ဆရာက ခေါင်းတလားကို ထမ်းသွားတာလား
Vol. 4 Ch. 38
'ငါ ဒီလူကို တစ်နေရာရာမှာ မြင်ဖူးသလိုပဲ'
အကြီးအကဲယီတာအိုသည် ခေါင်းပေါက်ကွဲလုမတတ် စဉ်းစားခန်းဖွင့်နေသည်။
ရုတ်တရက် သူသည် တစ်စုံတစ်ခုကို သတိရသွားပြီး သူ၏ဖင်တွင် စပရိန် တပ်ထားသည့်အလား ထိုင်ခုံပေါ်မှ ခုန်ထလိုက်သည်။
"ဂါး..."
ထို့နောက် ဘဲခြောက်အော်သံကဲ့သို့ စူးရှသော အော်သံကြီး ထွက်ပေါ်လာသည်။
ထို့ကြောင့် လက်ရှိနေရာတွင်ရှိနေသော လူများအားလုံး၏နားစည်များ ကွဲထွက်လုမတတ် ဖြစ်သွားပေ၏။
အကြီးအကဲယီတာအို၏ ရုတ်တရက် ထူးဆန်းသော အပြုအမူကြောင့် လူများအားလုံး၏ အာရုံစိုက်မှုကို ရရှိသွားသည်။
အကြီးအကဲယီတာအို၏ မျက်လုံးများ ပြူးကျယ်နေပြီး သူ၏မျက်နှာတပြင်လုံး နီမြန်းနေကာ သူ့ထံ၌ မယုံကြည်နိုင်လောက်အောင် ဖြစ်နေသော အမူအယာတစ်ရပ် ထင်ဟပ်နေသည်။
"အကြီးအကဲယီတာအို....ဘာဖြစ်သွားတာလဲ"
ကျူးကော်ချင်းက စိုးရိမ်ပူပန်တကြီး မေးမြန်းလိုက်သည်။
"ဟုတ်တယ်....အကြီးအကဲယီတာအို ရုတ်တရက်ကြီး ဘာဖြစ်သွားတာလဲ"
တခြားလူများသည်လည်း စိုးရိမ်ပူပန်တကြီး မေးမြန်းလိုက်ကြ၏။
ဤသို့ သူ ရုတ်တရက် ထဖောက်ခြင်းက သူတို့ကို အမှန်တကယ် ထိတ်လန့်သွားစေသည်။
ဤနှစ်များတလျှောက်လုံး အကြီးအကဲ ယီတာအို ဤကဲ့သို့ ဖြစ်ပျက်သွားသည်ကို သူတို့ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင်။
သို့သော် အကြီးအကဲယီတာအိုသည် သူတို့ကို လုံးဝဂရုမစိုက်ဘဲ ဂိုဏ်း၏ပင်မခန်းမဆောင်ထဲမှ ပြေးထွက်သွားပြီး ပျံသန်းသွားသဖြင့် တခြားလူများ ကြောင်အမ်းအမ်းဖြစ်၍ ကျန်ခဲ့ကြသည်။
ခန်းမဆောင်ထဲမှ ထွက်ခွာလာပြီးနောက် အကြီးအကဲယီတာအိုသည် ရပ်တန့်မနေဘဲ ချင်းနောင်နှင့်လန်နင်တို့ရှိရာသို့ တန်းတန်းမတ်မတ် ပျံသန်းသွားသည်။
အမျိုးသမီးနှစ်ယောက်သည် ခန်းမဆောင်ထဲတွင် အလောင်းကို မည်သို့စီမံရမည်အား တိုင်ပင်နေကြစဉ်၌ အကြီးအကဲ ယီတာအိုသည် သူမတို့ တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးသော အမြန်နှုန်းဖြင့် ပျံသန်းလာသည်ကို မြင်တွေ့မိကြသည်။
"ဆရာ....အကြီးအကဲ အစည်းအဝေး တက်နေတာ မဟုတ်ဘူးလား....ဘာလို့ ပြန်ရောက်လာတာလဲ"
အမျိုးသမီးနှစ်ယောက်က နားမလည်နိုင်သော မျက်နှာထားဖြင့် မေးမြန်းလိုက်ကြသည်။
သို့သော် သူမတို့၏မေးခွန်းကို အကြီးအကဲယီတာအိုက ဂရုမစိုက်ဘဲ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ခေါင်းတလား ဘယ်မှာလဲ...ခေါင်းတလား ဘယ်မှာလဲ"
"ဒီမှာ...ဒီမှာလေ ဆရာ....ဘာဖြစ်လို့လဲ"
ချင်းနောင်သည် အကြီးအကဲယီတာအို၏ အရေးတကြီး ပုံစံကြောင့် ထိတ်လန့်သွားပြီး သိုလှောင်လက်စွပ်ထဲမှ ခေါင်းတလားကို အလျင်အမြန် ထုတ်ပေးလိုက်၏။
ဘုန်း....
ခေါင်းတလား မြေပြင်ပေါ်သို့ ကျသွားသည်။
အကြီးအကဲယီတာအိုက ခေါင်းတလား အဖုံးကို မလိုက်ပြီး အတွင်း၌ ငြိမ်သက်စွာ လဲလျောင်းနေသော လူငယ်ကို စိုက်ကြည့်လိုက်သည်။
"တကယ်ကြီး...တကယ်ကြီးပါလား..."
သူသည် ခေါင်းတလားထဲကို စိုက်ကြည့်ရင်း စကားအနည်းငယ် ရေရွတ်လိုက်ပြီးနောက် နောက်ထပ် စကားတစ်ခွန်းမျှ မပြောဘဲ ခေါင်းတလားကို ပခုံးပေါ် ထမ်းတင်ကာ ပင်မခန်းမဆောင်ဘက်သို့ ပြန်လည်၍ ပျံသန်းသွားတော့သည်။
သူ၏အရှိန် မလုံလောက်မည်ကို စိုးရိမ်သည့်အလား သူသည် လေထဲတွင် ခြေထောက်များကို ယက်ကန်ယက်ကန် ပြုလုပ်သွားသည်။
အကြီးအကဲ ယီတာအို၏ လုပ်ရပ်များကြောင့် အမျိုးသမီးနှစ်ယောက် ကြောင်အမ်းအမ်းဖြစ်ကာ ကျန်ရစ်ခဲ့ကြသည်။
သူမတို့၏ဆရာသည် ခေါင်းတလားကို ထမ်း၍ပြေးသွားသလော...
"တစ်ခုခုတော့ ဖြစ်ပြီထင်တယ်"
လန်နင်က အခြေအနေ မူမမှန်သည်ကို ရိပ်မိပြီး ပြောဆိုလိုက်သည်။
"သွားရအောင်... ဂျူနီယာညီမလေး ငါတို့ လိုက်ကြည့်ကြရအောင်"
ထိုအချိန်တွင် ကျူးကော်ချင်းနှင့် တခြားအဆင့်မြင့် အကြီးအကဲများသည် အကြီးအကဲယီတာအို မည်သည်ကြောင့် ဤမျှထိ လန့်ဖျပ်သွားရသနည်းကို နားမလည်နိုင်ဘဲ ကြောင်တောင်တောင် ဖြစ်နေကြဆဲပင်။
ရုတ်တရက်...
အစောပိုင်းက ပြေးထွက်သွားသော အကြီးအကဲ ယီတာအို ပြန်ရောက်လာသည်ကို သူတို့ မြင်တွေ့လိုက်ရကာ သူ၏ပခုံးပေါ်တွင် ခေါင်းတလားတစ်လုံးအား ထမ်းထားလေ၏။
ဤမြင်ကွင်းကြောင့်...
လူများအားလုံး လန့်ဖျပ်သွားပြီး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေမိကြသည်။
အကြီးအကဲယီတာအိုသည် ဆေးမှားသောက်ထားခြင်း ဖြစ်သလော...
ထိုသို့မဟုတ်ပါက သူသည် ထျန်းနန်၏ခြိမ်းခြောက်မှု ဖိအားအောက်တွင် ရူးသွပ်သွားခြင်း ဖြစ်သလော...
သူသည် အကြောင်းမဲ့ ရူးသွပ်သွားသကဲ့သို့ ပြေးထွက်သွားပြီး ယခုချိန်၌ ခေါင်းတလားတစ်လုံးကိုထမ်းကာ ပြန်ရောက်လာသလော...
"အကြီးအကဲယီတာအို...ဘာတွေ ဖြစ်နေတာလဲဆိုတာ ပြောပြလို့ရမလား"
ကျူးကော်ချင်းက ရှေ့သို့တိုးလာပြီး စိုးရိမ်ပူပန်တကြီး မေးမြန်းသည်။
"ဟူး..."
အကြီးအကဲ ယီတာအိုသည် ပခုံးပေါ်မှ ခေါင်းတလားကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး အသက်ပြင်းပြင်း ရှိုက်လိုက်၏။ ထို့နောက် သူသည် ကျူးကော်ချင်းကိုကြည့်ပြီး တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ပြောဆိုသည်။
"ဂိုဏ်းချုပ်...ဒီခေါင်းတလားထဲကလူကို မြင်လိုက်ရင် သိပါလိမ့်မယ်"
"ခေါင်းတလားထဲကလူ...ဟုတ်လား..."
ကျူးကော်ချင်း နားမလည်နိုင် ဖြစ်သွားသည်။
သို့သော် အကြီးအကဲယီတာအိုသည် အခြေအမြစ်မရှိ စကားပြောမည့်သူ မဟုတ်ကြောင်း သူ သိရှိထားသည်။
ထို့ကြောင့် သူ ရှေ့သို့လျှောက်လှမ်းသွားပြီး ခေါင်းတလား အဖုံးကို သူ၏လက်ဝါးဖြင့် ရိုက်ဖွင့်ကာ အတွင်းသို့ ငုံ့ကြည့်လိုက်သည်။
ခေါင်းတလားထဲမှ အလောင်းကို မြင်လိုက်ရသည့်အချိန်၌ သူသည်လည်း စူးရှစွာ အော်ဟစ်လိုက်မိသည်။
"ဂါး...."
သူ၏အော်သံသည် အစောပိုင်းက အော်သွားသော အကြီးအကဲယီတာအို၏ အော်သံထက်ပင် ပို၍ကျယ်လောင်နေပေ၏။
"ဂိုဏ်းချုပ်...တကယ်တမ်းက ဘာတွေဖြစ်နေတာလဲ"
ထိုအရာကို မြင်တွေ့ချိန်၌ တခြားအကြီးအကဲများသည်လည်း စူးစမ်းချင်စိတ်များ ပေါက်ဖွားလာသည်။
ဤခေါင်းတလားထဲတွင် မည်သူရှိနေသောကြောင့် ဂိုဏ်းချုပ်ပင်လျှင် ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင် ဖြစ်နေရသနည်း။ သူတို့အားလုံး ခေါင်းတလားထဲသို့ ကြည့်ရှုရန် ချဥ်းကပ်သွားကြသည်။
"ဂါး...."
"သောက်ပလုတ်တုတ်..."
"ဘုရားရေ"
"သောက်ကျိုးနည်း..."
ဝမ်တာအိုတောင်၏ ပင်မခန်းမဆောင်တစ်ခုလုံးမှ အော်ဟစ်သံများနှင့် ဆဲရေးသံများ ဆက်တိုက်ထွက်ပေါ်လာသည်။
လက်ရှိနေရာတွင်ရှိနေသည့် လူများအားလုံး ခြွင်းချက်မရှိ အံ့အားသင့် ထိတ်လန့်သွားကြသည်။
သူတို့အားလုံးသည် သရဲတစ္ဆေကို မြင်လိုက်ရသည့်အလား မျက်လုံးအပြူးသားဖြင့် ခေါင်းတလားထဲတွင် ငြိမ်သက်စွာ လဲလျောင်းနေသော ထျန်းနန်ကို စူးစိုက်၍ ကြည့်နေမိကြသည်။
"ဒါ ဒါ ဒါ... အကြီးအကဲယီတာအို... ဒါ...ဒါ...ဒါ က ဘယ်လိုဖြစ်တာလဲ"
ကျူးကော်ချင်း၏အသံသည် တုန်ယင်နေပြီး သူ၏ရှေ့မှမြင်ကွင်းကို လုံးလုံးလျားလျား မယုံကြည်နိုင် ဖြစ်နေသည်။
ထျန်းနန်...
ထျန်းနန်သည် ဤကဲ့သို့ သေဆုံးသွားခဲ့သလော...
သူသည် ဤခေါင်းတလားထဲတွင် လဲလျောင်းနေသလော...
ထို့ပြင် ဤခေါင်းတလားက သူ၏ဝမ်တာအိုတောင်ပေါ် ရောက်ရှိနေသလော...
ဤအရာများမှာ အလွန်ထူးဆန်းပြီး အိပ်မက်ဆန်လွန်းနေသည်။
အကြီးအကဲယီတာအိုသည် အသက်ပြင်းပြင်း ရှိုက်လိုက်ပြီး တုန်လှုပ်နေသော စိတ်ကို ငြိမ်သက်အောင် ပြုလုပ်ကာ အဖြစ်အပျက် အသေးစိတ်ကို ပြန်လည်၍ပြောပြလိုက်၏။
"ဒီခေါင်းတလားကို အပြင်ကနေ ငါ့ရဲ့တပည့်နှစ်ယောက် သယ်လာတာပဲ"
"ဘာ..."
ဤစကားဆုံးသည်နှင့် နောက်ထပ်လှိုင်းလုံးကြီး တစ်ထောင် ရိုက်ခတ်သွားသည့်အလား ဆူညံ့ပွက်လောရိုက်သွားသည်။
ဂိုဏ်းချုပ်ဖြစ်သော ကျူးကော်ချင်းက ချက်ချင်းအသိဝင်လာပြီး အော်ဟစ်လိုက်သည်။
"မင်း ဆိုလိုတာက ချင်းနောင်နဲ့ လန်နင်တို့ သစ်သားပန်းပုရုပ်နဲ့ မတော်တဆ သတ်မိလိုက်တဲ့ လမ်းသွားလမ်းလာက ထျန်းနန်လား"
"အမှန်ပဲ...."
အကြီးအကဲယီတာအိုက တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
ဤကိစ္စမှာ ယုံကြည်နိုင်ဖွယ် မရှိလောက်အောင် ဆန်းကြယ်လွန်းသော်လည်း အဖြစ်မှန်က သူတို့၏မျက်စိရှေ့တွင် ရောက်ရှိနေလေပြီ။
အကြီးအကဲယီတာအို၏ အတည်ပြုချက်ကို ရရှိချိန်၌ ကျူးကော်ချင်းနှင့်တခြားသူများ လုံးလုံးလျားလျား ကြောင်အမ်းသွားကြ၏။
ဤသည်မှာ အမှန်တကယ်ကို လွန်ကဲလွန်းနေခြေပြီ။
ထျန်းနန်သည် ဝမ်တာအိုတောင်ကို လာရောက်တိုက်ခိုက်မည်ဟု ပြောဆိုပြီး အချိန်ကြာမြင့်စွာ ပျောက်ဆုံးနေခြင်းနှင့် သူ၏လေသံကိုပင် မကြားရတော့ခြင်းမှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။ သူသည် သေဆုံးသွားပြီ ဖြစ်နေလေပြီ။
ထို့ပြင် သူသည် သူတို့ဝမ်တာအိုတောင်၏ လက်ချက်ဖြင့် သေဆုံးသွားခြင်းပင်။
ဤရက်များအတောအတွင်း၌ သူတို့ ဝမ်တာအိုတောင်သည် အလကားသက်သက် စိတ်လှုပ်ရှားနေခဲ့ရပြီး လေထဲမှ အရာကို တိုက်ခိုက်ရန် ပြင်ဆင်နေခဲ့ကြခြင်း ဖြစ်သည်။
ထိုအချိန်တွင် အကြီးအကဲယီတာအို၏ နောက်သို့ လိုက်ပါလာကြသော လန်နင်တို့နှစ်ယောက်လည်း ခန်းမဆောင် အပေါက်ဝသို့ ရောက်ရှိလာကြ၏။ သူမတို့သည် ခန်းမထဲမှ အကြီးအကဲယီတာအိုနှင့် ကျူးကော်ချင်းတို့၏ ပြောစကားများကို အတိအကျ ကြားလိုက်ရသည်။
အမျိုးသမီးနှစ်ယောက်လည်း ချက်ချင်း ကြက်သေသေသွားကြသည်။
သူမတို့သည် ကျောက်ရုပ်များအလား နေရာမှာပင် မတ်တတ်ရပ်နေမိကြသည်။
သူမတို့၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေပေ၏။
"အစ်မ... ညီ... ညီ ..ညီမ အိပ်မက်မက်နေတာ မဟုတ်ပါဘူးနော်"
ချင်းနောင်က အထစ်ထစ် အငေါ့ငေါ့ဖြင့် မေးမြန်းလိုက်ပြီး သူမ၏ခန္ဓာကိုယ်လေး တုန်ယင်နေသည်။ သူမသည်နံဘေးရှိ လန်နင်ကို ကြည့်ပြီး ပြောဆိုလိုက်သည်။
"အဲ့ဒီကံဆိုးတဲ့ကောင်က တကယ်ကြီး ထျန်းနန်လား"
လန်နင်လည်း ထပ်တူထပ်မျှ အံ့အားသင့်သွားပြီး ပြောစရာစကားမရှိ ဖြစ်နေသည်။
ဤမျှထိ ယုတ္တိမရှိသော ကိစ္စမျိုးသည် လောကကြီးတွင် ဖြစ်ပျက်နိုင်လိမ့်မည်ဟု မည်သူက ထင်မှတ်မိမည်နည်း။
"ဟား ဟား ဟား ဟား..."
ထိုအချိန်မှာပင် ခန်းမဆောင်ထဲမှ ကျူးကော်ချင်း၏ စိတ်လှုပ်ရှားစွာ ရယ်မောသံကြီး ထွက်ပေါ်လာသည်။ သူသည် အထပ်ထပ် စစ်ဆေးပြီးနောက် ခေါင်းတလားထဲမှ လူသည် ထျန်းနန်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
မည်မျှထိ မယုံကြည်နိုင်ဖွယ် ကောင်းနေပါစေ ဤသည်က အမှန်တရားသာ ဖြစ်သည်။
ထျန်းနန် သေဆုံးသွားလေပြီ။
သူ အမှန်တကယ်ကို သေဆုံးသွားပြီဖြစ်ပြီး သူ၏အလောင်းသည် သူတို့၏ရှေ့တွင် ရောက်ရှိနေခဲ့သည်။
သူ၏ဝမ်တာအိုတောင်ကို ဒုက္ခပေးနေသော အကျပ်အတည်းကြီး ပြီးဆုံးသွားခဲ့လေပြီ။
"ကောင်းကင်ဘုံက တကယ့်ကို မျက်နှာသာပေးတာပဲ....ကောင်းကင်ဘုံက တကယ့်ကို မျက်နှာသာပေးလိုက်တာပဲ"
"အမိန့်ထုတ်ပြန်လိုက်စမ်း...ဒီနေ့က စပြီး ငါတို့ ဝမ်တာအိုတောင်မှာ သုံးရက်တိတိ စားသောက်ပွဲကျင်းပမယ်... တပည့်တွေအားလုံး ကျမ်းစာဆောင်ထဲကို ဝင်ပြီးတော့ ဆန်းကြယ်တဲ့ နည်းစနစ်စာအုပ်တစ်အုပ်စီ ရွေးချယ်ခွင့် ရှိတယ်"
ကျူးကော်ချင်းက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်ရယ်မောလိုက်သည်။
တခြားအကြီးအကဲများနှင့် အဆင့်မြင့်ဂိုဏ်းသား၏ မျက်နှာများပေါ်တွင်လည်း အပြုံးများ ဝေဆာနေကြသည်။
ဤရက်ပိုင်းများတွင် သူတို့၏စိတ်များ အချိန်တခဏမျှပင် မအေးချမ်းခဲ့ရဘဲ ယခုမှသာ သူတို့၏ရင်ထဲမှ အလုံးကြီး ကျသွားတော့သည်။
"အော်....ချင်းနောင် လန်နင်... ဒီကိစ္စကို အကျိုးဆောင်ခဲ့တဲ့ သူရဲကောင်းမလေးနှစ်ယောက် မြန်မြန်ဝင်လာခဲ့... မြန်မြန် ဝင်လာခဲ့..."
ထိုအချိန်တွင် ကျူးကော်ချင်းသည် တံခါးဝတွင် ရပ်နေသော အမျိုးသမီးနှစ်ယောက်ကို မြင်တွေ့မိသဖြင့် အလျင်အမြန် လက်ဝှေ့ယမ်းပြီး ခေါ်လိုက်သည်။
"ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်"
အမျိုးသမီးနှစ်ယောက်သည်လည်း လူများအားလုံး၏ စိတ်လှုပ်ရှားမှုကို ခံစားမိပြီး ဝမ်းသာသွားကြ၏။
ဂိုဏ်း၏ အကျပ်အတည်း ပြေလည်သွားရုံသာမက ထိုလူ၏အထောက်အထားကို ရှာဖွေပြီး တောင်းပန်ရမည့် ကိစ္စအတွက်လည်း သူမတို့ စိတ်ပူရန် မလိုတော့ချေ။
"အဲဒီ သစ်သားပန်းပုရုပ်ကို ငါ့ကို နောက်တစ်ခေါက်လောက် ထပ်ပြပေးလို့ရမလား"
အမျိုးသမီးနှစ်ယောက် ဝင်ရောက်လာပြီးနောက် ကျူးကော်ချင်းက ပြုံးရွှင်စွာဖြင့် ပြောဆိုလိုက်သည်။
သိရှိထားရမည်မှာ...
ဤသစ်သားပန်းပုရုပ်က ထျန်းနန်ကို အမှန်တကယ် သတ်ဖြတ်လိုက်ခြင်းပင်။
ဤသည်က နေမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်လိုက်ခြင်းဖြစ်သည်။
ဤသည်မှာ မည်မျှထိ ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခု ဖြစ်သနည်း....