← Chapters

ဗုဒ္ဓဧကရာဇ်

Vol. 41 Ch. 569

ဗုဒ္ဓဧကရာဇ်

Vol. 41 Ch. 569

“ဖီးနစ်ခန္ဓာအစစ်လား ”

ကျန်းရီနှင့်ဖုန်းလျန်က တစ်ယောက်ကိုတစ်ယောက် ဇဝေဇဝါ ကြည့်လိုက်လေ၏။ သို့သော် နှစ်ဦးလုံးက ထိုမှတ်ချက်ထဲတွင် တစ်စုံတစ်ခု ပါဝင်နေတာ သေချာသိပေ၏။

ရှေးဦးစွာ တစ်ဖက်လူသည် သူတို့နောက် လိုက်နေတာ သေချာသည်။ ပိုအတိအကျ ဆိုရလျှင် သူတို့ကဖုန်းလျန်အတွက် ရောက်လာတာဖြစ်၏။ ဒုတိယအချက်အနေဖြင့် သူတို့ကသူနှင့် ရန်ငြိုးမရှိပေ။ ထိုသခင်လေး၏ စွဲလမ်းမှုက ဖုန်းလျန်၏ အလှတရားဖြစ်ပြီး သူမကို လာရောက်ဖမ်းဆီးမှု ဖြစ်ပေါ်စေတာ သိသာနေ၏။ တစ်နည်းဆိုရလျှင် တစ်စုံတစ်ယောက်က သူတို့ကို အသုံးချသွားခြင်းသာဖြစ်သည်။

“သိုင်းခန်းမဆောင် ”

နှစ်ယောက်လုံးက ဉာဏ်ထက်မြတ်ပေ၏။ သူတို့ကို ရန်တိုက်ရလောက်သည်အထိ အရည်အချင်းရှိသူက သိုင်းခန်းမဆောင်သာ ရှိသည်။ သူတို့နှစ်ဦးလုံးက တစ်စုံတစ်ခုကို နားမလည်နိုင်ကြပေ။ သိုင်းခန်းမဆောင်သည် အဘယ့်ကြောင့် ကိုယ်တိုင် မလှုပ်ရှားသနည်း။ သူတို့သည် နတ်မြင်းပျံ မျိုးနွယ်စု၏ သခင်လေးကို အဘယ့်ကြောင့် အသုံးချရသနည်း။ သူတို့အဖွဲ့၌ စုစုပေါင်း လူခြောက်ယောက်ရှိပြီး ထိုသခင်လေးက ဦးဂျိုငယ်လေးများ ရှိနေသည်မှာ အလွယ်တကူ မှတ်မိစေနိုင်၏။ အကြောင်းပြချက်က အရေးမကြီးပေ။

ပြဿနာက ရောက်လာပြီဖြစ်သောကြောင့် များများတွေးနေ၍ အကျိုးမထူးပေ။ ကျန်းရီက တစ်ချက်ကြည့်ပြီး နတ်မြင်းပျံ မျိုးနွယ်စု၏ သခင်လေးဆီ သူ့အကြည့် ရောက်သွားပြီးနောက် ပြောလိုက်လေ၏။

“ကျုပ်တို့ကို နှောင့်ယှက်တာ ဘာအဓိပ္ပာယ်လဲဆိုတာ သိခွင့်ရမလား ”

တစ်ဖက်လူသည် သူတို့ကို ဖော်ရွေလွန်းသောကြောင့် ရောက်လာတာ မဟုတ်သည့်တိုင် ကျန်းရီက မည်သည့်အချင်းများမှုမှ မဖြစ်စေရန်အတွက် ဒေါသကို မျိုသိပ်ရန် ဆုံးဖြတ်ခဲ့သေးသည်။ ထိုသခင်လေးက ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်များကို ခေါ်နိုင်စွမ်းရှိသောကြောင့် နတ်မြင်းပျံ မျိုးနွယ်စုတွင် အဆင့်အတန်းတစ်ခု ရှိရပေမည်။ ကျန်းရီက သူတို့ကို သတ်နိုင်သည်ကို ဘေးချိတ်ထား၍ သူကသတ်နိုင်ရင်တောင် နောက်ဆက်တွဲကြီး ရှိလာပေလိမ့်မည်။ ထိုသို့ဖြစ်လာခဲ့လျှင် နတ်မြင်းပျံ မျိုးနွယ်စုမှ ပညာရှင်အားလုံးက ခွန်အားအပြည့်ဖြင့် ရောက်လာပြီး သူတို့သေမှာ သေချာနေ၏။

“ဘာအဓိပ္ပာယ်လဲတဲ့လား ”

ထိုရက်စက်ပုံပေါ်သော သခင်လေးက အသက်သုံးဆယ်ကျော် ရှိပုံပေါ်၏။ သူ့တွင်သေးသွယ်ပြီး ကြည့်ကောင်းသော ခန္ဓာကိုယ်ရှိကာ အဖြူရောင် ဝတ်ရုံရှည်နှင့် ရွှေရောင်အနားသပ် အဖြူရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားလေ၏။ သူကအနက်ရောင် ဆံပင်တို့ကို အနောက်ဘက်၌ ကျစ်ဆံမြှီးကျစ်ထားပြီး ဦးဂျိုသေးလေးနှစ်ခု ခေါင်းပေါ်တွင် ရှိနေ၏။ ချောမောခန့်ညားသော မျက်နှာထားနှင့် ရက်စက်သော အပြုံးတို့ကို ပေါင်းစပ်လိုက်သည့် အချိန်တွင် ယင်းကသူ့ကို မြင်တွေ့နေကျ ပုံစံမဟုတ် ဖြစ်စေပြီး ထူးဆန်းသည့် ဆွဲဆောင်မှုတစ်မျိုး ရစေ၏။

သူကပြုံးလိုက်ပြီး ကျန်းရီကိုကြည့်၏။ ပြီးနောက်သူက အံ့အားသင့်နေသည့် လေသံဖြင့် ပြောလိုက်တော့သည်။

“ဟိတ်ကောင် ဒီအလှလေးက မင်းအပိုင်လား ”

ကျန်းရီက ဗာဂျရာနယ်ပယ်၏ အရှိန်အဝါ တည်ရှိမှုမျိုးရှိပြီး ပထမ သို့မဟုတ် ဒုတိယအဆင့်တွင်သာ ရှိသေးသည်။ ထိုကဲ့သို့ အခြေအနေမျိုးတွင် ဖုန်းလျန်က စကားမပြောဘဲ သူ့နောက်တွင် ရပ်နေသည်လော။ ကျန်းရီက ခေါင်းဆောင်ဆိုတာ သိသာနေ၏။ ထိုအချက်က သခင်လေးကို အနည်းငယ် အံ့သြသွားစေတော့သည်။ သူကကျန်းရီကို စစ်ဆေးလိုက်ပြီးနောက် ကောင်းကင်ဧကရာဇ်အဆင့် နောက်လိုက်တစ်ဦး ရှိနေခြင်းက သူ၏အဆင့်အတန်းကို ညွှန်ပြနေတာပဲဖြစ်သည်။

ကျန်းရီက ခေါင်းညိတ်လိုက်ပြီး မည်သည့်အားနည်းချက်မှ မပြဘဲ ပြောလိုက်သည်။ “ဘာဖြစ်လို့လဲ ခင်ဗျားကသူ့ကို အတင်းခေါ်ဆောင်သွားမလို့လား ”

“ခွီး ခွီး ”

သခင်လေးက ပြုံးပြီးခေါင်းခါကာ လက်နှစ်ဖက်ဖြင့် အရိုအသေ ပေးလိုက်လေ၏။

“ငါ့ရဲ့နာမည်က ဖေးထျန်း ငါ့အဖေက နတ်မြင်းပျံအင်ပါယာရဲ့ ဧကရာဇ် ဖေးလွီပဲ မင်းရဲ့နာမည်ကို သိလို့ရမလား ပြီးတော့ မင်းတို့ဘယ်က လာတာလဲ ”

“အမ် ”

ကျန်းရီနှင့်ဖုန်းလျန်က အကြည့်ချင်း ဖလှယ်လိုက်ပြီး သူတို့မျက်လုံးက လက်သွားကာ အကြောင်းအရင်းနှစ်ရပ်ကြောင့် ထိတ်လန့်သွားပေ၏။ ရှေးဦးစွာ ဖေးထျန်း၏နောက်ခံကြောင့် ဖြစ်သည်။ သူကတော်ဝင် မင်းသားတစ်ပါး ဖြစ်နေလေ၏။ နတ်မြင်းပျံ မျိုးနွယ်စု၏ တိုက်ရိုက်မျိုးဆက်တစ်ခု ဖြစ်သည်။ ဒုတိယအနေဖြင့် တစ်ဖက်လူသည် ကျန်းရီ၏နောက်ခံကို ကြောက်လန့်ရိပ်ပြနေပြီး အဆင်အခြင်မဲ့ မတိုက်ခိုက်ရဲတာကို သူတို့သတိပြုမိ၏။

ခဏတာ စဉ်းစားပြီးနောက် သူတို့အကြောင်းအရင်းကို နားလည်သွားတော့သည်။ ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်တစ်ဦးက ဤလောကထဲတွင် အတော်လေး သိသာထင်ရှားပေ၏။ ဖုန်းလျန်က ကျန်းရီကို သခင်အနေဖြင့် ကြည့်နေတာ သိသာနေပေသည်။ ဖေးထျန်းက ကျန်းရီ၏ အဆင့်အတန်းကို ကြောက်တာ သဘာဝကျ၏။ ကျန်းရီသည် လွှမ်းမိုးနိုင်စွမ်းရှိသော နောက်ခံမှ လာခဲ့လျှင် နတ်မြင်းပျံ မျိုးနွယ်စုအတွက် ပြဿနာ ဆောင်ယူမိမှာပဲဖြစ်သည်။

ကျန်းရီက ခဏတာ တွေးလိုက်ပြီးနောက် လက်သီးနှစ်ဖက်ကို ယုံကြည်ချက်ရှိရှိဆုပ်ပြီး ပြောလိုက်တော့၏။

“သခင်လေးဖေးလွီရဲ့ ကျော်ကြားတဲ့နာမည်ကို ကြားဖူးနေတာ ကြာပါပြီ ကျွန်တော်နာမည်နဲ့ ကျွန်တော်မျိုးနွယ်စုရဲ့ နာမည်ကို ပြောပြပါရစေ ကျုပ်မျိုးရိုးနာမည်က ရီ ကျုပ်က အရှေ့ပိုင်း တော်ဝင်နယ်မြေက လာတာပဲ လောကတစ်ခွင်ကို ကျုပ်ကိုယ်တိုင် စွန့်စားသွားလာချင်လို့ ထွက်လာတာ သခင်လေးဖေးထျန်းက ကျုပ်တို့ကို ဟန့်တားထားတာ ဘာအကြောင်းရင်းကြောင့်လဲဆိုတာ သိလို့ရမလား ”

ကျန်းရီမိခင်၏ မျိုးရိုးအမည်က ရီဖြစ်ပြီး သူ့မိသားစုအမည်က ရီဖြစ်ကြောင်း ပြောသည်မှာ မမှားယွင်းပေ။ ပိုအရေးကြီးသည်က အထီးကျန် အရှေ့ပိုင်းပင်လယ်၌ သူကယ်တင်ခဲ့ဖူးသော သခင်မလေး၏ မျိုးရိုးအမည်ကလည်း ရီဖြစ်သည်။ ထိုမိန်းမပျိုလေးက ထူးဆန်းသော ရတနာတစ်မျိုးရှိပြီး နတ်ဆိုးဧကရာဇ်ထံမှ ရှာဖွေတွေ့ရှိမှုကိုတောင် ရှောင်ရှားနိုင်ပေ၏။ သူမမည်သူမှန်း ရှာဖွေဖော်ထုတ်ရန်အတွက် အရှေ့ပိုင်း တော်ဝင်နယ်မြေထဲ၌ သမံကာလျံကာ မေးကြည့်နိုင်ကြောင်း သူပြောခဲ့သေးသည်။ ဆိုလိုသည်က ရီမျိုးနွယ်စုသည် အရှေ့ပိုင်း တော်ဝင်နယ်မြေ၌ သိသာထင်ရှားသည့် မျိုးရိုးဖြစ်တာ သေချာနေပေ၏။ ထို့ကြောင့် ကျန်းရီသည် ရီမျိုးရိုးအနေဖြင့် အယောင်ဆောင်ရန် ဆုံးဖြတ်ချက် ချလိုက်တော့၏။

“ရီလား အရှေ့ပိုင်း တော်ဝင်နယ်မြေတဲ့လား ”

သခင်လေးဖေးထျန်း၏ မျက်နှာထားက ပြောင်းလဲသွားပြီး သူ့နောက်ရှိ လူငါးဦးကမူ တုန်ယင်သွားကြ၏။ သူတို့အနည်းငယ် ကြောက်လန့်သွားတာ သိသာသည်။ ကျန်းရီက အနည်းငယ် ပျော်ရွှင်သွား၏။ ခရမ်းရောင်ဆံနွယ်ဖြင့် မိန်းမပျိုလေး၏ မျိုးနွယ်စုက အရှေ့ပိုင်း တော်ဝင်နယ်မြေထဲတွင် အမှန်တကယ် အစွမ်းထက်ပုံရသည်။

“ဒီတော့ သခင်လေးရီကို အစောတုန်းက ရန်စခဲ့မိပါတယ် ”

သခင်လေးဖေးထျန်းက လက်သီးနှစ်ဖက်ကို မြန်မြန်ဆန်ဆန်ဆုပ်လျှက် တောင်းပန်လိုက်တော့သည်။ ယင်းက တစ်စုံတစ်ခုကို သက်သေပြသွား၏။ သို့သော် သူ၏နောက်ထပ် ဖော်ပြချက်က ကျန်းရီကို ဒေါသထွက်သွားစေ၏။

“သခင်လေးရီ သခင်လေးရဲ့ အလှလေးက တစ်ခုခုတော့ တစ်ခုခုပဲ ကျွန်တော်သူ့ကို သဘောကျမိပါတယ် သူ့ကိုပေးနိုင်မလား အခကြေးငွေတော့ ညှိနှိုင်းလို့ရပါတယ် နောင်ကျ ဖေးထျန်းဆီက လိုချင်တာ တစ်ခုခုရှိရင် တောင်းလိုက်လို့ရတယ် ဟုတ်သား အေးစက်ရေခဲ ကျောက်စိမ်းခန္ဓာရှိတဲ့ အမျိုးသမီးတစ်ယောက်ကို လက်တလောမှာ ရထားသေးတယ် သူ့ကို  သခင်လေးရီဆီ ပေးနိုင်ပါတယ် ”

ဖုန်းလျန်၏ အမူအရာက ချက်ချင်း သုန်မှုန်သွားတော့သည်။ ဖီးနစ်အော်သံ နယ်မြေက အမျိုးသမီးများ အုပ်စိုးသည့် နေရာဖြစ်ပြီး သူတို့သည် အမျိုးသားအိမ်မွေးများကို ရံဖန်ရံခါ လဲလှယ်လေ့ရှိ၏။ ဖီးနစ်အော်သံ နယ်မြေ၏ အုပ်စိုးသူအနေဖြင့် သူမသည် ကစားစရာကဲ့သို့ ဆက်ဆံခံရသည်လော။ တိတ်ဆိတ်နေသော ကျန်းရီအတွက်ကြောင့်သာ မဟုတ်လျှင် သူမက ရှေ့ထွက်လိုက်မှာ သေချာနေ၏။

ကျန်းရီက ဒေါသထွက်သွားသည်။ ထိုသခင်လေးဖေးထျန်းက ရီမျိုးနွယ်စုကို ကြောက်တာ သိသာနေပေ၏။ သို့သော်သူသည် ဖုန်းလျန်ကို တကယ် တောင်းဆိုချင်သေးသည်လော။ ဖုန်းလျန်သည် သူ၏ဝိညာဉ်ကျွန် ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် အချိန်ကြာမြင့်စွာ အပြန်အလှန် ပြောဆိုဆက်ဆံလာပြီးနောက် ကျန်းရီသည်သူမကို ကျွန်တစ်ယောက်သဖွယ် ဆက်ဆံခြင်း မရှိတော့ဘဲ မိတ်ဆွေတစ်ယောက်ပမာ သဘောထားနေပြီဖြစ်သည်။ သူကသံယောဇဉ် ကြီးတတ်သည့်သူ ဖြစ်သောကြောင့် ဖုန်းလျန်ကို ဘယ်တော့မှ ပေးလိုက်မှာ မဟုတ်ပေ။

ပြီးနောက်သူက တင်းမာသည့်လေသံဖြင့် ပြောလိုက်လေ၏။

“သခင်လေးဖေးထျန်း ခင်ဗျားကို လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ပုဂ္ဂုလ်တစ်ယောက်အနေနဲ့ လေးစားပါတယ် ဒါပေမဲ့ ကျေးဇူးပြုပြီး ကျုပ်ရဲ့အကျင့်စရိက်ကို မစော်ကားနဲ့ အခုချက်ချင်း ထွက်သွားလိုက်ရင် ကျုပ်တို့မိတ်ဆွေတွေ ဖြစ်နိုင်သေးတယ် နောင်ကျ အရှေ့ပိုင်း တော်ဝင်နယ်မြေမှာ ခင်ခင်မင်မင် တွေ့ဆုံနိုင်သေးတယ် ”

“ဟမ် ” သခင်လေးဖေးထျန်း၏ အပြုံးက ခဲသွားကာ တွေဝေသွားလေ၏။ ကောင်းကင်ဧကရာဇ်ကလည်း ခေါင်းငုံ့လိုက်ပြီး နှုတ်ခမ်းအနည်းငယ် လှုပ်ရှားကာ သခင်လေးကို ဖြောင့်ဖျရန် ကြိုးစားနေတာ သိသာနေပေ၏။ ဖုန်းလျန်က ဖေးထျန်းကို စိတ်ပူပန်စွာ ကြည့်ပြီးနောက် ကျန်းရီကို ကျေးဇူးတင်ရှိသည့် အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။ ကျန်းရီက ဖေးထျန်းကို ချက်ချင်းငြင်းပယ်ခဲ့တာကို သူမကျေးဇူးတင်နေ၏။ သူမသည် ကျန်းရီ၏ ဝိညာဉ်ကျွန်ဖြစ်သည်။ ကျန်းရီက သူမကို ပေးပစ်ရန် ရက်စက်ခဲ့လျှင် သူမခုခံရန် နည်းလမ်းမရှိပေ။

ကောင်းကင်ဧကရာဇ် အကြီးအကဲနှင့် အစေခံအချို့ ပို့ဆောင်ပြီးနောက် ဖေးထျန်းသည် အားတင်းပြီး ရယ်မောကာ ကျန်းရီကို ပြောလိုက်လေ၏။

“သခင်လေးရီက ဆန္ဒမရှိဘူးဆိုမှတော့ ဖေးထျန်းရဲ့ မသင့်တော်ရဲ့ တောင်းဆိုချက်ကို ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ သဲကွင်းပြင်မြို့ကို နောင်ကျ လာလည်ပါအုံး ဖေးထျန်းက သခင်လေးရီကို ဖျော်ဖြေဖို့ အကောင်းဆုံး ကြိုးစားပေးမှာပါ နှုတ်ဆက်ပါတယ် ”

ဖေးထျန်းနှင့် ကျန်သည့်သူများ ထွက်ခွာတော့မည်ကို မြင်သည့်အခါ ကျန်းရီနှင့် ဖုန်းလျန်က စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်၏။ သူတို့က မူလတွင် အသက်ကို စွန့်စားရလိမ့်မည်ဟု ထင်ထားတာဖြစ်သည်။ အမည်တုတစ်ခုက ရန်သူကို ခြိမ်းခြောက်နိုင်လိမ့်မည်ဟု မထင်ထားပေ။

“အာ ဟုတ်သား ”

ဖေးထျန်းက လှည့်ထွက်သွားတော့မည့်အချိန်တွင် သူကတစ်စုံတစ်ခုကို ရုတ်တရက် အမှတ်ရပြီးနောက် ပြောလိုက်လေ၏။

“သခင်လေး မျိုးနွယ်စုထဲမှာ သခင်လေးရီရဲ့ ဝါစဉ်ကဘာလဲ နောင်ကျ ရီရှင်းမြို့ကို ရောက်လာတဲ့အချိန်ကျ လာရောက်လည်ပတ်တဲ့ အချိန်ကျရင် သခင်လေးနဲ့ အတူသောက်ဖို့ ရှာရတာ ပိုလွယ်တာပေါ့ ”

ကျန်းရီသည် များများစားစား မတွေးဘဲ ပြန်ပြောလိုက်လေ၏။

“ကျုပ်က ဝမ်းကွဲတွေထဲမှာ ပဉ္စမမြောက်ပဲ သခင်လေးဖေးထျန်းက အရှေ့ပိုင်း တော်ဝင်နယ်မြေကို လာလည်ပတ်ချင်တယ်ဆိုရင် ” ခရမ်းရောင်ဆံနွယ်ဖြင့် မိန်းမပျိုလေးက ဝါဇင် တတိယဖြစ်၏ ကျန်းရီ၏အမြင်တွင် ထိုကဲ့သို့ မျိုးနွယ်စုကြီး၌ မျိုးဆက်များစွာရှိမည်။ သူကခရမ်းရောင်ဆံနွယ် မိန်းမပျိုလေးနှင့် အသက်ရွယ်တူတွင်သာ ရှိလောက်သည်။ ထို့ကြောင့်သူက ဝါဇင်ပဉ္စမဟူ၍ ပြောခဲ့တာပဲဖြစ်သည်။

မည်သူက သိမည်နည်း။ ထိုစကားကို သခင်လေးဖေးထျန်း ကြားသည်နှင့် သူ၏မျက်နှာက ထူးဆန်းကာ ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်၏ အကြည့်တို့က အေးစက်လာလေ၏။ ဖေးထျန်းက လှည့်လာပြီး လေးနက်သည့် လေသံဖြင့် မေးလိုက်၏။

“သခင်လေးရီက မောင်နှမတွေကြားထဲမှာ ပဉ္စမဆိုတာ အမှန်ပဲလား ”

“အမ် ” ကျန်းရီက နှလုံးခုန်မြန်လာပြီး တစ်စုံတစ်ခု မှားနေပြီမှန်း သိလိုက်၏။ သူကအံ့ကြိတ်ပြီးနောက် ပြောလိုက်တော့သည်။

“ဟုတ်တယ် ဘာလို့လဲ ”

ဖေးထျန်း၏မျက်နှာ၌ ရက်စက်သည့်အပြုံး ထပ်မံပေါ်လာပြန်သည်။ သူကဆက်မေးလိုက်၏။

“ရီမျိုးနွယ်စု ခေါင်းဆောင်နာမည်က ဘာလဲ ရီမျိုးနွယ်စုရဲ့ ထင်ရှားကျော်ကြားတဲ့ သိုင်းပညာက ဘာတဲ့လဲ သခင်လေးရီ သိလား ကျုပ်တို့မြင်တွေ့ရအောင် သရုပ်ပြနိုင်မလား ”

ပေါ်သွားပြီ။

ကျန်းရီနှင့်ဖုန်းလျန်က စိတ်လေးသွားတော့သည်။ ဝါဇင်ပဉ္စမက ကျန်းရီ၏ နောက်ခံကို ဖေးထျန်းအား သံသယဖြစ်သွားစေသည့် ပြဿနာတစ်ရပ်ဆိုတာ သေချာနေသည်။ သူသည်ရီမျိုးနွယ်စု ခေါင်းဆောင်အမည်နှင့် ထင်ရှားကျော်ကြားသည့် သိုင်းပညာကို မည်ကဲ့သို့ သိမည်နည်း။ သူကရွေးချယ်စရာ မရှိတော့ဘဲ အံ့ကြိတ်ကာ ပြောလိုက်တော့၏။

“သခင်လေးဖေးထျန်း ဘာကိုဆိုလိုတာလဲ ”

“ဟား ဟား ဟား ”

သခင်လေးဖေးထျန်းက ကျယ်လောင်စွာ ရယ်မောပြီးနောက် ပျက်ရယ်ပြုလိုက်သည်။

“ကျုပ်ဘာကို ဆိုလိုတာလဲတဲ့လား မင်းတို့မျိုးနွယ်စုခေါင်းဆောင် မင်းအဘိုးရဲ့ နာမည်ကိုတောင် မသိတာဖြစ်နိုင်လား မင်းကိုပြောလိုက်မယ် ရီမျိုးနွယ်စု ခေါင်းဆောင်နာမည်က ရီချန်းဖော သူကနဝမမြောက် ဧကရာဇ်ဖြစ်ပြီး ဗုဒ္ဓဧကရာဇ်ပဲ ရီမျိုးနွယ်စုမှာ မျိုးဆက်အချို့ပဲရှိတယ် ဒုတိယမျိုးဆက်မှာ သားတစ်ယောက် သမီးတစ်ယောက်ပဲရှိတယ် သမီးကပျောက်နေတာ နှစ်ပေါင်းများစွာကြာပြီ တတိယမျိုးဆက်မှာ မြေးသုံးယောက် မြေးမတစ်ယောက်ရှိတယ် မင်းကဝါဇင် ပဉ္စမလို့ပြောတော့ ဘာကိုပြောချင်တာလဲ ရာရာစစ ရီမျိုးနွယ်စုရဲ့ မျိုးဆက်အယောင် ဆောင်ရဲတယ်လား နတ်မြင်းပျံ မျိုးနွယ်စုကို ခိုးဝင်တာ ဘာရည်ရွယ်ချက်နဲ့လဲ မင်းရှင်းရှင်းလင်းလင်း မပြောရင် ဒီသခင်လေးက မင်းကိုသူလျှိုအဖြစ် မှတ်ယူရလိမ့်မယ် ”

***

All Chapters