← Chapters

ဒီလူကို ကြည့်ရတာ ဘာလို့ ဒီလောက်ထိ ရင်းနှီးနေတာလဲ

Vol. 4 Ch. 37

ဒီလူကို ကြည့်ရတာ ဘာလို့ ဒီလောက်ထိ ရင်းနှီးနေတာလဲ

Vol. 4 Ch. 37

မည်မျှပင် ကြိုတင်ပြင်ဆင်ထားသော်လည်း ဝမ်တာအိုတောင်မှ လူများအားလုံး၏မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုများ လွှမ်းခြုံနေသည်။

တစ်နေရာရာ၌ အနည်းငယ်မျှသော လှုပ်ရှားမှုရှိရုံဖြင့် သူတို့၏ အာရုံကြောများကို ခါယမ်းလိုက်သကဲ့သို့ ခံစားနေကြရသည်။

အကြောင်းအရင်းမှာ နေမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူတစ်ဦး၏ ခြိမ်းခြောက်မှုသည် အလွန်ကြီးမားသောကြောင့်ပင်။ အထူးသဖြင့် သူတို့ ဂုဏ်ယူနေသော ဝင်္ကပါများသည် ထိုလူအပေါ် သက်ရောက်မှု ရှိနိုင်မရှိနိုင် မသေချာသည့် အခြေအနေတွင် ပို၍စိုးရိမ်ရသည်။

ဤကဲ့သို့ သူတို့အားလုံး စိုးရိမ်ပူပန်တကြီး စောင့်ဆိုင်းရင်းဖြင့် အချိန်များ ကုန်ဆုံးသွားခဲ့သည်။

နေမင်းကြီးသည် မိုးကောင်းကင်ယံအလယ်သို့ ရောက်ရှိလာခဲ့လေပြီ။

ကျူးကော်ချင်းသည် ပြဿနာတစ်စုံတစ်ရာ မဖြစ်ပေါ်စေရန် ပတ်ဝန်းကျင်တဝိုက်လုံးကို လှည့်လည်၍ စစ်ဆေးနေသည်။

တခြားအကြီးအကဲများလည်း ထျန်းနန်၏ ရုတ်တရက် တိုက်ခိုက်မှုကို ကာကွယ်ရန် ပတ်ဝန်းကျင်ကို အနီးကပ် စောင့်ကြည့်နေကြ၏။

မကြာမီ မွန်းတည့်ချိန်သို့ ရောက်ရှိလာသည်။

"ထျန်းနန် ပေါ်မလာသေးပေမယ့် ဝမ်တာအိုတောင်ရဲ့ အနီးအနားကို ရောက်နေလောက်ပြီ.... မင်းတို့အားလုံး သတိမပေါ့ကြနဲ့"

ကျူးကော်ချင်းက လူများအားလုံးကို သတိပေးလိုက်သည်။

သို့ရာတွင် ထိုစောင့်ဆိုင်းမှုသည် ညနေခင်းတိုင်အောင် ကြာမြင့်သွားခဲ့သည်။

နေဝင်ချိန်ရောက်စဥ်၌ ညနေဆည်းဆာ၏ နေရောင်ခြည်များ ဖြာကျလာပြီး ဝမ်တာအိုတောင်ကို အနီရောင် ဆေးခြယ်ပေးလိုက်သည့်အလားပင်။

"ထျန်းနန်က ညဘက်ဝင်တိုက်ဖို့ ကြံစည်နေတာလား"

"ဖြစ်နိုင်ချေ များတယ်....ငါတို့တွေက သူ့ကို တစ်နေကုန် စောင့်နေကြတာ... ညရောက်ရင် သူ မလာတော့ဘူးထင်ပြီး ငါတို့တွေ သတိလျော့သွားလိမ့်မယ်လို့ သူ တွေးကောင်းတွေးလိမ့်မယ်.... အဲဒီအချိန်ကျမှ သူက ရုတ်တရက် ဝင်တိုက်ပြီး အလစ်အငိုက်ဖမ်းမှာ ဖြစ်လောက်တယ်"

"ဒါကြောင့် ငါတို့တွေ သတိလက်လွတ် မဖြစ်စေနဲ့"

အကြီးအကဲတချို့သည် အမှောင်ထုထဲတွင် တီးတိုးတိုင်ပင်နေကြသည်။

ဤကဲ့သို့ စိတ်မွန်းကြပ်စေသော စောင့်ဆိုင်းမှုအောက်တွင် သူတို့၏ကျင့်ကြံဆင့်များ မြင့်မားသည့်တိုင် စိတ်စွမ်းအားကို များစွာထိခိုက်စေနိုင်သည်။

သူတို့သည် တောင့်မခံနိုင်တော့သဖြင့် စိတ်စွမ်းအား ပြန်လည်ဖြည့်တင်းပေးသော နတ်ဘုရားဆေးလုံးများကို သောက်သုံးလိုက်ကြပြီး အသင့်အနေအထားဖြင့် ဆက်လက်၍ စောင့်ဆိုင်းနေကြသည်။

တောင်ပေါ်ရှိ ညချမ်းအချိန်ကာလသည် ပို၍ပို၍ မှောင်မိုက်လာခဲ့သည်။

ဝမ်တာအိုတောင် အတွင်းပိုင်းရှိ လင်းထိန်နေသော နေရာများမှလွဲ၍ ကျန်နေရာများသည် ကိုယ့်လက်ကိုယ် ပြန်မမြင်ရလောက်အောင် မှောင်မိုက်သည်။

အမှောင်ထုထဲတွင် မည်သည့်အရာများ ပုန်းခိုနေသည်ကို မည်သူမျှ မသိနိုင်ချေ။

နောက်ဆုံးတွင်...

"အောက်အီးအီးအွတ်....."

တောအုပ်ပြင်ပမှ တောကြက်တစ်ကောင်၏တွန်သံ ထွက်ပေါ်လာသည်။

လူများအားလုံးသည် မော့ကြည့်လိုက်မှ သူတို့ သတိမထားမိဘဲ တစ်ညလုံး စောင့်ဆိုင်းခဲ့မိကြောင်းနှင့် အရှေ့ဘက်မှ နေလုံးနီကြီး ထွက်ပေါ်လာပြီ ဖြစ်ကြောင်း သိရှိလိုက်ရသည်။

"ထျန်းနန် မနေ့က မလာဘူး....ငါတို့တွေ ရက် မှားတာများလား"

ကျူးကော်ချင်းနှင့်အကြီးအကဲတချို့ စုဝေးလိုက်ကြ၏။

"မဖြစ်နိုင်ဘူး...မနေ့ကဆိုတာ သေချာတယ်...."

"ထျန်းနန်က သတင်းအမှားတွေဖြန့်ပြီးတော့ ငါတို့တွေရဲ့ စိတ်စွမ်းအားတွေ ကုန်ခမ်းအောင် တမင် လုပ်နေတာများလား...ငါတို့တွေ အားကုန်ခါနီးမှ သူက ရုတ်တရက်ကြီး ထွက်ပေါ်လာမလို့လား"

"ဟုတ်တယ် ငါလည်း မဟာအကြီးအကဲရဲ့စကားကို သဘောတူတယ်.... ထျန်းနန်လိုကောင်မျိုးက သိက္ခာတရားတို့ ယုံကြည်ရမှုတို့ ရှိတာမှ မဟုတ်တာ"

"ဒါက ဖြစ်နိုင်ချေ များတယ်"

ကျူးကော်ချင်းက တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး အော်ဟစ်၍ အမိန့်ပေးလိုက်သည်။

"အမိန့်ထုတ်လိုက်စမ်း...ဝင်္ကပါတွေ အားလုံးကို ဆက်ပြီးအသက်သွင်းထား... ဘယ်သူမှ သတိမပေါ့နဲ့"

"ဟုတ်ကဲ့"

အမိန့်ရရှိသည်နှင့် ဝမ်တာအိုတောင်တစ်ခုလုံး အသင့်အနေအထား၌ ဆက်လက်၍ ရှိနေခဲ့သည်။

သို့သော် အချိန်များ ကုန်လွန်သွားခဲ့ကာ...

နောက်ထပ်ခုနစ်ရက် ကုန်ဆုံးသွားသည်။

ထျန်းနန်သည် ဝမ်တာအိုတောင်ကို လာရောက်တိုက်ခိုက်ရန် နေနေသာသာ သူ၏အရိပ်အယောင်ကိုပင် မတွေ့ရချေ။

ဝမ်တာအိုတောင်မှ လွှတ်လိုက်သော လျှို့ဝှက်သူလျှိုများထံမှလည်း ထျန်းနန်နှင့် ပတ်သက်သည့်သတင်း တစ်စုံတစ်ရာ မရရှိပေ။ သူသည် မြေကြီးထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည့်အလားပင်။

ကျူးကော်ချင်းနှင့်အကြီးအကဲများသည် ဂိုဏ်း၏ပင်မခန်းမဆောင်ထဲတွင် ထိုင်နေကြပြီး လုံးလုံးလျားလျား ဇဝေဇဝါ ဖြစ်နေကြသည်။

ဤကိစ္စတွင် တစ်စုံတစ်ခု လွဲချော်နေလေပြီ။

ဤသည်မှာ ထျန်းနန်၏ ပုံမှန်အကျင့်စရိုက်နှင့် လုံးလုံးလျားလျား မတူညီချေ။

ဤအခြေအနေများအောက်တွင် ဝမ်တာအိုတောင်သည် ဂိုဏ်း၏ လုပ်ငန်းဆောင်တာတချို့ကို ပြန်လည်စတင်ရန် ကြိုးစားခဲ့ပြီး အရာအားလုံး အေးချမ်းနေဆဲပင်။

ထိုနေ့တွင်...

စီးဆင်းနေသော ရေတံခွန်အနီးရှိ မသေမျိုးလိုဏ်ဂူနံဘေးတွင် ချင်းနောင်နှင့်လန်နင်တို့ ရှိနေသည်။

ထိုအမျိုးသမီးနှစ်ယောက်သည် ခန်းမဆောင်တစ်ခုထဲတွင် မတ်တတ်ရပ်နေကြပြီး သူမတို့၏ရှေ့တွင် ခေါင်းတလားတစ်လုံး ရှိနေသည်။

ထိုခေါင်းတလားထဲတွင် ထိတ်လန့်ဖွယ်ကောင်းသော ပုံစံဖြင့် လူငယ်တစ်ဦး ငြိမ်သက်စွာ လဲလျောင်းနေသည်။

ကျင့်ကြံသူတစ်ဦး၏ ခန္ဓာကိုယ်သည် လွယ်လင့်တကူ မပုပ်သိုးနိုင်သောကြောင့် ရက်ပေါင်းများစွာ ကြာမြင့်သွားသော်လည်း အလောင်းသည် သေဆုံးစအချိန်ကနှင့် မခြားနားချေ။

"အစ်မ ထျန်းနန်ရဲ့ ခြိမ်းခြောက်မှုက ဘယ်တော့မှ ပြီးဆုံးမှာလဲ"

သူမ၏ရှေ့မှ အလောင်းကို ကြည့်ရင်း ချင်းနောင်က နားထင်ကိုဖိနှိပ်ကာ ပြောဆိုလိုက်သည်။

"ခေါင်းတလားထဲက ဒီလူက ညီမရဲ့ ရင်ထဲက ဆူးတစ်ချောင်းလိုပဲ...မနှုတ်ပစ်ရသရွေ့ နေရခက်နေတယ်...သူ့ရဲ့ အထောက်အထားကို စုံစမ်းပြီးတော့ ကောင်းကောင်းမွန်မွန် အနားယူစေချင်ပြီ"

"ဒါပေမဲ့ ထျန်းနန်ရဲ့ ခြိမ်းခြောက်မှုက ရှိနေတုန်းပဲ....ညီမလည်း အပြင်ထွက်ပြီး သူ့ရဲ့အထောက်အထားကို မစုံစမ်းနိုင်ဘူး....ဟူး..."

"ခဏလောက် ထပ်စောင့်ကြည့်ရအောင်"

လန်နင်ကလည်း မျက်မှောင်ကြုတ်ပြီး နှစ်သိမ့်လိုက်သည်။

"ထျန်းနန်ရဲ့ ခြိမ်းခြောက်မှုက အရမ်းကြီးမားလွန်းတယ်...သူ မသေသရွေ့ ငါတို့တွေ ဂိုဏ်းက နေထွက်သွားတာက အရမ်းအန္တရာယ်များတယ်"

"ဟုတ်ကဲ့ပါ...."

ချင်းနောင်က ခေါင်းညိတ်ရုံသာ တတ်နိုင်တော့သည်။

"မင်းတို့ ကောင်မလေးနှစ်ယောက်...ဒီနေရာမှာ ဘာလုပ်နေကြတာလဲ"

ထိုအချိန်တွင် မသေမျိုးအငွေ့အသက်ရှိသော အကြီးအကဲယီတာအိုသည် မလှမ်းမကမ်းမှ လျှောက်လှမ်းလာပြီး အမျိုးသမီးနှစ်ယောက်ကို မေးမြန်းလိုက်၏။

"ဂါရဝပြုပါတယ် ဆရာ..."

အမျိုးသမီးနှစ်ယောက်က အလျင်အမြန် ဦးညွှတ်လိုက်ကြပြီး ပြောဆိုသည်။

"ဆရာ...ကျွန်မတို့က ဒီလူကို ဘယ်လို စီစဉ်ရမလဲဆိုတာ တိုင်ပင်နေကြတာပါ"

အကြီးအကဲယီတာအိုသည်လည်း ခေါင်းတလားကို မြင်တွေ့သွားပြီး ကူကယ်ရာမဲ့စွာဖြင့် ငုံ့ကြည့်လိုက်သည်။

"ဒါက ဟိုသစ်သားပန်းပုရုပ်က သတ်လိုက်တဲ့လူလား"

"လူငယ်လေးက ကြည့်ကောင်းသားပဲ ဒီလို သေသွားတာ နှမြောစရာပဲ"

"ဒါက ကံတရားပါပဲ..."

အကြီးအကဲ ယီတာအိုသည် သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။

"ဆရာ ဘယ်လိုလုပ်ပြီး ဒီဘက်ကို ရောက်လာတာလဲ"

ချင်းနောင်က မေးမြန်းလိုက်သည်။

"လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ ငါ့ရဲ့စိတ်စွမ်းအားတွေ တော်တော်လေး ကုန်ခမ်းသွားလို့ အနားယူပြီး ပြန်ထိန်းညှိနေတာ... အခု အရေးတကြီး ကိစ္စမရှိတော့ဘူးဆိုတော့ ငါက မင်းတို့ ညီအစ်မနှစ်ယောက်ကို လာကြည့်တာပဲ"

အကြီးအကဲယီတာအိုက ပြောဆိုသည်။

သူ စကားပြောပြီးသည်နှင့် ဝမ်တာအို ခေါင်းလောင်းသံ ရုတ်တရက် ထွက်ပေါ်လာသည်။

အကြီးအကဲ ယီတာအိုက မျက်ခုံးပင့်လိုက်ပြီး အဝေးသို့ လှမ်းကြည့်လိုက်၏။

"ဝမ်တာအိုခေါင်းလောင်း ထပ်မြည်ပြန်ပြီ... ဂိုဏ်းချုပ်က အကြီးအကဲ အစည်းအဝေး ထပ်ခေါ်နေတယ်...မင်းတို့ ဆက်ပြောကြအုံး...ငါ သွားလိုက်အုံးမယ်"

အကြီးအကဲယီတာအိုသည် စကားပြောဆိုပြီးသည်နှင့် လေဟာနယ်ထဲသို့ ခြေလှမ်းလှမ်းကာ ပင်မခန်းမဆောင်ဘက်သို့ ပြေးထွက်သွားသည်။

အကြီးအကဲ ယီတာအို ရောက်ရှိသွားချိန်တွင် ဂိုဏ်း၏ အဆင့်မြင့်အကြီးအကဲအများစု စုံလင်နေလေပြီ။

"လူတိုင်းကို ခေါ်လိုက်ရတာက ထျန်းနန်ရဲ့ကိစ္စနဲ့ ပတ်သက်လို့ပဲ"

"ထျန်းနန် ကြန့်ကြာနေတာက သူ မလာတော့ဘူးလို့ ဆိုလိုတာ မဟုတ်ဘူး"

"ဒါ့ပြင် ထျန်းနန်ရဲ့ နည်းလမ်းတွေက ဆန်းကြယ်တယ် သူက ဝမ်တာအိုတောင်ထဲကို ရောက်နေပြီး တစ်နေရာရာကနေ ချောင်းကြည့်နေတာလည်း ဖြစ်နိုင်တယ်"

"သူက တပည့်တစ်ယောက်အသွင် ရုပ်ဖျက်ပြီးတော့ ငါတို့တွေကြားမှာ ရောနေတာလည်း ဖြစ်နိုင်တယ်"

"ဒီလိုက ဖြစ်နိုင်ချေ နည်းပေမယ့် ငါတို့တွေ မပြင်ဆင်ဘဲ နေလို့မရဘူး"

ထိပ်ဆုံးနေရာတွင် ထိုင်နေသော ကျူးကော်ချင်းက ပြောဆိုသည်။

အဆင့်မြင့်အကြီးအကဲများက သဘောတူညီကြောင်း ခေါင်းညိတ်လိုက်ကြ၏။

သူတို့အားလုံး ကျူးကော်ချင်း၏စကားကို အလွန်သဘောတူကြသည်။ ထျန်းနန်၏ ဖောက်ပြန်ပြီး ဆန်းကြယ်သော စိတ်နေသဘောထားနှင့်ဆိုလျှင် သူ မလုပ်နိုင်သည့်အရာဟူ၍ ဘာမှမရှိပေ။

"အကြီးအကဲတချို့က လွန်ခဲ့တဲ့ နှစ်သုံးရာတုန်းက ဂိုဏ်းထဲ မဝင်သေးတာ ဒါမှမဟုတ် အကြောင်းအမျိုးမျိုးကြောင့် ထျန်းနန်နဲ့ မတွေ့ဖူးလို့ သူ့ကို မမှတ်မိကြတဲ့အတွက် ဝမ်တာအိုကျောက်တိုင်နဲ့ မှတ်တမ်းတင်ထားတဲ့ ပုံရိပ်ယောင်မှတ်တမ်း အတိုလေးတစ်ခုကို ငါ ရှာတွေ့ထားတယ်"

"ဒီမှတ်တမ်းက ထျန်းနန် ဝမ်တာအိုတောင်မှာ ရှိနေချိန်တုန်းက ဝင်္ကပါ ခင်းကျင်းနေတဲ့ ပုံရိပ်ပဲ"

"မင်းတို့အားလုံး ဒီမှတ်တမ်းကို ကြည့်ပြီး ထျန်းနန်အကြောင်း လေ့လာရမယ်....သူ့ရဲ့ အရှိန်အဝါ အမူအယာနဲ့ လှုပ်ရှားမှုတွေကို လေ့လာပါ"

"သူ့ရဲ့အကြောင်း နားလည်ပြီးသွားရင် ဝမ်တာအိုတောင်ကို ကင်းလှည့်တဲ့အချိန်မှာ ပိုပြီးသတိထားနိုင်လိမ့်မယ်....တကယ်လို့ အလားတူ အပြုအမူရှိတဲ့လူမျိုးကို တွေ့ရင် ချက်ချင်းသတင်းပို့ပါ"

အဆင့်မြင့် အကြီးအကဲများက သဘောတူကြောင်း ခေါင်းညိတ်လိုက်ကြသည်။

ကျူးကော်ချင်း ဤမျှထိ စိုးရိမ်နေသည်မှာ အံ့အားသင့်ဖွယ်ရာ မဟုတ်ပေ။ သူတို့သည် မပြင်ဆင်ဘဲ နေသည်ထက်စာလျှင် ကြိုတင်ပြင်ဆင်ထားခြင်းက ပို၍ကောင်းမွန်ပေမည်။

ကျူးကော်ချင်းက စကားဆုံးသည်နှင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

လူများအားလုံး၏ခေါင်းထက်ရှိ လေထုထဲတွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုပုံရိပ်ထဲတွင် အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ဦးသည် မြေပြင်ပေါ်တွင် ပလ္လင်ခွေထိုင်ပြီး လက်သင်္ကေတများကို ထုတ်ဖော်နေသည်။

သူ၏မျက်နှာသွင်ပြင်သည် ထူးခြားပေ၏။ တြိဂံပုံစံ မျက်လုံး ကောက်နေသော နှာခေါင်း ပိန်ချိုင့်နေသော ပါးရိုးများရှိကာ သဘာဝမဟုတ်လောက်အောင် ဖြူဖျော့နေသော အသားအရေကြောင့် လူမမာပုံစံ ပေါက်နေသည်။

အကြီးအကဲယီတာအိုသည်လည်း နေရာတွင်ထိုင်ရင်း သူ၏ခေါင်းပေါ်မှ ပုံရိပ်ကို ဂရုတစိုက် ကြည့်ရှုနေသည်။

လွန်ခဲ့သော နှစ်သုံးရာကတည်းက သူသည် ဝမ်တာအိုတောင်၏အကြီးအကဲ ဖြစ်ခဲ့သော်လည်း ထိုအချိန်က သူသည် အဆင့်မြင့် ဝင်္ကပါတစ်ခုကို လေ့လာရန် တံခါးပိတ် ကျင့်ကြံနေခဲ့သည်။ ထျန်းနန်သည် သူ တံခါးပိတ်ကျင့်ကြံနေစဉ် အတွင်းမှာပင် ဝမ်တာအိုတောင်သို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်ပေ၏။

သူ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာချိန်တွင် ဝမ်တာအိုတောင်က ထျန်းနန်ကို ဂိုဏ်းမှ ထုတ်ပယ်ပြီး ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြပြီး ဖြစ်သည်။

ထို့ကြောင့် သူသည် ထျန်းနန်ကို အစမှ အဆုံးထိ တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့ချေ။

ယခုချိန်မှသာ ဒဏ္ဍာရီလာ ထျန်းနန်၏ရုပ်သွင်ကို သူ အမှန်တကယ် မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။

သို့သော် မည်သည်ကြောင့်နည်း...

ဤလူကို သူ မည်သည်ကြောင့် ဤမျှထိ အလွန်ရင်းနှီးနေရသနည်း...

All Chapters