← Chapters

အခန်း (၅၀၅-၅၀၇)

Vol. 34 Ch. 505-507

အခန်း (၅၀၅-၅၀၇)

Vol. 34 Ch. 505-507

အခန်း ၅၀၅ - မင်းနဲ့လား... ငါနဲ့ပဲ

“လာပြီ...”

လော့ချန်သည် ပိရို့မြို့မှ ထွက်လာပြီးနောက် နောက်သို့ လှည့်မကြည့်သော်လည်း ဝိညာဉ်အင်အားဖြင့် စူးစမ်းနေသဖြင့် သူ၏ နောက်ကွယ်မှ လှုပ်ရှားမှုအားလုံးကို ထိန်းချုပ်ထားနိုင်ခဲ့ရာ လိုက်ပါလာသော ရန်ကွေ့ကို ချက်ချင်း သတိပြုမိလိုက်သည်။ ပိရို့မြို့အတွင်း၌ တိုက်ခိုက်ရန် မသင့်တော်သဖြင့် သူသည် တမင်တကာ ခြေရာပြခဲ့ခြင်းပင်။

ရန်ကွေ့ကို သံသယမဝင်စေရန်အတွက် လော့ချန်သည် သူ၏ ကျင့်ကြံမှုကိုပင် သွေးကြောနိုးကြားမှုနယ်ပယ် တတိယအဆင့်အထိ လျှော့ချထားခဲ့သည်။

“လာစမ်းပါ... ခဏနေရင် မင်းကို နောင်တရအောင် လုပ်ပေးမယ်...”

နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွှတ်သွားလျက် လော့ချန်သည် ခေါင်းပေါင်းကို နှိမ့်ချလိုက်ပြီး အရှိန်ကို မြှင့်တင်ကာ လူသူကင်းမဲ့သော အရပ်မျက်နှာဆီသို့ ပျံသန်းသွားတော့သည်။

“ဟဲဟဲ... တိတ်တဆိတ် ထွက်ပြေးချင်နေတာလား... မျက်နှာကို ဖုံးထားရင် ငါ မမှတ်မိဘူးလို့များ ထင်နေတာလား... ကောင်လေး... မင်းက သွေးကြောနိုးကြားမှုနယ်ပယ် နောက်ပိုင်းအဆင့် သန်မာသူတွေကို သိပ်ပြီး အထင်သေးတာပဲ...”

အနောက်ဘက်တွင် ရန်ကွေ့သည် လော့ချန်၏ ကျောပြင်ကို ကြည့်ရင်း ရင်ထဲ၌ ရက်စက်စွာ ပြုံးလိုက်သည်။ ယခင်က သူသည် ဆွန်ယင်ယန်နှင့် တိုင်ပင်ကာ ချီရှန်မြို့သို့ သွားရောက်ပြီး လော့မိသားစုကို အမြစ်ဖြတ်ရန် ကြံစည်ခဲ့ဖူးသည်။ သို့သော်လည်း နောက်တစ်နေ့မှာပင် ဆွန်မိသားစုမှာ သွေးဝိညာဉ်ဂိုဏ်း၏ အမြစ်ဖြတ်ခြင်းကို ခံလိုက်ရကြောင်း သတင်းထွက်ပေါ်လာသဖြင့် လျှပ်ယွမ်ဂိုဏ်းတစ်ခုလုံး တုန်လှုပ်သွားခဲ့ရပြီး ဤကိစ္စကိုလည်း ခေတ္တ ရပ်နားထားခဲ့ရခြင်းပင်။

ရန်ကွေ့သည် အချိန်အားသည့်အခါမှ ချီရှန်မြို့သို့ ကိုယ်တိုင် တစ်ခေါက် သွားရန် ကြံစည်ထားသော်လည်း ယခု ဤနေရာ၌ လော့ချန်နှင့် ဆုံတွေ့လိမ့်မည်ဟု ထင်မထားခဲ့ပေ။

“လော့ချန်... မင်းကြောင့် ငါ့ရဲ့ လက်တစ်ဖက် ဆုံးရှုံးခဲ့ရတာလေ... ဒီနေ့ကတော့ မင်း အဖိုးအခ ပြန်ပေးရမယ့် အချိန်ပဲ...”

ရန်ကွေ့၏ မျက်နှာမှာ အေးစက်နေသော်လည်း ချက်ချင်း လက်မချသေးပေ။ လော့ချန်မှာ သူ၏ အမြင်တွင် သေလူတစ်ယောက် ဖြစ်နေပြီဖြစ်ရာ ပိရို့မြို့နှင့် အဝေးဆုံးသို့ ရောက်မှသာ စိတ်ကြိုက် နှိပ်စက် သတ်ဖြတ်ပြီး ရင်ထဲမှ အမောများကို ဖြေဖျောက်ရန် ဆုံးဖြတ်လိုက်ခြင်းပင်။

တိမ်တိုက်များကြားတွင် ပုန်းကွယ်လျက် ရန်ကွေ့သည် လော့ချန်၏ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါနေခဲ့ပြီး နှစ်ဦးကြား အကွာအဝေးမှာ ကီလိုမီတာ နှစ်ဆယ်၊ သုံးဆယ်ခန့် အမြဲ ရှိနေခဲ့သည်။ နှစ်ဦးစလုံးမှာ လျှပ်စီးနှယ် အရှိန်ဖြင့် ခရီးနှင်နေကြရာ ခဏချင်းအတွင်းမှာပင် ပိရို့မြို့နှင့် ကီလိုမီတာ ရာချီ ဝေးကွာသော နေရာသို့ ရောက်ရှိလာကြသည်။

“ဝှစ်...”

ရုတ်တရက် လော့ချန်၏ ကိုယ်ရိပ်မှာ အလင်းတန်းတစ်ခုနှယ် အောက်ဘက်သို့ ထိုးဆင်းသွားသည်။

“ဒီလောက်ဆို ရပြီ...”

ရန်ကွေ့ မျက်လုံးများကို မှေးလိုက်ရင်း အရှိန်ကို အစွမ်းကုန် မြှင့်တင်ကာ လိုက်လံ ဆင်းသက်လိုက်သည်။ တိမ်တိုက်များကို ဖောက်ထွင်းပြီးနောက် ရန်ကွေ့သည် နေရာမှာတင် မှင်တက်မိသွားရသည်။

လော့ချန်သည် တောင်ထိပ်၏ အစွန်းတွင် ရပ်တည်နေပြီး သူ့ကို ပြုံးစစဖြင့် လှမ်းကြည့်နေခဲ့သည် မဟုတ်ပါလား။

“အကြီးအကဲ ရန်ကွေ့... မတွေ့တာ ကြာပြီနော်...”

“ဝှစ်...”

ရန်ကွေ့၏ မျက်ဝန်းအိမ်မှာ ကျုံ့ဝင်သွားပြီး တောင်ထိပ်ပေါ်သို့ ဆင်းသက်လိုက်ကာ လော့ချန်ကို ကြည့်ရင်း အေးစက်စွာ ဆိုလိုက်သည်။

“ငါ မင်းနောက်ကို လိုက်နေတာကို မင်း သိနေတာလား... ဘယ်အချိန်ကတည်းက သိနေတာလဲ...”

ရန်ကွေ့သည် လမ်းတစ်လျှောက်တွင် မည်သည့် သဲလွန်စမျှ မပြခဲ့မိဟု ယုံကြည်နေသည်။

လော့ချန်က တည်ငြိမ်စွာ ဆိုလိုက်သည်။

“အစကတည်းက သိနေတာပါ... ဒါတင်မကဘူး... မင်း ဆွန်ယင်ယန်နဲ့ ပူးပေါင်းပြီး ငါ့ရဲ့ လော့မိသားစုကို အမြစ်ဖြတ်ဖို့ ကြံစည်ခဲ့တာကိုလည်း ငါ သိတယ်...”

“မင်းက ဒီကိစ္စကိုပါ သိနေတာလား... ဘယ်လိုလုပ်ပြီး သိတာလဲ...”

ရန်ကွေ့၏ မျက်နှာမှာ အကြီးအကျယ် ပြောင်းလဲသွားသည်။ ဤကိစ္စမှာ သူနှင့် ဆွန်ယင်ယန်သာ သိရှိသော လျှို့ဝှက်ချက် မဟုတ်ပါလား။ တစ်ခဏချင်းအတွင်းမှာပင် သူသည် ရုတ်တရက် အမြစ်ဖြတ်ခံလိုက်ရသော ဆွန်မိသားစုကို တွေးမိသွားသည်။ သို့သော်လည်း ဤကိစ္စမှာ လော့ချန်နှင့် ပတ်သက်နိုင်သည်ဟု မည်သို့မျှ တွေးမရပေ။ လော့ချန်တွင် ဤမျှအထိ စွမ်းအားမျိုး မရှိသည်မှာ သေချာလှပေသည်။

“ဒါတွေက အရေးမကြီးပါဘူး...”

လော့ချန် ခေါင်းခါယမ်းလိုက်ရင်း သူ၏ အကြည့်မှာ အေးစက်သွားတော့သည်။

“ဒီနေ့ မင်း လွတ်လမ်း မရှိတော့ဘူး... ဒီနေရာက မင်းအတွက် ငါ ရွေးချယ်ပေးထားတဲ့ သင်္ချိုင်းပဲ...”

“ဟားဟားဟား...”

ရန်ကွေ့သည် လောကတွင် အရယ်ရဆုံး၊ အကောင်းဆုံး ပြက်လုံးတစ်ခုကို ကြားလိုက်ရသည့်နှယ် အားရပါးရ ရယ်မောလိုက်ရင်း လော့ချန်ကို နှိမ်ချစွာ ဆိုလိုက်သည်။

“မင်းက ငါ့ကို သတ်ချင်လို့တဲ့လား... မင်းလောက်နဲ့လား...”

“ဟုတ်တယ်... ငါနဲ့ပဲ...”

လော့ချန် အေးစက်စွာ ပြုံးလိုက်ရင်း ကိုယ်ပေါ်မှ ချီစွမ်းအင်များကို ပေါက်ကွဲစေလျက် လျှပ်စီးဓားကို ဆွဲထုတ်ကာ ဓားတစ်ချက် ပိုင်းချလိုက်သည်။

“ရွှီး...”

ဓားစွမ်းအားမှာ လျှပ်စီးနှယ် ဝင်းလက်သွားပြီး မြူခိုးများကို ဆုတ်ဖြဲလျက် အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားတော့သည်။

“ဟင်း... အတိုင်းအတာကို မသိတဲ့ကောင်...”

ရန်ကွေ့က နှိမ်ချစွာ ကြည့်လိုက်ရင်း တစ်ကိုယ်လုံးရှိ မီးလျှံ ချီစွမ်းအင်များကို ဆူဝေစေလျက် ညာဘက်လက်ဖဝါးပေါ်၌ မီးလျှံအလင်းတန်းများ ဝင်းလက်လာကာ အလွန် ပူပြင်းလှသော အရှိန်အဝါများဖြင့် ထိုဓားစွမ်းအားကို လှမ်း၍ ဆုပ်ကိုင်လိုက်သည်။

“ဘုန်း...”

ထက်မြက်လှသော ဓားစွမ်းအားမှာ တစ်ခဏချင်း ကျရောက်လာခဲ့ပြီး ထိတ်လန့်ဖွယ်ရာ ထက်မြက်မှုများ ပေါက်ကွဲထွက်ပေါ်လာသဖြင့် မီးပွားများစွာ လွင့်စင်သွားကာ ရန်ကွေ့ကို နောက်သို့ မဖြစ်မနေ ဆုတ်သွားစေခဲ့သည်။

“ဟင်... ပျက်စီးစမ်း...”

ရန်ကွေ့ မျက်နှာပျက်သွားပြီး ချီစွမ်းအင်များကို အစွမ်းကုန် လှုံ့ဆော်လိုက်ရာ လက်ဖဝါးပေါ်မှ မီးလျှံအလင်းတန်းများမှာ ပိုမို တောက်ပလာသည်။ ဘုန်းခနဲ အသံနှင့်အတူ ဓားစွမ်းအားမှာ ပျောက်ကွယ်သွားသော်လည်း ရန်ကွေ့၏ ညာဘက်လက်မှာမူ သွေးများ စိုရွှဲနေပြီး ဓားရာများစွာ ထင်ကျန်ရစ်ခဲ့သည်။

“သွေးကြောနိုးကြားမှုနယ်ပယ် ဆဋ္ဌမအဆင့်လား... မဖြစ်နိုင်တာ... မင်းလို အသုံးမကျတဲ့ကောင်က ဘယ်လိုလုပ်ပြီး ဒီလောက် မြန်မြန် တိုးတက်လာနိုင်ရတာလဲ... ဒါက သဘာဝတရားနဲ့ လုံးဝ မကိုက်ညီဘူး...”

လက်ဖဝါးမှ ပြင်းထန်လှသော နာကျင်မှုကြောင့် ရန်ကွေ့၏ မျက်နှာမှာ တွန့်လိမ်သွားသည်။ နာကျင်မှုမှာ ဒုတိယအချက်သာ ဖြစ်ပြီး လော့ချန်၏ ကျင့်ကြံမှုအဆင့်ကို သိလိုက်ရသည့်အခါ သူသည် လုံးဝ မှင်တက်မိသွားရခြင်းပင်။

သူ၏ အမြင်တွင် လော့ချန်မှာ အမြဲတမ်း ပုရွက်ဆိတ်တစ်ကောင်နှယ်သာ ရှိနေခဲ့သည် မဟုတ်ပါလား။ ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲတွင် ပထမ ရရှိခဲ့လျှင်ပင် အနည်းငယ် ပိုကြီးသော ပုရွက်ဆိတ်ကြီး တစ်ကောင်သာ ဖြစ်ပြီး ပြောပလောက်စရာ မရှိပေ။ သို့သော်လည်း ထိုပုရွက်ဆိတ်လေးမှာ ယခုအခါတွင်မူ ဆင်ကြီးတစ်ကောင်အဖြစ် ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

လော့ချန် အေးစက်စွာ ပြုံးလိုက်ရင်း ရန်ကွေ့ကို စိုက်ကြည့်လိုက်ရာ သူ၏ အကြည့်မှာ ထက်မြက်လှပေသည်။

“အခုက အရင်လို မဟုတ်တော့ဘူးလေ... မင်း ငါ့ကို စိတ်ကြိုက် နှိပ်စက်လို့ရမယ့် ငါးကလေး တစ်ကောင်လို့ ထင်နေတာလား... မင်း ငါ့ကို တိုက်ခိုက်ဖို့ ကြံစည်ခဲ့တဲ့ အချိန်ကတည်းက ငါ့ရဲ့ ဓားအောက်မှာ သေဖို့ ကံပါလာပြီးသားပဲ...”

“ဟားဟားဟား... ကောင်လေး... မင်းက တကယ့်ကို မောက်မာလွန်းတာပဲ... ငါ မင်းကို ဘာမှ မလုပ်နိုင်ဘူးလို့ တကယ် ထင်နေတာလား... မင်းကို သတ်ဖို့က ငါ့အတွက် လက်ဖဝါး စောင်းလိုက်သလောက်ပဲ လွယ်ပါတယ်... သေစမ်း...”

ရန်ကွေ့ အားရပါးရ ရယ်မောလိုက်သည်။ သူ၏ ကျင့်ကြံမှုမှာ ကျဆင်းခဲ့ဖူးသော်လည်း ယခုအခါ သွေးကြောနိုးကြားမှုနယ်ပယ် အဋ္ဌမအဆင့် နောက်ပိုင်းသို့ ပြန်လည် ရောက်ရှိနေပြီဖြစ်ရာ ဆဋ္ဌမအဆင့် အစောပိုင်း သန်မာသူ တစ်ဦးကို သူ မည်သို့ မျက်စိထဲ ထည့်ပါမည်နည်း။

“ဘုန်း...”

ပြင်းထန်လှသော မီးလျှံ ချီစွမ်းအင်များကို ထုတ်ဖော်လိုက်ရာ ရန်ကွေ့၏ တစ်ကိုယ်လုံးတွင် မီးမြွေများနှယ် မီးလျှံများ ရစ်ပတ်နေခဲ့ပြီး အရာအားလုံးကို လောင်ကျွမ်းစေနိုင်သည့် ပြင်းထန်လှသော အရှိန်အဝါများကြောင့် ပတ်ဝန်းကျင်ရှိ သစ်ပင်မြက်ပင်များမှာ တစ်ခဏချင်းအတွင်း မီးစွဲလောင်ကုန်တော့သည်။

“တိမ်လောင်ကျွမ်း လက်ဖဝါး...”

မျက်ဝန်းအတွင်းမှ မီးလျှံအလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာရင်း ရန်ကွေ့သည် လက်ဖဝါးတစ်ချက်ကို ရိုက်ချလိုက်သည်။ တောက်ပလှသော မီးလျှံလက်ဖဝါးပုံရိပ်မှာ ပေါက်ကွဲနေသော မီးတောင်တစ်ခုနှယ် ပြင်းထန်လှသော အရှိန်အဝါဖြင့် လော့ချန်ဆီသို့ ဖိနှိပ်ကျဆင်းလာတော့သည်။

“ကြယ်တာရာ ကြွေကျခြင်း... ပိုင်းဖြတ်စမ်း...”

လော့ချန်၏ မျက်ဝန်းအိမ် ကျုံ့ဝင်သွားပြီး ထိတ်လန့်ဖွယ်ရာ ထက်မြက်မှုများမှာ ကောင်းကင်သို့ ထိုးတက်သွားကာ လျှပ်စီးဓားဖြင့် အရှိန်အဟုန်အပြည့် ပိုင်းချလိုက်ရာ တောက်ပလှသော ကြယ်အလင်းတန်းတစ်ခုမှာ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော ထိတ်လန့်ဖွယ်ရာ ဓားဆန္ဒများနှင့်အတူ ဟင်းလင်းပြင်ကို ဆုတ်ဖြဲလျက် ကောင်းကင်ယံမှ ကျဆင်းလာတော့သည်။

“ဘုန်း...”

စွမ်းအား နှစ်ခုမှာ ထိတွေ့မိသည်နှင့်တစ်ပြိုင်နက် တိုက်ရိုက် ပေါက်ကွဲသွားခဲ့ပြီး ပြင်းထန်လှသော ရိုက်ခတ်မှုလှိုင်းများကြောင့် မီတာ ရာချီသော ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ ပျက်စီးသွားရကာ တောင်ထိပ်ကြီးမှာလည်း ကြိတ်ခြေခံလိုက်ရသဖြင့် မြေပြန့်ကြီးနှယ် ဖြစ်သွားတော့သည်။

“ဖူး...”

အကာအကွယ် ချီစွမ်းအင်မှာ ပြင်းထန်စွာ တွန့်လိမ်သွားရပြီး ရန်ကွေ့မှာ နောက်သို့ အဟုန်ဖြင့် ဆုတ်သွားရကာ ပါးစပ်မှ သွေးများ ယိုစီးလာခဲ့သည်။ လော့ချန်မှာမူ နောက်သို့ အနည်းငယ်သာ ဆုတ်လိုက်ရသည်။

“ဒါက... ၇၀ ရာနှုန်း ဓားဆန္ဒပဲ... ပြီးတော့ ဓားဆန္ဒထဲမှာ ပြင်းထန်တဲ့ သတ်ဖြတ်လိုစိတ်တွေ ပါဝင်နေပြီး ငါ့ရဲ့ စိတ်ဓာတ်ကိုပါ ရိုက်ခတ်နေတာပဲ... ဒါက ဘာဓားဆန္ဒလဲ...”

ရန်ကွေ့၏ မျက်နှာတွင် ထိတ်လန့်မှုများ ပြည့်နှက်သွားရပြီး ယခုတင်က တည်ငြိမ်မှုများမှာ လုံးဝ မရှိတော့ပေ။ သူ သေသေချာချာ မှတ်မိနေသည်မှာ ဂိုဏ်းသုံးဂိုဏ်းပြိုင်ပွဲ ယှဉ်ပြိုင်စဉ်က လော့ချန်၏ ဓားလမ်းစဉ် အဆင့်အတန်းမှာ ဓားစိတ်နှလုံး အဆင့်မြင့်အဆင့်သာ ရှိသေးသည် မဟုတ်ပါလော။

အချိန်ကာလ ခြောက်လအတွင်းမှာတင် ဓားလမ်းစဉ် အဆင့်အတန်းမှာ ဓားစိတ်နှလုံး အဆင့်မြင့်အဆင့်မှနေ၍ ၇၀ ရာနှုန်း ဓားဆန္ဒအထိ တက်လှမ်းနိုင်ခဲ့သည်လား။ ဤသည်က မည်သို့သော ဓားလမ်းစဉ် ပါရမီနည်း။ သူနှင့် နှိုင်းယှဉ်ပါက မူလက ဂိုဏ်းသုံးဂိုဏ်း ပြင်ပစည်းတွင် နံပါတ်တစ် ဓားလမ်းစဉ် ပါရမီရှင်ဟု တင်စားခံခဲ့ရသော ယန်ချင်းရှုံးမှာ အဝေးကြီး ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။

ထိတ်လန့်နေစဉ်မှာပင် ရူးသွပ်လှသော အတွေးတစ်ခုမှာ ရန်ကွေ့၏ ရင်ထဲ၌ ပေါ်ထွက်လာခဲ့ပြီး လော့ချန်ကို စူးစိုက်ကြည့်လိုက်သည်။

“ဆွန်ယင်ယန်... ဆွန်မိသားစု အမြစ်ဖြတ်ခံရတာက... မင်း လက်ချက်လား...”

“သေလူက ဘာလို့ ဒီလောက် စကားများနေတာလဲ...”

စကားအဆုံးတွင် လော့ချန်၏ ရှေ့မှောက်၌ ဓားအလင်းများ ဝင်းလက်သွားပြီး မရေမတွက်နိုင်သော ဓားစွမ်းအားများမှာ မိုးကြိုးလျှပ်စီးများနှယ် ရန်ကွေ့၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားတော့သည်။

“သေစမ်း... မင်းက အသုံးမကျတဲ့သူပဲဖြစ်ဖြစ် ပါရမီရှင်ပဲဖြစ်ဖြစ်... ဒီနေ့တော့ မင်းကို ငါ အမြစ်ပြတ် သုတ်သင်ပေးရမှာပဲ...”

ရန်ကွေ့ ဒေါသတကြီး အော်ဟစ်လိုက်ရင်း သူ၏ တိုက်ခိုက်ရေးစွမ်းအားကို အစွမ်းကုန် လှုံ့ဆော်လိုက်ရာ သူ၏ နောက်ကျောတွင် ကြယ်ခုနစ်ပွင့်ပါသော မီးလျှံ သိုင်းဝိညာဉ်တစ်ခု ပေါ်ထွက်လာပြီး ကျယ်ပြောလှသော အရှိန်အဝါများမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားလျက် မီးလျှံလေမုန်တိုင်းများကို ဖြစ်ပေါ်စေကာ လက်ဖဝါးတစ်ချက်ကို ရိုက်ချလိုက်သည်။

“ဘုန်း...”

ကောင်းကင်တစ်ခုလုံးရှိ ဓားစွမ်းအားများမှာ ကြေမွသွားရပြီး လော့ချန်သည်လည်း ကိုယ်ကို မထိန်းနိုင်ဘဲ နောက်သို့ လွင့်ထွက်သွားရသည်။

“ဟဲဟဲ... ကောင်လေး... မင်း ငါ့ရဲ့ ရှေ့မှာ ပေါ်မလာသင့်ဘူးလေ... ဒါကြောင့် မင်း သေကို သေရမယ်...”

ရန်ကွေ့ အအားရပါးရ ရယ်မောလိုက်ရင်း လက်ဖဝါး အလယ်တွင် တောက်ပလှသော မီးလျှံ အလင်းလုံးကြီးတစ်ခုကို စုစည်းလိုက်ကာ လက်ဖဝါးတစ်ချက်ဖြင့် ရိုက်ထုတ်လိုက်သည်။ ထိုအလင်းလုံးမှာ လေထုနှင့် ထိတွေ့သည်နှင့်တစ်ပြိုင်နက် ကြီးမားလာပြီး အရှိန်အဝါမှာလည်း အလွန် ပြင်းထန်လှသဖြင့် ဟင်းလင်းပြင်မှာပင် တွန့်လိမ်သွားတော့သည်။

“မင်းက တကယ့်ကို ယုံကြည်ချက် ရှိတာပဲ... ဒါပေမဲ့ စွမ်းအားကတော့ သိပ်မခေဘူး...”

လော့ချန်၏ အကြည့်မှာ တည်ငြိမ်နေခဲ့ပြီး ကိုယ်တွင်းမှ နဂါးဟိန်းသံများ ထွက်ပေါ်လာကာ အရှိန်အဝါမှာလည်း တစ်ဟုန်ထိုး မြင့်တက်လာခဲ့ပြီး သူ၏ မျက်ဝန်းအတွင်း၌ သွေးနီရောင် အလင်းတန်းများ ဝင်းလက်လာလျက် သတ်ဖြတ်လိုစိတ်များ ပျံ့နှံ့သွားတော့သည်။ ဤအခိုက်အတန့်တွင် နဂါးကျင့်စဉ် နှင့် ၇၀ ရာနှုန်း သတ်ဖြတ်ခြင်း ဓားဆန္ဒတို့မှာ အပြည့်အဝ ပေါက်ကွဲထွက်ပေါ်လာပြီ ဖြစ်သည်။

“နတ်ဆိုးမုန်တိုင်း သတ်ဖြတ်ခြင်း...”

“ဘုန်း...”

မီတာ ဆယ်ဂဏန်းခန့် ထူထဲလှသော ဓားစွမ်းအား ဝဲဂယက်ကြီးတစ်ခုမှာ ဟိန်းဟောက်ထွက်ပေါ်လာပြီး မီးလျှံ အလင်းလုံးပေါ်သို့ ပိုင်းချလိုက်ရာ ထိတ်လန့်ဖွယ်ရာ ထက်မြက်မှုများမှာ တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်လာခဲ့ပြီး မီးပွားများစွာကိုလည်း ဆုတ်ဖြဲပစ်လိုက်သည်။

ရန်ကွေ့တစ်ယောက် သတိပြန်မဝင်နိုင်သေးမီမှာပင် မီးလျှံ အလင်းလုံးမှာ ဖောက်ထွင်းခံလိုက်ရပြီး အကာအကွယ် ချီစွမ်းအင်များလည်း ပြိုကွဲသွားကာ သူ၏ ညာဘက်လက် တစ်ခုလုံးမှာလည်း ဓားစွမ်းအားကြောင့် အသားစများအဖြစ် ကြိတ်ခြေခံလိုက်ရတော့သည်။

အခန်း ၅၀၅ ပြီးပါပြီ။

အခန်း ၅၀၆ - မဟာအကြီးအကဲကို သတ်ဖြတ်ခြင်း၊ ဝိညာဉ်ဆေးနှင့် လျှို့ဝှက်စွမ်းရည်

“အား... အား... အား... ငါ့လက်... ငါ့လက်...”

ရန်ကွေ့သည် သွေးတစ်လုတ် အပြင်းအထန် အန်လိုက်ရပြီး ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်တော့သည်။

လော့ချန်တွင် ဤမျှ ပြင်းထန်လှသော ဝှက်ဖဲ ရှိနေလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။

တစ်ခဏချင်းအတွင်းမှာပင် တိုက်ခိုက်ရေးစွမ်းအားမှာ အဆမတန် မြင့်တက်လာခဲ့သဖြင့် သူ အငိုက်မိသွားရခြင်းပင် ဖြစ်သည်။

သူသည် လက်ဖဝါးကျင့်စဉ်ကို ကျင့်ကြံသူ ဖြစ်ရာ ယခင်က ယွမ်မန်လီကြောင့် လက်တစ်ဖက် ဆုံးရှုံးခဲ့ရပြီး ယနေ့တွင်မူ လော့ချန်ကြောင့် ကျန်ရှိနေသော လက်တစ်ဖက်ပါ အပိုင်းပိုင်း ကြိတ်ခြေခံလိုက်ရသဖြင့် လုံးဝ အသုံးမကျသော လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားရပြီ ဖြစ်သည်။

ဤအချက်က ရန်ကွေ့ကို အလွန်တရာ နာကျည်းကြေကွဲစေသည်။

“ခွေးတိရစ္ဆာန်လေး... စောင့်နေလိုက်စမ်း... မင်းကို နောင်တရအောင် ငါ လုပ်ပြမယ်...”

ဒေါသတကြီး အော်ဟစ်လိုက်ရင်း ရန်ကွေ့သည် ချီစွမ်းအင်များကို ရူးသွပ်စွာ လှုံ့ဆော်လိုက်ရာ ခြေဖဝါးအောက်တွင် ပူပြင်းလှသော မီးလျှံတစ်ခု ပေါက်ကွဲသွားပြီး တစ်ကိုယ်လုံးမှာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲလျက် အသားစများ လွင့်စင်သွားသော အရပ်မျက်နှာဆီသို့ ထိုးထွက်သွားရာ အရှိန်မှာ မှန်းဆ၍မရနိုင်လောက်အောင် မြန်ဆန်လှသည်။

“ပုံရိပ်ယောင် ပေါက်ကွဲခြင်း...”

လော့ချန်သည် ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်ရာ ကိုယ်ရိပ်ပေါင်း ရာကျော် ကွဲထွက်သွားပြီး အရှိန်မှာ တစ်ခဏချင်းအတွင်း အထွတ်အထိပ်သို့ ရောက်ရှိသွားကာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ရန်ကွေ့နှင့် ခြေလှမ်း နှစ်ဆယ်ခန့်အကွာသို့ ရောက်ရှိသွားသည်။

လော့ချန်၏ အရှိန်မှာလည်း ဤမျှ မြန်ဆန်နေလိမ့်မည်ဟု ရန်ကွေ့ ထင်မထားခဲ့သဖြင့် မျက်နှာပျက်သွားပြီး အသံကုန် အော်ဟစ်လိုက်သည်။

“တိရစ္ဆာန်ကောင်... ငါက လျှပ်ယွမ်ဂိုဏ်းရဲ့ အကြီးအကဲပဲ... မင်း ငါ့ကို သတ်ရဲလို့လား... လက်ကို အခုချက်ချင်း ရပ်စမ်း... မဟုတ်...”

“ပိုင်းဖြတ်စမ်း...”

လော့ချန်သည် စကားအရှည်ကြီး မပြောတော့ဘဲ လျှပ်စီးဓားကို ဝှေ့ယမ်းလိုက်သည်။

“ရွှီး...”

ရန်ကွေ့ မျက်လုံးများ ပြူးထွက်သွားပြီး ခန္ဓာကိုယ်မှာ အရှိန်ဖြင့် ရှေ့သို့ ပြေးထွက်နေဆဲဖြစ်ကာ ပါးစပ်မှလည်း တစ်စုံတစ်ခုကို ပြောချင်နေပုံရသည်။

နောက်တစ်ခဏတွင်...

“ဖူး...”

သူ၏ ခန္ဓာကိုယ်မှာ ဟင်းလင်းပြင်၌ နှစ်ခြမ်း ပြတ်တောက်သွားပြီး သွေးများမှာ အရပ်မျက်နှာအနှံ့ ပန်းထွက်သွားကာ ကမ္ဘာမြေကို နီရဲသွားစေသည်။

“ငါ ဆွန်မိသားစုကို အမြစ်ဖြတ်ခဲ့မှန်း သိရက်နဲ့ ဒီလို စကားအပိုတွေ ပြောနေသေးတာလား...”

လော့ချန် ခေါင်းခါယမ်းလိုက်ရင်း လက်ဖဝါးဖြင့် လှမ်း၍ စုပ်ယူလိုက်ရာ ရန်ကွေ့၏ သိုလှောင်လက်စွပ်မှာ သူ၏ လက်ထဲသို့ ရောက်ရှိလာသည်။

သေသေချာချာ ကြည့်ရှုရန် အချိန်မရှိသဖြင့် လက်စွပ်ကို သိမ်းဆည်းလိုက်ပြီး အလောင်းအနားသို့ လျှောက်သွားလိုက်သည်။

ရန်ကွေ့သည် သွေးကြောနိုးကြားမှုနယ်ပယ် နဝမအဆင့် သန်မာသူ ဖြစ်ပြီး ယွမ်မန်လီကြောင့် ဒဏ်ရာအပြင်းအထန် ရခဲ့သဖြင့် ကျင့်ကြံမှု ကျဆင်းသွားခဲ့သော်လည်း သွေးကြောနိုးကြားမှုနယ်ပယ် အဋ္ဌမအဆင့် သန်မာသူ ဖြစ်နေဆဲ ဖြစ်ရာ သူ၏ သိုင်းဝိညာဉ် အနှစ်သာရမှာ သေချာပေါက် ပြိုင်ဘက်ကင်းလှပေလိမ့်မည်။

အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ရင်း လော့ချန် စတင် ဝါးမြိုလိုက်သည်။

“ဝုန်း...”

ကြယ်ခုနစ်ပွင့် မီးလျှံ သိုင်းဝိညာဉ်မှာ ကိုယ်တွင်းသို့ ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် ပူပြင်းလှသော အနှစ်သာရများမှာ ကိုယ်တွင်း၌ ပေါက်ကွဲထွက်ပေါ်လာကြောင်း လော့ချန် ခံစားလိုက်ရပြီး တစ်ကိုယ်လုံးရှိ သွေးများမှာ ပူပြင်းလှသော ချော်ရည်များနှယ် ပြောင်းလဲသွားကာ အရေပြားများမှာလည်း နီမြန်းလာပြီး အရှိန်အဝါများမှာလည်း ဆူဝေနေတော့သည်။

“တကယ့်ကို သန်မာတာပဲ... ငါ့ရဲ့ ကျင့်ကြံမှု တိုးတက်မလာခဲ့ဘဲ ခန္ဓာကိုယ်လည်း သန်မာမထားခဲ့ရင်တော့ တောင့်ခံနိုင်မှာ မဟုတ်ဘူး...”

လော့ချန် အံ့သြဝမ်းသာ ဖြစ်သွားရပြီး ချီစွမ်းအင်ဗဟိုကို လျင်မြန်စွာ လှည့်ပတ်လျက် ဤ ပြင်းထန်လှစွာသော သိုင်းဝိညာဉ်အနှစ်သာရများကို ဖိနှိပ်လိုက်သည်။

နာရီဝက်ခန့် ကြာပြီးနောက်မှသာ လော့ချန်၏ အရှိန်အဝါမှာ တဖြည်းဖြည်း တည်ငြိမ်သွားပြီး မတ်တပ်ရပ်လိုက်သည့်အခါ သူ၏ ကိုယ်ရိပ်မှာ မြင့်မားလှသော တောင်ကြီးတစ်လုံးနှယ် ရှိနေတော့သည်။

“မဆိုးပါဘူး... ဒီသိုင်းဝိညာဉ် အနှစ်သာရတွေနဲ့ သွေးအနှစ်သာရ ဆေးလုံး လေးလုံးသာ ပေါင်းစပ်လိုက်ရင် ငါ့ရဲ့ ကျင့်ကြံမှုကို နောက်ထပ် အဆင့်တစ်ခု တက်လှမ်းနိုင်အောင် လုပ်ပေးနိုင်မှာပဲ...”

အသာအယာ ပြုံးလိုက်ရင်း လော့ချန် ပိရို့မြို့ အရပ်မျက်နှာသို့ လှမ်းကြည့်ကာ တွေးတောမိသည်။

“ပိရို့မြို့က လျှပ်ယွမ်ဂိုဏ်းနဲ့ သိပ်မဝေးဘူး... ရန်ကွေ့ ပျောက်ဆုံးသွားတာက လျှပ်ယွမ်ဂိုဏ်းရဲ့ သတိထားမှုကို ဖြစ်ပေါ်စေနိုင်တယ်... အရင်ဆုံး ဒီနေရာကနေ ထွက်တာက ပိုကောင်းမယ်...”

ကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်ရင်း လော့ချန်သည် အရှိန်ကို အစွမ်းကုန် မြှင့်တင်လိုက်ရာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ကီလိုမီတာ အနည်းငယ်အထိ ရောက်ရှိသွားပြီးနောက် ခြေရာလက်ရာပင် မကျန်တော့ပေ။

“ဂီး...”

လော့ချန် ထွက်ခွာသွားပြီး နာရီဝက်ခန့်အကြာတွင် မီးလျှံငှက် တစ်ကောင်သည် ကောင်းကင်ယံ၌ လှပလှသော မီးလျှံလမ်းကြောင်း တစ်ခုကို ဖော်ထုတ်လျက် ရောက်ရှိလာသည်။

“ဝှစ်... ဝှစ်... ဝှစ်...”

လျှပ်ယွမ်ဂိုဏ်း အတွင်းစည်း အကြီးအကဲ ဝတ်စုံကို ဝတ်ဆင်ထားသော ကိုယ်ရိပ် သုံးခုမှာ မီးလျှံငှက် ကျောပေါ်မှ ဆင်းသက်လာကြသည်။

“ဒီမှာပဲ...”

အေးစက်စွာ ကြည့်နေသော သူအိုကြီး တစ်ဦးသည် ရန်ကွေ့၏ အလောင်းအနားသို့ ဆင်းသက်လိုက်ပြီး လက်ဖြင့် လှမ်း၍ ဖမ်းဆုပ်လိုက်သည်။

မီးနီရောင် တံဆိပ်ပြားတစ်ခုမှာ အလောင်းပေါ်မှနေ၍ သူ၏ လက်ထဲသို့ ပျံဝင်သွားသည်။

တံဆိပ်ပြားကို မြင်လိုက်ရသည့်အခါ သူအိုကြိး၏ အကြည့်မှာ ချက်ချင်းပင် အေးစက်သွားသည်။

“ပြင်ပစည်း မဟာအကြီးအကဲ ရန်ကွေ့ပဲ... ငါတို့ တစ်လှမ်း နောက်ကျသွားပြီ...”

အလယ်ရှိ လှပချောမောသော အမျိုးသမီးကြီးမှာ ရန်ကွေ့၏ အလောင်းကို စူးစမ်းကြည့်လိုက်ရင်း အကြီးအကျယ် မျက်မှောင်ကြုတ်လိုက်သည်။

“တကယ့်ကို ရက်စက်လှတဲ့ နည်းလမ်းပဲ... အခုလေးတင် သေထားတာကို တစ်ကိုယ်လုံးက အနှစ်သာရတွေက လုံးဝ မရှိတော့ဘူး... ဒါက နောက်တစ်ခါ သွေးဝိညာဉ်ဂိုဏ်း ပဲလား”

“တောက်... သွေးဝိညာဉ်ဂိုဏ်းက ငါတို့ လျှပ်ယွမ်ဂိုဏ်းကို အမှည့်ချွေချွေနေတာပဲ... နောင်တစ်ချိန်မှာ သူတို့ရဲ့ စခန်းကို တွေ့တာနဲ့ သူတို့ တစ်ယောက်မှ မကျန်အောင် သတ်ပစ်ရမယ်...”

ဘယ်ဘက်ရှိ တည်ငြိမ်သော သက်လတ်ပိုင်းလူက အော်ဟစ်လိုက်သည်။

သူအိုကြီးက ပတ်ဝန်းကျင်အခြေအနေကို လေ့လာကာ သုံးသပ်လိုက်ရင်း ဆိုလိုက်သည်။

“ဒီလူက ရန်ကွေ့နဲ့ ခဏလောက် တိုက်ခိုက်ခဲ့ပုံရတယ်... ကျင့်ကြံမှုကလည်း ရန်ကွေ့နဲ့ သိပ်ပြီး ကွာခြားမှာ မဟုတ်ဘူး... ဒီနေရာကို ဗဟိုထားပြီး အခုချက်ချင်း ရှာဖွေရေးတွေ လုပ်ကြစမ်း... အထူးသဖြင့် သွေးကြောနိုးကြားမှုနယ်ပယ် အဋ္ဌမအဆင့်နဲ့ နဝမအဆင့် သံသယရှိသူတွေကို သေသေချာချာ စစ်ဆေးကြစမ်း...”

“ကောင်းပြီ... ဒီလူကို ဖမ်းမိတာနဲ့ အပိုင်းပိုင်း ခုတ်ထစ်ပစ်ရမယ်...”

သုံးဦးစလုံး၏ ကိုယ်ရိပ်များမှာ ဟင်းလင်းပြင်သို့ ထိုးတက်သွားကြပြီး မီးလျှံငှက်ကို စီးနင်းလျက် တစ်ဟုန်ထိုး ထွက်ခွာသွားကြတော့သည်။

ညမှောင်မှောင်အတွင်း လေပြင်းများ တိုက်ခတ်နေသည်။

လော့ချန်သည် တစ်နာရီခန့် အရှိန်အဟုန်ဖြင့် ပျံသန်းလာခဲ့ပြီးနောက် တောင်ကြားတစ်ခုတွင် ရပ်နားလိုက်သည်။

လိမ္မော်ရောင် မီးပုံကလေးထဲမှ မီးတောက်များမှာ ယိမ်းနွဲ့နေခဲ့ပြီး ခြောက်ကပ်လှသော ညဉ့်ဦးယံတွင် အနည်းငယ်သော လုံခြုံမှုကို ပေးစွမ်းနေသည်။

“ရရှိထားတာတွေကို ကြည့်ရသေးတာပေါ့...”

ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ရန်မှာ ခဏချင်းအတွင်း လုပ်ဆောင်နိုင်သည် မဟုတ်သဖြင့် လော့ချန်သည် ရန်ကွေ့၏ ပိုင်ဆိုင်မှုများကို စိတ်ဝင်စားနေခြင်းပင် ဖြစ်သည်။

ရန်ကွေ့သည် လျှပ်ယွမ်ဂိုဏ်း ပြင်ပစည်း မဟာအကြီးအကဲ ဖြစ်ပြီး အဆင့်အတန်း မြင့်မားသူ ဖြစ်ရာ သူ၏ ပိုင်ဆိုင်မှုမှာ နည်းပါးလိမ့်မည် မဟုတ်ပေ။ သူ့အတွက် အသုံးဝင်မည့် အရာတစ်ခုခု ပါဝင်နေနိုင်သည် မဟုတ်ပါလား။

ဥပမာအားဖြင့် သွေးအနှစ်သာရ ဆေးလုံး၊ သွေးကြောဖွင့်ဆေးလုံး သို့မဟုတ် သွေးလင်ဇီးကဲ့သို့သော ဝိညာဉ်ဆေးများနှင့် ဆေးလုံးများပင် ဖြစ်သည်။

လော့ချန်သည် လတ်တလော ရရှိထားသော သိုလှောင်လက်စွပ် သုံးခုကို ထုတ်ယူလိုက်ပြီး ထိုအတွင်းရှိ ဝိညာဉ်အမှတ်အသားများကို တစ်ခုချင်း ဖျက်ဆီးလိုက်သည်။

လျှပ်ယွမ်ဂိုဏ်း အတွင်းစည်းတပည့် နှစ်ဦး၏ သိုလှောင်လက်စွပ်အတွင်း၌ သွေးကြောဖွင့်ဆေးလုံး စုစုပေါင်း တစ်သောင်းကျော် ရှိနေခဲ့ရာ ၎င်းမှာ ငွေစသောင်းပေါင်းများစွာ တန်ဖိုးရှိလှပေသည်။ အခြားသော ပစ္စည်းများနှင့် ပေါင်းစပ်လိုက်လျှင် စုစုပေါင်း ပိုင်ဆိုင်မှုမှာ ငွေစသောင်းပေါင်းများစွာထက် များစွာ သာလွန်လှပေသည်။

၎င်းမှာ သာမန် သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူများအတွက်ဆိုလျှင် မဆိုးလှသော ပမာဏတစ်ခုပင် ဖြစ်သည်။

လော့ချန်သည် မျှော်လင့်ချက် အပြည့်ဖြင့် ရန်ကွေ့၏ သိုလှောင်လက်စွပ်ကို ဖွင့်ကြည့်လိုက်သည်။

လော့ချန်ကို အံ့အားသင့်စေသည်မှာ ရန်ကွေ့၏ ပိုင်ဆိုင်မှုမှာ များပြားခြင်း မရှိဘဲ သွေးကြောဖွင့်ဆေးလုံးမှာ နှစ်သောင်းကျော်သာ ရှိနေခဲ့ခြင်းပင်။ ၎င်းမှာ သွေးကြောနိုးကြားမှုနယ်ပယ်၏ ထိပ်တန်းသန်မာသူ တစ်ဦးအတွက်ဆိုလျှင် သိသာစွာပင် နည်းပါးလွန်းလှပေသည်။

၎င်းတင်မကဘဲ ရန်ကွေ့မှာ လျှပ်ယွမ်ဂိုဏ်း ပြင်ပစည်း မဟာအကြီးအကဲ တစ်ဦး ဖြစ်သည် မဟုတ်ပါလား။

“ဒီလောက်အထိတော့ မဆင်းရဲသင့်ပါဘူး...”

လော့ချန်သည် အလျှော့မပေးဘဲ အခြားသော ပစ္စည်းများကို ရှာဖွေကြည့်လိုက်သည်။

သွေးကြောဖွင့်ဆေးလုံးများအပြင် သိုလှောင်လက်စွပ်အတွင်း၌ ဝိညာဉ်ဆေးနှင့် ဆေးလုံးများမှာမူ နည်းပါးခြင်း မရှိပေ။

မကြာမီမှာပင် လော့ချန်သည် သေသေသေချာချာ သိမ်းဆည်းထားသော ဆေးပုလင်း တစ်လုံးကို တွေ့ရှိလိုက်သည်။

ဖူလော့လျန်ယွမ်ဆေးလုံး...

“ကြယ်ခြောက်ပွင့်အဆင့် ဒဏ်ရာကုသဆေးလုံးပဲ... သာမန် ကြယ်ခြောက်ပွင့် ဒဏ်ရာကုသဆေးလုံး တစ်လုံးကတင် ငွေစသောင်းပေါင်းများစွာ တန်တာလေ... အရေးကြီးဆုံးက အချို့သော အချိန်တွေမှာ ငွေရှိရင်တောင် ဝယ်လို့မရဘူး...”

လော့ချန်၏ မျက်လုံးများ ဝင်းလက်သွားပြီး ပုလင်းအဖုံးကို ဖွင့်ကာ ထိုအတွင်းရှိ ဆေးလုံးများကို ထုတ်ယူလိုက်သည်။

ကြည်လင်တောက်ပလှသော အစိမ်းရောင် ဆေးလုံး နှစ်လုံးမှာ လော့ချန်၏ လက်ဖဝါးပေါ်သို့ လိမ့်ဆင်းလာသည်။

ဆေးလုံး မျက်နှာပြင်ပေါ်တွင် ကြာပန်းပုံသဏ္ဍာန် အစင်းကြောင်းများ ရှိနေပြီး ဝိညာဉ်အရှိန်အဝါများလည်း ဖုံးလွှမ်းနေကာ ကြယ်ခြောက်ပွင့်မှာလည်း အလင်းတန်းများနှင့်အတူ လှုပ်ရှားနေပြီး လူကို စိတ်ကြည်လင်စေသော မွှေးရနံ့တစ်ခုမှာလည်း ရင်ထဲသို့ တိုးဝင်လာတော့သည်။

စိတ်ထင်၍ပဲလား မသိသော်လည်း လော့ချန်သည် ဆေးရနံ့ကို ရှူရှိုက်လိုက်ရုံဖြင့်ပင် တစ်ကိုယ်လုံး လန်းဆန်းသွားကြောင်း ခံစားလိုက်ရပြီး ပင်ပန်းနွမ်းနယ်မှုများမှာလည်း ပျောက်ကွယ်သွားတော့သည်။

“တကယ့် ရတနာပဲ... အရေးကြီးတဲ့ အချိန်မှာ အသက်ကိုတောင် ကယ်နိုင်မှာပဲ...”

လော့ချန်သည် ဆေးလုံးများကို သေသေသေချာချာ သိမ်းဆည်းလိုက်ပြီး ရန်ကွေ့တွင် ပိုင်ဆိုင်မှု နည်းပါးနေခြင်းမှာ ဤဒဏ်ရာကုသဆေးလုံးများကို ဝယ်ယူလိုက်ခြင်းကြောင့် ဖြစ်နိုင်ကြောင်း ခန့်မှန်းလိုက်သည်။

အမှန်တကယ်လည်း ထိုသို့ပင် ဖြစ်ပေသည်။

ရန်ကွေ့သည် ယွမ်မန်လီကြောင့် ဒဏ်ရာအပြင်းအထန် ရခဲ့သဖြင့် မြန်မြန်ဆန်ဆန် ပြန်လည် ကျန်းမာလာစေရန်အတွက် ပိုင်ဆိုင်မှု အမြောက်အများကို သုံးစွဲပြီး ဒဏ်ရာကုသဆေးများကို ဝယ်ယူခဲ့ခြင်းပင်။

ဖူလော့လျန်ယွမ်ဆေးလုံးမှာ သူ ကြိုးစား၍ ဝယ်ယူထားခဲ့ရသော ဆေးလုံး ဖြစ်ပေသည်။

ဝိညာဉ်ဆေးနှင့် ဆေးလုံးများအပြင် သိုလှောင်လက်စွပ်အတွင်း၌ လျှို့ဝှက်ကျမ်းပေါင်း ဆယ်ဂဏန်းကျော် ရှိနေခဲ့ပြန်သည်။

လော့ချန်သည် အသာအယာ စူးစမ်းကြည့်လိုက်သော်လည်း သူ့အတွက်မူ အသုံးဝင်ခြင်း မရှိပေ။

“ဟင်...”

နောက်ဆုံး လျှို့ဝှက်ကျမ်းကို ကိုင်မြှောက်လိုက်သည့်အခါ လော့ချန်၏ မျက်လုံးများ ရုတ်တရက် ဝင်းလက်သွားသည်။ ၎င်းမှာ လျှို့ဝှက်ပညာရပ် ကျမ်းတစ်စောင် ဖြစ်နေခဲ့သည် မဟုတ်ပါလား။

“ကြယ်ငါးပွင့်အဆင့် အဆင့်မြင့် လျှို့ဝှက်ပညာရပ် ရွှမ်ဖုန်းပေါက်ကွဲခြင်းပဲ... ကျင့်ကြံသူက ချီစွမ်းအင်တွေကို စုစည်းပြီး ခြေဖဝါးပေါ်မှာ တစ်ခဏချင်းအတွင်း ပေါက်ကွဲစေတာနဲ့ အရှိန်ကို မြှင့်တင်နိုင်တာပဲ... အခြေခံအဆင့်မှာ အရှိန်ကို သုံးဆယ်ရာခိုင်နှုန်း၊ အဆင့်မြင့်အဆင့်မှာ ခြောက်ဆယ်ရာခိုင်နှုန်းနဲ့ အထွတ်အထိပ် အဆင့်မှာတော့ နှစ်ဆအထိ မြှင့်တင်ပေးနိုင်တာပဲ... ဒါပေမဲ့ ချီစွမ်းအင်ကိုတော့ အတော်လေး သုံးစွဲရလိမ့်မယ်”

“မဆန်းပါဘူး... ရန်ကွေ့က ဒဏ်ရာအပြင်းအထန် ရနေတာတောင် အရှိန်က ဘာလို့ ရုတ်တရက် မြန်လာလဲဆိုတာ... ကြည့်ရတာ ဒီလျှို့ဝှက်ပညာရပ်ကို သုံးလိုက်တာပဲ ဖြစ်ရမယ်...”

လော့ချန်သည် ရန်ကွေ့ ဒဏ်ရာရနေပါလျက် အရှိန်မှာ အလျော့မသွားဘဲ ပိုမို မြန်ဆန်လာရခြင်း၏ အကြောင်းရင်းကို ယခုမှ သိရှိသွားတော့သည်။

“ဒီလျှို့ဝှက်ပညာရပ်က ငါ့ရဲ့ လက်ရှိ ကျင့်ကြံမှုအတွက် တကယ့်ကို သင့်တော်တာပဲ... စတုတ္ထနယ်ပယ်အဆင့်အထိတောင် သုံးလို့ရနိုင်မှာပဲ”

လက်ထဲမှ လျှို့ဝှက်ကျမ်းကို ကြည့်ရင်း လော့ချန်၏ မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာခဲ့ပြီး ရင်ထဲ၌လည်း ဝမ်းသာသွားမိသည်။

မြူခိုးရိပ်ခြေလှမ်း၏ ထူးခြားချက်မှာ ကိုယ်ရိပ်များ ခွဲထုတ်နိုင်ခြင်း ဖြစ်သော်လည်း အရှိန်ပိုင်းတွင်မူ ကျင့်ကြံမှု မြင့်တက်လာသည်နှင့်အမျှ အားသာချက်မှာ ပျောက်ကွယ်လာနေခဲ့သည် မဟုတ်ပါလော။

ဤလျှို့ဝှက်ပညာရပ်က ထိုအားနည်းချက်ကို ဖြည့်ဆည်းပေးနိုင်ပေလိမ့်မည်။

အကယ်၍သာ ဤလျှို့ဝှက်ပညာရပ်ကို အထွတ်အထိပ် အဆင့်အထိ ကျင့်ကြံနိုင်ခဲ့မည်ဆိုပါက အရှိန်မှာ နှစ်ဆအထိ မြင့်တက်သွားမည်ဖြစ်ရာ ၎င်းမှာ သူ၏ အကြီးမားဆုံးသော ဝှက်ဖဲတစ်ခု ဖြစ်လာပေလိမ့်မည်။

ချီစွမ်းအင် အမြောက်အမြား သုံးစွဲရမည်ဆိုသော အားနည်းချက်မှာမူ လော့ချန်အတွက်တော့ လျစ်လျူရှုထားနိုင်ပေသည်။

သူ့တွင် ချီစွမ်းအင်သွေးကြော ကိုးခု ရှိနေသည် မဟုတ်ပါလော။ နဂါးကျင့်စဉ်ကို ကျင့်ကြံပြီးနောက်တွင် ချီစွမ်းအင်သွေးကြောမှာ နဂါးပုံသဏ္ဍာန် ပြောင်းလဲသွားခဲ့ပြီး ချီစွမ်းအင်၏ အရည်အသွေးနှင့် ပမာဏ၊ ပြန်လည် ပြည့်တင်းမှု အရှိန်မှာ ယခင်ကထက် များစွာ သာလွန်လှသဖြင့် ဤကိစ္စအတွက် စိုးရိမ်နေရန် မလိုအပ်ပေ။

“ဟင်... တိုက်ခိုက်သံတွေပဲ...”

လော့ချန်သည် လျှို့ဝှက်ကျမ်းကို သိမ်းဆည်းလိုက်ပြီး ကျင့်ကြံရန် ပြင်လိုက်စဉ် ရုတ်တရက် တစ်စုံတစ်ခုကို ခံစားမိလိုက်သဖြင့် မတ်တပ်ရပ်လိုက်ကာ အနောက်မြောက်ဘက်သို့ လှမ်းကြည့်လိုက်သည်။

အခန်း ၅၀၆ ပြီးပါပြီ။

အခန်း ၅၀၇ - ငါ့ရဲ့ ဓားတစ်ချက်ကို ခံနိုင်ရင် အသက်ချမ်းသာပေးမယ်

ပိန်းပိတ်အောင် မှောင်နေသော ညမှောင်မှောင်အတွင်း လိုက်လံဖမ်းဆီးမှုတစ်ခု ဖြစ်ပွားနေသည်။

ရွှမ်ယွမ်ဂိုဏ်း အတွင်းစည်းတပည့် ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် ရှေ့မှ အရှိန်အဟုန်ဖြင့် ပျံသန်းနေသည်။ သူမ၏ နောက်ဘက်တွင်မူ လျှပ်ယွမ်ဂိုဏ်း အတွင်းစည်းတပည့် အမျိုးသား သုံးဦးက ထပ်ကြပ်မကွာ လိုက်ပါလာကြသည်။ လေးဦးစလုံးမှာ လေဟုန်စီး၍ ပြေးလွှားနေကြပြီး အရှိန်မှာ အလွန်ပင် မြန်ဆန်လှသဖြင့် ကောင်းကင်ယံ၌ လေလှိုင်းများ ထင်ကျန်နေခဲ့သည်။

“ငါ့ဆီမှာ ရှိသမျှ ပိုင်ဆိုင်မှုတွေကို မင်းတို့ကို အကုန်ပေးခဲ့ပြီးပြီပဲ... မင်းတို့ ဘာထပ်လိုချင်သေးတာလဲ...”

ရွှမ်ယွမ်ဂိုဏ်းတပည့် အမျိုးသမီးမှာ အသက် နှစ်ဆယ်ကျော်ခန့် ရှိပြီး ဆံနွယ်များမှာ ရေတံခွန်နှယ် ရှည်လျားကာ အရပ်မြင့်မြင့်၊ ရုပ်ရည်လည်း အတော်လေး ချောမောလှသော်လည်း... ဝတ်ဆင်ထားသော အဝတ်အစားများမှာ စုတ်ပြဲနေသဖြင့် အတော်လေး ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည်။

“ဟင်း... ဒီလောက် ညနက်သန်းခေါင်မှာ မင်းတစ်ယောက်တည်း ပေါ်လာတာက အတော်လေး သံသယဖြစ်စရာပဲ... ငါတို့ လျှပ်ယွမ်ဂိုဏ်းက အကြီးအကဲ ရန်ကွေ့ကို သတ်တဲ့သူက မင်းပဲလို့ ငါ သံသယရှိတယ်... ငါတို့နဲ့ လိုက်ခဲ့စမ်း...”

ရှေ့ဆုံးမှ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး လျှပ်ယွမ်ဂိုဏ်းတပည့်က အေးစက်စွာ အော်ဟစ်လိုက်သည်။

လီချင်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ရင်း ပြန်လည် ရှင်းပြလိုက်သည်။

“ငါ ပြောပြီးပြီပဲ... ရန်ကွေ့ဆိုတဲ့ အကြီးအကဲကို ငါ လုံးဝ မသိပါဘူး... ငါက ဒီနေရာကို ဖြတ်သွားတာပဲ ရှိတာပါဆို...”

သူမသည် ခုနက ထိုသုံးဦးနှင့် ဆုံတွေ့ခဲ့ရာ တစ်ဖက်လူက စကားတစ်ခွန်းမျှ မမေးဘဲ သူမကို လျှပ်ယွမ်ဂိုဏ်း အကြီးအကဲကို သတ်သူဟု စွပ်စွဲကာ ဖမ်းဆီးရန် ကြိုးစားနေသဖြင့် မည်သို့မျှ ရှင်းပြ၍ မရနိုင် ဖြစ်နေခြင်းပင်။

“မင်း သတ်တာ မဟုတ်ရင် မင်းက ဘာလို့ ထွက်ပြေးနေတာလဲ...”

“ဟုတ်တယ်... ငါတို့နဲ့ လိုက်ခဲ့စမ်း... အမှန်တရားက အလိုလို ပေါ်လာလိမ့်မယ်...”

“ထပ်ပြီး ထွက်ပြေးဖို့ ကြိုးစားရင်တော့ နောက်ဆက်တွဲကို မင်း သိမှာပါ...”

လျှပ်ယွမ်ဂိုဏ်းတပည့် သုံးဦးက အေးစက်စွာ ရယ်မောလိုက်ကြပြီး သူတို့၏ မျက်ဝန်းအတွင်း၌ အန္တရာယ်ရှိသော အလင်းတန်းများ ဝင်းလက်နေကြသည်။

တစ်ဖက်လူမှာ သွေးကြောနိုးကြားမှုနယ်ပယ် ဆဋ္ဌမအဆင့် နောက်ပိုင်းတွင်သာ ရှိသဖြင့် အကြီးအကဲ ရန်ကွေ့ကို သတ်ရန်မှာ မဖြစ်နိုင်သည်ကို သူတို့ သိရှိကြသည်။ သို့သော်လည်း အမှန်တရားမှာ အရေးမကြီးပေ။ သူတို့ ဖြစ်စေချင်သည့်အရာကသာ အမှန်တရား ဖြစ်ပေလိမ့်မည်။

လီချင်းသည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ရင်း ချီစွမ်းအင်များကို အစွမ်းကုန် လှုံ့ဆော်ကာ အရှိန်ကို မြှင့်တင်လိုက်သည်။

ထိုသုံးဦးစလုံးမှာ လူကောင်းများ မဟုတ်သည်မှာ သိသာလှသလို လျှပ်ယွမ်ဂိုဏ်းတပည့်များလည်း ဖြစ်နေကြရာ အကယ်၍သာ တစ်ဖက်လူ၏ လက်ထဲသို့ ကျရောက်သွားပါက သေသည်ထက် ပိုဆိုးပေလိမ့်မည်။

“ဟင်း... ထွက်ပြေးချင်နေတုန်းပဲလား... ငါတို့ ရှေ့မှာ မင်း လွတ်မယ် ထင်နေတာလား...”

အရပ်ရှည်ရှည် လျှပ်ယွမ်ဂိုဏ်းတပည့်က ယုတ်မာစွာ ပြုံးလိုက်ရင်း လက်ထဲမှ ဓားကို တစ်ချက် ဝှေ့ယမ်းလိုက်သည်။

ချက်ချင်းပင် ဓားအလင်းများမှာ လျှပ်စီးနှယ် ဝင်းလက်သွားပြီး ညကောင်းကင်ယံကို လင်းထိန်သွားစေကာ လီချင်း၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားတော့သည်။

လီချင်း အစွမ်းကုန် ရှောင်တိမ်းပါသော်လည်း ဓားအလင်းအချို့၏ ထိမှန်မှုကို ခံလိုက်ရသည်။

တစ်ဖက်လူမှာ သူမ၏ အသက်ကို လိုချင်ပုံ မရဘဲ ဓားစွမ်းအားမှာ သူမ၏ အဝတ်အစားများကိုသာ ဆုတ်ဖြဲပစ်လိုက်သဖြင့် လူမမြင်သင့်သော ဖြူဖွေးသော ဝင်းမွှတ်နေသည့် အသားအရည်များမှာ ပေါ်ထွက်လာတော့သည်။

“အရှက်မရှိတဲ့ကောင်တွေ...”

လီချင်း၏ မျက်နှာမှာ ဖြူဖျော့သွားပြီး အရှက်ရ ဒေါသထွက်နေပါသော်လည်း မတတ်နိုင် ဖြစ်နေရသည်။

သူမသည် သွေးကြောနိုးကြားမှုနယ်ပယ် ဆဋ္ဌမအဆင့် နောက်ပိုင်းသာ ရှိသော်လည်း လျှပ်ယွမ်ဂိုဏ်းတပည့် သုံးဦးစလုံးမှာ သွေးကြောနိုးကြားမှုနယ်ပယ် နောက်ပိုင်းအဆင့် သန်မာသူများ ဖြစ်ကြသည် မဟုတ်ပါလား။

အထူးသဖြင့် အရပ်ရှည်ရှည် လူငယ်မှာ ကျင့်ကြံမှုမှာ သွေးကြောနိုးကြားမှုနယ်ပယ် အဋ္ဌမအဆင့် နောက်ပိုင်းသို့ ရောက်ရှိနေပြီဖြစ်ရာ စွမ်းအားမှာ မှန်းဆ၍ မရနိုင်သဖြင့် သူမ မည်သို့မျှ မခုခံနိုင်ပေ။

“အချည်းနှီး ရုန်းကန်မနေပါနဲ့တော့... အေးအေးဆေးဆေးပဲ အဖမ်းခံလိုက်စမ်းပါ...”

အရပ်ရှည်ရှည် လူငယ်သည် လီချင်း၏ ဖြူလွလွ အသားများကို စူးစိုက်ကြည့်လိုက်ရင်း နှုတ်ခမ်းကို တစ်ချက် သပ်လိုက်ကာ အရှိန်ကို မြှင့်တင်လိုက်သည်။

လီချင်း အကြီးအကျယ် မျက်မှောင်ကြုတ်လိုက်မိပြီး နဖူးပေါ်တွင် ချွေးစက်များ ထွက်ပေါ်လာသည်။

နှစ်ဦးကြား အကွာအဝေးမှာ လျင်မြန်စွာပင် နီးကပ်လာသည်။

မီတာ နှစ်ထောင်...

မီတာ တစ်ထောင်...

လီချင်း မျှော်လင့်ချက်မဲ့နေစဉ်မှာပင် တောင်ကြားအတွင်းရှိ မီးပုံကလေးကို ရုတ်တရက် သတိပြုမိလိုက်သည်။

ဤနေရာတွင် လူရှိနေသည်ကို မြင်လိုက်ရသည့်အခါ လီချင်း၏ ရင်ထဲ၌ မျှော်လင့်ချက်ကလေး တစ်စွန်းတစ်စ ဖြစ်ပေါ်လာသဖြင့် တောင်ကြားရှိရာဆီသို့ အပြေးအလွှား ဆင်းသက်လိုက်သည်။

“ကျွန်မကို ကယ်ပါဦး...”

တောင်ကြားသို့ ရောက်ရှိလာသည့်အခါ လီချင်း၏ အသံမှာ ရပ်တန့်သွားသည်။ မီးပုံအလင်းရောင်ကြောင့် လော့ချန်၏ မျက်နှာကို သူမ မြင်တွေ့လိုက်ရခြင်းပင် ဖြစ်သည်။

အသက် တစ်ဆယ့်ငါး၊ တစ်ဆယ့်ခြောက်နှစ်ခန့်သာ ရှိသေးသော လူငယ်လေးတစ်ဦး ဖြစ်နေသည်ကို မြင်လိုက်ရသည့်အခါ လီချင်း၏ ရင်ထဲ၌ စိတ်ပျက်စွာ ပြုံးလိုက်မိသည်။ ဤလူငယ်လေးကို လျှပ်ယွမ်ဂိုဏ်း အတွင်းစည်းတပည့် သုံးဦးထံမှ ကယ်တင်ခိုင်းခြင်းမှာ မဖြစ်နိုင်သော ကိစ္စတစ်ခုပင် ဖြစ်သည် မဟုတ်ပါလား။

“ဝှစ်... ဝှစ်... ဝှစ်...”

လေသံများနှင့်အတူ လျှပ်ယွမ်ဂိုဏ်း အတွင်းစည်းတပည့် သုံးဦးမှာ ရောက်ရှိလာကြပြီး လီချင်း၏ လမ်းကို ပိတ်ဆို့ထားလိုက်ကြသည်။

“ဟဲဟဲ... မိန်းမလှလေး... ဒီနေ့ ဘယ်သူက မင်းကို ကယ်နိုင်မလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့... ဒီကောင်လေးကလား”

အရပ်ရှည်ရှည် လူငယ်သည် ဟင်းလင်းပြင်၌ ပျံဝဲနေရင်း လော့ချန်ကို အထက်စီးမှ တစ်ချက် ဝေ့ကြည့်လိုက်ကာ ရက်စက်စွာ ရယ်မောလိုက်သည်။ “သူ့မှာ အသည်းနှလုံး ဆယ်ခု ရှိရင်တောင် မလုပ်ရဲပါဘူး...”

အခြားသော လျှပ်ယွမ်ဂိုဏ်းတပည့်ကလည်း အကြည့်များမှာ အေးစက်နေပြီး လော့ချန်ကို ခြိမ်းခြောက်လိုက်သည်။

“ကောင်လေး... မသေချင်ရင် အခုချက်ချင်း ထွက်သွားစမ်း...”

လီချင်း၏ မျက်နှာမှာ အေးစက်နေပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

“နင်တို့က လျှပ်ယွမ်ဂိုဏ်းရဲ့ အတွင်းစည်းတပည့်တွေ ဖြစ်နေပြီးတော့ အခုလို ယုတ်မာတဲ့ လုပ်ရပ်တွေကို လုပ်ရဲတယ်ပေါ့... ဒီနေ့ ငါ သေရရင်တောင် နင်တို့ကိုတော့ အလကား မရစေရဘူး...”

“ဟဲဟဲ... ငါ့ ရှေ့မှာ နင် သေမလား၊ ရှင်မလားဆိုတာ နင်က ဆုံးဖြတ်လို့မရဘူး... ငါကပဲ ဆုံးဖြတ်မှာ”

အရပ်ရှည်ရှည် လူငယ်က ယုတ်မာစွာ ပြုံးလိုက်ရင်း လော့ချန်ကို လှမ်းကြည့်လိုက်ရာ လော့ချန်မှာ နေရာမှာတင် မလှုပ်မယှက် ရပ်နေဆဲဖြစ်သည်ကို မြင်လိုက်ရသဖြင့် ဒေါသတကြီး ဆိုလိုက်သည်။

“ကောင်လေး... မင်း အခုထိ မသွားသေးဘူးလား...”

“ဝှစ်...”

လော့ချန်မှာ မည်သည့် ခံစားချက်မျှ မရှိဘဲ လီချင်း၏ ရှေ့မှ တစ်လှမ်း တိုးကာ ကာကွယ်လိုက်ရင်း ဆိုလိုက်သည်။

“နင် နောက်ကို သွားနေလိုက်ပါ...”

အခြေအနေမှာ တစ်ခဏချင်းအတွင်း အေးခဲသွားသည်။ လေးဦးစလုံး၏ အကြည့်မှာ လော့ချန်၏ ကိုယ်ပေါ်သို့ တစ်ပြိုင်နက် ကျရောက်သွားကြသည်။

အရပ်ရှည်ရှည် လူငယ်သည် လော့ချန်ကို စူးစိုက်ကြည့်လိုက်ရင်း သူ၏ မျက်ဝန်းအတွင်း၌ အန္တရာယ်ရှိသော အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာကာ ရက်စက်စွာ ဆိုလိုက်သည်။

“ကောင်လေး... ဘာလဲ... မင်းက သူရဲကောင်း လုပ်ချင်တာလား... မင်း အသက်မရှင်ချင်တော့ဘူး ထင်တယ်...”

လီချင်း သတိပြန်ဝင်လာပြီး အလောတကြီး ဆိုလိုက်သည်။

“မောင်လေး... သခင်လေး... မင်း သူတို့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး... မြန်မြန် ထွက်သွားပါတော့...”

တစ်ဖက်လူက မိမိကို ကူညီရန် ထွက်လာသည်ကို သူမ ကျေးဇူးတင်ပါသော်လည်း အလကားသက်သက် အသက်ဆုံးရှုံးသွားမည်ကို သူမ မလိုလားပေ။

“အဲ့ဒါကတော့ မသေချာပါဘူး...”

လော့ချန် ခေါင်းခါယမ်းလိုက်ရင်း ဟင်းလင်းပြင်ရှိ သုံးဦးကို ကြည့်ကာ ပြုံးလျက် ဆိုလိုက်သည်။

“မင်းတို့က အကြီးအကဲ ရန်ကွေ့ကို သတ်တဲ့ တရားခံကို ရှာနေတာ မဟုတ်လား...”

အရပ်ရှည်ရှည် လူငယ်၏ အကြည့်မှာ တည်ငြိမ်သွားသည်။

“ဟုတ်တယ်... မင်း သိလို့လား...”

လော့ချန် ခေါင်းညိတ်ပြလိုက်ရင်း တည်ငြိမ်စွာ ဆိုလိုက်သည်။

“သိတာပေါ့... အဝေးကြီ လိုက်ရှာမနေနဲ့ အဲ့ဒါ ငါပဲ...”

“ဟားဟားဟား...”

ဟင်းလင်းပြင်၌ ရယ်မောသံများ ပျံ့နှံ့သွားသည်။

လျှပ်ယွမ်ဂိုဏ်းတပည့် သုံးဦးစလုံး အားရပါးရ ရယ်မောလိုက်ကြပြီး အရပ်ရှည်ရှည် လူငယ်က လော့ချန်ကို မျက်လုံးများမှေးကျဉ်းကာ ကြည့်လျက် စူးစမ်းလိုက်သည်။ တာယွဲ့မင်းဆက်မှာ ဤမျှ ငယ်ရွယ်လှသော ထူးချွန်သည့် ဓားသမား ရှိသည်ဟု သူ တစ်ခါမှ မကြားခဲ့ဖူးပေ။ သူက ချက်ချင်းပင် ဆိုလိုက်သည်။

“မင်းက အကြီးအကဲ ရန်ကွေ့ကို သတ်လိုက်တာ ဟုတ်လား... ကိုယ့်ကိုယ်ကိုယ် မှန်ထဲ အရင်ကြည့်လိုက်စမ်းပါဦး... တကယ့်ကို ရယ်စရာပဲ...”

“စီနီယာအစ်ကို ကောက်... ဒီကောင်က ရူးနေတာပဲ ဖြစ်ရမယ်...”

“ဟုတ်တယ်... သူက အခြေအနေကို မသိဘဲ ဒီမှာ လာပြီး ရူးကြောင်ကြောင် ပြောနေမှတော့... သူ့ကိုပါ တစ်ခါတည်း သတ်ပစ်ရုံပေါ့... ဒါဆို အကုန်ပြီးသွားတာပဲ...”

ခါးတွင် ဓားချိတ်ဆွဲထားသော လျှပ်ယွမ်ဂိုဏ်းတပည့်က သတ်ဖြတ်လိုစိတ်များ ထုတ်ဖော်လိုက်သည်။

“ဒါဆိုရင် မင်းပဲ လုပ်လိုက်တော့... သူ့ကို သတ်ပြီးရင် သူ့ဆီက ရတဲ့ ပိုင်ဆိုင်မှုတွေ အကုန်လုံး မင်းယူလိုက်...”

အရပ်ရှည်ရှည် လူငယ်က ခေါင်းညိတ်လိုက်သည်။

ဤကဲ့သို့သော လုပ်ရပ်မှာ ဂုဏ်သိက္ခာရှိသည် မဟုတ်သဖြင့် အပြင်ဘက်သို့ ပျံ့နှံ့သွားပါက ဂိုဏ်း၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်ရာ သက်သေဖျောက် သတ်ဖြတ်ပစ်ခြင်းက အကောင်းဆုံးပင်။

“စီနီယာအစ်ကို ကောက်ကို ကျေးဇူးတင်ပါတယ်...”

ခါးတွင် ဓားချိတ်ဆွဲထားသော လူငယ်မှာ အကြီးအကျယ် ဝမ်းသာသွားသည်။

လော့ချန်၏ ခါးမှ ဓားမှာ အဆင့်အတန်း မြင့်မားလှကြောင်း သူ သတိပြုမိထားသည်မှာ ကြာပြီဖြစ်ရာ ၎င်းမှာ သေချာပေါက် ကြယ်လေးပွင့် ရတနာဓား ဖြစ်ပေလိမ့်မည်။ လူသတ်ပြီး ပစ္စည်းလုရန်အတွက် အကောင်းဆုံးပင်။

“ချင်း...”

လျှပ်စီးဓားကို ဆွဲထုတ်လိုက်ရင်း လော့ချန် အေးစက်စွာ ပြုံးလိုက်သည်။

“ငါ့ရဲ့ ဓားတစ်ချက်ကို ခံနိုင်ရင် အသက်ချမ်းသာပေးမယ်...”

“မောက်မာလှချည်လား... သေစမ်း...”

ခါးတွင် ဓားချိတ်ဆွဲထားသော လူငယ်မှာ အကြီးအကျယ် ဒေါသထွက်သွားပြီး သွေးကြောနိုးကြားမှုနယ်ပယ် သတ္တမအဆင့် နောက်ပိုင်း သန်မာသူ၏ အရှိန်အဝါကို ပေါက်ကွဲစေလျက် လော့ချန်ဆီသို့ ဓားဖြင့် ပိုင်းချလိုက်သည်။

“ပိုင်းဖြတ်စမ်း...”

လော့ချန် ဓားတစ်ချက်ကို ဝှေ့ယမ်းလိုက်သည်။

“ဖူး...”

ဓားအလင်းမှာ ပျောက်ကွယ်သွားပြီး လူတိုင်း၏ အမြင်တွင် အေးစက်လှသော အလင်းတန်းတစ်ခု ဝင်းခနဲ တစ်ချက် လက်သွားသည်နှင့်အတူ ဦးခေါင်းတစ်ခုမှာ တိုက်ရိုက် လွင့်စင်သွားပြီးနောက် ဓားသမား လူငယ်၏ ဦးခေါင်းမပါသော ခန္ဓာကိုယ်ကြီးမှာ တောင့်တောင့်ကြီး လဲကျသွားတော့သည်။

“ဟင်...”

“သွေးကြောနိုးကြားမှုနယ်ပယ် သတ္တမအဆင့် နောက်ပိုင်း သန်မာသူတစ်ဦးကို ဓားတစ်ချက်တည်းနဲ့ သတ်လိုက်တာလား...”

လီချင်း အပါအဝင် နေရာရှိ သုံးဦးစလုံးမှာ မှင်တက်မိသွားကြရသည်။

သူမသည် လော့ချန်ကို စိုက်ကြည့်လိုက်ရင်း ရင်ခုန်လွန်းလှသဖြင့် သူမ၏ မျက်နှာချောချောလေးမှာ နီမြန်းလာတော့သည်။

“မင်းတို့ကိုပါ တစ်ခါတည်း ငရဲပို့ပေးရမှာပေါ့...”

လော့ချန်သည် ကျန်ရှိနေသော နှစ်ဦးကို တစ်ချက် ဝေ့ကြည့်လိုက်ရာ သူ၏ အကြည့်အတွင်း၌ ထက်မြက်လှသော အရှိန်အဝါများ ပြည့်နှက်နေခဲ့သည်။ လျှပ်ယွမ်ဂိုဏ်းသည် ရန်ကွေ့ကို သတ်သော တရားခံကို ရှာဖွေနေခြင်းဖြစ်ရာ ဤမျှသော လူအရေအတွက်သာ ရှိနေမည် မဟုတ်သည်မှာ သေချာလှပေသည်။ အချိန်ကြာလာသည်နှင့်အမျှ လျှပ်ယွမ်ဂိုဏ်းမှ အခြားသော သန်မာသူများ ရောက်ရှိလာမည်ဆိုပါက နောက်ဆက်တွဲမှာ မှန်းဆ၍ မရနိုင်ပေ။

ဘေးဒုက္ခများ မကြုံတွေ့စေရန်အတွက် လော့ချန်သည် အမြန်ဆုံး အခြေအနေကို ဖြေရှင်းရန် ဆုံးဖြတ်လိုက်ခြင်းပင်။

“ဘုန်း...”

ဝေဝါးလှသော ဓားပုံရိပ်တစ်ခု လော့ချန်၏ ကိုယ်ပေါ်မှ ထွက်ပေါ်လာပြီး သူ၏ ကိုယ်တွင်းမှ နဂါးဟိန်းသံများ ထွက်ပေါ်လာကာ တစ်ကိုယ်လုံးတွင် ထက်မြက်လှသော အရှိန်အဝါများ ဆူဝေလျက် ချီစွမ်းအင်များ ပေါက်ကွဲနေသဖြင့် သူသည် ပြိုင်ဘက်ကင်းလှသော နတ်ဘုရား လက်နက်တစ်ခုနှယ် ရှိနေခဲ့ပြီး ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာပင် တွန့်လိမ်နေတော့သည်။

“၇၀ ရာနှုန်း ဓားဆန္ဒ... မဖြစ်နိုင်တာ... မြန်မြန်... အားလုံး ပူးပေါင်းပြီး သူ့ကို သတ်ကြစမ်း”

အရပ်ရှည်ရှည် လူငယ်မှာ အခြေအနေ မကောင်းကြောင်း သိလိုက်သဖြင့် အလောတကြီး သိုင်းဝိညာဉ်ကို လှုံ့ဆော်လိုက်သည်။

ထိုစဉ်...

“နတ်ဆိုးမုန်တိုင်း... ပိုင်းဖြတ်စမ်း”

လော့ချန်၏ နက်မှောင်သော ဆံနွယ်များမှာ လွင့်ခါနေပြီး တစ်ကိုယ်လုံးတွင် ထက်မြက်လှသော လေစီးကြောင်းများ ပျံ့နှံ့နေကာ ဘယ်ခြေလှမ်းကို တစ်လှမ်း လှမ်းလိုက်ရင်း ဓားဖြင့် အပြင်းအထန် ပိုင်းချလိုက်သည်။

“ဘုန်း...”

ထူထဲလှသော ဓားစွမ်းအား လေဝဲကြီးတစ်ခုမှာ ဟိန်းဟောက်ထွက်ပေါ်လာပြီး မိုးကြိုးသံများနှင့် လှိုင်းလုံးကြီးများ ပေါက်ကွဲသည့်နှယ် မြည်ဟည်းသံများ ထွက်ပေါ်လာတော့သည်။

လျှပ်ယွမ်ဂိုဏ်းတပည့် နှစ်ဦးမှာ ရှောင်တိမ်းရန် အချိန်မရလိုက်ဘဲ အလောတကြီး အကာအကွယ် ချီစွမ်းအင်များကိုသာ လှုံ့ဆော်လိုက်ကြရသည်။

“ဖူး...”

ဓားစွမ်းအားမှာ ထိုနှစ်ဦး၏ ခါးအလယ်မှ တိုက်ရိုက် ဖောက်ထွင်းသွားခဲ့ပြီး သူတို့၏ နောက်ကွယ်ရှိ တိမ်တိုက်များပေါ်တွင် ကီလိုမီတာ တစ်ထောင်ခန့် ရှည်လျားလှသော ဓားရာကြီးတစ်ခု ထင်ကျန်ရစ်ခဲ့သည်။

နောက်တစ်ခဏတွင်...

သွေးများ ပန်းထွက်သွားခဲ့ပြီး ထိုနှစ်ဦး၏ ခန္ဓာကိုယ်မှာ အပိုင်းပိုင်း ပြတ်တောက်လျက် ခြေလက် အင်္ဂါများမှာ မြေပြင်ပေါ်သို့ ပြန့်ကျဲသွားတော့သည်။

“ချပ်...”

လော့ချန်သည် လျှပ်စီးဓားကို လေထဲတွင် လှပစွာ တစ်ပတ်လှည့်ပြီး ဓားအိမ်အတွင်းသို့ ချပ်ခနဲ ပြန်သွင်းလိုက်သည်။

အခန်း ၅၀၇ ပြီးပါပြီ။

All Chapters