မင်းတို့ ထျန်းယွင်ဂိုဏ်းကို မြေလှန်ပစ်ဖို့ မိနစ်ပိုင်းပဲ ကြာမယ် မဟုတ်လား
Vol. 4 Ch. 40
တစ်ရက်အကြာတွင်.....
သူတို့နှစ်ယောက်သား ထျန်းယွင်ဂိုဏ်းသို့ ရောက်ရှိလာကြသည်။
မကြာသေးမီနှစ်များအတွင်း အရှေ့ပိုင်းဒေသ၏ အထင်ရှားဆုံး အင်အားစုများအနက်မှ တစ်ခုဖြစ်လာသောကြောင့် ထျန်းယွင်ဂိုဏ်း၏ တည်ရှိမှုသည် အလွန်ခမ်းနားထည်ဝါပေ၏။
ဂိုဏ်းတံခါးမကြီးကို ဖြတ်ကျော်ပြီးနောက် ကောင်းကင်နှင့်တိမ်တိုက်များဆီသို့ တန်းတန်းမတ်မတ် ဦးတည်နေသော ကျောက်လှေကားထစ်ပေါင်း ကိုးသောင်းကိုးထောင်ကိုးရာကိုးဆယ့်ကိုးထစ် ရှိနေသည်။
မိုးကောင်းကင်ယံသို့ တက်လှမ်းပြီး တိမ်တိုက်များကို စူးစမ်းခြင်းသည် ထျန်းယွင်ဟူသော အမည်နာမ၏ မူလအစပင်။
အထက်သို့ မော့ကြည့်လိုက်လျှင် ထျန်းယွင်ဂိုဏ်း၏ ပုံသဏ္ဍာန်အပြည့်အစုံကို မမြင်နိုင်ဘဲ မှိန်ဖျော့ဖျော့ ထွက်ပေါ်နေသော အလင်းတန်းများကိုသာ မြင်တွေ့ရသည်။ ထိုအလင်းတန်းများကို ဖြတ်ကျော်ကြည့်မှသာ ခမ်းနားထည်ဝါသော အဆောက်အအုံများ၏ ထောင့်စွန်းတစ်နေရာကို ဝိုးတဝါး မြင်တွေ့ရပေမည်။
ကျူးကော်ချင်းနှင့် မဟာအကြီးအကဲတို့ ရောက်ရှိလာမှုကို ထျန်းယွင်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သူ ဝူယွင်ကိုယ်တိုင် လာရောက်ကြိုဆိုသည်။
ထျန်းယွင်ဂိုဏ်း၏ ပင်မခန်းမဆောင်ထဲတွင်...
ဝူယွင်သည် ကျူးကော်ချင်းနှင့် နှုတ်ဆက်စကား ပြောဆိုနေကြ၏။
"ကျွန်တော်တို့ဂိုဏ်းက ဝင်္ကပါအများစုက နှစ်တွေ ကြာလာတာနဲ့အမျှ ပျက်စီးယိုယွင်းနေပြီ... ဒီတစ်ခေါက်မှာ ညီနောင်ကျူးကော်က ကူညီပေးနိုင်မယ်လို့ မျှော်လင့်မိတယ်"
ဝူယွင်သည် ပင်မထိုင်ခုံ၌ထိုင်နေပြီး သူ၏မုတ်ဆိတ်မွှေးကို ပွတ်သပ်ကာ တည်ငြိမ်အေးဆေးသောအပြုံးဖြင့် ပြောဆိုလိုက်သည်။
"ဒါပေါ့... ဘာပြဿနာမှ မရှိပါဘူး"
ကျူးကော်ချင်းက အပြုံးဖျော့ဖျော့ဖြင့် တုံ့ပြန်ပြောဆိုလိုက်၏။
အမှန်အားဖြင့် ဤကဲ့သို့သော အကူအညီမျိုးကို ကျူးကော်ချင်းက အလကားပေးခြင်း မဟုတ်ချေ။
သူ လှုပ်ရှားလိုက်တိုင်း တန်ဖိုးကြီးမားသည်။
ဤသည်မှာ ဆေးပညာရှင်တစ်ဦးသည် တခြားလူများအတွက် ဆေးဖော်စပ်ပေးခြင်းနှင့် သဘောတရားချင်း ထပ်တူထပ်မျှပင်။
ဆေးပညာရှင်တစ်ဦး၏ ကိုယ်ပိုင်စွမ်းအားသည် မကြီးမားသော်လည်း သူတို့ သွားလေရာရာ၌ လေးစားခံရစမြဲဖြစ်သည်။ ဝမ်တာအိုတောင်မှ ဂိုဏ်းသားများသည်လည်း ထိုနည်းလည်းကောင်းပင်။
"ဒါနဲ့ ညီနောင်ကျူးကော်ကို နောက်ထပ် အကူအညီတောင်းစရာ ကိစ္စလေးတစ်ခု ရှိသေးတယ်"
ဝူယွင်က သူ၏မုတ်ဆိတ်မွှေးကို ပွတ်သပ်ရင်း ဆက်လက်၍ ပြောဆိုလိုက်သည်။
"မင်း သိတဲ့အတိုင်းပဲ ငါတို့ ထျန်းယွင်ဂိုဏ်းမှာ မကြာသေးခင်က သူတော်စင်မိန်းမပျိုတစ်ယောက် ထွက်ပေါ်လာတယ်... ညီနောင်ကျူးကော်အနေနဲ့ သူ့ကို လမ်းညွှန်မှုတချို့ ပေးစေချင်တယ်"
"မင်းလည်း သိတာပဲ....ဒီကျင့်ကြံခြင်းလောကမှာ ခရီးသွားတဲ့အချိန်ကျရင် လျှို့ဝှက်နယ်မြေတစ်ခုထဲကို ဝင်တာပဲဖြစ်ဖြစ် နယ်မြေရပ်ခြားကို ခရီးသွားတာပဲဖြစ်ဖြစ် ဝင်္ကပါတွေနဲ့ ကြုံတွေ့ရနိုင်တယ်... အခြေခံဝင်္ကပါတချို့ကို နားလည်ထားရင် သူ့ရဲ့လုံခြုံမှုအတွက် ပိုပြီးစိတ်ချရတာပေါ့"
"ဒါက သူ့ရဲ့ပါရမီအပေါ် မူတည်လိမ့်မယ်"
ကျူးကော်ချင်းက ရယ်ပြုံးရင်း ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်၏။
"ကောင်းပြီလေ... ဒါဆိုရင် ညီနောင်ကျူးကော်က ငါ့ရဲ့တပည့်ကို စမ်းသပ်ကြည့်ပါအုံး"
ထိုစကားဆုံးသည်နှင့် ဝူယွင်က အသံသတင်းစကား ပေးပို့လိုက်သည်။
"ရွှယ်အာ... အထဲကိုဝင်လာပြီးတော့ ဝမ်တာအိုတောင်ဂိုဏ်းချုပ် ကျူးကော်ချင်းကို ဂါရဝပြုလိုက်အုံး"
ဝူယွင်၏အသံဆုံးသည်နှင့် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော မုရုံရွှယ်သည် ခန်းမဆောင် အပြင်ဘက်မှ လျှောက်လှမ်းဝင်ရောက်လာသည်။ သူမ၏ဝတ်ရုံရှည်ကြီးသည် နောက်တွင် တရွတ်တိုက် ပါလာလေ၏။
"မုရုံရွှယ်က စီနီယာကျူးကော်ကို ဂါရဝပြုပါတယ်"
မုရုံရွှယ်က အနည်းငယ် ဦးညွှတ်အရိုအသေပြုပြီး နှုတ်ဆက်လိုက်သည်။
"တကယ့်ကို လူတွေကြားထဲက နဂါးနဲ့ဖီးနစ်ပါပဲ"
ကျူးကော်ချင်းက သဘောကျစွာဖြင့် ခေါင်းညိတ်လိုက်သည်။ သူ၏ အတွေ့အကြုံရင့်ကျက်သောအကြည့်ဖြင့် ဤမိန်းကလေးသည် အမှန်တကယ် ထူးခြားကြောင်း သုံးသပ်မိသည်။ ထို့နောက် သူသည် တဲ့တိုးဆန်စွာ ပြောဆိုလိုက်၏။
"ဒီလိုဆိုမှတော့ ငါ မင်းကို စမ်းသပ်ကြည့်မယ်"
"အခု ငါက မင်းရဲ့ရှေ့မှာ စိတ်ဝိညာဉ်စွမ်းအားစုစည်းခြင်း ဝင်္ကပါအသေးစားတစ်ခုကို ခင်းကျင်းပြမယ်... ငါ လုပ်တာကို ကြည့်ပြီး မင်းက တူညီတဲ့ဝင်္ကပါတစ်ခုကို ခင်းကျင်းနိုင်ရင် မင်းဆရာရဲ့ တောင်းဆိုမှုကို ငါ သဘောတူမယ်"
"ကောင်းပါပြီ ဂိုဏ်းချုပ်ကျူးကော်... စတင်ပါတော့"
မုရုံရွှယ်က ယုံကြည်ချက်ရှိရှိ ပြောဆိုသည်။
ကျူးကော်ချင်းက ခေါင်းညိတ်လိုက်ပြီး သူ၏သိုလှောင်လက်စွပ်ထဲမှ ရွှေဒင်္ဂါးပြားသုံးပြားကို ထုတ်ယူကာ တြိဂံပုံစံဝင်္ကပါအဖြစ် ခင်းကျင်းလိုက်သည်။ ထို့နောက် သူသည် လက်သင်္ကေတများကို ဆက်တိုက်ထုတ်ဖော်လိုက်၏။ မကြာမီမှာပင် စိတ်ဝိညာဉ်စွမ်းအားစုစည်းခြင်း ဝင်္ကပါအသေးစားတစ်ခုကို သူ ခင်းကျင်းလိုက်သည်။
ဤကဲ့သို့ စစ်ဆေးမှုမျိုးသည် ပေါ့ပေါ့ပါးပါးဟု ထင်ရသော်လည်း လူတစ်ယောက်တွင် ဝင်္ကပါပညာရပ်နှင့် ပတ်သက်ပြီး အောင်မြင်မှုရှိမရှိ စမ်းသပ်ရန် လက်တွေ့အဆန်ဆုံး နည်းလမ်းပင်။
"ဘယ်လိုလဲ ကောင်မလေး... မင်း လုပ်နိုင်မလား"
ကျူးကော်ချင်းက မေးမြန်းသည်။
"ဒါက ဘာများ ခက်လို့လဲ"
မုရုံရွှယ်က ယုံကြည်ချက်ရှိရှိ ပြုံးလိုက်ပြီး ရွှေဒင်္ဂါးပြားသုံးပြားကို ထုတ်ယူကာ ကျူးကော်ချင်း၏လုပ်ဆောင်ခဲ့မှုများကို အတုခိုးလိုက်သည်။
သူမ၏လှုပ်ရှားမှုများသည် အနည်းငယ် တောင့်တင်းနေကာ အကျိုးအာနိသင်သည် ကျူးကော်ချင်းလောက် မကောင်းသော်လည်း စိတ်ဝိညာဉ်စွမ်းအားစုစည်းခြင်း ဝင်္ကပါအသေးစားတစ်ခုကို သူမ အောင်မြင်စွာ ခင်းကျင်းနိုင်ခဲ့သည်။
"ဟား ဟား ဟား..."
ထိုအရာကို မြင်တွေ့ချိန်၌ ပင်မထိုင်ခုံတွင်ထိုင်နေသော ဝူယွင်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။
"ဘယ်လိုလဲ ညီနောင်ကျူးကော်... ငါ့ရဲ့တပည့် အဆင်ပြေရဲ့လား"
"ရွှေရောင်အဆင့်ပါရမီဆိုတဲ့အတိုင်း တကယ့်ကို နာမည်နဲ့လိုက်ဖက်ပါပေတယ်"
ကျူးကော်ချင်း အမှန်တကယ် အံ့အားသင့်သွားသည်။ ဤကဲ့သို့ ပါရမီမျိုးသည် အတိတ်က ထျန်းနန်ထက် အနည်းငယ်သာ နိမ့်ကျသည်။
သူ မနာလိုပင် ဖြစ်သွားပြီး မုရုံရွှယ်ကို သူ၏ဝမ်တာအိုတောင်သို့ ခေါ်ဆောင်သွားချင်စိတ်များ ပေါက်ဖွားလာသည်။
"ဒါဆိုရင် ညီနောင်ကျူးကော်က ငါ့ရဲ့တပည့်ကို အမည်ခံတပည့်အဖြစ် လက်ခံလိုက်ပါလား..."
ထိုအချိန်မှာပင် ဝူယွင်က အပြုံးနှင့် ပြောဆိုလိုက်၏။
မုရုံရွှယ်ကလည်း မျှော်လင့်ချက်များဖြင့် ကျူးကော်ချင်းကို ကြည့်လိုက်သည်။
သူမ၏ပါရမီနှင့်ဆိုလျှင် ကျင့်ကြံခြင်းလမ်းစဉ်တွင် သူမ၏ အောင်မြင်မှုများသည် သေချာပေါက် နိမ့်ကျမည် မဟုတ်ချေ။
အကယ်၍ သူမသာ ဝမ်တာအိုတောင်၏ စစ်မှန်သော အမွေအနှစ်များကို တစ်ဆင့်ပြီးတစ်ဆင့် ဆက်ခံရရှိမည်ဆိုပါက သူမ မုရုံရွှယ်သည် အရှေ့ပိုင်းဒေသ တစ်ခုလုံးတွင် နာမည်ကျော်ကြားလာမည် မဟုတ်လော။
မဟုတ်သေးချေ....
သူမသည် အရှေ့ပိုင်းဒေသ၏ ပြိုင်ဘက်ကင်း ပါရမီရှင်ပင် ဖြစ်လာနိုင်သည်။
ဤသည်ကို တွေးတောမိသည်နှင့် သူမသည် မနေနိုင်တော့ဘဲ ဂုဏ်ယူဝံ့ကြွားစွာဖြင့် သူမ၏ခေါင်းကို မော့လိုက်မိသည်။
ကျူးကော်ချင်းသည်လည်း များစွာတွေးတောမနေဘဲ သဘောတူညီမိလုနီးပါး ဖြစ်သွားသည်။
ဤကိစ္စမှာ သူ၏ဝမ်တာအိုတောင်အတွက်လည်း အကျိုးရှိသည်။ မုရုံရွှယ်သည် ရွှေရောင်အဆင့်ပါရမီရှိသူဖြစ်ပြီး သူမ၏ အနာဂတ် အောင်မြင်မှုများသည် အကန့်အသတ် ရှိလိမ့်မည် မဟုတ်ပေ။
ထို့ပြင် သူသည်လည်း မုရုံရွှယ်၏ပါရမီကို အလွန်သဘောကျနှစ်ခြိုက်နေသည်ကို ထည့်ပြောရန်ပင် မလိုတော့ချေ။
အနာဂတ်တွင် မုရုံရွှယ်ကို သူ၏အမွေအနှစ်များ လက်ဆင့်ကမ်းပေးလိုက်လျှင်လည်း မဖြစ်နိုင်စရာမရှိဟု ထိုအချိန်က တွေးတောလိုက်မိသည်။
သို့သော်...
သူ ခေါင်းညိတ်ခါနီးအချိန်တွင်...
သူ၏နံဘေးတွင် ထိုင်နေသော မဟာအကြီးအကဲချုပ်သည် လက်ခနဲဖြစ်သွားသော ကျောက်စိမ်းပြားကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်၏။
ဝူယွင်၏ အကြည့်ကို လစ်လျူရှုကာ မဟာအကြီးအကဲသည် ကျူးကော်ချင်း၏နားအနီးသို့ ကပ်ပြီး စိုးရိမ်တကြီးအသံဖြင့် သတင်းပို့လိုက်သည်။
"ဘာ..."
"ဒီလိုကိစ္စမျိုး ဖြစ်ခဲ့တာလား"
မဟာအကြီးအကဲ၏ အသံဖြင့်သတင်းပို့ခြင်းကို နားထောင်ပြီးနောက် ကျူးကော်ချင်းက မျက်မှောင် တင်းတင်းကြပ်ကြပ် ကြုတ်သည်။
မုရုံရွှယ်အပေါ် ကြည့်နေသော သူ၏အကြည့်များသည်လည်း ချက်ချင်းပြောင်းလဲသွားလေပေ၏။
အကြောင်းအရင်းမှာ အစောပိုင်းက မဟာအကြီးအကဲမှ သူ့ထံသို့ ပေးပို့လိုက်သော သတင်းသည် ဖုန်းထျန်းမြို့ရှိ ဝမ်တာအိုဂိုဏ်းသားများထံမှ ရရှိလိုက်သောသတင်း ဖြစ်နေသောကြောင့်ပင်။
ထိုသတင်းထဲတွင်...
မုရုံမိသားစုနှင့်လင်းမိသားစုကြားမှ အငြိုးအတေးများ မုရုံရွှယ်နှင့်လင်းဖုန်းတို့၏ လက်ထပ်ပွဲ ကိစ္စများ ပါဝင်သည်။
ထို့ပြင် လင်းဖုန်းသည် ကျုံးချင်၏တပည့်ရင်းဖြစ်နေကြောင်းလည်း သူ သိလိုက်ရသည်။
လင်းဖုန်းက မုရုံရွှယ်ကို စိန်ခေါ်ရန် မကြာမီ ထျန်းယွင်ဂိုဏ်းသို့ လာရောက်တော့မည် ဖြစ်ကြောင်းလည်း သူ သိလိုက်ရပေ၏။
ဤသတင်းအချက်အလက်များကို ဆက်စပ်ကြည့်လိုက်လျှင် ကျုံးချင် ဖုန်းထျန်းမြို့သို့ ရောက်လာခြင်းသည် သူ၏တပည့်နှင့် မုရုံရွှယ်တို့ကြားက ကိစ္စအတွက် ဖြစ်နိုင်ကြောင်း ခန့်မှန်းကြည့်ရန် မခက်ခဲချေ။
သူ့ရှေ့မှ မုရုံရွှယ်သည် သူ၏ဝမ်တာအိုတောင်ကို ကယ်တင်ခဲ့သော ကျုံးချင်နှင့် ပတ်သက်နေလိမ့်မည်ဟု သူ လုံးဝထင်မှတ်မထားမိချေ။
"ညီနောင်ကျူးကော်... မင်းတို့ ဝမ်တာအိုတောင်မှာ တစ်ခုခု ဖြစ်လို့လား"
ကျူးကော်ချင်း၏မျက်နှာထား ရုတ်တရက် ပြောင်းလဲသွားသည်ကို မြင်တွေ့ချိန်၌ ဝူယွင်က မနေနိုင်တော့ဘဲ မေးမြန်းလိုက်သည်။
"ညီနောင်ဝူ... မင်းက စိတ်ပူလွန်းနေပြီ...ငါတို့ဝမ်တာအိုတောင်မှာ ဘာမှ မဖြစ်ပါဘူး... ဒီတပည့်ကို လက်ခံဖို့ ငါ့မှာ ကံမပါဘူးလို့ ထင်မိရုံပါပဲ"
ကျူးကော်ချင်းက မုရုံရွှယ်ကို တစ်ချက်ကြည့်ပြီး ပြောဆိုသည်။
"ဒါက ဘာသဘောလဲ"
ကျူးကော်ချင်း၏ စကားကို ကြားချိန်၌ ဝူယွင်က မျက်မှောင်ကြုတ်လိုက်၏။
"ရွှယ်အာက စမ်းသပ်မှုကို အောင်မြင်ရင် မင်း သင်ပေးမယ်လို့ ခုဏကပဲ ပြောခဲ့တာ မဟုတ်လား"
"သူရဲ့ပါရမီက ကောင်းပါတယ်... ဒါပေမဲ့ သူ့ရဲ့ အကျင့်စာရိတ္တကတော့..."
ကျူးကော်ချင်းသည် မည်သည့်စကားမျှ ဆက်မပြောတော့ဘဲ မတ်တတ်ထရပ်လိုက်သည်။
"ဝင်္ကပါပြင်ဆင်တဲ့ကိစ္စကို နောက်မှပဲ ပြောကြတာပေါ့"
ထိုသို့ပြောဆိုပြီးနောက် ကျူးကော်ချင်းသည် မဟာအကြီးအကဲနှင့်အတူ ပြင်ပသို့ ထွက်ခွာသွားတော့သည်။
"ဆရာ... သူက ဘာသဘောလဲ"
မုရုံရွှယ်က မကျေမနပ်ဖြင့် ပြောဆိုလိုက်၏။
"သူ့ရဲ့ ဝမ်တာအိုတောင်လို ဂိုဏ်းအငယ်စားလေးက ကျွန်မတို့ ထျန်းယွင်ဂိုဏ်းမှာ ဘာတွေ လာပြီး မာန်တက်ပြနေတာလဲ... သူက ဝင်္ကပါတချို့ကို နားလည်ရုံလောက် မဟုတ်ဘူးလား... ကျွန်မက သင်တောင် မသင်ချင်ပါဘူး"
"ဟူး..."
"ရွှယ်အာ... တပည့် အရင်ပြန်နှင့်လိုက်တော့... ကျူးကော်ချင်းရဲ့ စကားထဲမှာ ဖုံးကွယ်ထားတဲ့ အဓိပ္ပါယ်တွေ ရှိနေတယ်လို့ ဆရာ ခံစားရတယ်"
ခန်းမထဲတွင် ရပ်နေရင်း ဝူယွင်သည် အချိန်တခဏကြာ စဥ်းစားတွေဝေသွားပြီးနောက် ထွက်ခွာသွားသော ကျူးကော်ချင်းနှင့် မဟာအကြီးအကဲ၏နောက်သို့ လိုက်သွားလိုက်သည်။
နောက်ဆုံးတွင် ဂိုဏ်းတံခါးဝ၌ သူသည် သူတို့နှစ်ဦးကို အမီလိုက်နိုင်ခဲ့သည်။
"ညီနောင်ကျူးကော်... တကယ်တမ်းက ဘာဖြစ်ခဲ့တာလဲဆိုတာ ပြောပြလို့ ရမလား"
ဝူယွင်က တည်ကြည်လေးနက်သော မျက်နှာထားဖြင့် မေးမြန်းလေ၏။
"ပြီးတော့ မင်းရဲ့စကားတွေထဲမှာ ဖုံးကွယ်ထားတဲ့ အဓိပ္ပာယ်တွေ ရှိနေတယ်လို့ ငါ ခံစားရတယ်"
ဝူယွင် လိုက်လာသည်ကို မြင်တွေ့ချိန်၌ ကျူးကော်ချင်းက သက်ပြင်းချပြီး ပြောဆိုသည်။
"ညီနောင်ဝူ... ငါတို့နှစ်ယောက်ရဲ့ ခင်မင်မှုက သိပ်မကြီးမားပေမယ့် ငါတို့တွေ သိကျွမ်းလာတာ နှစ်ရာနဲ့ချီနေပြီ... ဒီခင်မင်မှုကို ထောက်ထားပြီးတော့ မင်းကို တစ်ခုလောက် သတိပေးလိုက်မယ်"
"ဘာကိစ္စလဲဆိုတာသာ ပြောပါ..."
"မင်းရဲ့တပည့်နဲ့ ပတ်သက်ရင် မင်း သူနဲ့ ရှင်းရှင်းလင်းလင်း စည်းသားထားတာ ဒါမှမဟုတ် သူကို ထျန်းယွင်ဂိုဏ်းကနေ တိုက်ရိုက် ထုတ်ပယ်လိုက်တာက အကောင်းဆုံးပဲ... မဟုတ်ရင် မင်းက ကိုယ့်ဒုက္ခကိုယ်ရှာသလို ဖြစ်နေလိမ့်မယ်"
ကျူးကော်ချင်းက တည်ကြည်လေးနက်သော အမူအယာဖြင့် ပြောဆိုသည်။
"မင်း ဘာပြောလိုက်တာလဲ"
သို့ရာတွင် ကျူးကော်ချင်း၏ စကားကို ကြားချိန်၌ ဝူယွင်က ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်သည်။
"ကျူးကော်ချင်း... မင်း ရူးသွားပြီလား"
"မင်းက ငါ့ကို ဂိုဏ်းကနေ ရွှယ်အာကို ထုတ်ပယ်စေချင်တာလား"
"သူ့မှာ ရွှေရောင်အဆင့်ပါရမီ ရှိတာ မင်း မသိဘူးလား... သူ့ကို ပြုစုပျိုးထောင်ဖို့အတွက် ငါတို့ ထျန်းယွင်ဂိုဏ်းက လူအင်အားနဲ့ အရင်းအမြစ်တွေ ဘယ်လောက်ထိ သုံးခဲ့ရလဲဆိုတာ မင်း မသိဘူးလား...ရွှေရောင်အဆင့်ပါရမီရှိတဲ့ သူ့ကို မင်းက ဂိုဏ်းကနေ ထုတ်ပယ်ခိုင်းတယ်ပေါ့လေ"
"မင်း ငါ့ကို နောက်နေတာတော့ မဟုတ်ဘူးမလား"
ဝူယွင်က ကျူးကော်ချင်းကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။ ဤသည်က သူ့ကို ကျီစယ်စနောက်နေခြင်း မဟုတ်လော။
သို့ရာတွင် ကျူးကော်ချင်း၏မျက်နှာထားသည် တည်ကြည်လေးနက်နေဆဲပင်။
"ငါ မင်းကို နောက်နေတာ မဟုတ်ဘူး... ငါက အတည်ပြောနေတာပဲ"
ကျူးကော်ချင်းအမြင်အရဆိုလျှင် သူ၏သတိပေးချက်သည် လုံးဝမလွန်ကဲပေ။
ရွှေရောင်အဆင့်ပါရမီ ရှိနေလျှင်ပင် မည်သို့ ဖြစ်နိုင်မည်နည်း...
ရွှေရောင်အဆင့်ပါရမီရှင် တစ်ယောက်သည် ကံမကောင်းလျှင် အနာဂတ်တွင် အလွန်ဆုံးအမေဖြင့် နေမင်းနက်နဲသိမ်မွေ့နယ်ပယ်သို့ ရောက်ရှိနိုင်ပေလိမ့်မည်။ ထူးချွန်သူများဆိုလျှင် မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ်သို့ ရောက်ရှိနိုင်ခြေ အနည်းငယ် ရှိကောင်းရှိနိုင်သည်။
သို့ရာတွင် ကျုံးချင်သည် သစ်သားပန်းပုရုပ် တစ်ရုပ်တည်းဖြင့် နေမင်းနက်နဲသိမ်မွေ့နယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်နိုင်သည်။
အကယ်၍ ဤကဲ့သို့ ထိပ်တန်းကျင့်ကြံသူကသာ သူ၏တပည့်အတွက် အမှန်တကယ် ဒေါသထွက်လာခဲ့လျှင် ထျန်းယွင်ဂိုဏ်းကို မြေလှန်ပစ်ရန် မိနစ်ပိုင်းမျှသာ ကြာမြင့်မည် မဟုတ်လော....