← Chapters

ပုရွက်ဆိတ်၏ ခုန်ပေါက်ခြင်း

Vol. 4 Ch. 32

ပုရွက်ဆိတ်၏ ခုန်ပေါက်ခြင်း

Vol. 4 Ch. 32

"ဒီနေ့ သမီး ဘာမှလုပ်စရာ မရှိတာနဲ့ အဖေ့ဆီ လာခဲ့တာ.... အဖေရော ဒီမှာနေရတာ အဆင်ပြေရဲ့လား"

မုရုံရွှယ်က မေးမြန်းသည်။

"အဆင်ပြေတယ် ..အဆင်ပြေပါတယ်....အရမ်း အဆင်ပြေတာပေါ့"

မုရုံဟိုင်က ပြုံးရွှင်စွာဖြင့် ပြောဆိုသည်။

"ဒီမှာနေရတာက ဖုန်းထျန်းမြို့လို ချောင်ကျတဲ့ နေရာမျိုးနဲ့ ယှဉ်လို့တောင် မရဘူး....ဒီမှာနေပြီး သိပ်မကြာခင်မှာပဲ အချိန်အကြာကြီး ရပ်တန့်နေတဲ့ အဖေ့ရဲ့ ကျင့်ကြံဆင့်က ပြန်တက်လာချင်သလို ဖြစ်နေပြီ"

"ဒါဆိုရင် ကောင်းတာပေါ့.... သမီးဆီမှာ ကြယ်တာရာနက်နဲသိမ်မွေ့ဆေးလုံး နည်းနည်းပါလာတယ်"

မုရုံရွှယ်က သူမ၏ဖြူဖွေးနေသော လက်ကိုမြှောက်ကာ ကြည်လင်တောက်ပနေသော ကျောက်စိမ်းပုလင်းကို စားပွဲပေါ်သို့ တင်လိုက်ပြီး ပြောဆိုသည်။

"ဒီ ကြယ်တာရာနက်နဲသိမ်မွေ့ဆေးလုံးတွေက အဖေ့ကို ကြယ်တာရာနက်နဲသိမ်မွေ့နယ်ပယ်ဆီ ချိုးဖျက်ဝင်ရောက်နိုင်မယ့် အခွင့်အရေး ပိုများစေလိမ့်မယ်"

"ဒါက..."

မုရုံဟိုင်၏မျက်လုံးများ တောက်ပသွားသည်။ သူသည် ကျောက်စိမ်းပုလင်းကို ကောက်ယူပြီး ဖွင့်ကြည့်လိုက်ရာ အတွင်း၌ ဆေးလုံး ခုနစ်လုံးကို မြင်တွေ့လိုက်ရသည်။ တစ်ချိန်တည်းမှာပင် ပြင်းထန်သော ဆေးရနံ့များက အခန်းတစ်ခုလုံးအနှံ့ ပျံ့လွင့်သွားပေ၏။

"ဒီဆေးလုံးတွေက တကယ့်ကို ရှားပါးရတနာတွေပဲ"

မုရုံဟိုင်က ရေရွတ်လိုက်သည်။

"အရင်က ဖုန်းထျန်းမြို့မှာတုန်းက ဒီလိုဆေးမျိုး တစ်လုံးရဖို့တောင် မလွယ်ဘူး...အခုက ခုနစ်လုံးတောင်ပါလား"

"ဒါက ကြယ်တာရာ နက်နဲသိမ်မွေ့ဆေးလုံးလေးပဲလေ.... အဖေက စိတ်ကြိုက်သာ သုံးလိုက်... မလောက်ရင် သမီးဆီမှာ နောက်ထပ် ရှိသေးတယ်"

မုရုံရွှယ်က ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုသည်။

"ထျန်းယွင်ဂိုဏ်းမှာရှိတဲ့ သမီးရဲ့ လက်ရှိ အဆင့်အတန်းနဲ့ဆိုရင် ဒီလိုဆေးလုံးမျိုးကို ရဖို့က စကားလေး တစ်ခွန်းနှစ်ခွန်းလောက် ပြောလိုက်ရုံပဲ"

"ငါ့ရဲ့သမီးက အတော်ဆုံးပဲ"

မုရုံဟိုင်က စိတ်သက်သာရာ ရသွားသည့်ဟန်ဖြင့် ပြောဆိုသည်။ ထို့နောက် သူက မေးမြန်းလိုက်၏။

"အော်.... ဒါနဲ့ သမီး...အဖေက သမီးရဲ့ ကျင့်ကြံဆင့်ကို ဘာလို့ ထွင်းဖောက်မမြင်ရတာလဲ....အခု ဘယ်အဆင့်ကို ရောက်နေပြီလဲ"

"ချန်ရွှမ်နယ်ပယ် အလယ်အလတ်အဆင့်ပါ"

မုရုံရွှယ်က နှုတ်ခမ်းထောင့်စွန်းများ ကွေးညွှတ်သွားအောင် ပြုံးရင်း ပြောဆိုလိုက်သည်။

"ချန်ရွှမ်နယ်ပယ် အလယ်အလတ်အဆင့်ကို ရောက်နေပြီလား"

မုရုံဟိုင်သည် အံ့အားသင့်မှင်သက်သွားပြီး သူ၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ အထင်းသား ထင်ဟပ်လာသည်။

"သမီးရဲ့ အဆင့်က အဖေ့ကိုတောင် မီတော့မယ်.... အဖေက ချန်ရွှမ်နယ်ပယ် နှောင်းပိုင်းအဆင့်ကို ရောက်ဖို့ ဆယ်စုနှစ်နဲ့ချီပြီး ကျင့်ကြံခဲ့ရတာ... သမီးက အခုမှ ဆယ်ကျော်သက်ပဲ ရှိသေးတယ်.... တကယ့်ကိုပဲ ရွှေရောင်အဆင့်ပါရမီ ပိုင်ရှင်ဆိုတာက အရမ်းထူးခြားပါလား"

"သမီးအတွက်ကတော့ အဆင့်တက်ဖို့ဆိုတာ အချိန်ပဲလိုအပ်တဲ့ ကိစ္စပါပဲ"

မုရုံရွှယ်က သူမ၏ခေါင်းကိုမော့ရင်း ဂုဏ်ယူဝံ့ကြွားစွာ ပြောဆိုသည်။

"ပြီးတော့ အဖေ သမီးရဲ့အဆင့်ကို မမြင်ရတာက သမီးရဲ့ကျင့်ကြံနှုန်းက အရမ်းမြန်လွန်းလို့ပဲ....တစ်နှစ်အတွင်းမှာ သမီးက ရှန်ထျန်းနယ်ပယ် ကနေ အခုအဆင့်ကို ချိုးဖျက်ဝင်ရောက်နိုင်ခဲ့တယ်"

"ဒီလို ကျင့်ကြံနှုန်း မြန်ဆန်တာက သတင်းပျံ့သွားရင် မနာလိုသူတွေ ရှိလာမှာစိုးလို့ ဂိုဏ်းချုပ်က သမီးရဲ့ချီအရှိန်အဝါကို ဖုံးကွယ်နိုင်မယ့် နည်းလမ်းကို သင်ပေးထားလို့ပါ"

"ဒါဆိုရင် ကောင်းတာပေါ့"

မုရုံဟိုင်က အပြုံးနှင့် ပြောဆိုသည်။

"ဂိုဏ်းတိုင်းမှာ ရန်သူတွေနဲ့ ပြိုင်ဘက်တွေ ရှိကြစမြဲပဲ...သမီးရဲ့ ကျင့်ကြံနှုန်းကို သူများတွေ သိသွားရင် သမီးအတွက် အန္တရာယ်ရှိနိုင်တယ်..... ဂိုဏ်းက ခုလိုလုပ်ပေးထားတာက သမီးကောင်းဖို့အတွက်ပါပဲ"

မုရုံရွှယ်က မောက်မာထောင်လွှားစွာဖြင့် ခေါင်းညိတ်ပြလိုက်၏။

ထိုအချိန်မှာပင် မုရုံဟိုင်က တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသည်။ သူက လက်ထဲမှ စာကိုမြှောက်ပြီး ပြောဆိုလိုက်သည်။

"လင်းမိသားစုက လင်းဖုန်းဆီက စာရောက်လာတယ်.... သူက အရင်တုန်းက သုံးနှစ်ကတိကို စောင့်ထိန်းတဲ့အနေနဲ့ နောက်တစ်လနေရင် တောင်ပေါ်တက်လာပြီး သမီးကို စိန်ခေါ်မယ်တဲ့"

"လင်းဖုန်း...."

"ဖုန်းထျန်းမြို့ လင်းမိသားစုက လင်းဖုန်း လား"

မုရုံရွှယ်က သူမ၏ခေါင်းကို တိမ်းစောင်းကြည့်ရင်း မေးမြန်းလိုက်သည်။

အကယ်၍ မုရုံဟိုင်သာ မပြောလျှင် သူမအနေဖြင့် ထိုလူအကြောင်း မတွေးမိသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

"လွန်ခဲ့တဲ့ နှစ်ဝက်လောက်တုန်းက သုံးနှစ်ကြာရင် လာခဲ့မယ်ဆိုပြီး သူက အော်ဟစ်နေတာ မဟုတ်လား... အခု အချိန်နှစ်နှစ်ခွဲတောင် ကျန်သေးတယ်....ဘာလို့ သူက အခုချိန်မှာလာပြီး စိန်ခေါ်ချင်ရတာလဲ"

"အဖေလည်း မသိဘူး...ဒါက သူပို့လိုက်တဲ့ စိန်ခေါ်စာပဲ သမီး ဖတ်ကြည့်မလား"

မုရုံဟိုင်က သူ၏လက်ထဲမှ စာကို လက်ကမ်းပေးလိုက်၏။

သို့သော် မုရုံရွှယ်သည် ထိုစာကို လှမ်းမယူသည့်အပြင် တစ်ချက်ကလေးမျှပင် စောင်းငဲ့မကြည့်ချေ။

"သမီးကို စိန်ခေါ်ရဲတဲ့ သတ္တိမျိုး သူ ဘယ်ကနေ ရလာမှန်း သမီး တကယ်ကို မသိတော့ဘူး"

မုရုံရွှယ်က မထီမဲ့မြင် ပြုံးလိုက်သည်။

"ဖုန်းထျန်းမြို့က ကြားရတဲ့ သတင်းတချို့အရတော့ လင်းဖုန်းက ကံကောင်းပြီး ဆရာတစ်ယောက် တွေ့သွားတယ်တဲ့... သူ့ဆရာရဲ့ စွမ်းအားက တော်တော်ကောင်းပုံရတယ်....ဖုန်းထျန်းမြို့ကို ဒုက္ခပေးနေတဲ့ လမင်းနက်နဲသိမ်မွေ့နယ်ပယ် သားရဲကိုတောင် ရှင်းလင်းပေးခဲ့တယ်ဆိုပဲ.... သူ့ရဲ့စွမ်းအားက လမင်းနက်နဲသိမ်မွေ့နယ်ပယ် နှောင်းပိုင်းအဆင့်လောက်မှာ ရှိမယ်ထင်တယ်"

မုရုံဟိုင်က ပြောဆိုသည်။

"ဒါကြောင့် လင်းဖုန်းက အဲ့ဒီလူရဲ့ အကူအညီနဲ့ ကျင့်ကြံနိုင်သွားတာပဲ ဖြစ်မယ်"

ထိုစကားများကို နားထောင်ပြီးနောက် မုရုံရွှယ်၏မျက်နှာအမူအယာသည် ပြောင်းလဲသွားခြင်း မရှိချေ။

"လမင်းနက်နဲသိမ်မွေ့နယ်ပယ် ဆရာတစ်ယောက်လောက်များ..."

"သမီးတို့ ထျန်းယွင်ဂိုဏ်းမှာ အဲ့ဒီလိုလူတွေ အများကြီး ရှိတယ်.... ပြီးတော့ သမီးကို သင်ပေးနေတဲ့ သူတွေကလည်း အနည်းဆုံး လမင်းနက်နဲသိမ်မွေ့နယ်ပယ် အဆင့်တွေပဲ မဟုတ်လား"

"အဲဒါတော့ ဟုတ်တယ်....လမင်းနက်နဲသိမ်မွေ့နယ်ပယ်ဆိုတာ ပြောပလောက်တဲ့အရာ မဟုတ်ဘူး"

မုရုံဟိုင်ကလည်း ဂုဏ်ယူဝင့်ကြွားစွာဖြင့် ခေါင်းညိတ်ထောက်ခံလိုက်သည်။

ယခင်တုန်းကဆိုလျှင် လမင်းနက်နဲသိမ်မွေ့နယ်ပယ်သည် သူတို့ လက်လှမ်းမမီနိုင်သော အဆင့်တစ်ခုပင်။

သို့သော် ယခု၌မူ...

တခြားအရာများကို ဘေးဖယ်ထားလျှင်ပင် သူ့ကို ယဉ်ကျေးစွာ ဆက်ဆံသော အကြီးအကဲများအားလုံးသည် လမင်းနက်နဲသိမ်မွေ့နယ်ပယ် အဆင့်များ ဖြစ်ကြ၏။ သူသည် ထိုလူများနှင့် နေ့စဥ်နေ့တိုင်း ထိတွေ့ဆက်ဆံနေရသည် မဟုတ်လော။

"သူက ဘာလို့ ဒီအချိန်မှာ လာပြီးစိန်ခေါ်ချင်ရတာလဲဆိုတာ သမီး သိပြီ"

မုရုံရွှယ်က လှောင်ပြောင်သရော်သည့် လေသံဖြင့် ပြောဆိုသည်။

"ဘာလို့လဲ...."

မုရုံဟိုင်က နားမလည်နိုင်စွာဖြင့် မေးမြန်းလိုက်၏။

"သူက လမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူရဲ့ အကူအညီနဲ့ ကျင့်ကြံနိုင်သွားပြီလို့ အဖေ ပြောတယ်မလား"

မုရုံရွှယ်က အထင်သေးစွာဖြင့် ပြောဆိုသည်။

"ဒါကြောင့် သူက အသုံးမကျတဲ့ကောင် မဟုတ်ဘူးဆိုတာ သမီးကို သက်သေပြချင်နေတာလေ"

"ဒါပေမဲ့ အဲ့ဒီလိုဆိုရင်တောင် ဘာဖြစ်လာမှာလဲ... ဟောက်ထျန်းနယ်ပယ်လား ရှန်ထျန်းနယ်ပယ်လား.....သမီးရဲ့မျက်လုံးထဲမှာတော့ သူက အသုံးမကျတဲ့ကောင် ဖြစ်နေတုန်းပဲ"

"ဒီလို သက်သေပြတာမျိုးက သမီးအတွက် ကလေးကလား ဆန်လွန်းတယ်....ဒီလိုလုပ်ရုံနဲ့ သမီးက သူ့ကို အထင်ကြီးလာမယ်လို့ သူ ထင်နေတာလား"

ထိုသို့ပြောဆိုရင်းနှင့် မုရုံရွှယ်၏မျက်နှာအမူအယာ အေးစက်တင်းမာလာသည်။

"သူ လာချင်ရင် လာပါစေ.....ဒါပေမဲ့ ရောက်လာပြီဆိုရင်တော့ သူ ပြန်ထွက်သွားလို့ မရတော့ဘူး"

"မင်း သူ့ကို သတ်မလို့လား"

မုရုံဟိုင်က ထိတ်လန့်သွားပြီး မေးမြန်းလိုက်သည်။

"စိန်ခေါ်ပွဲစင်မြင့်ပေါ်မှာ သေသွားတာက သူ့အတွက် အကောင်းဆုံး ရလဒ်ပဲ မဟုတ်လား"

မုရုံရွှယ်က တုံ့ပြန်မေးမြန်းလိုက်၏။

"သမီး...ဘာပဲဖြစ်ဖြစ် သူ့ရဲ့အသက်ကိုတော့ ချမ်းသာပေးလိုက်ပါ... ဘာပဲဖြစ်ဖြစ် လင်းမိသားစုက အဖေတို့မုရုံမိသားစုအပေါ် ကျေးဇူးရှိခဲ့ဖူးတယ်..... ပြီးတော့ စေ့စပ်စာချုပ်ကိစ္စကို ခဏထားလိုက်ဦး.... သမီးတို့နှစ်ယောက်က ငယ်ငယ်ကတည်းက အတူကြီးပြင်းလာကြတာ... ငယ်ချစ်ဦးတွေလို ဖြစ်ခဲ့တယ် မဟုတ်လား... "

"တော်စမ်းပါ....."

ရုတ်တရက် မုရုံရွှယ်၏ချောမောလှပသော မျက်နှာလေး ရှုံ့မဲ့သွားပြီး စူးရှစွာ အော်ဟစ်လိုက်၏။

"ဘာ စေ့စပ်စာချုပ်လဲ.... ဘာ ငယ်ချစ်ဦးလဲ"

"အဖေ သမီးက ဘယ်သူလဲဆိုတာ သိရဲ့လား.... သမီးက ထျန်းယွင်ဂိုဏ်းရဲ့ သူတော်စင်မိန်းမပျို...."

"ဒီလို စေ့စပ်စာချုပ်မျိုး ရှိခဲ့တာက သမီးအတွက် အမည်းစက်ပဲ"

"အမည်းစက်....အမည်းစက်ဆိုတာ အဖေ နားလည်လား"

"ဒီအမည်းစက်ကို မဖျက်ဆီးပစ်ရင် လူတိုင်းက သမီးကို တစ်မျိုးမြင်နေသလို ခံစားရတယ်....လူတိုင်းရဲ့အကြည့်တွေက လှောင်ပြောင်နေသလိုပဲ... သမီးရဲ့ခန္ဓာကိုယ်ပေါ်မှာ ပုရွက်ဆိတ်တွေ တက်နေသလို ခံစားရတယ်"

"ဒါကြောင့် သူ သေကို သေရမယ်"

မုရုံရွှယ်၏ခန္ဓာကိုယ်တစ်ခုလုံး အေးစက်နေပြီး သူမ၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။

"ကောင်းပြီ...ကောင်းပြီလေ"

မုရုံရွှယ် ရုတ်တရက် ဒေါသထွက်သွားသည်ကို မြင်လိုက်ရသောကြောင့် မုရုံဟိုင် ကြောက်လန့်သွားပြီး မည်သည့်စကားမျှ ဆက်မပြောရဲတော့ချေ။

"သမီး အရင်ပြန်နှင့်မယ်...အဖေ ဘာမှ ထပ်ပြောစရာ မလိုတော့ဘူး....နောက်တစ်လနေရင် သူ့ကို လာသေခိုင်းလိုက်တော့"

မုရုံရွှယ်က အေးစက်တင်းမာစွာ ပြောဆိုပြီးနောက် လှည့်ထွက်သွားသည်။

ထိုအချိန်မှာပင်..

လင်းဖုန်း၏ စိန်ခေါ်စာသည်လည်း ထျန်းယွင်ဂိုဏ်းထံသို့ ရောက်ရှိသွားသည်။

ဤသည်က အတိအလင်း စိန်ခေါ်မှုဖြစ်သောကြောင့် ထျန်းယွင်ဂိုဏ်းအနေဖြင့် သိရှိထားရပေမည်။

ထျန်းယွင်ဂိုဏ်းဘက်မှ ထူးထူးခြားခြား တုံ့ပြန်ခြင်း မရှိပေ။ ဤသည်ကို သဘောတူညီချက် တစ်ခုအဖြစ် မှတ်ယူထားလိုက်သော်လည်း သူတို့အနေဖြင့် အလေးအနက် မထားသည်မှာ သိသာထင်ရှားသည်။

ထိပ်တန်းအဆင့် ဂိုဏ်းကြီးတစ်ခုအနေဖြင့် အထက်ပိုင်း အကြီးအကဲများတွင် နေ့စဉ်နေ့တိုင်းဖြေရှင်းစရာ ကိစ္စကြီးငယ်မြောက်များစွာ ရှိနေသည်။ ရလဒ်သည် သိသာထင်ရှားပြီးသား ဖြစ်နေသည့် ဤကိစ္စငယ်လေးတစ်ခုကို သူတို့ အာရုံစိုက်နေမည် မဟုတ်ချေ။

ဤသည်က ပုရွက်ဆိတ်လေးတစ်ကောင်၏ ရုန်းကန်မှုမျှသာ ဖြစ်ပေ၏။

All Chapters