လမ်းသွားလမ်းလာတစ်ဦးကို မတော်တဆ သတ်မိခြင်း
Vol. 4 Ch. 34
လန်နင်၏မျက်နှာပေါ်တွင် ရှက်သွေးရောင်များ ဖြတ်ပြေးသွားသည်။
ချင်းနောင်က အကဲခတ်နေဆဲ ဖြစ်သည်ကို မြင်တွေ့ချိန်၌ လန်နင်က သူမကို ချက်ချင်းစိုက်ကြည့်ပြီး ဆူပူလိုက်တော့သည်။
"နင်က စီနီယာအစ်မကိုတောင် စရဲနေပြီပေါ့လေ ....အရိုက်ခံချင်နေပြီလား"
"ဒုက္ခပါပဲ....ဒါက ဘယ်လိုလုပ်ပြီး စနောက်တာ ဖြစ်နိုင်မှာလဲ"
ချင်းနောင်က စိတ်မရှည်စွာဖြင့် ပြောဆိုလိုက်သည်။
"အစ်မရဲ့မျက်နှာက ခုဏကတင် ရဲနေတာလေ... ကြိုက်ရင်လည်း ကြိုက်တယ်ပေါ့...ဘာများ ရှက်စရာ ရှိလို့လဲ...ပြီးတော့ စီနီယာကျုံးချင်က အရမ်းပြည့်စုံလွန်းတယ်"
"ဟုတ်တယ်....စီနီယာကျုံးချင်က အရမ်း ပြည့်စုံလွန်းတယ်"
လန်နင်သည် ရုတ်တရက် သက်ပြင်းချလိုက်မိလေ၏။
"ငါ သူ့ကို ကြိုက်နေတော့ရော ဘာဖြစ်မှာလဲ... ဝမ်တာအိုတောင်မှာ ငါတို့ရဲ့ အဆင့်အတန်းက ကောင်းမွန်ပြီးတော့ တခြားလူတွေက ငါတို့ကို အရှေ့ပိုင်းဒေသရဲ့ ပါရမီရှင်တွေလို့ သတ်မှတ်ကြပေမယ့် စီနီယာကျုံးချင်ရဲ့ မျက်လုံးထဲမှာတော့ ဝမ်တာအိုတောင်ဆိုတာ ဘာမှမဟုတ်ဘူး"
"ဒါကြောင့် ငါတို့တွေက ကမ္ဘာတစ်ခုတည်းက လူတွေ မဟုတ်ကြဘူး"
ထိုစကားကို ပြောဆိုပြီးနောက် လန်နင်က စိတ်ပျက်အားငယ်စွာဖြင့် ခေါင်းခါယမ်းလိုက်သည်။
ချင်းနောင်က နှုတ်ခမ်းဆူလိုက်သော်လည်း စကားထပ်မပြောတော့ချေ။ လန်နင်၏ စကားများကြောင့် သူမသည်လည်း စိတ်ထိခိုက်သွားပုံရသည်။
ထိုအချိန်တွင် လန်နင်က ရှေ့ရှိတောင်တန်းများကို လှမ်းကြည့်ပြီး ချင်းနောင်ကို ပြောဆိုလိုက်သည်။
"ဂျူနီယာညီမလေး....ဒီတောင်တန်းတွေထဲမှာ နတ်ဆိုးသားရဲတွေ အများကြီး ရှိလောက်တယ်.... အခြေအနေမဟန်ရင် ငါတို့တွေ ဒုက္ခရောက်နိုင်တာမို့ ခဏလောက် အနားယူပြီးတော့ အားမွေးပြီးမှ ဆက်သွားကြမယ်"
"ဟုတ်ကဲ့..."
ချင်းနောင်က ခေါင်းညိတ်လိုက်၏။
ထို့နောက် အမျိုးသမီးနှစ်ယောက်သည် တောင်ထိပ်တစ်ခုပေါ်သို့ ဆင်းသက်ပြီး ပလ္လင်ခွေထိုင်လိုက်ကြသည်။
အဝေးမှနေ၍ တောင်တန်းများ၏ရှုခင်းကို လှမ်းကြည့်လိုက်လျှင် အလွန်လှပနေသည်။
သူမတို့နှစ်ယောက်သည် ချီဖြည့်တင်းခြင်းဆေးလုံးများကို သောက်သုံးလိုက်ကြ၏။ အချိန်တခဏကြာ အနားယူပြီးနောက် ချင်းနောင်သည် သူမ၏လက်ထဲမှ သစ်သားပန်းပုရုပ်ကို ထုတ်ယူကာ ကစားရင်း ကြည့်ရှုနေမိသည်။
"အစ်မ....စီနီယာကျုံးပေးတဲ့ ဒီသစ်သားပန်းပုရုပ်က အရမ်းလက်ရာမြောက်တယ်လို့ မထင်ဘူးလား...ဒါက အသက်ဝင်နေသလိုပဲ"
"ဟုတ်တယ်....ဒီပန်းပုရုပ်ရဲ့ မျက်နှာသွင်ပြင်တွေက ထင်ရှားပြတ်သားပြီးတော့ အချိုးအစားလည်း ကျတယ်"
လန်နင်လည်း မနေနိုင်ဘဲ သူမ၏သစ်သားပန်းပုရုပ်ကို ထုတ်ယူကာ သေချာကြည့်ရှုလိုက်သည်။ သူမသည် ပန်းပုရုပ်၏ ခြေထောက်တွင် ကြိုးနီလေးတစ်ချောင်းကို ချည်နှောင်ပြီး သူမ၏ခါးတွင် ချိတ်ဆွဲထားလိုက်၏။
သို့ရာတွင်..
အမျိုးသမီးနှစ်ယောက်သည် သစ်သားပန်းပုရုပ်များကို ကြည့်ရှုရင်း အနားယူနေကြစဉ်၌.....
မလှမ်းမကမ်းရှိလေထုထဲရှိ သွေးရောင်လွှမ်းနေသော မျက်လုံးတစ်စုံက သူမတို့နှစ်ယောက်ကို စူးစိုက်၍ ကြည့်နေသည်။
"ဝမ်တာအိုတောင်ရဲ့ ဝတ်စုံတွေပဲ"
"ငါ ထျန်းနန်က ဒီလို လူပြတ်ပြီး ဝေးလံခေါင်သီတဲ့နေရာမျိုးမှာ ဝမ်တာအိုတောင်က လူတွေနဲ့ တွေ့ရလိမ့်မယ်လို့ ထင်မထားမိဘူး"
"ကောင်းကင်ဘုံက ငါ့ကို ကူညီနေတာပဲ.....ဒီသောက်ကျိုးနည်း ဝမ်တာအိုတောင်ကို ကလဲ့စားချေဖို့ အခွင့်အရေး ပေးနေတာ....မင်းတို့ ဝမ်တာအိုတောင်အတွက် လောကကြီးကို လွှမ်းမိုးနိုင်မယ့် သွေးယဇ်ပူဇော်ခြင်းဝင်္ကပါကို ငါ ရှာဖွေပေးခဲ့တာတောင် မင်းတို့က ကျေးဇူးမတင်တဲ့အပြင် ငါ့ကို ဝိုင်းဝန်းတိုက်ခိုက်ပြီးတော့ အဲ့ဒီ ကျိန်စာသင့် ဆိုးယုတ်ခြင်းပင်လယ်ထဲမှာ သေလုမျောပါးဖြစ်အောင် လုပ်ခဲ့ကြတယ်"
"အစကတော့ နောက်ထပ်ခုနစ်ရက်နေရင် ဝမ်တာအိုတောင်ကို တိုက်ရိုက်ဝင်စီးပြီးတော့ လူတွေအကုန်လုံးကို သတ်ဖြတ်မလို့ပဲ.... ဒါပေမဲ့ အခု ဂိုဏ်းသားနှစ်ယောက် တွေ့နေမှတော့ သူတို့ကို အရင်ရှင်းပစ်လိုက်တာပေါ့"
"ပြီးတော့ ဒီကောင်မလေးနှစ်ယောက်ရဲ့ ကျင့်ကြံဆင့်ကို ကြည့်ရတာ သူတို့ရဲ့အဆင့်အတန်းက နိမ့်ပုံမရဘူး....အကြီးအကဲတချို့ရဲ့ အသည်းကျော်လေးတွေ ဖြစ်လောက်တယ်...ဒါဆိုရင် ငါက ဟိုအဘိုးကြီးတွေကို ပိုပြီးနာကျင်ခံစားရအောင် လုပ်လို့ရပြီ"
ထိုသို့ပြောဆိုရင်းနှင့် သူ၏ဖြူဖျော့ပြီး မိစ္ဆာဆန်သော မျက်နှာပေါ်တွင် ရက်စက်သော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။ သူသည် လျှာသပ်လိုက်ပြီး မိုးကောင်းကင်ယံမှ တိုက်ရိုက် ဆင်းသက်ကာ အမျိုးသမီးနှစ်ယောက်ကို ဖမ်းဆုပ်ရန် ဟန်ပြင်လိုက်၏။
ရုတ်တရက် တိုက်ခိုက်မှုကို ရင်ဆိုင်ရသော်လည်း.....
အမျိုးသမီးနှစ်ယောက်သည် အနည်းငယ်မျှပင် ဤလှုပ်ရှားမှုကိုပင် သတိမထားမိကြဘဲ သူမတို့၏လက်ထဲမှ သစ်သားပန်းပုရုပ်များနှင့် ဆော့ကစားနေကြဆဲပင်။
သို့ရာတွင်....
ထိုအချိန်မှာပင် ချင်းနောင်၏လက်ထဲမှ သစ်သားပန်းပုရုပ်သည် ရုတ်တရက် တောင်ထိပ်ပေါ်ရှိ နေမင်းငယ်လေးအလား တောက်ပသောအလင်းရောင်များ ဖြာထွက်လာသည်။
"အမ်....ဘာဖြစ်တာလဲ"
ချင်းနောင်သည် သူမ၏လက်ထဲမှ သစ်သားပန်းပုရုပ်ကြောင့် လန့်ဖျပ်သွားသည်။
နံဘေးရှိ လန်နင်သည်လည်း အံ့အားသင့်သွားပေ၏။ အကြောင်းအရင်းမှာ သူမ၏လက်ထဲမှ သစ်သားပန်းပုရုပ်သည်လည်း တစ်ချက်မျှ လက်ခနဲ ဖြစ်သွားသော်လည်း ချင်းနောင်၏ ပန်းပုရုပ် လင်းလက်လာသည်ကို မြင်လိုက်ရပြီးနောက် ပြန်လည်၍ မှိန်ဖျော့သွားသောကြောင့်ပင်။
ဒီသစ်သားပန်းပုရုပ်က သာမန်ပန်းပုရုပ် မဟုတ်ဘူးလား....
သူမတို့နှစ်ယောက် ကြောင်အမ်းအမ်း ဖြစ်နေစဉ်မှာပင် ချင်းနောင်၏လက်ထဲမှ တောက်ပနေသော သစ်သားပန်းပုရုပ်သည် ရုတ်တရက် ကိုယ်ထည်မှနေ၍ အလွန်အားကောင်းသော အလင်းလှိုင်းတစ်ရပ်ကို မလှမ်းမကမ်းရှိ လေထုထဲသို့ ပစ်လွှတ်လိုက်သည်။
လေထုထဲတွင်....
တိုက်ခိုက်ရန် ဆင်းသက်လာသော ထျန်းနန်သည်လည်း အမျိုးသမီးနှစ်ယောက်၏နံဘေးမှ မျက်စိကျိန်းလောက်အောင် စူးရှတောက်ပသော အလင်းတန်းများ ထွက်ပေါ်လာသည်ကို သတိပြုလိုက်မိသည်။
"ဒါက ဘာရတနာလဲ"
"ငါ့ကိုများ တွေ့သွားတာလား"
"ဒါပေမဲ့ ကိစ္စမရှိပါဘူး....အကြွင်းမဲ့စွမ်းအားရဲ့ရှေ့မှာ ကျန်တဲ့နည်းလမ်းတွေ အားလုံးက အလကားပဲ"
ထျန်းနန်က အထင်သေးစွာဖြင့် ကြည့်လိုက်သည်။
ထိုအလင်းလှိုင်းသည် သူ့ထံသို့ ရောက်ရှိလာမှသာ သူ၏မျက်နှာထား သိသိသာသာ ပျက်ယွင်းသွားတော့သည်။
အကြောင်းအရင်းမှာ ဤအလင်းလှိုင်း၏အမြန်နှုန်းမှာ မြန်ဆန်လွန်းသဖြင့် သူ ရှောင်တိမ်းချိန်ပင် မရလိုက်သောကြောင့်ပင်။
သူ ငုံ့ကြည့်လိုက်ချိန်၌ သူ့ရင်ဘတ်တစ်ခုလုံး ထွင်းဖောက်ခံလိုက်ရပြီး ပန်းကန်လုံးအရွယ် အပေါက်ကြီး ဖြစ်ပေါ်နေသည်ကို တွေ့လိုက်ရသည်။
ပြင်းထန်သော နာကျင်မှုက သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့နှံ့သွားပြီး ထျန်းနန်က အော်ဟစ်လိုက်မိသည်။
"အား....."
အော်သံနက်ကြီးက တောအုပ်တစ်ခုလုံးအနှံ့ ပျံ့နှံ့သွားသည်။ ထျန်းနန်၏မျက်လုံးများ ပြူးကျယ်နေကာ သေဆုံးသွားပြီး အတောင်ပံကျိုးသော ငှက်တစ်ကောင်အလား လေပေါ်မှနေ၍ တောအုပ်ထဲသို့ တိုက်ရိုက် ပြုတ်ကျသွားတော့သည်။
အမျိုးသမီးနှစ်ယောက်သည် လက်ထဲမှ ထူးဆန်းသော သစ်သားပန်းပုရုပ်များကို ကြောင်ငေးကြည့်နေစဉ်မှာပင် မလှမ်းမကမ်းရှိ ကောင်းကင်ပေါ်မှ အော်သံကို ကြားလိုက်ရသည်။
"ဒုက္ခပါပဲ.... ငါ မတော်တဆ လူသတ်မိပြီ ထင်တယ်"
ချင်းနောင် ချက်ချင်း ထိတ်လန့်သွားပြီး သစ်သားပန်းပုရုပ်ကိုကိုင်ကာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားသည်။
ထိုအချိန်တွင် သစ်သားပန်းပုရုပ်သည် တုန်ခါမှုလှိုင်းကို ထုတ်လွှတ်ပြီးနောက် မူလအခြေအနေသို့ ပြန်ရောက်သွားသည်။ သို့ရာတွင် သေချာကြည့်မည်ဆိုပါက သစ်သားပန်းပုရုပ်၏ အရောင်အသွေးသည် ယခင်ကလောက် မကောင်းတော့ချေ။
"သွားကြစို့....အမြန်သွားကြည့်ရအောင်"
လန်နင်က မျက်မှောင်ကြုတ်လိုက်ပြီး ချင်းနောင်ကို ခေါ်ကာ လူပြုတ်ကျသွားသည့် နေရာသို့ သွားလိုက်ကြသည်။
မကြာမီမှာပင် သူတို့နှစ်ယောက်သည် သေဆုံးသူကို တွေ့ရှိလိုက်ကြ၏။
ထိုလူသေ၏နံဘေးတွင် အဆင့်နိမ့် နတ်ဆိုးဝံပုလွေ သုံးလေးငါးကောင် ရောက်ရှိနေပြီး မိုးကောင်းကင်ယံမှ ပြုတ်ကျလာသော အစာကို စားသောက်ရန် ဟန်ပြင်နေကြသည်။
"ထွက်သွားစမ်း...."
လန်နင် အော်ငေါက်လိုက်ရာ နတ်ဆိုးဝံပုလွေများ ထွက်ပြေးသွားသည်။ ထို့နောက် သူမသည် ထိုလူ၏နံဘေးသို့ သွားပြီး အသက်ရှူခြင်း ရှိမရှိ စစ်ဆေးလိုက်သည်။
"သူ သေသွားပြီ"
လန်နင်က မျက်မှောင်ကြုတ်ပြီး ပြောဆိုသည်။
"အမ်.....ဘယ်လိုလုပ်ကြမလဲ အစ်မ"
ချင်းနောင်သည် နေရာမှာပင် ကြက်သေသေနေပြီး မည်သို့လုပ်ရမှန်းမသိ ဖြစ်နေကာ နောင်တရစွာဖြင့် ပြောဆိုလိုက်၏။
"အစ်မ.... ညီမက တကယ်မရည်ရွယ်ပါဘူး....ဘာကို သွားထိမိလိုက်မှန်း မသိဘူး.... အဲ့ဒီ သစ်သားပန်းပုရုပ်က လင်းလာပြီးတော့ ကောင်းကင်ယံကို လှမ်းပစ်လိုက်တာပဲ...."
"နင် မရည်ရွယ်ဘူးဆိုတာ ငါ သိပါတယ်"
လန်နင်က အသက်ပြင်းပြင်း ရှိုက်လိုက်သည်။
စီနီယာကျုံးချင် ပေးလိုက်သည်မှာ သာမန် သစ်သားပန်းပုရုပ် မဟုတ်ဘဲ အလွန်အစွမ်းထက်သော တိုက်ခိုက်မှုများကို ထုတ်လွှတ်နိုင်သည့် အထူးရတနာတစ်ခု ဖြစ်ကြောင်း သူမ နားလည်လိုက်၏။
တစ်ခုရှိသည်မှာ သူမတို့သည် ထိုအရာကို မည်ကဲ့သို့ အသုံးပြုရမည်ကို မသိသေးမီမှာပင်...
လမ်းသွားလမ်းလာ တစ်ယောက်ကို မတော်တဆ သတ်မိလိုက်ခြင်းဖြစ်သည်။
"တောင်းပန်ပါတယ်.... တောင်းပန်ပါတယ် အစ်ကိုကြီးရယ်.... ညီမ တကယ် မရည်ရွယ်ပါဘူး....အစ်ကိုကြီး ကျေးဇူးပြုပြီးတော့ မျက်လုံးကြီးဖွင့်ထားပြီး မသေပါနဲ့နော်... ညီမ တကယ် မရည်ရွယ်ပါဘူး"
မျက်လုံးကြီးပြူးကျယ်ပြီး သေဆုံးနေသော အလောင်းကို ကြည့်ပြီး ချင်းနောင်သည် လက်အုပ်ချီကာ တတွတ်တွတ် တောင်းပန်နေပြီး စိုးရိမ်လွန်းသဖြင့် သူမ၏ခြေထောက်ကိုပင် ဆောင့်နေမိသည်။
"အစ်မ ဘယ်လိုလုပ်ကြမလဲ...."
ချင်းနောင်က နံဘေးရှိ လန်နင်ကိုကြည့်ပြီး စိုးရိမ်ပူပန်တကြီးဖြင့် မေးမြန်းလိုက်သည်။
လန်နင်က သူမ၏နဖူးကို လက်ဖြင့် ဖိနှိပ်လိုက်၏။
တကယ်တမ်းပြောရလျှင် သူမထံ၌လည်း ပြောစရာစကား မရှိတော့ချေ။
သူမ၏အမြင်အရဆိုလျှင် ဤလူ၏ကံတရားက အလွန်ဆိုးရွားလွန်းသည်။ ဤကဲ့သို့ အချိန်အခါမဟုတ် သေဆုံးရခြင်းက လမ်းပေါ်လျှောက်သွားနေရင်း ကောင်းကင်က ဥက္ကာခဲ ပြုတ်ကျပြီး အသတ်ခံရတာထက်ပင်လျှင် ပိုပြီးဖြစ်နိုင်ခြေ နည်းပါးသည်။
အမှန်အားဖြင့် သူမတို့နှစ်ယောက်အနေဖြင့် အလောင်းကို ဖျောက်ဖျက်ပြီး ထွက်ပြေးသွား၍ရသည်။
မည်သို့ပင်ဆိုစေကာမူ ဤတောအုပ်ထဲတွင် သူမတို့ကို မည်သူမှ မြင်တွေ့လိုက်မည် မဟုတ်ပေ။
သို့ရာတွင် ဤမိန်းကလေးနှစ်ယောက်သည် ငယ်ရွယ်ပြီး အတွေ့အကြုံ နည်းပါးသည့်အပြင် သူမတို့၏ ကိုယ်ကျင့်တရားကလည်း ဒီလိုလုပ်ဖို့ ခွင့်မပြုနိုင်ပေ။
ထို့ပြင် ဝမ်တာအိုတောင်၏ ကျင့်ကြံခြင်း လမ်းစဉ်အရဆိုလျှင် ဤကဲ့သို့ လုပ်ရပ်မျိုးသည် ကံကြမ္မာအကျိုးဆက်ကို ဖြစ်ပေါ်စေနိုင်သည်။
အချိန်အတော်ကြာ တွေးတောပြီးနောက် လန်နင်က ပြောဆိုလိုက်၏။
"လူကတော့ သေသွားပြီ ....ပြန်ရှင်အောင် လုပ်လို့ မရတော့ဘူး... ဒါပေမဲ့ သူ့ရဲ့ အထောက်အထားကို ရှာဖွေပြီးတော့ သူ့ရဲ့မိသားစုဆီ သွားပြီးတောင်းပန် လျော်ကြေးပေးတာက အပြစ်ဖြေတဲ့ နည်းလမ်း ဖြစ်လောက်တယ်"
"ဒါပေမဲ့ သူ့ရဲ့အထောက်အထားကို ဘယ်လိုရှာမလဲ"
ချင်းနောင်က ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်သည်။
"သူ ဝတ်ထားတဲ့ အဝတ်အစားက ဂိုဏ်းဝတ်စုံလည်း မဟုတ်ဘူး ...အမှတ်အသားလည်း ဘာမှ မရှိဘူး"
လန်နင်က အနည်းငယ် တွေဝေသွားပြီးနောက် ပြောဆိုသည်။
"ဒါဆိုရင် သူ့ရဲ့အလောင်းကို ဝမ်တာအိုတောင်ဆီ အရင်သယ်သွားရမှာပဲ....ပြီးမှ ဝမ်တာအိုတောင်ရဲ့ အင်အားကို သုံးပြီး သူ့အထောက်အထားကို စုံစမ်းကြတာပေါ့"