အခက်အခဲများ
Vol. 4 Ch. 33
နောက်ထပ် ရက်အနည်းငယ် ကုန်လွန်သွားသည်။
လင်းအိမ်တော်၌...
ကျုံးချင်သည် ခြံဝင်းထဲတွင် အေးအေးလူလူ လဲလျောင်းနေသည်။
[စနစ် ....လက်ခံသူ၏တပည့် လင်းဖုန်းသည် ချန်ရွှမ်နယ်ပယ် အလယ်အလတ်အဆင့်သို့ ချိုးဖျက်ဝင်ရောက်သွားပါပြီ]
[စနစ်.... ဂုဏ်ယူပါတယ် လက်ခံသူသည် နေမင်းနက်နဲသိမ်မွေ့နယ်ပယ်သို့ ရောက်ရှိသွားပါပြီ]
"အော် နေမင်းနက်နဲသိမ်မွေ့နယ်ပယ်လား"
ကျုံးချင်သည် သူ၏ အဆင့်တက်သွားမှုကို ခံစားမိပြီး နှုတ်ခမ်းမဲ့လိုက်မိသည်။ သူ့တပည့်နှစ်ယောက်၏ကြိုးစားမှုနှင့် ဆယ်ဆပြန်ရသည့် စနစ်တို့ ပေါင်းစပ်လိုက်ချိန်၌ သူ၏အဆင့်တက်နှုန်းမှာ အမှန်တကယ်ကို မြန်ဆန်လှသည်။
သူ၏ကျင့်ကြံဆင့်နယ်ပယ် အဆင့်မြင့်လာလေလေ လိုအပ်သော ကျင့်ကြံခြင်းစွမ်းအားများ ပို၍များပြားလာလေလေပင်။ မူလက သူသည် နေမင်းနက်နဲသိမ်မွေ့နယ်ပယ်ရောက်ရန် အချိန်တစ်ခု ပေးရလိမ့်မည်ဟု ထင်ထားသော်လည်း ဤမျှထိ မြန်မြန်ဆန်ဆန် ရောက်သွားလိမ့်မည်ဟု သူ တွေးထင်မထားခဲ့ချေ။
[လက်ခံသူ...ကျုံးချင်]
[ကျင့်ကြံဆင့်...နေမင်းနက်နဲသိမ်မွေ့နယ်ပယ်]
[တပည့် .....လင်းဖုန်း 'ချန်ရွှမ်နယ်ပယ် အလယ်အလတ်အဆင့်'အဆတစ်ရာ တိုးမြှင့်ခြင်းစနစ် အသက်ဝင်နေသည်]
[တပည့် ....စုယဲ့ 'ရှန်ထျန်းနယ်ပယ်' အဆတစ်ရာ တိုးမြှင့်ခြင်းစနစ် အသက်ဝင်နေသည်]
[အသက်ဝင်နေသော နှောင်ကြိုးများ - အမှိုက်နှောင်ကြိုး ၂/၂...နောက်ထပ် နှောင်ကြိုးများ ရှာဖွေရန်]
[ရရှိထားသော ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ...မရှိ]
[ရရှိထားသော အထူးစွမ်းရည်များ - လောက်လျူအရှိန်အဝါ ကောင်းကင်ဘုံမျက်လုံး အဆင့်တူပြိုင်ဘက်များကို အင်အားသုံးချေမှုန်းခြင်း ကိုယ်ပိုင်ကမ္ဘာငယ်]
"အရမ်းကောင်းတယ်"
ကျုံးချင် ကျေနပ်သွားပြီး နောက်မီကုလားထိုင်ပေါ်မှ ထကာ သူ၏ကိုယ်ပိုင်ကမ္ဘာငယ်လေးထဲသို့ ဝင်ရောက်သွားလိုက်သည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်းတွင် ကမ္ဘာငယ်လေးသည် များစွာပြောင်းလဲသွားပေ၏။
သုခဘုံဟု တင်စားလျှင်လည်း လုံးလုံးလျားလျား မလွန်ချေ။
ထိုနေရာ၌ ရှိနေရုံမျှဖြင့် စိတ်ကို ကြည်လင်လန်းဆန်းစေပြီး ပျော်ရွှင်စေသည်။
ကမ္ဘာငယ်လေးသည် အပြင်ဘက် ကမ္ဘာကြီးနှင့် မခြားနားသောကြောင့် စိတ်ဝိညာဉ်စွမ်းအားများလည်း ရှိနေသည်။
သို့ရာတွင် သေသေချာချာ စီစဉ်ထားသည့် ပုံစံကြောင့် ဤကမ္ဘာငယ်လေးထဲရှိ စိတ်ဝိညာဉ်စွမ်းအင်များသည် အပြင်လောကထက် ပို၍ပေါကြွယ်ဝနေပေ၏။
မကြာမီမှာပင် ကျုံးချင်သည် အမျိုးသမီးနှစ်ယောက်မှ သူ့အတွက် သီးသန့်ဆောက်ပေးထားသည့် ရေပေါ်ခန်းမဆောင်သို့ ရောက်ရှိလာသည်။
ဤခန်းမဆောင်အတွင်းတွင် မတ်တတ်ရပ်လိုက်သည်နှင့် မျက်နှာချင်းဆိုင်ရှိ ရေကန်နှင့် အဝေးမှ ရေတံခွန်တို့ကို လှမ်းမြင်နေရသည်။ အေးမြသော ကန်လေညှင်းများ တိုက်ခတ်နေသဖြင့် အလွန်သက်တောင့်သက်သာ ရှိလှသည်။
သူ၏ အတိတ်ဘဝတုန်းကဆိုလျှင် ဘီလီယံနာသူဌေးများမှလွဲ၍ မည်သူကများ ဤကဲ့သို့ အခြေအနေမျိုးတွင် နေထိုင်နိုင်မည်နည်း။
"ဂါရဝပြုပါတယ် စီနီယာ"
ထိုအချိန်မှာပင် အမျိုးသမီးနှစ်ယောက်သည် ဖုန်မှုန့်များ ပေကျံနေပြီး အဝေးမှ ပျံသန်းလာကြကာ ကျုံးချင်ကို နှုတ်ဆက်လိုက်ကြသည်။
"မင်းတို့နှစ်ယောက်က ဒီကာလအတွင်းမှာ တကယ့်ကို ပင်ပင်ပန်းပန်း လုပ်ခဲ့ကြတာပဲ မင်းတို့ ဆောက်လုပ်ထားတဲ့ ပုံစံကို ငါအရမ်း သဘောကျတယ်"
ကျုံးချင်သည် ချီးကျူးစကားပြောဆိုရန် ဝန်မလေးခဲ့ချေ။ သူသည် အမျိုးသမီးနှစ်ယောက်၏ ကြိုးစားအားထုတ်မှုကို မြင်တွေ့ခဲ့ရသည်။ ဤကမ္ဘာငယ်လေးကို ပြုပြင်ပြောင်းလဲမှု စတင်ကတည်းက သူမတို့သည် အချိန်တခဏလေးမျှပင် အနားမယူခဲ့ကြချေ။
"စီနီယာ့အတွက် အလုပ်အကျွေးပြုရတာက ကျွန်မတို့ရဲ့ တာဝန်ပါ"
အမျိုးသမီးနှစ်ယောက်က နဖူးမှချွေးများကို သုတ်ရင်း အပြုံးနှင့် ပြောဆိုလိုက်၏။
"ဒါပေမဲ့ စီနီယာ... အဓိက အလုပ်တွေတော့ ပြီးသလောက်နီးပါး ရှိသွားပါပြီ....ကျန်တဲ့ အသေးစိတ် အချက်လက်လေးတွေကိုတော့ နောင်ကျမှ စီနီယာက ဖြည်းဖြည်းချင်း ပြည့်စုံအောင် လုပ်ရလိမ့်မယ်"
"ကောင်းပြီလေ မင်းတို့နှစ်ယောက်ကို အရမ်း ကျေးဇူးတင်ပါတယ်"
ကျုံးချင်က ကျေးဇူးတင်စွာဖြင့် ပြောဆိုသည်။
အမျိုးသမီးနှစ်ယောက်သည် ကမ္ဘာငယ်လေးကို နောက်တစ်ကြိမ် စစ်ဆေးပြီး လိုအပ်ချက် မရှိသည်ကို မြင်တွေ့ပြီးနောက် ကျုံးချင်၏နောက်သို့ လိုက်ကာ ကမ္ဘာငယ်လေးထဲမှ ထွက်ခွာလာကြသည်။
"စီနီယာ တခြားဘာကိစ္စမှ မရှိတော့ရင် ကျွန်မတို့ကို ပြန်ခွင့်ပြုပါအုံး"
အမျိုးသမီးနှစ်ယောက်က ပြောဆိုသည်။
"လင်းမိသားစုမှာ နောက်ထပ်နှစ်ရက်လောက် နားပြီးမှ ပြန်ကြပါလား"
ကျုံးချင်က အပြုံးနှင့် ပြောဆိုလိုက်၏။
"ဖုန်းထျန်းမြို့မှာ စားကောင်းသောက်ဖွယ်တွေ အများကြီးရှိတယ်.... မင်းတို့ ဘာမှလုပ်စရာ မရှိရင် ငါက မင်းတို့ကို လိုက်ပို့ပြီးတော့ မုန့်လိုက်ကျွေးမယ်လေ"
အမျိုးသမီးနှစ်ယောက်သည် မျှော်လင့်မထားသော မျက်နှာသာပေးမှုကြောင့် ကြက်သေသေသွားကြသည်။
ဤကဲ့သို့ ထိပ်သီးပုဂ္ဂိုလ်မျိုးသည် သူတို့ကို ဈေးဝယ်လိုက်ပို့ပြီး အစားအသောက် လိုက်ကျွေးမည်ဟု ဆိုသလော။ ဤသည်က သူတို့အတွက် မည်မျှထိ ဂုဏ်ယူဖွယ် ကောင်းသနည်း။
အမျိုးသမီးနှစ်ယောက်သည် တွေဝေသွားကြ၏။ သူမတို့သည် အမှန်တကယ် လိုက်သွားလိုသော်လည်း ဂိုဏ်း၏ ညွှန်ကြားချက်ကို သတိရသွားပြီး သူမတို့တွင် ထိုကဲ့သို့ ကံကောင်းမှုမျိုး မရှိကြောင်း သိလိုက်ရသည်။
"စီနီယာ....ကျွန်မတို့က လိုက်စားချင်ပေမယ့် မနေ့က ဂိုဏ်းကနေ သတင်းရောက်လာတယ်.... ဂိုဏ်းထဲမှာ ကိစ္စကြီးတစ်ခု ဖြစ်နေလို့ တာဝန်ပြီးတာပဲဖြစ်ဖြစ် မပြီးတာပဲဖြစ်ဖြစ် အမြန်ဆုံး ပြန်လာခဲ့ပါလို့ အမိန့်ရထားတယ်...ဆရာ့ရဲ့အမိန့်ကို ကျွန်မတို့ မလွန်ဆန်နိုင်လို့ပါ..."
"ဒါဆိုရင်တော့ ငါ မတားတော့ပါဘူး"
ကျုံးချင်က အပြုံးနှင့် ပြောဆိုသည်။
"ဒါပေမဲ့ ဒီကာလအတွင်း မင်းတို့ရဲ့ ကြိုးစားမှုအတွက် လက်ဆောင်လေး နှစ်ခု ပေးပါရစေ"
ထိုသို့ပြောဆိုရင်းနှင့် ကျုံးချင်သည် သူ၏သိုလှောင်လက်စွပ်ထဲမှ သစ်သားပန်းပုရုပ်လေး နှစ်ရုပ်ကို ထုတ်ယူပြီး အမျိုးသမီးနှစ်ယောက်ကို တစ်ယောက်တစ်ရုပ်စီ ပေးလိုက်သည်။
သူသည် ဤမိန်းကလေးနှစ်ယောက်ကို ဖိတ်ခေါ်ရာတွင် တခြားရည်ရွယ်ချက် မရှိပေ။ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း သူမတို့ အမှန်တကယ် ပင်ပန်းခဲ့သည်ကို မြင်သောကြောင့် ဆုချသည့်သဘောဖြင့် ဖိတ်ခေါ်လိုက်ခြင်းပင်။
ယခုချိန်၌ သူ ဆုချ၍ မရတော့သည့်အတွက် သူမတို့ကို စောင့်ရှောက်ရန် သစ်သားပန်းပုရုပ် နှစ်ရုပ် ပေးလိုက်ခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ သူ့ထံ၌ ဤကဲ့သို့ ပန်းပုရုပ်များ အမြောက်အများရှိသည်။ ယနေ့တွင် တက်ရောက်စာရင်းသွင်းရာမှ သူ နောက်ထပ် အရုပ်တစ်ရာကျော် ထပ်ရထားပေ၏။
ကျုံးချင်၏သစ်သားပန်းပုရုပ်များတွင် အမျိုးအစား နှစ်မျိုးရှိသည်။ တစ်မျိုးသည် ပိုင်ရှင်၏ အမိန့်ပေးချက်အရ လူအသွင်ပြောင်းလဲနိုင်သော်လည်း နေ့ဝက်သာခံသည်။ နေ့ဝက်ကျော်သွားလျှင် အစွမ်းပျက်ပြယ်သွားပြီး ပန်းပုရုပ်လည်း ကွဲကြေသွားသည်။ ဤအမျိုးအစားသည် အခြေခံအားဖြင့် တစ်ခါသုံး ဖြစ်ပေ၏။
နောက်ထပ် သစ်သားပန်းပုရုပ် တစ်မျိုးမှာမူ လူအသွင် မပြောင်းနိုင်ပေ။ ထိုအရာကို သယ်ဆောင်ထားသရွေ့ ပိုင်ရှင်ကို အလိုအလျောက် ကာကွယ်ပေးပြီး တစ်ခါသုံး မဟုတ်ပေ။ ထိုအရာအတွင်းရှိ စွမ်းအင်များ ကုန်ခမ်းသွားမှသာ ပန်းပုရုပ် ကွဲကြေသွားပေမည်။
လက်တွေ့တွင် ဒုတိယအမျိုးအစားမှာ ကာကွယ်ရေး မှော်ရတနာ တစ်မျိုးနှင့် တူညီသည်။
သို့ရာတွင် သာမန် ကာကွယ်ရေးမှော်ရတနာများထက် ပိုအဆင့်မြင့်သည့်အချက်မှာ သာမန်ရတနာများသည် ခုခံကာကွယ်ရုံသာ လုပ်နိုင်ပြီး သူ၏ သစ်သားပန်းပုရုပ်များသည် တန်ပြန်တိုက်ခိုက်နိုင်ခြင်းပင်။
ကျုံးချင်သည် ဤအမျိုးသမီးနှစ်ယောက်ကို ပေးလိုက်သည်မှာ ထိုကာကွယ်ရေး မှော်ရတနာ အမျိုးအစားဖြစ်ပြီး အတော်အသင့် အဆင့်မြင့်သည့် ပန်းပုရုပ်နှစ်ရုပ်ပင်။
အမျိုးသမီးနှစ်ယောက်သည် သစ်သားပန်းပုရုပ်များကို ယူလိုက်ပြီး ချစ်စရာကောင်းသည်ဟုသာ တွေ့မြင်ကြသည်။ သူမတို့သည် တခြား မည်သည့်ထူးခြားချက်ကိုမျှ မမြင်မိချေ။ ကျုံးချင်သည် အမှတ်တရအနေဖြင့် ပေးလိုက်သည့် သာမန်အရုပ်လေးများဟုသာ သူမတို့ ထင်မှတ်လိုက်ကြသည်။
သို့ရာတွင် သူမတို့သည် အထင်သေးသည့်ပုံ မပြချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူမတို့ အလွန်ပျော်ရွှင်နေကြသည်။ မည်သို့ပင်ဆိုစေကာမူ ဤကဲ့သို့ ပုဂ္ဂိုလ်မျိုးဆီက လက်ဆောင်ရခြင်းဖြစ်သဖြင့် မည်သည့်အရာ ဖြစ်နေပါစေ သူမတို့ စိတ်ကျေနပ်မိသည်။
"မင်းတို့နဲ့အတူ အမြဲဆောင်ထားကြနော်.... မပျောက်စေနဲ့"
ကျုံးချင်က ညင်သာစွာ သတိပေးလိုက်သည်။
"ကျွန်မတို့က ဘယ်လုပ်ရဲပါ့မလဲ.... စီနီယာ ပေးတာဆိုတော့ နေ့တိုင်းဆောင်ထားပါ့မယ်"
အမျိုးသမီးနှစ်ယောက်တွင် ပိုပြီးတက်ကြွလန်းဆန်းသည့် ချင်းနောင်က သူမ၏ သွားစွယ်လေးများ ပေါ်သည်အထိ ပြုံးပြရင်း ပြောဆိုလိုက်သည်။
စကားပြောဆိုပြီးနောက် အမျိုးသမီးနှစ်ယောက်က သူမတို့၏လက်ကိုပူးဆုပ်၍ ဦးညွှတ်အရိုအသေပြုကာ နှုတ်ဆက်လိုက်ကြ၏။
"ဒါဆိုရင် စီနီယာ... ကျွန်မတို့ကို ပြန်ခွင့်ပြုပါအုံး"
ထိုသို့ပြောဆိုပြီးသည်နှင့် သူမတို့သည် မိုးကောင်းကင်ပေါ်သို့ ပျံသန်းကာ ထွက်ခွာသွားကြသည်။
သူမတို့အတွက် ဤခရီးစဉ်သည် အလွန်အကျိုးရှိပေ၏။
လမင်းနက်နဲသိမ်မွေ့နယ်ပယ် သားရဲမျက်လုံး ခြောက်လုံးကို ရလိုက်ရုံသာမက ပိုအရေးကြီးသည်မှာ သူမတို့သည် ကျုံးချင်ကဲ့သို့သော အစွမ်းထက်ပုဂ္ဂိုလ်မျိုးနှင့် ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်နိုင်ခဲ့ခြင်းပင်။
သူမတို့နှစ်ယောက်သား ဝမ်တာအိုတောင်ဘက်သို့ အလျင်အမြန် ပြန်လာခဲ့ကြသည်။
လေထုထဲတွင် ပျံသန်းရင်း ချင်းနောင် က မနေနိုင်တော့ဘဲ မေးမြန်းလိုက်သည်။
"စီနီယာအစ်မ ဂိုဏ်းမှာ ဘာတွေဖြစ်လို့ ဒီလောက်ထိ အရေးတကြီး ပြန်ခေါ်နေရတာလဲ"
ဤစကားကိုကြားချိန်၌ လန်နင်၏မျက်နှာထား တည်ကြည်သွားပြီး အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"ဂျူနီယာညီမလေး.....ထျန်းနန်ရဲ့ ဒဏ္ဍာရီအကြောင်း ကြားဖူးလား"
"ထျန်းနန်..."
"လွန်ခဲ့တဲ့ နှစ်သုံးရာက ကျွန်မတို့ ဝမ်တာအိုတောင်ရဲ့ ပါရမီအရှိဆုံး မြင့်မြတ်သားတော်အကြောင်းကို ပြောတာလား"
"ဟုတ်တယ်..... သူပဲ"
လန်နင်က ခေါင်းညိတ်ပြပြီး ပြောဆိုသည်။
"သူက ငါတို့ ဝမ်တာအိုတောင်ရဲ့သမိုင်းတလျှောက်မှာ ပါရမီအရှိဆုံး တပည့်ပဲ .... သူ့ရဲ့ ဝင်္ကပါပညာ ဖုန်းရွှေပညာနဲ့ တခြားသမာရိုးကျမဟုတ်တဲ့ ပညာရပ်တွေမှာ ကျွမ်းကျင်မှုက အရမ်းမြင့်မားခဲ့တယ်....ဒါပေမဲ့ နောက်ဆုံးတော့ သူက ဖြောင့်မတ်မှန်ကန်တဲ့ လမ်းစဉ်ကို မလျှောက်လှမ်းခဲ့ဘူး.... သွေးဝင်္ကပါ ယဇ်ပူဇော်တဲ့ နည်းလမ်းကို စမ်းသပ်လေ့လာရင်းနဲ့ မိစ္ဆာလမ်းစဉ်ဘက် တဖြည်းဖြည်း ရောက်သွားခဲ့တယ်....သူက ဂိုဏ်းက တားတာကို နားမထောင်တဲ့အပြင် ပိုပြီးတော့တောင် ရူးသွပ်လာခဲ့တယ်"
"နောက်ဆုံးကျတော့ သူ့ရဲ့စမ်းသပ်မှုကို လုပ်ဖို့အတွက် ရွာတစ်ရွာလုံးက လူတွေကို သွေးယဇ်ပူဇော်တဲ့အထိ ဖြစ်လာခဲ့တယ်....ဂိုဏ်းက သူ့ကို ရှင်းလင်းဖို့အတွက် ကျွမ်းကျင်သူတွေကို မလွှတ်လို့ မရတော့ဘူး"
"အဲ့ဒီတိုက်ပွဲမှာ ငါတို့ ဝမ်တာအိုတောင် ဘက်က အကြီးအကျယ် အထိနာခဲ့သလို ထျန်းနန်လည်း ဆိုးယုတ်ခြင်းပင်လယ်ထဲကို ရိုက်ချခံလိုက်ရတယ်"
"ဆိုးယုတ်ခြင်းပင်လယ်က အန္တရာယ်တွေနဲ့ ပြည့်နှက်နေပြီး ဝင်သွားတဲ့သူတိုင်း သေချာပေါက် သေရမယ်ဆိုတာ နင်လည်း သိတယ်မလား"
"ငါတို့တွေက ထျန်းနန် သေပြီလို့ ထင်ခဲ့ကြတာ ဒါပေမဲ့ မထင်မှတ်ဘဲ နှစ်သုံးရာအကြာမှာ သူ ပြန်ပေါ်လာတယ်"
"ငါတို့တွေ တာဝန်ထွက်လုပ်နေတဲ့ အချိန်မှာတင် ငါတို့ ဝမ်တာအိုတောင်က တပည့် တစ်ရာကျော်ရဲ့ အသက်တံဆိပ်ပြားတွေ ကွဲကြေသွားတယ်.....သူတို့အားလုံးက ထျန်းနန်ရဲ့လက်ချက်နဲ့ သေဆုံးခဲ့ကြတာ....ဒါကြောင့် ဂိုဏ်းက ငါတို့တွေကို အပြင်မှာ မနေဘဲနဲ့လအမြန်ပြန်လာဖို့ အမိန့်ပေးလိုက်တာပဲ"
လန်နင်က ချင်းနောင်ကို တည်ကြည်လေးနက်စွာ ရှင်းပြလိုက်သည်။
ချင်းနောင်သည် နားထောင်ရင်း သူမ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများ ဖြစ်ပေါ်လာသည်။
"ထျန်းနန်... ထျန်းနန်က တကယ် မသေသေးဘူးလား"
"ကျွန်မတို့တွေ သူနဲ့ တွေ့ရင် ဘယ်လိုလုပ်မလဲ"
ချင်းနောင်က ဘေးဘီဝဲယာကို ကြည့်ရင်း စိုးရိမ်ပူပန်တကြီး ဖြစ်လာသည်။
"အဲ့ဒီကိစ္စအတွက်တော့ စိတ်ပူစရာ မလိုပါဘူး"
လန်နင်က နှစ်သိမ့်လိုက်၏။
"ငါတို့တွေ ရှိနေတဲ့နေရာက ခေါင်တယ်...ထျန်းနန် က ဒီနေရာကို ရောက်လာမှာ မဟုတ်ဘူး.... ပြီးတော့ ဂိုဏ်းရဲ့အနားကို ရောက်တာနဲ့ ဂိုဏ်းက လူလွှတ်ပြီး လာကြိုပါလိမ့်မယ်"
"တော်ပါသေးရဲ့...တော်ပါသေးရဲ့...."
ချင်းနောင်က သူမ၏ရင်ဘတ်ကိုပုတ်ပြီး ပြောဆိုသည်။
"ဒါပေမဲ့ စီနီယာအစ်မ....ဒါဆိုရင် ကျွန်မတို့တွေ ဖုန်းထျန်းမြို့မှာ ရက်နည်းနည်းလောက် ဆက်နေလိုက်တာ ပိုမကောင်းဘူးလား စီနီယာကျုံးရဲ့ရှေ့မှာနေရတာ ပိုပြီးလုံခြုံတယ်လေ.... ပြီးတော့ အစ်မရဲ့မျက်နှာကို ကြည့်ရတာလည်း ဖုန်းထျန်းမြို့မှာ ရက်နည်းနည်းလောက် ဆက်နေချင်တဲ့ပုံ ပေါက်နေတယ်မလား"
ထိုသို့ပြောဆိုရင်း ချင်းနောင်က လန်နင်၏ မျက်နှာထားကို အကဲခတ်ရန် သူမ၏ခေါင်းကို တိမ်းစောင်းလိုက်သည်။