← Chapters

ဒီစီနီယာက ငါတို့တွေရဲ့ ကယ်တင်ရှင်ပဲ

Vol. 4 Ch. 39

ဒီစီနီယာက ငါတို့တွေရဲ့ ကယ်တင်ရှင်ပဲ

Vol. 4 Ch. 39

အမျိုးသမီးနှစ်ယောက်အနေဖြင့် ဤကိစ္စ၏ဆက်စပ်မှုများကို မည်သည်ကြောင့် သတိမပြုမိဘဲ နေမည်နည်း။

မူလက သစ်သားပန်းပုရုပ် သတ်ဖြတ်လိုက်သည့်လူမှာ အလွန်ဆုံးအနေဖြင့် သူမတို့၏အဆင့်နှင့်တန်းတူ သို့မဟုတ် သူမတို့ထက် ပို၍အားနည်းသူ ဖြစ်မည်ဟု ထင်မှတ်ထားခဲ့သည်။

သို့ရာတွင် အသတ်ခံရသူသည် ထျန်းနန်ဖြစ်ကြောင်း သိလိုက်ရချိန်၌ ကျုံးချင် ပေးလိုက်သော လက်ဆောင်သည် မည်မျှထိ အရေးပါကြောင်း သူမတို့ မည်ကဲ့သို့ သတိမပြုမိဘဲ နေမည်နည်း....

ကျူးကော်ချင်းသည်လည်း ဤအချက်ကို နားလည်သဘောပေါက်သောကြောင့် သစ်သားပန်းပုရုပ်ကို ဒုတိယအကြိမ် ကြည့်ရှုလိုခြင်း ဖြစ်သည်။

အမျိုးသမီးနှစ်ယောက်သည် သစ်သားပန်းပုရုပ်နှစ်ရုပ်ကို ဂရုတစိုက် ထုတ်ယူလိုက်၏။

ကျူးကော်ချင်းနှင့်တခြားလူများသည်လည်း ထိုအရာများကို ဂရုတစိုက် လက်ခံရယူလိုက်ကြသည်။ သူတို့သည် ပြီးခဲ့သည့် အခေါက်ကကဲ့သို့ ပေါ့ပေါ့ဆဆ မလုပ်ဝံ့တော့ပေ။

သူတို့၏မျက်လုံးများတွင် တည်ကြည်လေးနက်မှုများသာ ထင်ဟပ်နေသည်။

ထို့ပြင် သူတို့သည် စက်ယန္တရားတစ်ခုခုကို မတော်တဆ အသက်သွင်းမိမည်အား စိုးရိမ်သဖြင့် ပန်းပုရုပ်များကို အလွန်သတိထားပြီး ကိုင်တွယ်နေကြသည်။

နေမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူဖြစ်သော ထျန်းနန်ပင်လျှင် အသတ်ခံလိုက်ရသည်ဖြစ်ရာ သစ်သားပန်းပုရုပ်ကသာ တိုက်ခိုက်မှုတစ်ခုကို ထုတ်လွှတ်လိုက်ပါက သူတို့ ခံနိုင်ရည်ရှိမည် မဟုတ်ချေ။

"အကြီးအကဲတို့...ဒါကို ထပ်ကြည့်ပြီးပြီဆိုတော့ ထူးခြားတာ တစ်ခုခု တွေ့လား"

ကျူးကော်ချင်းက မနေနိုင်တော့ဘဲ မေးမြန်းလိုက်၏။

အကြီးအကဲများအားလုံး ခေါင်းခါယမ်းလိုက်ကြသည်။

လွန်ခဲ့သောအကြိမ်ကအတိုင်း ဤသစ်သားပန်းပုရုပ်သည် သာမန်ပစ္စည်းတစ်ခုကဲ့သို့သာ ဖြစ်နေသည်။

သို့ရာတွင် ယခုအချိန်၌ လူများအားလုံး နားလည်သွားကြလေပြီ။

သစ်သားပန်းပုရုပ်သည် အစစ်အမှန် သာမန်ဆန်နေခြင်း မဟုတ်ဘဲ ဆန့်ကျင်ဘက်အနေဖြင့် သစ်သားပန်းပုရုပ်၏ဖန်တီးထားမှုမှာ နက်နဲလွန်းလှသဖြင့် သူတို့ ဉာဏ်မီနိုင်ခြင်း မရှိသည်သာဖြစ်သည်။

"ကြည့်ရတာတော့ ဒီစီနီယာက ငါတို့ ထင်ထားတာထက် ပိုပြီးအစွမ်းထက်ပုံပဲ"

ကျူးကော်ချင်းက ကောက်ချက်ချလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်သည်။

"ဟုတ်တယ်...ဒီကိစ္စကို သေချာစဉ်းစားကြည့်ရင် ငါ့မှာ ပိုပြီးကြောက်စရာကောင်းတဲ့ အတွေးတစ်ခု ရှိသေးတယ်"

အကြီးအကဲယီတာအိုက တည်ကြည်လေးနက်စွာ ပြောလိုက်သည်။

"ဘာကြောက်စရာကောင်းတဲ့ အတွေးလဲ"

ကျူးကော်ချင်းနှင့် တခြားလူများက အကြီးအကဲယီတာအိုကို ကြည့်လိုက်ကြ၏။

"ငါ တွေးမိတာက အဲ့ဒီသစ်သားပန်းပုရုပ်က ဘာလို့ တိုက်ခိုက်မှုကို ရုတ်တရက် ထုတ်လွှတ်လိုက်တယ် ဆိုတာပဲ..."

အကြီးအကဲယီတာအိုက အဓိပ္ပာယ်ပါသောလေသံဖြင့် ပြောဆိုသည်။

"ပြီးတော့ တိုက်ခိုက်ခံရတဲ့သူက ဘာလို့ ထျန်းနန် ဖြစ်နေတာလဲ.... ဒီကိစ္စက တိုက်ဆိုင်လွန်းတယ်လို့ မင်းတို့ မထင်ကြဘူးလား"

အကြီးအကဲယီတာအို ပြောလိုက်မှသာ ကျူးကော်ချင်း ရုတ်တရက် နားလည်သဘောပေါက်သွားသည်။

သူ၏မျက်လုံးများသည် ခေါင်းလောင်းကဲ့သို့ ပြူးကျယ်သွားပြီး အံ့အားတသင့် အော်ဟစ်လိုက်၏။

"မင်း ဆိုလိုတာက..."

"အမှန်ပဲ...."

အကြီးအကဲယီတာအိုက ပြောဆိုသည်။

"ငါ သံသယရှိတာက အဲ့ဒီစီနီယာက ငါတို့ ဝမ်တာအိုတောင် ဒုက္ခရောက်နေတာကို ကြိုသိပြီးသား ဖြစ်လောက်တယ်...ချင်းနောင်နဲ့ လန်နင်တို့က သူ့ကို စိတ်ကျေနပ်အောင် အလုပ်လုပ်ပေးခဲ့တာကြောင့်....သူက ငါတို့တွေကို ကူညီတဲ့အနေနဲ့ ထျန်းနန်ကို တိုက်ရိုက်ရှင်းလင်းပေးလိုက်တာပဲ ဖြစ်မယ်"

"အဲ့ဒီလို တွေးကြည့်ရင် တကယ်ကြီး ဖြစ်နိုင်တယ်....မဟုတ်ရင် ဘယ်လိုလုပ်ပြီး ဒီလောက်ထိ တိုက်ဆိုင်နိုင်မှာလဲ"

ကျူးကော်ချင်းသည် အသက်ပြင်းပြင်း ရှိုက်လိုက်ပြီး ဤဖြစ်နိုင်ချေသည် အလွန်များကြောင်း ခံစားလိုက်ရကာ အလွန်အံ့အားသင့်ဖွယ်ကောင်းသည်ဟု ယူဆလိုက်သည်။

"ဒါပေမဲ့ ဂိုဏ်းချုပ်နဲ့ဆရာ....ကျွန်မတို့ ထွက်လာတုန်းက အဲ့ဒီစီနီယာကို ထျန်းနန်အကြောင်း ဘာမှ မပြောခဲ့ဘူး"

ချင်းနောင်က သံသယဖြင့် မနေနိုင်တော့ဘဲ မေးမြန်းလိုက်သည်။

"ကျွန်မတို့ ထွက်လာတုန်းက ဂိုဏ်းမှာ ကိစ္စလေးတစ်ခုရှိတယ်လို့ပဲ ပြောခဲ့တာ... ဘာမှ မပြောပြခဲ့ဘူး"

ချင်းနောင်၏စကားကို ကြားချိန်၌ ကျူးကော်ချင်းက ခေါင်းခါယမ်းပြီး ရယ်မောလိုက်၏။

"မင်းတို့ ကောင်မလေးနှစ်ယောက်က အရမ်းငယ်သေးတယ်"

"သတ်မှတ်ထားတဲ့ ကျင့်ကြံဆင့်နယ်ပယ်တစ်ခုကို ရောက်သွားပြီဆိုရင် မင်းတို့ ပြောတာ မပြောတာက ဘာထူးတော့မှာလဲ....သူက လက်တစ်ဖက် လှုပ်လိုက်ရုံနဲ့ ကောင်းကင်ဘုံရဲ့လျှို့ဝှက်ချက်တွေကို တွက်ချက်နိုင်တယ်.... ထျန်းနန်လို အသေးအမွှားလောက်က ထည့်ပြောမနေနဲ့တော့"

"လောကကြီးမှာ အဲ့ဒီလောက်ထိ အစွမ်းထက်တဲ့လူတွေ တကယ်ကြီး ရှိတာလား"

လန်နင်က မနေနိုင်တော့ဘဲ အံ့အားတသင့် ရေရွတ်လိုက်သည်။

"မင်းတို့နှစ်ယောက်က အဲ့ဒီလိုလူမျိုးကို တွေ့ခဲ့တယ် မဟုတ်လား"

ကျူးကော်ချင်းက ရယ်မောပြီး ပြောဆိုသည်။

"မင်းတို့ ကောင်မလေးနှစ်ယောက်ရဲ့ ကံတရားကို ငါ တကယ် လေးစားမိတယ်.... ဒီလိုအစွမ်းထက်ပုဂ္ဂိုလ်မျိုးနဲ့ မင်းတို့ တွေ့ဆုံခဲ့လို့ ငါတို့ ဝမ်တာအိုတောင်က အကျပ်အတည်းကြီးကနေ လွတ်မြောက်ခဲ့ရတာပဲ"

"ဒါကြောင့် မင်းတို့နှစ်ယောက်က ငါတို့ ဝမ်တာအိုတောင်ရဲ့ ကျေးဇူးရှင်တွေပဲ"

"ဒါပေမဲ့ အဲ့ဒီ စီနီယာကလည်း ငါတို့ ဝမ်တာအိုတောင်ရဲ့ ကယ်တင်ရှင်ပဲ"

ကျူးကော်ချင်း၏ စကားများကြောင့် အမျိုးသမီးနှစ်ယောက် ရှက်ရွံ့သွားကြသည်။

သို့သော် ထိုအဖြူရောင်ဝတ်စုံဝတ်ပုံရိပ်ကို ပြန်လည်တွေးတောမိပြီး သူမတို့နှစ်ယောက်၏ ရင်ထဲတွင် အချိန်အတော်ကြာ ဂယက်ထနေတော့သည်။

အမှန်အားဖြင့်...

သူသည် သူမတို့ တွေးထင်ထားသည်ထက် များစွာပို၍အစွမ်းထက်နေခြင်းပင်။

အမျိုးသမီးနှစ်ယောက်သည် ထိတ်လန့်သွားသည့်အပြင် သူနှင့်သူမတို့အကြားရှိ ချောက်ကမ်းပါးကဲ့သို့ ကြီးမားသော ကွာဟချက်ကြောင့် စိတ်ဓာတ်ကျသွားသကဲ့သို့လည်း ခံစားလိုက်ရသည်။

တစ်ချိန်တည်းမှာပင် သူမတို့သည် သူ့ကို အလွန်ကျေးဇူးတင်မိကြသည်။

သူမတို့သည် ကျုံးချင်ကို ကမ္ဘာငယ်လေးအား ပြုပြင်မွမ်းမံရာတွင် ကူညီပေးရုံသာရှိသည်။ သို့ရာတွင် သူသည် သူမတို့ကို လမင်းနက်နဲသိမ်မွေ့နယ်ပယ် အလယ်အလတ်အဆင့် သားရဲမျက်လုံးခြောက်လုံး ပေးခဲ့ရုံသာမက ထျန်းနန်နှင့် ပတ်သက်သည့် အကျပ်အတည်းကိုလည်း ကူညီ၍ဖြေရှင်းပေးခဲ့သည်။

ဤမျှထိကြီးမားသော ကျေးဇူးတရားကို သူမတို့ ပြန်ဆပ်ရန် နည်းလမ်းမရှိတော့ချေ။

"မဟာအကြီးအကဲ.... ကြီးကျယ်ခမ်းနားတဲ့ လက်ဆောင်တွေ ချက်ချင်းပြင်ဆင်ပြီးတော့ ငါနဲ့အတူ အဲ့ဒီစီနီယာကို သွားတွေ့ကြရအောင်..."

ကျူးကော်ချင်းက ပြောဆိုသည်။

"ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်"

မဟာအကြီးအကဲသည် အလျင်အမြန် တုံ့ပြန်အဖြေပေးလိုက်သော်လည်း တစ်စုံတစ်ခုကို သတိရသွားပြီး ပြောဆိုလိုက်သည်။

"အော် ဒါနဲ့ ဂိုဏ်းချုပ်....ထျန်းယွင်ဂိုဏ်းက စာပို့ထားတယ်.... သူတို့ဆီက ဝင်္ကပါတစ်ခုကို ပြင်ဆင်ဖို့ ကူညီပေးပါတဲ့....ဂိုဏ်းချုပ်က ဘယ်လို သဘောရလဲ"

"ထျန်းယွင်ဂိုဏ်းက ဝင်္ကပါကို ပြင်တာက နှစ်ရက်လောက် စောတာနောက်ကျတာနဲ့ ဘာမှ ဖြစ်သွားမှာ မဟုတ်ဘူး... စီနီယာကို သွားတွေ့ဖို့က ပိုအရေးကြီးတယ်"

ကျူးကော်ချင်းက ပြတ်ပြတ်သားသား ပြောဆိုသည်။

"ဟုတ်ကဲ့...."

မဟာအကြီးအကဲက အလျင်အမြန် တုံ့ပြန်အဖြေပေးလိုက်သည်။

မဟာအကြီးအကဲသည် လက်ဆောင်များ ပြင်ဆင်ပြီးနောက် ကျူးကော်ချင်းသည် ထိုနေ့မှာပင် ချင်းနောင်တို့ပေးသော လိပ်စာအတိုင်း ဖုန်းထျန်းမြို့သို့ မဟာအကြီးအကဲနှင့်အတူ ထွက်ခွာလာခဲ့သည်။

နောက်တစ်နေ့တွင်...

သူတို့နှစ်ယောက် ဖုန်းထျန်းမြို့ရှိ လင်းအိမ်တော်၏ရှေ့သို့ ရောက်ရှိလာကြသည်။

သို့သော် လင်းအိမ်တော်ရှေ့သို့ ရောက်ရှိသည်နှင့် သူတို့၏ တွေ့ဆုံခွင့်တောင်းခြင်းသည် ငြင်းပယ်ခြင်းခံလိုက်ရပြီး ကျုံးချင်ကိုတွေ့ခွင့်မရလိုက်ချေ။

အမှန်အားဖြင့် ဤသည်မှာ လင်းမိသားစု၏အပြစ် မဟုတ်ပေ။

အကြောင်းအရင်းမှာ မကြာသေးမီက စတင်၍ ကျုံးချင်ကို တွေ့ခွင့်တောင်းခံသူ များပြားလွန်းသောကြောင့်ပင်။

"ငါတို့ရဲ့ အထောက်အထားကို ပြောပြလိုက်ရင် ကောင်းမလား"

တွေ့ဆုံခွင့်ကို ငြင်းပယ်ခံရပြီးနောက် မဟာအကြီးအကဲက အနည်းငယ် စိတ်အလိုမကျ ဖြစ်သွားသည်။ သူတို့၏အဆင့်အတန်းသည် အရှေ့ပိုင်းဒေသတစ်ခုလုံးတွင် ရိုသေလေးစားခံရသူများ မဟုတ်လော။

မြင့်မြတ်နယ်မြေတစ်ခု၏တံခါးဝသို့ သူတို့ ရောက်ရှိသွားလျှင်ပင် တစ်ဖက်ဂိုဏ်းချုပ်က ယဉ်ကျေးစွာ ကြိုဆိုလိမ့်မည်ဟု ပြောဆိုလျှင် မလွန်ချေ။

အကြောင်းအရင်းမှာ ဝမ်တာအိုတောင်သည် ဝင်္ကပါပညာရပ်တွင် အထူးကျွမ်းကျင်ပြီး အရှေ့ပိုင်းဒေသတွင် ထိပ်တန်းအဆင့်မဟုတ်သော်လည်း သူတို့ကို အကူအညီ မတောင်းဖူးသော ဂိုဏ်းဟူ၍ မရှိသလောက်နီးပါး ဖြစ်နေသောကြောင့်ပင်။

ဖုန်းထျန်းမြို့မှ လင်းအိမ်တော်ရှေ့သို့ သူတို့ ရောက်ရှိချိန်မှသာ တံခါးအတွင်းကိုပင် ဝင်ခွင့်မရဖြစ်မည်ဟု မည်သူက ထင်မှတ်မိမည်နည်း။

"မဟာအကြီးအကဲ....အဲ့ဒါက မသင့်တော်ပါဘူး"

ကျူးကော်ချင်းက အလျင်အမြန် တားဆီးလိုက်ပြီး ပြောဆိုသည်။

"ငါတို့တွေ ဂုဏ်ယူနေတဲ့ အဆင့်အတန်းက အဲ့ဒီလို စီနီယာမျိုးရဲ့ မျက်လုံးထဲမှာ လမ်းဘေးက လူတွေလောက်တောင် ရှိမှာ မဟုတ်ဘူး...ဝင်ခွင့်မရတာက စီနီယာက ငါတို့တွေကို မတွေ့ချင်လို့ ဖြစ်နိုင်တယ်...ဒါကြောင့် ငါတို့က မဆင်မခြင်လုပ်ပြီး သူ့ကို စိတ်အနှောင့်အယှက် မပေးမိစေနဲ့"

"ဂိုဏ်းချုပ် ပြောတာ အမှန်ပါပဲ"

မဟာအကြီးအကဲက အလျင်အမြန် သဘောတူလိုက်ပြီး အနည်းငယ် ရှက်ရွံ့သွားသည်။

"မတွေ့ရတော့လည်း ထားလိုက်ပါတော့.... နောက်တစ်ချိန်ကျရင် ကျေးဇူးဆပ်ဖို့ အခွင့်အရေး ရှိလာမှာပါ....ဒီကနေ ထျန်းယွင်ဂိုဏ်းကိုသွားတာ ပိုနီးတော့ အဲ့ဒီကို တန်းသွားလိုက်ကြတာပေါ့"

ကျူးကော်ချင်းက ညွှန်ကြားလိုက်သည်။

"ထျန်းယွင်ဂိုဏ်းမှာ မကြာသေးခင်က ရွှေရောင်အဆင့်ပါရမီရှင် သူတော်စင်မိန်းမပျို ထွက်ပေါ်လာတယ်လို့ ကြားတယ်.... ဟိုအဘိုးကြီး ဝူယွင်က အဲ့ဒီသူတော်စင်မိန်းမပျိုကို ကိုယ့်ကိုယ်ကိုယ်စောင့်ရှောက်ဖို့ ဝင်္ကပါပညာရပ်တချို့ သင်ပေးစေချင်နေပုံရတယ်"

"ဒီတစ်ခေါက်မှာ ငါတို့က ဝင်္ကပါကို သွားပြင်ပေးရင်းနဲ့ အဲ့ဒီ သူတော်စင်မိန်းမပျိုကို တစ်ချက် ကြည့်ခဲ့မယ်....တကယ်လို့ သူက အလားအလာကောင်းတယ်ဆိုရင် နည်းနည်းပါးပါး သင်ပေးလိုက်ရတာက ဘာမှ မဖြစ်ပါဘူး"

"ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်"

မဟာအကြီးအကဲက ခေါင်းညိတ်လိုက်၏။

"အော် ဟုတ်သားပဲ....ဂိုဏ်းကို အကြောင်းကြားလိုက်အုံး... လင်းမိသားစုနဲ့ အဲ့ဒီစီနီယာရဲ့ ပတ်သက်မှုရယ် စီနီယာက ဖုန်းထျန်းမြို့ကို ဘာရည်ရွယ်ချက်နဲ့ လာတာလဲ ဆိုတာရယ် စုံစမ်းခိုင်းလိုက်ပါ.... နောက်တစ်ခေါက် ငါတို့လာလည်ရင် အဆင်ပြေအောင် လုပ်ရမယ်"

ကျူးကော်ချင်းက ပြောဆိုသည်။

"အခုပဲ စီစဉ်လိုက်ပါ့မယ်"

မဟာအကြီးအကဲက ခေါင်းညိတ်ပြီးနောက် လေထုထဲမှတစ်ဆင့် အသံသတင်းစကား ပေးပို့လိုက်သည်။

ထို့နောက် သူတို့နှစ်ယောက်သား ထျန်းယွင်ဂိုဏ်းသို့ တန်းတန်းမတ်မတ် ထွက်ခွာသွားကြသည်။

All Chapters