← Chapters

အခန်း (၅၀၈-၅၁၀)

Vol. 34 Ch. 508-510

အခန်း (၅၀၈-၅၁၀)

Vol. 34 Ch. 508-510

အခန်း ၅၀၈ - အင်အားကြီးဒေသ၏ ပါရမီရှင်၊ နောက်ထပ်တစ်ကြိမ် အဆင့်တက်ခြင်း

“နောက်ထပ် တစ်ချက်တည်းနဲ့ အသေသတ်လိုက်ပြန်ပြီ...”

သေဆုံးသွားသော လျှပ်ယွမ်ဂိုဏ်းတပည့်နှစ်ဦးကို ကြည့်ရင်း လီချင်း တစ်ယောက် ဆွံ့အသွားရသည်။ လော့ချန်သည် ဓားတစ်ချက်တည်းဖြင့် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၇ နောက်ဆုံးအဆင့် သန်မာသူကို သတ်ဖြတ်နိုင်ကတည်းက ဤလူငယ်၏ အစွမ်းမှာ သာမန်မဟုတ်ဘဲ အလွန်အမင်း အစွမ်းထက်ကြောင်း သူမ သတိပြုမိခဲ့သည်။

သို့သော် မည်မျှပင် အစွမ်းထက်ပါစေ အကန့်အသတ်တော့ ရှိသင့်သည်မဟုတ်ပါလား။ ထိုလူငယ်၏ အသက်မှာ ၁၅ နှစ်၊ ၁၆ နှစ်ခန့်သာ ရှိသေးပြီး နုနယ်ပျိုမြစ်သည့် ပုံစံရှိကာ ကျင့်ကြံဆင့်မှာလည်း သူမထက်ပင် နိမ့်ကျနေသေးသည်။ သူသည် သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ အစောပိုင်း အဆင့်သာ ရှိသေး၏။

သို့သော်လည်း လျှပ်ယွမ်ဂိုဏ်း၏ အတွင်းစည်းတပည့် နှစ်ဦးကို ဓားတစ်ချက်တည်းဖြင့် သုတ်သင်လိုက်နိုင်သည်။ ထိုထဲမှ တစ်ဦးမှာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ နောက်ဆုံးအဆင့် သန်မာသူပင် ဖြစ်သည်။

“သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ အစောပိုင်းကနေ အဆင့် ၈ နောက်ဆုံးအဆင့် သန်မာသူကို သတ်ဖြတ်နိုင်တယ်... အဆင့်ကြီး နှစ်ဆင့်နဲ့ အဆင့်ငယ် နှစ်ဆင့်ကို ကျော်ဖြတ်ပြီး တိုက်ခိုက်နိုင်တာပဲ...”

လီချင်းသည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်သော်လည်း စိတ်နှလုံးမှာ အချိန်အတော်ကြာအောင် တည်ငြိမ်မသွားနိုင်ခဲ့ပေ။ ယခုတင်က ဓားချက်မှာ သူမကိုပင် အလွန်အမင်း ထိတ်လန့်သွားစေခဲ့သည်။ အေးအေးဆေးဆေး ရှိလှသော်လည်း အဆုံးစွန်သော သတ်ဖြတ်ခြင်း အငွေ့အသက်များ ပါဝင်နေသည်။

“ကျွန်မကတော့ ရွှမ်ယွမ်ဂိုဏ်းရဲ့ အတွင်းစည်းတပည့် လီချင်းပါ။ ကယ်တင်ပေးခဲ့တဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်... သူရဲကောင်းလေး...”

သတိပြန်ဝင်လာပြီးနောက် လီချင်းက ကျေးဇူးတင်ရှိသည့် မူရာဖြင့် ကျေးဇူးတင်စကား ပြောလိုက်သည်။

လော့ချန်က ဓားကို အိမ်ထဲပြန်ထည့်လိုက်သည်။ သူ၏ ဝတ်ရုံစများမှာ လေထဲတွင် တဖျပ်ဖျပ် လွင့်နေပြီး ခပ်အေးအေးပင် ပြန်ပြောလိုက်၏။

“မပြောပလောက်တဲ့ ကိစ္စလေးပါ... အားနာစရာ မလိုပါဘူး...”

ဤလူက ရွှမ်ယွမ်ဂိုဏ်းတပည့် မဟုတ်ခဲ့လျှင်တောင် သူ့အနေဖြင့် သေအံ့ဆဲဆဲ လူကို လျစ်လျူရှုမည် မဟုတ်ပေ။

“ဝှစ်...”

လော့ချန်၏ ကိုယ်ဟန်မှာ လျှပ်ခနဲ လှုပ်ရှားသွားပြီး လျှပ်ယွမ်ဂိုဏ်းတပည့် သုံးဦး၏ အလောင်းများအနားသို့ ရောက်ရှိသွားကာ သူတို့၏ သိုလှောင်လက်စွပ် သုံးကွင်းကို သိမ်းဆည်းလိုက်သည်။

“ဟင်... ဒါက ဘာလဲ...”

လျှပ်ယွမ်ဂိုဏ်းမှ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး တပည့်၏ လက်ထဲတွင် အနီရောင်ရင့်ရောင် ဆေးလုံးတစ်လုံး ရှိနေသည်ကို လော့ချန် သတိပြုမိသွားသည်။

လီချင်း မြင်လိုက်ရသောအခါ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွား။

“ဒါက လျှပ်ယွမ်ဂိုဏ်းရဲ့ သွေးမီးဗုံးပဲ... အထဲမှာ မြေအောက်ငရဲမီးတွေ ပါဝင်နေပြီး ချီစွမ်းအင် ထည့်သွင်းလိုက်ရင် အစွမ်းက မသေးဘူး... သာမန် သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူတွေကိုတောင် သေစေနိုင်တယ်...”

“ဒါ့အပြင် ဒီဆေးလုံးကို လျှပ်ယွမ်ဂိုဏ်းက သတင်းပို့ဖို့အတွက်လည်း သုံးသေးတယ်... ပေါက်ကွဲသွားတာနဲ့ ပတ်ဝန်းကျင် မိုင်အစိတ်လောက်ကနေ မြင်နိုင်တယ်...”

“နင် ခုနက သူ့ကို ဓားတစ်ချက်တည်းနဲ့ သတ်လိုက်နိုင်လို့ တော်သေးတာပေါ့... မဟုတ်ရင် သူသာ သွေးမီးဗုံးကို လွှတ်လိုက်ရင် အနီးအနားက လျှပ်ယွမ်ဂိုဏ်း သန်မာသူတွေ အကုန်လုံး ကူညီဖို့ ရောက်လာကြလိမ့်မယ်...”

ထိုစကားကို ကြားသောအခါ လော့ချန် ကံကောင်းသွားသည်ဟု တွေးမိသည်။ လျှပ်ယွမ်ဂိုဏ်းသည် ရန်ခွေ့ကို သတ်ခဲ့သည့် တရားခံကို လိုက်လံ ရှာဖွေနေသောကြောင့် အနီးအနားတွင် လျှပ်ယွမ်ဂိုဏ်းမှ သန်မာသူများ ရှိနေမည်မှာ အသေအချာပင်။

သူသည် သွေးကြောနိုးကြားမှုနယ်ပယ် ထိပ်သီးသန်မာသူများ သို့မဟုတ် စတုတ္ထနယ်ပယ်မှ ပုဂ္ဂိုလ်ကြီးများနှင့် ယှဉ်ပြိုင်နိုင်သည်ဟု မာန်မတက်ရဲပေ။ ကျင့်ကြံအဆင့်သည် သွေးကြောနိုးကြားမှုနယ်ပယ် နောက်ဆုံးပိုင်းသို့ ရောက်ရှိသွားလျှင် အဆင့်ငယ်တစ်ခုချင်းစီ၏ အစွမ်းကွာခြားချက်မှာ အလွန်ပင် ကြီးမားလှသည်။ လော့ချန် ခန့်မှန်းရသလောက် သူ၏ လက်ရှိအစွမ်းမှာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ အထွတ်အထိပ် သန်မာသူနှင့်သာ ယှဉ်နိုင်ဦးမည် ဖြစ်သည်။ အကယ်၍ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ ပညာရှင်နှင့် တွေ့ပါက ထွက်ပြေးရုံသာ ရှိသည်။

အကယ်၍ စတုတ္ထနယ်ပယ် ပုဂ္ဂိုလ်ကြီးနှင့် တွေ့လျှင်မူ သေလမ်းသာ ရှိပေတော့မည်။

“ဘုန်း...”

လော့ချန်သည် လက်ဖဝါးနှင့် ရိုက်ချလိုက်ပြီး လျှပ်ယွမ်ဂိုဏ်းတပည့် သုံးဦး၏ အလောင်းများကို မြေအောက်ထဲသို့ မြှုပ်နှံလိုက်သည်။

“ဒီနေရာက အကြာကြီး နေဖို့မကောင်းဘူး... အရင် ထွက်သွားကြရအောင်...”

သက်သေများကို ဖျောက်ဖျက်ပြီးနောက် လော့ချန်၏ ပုံရိပ်မှာ လှစ်ခနဲ လှုပ်ရှားသွားကာ ညကောင်းကင်ယံထဲသို့ တိုးဝင်သွားသည်။

လီချင်းလည်း သန့်ရှင်းသော ဝတ်ရုံတစ်ထည်ကို လဲလှယ်ဝတ်ဆင်ပြီး နောက်မှ အပြေးလိုက်ပါသွား၏။

လမ်းခရီးတွင် လီချင်းသည် လော့ချန်ကို တစ်ချက်ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းထဲတွင် အားကျမှုရော လေးစားမှုပါ ရောပြွမ်းနေ၏။

“နင်က ငါတို့ တာယွဲ့မင်းဆက်က လူမဟုတ်ဘူးလား...”

လော့ချန်၏ မျက်ခုံးများ ပင့်တက်သွားသည်။

“ဘာလို့ အဲဒီလို မေးတာလဲ...”

လီချင်းက ပြုံးလျက် အံ့သြစွာ ပြောလိုက်၏။

“ဘာလို့ဆို သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ နဲ့ အဆင့် ၈ နောက်ဆုံးအဆင့် သန်မာသူကို သတ်နိုင်တာက သိပ်ကို အံ့သြဖို့ ကောင်းတဲ့ ရလဒ်ပဲ... ငါတို့ တာယွဲ့မင်းဆက်မှာဆိုရင် ဒါက ပထမတန်းစား ပါရမီရှင်ပဲ... တစ်လောကလုံး နာမည်ကြီးနေမှာ... ဒါ့အပြင် နင်က ဓားဆန္ဒ ၇၀ ရာခိုင်နှုန်းကိုတောင် နားလည်ထားသေးတာပဲ...”

“ငါသိသလောက်တော့ ငါတို့ တာယွဲ့မင်းဆက်မှာ နင့်လိုမျိုး ငယ်ငယ်ရွယ်ရွယ်နဲ့ ဓားကျင့်စဉ် ပါရမီရှင် မရှိဘူး...”

လော့ချန်က ခပ်အေးအေးပင် ပြုံးလိုက်သည်။ တစ်ဦးပြီးတစ်ဦး သူ့ကို ပါရမီရှင်ဟု ခေါ်နေကြသည်မှာ သူ သိပ်တော့ အသားမကျသေးပေ။

“နင် ဘယ်ကို သွားမှာလဲ...”

လော့ချန်က စကားလမ်းကြောင်း လွှဲလိုက်သည်။

သူက ရည်ရွယ်ချက်ရှိရှိဖြင့် မည်သူမည်ဝါဖြစ်ကြောင်း ဖုံးကွယ်ထားခြင်း မဟုတ်ပေ။ သို့သော် လူတစ်ယောက်ကို ကယ်တင်ခြင်းမှာ လက်ဖျစ်တစ်ချက်တီးသလောက်သာ ဖြစ်ပြီး ပြောနေစရာ မလိုဟု ယူဆထားသောကြောင့် ဖြစ်သည်။ အကယ်၍ ထိုလူကသာ မင်းသားတန်းအဖွဲ့မှ ဖြစ်နေပါက အချင်းချင်း မျက်နှာပူစရာ ဖြစ်လာလိမ့်မည်။

လီချင်းက ဆိုသည်။

“ငါက ပိရို့မြို့ကို သွားမလို့... အဲဒီမှာ ငါ့ရဲ့ စီနီယာ အစ်ကို အစ်မတချို့ ရှိနေကြတယ်...”

လော့ချန်က ထို မိန်းကလေးတွင် ဒဏ်ရာရထားသည်ကို မြင်သောကြောင့် ခေါင်းညိတ်လိုက်ပြီး ပြော၏။

“ငါ လိုက်ပို့ပေးမယ်...”

လီချင်းမှာ ကျေးဇူးတင်သွားပြီး စိတ်ထဲတွင် လော့ချန်အပေါ် အထင်ကြီးလေးစားမှုများ ပိုမိုတိုးပွားလာခဲ့သည်။ ထို့ပြင် လော့ချန်သည် မည်သည့်ဒေသမှ ပါရမီရှင် ဖြစ်နေမလဲဆိုသည်ကိုလည်း သိချင်နေမိသည်။

မဟာချူမင်းဆက်လား... ဒါမှမဟုတ် မဟာချီမင်းဆက်လား... ဒါမှမဟုတ် ပိုဝေးတဲ့ မဟာလီမင်းဆက်လား...။

လမ်းခရီးတစ်လျှောက်တွင် လော့ချန်သည် ဝိညာဉ်စွမ်းအင်ကို အပြည့်အဝ ဖြန့်ကျက်ထားပြီး အားကောင်းသော အငွေ့အသက် တစ်ခုခုကို ခံစားမိသည်နှင့် ချက်ချင်းပင် အဝေးမှ ရှောင်ကွင်းသွားခဲ့သည်။

သူတို့နှစ်ဦးသည် မြောက်ဘက်နှင့် အရှေ့ဘက် ကြားအရပ်သို့ တစ်ညလုံး ခရီးနှင်ခဲ့ကြပြီး နောက်ဆုံးတွင် မိုးသောက်ချိန်၌ မြေပြင်ပေါ်တွင် မားမားရပ်တည်နေသော မြို့တော်တစ်ခုကို မြင်လိုက်ရသည်။

လီချင်းက ဆိုသည်။

“ရှေ့မှာ မြင်နေရတာ ပိရို့မြို့ပဲ...”

“ကောင်းပြီ... ဒါဆို ငါတို့ ဒီမှာပဲ လမ်းခွဲကြရအောင်... နောက်မှ ပြန်ဆုံကြတာပေါ့...”

လော့ချန်သည် သူ၏ ကိုယ်တွင်းရှိ သိုင်းဝိညာဉ်အနှစ်သာရများကို အမြန်ဆုံး သန့်စင်ကာ အဆင့်တက်လိုသောကြောင့် ဤနေရာတွင် အချိန်မဆွဲလိုတော့ပေ။

“နင်...”

လီချင်းသည် သူ့ကို ဆွဲထားချင်သေးသော်လည်း လှည့်ကြည့်လိုက်သောအခါ လော့ချန်မှာ အဝေးသို့ ရောက်ရှိနေပြီဖြစ်ပြီး ကောင်းကင်ယံတွင် အမည်းစက်လေးတစ်ခုသာ ကျန်တော့သည်။

“ဒီလောက်တောင် မြန်တာလား...”

လီချင်းသည် သက်ပြင်းတစ်ချက်ချကာ ပိရို့မြို့ဘက်သို့ ဦးတည်သွားလိုက်သည်။ မကြာမီတွင် ရွှမ်ယွမ်ဂိုဏ်းမှ အတွင်းစည်းတပည့် အချို့ ထွက်လာကြသည်။

“ညီမလေးလီချင်း... ဘာလို့ အခုမှ ရောက်လာတာလဲ... ဟင်... နင် ဒဏ်ရာရထားတာပဲ... ဘာဖြစ်တာလဲ...”

လီချင်း၏ နွမ်းလျနေသော ပုံစံကို မြင်ပြီး ရွှမ်ယွမ်ဂိုဏ်းတပည့်များက အလန့်တကြား မေးမြန်းကြသည်။ လီချင်းက ရှေ့သို့တိုးကာ မနေ့ညက ဖြစ်ပျက်ခဲ့သမျှကို အကျဉ်းချုပ် ပြောပြလိုက်သည်။ လျှပ်ယွမ်ဂိုဏ်းတပည့်များ၏ ယုတ်မာမှုကို သိရသောအခါ ရွှမ်ယွမ်ဂိုဏ်းတပည့်များမှာ ချက်ချင်းပင် ဒေါသထွက်သွားကြပြီး တစ်စုံတစ်ဦးက ကယ်တင်ပေးခဲ့ကြောင်း ကြားမှသာ သက်ပြင်းချနိုင်ကြတော့သည်။

“အသက် ၁၅နှစ်၊ ၁၆ နှစ်နဲ့ ဓားဆန္ဒ ၇၀ ရာခိုင်နှုန်းကို နားလည်ထားတာတဲ့... ပြီးတော့ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ အစောပိုင်းနဲ့ အဆင့် ၈ နောက်ဆုံးအဆင့်ကို ဓားတစ်ချက်တည်းနဲ့ သတ်နိုင်တယ်... ဒါ... ဒါက သန်မာလွန်းတာပဲ...”

“ငါတို့ တာယွဲ့မင်းဆက်မှာ ဒီလို ပါရမီရှင်မျိုး ရှိပုံမရဘူး... ညီမလေးလီချင်း... အဲဒီလူက ဘယ်သူလဲ... ဘယ်ဒေသက ပါရမီရှင်လဲ...”

ရွှမ်ယွမ်ဂိုဏ်း အတွင်းစည်းတပည့်များမှာ အံ့သြမှင်သက်မိသွားကြပြီး ချက်ချင်းပင် သိချင်စိတ် ပြင်းပြလာကြသည်။

လီချင်းက ခါးသက်သက် ပြုံးလိုက်ကာ ခေါင်းခါလိုက်၏။

“ငါလည်း မသိဘူး... ခန့်မှန်းရသလောက်တော့ တာ့ချူ... ဒါမှမဟုတ် တာ့လီမင်းဆက်လိုမျိုး အင်အားကြီးဒေါသ သုံးခုထဲက ဖြစ်လိမ့်မယ်...”

အားလုံးက ခေါင်းညိတ်လိုက်ကြသည်။ တာယွဲ့မင်းဆက်၏ အင်အားမှာ ယွမ်လန်နယ်မြေစုအတွင်းရှိ ဒေသပေါင်းများစွာထဲတွင် နောက်နားတွင်သာ ရှိသည်။ ထိုအင်အားကြီး မင်းဆက်များမှ ပါရမီရှင်များသည် ငယ်ငယ်ရွယ်ရွယ်ဖြင့် ကမ္ဘာကျော်လောက်သည့် အစွမ်းများ ရှိကြပြီး ရှေးလူကြီးပိုင်း သန်မာသူများကိုပင် ကျော်တက်နိုင်ကြသည်မှာ သူတို့နှင့် ယှဉ်နိုင်သည့် အရာမဟုတ်ပေ။

လော့ချန်သည် လီချင်းနှင့် လမ်းခွဲလာပြီးနောက် နာရီပေါင်းများစွာ ဆက်လက် ပျံသန်းလာခဲ့ရာမှ လှပသော တောင်နှင့် ရေကန်ရှိရာ နေရာတစ်ခုကို တွေ့ရှိခဲ့သည်။ ရေကန်ပေါ်တွင် မြူနှင်းများမှာ ပိုးသားကဲ့သို့ ဖုံးလွှမ်းနေပြီး လေအဝေ့တွင် လှုပ်ရှားနေသည်မှာ အလွန်ပင် ဆိတ်ငြိမ် အေးချမ်းလှသည်။

“ဒီမှာ မိုးမြေချီစွမ်းအင်တွေက တော်တော်လေး သိပ်သည်းတာပဲ... ဒီမှာပဲ ကျင့်ကြံတော့မယ်...”

လော့ချန်သည် ရေကန်ဘေးရှိ မြေကွက်လပ်တွင် ဆင်းသက်လိုက်ပြီး တင်ပျဉ်ခွေ ထိုင်လိုက်သည်။

“ကျင့်ကြံဆင့်ကသာ အဓိကပဲ... သွေးကြောနိုးကြားမှုနယ်ပယ် နောက်ဆုံးပိုင်းကို အမြန်ဆုံး အဆင့်တက်နိုင်မှ ဖြစ်မယ်...”

မနေ့ညက သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ နောက်ဆုံးအဆင့် သန်မာသူကို ဓားတစ်ချက်တည်းနှင့် သတ်နိုင်ခဲ့ခြင်းမှာ ထိုလူ ပေါ့ဆသွားသောကြောင့် ဖြစ်ကြောင်း လော့ချန် ကောင်းကောင်းသိသည်။

မျက်နှာချင်းဆိုင် တိုက်ခိုက်မည်ဆိုပါက ထိုသူကို သတ်ရန် အနည်းဆုံး သိုင်းကွက် နှစ်ချက် သုံးချက်ခန့် လိုအပ်မည်ဖြစ်သည်။ သွေးကြောနိုးကြားမှုနယ်ပယ်တွင် အသာစီးရလိုပါက အစွမ်းကုန် ကြိုးစားရမည်ဖြစ်ပြီး ကျင့်ကြံဆင့်ကို ပိုမိုမြင့်မားသော အဆင့်သို့ အမြန်ဆုံး တက်လှမ်းရမည်ပင်။ မဟုတ်ပါက သွေးကြောနိုးကြားမှုနယ်ပယ် ပထမတန်းစား ပညာရှင်များနှင့် တွေ့လျှင် ဓားဆန္ဒ သို့မဟုတ် နဂါးကျင့်စဉ်ပင် ဖြစ်စေ အခြေခံ မလုံလောက်မှုများ ရှိလာနိုင်ပေသည်။

စိတ်ကို တည်ငြိမ်အောင် ထားပြီးနောက် လော့ချန်သည် သွေးဝိညာဉ်ဆေးလုံး တစ်လုံးကို ထုတ်ယူကာ သောက်သုံးလိုက်ပြီး မျက်စိမှိတ်ကာ ကျင့်ကြံနေတော့သည်။

တောတောင်ထဲတွင် အချိန်တို့မှာ ကုန်မှန်းမသိ ကုန်ဆုံးသွားခဲ့သည်။

ဆယ်ရက်တာ အချိန်မှာ လျင်မြန်စွာ ကုန်လွန်သွားခဲ့၏။

ယနေ့ နေမွန်းတည့်ချိန်တွင် ဖြစ်သည်...။

လော့ချန်၏ ကိုယ်တွင်းရှိ ၅၄ ချောင်းသော နဂါးသွေးကြောများမှာ တညီတညွတ်တည်း တုန်ခါသွားပြီး ပိုးအိမ်ထဲမှ ရုန်းထွက်လာသကဲ့သို့ ထူးဆန်းသော အသံများ ထွက်ပေါ်လာကာ ကိုယ်တွင်းရှိ လှည့်ပတ်နေသော ချီစွမ်းအင်မှာ ချက်ချင်းပင် ၃၀ ရာခိုင်နှုန်းကျော် တိုးပွားလာခဲ့သည်။

ထို့နောက်...

“ဘုန်း...”

အားကောင်းသော ချီစွမ်းအင် လှိုင်းများမှာ အပြင်ဘက်သို့ ပေါက်ကွဲထွက်လာပြီး လေထုမှာ ရေလှိုင်းများကဲ့သို့ တုန်ခါသွားကာ ရေကန်မျက်နှာပြင်တွင်လည်း လှိုင်းလုံးကြီးများ ထလာခဲ့သည်။

“သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ အလယ်အလတ်အဆင့်...”

လော့ချန် မျက်လုံးဖွင့်လိုက်ရာတွင် မျက်ဝန်းများမှာ လျှပ်စီးကဲ့သို့ တောက်ပနေသည်။

ရန်ခွေ့နှင့် အခြားသူများ၏ သိုင်းဝိညာဉ်အနှစ်သာရများအပြင် သွေးဝိညာဉ်ဆေးလုံး လေးလုံး၏ အကူအညီကြောင့် ကျင့်ကြံဆင့် အဆင့်တက်ခြင်းမှာ အလွန်ပင် ချောမွေ့ခဲ့ပြီး အရာအားလုံးမှာ သဘာဝအတိုင်း ဖြစ်တည်လာခဲ့သည်။ အဆင့်တက်သွားသည့် ခဏချင်းတွင် ကိုယ်တွင်းရှိ ချီစွမ်းအင်များမှာ တဟုန်ထိုး တိုးပွားလာပြီး အရည်အသွေးမှာလည်း တိုက်ရိုက် မြင့်တက်လာခဲ့သည်။

လော့ချန် ခန့်မှန်းရသလောက် ယခု သူ၏ အစွမ်းမှာ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၈ နောက်ဆုံးအဆင့် သန်မာသူကို အလွယ်တကူ သတ်ဖြတ်နိုင်ပြီး သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၉ အစောပိုင်း ပညာရှင်နှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပြီဖြစ်သည်။ အမှန်တကယ် ဟုတ်မဟုတ်ကိုမူ လက်တွေ့ တိုက်ခိုက်ပြီးမှသာ သိနိုင်မည်ဖြစ်သည်။

“စစ်မှန်သောနဂါးဗိမန်ကို မကြည့်ဖြစ်တာ ကြာပြီ... ဘာများ ထူးခြားသွားလဲ ကြည့်ရဦးမယ်...”

တကိုယ်တည်း ရေရွတ်လိုက်ပြီးနောက် လော့ချန်သည် စိတ်အာရုံကို သိစိတ်ပင်လယ်ထဲသို့ နှစ်မြှုပ်ကာ စစ်မှန်သောနဂါးဗိမန်ကို စတင် အာရုံပြုလိုက်သည်။

အခန်း ၅၀၈ ပြီးပါပြီ။

အခန်း ၅၀၉ - နတ်ဘုရားတံတားပေါ် ခြေချခြင်းနှင့် ရွှမ်ဖုန်းစွမ်းအင်ပေါက်ကွဲမှုကျင့်စဉ်

“အုန်း...”

စိတ်အာရုံသည် စစ်မှန်သောနဂါးဗိမန်နှင့် ထိတွေ့သွားသည်။

လော့ချန်၏ အသိစိတ်သည် နက်နဲဆန်းကြယ်လှသော ရှေးဟောင်းကြယ်တာရာ ကောင်းကင်ယံသို့ နောက်တစ်ကြိမ် ရောက်ရှိသွားပြန်သည်။ ကမ္ဘာဦးခေတ် ထိုကောင်းကင်ပြင်ကြီးမှာ ကျယ်ပြောလှပြီး ကြယ်တာရာမြစ်မှာလည်း ပိုးသားတစ်မျှင်ကဲ့သို့ ရှိနေသည်။ ဟိန်းဟောက်သံနှင့်အတူ လော့ချန်၏ ပတ်ပတ်လည်ရှိ တောက်ပသော ကြယ်တာရာများသည် သက်ဝင်လှုပ်ရှားလာပြီး တိမ်တိုက်များကို ဝါးမြိုကာ မြူခိုးများကို မှုတ်ထုတ်နေသည့် ထူးခြားဆန်းပြားသော နဂါးကြီးများအဖြစ် ပြောင်းလဲသွားကြသည်။

နဂါးကြီး တစ်ကောင်ချင်းစီမှာ မည်မျှရှည်လျားသည်ကို မသိနိုင်ဘဲ စကြဝဠာထဲတွင် ခွေပတ်နေကြသည်။ တစ်ကိုယ်လုံးမှ ရောင်စုံအလင်းတန်းများ ဖြာထွက်နေပြီး ဧရာမခန္ဓာကိုယ်ကြီးထဲတွင် တိုင်းပြည်ပေါင်းများစွာနှင့် သန်းပေါင်းများစွာသော သက်ရှိများ ရှိနေပုံရသည်။ နဂါးကြီးတစ်ကောင်စီသည် ပြည့်စုံသော ကမ္ဘာတစ်ခုကို မွေးဖွားပေးထားသကဲ့သို့ပင်။

ဤအံ့မခန်း မြင်ကွင်းကို လော့ချန် အကြိမ်အနည်းငယ် မြင်ဖူးသော်လည်း ယခုတိုင် အံ့သြတုန်လှုပ်မှုကို မထိန်းချုပ်နိုင်သေးပေ။

နဂါးကြီးများ အားလုံး မော့ကြည့်နေသည့် အရပ်တွင် အိပ်မက်ဆန်လှသော စစ်မှန်သောနဂါးဗိမန်ကြီး ရှိနေသည်။ လော့ချန်၏ ခြေဖဝါးအောက်တွင် ရောင်စဉ်ကိုးသွယ် နတ်ဘုရားအလင်းတန်းများ လင်းလက်နေပြီး ကောင်းကင်ကျောက်စိမ်းများဖြင့် ပြုလုပ်ထားသကဲ့သို့ ရှိသော နတ်ဘုရားတံတားကြီးမှာ ကြယ်တာရာများကို ဖြတ်ကျော်ကာ နန်းတော်၏ ခန်းမဆောင်ကြီးဆီသို့ သွယ်တန်းထားသည်။

လော့ချန်သည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ရှေ့သို့ ခြေလှမ်းလှမ်းလိုက်သည်။

“ဝူး...”

ရောင်စဉ်ကိုးသွယ် နတ်ဘုရားတံတားပေါ်သို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် အရပ်မျက်နှာအသီးသီးမှ မခန့်မှန်းနိုင်သော ဖိအားများ တိုးဝင်လာသည်။ ဝေဝေဝါးဝါး အခြေအနေတွင် လော့ချန်သည် အဆုံးမဲ့နက်ရှိုင်းသော ပင်လယ်ထဲတွင် ရောက်နေသကဲ့သို့ ခံစားလိုက်ရပြီး ပြင်းထန်သော ဖိအားကြီးမှာ ချွေးပေါက်များမှတစ်ဆင့် အရိုးတွင်းခြင်ဆီနှင့် ဝိညာဉ်အထိ စိမ့်ဝင်သွားသည်။ သို့သော် လော့ချန်သည် ထိုဖိအားကြောင့် နောက်မတွန့်ဘဲ ဆက်လက် လျှောက်လှမ်းသွားသည်။

ခြေလှမ်းပေါင်း နှစ်ရာကျော် လျှောက်ပြီးမှသာ လော့ချန် ရပ်တန့်လိုက်တော့သည်။ ယခုအချိန်တွင် လော့ချန်သည် ကုန်းပေါ်သို့ အပစ်ခံလိုက်ရသော ငါးတစ်ကောင်ကဲ့သို့ အသက်ရှူရကျပ်နေပြီး လက်ချောင်းတစ်ချောင်း လှုပ်ရှားရန်ပင် အလွန်ခက်ခဲနေကာ သူ၏ အကန့်အသတ်သို့ ရောက်ရှိသွားပြီဖြစ်သည်။

“ဒါက ငါ့ရဲ့ ကျင့်ကြံဆင့်နဲ့ တကယ်ပဲ သက်ဆိုင်နေတာပဲ...”

ဤခြေလှမ်း နှစ်ရာကျော်သည် တံတားတစ်ခုလုံးနှင့် ယှဉ်လျှင် အလွန်ပင် နည်းပါးလှသော်လည်း လော့ချန်၏ စိတ်ထဲတွင်မူ အတိုင်းထက်အလွန် ဝမ်းသာနေမိသည်။ လွန်ခဲ့သည့်တစ်ခေါက် ရောင်စဉ်ကိုးသွယ် နတ်ဘုရားတံတားပေါ်သို့ တက်စဉ်က သူသည် ခြေလေးလှမ်းသာ လျှောက်နိုင်ခဲ့ပြီး သတိလစ်လုနီးပါး ဖြစ်ခဲ့ရသည်ကို သူ အမှတ်ရနေသည်။ ယခုမူ တစ်မူထူးခြားစွာ ခြေလှမ်း နှစ်ရာကျော်အထိ လှမ်းနိုင်ခဲ့ပြီဖြစ်သည်။

၎င်းမှာ ကြီးမားသော တိုးတက်မှုတစ်ခု ဖြစ်သည်မှာ အသေအချာပင်။

“ဒီလို တိုးတက်မှုနှုန်းနဲ့သာဆိုရင် တစ်နေ့နေ့မှာ ငါ ဒီတံတားကို ဖြတ်ကျော်ပြီး နန်းတော်ဆီ ရောက်သွားမှာပဲ... အဲဒီကျရင် စစ်မှန်သောနဂါးဗိမန်ထဲမှာ ဘယ်လို လျှို့ဝှက်ချက်တွေ ဖုံးကွယ်ထားလဲဆိုတာ ငါ သိရလိမ့်မယ်... ဒါမှမဟုတ် ငါ့ရဲ့ သိုင်းဝိညာဉ်ကို အောင်အောင်မြင်မြင် မွေးဖွားပေးနိုင်မလားပဲ...”

လော့ချန်သည် စိတ်ကို တည်ငြိမ်အောင် ထားပြီး မျက်လုံးကို ဖွင့်လိုက်သည်။ ဝိညာဉ်စွမ်းအင်ကို ပြန်လည်ဖြည့်တင်းပေးသော နိုးကြားခြင်းဆေးလုံးကို သောက်သုံးပြီးနောက် သူသည် နောက်ထပ် အစီအစဉ်များကို စတင်စဉ်းစားသည်။

မူလက ဆွန်မိသားစုကို အမြစ်ပြတ်ချေမှုန်းပြီးနောက် လော့ရှာဂိုဏ်းသို့ သွားရန် သူ စီစဉ်ထားခဲ့သည်။ လော့ရှာဂိုဏ်း၏ ကျင့်ကြံခြင်းနယ်မြေဖြစ်သော ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်ကို အသုံးချပြီး သူ၏ အစွမ်းနှင့် ဓားဆန္ဒကို မြှင့်တင်ရန်ဖြစ်သည်။

သို့သော်လည်း ထို သူအိုကြီး၏ သိုင်းဝိညာဉ်စိတ်ဆန္ဒ အကူအညီကြောင့် သူ၏ ဓားဆန္ဒမှာ မမျှော်လင့်ဘဲ အချိန်တိုအတွင်း ၇၀ ရာခိုင်နှုန်းအထိ တိုးတက်သွားခဲ့သည်။ ၇၀ ရာနှုန်းသော ဓားဆန္ဒသည် တည်ငြိမ်ရန် အချိန်လိုအပ်သေးသည်။ ထို့ကြောင့် ယခုအချိန်တွင် လော့ရှာဂိုဏ်းသို့ သွားခြင်းမှာ ပညာရှိရာ မရောက်ပေ။

လော့ချန်သည် သူ၏ ကျင့်ကြံဆင့်ကို သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ အထွတ်အထိပ်သို့ အရင်ရောက်အောင် လုပ်ပြီး ဓားဆန္ဒ တည်ငြိမ်သွားမှသာ လော့ရှာဂိုဏ်းသို့ သွားရန် ဆုံးဖြတ်လိုက်သည်။ သို့မှသာ ရောင်စဉ်ခုနစ်သွယ်စမ်းရေကန်ကို အသုံးချပြီး အတားအဆီးကို ကျော်ဖြတ်ကာ သွေးကြောနိုးကြားမှုနယ်ပယ် နောက်ဆုံးအဆင့်သို့ တစ်ဟုန်ထိုး တက်လှမ်းနိုင်မည်ဖြစ်သည်။

“အခုတော့ သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ အထွတ်အထိပ်ကို ရည်မှန်းချက်ထားမယ်... ပြီးတော့ ဓားကျင့်စဉ်နဲ့ ရွှမ်ဖုန်းစွမ်းအင်ပေါက်ကွဲမှုကျင့်စဉ် လျှို့ဝှက်စွမ်းရည်ကိုလည်း လေ့ကျင့်ရမယ်...”

အကယ်၍ ကောင်းကင်ယံဓားစွမ်းရည်၏ တတိယပုံစံနှင့် စတုတ္ထပုံစံကို အောင်မြင်စွာ ပေါင်းစပ်နိုင်လျှင် နတ်ဆိုးမုန်တိုင်း၏ အစွမ်းမှာ သိသိသာသာ တိုးတက်လာမည်ဖြစ်သည်။ ထို့ပြင် ရွှမ်ဖုန်းစွမ်းအင်ပေါက်ကွဲမှုကျင့်စဉ် လျှို့ဝှက်စွမ်းရည်ကိုပါ ပေါင်းစပ်လိုက်လျှင် သူ၏ အစွမ်းမှာ နောက်ထပ်အဆင့်တစ်ခုသို့ ရောက်ရှိသွားမည်ဖြစ်သည်။

လော့ချန်သည် လင်ရှောင်ကျောက်စိမ်းတံဆိပ်ကို ထုတ်ယူလိုက်သည်။ ဤအတောအတွင်း အပြင်းအထန် ကျင့်ကြံခဲ့သောကြောင့် သူ၏ ဝိညာဉ်ကျောက်များမှာ ကုန်လုနီးပါး ဖြစ်နေပြီး သွေးဝိညာဉ်ဆေးလုံးများလည်း မရှိတော့ပေ။ အဆင့်တက်လှမ်းနိုင်ရန် ဝိညာဉ်ကျောက်များနှင့် ဆေးလုံးများ လိုအပ်သည်။

ဆွန်မိသားစု၏ ပစ္စည်းများကို သိမ်းပိုက်ခဲ့ပြီးနောက် ရမ်ကွေ့တို့ထံမှလည်း ပစ္စည်းများ ရရှိခဲ့သောကြောင့် လော့ချန်သည် ယခုအခါ အလွန်ပင် ချမ်းသာကြွယ်ဝနေပြီဖြစ်သည်။ သူ၏ လက်ဝယ်တွင် ချီစွမ်းအင်ဆေးလုံးပေါင်း နှစ်သိန်းငါးသောင်းခန့် ရှိနေပြီး ၎င်းမှာ အချိန်အတန်ကြာ ကျင့်ကြံရန် လုံလောက်သည်။ လော့ချန်သည် လင်ရှောင်ကျောက်စိမ်းတံဆိပ်မှတစ်ဆင့် လော့ယောင်ကို ဆက်သွယ်ပြီး ချီစွမ်းအင်ဆေးလုံး နှစ်သိန်းတန်ဖိုးရှိသော ကြယ်လေးပွင့် ဝိညာဉ်ကျောက်များနှင့် သွေးကြောဖွင့်ဆေးလုံးများကို ပြင်ဆင်ပေးရန် အကူအညီတောင်းလိုက်သည်။

ချီစွမ်းအင်ဆေးလုံး နှစ်သိန်းဆိုသည်မှာ ငွေကျပ် သိန်းနှစ်သောင်းဟူသော များပြားလှသည့် ပမာဏပင်။ ဤမျှ များပြားသော ကိန်းဂဏန်းကို ကြားသောအခါ လော့ယောင်မှာ အတန်ကြာ ဆွံ့အသွားပြီးမှ ရက်အနည်းငယ် ပြင်ဆင်ရန် အချိန်ယူရမည်ဟု ပြန်ပြောသည်။ အကြောင်းမှာ ချီစွမ်းအင်ဆေးလုံး နှစ်သိန်းကို ကြယ်လေးပွင့် ဝိညာဉ်ကျောက်များနှင့် လဲလှယ်လျှင် အလုံးရေ တစ်ထောင်နီးပါး ရရှိမည်ဖြစ်သောကြောင့်ပင်။ လင်ကျန်းမြို့ရှိ လင်ယွမ်ပြတိုက်တွင် ဤမျှလောက်ထိ ပစ္စည်းများ အဆင်သင့် မရှိပေ။ အခြားမြို့များရှိ လင်ယွမ်ပြတိုက်များမှ မှာယူရမည်ဖြစ်သည်။

စကားပြောပြီးနောက် လော့ယောင်၏ သာယာနာပျော်ဖွယ် ရယ်မောသံမှာ ကျောက်စိမ်းတံဆိပ်မှ ထွက်ပေါ်လာသည်။

“မောင်လေး... အစ်မကို အမှန်အတိုင်း ပြောစမ်းပါ... အခုတလော ဘာတွေသွားလုပ်နေတာလဲ... မကြာခင်ကပဲ ဝူးယန်မြို့က ဆွန်မိသားစုတစ်ခုလုံး တစ်ညတည်းနဲ့ အသတ်ခံလိုက်ရတယ်လို့ ငါ ကြားထားတယ်နော်...”

“အဲဒါက သွေးဝိညာဉ်ဂိုဏ်းက လုပ်တာလေ... ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ... ပြီးတော့ ကျွန်တော်က မငယ်တော့ဘူးနော်...”

လော့ချန်သည် ပြန်ပြောပြီးသည်နှင့် ဝိညာဉ်စွမ်းအင်ကို ချက်ချင်း ရုပ်သိမ်းလိုက်သည်။ လော့ယောင်နှင့် စကားများနေလျှင် မိမိ၏ လျှို့ဝှက်ချက်များ ပိုမို ပေါ်ထွက်သွားနိုင်သည်ကို သူ သိနေသည်။ လော့ချန်သည် ခဏမျှ စဉ်းစားပြီးနောက် ကောင်းကင်ယံသို့ ပျံတက်သွားသည်။

သူသည် လင်ကျန်းမြို့သို့ သွားနေခြင်း မဟုတ်ဘဲ ချီရှန်မြို့ဘက်သို့ ဦးတည်နေခြင်းဖြစ်သည်။ ဆွန်ယင်ယန်သည် သူ၏ ဖခင်အတွက် အမြဲတမ်း စိတ်မကောင်းစရာ ဖြစ်ခဲ့သည်။ လော့ချန်သည် ဖခင်အတွက် လက်စားချေရန် ကတိပြုခဲ့သည်။ ယခုအခါ ဆွန်ယင်ယန်မှာ သူ၏ ပြစ်ဒဏ်ကို ခံစားလိုက်ရပြီဖြစ်၍ ဤသတင်းကောင်းကို ဖခင်ဖြစ်သူထံ သွားရောက် ပြောပြရန်လိုအပ်သည် မဟုတ်ပါလား။

သွေးကြောနိုးကြားမှုနယ်ပယ် အဆင့် ၆ သို့ ရောက်ရှိသွားသောကြောင့် လော့ချန်သည် တစ်နေ့လျှင် မိုင်ပေါင်း ထောင်ချီ ခရီးနှင်နိုင်ပြီး မီးလျှံရတနာမြင်းထက်ပင် ပိုမိုမြန်ဆန်နေပြီဖြစ်သည်။ ရက်အနည်းငယ်အတွင်း သူသည် ပြေးမြင်းလွင်ပြင်သို့ ရောက်ရှိလာခဲ့သည်။ လမ်းခရီးတွင်လည်း သူသည် အနားမနေဘဲ ရွှမ်ဖုန်းစွမ်းအင်ပေါက်ကွဲမှုကျင့်စဉ်ကို ကျင့်ကြံရာ အတန်ငယ် နားလည်သဘောပေါက်လာခဲ့သည်။

ပြေးမြင်းလွင်ပြင်၏ ကောင်းကင်ယံတွင် တိမ်တိုက်များမှာ မြင်းများပြေးလွှားနေသကဲ့သို့ ရှိနေသည်။ လော့ချန်သည် တိမ်ပင်လယ်ထဲတွင် ရှိနေစဉ် လေ၏ နိယာမများကို ခံစားရင်း ရွှမ်ဖုန်းစွမ်းအင်ပေါက်ကွဲမှုကျင့်စဉ်၏ ကျင့်စဉ်လမ်းကြောင်းအတိုင်း ချီစွမ်းအင်များကို လှည့်ပတ်နေသည်။

အကြိမ်ကြိမ် ကြိုးစားပြီးနောက် လော့ချန်၏ စိတ်အာရုံမှာ လေနှင့် တစ်သားတည်း ဖြစ်သွားကာ ချီစွမ်းအင်များသည် ထူးဆန်းသော လမ်းကြောင်းအတိုင်း ခြေဖဝါးဆီသို့ စုစည်းသွားသည်။

“ဝူး...”

လော့ချန်၏ ခြေဖဝါးအောက်တွင် ချီစွမ်းအင်များမှာ ဝဲဂယက်သဏ္ဌာန် ဖြစ်ပေါ်လာပြီး ပြင်းထန်သော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်။

“ပေါက်ကွဲစမ်း...”

“ဘုန်း...”

စွမ်းအင်များမှာ ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး လေထုမှာ ရေလှိုင်းများကဲ့သို့ တုန်ခါသွားသည်။

“ရှူး...”

လော့ချန်၏ ကိုယ်ဟန်မှာ လေးညှို့မှ ပစ်လွှတ်လိုက်သော မြားတစ်စင်းကဲ့သို့ အရှိန်အဟုန်နှင့် ရှေ့သို့ တိုးဝင်သွားကာ တိမ်ပင်လယ်ကြီးကို အက်ကွဲကြောင်းကြီး ဖြစ်သွားစေသည်။

“ရွှမ်ဖုန်းစွမ်းအင်ပေါက်ကွဲမှုကျင့်စဉ်က စတင်အဆင့်ကို ရောက်သွားပြီပဲ... တကယ်ကို မြန်တာပဲ...”

လော့ချန်သည် အံ့သြဝမ်းသာစွာဖြင့် ရေရွတ်လိုက်သည်။

ကျမ်းစာထဲတွင် ရွှမ်ဖုန်းစွမ်းအင်ပေါက်ကွဲမှုကျင့်စဉ်၏ စတင်အဆင့်သည် အရှိန်ကို ဆယ်ရာခိုင်နှုန်းခန့်သာ တိုးပေးနိုင်သည်ဟု ပါရှိသည်။ သို့သော် လော့ချန်သည် စတင်အဆင့်သို့ ရောက်ရုံမျှဖြင့် အရှိန်မှာ နှစ်ဆယ်ရာခိုင်နှုန်းကျော် တိုးလာခဲ့သည်။

“ဒါက ငါ့မှာ ချီစွမ်းအင်အိမ်တော် ကိုးခုရှိနေပြီး သွေးကြောကလည်း ကိုးဆ ပိုသန်မာနေလို့များလား...”

ချီစွမ်းအင်အိမ်တော် ကိုးခုက သူ၏ ချီစွမ်းအင်ကို သိပ်သည်းစေပြီး ကိုးဆသန်မာသော သွေးကြောများက စွမ်းအင်များကို တစ်ခဏချင်းတွင် ပိုမို ပေါက်ကွဲထွက်စေနိုင်ခြင်းပင်။

“အကယ်၍ ငါသာ ရွှမ်ဖုန်းစွမ်းအင်ပေါက်ကွဲမှုကျင့်စဉ်ကို ပြည့်စုံမှုအဆင့်အထိ လေ့ကျင့်နိုင်ရင် အရှိန်က နှစ်ဆကျော် တိုးလာမှာပေါ့... အဲဒီကျရင် ငါနဲ့ အဆင့်တူတဲ့ သန်မာသူတွေကြားမှာ ငါသွားချင်တဲ့အချိန်သွား၊ လာချင်တဲ့အချိန်လာလို့ ရပြီ... ဘယ်သူမှ ငါ့ကို တားနိုင်မှာ မဟုတ်ဘူးတော့...”

လော့ချန်မှာ အလွန်ပင် စိတ်လှုပ်ရှားသွားမိသည်။ ကြယ်ငါးပွင့်အဆင့် လျှို့ဝှက်စွမ်းရည်တစ်ခုက သူ၏ အစွမ်းကို ဤမျှအထိ အထောက်အကူ ပေးနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

“တကယ်ပဲ ကျေးဇူးတင်ပါတယ်... အကြီးအကဲရမ်ကွေ့...”

“ပေါက်ကွဲစမ်း...”

“ရှူး...”

လော့ချန်၏ ပုံရိပ်မှာ လျှပ်စီးလက်သကဲ့သို့ တစ်ခဏချင်းတွင် မီတာတစ်ထောင်ခန့်အထိ ရောက်ရှိသွားပြီး နောက်တွင် ပုံရိပ်ယောင်များ ကျန်ရစ်ခဲ့သည်။

အခန်း ၅၀၉ ပြီးပါပြီ။

အခန်း ၅၁၀ - ပြောလိုက်သည့်အတိုင်း ဖြစ်လာခြင်းနှင့် အိမ်သို့အပြန်

ရွှမ်ဖုန်းစွမ်းအင်ပေါက်ကွဲမှုကျင့်စဉ်ကြောင့် လော့ချန်၏ အရှိန်မှာ တစ်ဟုန်ထိုး တိုးတက်လာသည်။

ပြေးမြင်းလွင်ပြင်မှ ထွက်ခွာရန် သူသည် တစ်ရက်သာ အချိန်ယူခဲ့ရသည်။

ဤကာလအတွင်း ရွှမ်ဖုန်းစွမ်းအင်ပေါက်ကွဲမှုကျင့်စဉ်ကဲ့သို့ အားကောင်းလှသော လျှို့ဝှက်စွမ်းရည်သည် အဘယ်ကြောင့် ကြယ်ငါးပွင့် အထက်တန်းအဆင့်သာ ရှိရသနည်းဆိုသည်ကို လော့ချန် နောက်ဆုံးတွင် နားလည်သွားခဲ့သည်။

အဓိက အကြောင်းရင်းမှာ ဤကျင့်စဉ်သည် ချီစွမ်းအင်ကို အလွန်အမင်း ကုန်ခမ်းစေပြီး ခန္ဓာကိုယ်အပေါ် ဝန်ထုပ်ဝန်ပိုး ကြီးမားလွန်းသောကြောင့် ဖြစ်သည်။

လော့ချန်သည် ဤကျင့်စဉ်ကို တစ်ကြိမ် အသုံးပြုတိုင်း သူ၏ ချီစွမ်းအင်အိမ်တော် တစ်ခုရှိ ချီစွမ်းအင် ဆယ်ရာခိုင်နှုန်းခန့် ကုန်ဆုံးသွားသည်။

သာမန် သွေးကြောနိုးကြားမှုနယ်ပယ် သန်မာသူတစ်ဦးဆိုပါက ကိုယ်တွင်းရှိ ချီစွမ်းအင်များအားလုံးကို သုံးလျှင်ပင် ဆယ်ကြိမ်ထက်ပို၍ အသုံးမပြုနိုင်ပေ။

ထို့ကြောင့် ရွှမ်ဖုန်းစွမ်းအင်ပေါက်ကွဲမှုကျင့်စဉ်၏ လက်တွေ့ အသုံးဝင်မှုမှာ အလွန်ပင် လျော့နည်းသွားသည်။ တိုက်ပွဲတစ်ခုတွင် နှစ်ကြိမ်၊ သုံးကြိမ်ခန့် အသုံးပြုနိုင်လျှင်ပင် အတော်လေး အဆင်ပြေနေပြီဖြစ်သည်။

ဤကဲ့သို့ အားနည်းချက်ရှိသောကြောင့် အဆင့်သတ်မှတ်ချက်မှာလည်း များစွာ မမြင့်မားခြင်းပင်။

သို့သော် လော့ချန်တွင်မူ ထိုကဲ့သို့သော စိုးရိမ်ပူပန်မှုမျိုး မရှိပေ။ ကိုယ်တွင်းရှိ ချီစွမ်းအင်အိမ်တော် ကိုးခုမှာ သူ့အား ဤကျင့်စဉ်ကို စိတ်ကြိုက် အသုံးပြုနိုင်ရန် လုံလောက်သော အထောက်အပံ့ ပေးထားသည်။

“ရှူး...”

ချီစွမ်းအင်များ ဆက်တိုက် ပေါက်ကွဲထွက်လာပြီး လော့ချန်၏ ကိုယ်ဟန်မှာ အလင်းတန်းတစ်ခုအလား တိမ်တိုက်များကြားတွင် ဖြတ်သန်းသွားသည်။

နာရီဝက်ခန့် ကြာပြီးနောက် လော့ချန်သည် ကျယ်ပြောလှသော တောင်တန်းတောအုပ်ကြီးကို အဝေးမှ လှမ်းမြင်လိုက်ရသည်။

တောင်တန်းတောအုပ်ကြီးသည် မှိုင်းညို့နေသော တိမ်မြူများ ဖုံးလွှမ်းနေပြီး နေရောင်ခြည်ပင် ကောင်းစွာ မတိုးပေါက်နိုင်ဘဲ အေးစိမ့်ခြောက်ခြားဖွယ် ကောင်းလှသည်။ အဝေးမှ ကြည့်လျှင် မြေပြင်ပေါ်တွင် ဝပ်စင်းနေသော နဂါးနက်ကြီးတစ်ကောင်နှင့်ပင် တူလှသည်။

၎င်းမှာ နတ်ဆိုးတောအုပ်ပင် ဖြစ်သည်။

“သွေးဝိညာဉ်ဂိုဏ်းရဲ့ စခန်းကို လိုက်လံရှာဖွေနေတဲ့ လျှပ်ယွမ်ဂိုဏ်းရဲ့ အစီအစဉ်က ဘယ်လိုအခြေအနေ ရှိနေပြီလဲ မသိဘူး...”

လော့ချန်သည် မျက်မှောင်ကြုတ်ကာ စဉ်းစားနေမိသည်။

ဆွန်ယင်ယန် စည်းရုံးသိမ်းသွင်းခံရသည့် ကိစ္စကို ကြည့်ခြင်းအားဖြင့် သွေးဝိညာဉ်ဂိုဏ်း၏ လက်ဝေခံများသည် ဂိုဏ်းကြီးသုံးခုအတွင်းသို့ပင် ထိုးဖောက်ဝင်ရောက်နေပြီဖြစ်ကြောင်း ထင်ရှားနေသည်။ အန္တရာယ်မှာ တစ်နေ့ထက်တစ်နေ့ ပိုမို ကြီးထွားလာနေပြီဖြစ်သည်။

“ဟင်...”

လော့ချန်သည် သွေးဝိညာဉ်ဂိုဏ်းအကြောင်း စဉ်းစားနေစဉ် အောက်ဘက်ရှိ တောင်တန်းဆီသို့ အကြည့် ရောက်သွားသည်။ မှောင်ရိပ်ကျနေသော တောအုပ်ထဲတွင် လူရိပ်အချို့ လှုပ်ရှားနေသည်ကို ဝေဝေဝါးဝါး မြင်လိုက်ရသည်။ ထို့အပြင် ဧရာမ အရိပ်ကြီးများနှင့် ထိတ်လန့်ဖွယ် ကောင်းလှသော သားရဲဟိန်းသံများကိုလည်း ကြားလိုက်ရ၏။ တောအုပ်အတွင်းရှိ ကွင်းပြင်တစ်ခုတွင် လူလေးဦးမှာ မိစ္ဆာသားရဲ အုပ်စုတစ်စု၏ ဝိုင်းရံခြင်းကို ခံထားရသည်။

ထိုမိစ္ဆာသားရဲများသည် ကျားသစ်နှင့် တူပြီး အလျား တစ်လံခွဲခန့် ရှိကာ အမွေးအမှင်များမှာ နက်မှောင်ပြောင်လက်နေသည်။ သူတို့၏ နှာခေါင်းမှ အနက်ရောင် အငွေ့များ ထွက်ပေါ်နေပြီး ချွန်ထက်လှသော သွားများကြားမှ အနက်ရောင် တံတွေးများ မြေပြင်ပေါ်သို့ စီးကျလာသည့်အခါ တရှူးရှူးမြည်ကာ အငွေ့များ ထွက်ပေါ်လာသည်။

၎င်းတို့မှာ အဆင့် ၃ အလယ်အလတ် မိစ္ဆာသားရဲ ဖြစ်သည့် သွားနက် ကျားများပင် ဖြစ်သည်။

ထိုလူငယ်လေးဦး၏ ကိုယ်ပေါ်တွင် ရွှေကွင်းအမှတ်အသားများ ပါရှိနေသည်။ လော့ချန်သည် ၎င်းမှာ ချီရှန်မြို့အနီးရှိ ဒုတိယတန်းစားဂိုဏ်းတစ်ခုဖြစ်သော ရွှေကွင်းဂိုဏ်း၏ အမှတ်အသားဖြစ်ကြောင်း မှတ်မိလိုက်သည်။

ထိုထဲမှ ချစ်စဖွယ် မိန်းကလေးတစ်ဦးမှာ သူနှင့် ရင်းနှီးပြီးသားဖြစ်သော ချီမိသားစုမှ သမီးကြီး ချီတင့် ဖြစ်နေသည်။

တစ်နှစ်တာ အချိန်အတွင်း ချီတင့်မှာ ပိုမို လှပလာခဲ့သည်။

လော့ချန် တွေ့ဖူးခဲ့သော လော့ယောင်၊ ယွမ်မန်လီ၊ ယန်ချင်းရှုံး၊ ချန်လင်းယူ၊ နဝမမင်းသမီး ကျင်းယွီရှီးနှင့် ကျူးလင်မေ့တို့ကဲ့သို့သော မိန်းကလေးများနှင့် မယှဉ်နိုင်သော်လည်း သူမသည်လည်း အတော်လေး လှပချောမောကာ ကျစ်လျစ်သော ဝတ်စုံအောက်တွင် ပေါ်လွင်နေသည့် ခန္ဓာကိုယ် အချိုးအစားမှာ လူငယ်ဘဝ၏ တက်ကြွမှုများကို ဖော်ပြနေသည်။

သို့သော်လည်း ယခင်က မာနကြီးလှသော ထိုမျက်နှာလေးမှာ ယခုအခါ ဖြူလျော့နေပြီး နဖူးတွင်လည်း ချွေးစများ စို့နေကာ ကျားများကို ကြည့်ရင်း မျက်ဝန်းထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။

သွားနက်ကျားတစ်ကောင်၏ အစွမ်းမှာ ထုံရွှမ်နယ်ပယ် အဆင့် ၃ အလယ်အလတ်အဆင့်နှင့် ညီမျှသည်။ ထို့အပြင် ၎င်းတို့တွင် ပြင်းထန်သော အဆိပ်များ ရှိနေသဖြင့် သာမန် ထုံရွှမ်နယ်ပယ် အဆင့် ၃ အထွတ်အထိပ် သန်မာသူတစ်ဦးပင်လျှင် ရှောင်ကွင်းသွားတတ်ကြသည်။

ရွှေကွင်းဂိုဏ်းတပည့် လေးဦးထဲတွင် အစွမ်းအထက်ဆုံးသူမှာ ထုံရွှမ်နယ်ပယ် အဆင့် ၃ အလယ်အလတ်အဆင့်သာ ရှိသည်။

ယခုအခါ သူတို့ လေးဦးသည် သွားနက်ကျားငါးကောင်၏ ဝိုင်းရံခြင်းကို ခံထားရသဖြင့် အခြေအနေမှာ အလွန်ပင် စိုးရိမ်ရလှပြီး လူတိုင်း၏ မျက်နှာတွင် ကြောက်ရွံ့မှုများ အထင်အရှား ပေါ်လွင်နေသည်။

“ဝေါင်း...”

သွားနက်ကျားတစ်ကောင်က ဟိန်းဟောက်လိုက်ပြီး အနီးဆုံးရှိ ချီတင့်ထံသို့ ပြေးဝင်သွားသည်။

ချီတင့်၏မျက်နှာမှာ စက္ကူကဲ့သို့ ဖြူလျော့သွားပြီး အံကို တင်းတင်းကျိတ်ကာ ဓားဖြင့် ကာကွယ်ရန် ပြင်လိုက်သည်။

ထိုစဉ်...

“ရွှပ်...”

ဓားချီတစ်ခု လှစ်ခနဲ ဖြတ်သန်းသွားပြီး လေထဲသို့ ခုန်တက်လာသော ကျားမှာ ခန္ဓာကိုယ် တောင့်တင်းသွားကာ နှစ်ပိုင်း ပြတ်ကျသွားတော့သည်။

ချီတင့်မှာ လန့်သွားပြီး အနောက်သို့ အမြန် ဆုတ်လိုက်ရ၏။

နောက်တစ်ခဏတွင်...

ကျန်ရှိနေသော ကျားများမှာလည်း ခန္ဓာကိုယ်များ အက်ကွဲသွားပြီး သွေးများ ပန်းထွက်ကာ သေဆုံးသွားကြတော့သည်။

“နတ်ဆိုးတောအုပ်က အခုတလော မငြိမ်မသက် ဖြစ်နေတယ်... မြန်မြန် ထွက်သွားကြတော့...”

ကြည်လင်ပြတ်သားသော အသံတစ်ခုမှာ ကောင်းကင်ယံမှ ပျံ့လွင့်လာသည်။

“လေထဲမှာ ပျံသန်းနေတာပဲ... ကြည့်စမ်း... သွေးကြောနိုးကြားမှုနယ်ပယ်က ဓားသမားတစ်ယောက်ပဲ...”

“ကျေးဇူးတင်ပါတယ် စီနီယာ...”

သေမင်းလက်မှ လွတ်မြောက်လာသော ရွှေကွင်းဂိုဏ်းတပည့်များသည် အဝေးသို့ ပျံသန်းသွားသော ပုံရိပ်ကို ကြည့်ရင်း အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် အရိုအသေ ပေးလိုက်ကြသည်။

“ဟင်... သူပဲ...”

လော့ချန်မှာ အဝေးသို့ ရောက်ရှိနေပြီဖြစ်သော်လည်း ချီတင့်က သူ့ကို တစ်ချက်တည်းနှင့် မှတ်မိလိုက်သည်။ သူမသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး မျက်နှာတွင် ရှုပ်ထွေးလှသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

လွန်ခဲ့သော တစ်နှစ်ခန့်က လော့ချန်နှင့် စေ့စပ်မှုကို ငြင်းဆိုရန် နည်းမျိုးစုံဖြင့် ကြိုးစားခဲ့ပြီး သူတို့နှစ်ဦးမှာ ကမ္ဘာခြားနေသော လူများဖြစ်ကြောင်း ပြောခဲ့သည်ကို သူမ အမှတ်ရနေသေးသည်။

ယခုမူ သူမ ပြောခဲ့သည့်အတိုင်း အမှန်တကယ်ပင် ဖြစ်လာခဲ့ချေပြီ။ သူမသည် ထုံရွှမ်နယ်ပယ်သို့ ရောက်ရှိရန် ကြိုးစားနေရဆဲ ဖြစ်သော်လည်း လော့ချန်မှာမူ သွေးကြောနိုးကြားမှုနယ်ပယ်သို့ တက်လှမ်းသွားခဲ့ပြီး ကောင်းကင်ယံတွင် ပျံသန်းနိုင်သည့် စစ်မှန်သော နဂါးကြီးတစ်ကောင် ဖြစ်နေချေပြီ။

“ညီမလေးချီတင့်... ဒီစီနီယာကို သိလို့လား...”

တစ်ဦးက အံ့သြစွာ မေးလိုက်သည်။

ချီတင့်သည် သတိပြန်ဝင်လာပြီး လော့ချန် ထွက်ခွာသွားသော အရပ်ကို ကြည့်ကာ ခါးသက်သက် ပြုံးရင်း ခေါင်းခါလိုက်သည်။

“ငါက ဒီလို ပုဂ္ဂိုလ်မျိုးကို ဘယ်လိုလုပ် သိမှာလဲ...”

လော့ချန် ချီရှန်မြို့သို့ ပြန်ရောက်သည့်အချိန်တွင် ညဉ့်နက်နေပြီဖြစ်သည်။ မည်သူ့ကိုမှ အသိမပေးဘဲ လော့ချန်သည် အနက်ရောင် ပုံရိပ်တစ်ခုအလား လော့အိမ်တော်သို့ တိုက်ရိုက် ပျံသန်းသွားသည်။

“ဝေါင်း...”

လော့အိမ်တော်၏ ကောင်းကင်ယံသို့ ရောက်သည်နှင့် တစ်ပြိုင်နက် နိမ့်ပါးသော ဟိန်းဟောက်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

ရွှေရောင်အလင်းတန်းများ လင်းလက်လာပြီး ရွှေရောင်စွမ်းအင်များ ဖုံးလွှမ်းနေသည့် ခြင်္သေ့နှင့် တူသော အစွမ်းထက် သားရဲကြီးနှစ်ကောင်မှာ လေထဲသို့ ပျံတက်လာကာ လော့ချန်ကို ကြည့်ရင်း ဟိန်းဟောက်နေကြသည်။

ပြင်းထန်လှသော မိစ္ဆာချီစွမ်းအင်များကြောင့် လေထုမှာ ပင်လယ်လှိုင်းလုံးကြီးများအလား တုန်ခါသွားရ၏။

“ရွှေခြင်္သေ့သားရဲတွေပဲ...”

မိသားစုတွင် ဤအစောင့်အရှောက် နတ်ဆိုးနှစ်ကောင် ရှိနေသည်ကို လော့ချန် သတိရသွားသဖြင့် ချက်ချင်းပင် ခြေလှမ်းများကို ရပ်လိုက်သည်။ ရွှေခြင်္သေ့သားရဲမှာ ကြယ်လေးပွင့် အထွတ်အထိပ် မိစ္ဆာသားရဲ ဖြစ်သည်။

သားရဲကြီးနှစ်ကောင် ပူးပေါင်းလိုက်လျှင် စတုတ္ထနယ်ပယ် ပုဂ္ဂိုလ်ကြီးတစ်ဦးကိုပင် ယှဉ်ပြိုင်နိုင်သည်မို့ သူသည် မဆင်မခြင် မလုပ်ရဲပေ။

“ဘယ်သူလဲ... ဟင်... ချန်အာ... မင်း ပြန်လာပြီပဲ...”

လူရိပ်တစ်ခုမှာ ကောင်းကင်သို့ ပျံတက်လာသည်။ ၎င်းမှာ လော့မင်ရှန် ပင်ဖြစ်သည်။ သူသည် ရွှေခြင်္သေ့သားရဲနှစ်ကောင်ကို ဆုတ်ခွာရန် အမိန့်ပေးလိုက်ပြီး ပြုံးရွှင်သော မျက်နှာဖြင့် ကြိုဆိုလိုက်သည်။

လော့ချန်၏ မျက်ဝန်းများ ဝင်းလက်သွားကာ ဝမ်းသာစွာ နှုတ်ဆက်စကား ဆိုလိုက်၏။

“အဖိုး... အဖိုးက သွေးကြောနိုးကြားမှုနယ်ပယ်ကို အဆင့်တက်သွားပြီလား...”

“ဟားဟား... ဟုတ်တယ်... လွန်ခဲ့တဲ့ လဝက်လောက်က အဆင့်တက်သွားတာ... မင်းပေးခဲ့တဲ့ ကြယ်ငါးပွင့် အထက်တန်းအဆင့် ကျင့်စဉ်နဲ့ ဆေးလုံးတွေကြောင့်ပါပဲ...”

လော့မင်ရှန်က အားရပါးရ ရယ်မောလိုက်သည်။ သူ၏ မျက်နှာမှာ ကြည်လင်ဝင်းပနေပြီး အရှိန်အဝါများမှာလည်း တက်ကြွနေသည်။ သွေးကြောနိုးကြားမှုနယ်ပယ်သို့ တက်လှမ်းရန်မှာ သူ၏ တစ်သက်တာ ဆန္ဒပင် ဖြစ်သည်။

သို့သော် ဤဘဝတွင် သူ၏ အိပ်မက် အမှန်တကယ် ဖြစ်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ဤအရာအားလုံးမှာ သူ၏ မြေးကောင်း လော့ချန်ကြောင့်ပင် ဖြစ်သည်။

“အဖိုးကို ဂုဏ်ပြုပါတယ်...”

ထိုအချိန်တွင် အသံကြားသဖြင့် လော့မိသားစုဝင်များမှာ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။

လော့မင်ရှန်က ပြုံး၍ ဆိုသည်။

“အောက်ဆင်းကြရအောင်... ငါ မင်းအတွက် ရေပူတွေ ပြင်ခိုင်းလိုက်မယ်... ကောင်းကောင်း အနားယူလိုက်ဦး...”

လော့ချန်က ခေါင်းခါလိုက်သည်။

“မလုပ်ပါနဲ့... ကျွန်တော် မနက်ဖြန် မနက်အစောကြီး ပြန်သွားရအုံးမှာပါ... ဒီတစ်ခေါက် ပြန်လာတာက အဖိုးနဲ့ အဖေတို့ကို ပြောစရာလေးရှိလို့ပါ...”

“အော်... ဒါဆိုရင် ဆွေးနွေးပွဲခန်းမကို သွားကြတာပေါ့...”

လော့မင်ရှန်သည် အခြားမိသားစုဝင်များနှင့် လူစုခွဲလိုက်ပြီး လော့ချန်ကို ဆွေးနွေးပွဲခန်းမသို့ ခေါ်ဆောင်သွားသည်။

လော့ဟုန်မှာ ခန်းမထဲတွင် စောင့်ဆိုင်းနေနှင့်သည်။

သူတို့ သုံးဦး ထိုင်လိုက်ကြပြီးနောက် လော့မင်ရှန်က ဆိုသည်။

“ချန်အာ... မင်း ဝူးယန်မြို့က ကိစ္စကို ကြားပြီးပြီလား... ဝူးယန်မြို့က ဆွန်မိသားစုတစ်ခုလုံးကို သွေးဝိညာဉ်ဂိုဏ်းက တစ်ညတည်းနဲ့ အမြစ်ပြတ် သတ်ဖြတ်လိုက်တယ်... တစ်ယောက်မှ မကျန်ဘူးတဲ့...”

“ဆွန်မိသားစုခေါင်းဆောင် ဆွန်ယင်ယန်က အရင်က မင်းအဖေရဲ့ သူငယ်ချင်းကောင်း ဖြစ်ခဲ့ပေမဲ့ သစ္စာဖောက်ပြီး မင်းအဖေကို လျှို့ဝှက် တိုက်ခိုက်ခဲ့လို့ မင်းအဖေ ကျင့်ကြံလို့ မရတော့တာလေ... ဒါက ဝဋ်လည်တာပဲ...”

“ဟုတ်ကဲ့... ကြားပြီးပါပြီ...”

လော့ချန်က ခေါင်းညိတ်လိုက်ပြီး တည်ငြိမ်စွာ ဆိုလိုက်သည်။

“အဖိုး... ဒါကို အရင်ကြည့်ကြည့်ပါဦး...”

စကားပြောနေစဉ် လော့ချန်သည် လင်ရှောင်ကျောက်စိမ်းတံဆိပ်ကို ထုတ်ကာ သိုလှောင်ထားသော ချပ်ဝတ်များ၊ လက်နက်များ၊ ဆေးလုံးများနှင့် ကျင့်စဉ်ကျမ်းစာများ စသည့် ပစ္စည်းမျိုးစုံကို ထုတ်ယူလိုက်သည်။

“ဝုန်း...”

ချက်ချင်းပင် ခန်းမအလယ်တွင် ပစ္စည်းအမျိုးမျိုးမှာ တောင်ပူစာနှစ်လုံးပမာ ပုံသွားတော့သည်။

ရတနာမျိုးစုံ၊ ကျောက်မျက်များနှင့် ဆေးဖက်ဝင်အပင်များမှ ထွက်ပေါ်နေသော အလင်းတန်းများကြောင့် ခန်းမတစ်ခုလုံးမှာ လင်းထိန်သွားရ၏။

လော့မင်ရှန်နှင့် လော့ဟုန်းတို့မှာ မျက်စိပင် ကျိန်းသွားရသည်။

လော့မင်ရှန်သည် သိုင်းကျမ်းတစ်အုပ်ကို ကောက်ယူကြည့်လိုက်သည့်အခါ အလွန်ပင် မှင်တက်မိသွား၏။

“ဒါ... ဒါက ကြယ်ငါးပွင့် အထက်တန်းအဆင့် လက်ဖဝါးကျင့်စဉ်... လေလှိုင်းလက်ဖဝါးပဲ...”

လော့ဟုန်လည်း တစ်အုပ်ကို ကောက်ယူကြည့်လိုက်သည်။

“ဒါ... ဒါလည်း ကြယ်ငါးပွင့် သိုင်းပညာပဲ... ကြယ်ငါးပွင့် အဆင့်မြင့် လက်သီးကျင့်စဉ်ပဲ...”

လော့မင်ရှန်မှာ အတွေ့အကြုံများလှသူ ဖြစ်သော်လည်း ယခုအခါတွင်မူ ဆွံ့အသွားရပြီး လော့ချန်ကို ငေးကြည့်ရင်း အထစ်ထစ်အငေါ့ငေါ့ဖြင့် မေးလိုက်သည်။

“ချန်အာ... ဒါ... မင်း ရွှမ်ယွမ်ဂိုဏ်းရဲ့ ရတနာတိုက်ကို ဖောက်လာတာတော့ မဟုတ်ပါဘူးနော်...”

အခန်း ၅၁၀ ပြီးပါပြီ။

All Chapters