီးအကဲအဆင့် ပုဂ္ဂိုလ်မျိုးတွေ ပိရို့မြို့ကို ရောက်လာတာ ရှိလား...”

ပိရို့မြို့ကဲ့သို့ မြို့ငယ်လေးတွင် အကယ်၍သာ လျှပ်ယွမ်ဂိုဏ်း အကြီးအကဲ ရောက်ရှိလာမည်ဆိုပါက လူအများ သတိပြုမိကြမည်မှာ သေချာလှပေသည်။

စားပွဲထိုးလေးသည် ငွေစကို သိမ်းဆည်းလိုက်ရင်း မျက်နှာတွင် အပြုံးများ ပြည့်နှက်သွားကာ ဆိုလိုက်သည်။

“သခင်လေး... အရင်ရက်တွေကတော့ လျှပ်ယွမ်ဂိုဏ်းက အကြီးအကဲအဆင့် ပုဂ္ဂိုလ်တွေ ရောက်လာတာ ရှိပါတယ်... ဒါပေမဲ့ ဒီရက်ပိုင်းမှာတော့ မကြားမိသေးဘူးဗျ... ကျွန်တော် စုံစမ်းပေးပါ့မယ်... သတင်းရတာနဲ့ သခင်လေးကို ချက်ချင်း လာပြောပါ့မယ်ခင်ဗျာ...”

“ကောင်းပြီ...”

လော့ချန် ခေါင်းညိတ်ပြလိုက်ရင်း ပြတင်းပေါက် အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။

လမ်းမ တစ်ခုတည်းတွင်ပင် လျှပ်ယွမ်ဂိုဏ်း အတွင်းစည်းတပည့် နှစ်ဦးကို သူ တွေ့ရှိလိုက်ရသည်။ ၎င်းတင်မကဘဲ လော့ရှာဂိုဏ်း အတွင်းစည်းတပည့် နှစ်ဦးကိုလည်း တွေ့လိုက်ရပြန်သည်။

မြို့ထဲသို့ ဝင်လာစဉ်ကလည်း မြို့စောင့်စစ်သားများမှာ ယခင်ကထက် ပိုမို တင်းကျပ်စွာ စစ်ဆေးနေသည်ကို သတိပြုမိသဖြင့် မေးမြန်းလိုက်မိသည်။

“ဒီရက်ပိုင်းအတွင်းမှာ ဘယ်လိုထူးခြားတဲ့ အဖြစ်အပျက်တွေ ရှိလို့လဲ... ဘာလို့ သန်မာသူတွေ ဒီလောက် များနေရတာလဲ...”

စားပွဲထိုးလေးမှာ အံ့အားသင့်သွားသည်။

“သခင်လေး မသိဘူးလား... လွန်ခဲ့တဲ့ တစ်လလောက်က ဝူးယန်မြို့က ဆွန်မိသားစု တစ်ညတည်းနဲ့ အမြစ်ဖြတ် သတ်ခံလိုက်ရတာလေ... ဆွန်မိသားစု တစ်ခုလုံး လူပေါင်း သုံးလေးရာလောက် ရှိတာ အသက်ရှင်တဲ့သူ တစ်ယောက်မှ မရှိဘူး... အားလုံးက သွေးတွေ စုပ်ထုတ်ခံရပြီး ခြောက်ကပ်နေတဲ့ အလောင်းတွေ ဖြစ်ကုန်ကြတာ... ဆွန်မိသားစု ခေါင်းဆောင် ဆွန်ယင်ယန်ကလည်း လျှပ်ယွမ်ဂိုဏ်းရဲ့ အကြီးအကဲတစ်ဦး ဖြစ်နေတာလေ...”

အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ရင်း စားပွဲထိုးလေးက အသံကို နှိမ့်ကာ ဆက်လက် ပြောပြသည်။

“ကြားရတာတော့ ဒါက သွေးဝိညာဉ်ဂိုဏ်းက မိစ္ဆာတွေ လုပ်တာတဲ့ဗျ... ဒီကိစ္စက ဂိုဏ်းတွေကို အတော်လေး ရိုက်ခတ်သွားစေတယ်... လျှပ်ယွမ်ဂိုဏ်း အဆင့်မြင့်လူကြီးတွေကလည်း ဒေါသထွက်ပြီး တပည့်တွေနဲ့ အကြီးအကဲတွေ အများကြီးကို စုံစမ်းဖို့ လွှတ်ထားတာလေ... ဂိုဏ်းကြီးသုံးဂိုဏ်း ပူးပေါင်းပြီး နက်မှောင်တောင်တန်းကိုပါ ဝိုင်းရံဖို့ လုပ်နေကြတာဗျ...”

လော့ချန်သည် တိတ်ဆိတ်စွာ နားထောင်နေခဲ့သည်။ သူ၏ အပြစ်ပုံချမှုက ဤမျှအထိ ကြီးမားလှသော လှုပ်ခတ်မှုများ ဖြစ်လာလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။

တစ်လအတွင်းမှာပင် သွေးဝိညာဉ်ဂိုဏ်းအကြောင်းမှာ လူတိုင်း သိရှိသွားကြပြီ ဖြစ်သည်။ သို့သော်လည်း လော့ချန်၏ အမြင်တွင်မူ ၎င်းမှာ ကောင်းမွန်သော ကိစ္စတစ်ခုပင်။ သွေးဝိညာဉ်ဂိုဏ်း၏ ထိတ်လန့်ဖွယ်ရာ လုပ်ဆောင်မှုကို သူ ကိုယ်တိုင် မြင်တွေ့ခဲ့ရသည် မဟုတ်ပါလော။

သွေးဝိညာဉ်ဂိုဏ်းသည် တိတ်တဆိတ် စည်းရုံးသိမ်းသွင်းမှုများ ပြုလုပ်နေပြီး ဆက်လက် ကြီးထွားခွင့် ပေးထားမည်ဆိုပါက... ၎င်းမှာ အချိန်တန်သည့်အခါ ဂိုဏ်းကြီးသုံးဂိုဏ်းပင် ယှဉ်နိုင်ရန် ခက်ခဲသွားပေလိမ့်မည်။ ဤအဆိပ်အတောက်ကို စောစောစီးစီး ဖယ်ရှားနိုင်လေ ပိုကောင်းလေ ဖြစ်သည်။

“အီး...”

ထိုစဉ် ကောင်းကင်ယံမှ စူးရှလှသော အော်မြည်သံတစ်ခု ထွက်ပေါ်လာသည်။

လော့ချန်သည် ပြတင်းပေါက် အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ မျက်လုံးများကို အနည်းငယ် မှေးလိုက်မိသည်။

တောင်ဘက်တွင် တစ်ကိုယ်လုံး မီးနီရောင် လွှမ်းနေသော ပျံသန်းနိုင်သည့် ဧရာမ ငှက်ကြီးတစ်ကောင်မှာ ပိရို့မြို့ဆီသို့ တိုက်ရိုက် ဦးတည်လာနေသည်။

၎င်းမှာ လျှပ်ယွမ်ဂိုဏ်း၏ မီးလျှံငှက်ပင် ဖြစ်သည်။

မီးလျှံငှက်၏ ကျောပေါ်တွင် ကိုယ်ရိပ်များစွာ ရပ်တည်နေကြပြီး အစွန်ဆုံး ဘယ်ဘက်တွင်မူ ထွားကျိုင်းလှပြီး မျက်နှာမှာ ဆီးသီးနှယ် နီမြန်းနေသော လက်တစ်ဖက်ပြတ် လူကြီးတစ်ဦး ရှိနေခဲ့ရာ... ၎င်းမှာ ရန်ကွေ့ပင် ဖြစ်ပေသည်။ သူ၏ ဘေးတွင်မူ လျှပ်ယွမ်ဂိုဏ်း ပြင်ပစည်းတပည့် သုံးဦး ရှိနေသည်။

“လီမိုရှန်းနဲ့ ယွမ်ရှောင်တို့ကတော့ ရောက်မလာသေးဘူး ထင်တယ်... ငါတို့ အရင်ဆုံး တည်းခိုဖို့ နေရာရှာကြတာပေါ့... ဟင်...”

မီးလျှံငှက်မှာ ပိရို့မြို့၏ အထက်သို့ ရောက်ရှိလာသည့်အခါ ရန်ကွေ့က အမိန့်ပေးလိုက်သော်လည်း သူ၏ အကြည့်မှာ မသိမသာ လှုပ်ရှားသွားပြီးနောက် မျက်နှာမှာ ချက်ချင်းပင် ပြောင်းလဲသွားတော့သည်။

ခေါင်းပေါင်း ဝတ်ဆင်ထားပြီး ခါးတွင် ဓားရှည်ကို ချိတ်ဆွဲထားသော ကိုယ်ရိပ်တစ်ခုမှာ ပိရို့မြို့အတွင်းမှ ထွက်ခွာသွားပြီး ဝေးရာသို့ ပျံသန်းသွားသည်ကို သူ မြင်လိုက်ရခြင်းပင်။

“ဒီကောင်က...”

ဝေးကွာသွားသော ထိုကိုယ်ရိပ်ကို ကြည့်ရင်း ရန်ကွေ့၏ မျက်ဝန်းအတွင်း၌ သံသယများ ဖြစ်ပေါ်လာခဲ့ပြီး သေသေချာချာ အာရုံခံကြည့်လိုက်သည့်အခါ သူ၏ မျက်ဝန်းအတွင်းမှ အေးစက်လှသော အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာတော့သည်။

“အဲ့ဒီကောင်လေးပဲ...”

မျက်ခုံးများမှာ ပြင်းထန်စွာ တုန်ခါသွားရပြီး ရန်ကွေ့က အော်ဟစ်လိုက်သည်။

“မင်းတို့ အောက်မှာ ဆင်းပြီး ငါ့ကို စောင့်နေကြ... ငါ ခဏ သွားလိုက်ဦးမယ်...”

စကားအဆုံးတွင် ရန်ကွေ့၏ ကိုယ်ရိပ်မှာ တစ်ချက် လှုပ်ရှားသွားပြီး မည်သည့် အသံမျှ မထွက်ဘဲ ထိုနောက်သို့ လိုက်ပါသွားတော့သည်။

အခန်း ၅၀၄ ပြီးပါပြီ။

All Chapters