← Chapters

ကျုံးချင်၏ ကြိုတင်ပြင်ဆင်မှု

Vol. 4 Ch. 31

ကျုံးချင်၏ ကြိုတင်ပြင်ဆင်မှု

Vol. 4 Ch. 31

လွန်ခဲ့သော တစ်နှစ်က....

ထျန်းယွင်ဂိုဏ်းမှ အဘိုးအိုတစ်ဦးသည် ဖုန်းထျန်းမြို့ကို ဖြတ်သန်းသွားလာရင်း မုရုံရွှယ်၏ ပါရမီကို သတိပြုမိသွားခဲ့သည်။ သူသည် ထိုနေရာမှာပင် မုရုံရွှယ်ကို တပည့်အဖြစ် လက်ခံလိုက်၏။

ထိုနေ့တွင် လင်းမိသားစုသည်လည်း ထိုသတင်းကို ကြားသိရ၍ ဝမ်းသာခဲ့ကြပြီး လင်းဖုန်းသည်လည်း ထပ်တူထပ်မျှပင်။

သူနှင့်မုရုံရွှယ်သည် ငယ်စဉ်ကတည်းက အတူကြီးပြင်းလာကြသည့် ငယ်ချစ်ဦးများ ဖြစ်ကြသည်။ ထို့ပြင် သူမသည် သူ၏စေ့စပ်ထားသူလည်း ဖြစ်သောကြောင့် လင်းဖုန်းက သူမအတွက် ဂုဏ်ယူဝမ်းမြောက်နေခဲ့ခြင်း ဖြစ်သည်။

ထျန်းယွင်ဂိုဏ်း ဆိုသည်မှာ အရှေ့ပိုင်းဒေသ၏ ထိပ်တန်းအင်အားစုတစ်ခုပင်။ ထို့ပြင် နောက်ထပ် နှစ်တစ်ရာခန့် ဖွံ့ဖြိုးတိုးတက်လာပါက အရှေ့ပိုင်းဒေသ၏ မြင့်မြတ်နယ်မြေတစ်ခုပင် ဖြစ်လာနိုင်သည်ဟု ကောလဟလများပင် ထွက်ပေါ်နေသော ဂိုဏ်းဖြစ်သည်။

သို့ရာတွင် မုရုံရွှယ် ထျန်းယွင်ဂိုဏ်းသို့ ဝင်ရောက်သွားပြီးနောက် အရာအားလုံး ပြောင်းလဲသွားပေ၏။

သူမသည် ရွှေရောင်အဆင့်ပါရမီကို ပိုင်ဆိုင်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီးနောက် ထျန်းယွင်ဂိုဏ်း၏ သူတော်စင်မိန်းမပျို ချက်ချင်း ဖြစ်လာခဲ့သည်။

နောက်ထပ် နှစ်ဝက်ကြာမြင့်ချိန်၌ သူမသည် တောင်ပေါ်မှ ဆင်းလာပြီး လင်းမိသားစုထံသို့ တန်းတန်းမတ်မတ် ရောက်လာခဲ့သည်။ လင်းမိသားစုဝင်များက သူမသည် ရွှေရောင်အဆင့်ပါရမီ ရှိနေခဲ့သည့် သတင်းကောင်းကို လာရောက်ပြောဆိုသည်ဟု ထင်မှတ်ကာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြ၏။

သို့ရာတွင် ထိုအရာက လင်းမိသားစုအတွက် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်သွားလိမ့်မည်ဟု မည်သူက တွေးထင်ထားမိမည်နည်း။

လင်းဖုန်း အပါအဝင် လင်းမိသားစု တစ်ခုလုံးကို အသုံးမကျသူများဟု သူမက နှိမ့်ချပြောဆိုခဲ့လေသည်။ သူမစကားလုံးများ၏ နောက်ကွယ်ရှိ အဓိပ္ပာယ်မှာ လက်ရှိ လင်းမိသားစုသည် မုရုံရွှယ်ဟူသော သူမနှင့်မထိုက်တန်တော့ဟုဆိုသည့် သဘောပင်။

ထိုနေ့မှာပင်....

လင်းဖုန်း၏အဘိုးဖြစ်သူ ဒေါသကြောင့် ရင်ကွဲနာကျကာ ဆုံးပါးသွားခဲ့သည်။ လင်းဟန်ယီသည်လည်း အလွန်ဒေါသထွက်နေပြီး သွေးအန်ခဲ့ရပေ၏။ သူသည် သွေးသောက်ညီအစ်ကိုဖြစ်သော မုရုံဟိုင်ထံသို့ ချက်ချင်း သွားရောက်၍ ဖြေရှင်းချက် တောင်းခံခဲ့သည်။ သို့ရာတွင် မုရုံဟိုင်က သူ့ကို တွေ့ခွင့်မပေးဘဲ ငြင်းဆန်ခဲ့သည်။

ထိုအချိန်မှစ၍ လင်းဖုန်း အပါအဝင် လင်းမိသားစုသည် ဖုန်းထျန်းမြို့တစ်မြို့လုံး၏ လှောင်ပြောင်စရာ ဖြစ်လာခဲ့ပြီး တခြားသူများ၏ ပစ်မှတ်ထားခြင်းကို ခံခဲ့ရသည်။ မိသားစု၏အင်အားမှာလည်း ပထမတန်းစား မိသားစုအဆင့်မှ ဒုတိယတန်းစားအဆင့်သို့ ကျဆင်းသွားခဲ့ပေ၏။

စိတ်ထိခိုက်သွားသော လင်းဖုန်းက အော်ဟစ်၍ ထုတ်ပြန်ကြေညာခဲ့သည်။

"ငါ့ကို သုံးနှစ်အချိန်ပေးပါ.... သုံးနှစ်အတွင်းမှာ မင်းကို အနိုင်ယူပြီးတော့ ဒီနေ့အရှက်တရားကို ပြန်ဆေးကြောပြမယ်...မင်းရဲ့ ဒီနေ့ဆုံးဖြတ်ချက်အတွက် နောင်တရစေရမယ်"

ထိုသို့ဖြင့် သုံးနှစ်တာကတိကဝတ် ဖြစ်ပေါ်လာခဲ့သည်။ သို့ရာတွင် သူ ပြန်ရလိုက်သည်မှာ မုရုံရွှယ်၏ လှောင်ပြောင်မှုသာ ဖြစ်သည်။

"နင့်ကို အချိန်သုံးနှစ်ပေးလိုက်တော့ရော ဘာထူးမှာလဲ"

"ပိုးစုန်းကြူးလေးက လမင်းကြီးကို ယှဉ်ပြိုင်ချင်နေတာလား"

ထိုစကားကို ခနဲ့တဲ့တဲ့ပြောဆိုပြီး သူမ ထွက်ခွာသွားခဲ့သည်။

ထို့နောက် မုရုံမိသားစုတစ်ခုလုံးသည်လည်း သူမနှင့်အတူ ထျန်းယွင်ဂိုဏ်းသို့ ပြောင်းရွှေ့သွားကြသည်။

"ဟူး....နောက်ထပ် ပြဇာတ်ဆန်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပါလား"

ကျုံးချင် သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။

လူတွေ....လူတွေ...

ထိုမိန်းကလေး၏ဘဝ တိုးတက်သွားသည်မှာ ကိစ္စမရှိသည့်အပြင် စေ့စပ်ပွဲ ဖျက်သိမ်းလိုသည်မှာလည်း ပြဿနာမရှိချေ။ လင်းဖုန်း၏ပြောစကားအရဆိုလျှင် ထိုစဉ်ကတည်းက လင်းမိသားစုသည် သူနှင့်မုရုံရွှယ်ကြားက ကွာဟချက်ကို သိရှိထားပြီးဖြစ်သဖြင့် ဤတောင်းဆိုမှုကို သဘောမတူရန် အကြောင်းမရှိပေ။ သို့ရာတွင် ကိုယ့်အတ္တကို ဖြည့်ဆည်းရန်အတွက် အတိတ်မှ လူများကို တမင်တကာ နင်းချသွားခြင်းမူ လုံးဝနားမလည်နိုင်စရာပင်။

သူသည် လင်းဖုန်း၏ ခံစားချက်ကို ကိုယ်ချင်းမစာနိုင်လျှင်ပင် ဆရာတစ်ယောက်အနေဖြင့် ဤကိစ္စကို ကြားရသည်မှာ အလွန်ဒေါသထွက်ဖွယ် ကောင်းပေ၏။

သူမထံ၌ ရွှေရောင်အဆင့်ပါရမီ ရှိနေလျှင်ပင် မည်သည်ကြောင့် အရေးစိုက်ရမည်နည်း....

သူ၏တပည့်တွင် စနစ်မှ အဆတစ်ရာ ပြန်လည်ပေးဆပ်ခြင်း လုပ်ဆောင်ချက်နှင့် ဧကရာဇ်အဆင့် ကျင့်ကြံခြင်းနည်းစနစ်များ ရှိနေမှတော့မည်သူက မည်သူနဲ့ မတန်သည်ကို စောင့်ကြည့်ရပေမည်။

ကျုံးချင်က မေးမြန်းလိုက်သည်။

"ဒါဆိုရင်...မင်း ထျန်းယွင်ဂိုဏ်းကို ဘယ်တော့လောက်သွားဖို့ စီစဉ်ထားလဲ"

"နောက်တစ်လကြာရင်ပါ...."

လင်းဖုန်းက သူ၏လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး ပြောဆိုသည်။

"ကျွန်တော်က အခုချက်ချင်း ထျန်းယွင်ဂိုဏ်းကိုသွားပြီးတော့ သူ့ကို အနိုင်ယူပြီး အရှက်ရမှုကို ပြန်ဆေးကြောချင်ပေမယ့်...ကျွန်တော်ရဲ့ကျင့်ကြံဆင့်က အခုထိ မလုံလောက်သေးဘူးလို့ ခံစားရတယ်"

"ဒီတစ်လအတွင်းမှာ အဆင့်တွေ အများကြီးတက်အောင် လုပ်ချင်တယ်...ဒါမှ သူ့ကို ချက်ချင်းအနိုင်ယူပြီးတော့ သူ ဂုဏ်ယူနေတဲ့ ဂိုဏ်းရှေ့မှာပဲ ကျွန်တော်ရဲ့ခြေဖဝါးအောက် နင်းချေနိုင်လိမ့်မယ်"

လင်းဖုန်းက အံ့တင်းတင်းကြိတ်ပြီး ဆက်လက်၍ ပြောဆိုသည်။

"အသုံးမကျဘူးလို့ သူ ချနင်းချခဲ့တဲ့သူက...သူ့ကို ပြန်ပြီးနင်းချေတဲ့ ခံစားချက်က ဘယ်လိုနေလဲဆိုတာ သူ့ကို သိစေချင်တယ်"

"သူ့ရဲ့ ထိတ်လန့်တုန်လှုပ်သွားမယ့် မျက်နှာကို မြင်ချင်တယ်"

"ကျွန်တော့်တို့ လင်းမိသားစုဆီ လာပြီးတော့ ကျွန်တော်တို့ကို နာကျင်အောင်လုပ်ခဲ့တဲ့ သူ့ရဲ့ နှလုံးသားမဲ့တဲ့ လုပ်ရပ်အတွက် နောင်တရစေချင်တယ်"

"ကောင်းတယ်...ဒါမှ ငါ့တပည့်ကောင်းပီသတာ"

ကျုံးချင်က သဘောကျသည့် ပုံစံဖြင့် ပြောဆိုလိုက်၏။

"မသွားရင် မသွားနဲ့....မင်း သွားပြီဆိုရင်လည်း အကောင်းဆုံး ရလဒ်ထွက်လာအောင် လုပ်ရမယ်"

"မင်း စိတ်ကြိုက်သာ သွားလုပ်လိုက်... မင်း ဘာမှစိတ်မပူနဲ့....ငါ အမြဲတမ်းပြောသလိုပဲ မင်းရဲ့နောက်မှာ မင်းရဲ့ဆရာ အမြဲရှိတယ်"

ကျုံးချင်က တည်ကြည်လေးနက်စွာ ပြောဆိုသည်။

"ကျေးဇူးတင်ပါတယ် ဆရာ... ဒီမနက်ပဲ သူတို့ဆီကို နောက်တစ်လနေရင် ထျန်းယွင်ဂိုဏ်းကို လာခဲ့မယ်ဆိုတဲ့ စာပို့လိုက်ပါပြီ"

"အင်း ဒါဆိုရင် မင်း အခု ပိုပြီးကြိုးစားကျင့်ကြံဖို့ လိုတယ်"

"စိတ်မပူပါနဲ့ ဆရာ....ကျွန်တော်က သေချာပေါက် ကောင်းကောင်းကျင့်ကြံပြီးတော့ ဆရာ့ကို ဘယ်တော့မှ စိတ်ပျက်စေမှာ မဟုတ်ဘူး"

လင်းဖုန်းက ရိုသေစွာ ဦးညွှတ်အရိုအသေပြုပြီးနောက် ထွက်ခွာသွားတော့သည်။

လင်းဖုန်းကို ပြန်လွှတ်လိုက်ပြီးနောက် ကျုံးချင်သည် လက်နောက်ပစ်ပြီး မတ်တတ်ရပ်၍ ကျန်နေရစ်ခဲ့သည်။

ထိပ်တန်းအဆင့် ဂိုဏ်းတစ်ဂိုဏ်းဖြစ်သော ထျန်းယွင်ဂိုဏ်းသည် ရှန်ကျန်းဂိုဏ်းထက် အင်အားများစွာ ပို၍ကြီးမားသည်။

သို့ရာတွင် သူ၏တပည့်က ဒေါသကို ဖြေဖျောက်ချင်နေသောကြောင့် ဆရာတစ်ယောက်အနေဖြင့် တားဆီးထား၍ မဖြစ်ချေ။

သူ ခန့်မှန်းမိသလောက် ထိုနေ့ကျလျှင် မုရုံရွှယ်ကို လူကြားထဲ၌ သူ၏တပည့်က ခြေဖဝါးအောက်တွင် နင်းချေမည်မှာ သေချာပေါက်ပင်။ ထျန်းယွင်ဂိုဏ်းသည် မုရုံရွှယ် အရှက်ကွဲသည်ကို လက်ပိုက်ကြည့်နေမည် မဟုတ်သည့်အပြင် ဤအတိုင်း လွှတ်ထားမည်လည်း မဟုတ်ချေ။

ကြည့်ရသည်မှာ သူသည်လည်း ကြိုတင်ပြင်ဆင်မှု အသေးစားလေးများ ပြုလုပ်ထားရန် လိုအပ်သည့်ပုံပင်။

"ဟေးပိုင်...."

ကျုံးချင်က ခေါ်လိုက်သည်။

"ဒီငယ်သား ရှိပါတယ်"

ဟေးပိုင်သည် ကျုံးချင်၏နံဘေးတွင် ရိုသေလေးစားသော အမူအယာဖြင့် ထွက်ပေါ်လာခဲ့သည်။

"လန်နင်တို့နှစ်ယောက် မင်းကို အပ်ထားတဲ့ ကိစ္စတွေ ဘယ်လိုနေလဲ...."

"သခင့်ကို တင်ပြပါတယ်...သခင်မလေးနှစ်ယောက် အပ်ထားတဲ့ကိစ္စတွေ အားလုံးပြီးစီးပါပြီ.... တခြားဘာမှ မရှိတော့ပါဘူး"

"အင်း....တခြားကိစ္စ မရှိတော့ရင် မင်း မူဖူတောင်ကို ပြန်ပြီး ငါ့အတွက် အလုပ်တစ်ခုလောက် လုပ်ပေးစမ်း..."

ကျုံးချင်က မျက်မှောင်ကြုတ်ပြီး ပြောသည်။

"ပထမဆုံး ငါ့ရဲ့ဂိုဒေါင်ထဲက သစ်သားပန်းပုရုပ် တစ်သောင်းကျော်လောက်ကို သယ်လာခဲ့စမ်း"

"အော်...ပြီးတော့ ဝင်ပေါက်နားက စာခြောက်ရုပ်ကိုပါ တစ်ခါတည်း သယ်လာခဲ့လိုက်..."

"ဟုတ်ကဲ့ သခင်...ကျွန်တော် အခုချက်ချင်း ထွက်ခွာလိုက်ပါ့မယ်"

ကျုံးချင်က ခေါင်းညိတ်ပြလိုက်ပြီး တည်နေရာကို ပြောပြလိုက်သည်နှင့် ဟေးပိုင်သည် အလင်းတန်းတစ်တန်းအသွင် ပြောင်းလဲကာ မူဖူတောင်ဘက်သို့ အရှိန်ဖြင့် ပြေးထွက်သွားတော့သည်။

ဟေးပိုင်၏ လမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံဆင့်ဖြင့် အစွမ်းကုန်ခရီးနှင်ခြင်းနှင့် ပစ္စည်းရှာဖွေချိန် ပေါင်းလိုက်ချိန်၌ နှစ်ရက်မပြည့်ခင် ပြန်ရောက်လာခဲ့သည်။

သူသည် သိုလှောင်လက်စွပ် တစ်ခုထဲတွင် သစ်သားပန်းပုရုပ်တစ်သောင်းကျော် ထည့်သွင်းလာပေ၏။

တစ်ချိန်တည်းမှာပင် သူသည် စာခြောက်ရုပ်ကိုလည်း ပခုံးပေါ်တွင် ထမ်းလာခဲ့သည်။

ကျုံးချင်သည် ပစ္စည်းများကို စစ်ဆေးကြည့်လိုက်ပြီးနောက် သက်ပြင်းချနိုင်ခဲ့သည်။

ဤပစ္စည်းများအားလုံးသည် နှစ်များတလျှောက် သူ နေ့စဉ်တက်ရောက်စာရင်းသွင်းခြင်းမှ ရရှိထားခြင်းပင်။

သစ်သားပန်းပုရုပ်များသည် တစ်ခါသုံးပစ္စည်းများဖြစ်ပြီး အသက်သွင်းလိုက်သည်နှင့် နေ့ဝက်ခန့်သာ ကြာရှည်ခံသည်။ သို့သော် ထိုအရာများကို အသက်သွင်းလိုက်သည်နှင့် ပန်းပုရုပ်ပုံစံအတိုင်း လူအသွင်ပြောင်းသွားကာ ကြယ်တာရာနက်နဲသိမ်မွေ့နယ်ပယ်မှ နေမင်းနက်နဲသိမ်မွေ့နယ်ပယ်အထိ စွမ်းအားရှိကြသည်။

မတော်တဆ အခြေအနေများအတွက် သူသည် ဤအရာများကို ဆောင်ထားရန် ပြင်ဆင်ထားခြင်းပင်။

အကယ်၍ ထိုသောက်ကျိုးနည်း ထျန်းယွင်ဂိုဏ်းကသာ အကောင်းအဆိုး နားမလည်လျှင် ဤသစ်သားပန်းပုရုပ် တစ်သောင်းကျော်ကို ထုတ်လွှတ်ပြီး သူတို့နှင့် တိုက်ခိုက်ကြရုံသာဖြစ်သည်။

သူ၏ရှေ့မှ စာခြောက်ရုပ်ကမူ....

ဤသည်မှာ သူ၏ အန္တိမဝှက်ဖဲတစ်ခုပင်။

ထိုအရာ၏ အစစ်အမှန် အစွမ်းအစကို ကျုံးချင် မသိသော်လည်း ဤစာခြောက်ရုပ်သည် တက်ရောက်စာရင်းသွင်းခြင်းများမှ သူ ရရှိထားသည့် အဖိုးတန်ရှားပါးပစ္စည်း အနည်းငယ်အနက်မှ တစ်ခုဖြစ်ကြောင်း သူ သိရှိထားသည်။

ကျုံးချင်သည် ပြင်ဆင်မှုများကို ဂရုတစိုက်ပြုလုပ်ပြီးနောက် နောက်မီကုလားထိုင်ပေါ်တွင် သက်တောင့်သက်သာ ပြန်လှဲနေလိုက်တော့သည်။

ထျန်းယွင်ဂိုဏ်း....

ခမ်းနားထည်ဝါသော အရန်ခန်းမဆောင်တစ်ခု အတွင်း၌....

နှုတ်ခမ်းမွှေးများရှိသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ပိုးဖဲကတ္တီပါဝတ်ရုံကို ဝတ်ဆင်ပြီး ကြီးကျယ်ခမ်းနားသော ထိုင်ခုံတစ်လုံးပေါ်တွင် ထိုင်နေသည်။ သူထံမှ

ကြွယ်ဝချမ်းသာပြီး မြင့်မြတ်သော အရှိန်အဝါများ ဖြာထွက်နေပေ၏။

ဤလူသည် မုရုံအိမ်တော်သခင် မုရုံဟိုင်ပင်။

ထျန်းယွင်ဂိုဏ်းအတွင်း၌ သူ၏ကျင့်ကြံဆင့်သည် မမြင့်မားသော်လည်း သူ၏သမီးဖြစ်သူကြောင့် သူ၏အဆင့်အတန်းမှာ ကြောက်ခမန်းလိလိ မြင့်မားနေသည်။

ထျန်းယွင်ဂိုဏ်းမှ အကြီးအကဲများပင်လျှင် သူ့ကို မြင်တွေ့ချိန်၌ ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံကြရသည်။

အကြောင်းအရင်းမှာ သူ၏သမီးသည် ထျန်းယွင်ဂိုဏ်း၏ သူတော်စင်မိန်းမပျို ဖြစ်နေသောကြောင့်ပင်။ အပေါ်ယံတွင် သူမသည် ဂိုဏ်းချုပ်၏တပည့်ဖြစ်သော်လည်း လက်တွေ့တွင်မူ ဂိုဏ်းအတွင်းမှ အကြီးအကဲများစွာသည် သူမကို အလုအယက် သင်ကြားပေးချင်ကြသဖြင့် မျက်နှာသာပေးမှုများစွာ ရရှိထားသူ ဖြစ်သည်။

ယခုအချိန်တွင် သူသည် လက်ထဲမှ စာတစ်စောင်ကို ဖတ်ရှုနေသည်။

ထိုစာကို ဖတ်ပြီးနောက် သူ၏မျက်နှာပေါ်တွင် အထင်သေးသည့်အမူအယာ ထင်ဟပ်လာပြီး မီးရှို့ပစ်ရန် ဟန်ပြင်လိုက်စဉ်မှာပင် အပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရသည်။

ထို့နောက် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အေးစက်သော အမူအယာ ချောမောလှပသော ရုပ်သွင်နှင့် မြင့်မြတ်သန့်ရှင်းသော အရှိန်အဝါများ ထွက်ပေါ်နေသည့် အမျိုးသမီးတစ်ဦး ဝင်ရောက်လာသည်။

ရောက်ရှိလာသူကို မြင်လိုက်ရသည်နှင့် မုရုံဟိုင်၏မျက်နှာပေါ်တွင် ဝမ်းသာမှုများ ထင်ဟပ်လာပြီး ချက်ချင်းကြိုဆိုလိုက်သည်။

"သမီးလေး.... ဒီနေ့ ကျင့်ကြံတာ မလုပ်ဘူးလား... အဖေနဲ့ လာတွေ့မယ်လို့ စိတ်ကူးပေါက်လို့လား"

မုရုံဟိုင်က အပြုံးနှင့် အလျင်အမြန် မေးမြန်းလိုက်၏။

ယခုရောက်ရှိလာသူမှာ မုရုံရွှယ် ပင်။

All Chapters