အခန်း (၂၈၁-၂၈၂)
Vol. 26 Ch. 281-282
အခန်း (၂၈၁)။
ဟုန်ယွိသည် မင်းသားယုစံအိမ်သို့ ရောက်သောအခါ မင်းသားယုကို ထီးနန်းအတွက် တိုက်ပွဲဝင်ရာတွင် ကူညီရန် စိတ်ဆုံးဖြတ်ပြီး ဖြစ်သည်။
ဟုတ်ပါသည်။ ဤကိစ္စနှင့်ပတ်သက်၍, မင်းသားယု၏ ကိုယ်ပိုင် စွမ်းအားပေါ်လည်း မူတည်ပါသည်။
ထိုသို့မဟုတ်ဘဲ, သူကိုယ်တိုင်က နံရံပေါ် မွမ်းမံပြင်ဆင်၍မရသည့် အသုံးမဝင်သော ရွှံ့စေးတစ်တုံးဖြစ်နေပါက, ဟုန်ယွိနှင့် တွေ့ရလျှင်ပင်, ဟုန်ယွိအနေဖြင့်လည်း သူ့အကြံစည်အားလုံးကို ထုတ်သုံးလျှင်ပင်, ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။
အခု မင်းသားယုသည် ထာဝရမိခင်ကို ကျောက်စိမ်းမြို့တော်ထဲကို ဤမျှ မြန်မြန်ဆန်ဆန် ခေါ်ဆောင်လာပြီး စံအိမ်အကျဉ်းထဲမှာတောင် အကျဉ်းချထားသည်ဟု ကြားရလျှင်, မင်းသားယုမှာလည်း အကြံအစည်အချို့ ရှိနေသေးသည်ကို ဟုန်ယွိ သိလိုက်ပါပြီ။
ဟုန်ယွိသည် ထာဝရမိခင်နှင့်အတူ သူ၏အတွေးတစွန်းတစကို တွယ်ကပ်ထားခဲ့သော်လည်း ထိုအတွေးတစွန်းတစသည် ထာဝရမိခင်၏ ဝိညာဉ်ကို ဖိနှိပ်ဖို့အတွက် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ထာဝရမိခင် အခြေအနေ တစ်ခုခုကြောင့် သတိပြန်ဝင်လာသော် ဟုန်ယွိသည် ထိုအခြေအနေကို သိနိုင်သော်လည်း အခြား အပြင်ဘက် အခြေအနေများကိုမူ သူသည် မည်သည့်အရာကိုမှ သိနိုင်မည် မဟုတ်ပေ။
၎င်းသည် ဟုန်ယွိ ဟုန်ခမ်း၏ ခန္ဓာကိုယ်တွင် သူ၏ အတွေးအချို့ကို တွယ်ကပ်ထားစဉ်ကနှင့် မတူပေ။
ဟုန်ယွိသည် ဟုန်ခမ်း၏ ခန္ဓာကိုယ်တွင် သူ၏အတွေးအချို့ကို တွယ်ကပ်ထားခဲ့ဖူးသည်။ အခု ဟုန်ခမ်းသည် မိုင်ပေါင်း ခြောက်ထောင်, ခုနစ်ထောင် လောက် ဝေးကွာသည့် နေရာမှာ ရှိနေပြီး၊ အကယ်၍, ဟုန်ခမ်း တစ်ခုခု ဖြစ်ခဲ့ပါက, ဟုန်ယွိသည် အမွှေးတိုင်တစ်တိုင် မီးထွန်းပြီးသည့် အချိန်အတွင်း မှာ သိနိုင်လိမ့်မည်။
သို့သော် သူ၏အတွေးများကို အများကြီး ခွဲထုတ်ခြင်းက သူ့ကိုယ်ပိုင် စွမ်းအားကို ထိခိုက်စေနိုင်သည့် ကြီးမားသော အားနည်းချက်ကြီးတစ်ခု ရှိသည်။
“အော်…၊ မင်း ဒီအကြောင်း ပြောလာတော့ ငါ မင်းကို လူအနည်းငယ်နဲ့ မိတ်ဆက်ပေးရဦးမယ်။ ဟုန်ယွိ… ဒီတစ်ခါ သူတို့ကြောင့် အိမ်ရှေ့စံမင်းသား ရဲ့ တိုက်ခိုက်မှုများစွာကို ငါတို့ တွန်းလှန်နိုင်ခဲ့တာ။ အိမ်ရှေ့စံမင်းသားရဲ့ လက်အောက်ခံ သခင်လန်ကိုတောင် ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့တယ်။ ဒါကြောင့်လည်း ငါတို့ ထာဝရမိခင်ကို ဒီကို လျှို့ဝှက် ခေါ်ဆောင်လာနိုင်ခဲ့တာ။"
မင်းသားယုက ပြုံးပြီး ရှေ့မှ လျှောက်သွားသည်။
ဟုန်ယွိက သူ့နောက်ကနေ လိုက်သွားသည်။ သူသည် ဝံပုလွေသားရေ ဝတ်ရုံကြီးကို ချွတ်လိုက်ပြီး သန့်ရှင်းသော ပိုးထည်ဝတ်ရုံကို ဝတ်ဆင်ထားကာ ခါးတွင် ကျောက်စိမ်းဆွဲသီးကို ဆွဲထားသည်။ သူ့ပုံစံက လူယဉ်ကျေး လူငယ်သခင်လေးတစ်ဦးနှင့် တူသည်။
မျက်တောင်တစ်ခတ်အတွင်းမှာ သူတို့သည် စင်္ကြံရှည် နှစ်ခုကို ကျော်ဖြတ်ပြီး နွေးထွေးပြီး၊ ကျယ်ဝန်းတောက်ပသော ဧည့်ခန်းတစ်ခုထဲသို့ ရောက်ရှိလာကြသည်။
ဧည့်ခန်းမတွင် ယွင်ကျိုးကျောက်ဖြင့် ပြုလုပ်ထားသော ကန့်လန့်ကာတစ်ခု ရှိသည်။ ဖွဲ့စည်းပုံမှာ လက်ရာမြောက်ပြီး တောတောင်နှင့် မြစ်ရေပြင်များ ပန်းချီကားတစ်ချပ်နှင့်တူသည်။ (ယွင်ကျိုးကျောက်သည် စကျင်ကျောက်နှင့် တူပါသည်။)
ဟုန်ယွိသည် ဧည့်ခံခန်းထဲသို့ ဝင်လိုက်သည်နှင့် တန်းစီထားသော ထိုင်ခုံများပေါ်တွင် ထိုင်နေသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို တွေ့လိုက်ရသည်။ ထို့အပြင် အလယ်အလတ်ပိုင်းအရွယ် ကွန်ဖြူးရှပ် ပညာရှင်တစ်ဦးလည်း ရှိသည်။ သူတို့သုံးဦးနောက်တွင် စူးရှသော အကြည့်များ ကို ပိုင်ဆိုင်ထားပြီး၊ ချပ်ဝတ်တန်ဆာပျော့များ ဝတ်ဆင်ထားသော လက်အောက်ခံအချို့ ရှိနေသည်။
ထိုလူများထဲတွင် အမျိုးသားနှင့် အမျိုးသမီးတို့သည် အသက်အလတ်ပိုင်းအရွယ် ကွန်ဖြူးရှပ်ပညာရှင်နှင့် တစ်ဖွဲ့တည်း မဟုတ်ကြပေ။ သူတို့၏ အဝတ်အစားများက ကွဲပြားပြီး၊ သူတို့နောက်တွင် ရပ်နေသော စစ်သည်များကလည်း ကွဲပြားကြပါသည်။
အထူးသဖြင့် အကြည့် အနည်းငယ်ဖြင့် အမျိုးသားနှင့် အမျိုးသမီးတို့သည် ဟုန်ယွိ၏အာရုံကို ဖမ်းစားနိုင်ခဲ့သည်။
ယင်းကလည်း အမျိုးသားနှင့် အမျိုးသမီးတို့၏ ပုံပန်းသဏ္ဍာန်ကြောင့် ဖြစ်သည်။ အမျိုးသားသည် နူးညံ့သော မျက်နှာ၊ မြင့်သော နှာတံနှင့် မျက်လုံးပြာများကို ပိုင်ဆိုင်ထားပြီး၊ သူ၏ဆံပင်သည်လည်း အဝါမဟုတ် အနက်မဟုတ်သည့် မတူညီသော တောက်ပမှုတစ်မျိုးဖြင့် တောက်ပနေ သည်။ ၎င်းသည် အနက်ရွှေရောင်ဝတ်ရုံနှင့် နည်းနည်း ဆင်တူသည်။
အမျိုးသမီးကတော့ ဆိတ်သားမွေးကုတ်အင်္ကျီကို ဝတ်ဆင်ထားပြီး၊ သူမ၏ခေါင်းတွင် ရွှေဆံထိုး သို့မဟုတ် မြဆံထိုးကို အသုံးမပြုဘဲ အရောင်စုံ ဆံပင်ဆည်းကြိုးဖြင့် ကျစ်ထားပါသည်။ သူမသည် မုရုန်ယန်၏ ဝတ်စားဆင်ယင်မှုနှင့် အနည်းငယ် ဆင်တူသည်။ သူမ၏ မျက်လုံးများသည် အနည်းငယ် အပြာရောင်သမ်းနေပြီး ဖန်ကဲ့သို့ တောက်ပလင်းလက်နေကာ ဆန်းကြယ်ပြီး မြင့်မြတ်သော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။ (ဆိတ် (Sable) ဟုခေါ်သော သားမွေးထုတ်လုပ်သည့် တိရစ္ဆာန်၏ နူးညံ့ပြီး အလွန်တန်ဖိုးကြီးသော သားမွေးဖြင့် ပြုလုပ်ထားသည့် အင်္ကျီဖြစ်ပါသည်။)
ထိုအမျိုးသားနှင့် အမျိုးသမီးသည် တော်ဝင်ချန်နယ်မြေမှ မဟုတ်ကြောင်း သိသာသည်။
အသက်အလတ်ပိုင်းအရွယ် ကွန်ဖြူးရှပ် ပညာရှင်တစ်ဦးသာလျှင် မုတ်ဆိတ်ရှည် ရှိပြီး၊ ကွန်ဖြူးရှပ်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ၏နောက်တွင် လူငယ်တစ်ဦးက သူ့ကို ဓားရှည်ကို ကိုင်ဆောင်ပေးနေသည်။ သူသည် သဘာဝအတိုင်း သက်သောင့်သက်သာ လှုပ်ရှားနိုင်ပြီး၊ သူ၏ သိုင်းပညာ ကျင့်ကြံမှုမှာ နက်ရှိုင်းလှသည်။ သူ၏ စိတ်နေသဘောထားက သခင်ဒွမ်နှင့် အနည်းငယ် ဆင်တူသည်။ သူသည် ဂိုဏ်းတစ်ခု၏ ခေါင်းဆောင်တစ်ဦး ဖြစ်နေသည်မှာ ထင်ရှားသည်။
"ဒါက ရိုရန်အင်ပါယာရဲ့ မင်းသား ရှီဒီ ဖြစ်ပါတယ်။ သူမကတော့ မင်းသမီးယူလူလက်ပါ။ ဒါက နှင်းပြည်နယ် (ရွှဲ့ပြည်နယ်) ကောင်းကင်ဓားဂိုဏ်းက ခေါင်းဆောင် သခင်ဂန်ချင်ဖုန်း ဖြစ်ပါတယ်။ ဒီတစ်ခါ သူတို့သုံးဦးကြောင့် အလယ်ပိုင်းပြည်နယ်ရဲ့ ရာဇဝတ်သားကို ဝူယွမ် ပြည်နယ်ကနေ မြို့တော် အထိ အစောင့်အရှောက်နဲ့ ခေါ်ဆောင်လာနိုင်ခဲ့တာပါ။"
သူတို့ အခန်းထဲသို့ ဝင်လိုက်သည်နှင့် မင်းသားယုက ထိုင်ခုံပေါ် ထိုင်ပြီး ဟုန်ယွိကို မိတ်ဆက်ပေးလိုက်သည်။
“အော်, ဒီနှစ်ယောက်က ရွှေပင့်ကူ မကြာခဏ ပြောလေ့ရှိတဲ့ မင်းသားရှီဒီနဲ့ မင်းသမီးယူလူလက်လား" မင်းသား၏ မိတ်ဆက်မှုကို ကြားသောအခါ ဟုန်ယွိ၏နှလုံးက တစ်ချက် လှုပ်သွားပါသည်။
အပြင်ပနိုင်ငံသား ဖြစ်နေမှန်း သိသာထင်ရှားလှသော ဤအမျိုးသားနှင့် အမျိုးသမီးတို့သည် ရိုရန် အင်ပါယာ၏ မြက်ခင်းပြင်မှ သခင်နှစ်ဦး ဖြစ်နေလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ၎င်းတို့သည် ရွှေပင့်ကူ မကြာခဏ ပြောလေ့ရှိသူများလည်း ဖြစ်သည်။
ရွှေပင့်ကူ၏ အဘိုး၊ ရွှေပင့်ကူဘုရင်သည် ဟုန်ယွိကိုယ်စား မရေတွက်နိုင်သော အပြစ်တင်ခြင်းကို အကြိမ်ပေါင်းများစွာ ခံယူခဲ့ရသည့် နတ်ဆိုး အင်မော်တယ် တစ်ပါး ဖြစ်သလို၊ ရိုရန်အင်ပါယာ၏ နိုင်ငံတော် မဟာဝိဇ္ဇာတစ်ဦးလည်း ဖြစ်သည်။
ရိုရန် အင်ပါယာသည် ယွန်မင်အင်ပါယာမှလွဲ၍ ကျယ်ပြန့်ပြီး အကန့်သတ်မဲ့ မြက်ခင်းပြင်များပေါ်တွင် ဒုတိယမြောက် အကြီးဆုံး အင်ပါယာတစ်ခု ဖြစ်သည်။ ၎င်းသည် ယွန်မင်အင်ပါယာ အမြဲ သိမ်းပိုက်လိုသော ပစ်မှတ်တစ်ခုလည်း ဖြစ်သည်။
"ရှီဒီနာမည်က အဆင်ပြေသေးတယ်၊ ဒါပေမဲ့ ယူလူလက်ဆိုတဲ့ နာမည်က ဘာလို့ ဒီလောက် ထူးဆန်းနေတာလဲ။ ဒါပေမဲ့ အပြင်နယ်မြေက လူတွေရဲ့ နာမည်တွေက အမြဲထူးဆန်းနေတာပဲ။ အသေးစိတ် သိစရာ မလိုပါဘူးလေ။"
"ယူလူလက်" နာမည်က အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားရသဖြင့် ဟုန်ယွိ ထိုင်နေစဉ် မင်းသမီးကို နှစ်ကြိမ် သုံးကြိမ်ခန့် ထပ်မံ ကြည့်မိလိုက် သည်။
ဟုန်ယွိ သူမကို ခေါင်းအစ ခြေအဆုံး ကြည့်နေသည်ကို မြင်သောအခါ မင်းသမီး ယူလူလက်က အနည်းငယ် ပြုံးလိုက်သည်။ သူမ၏ နီလာပြာရောင် မျက်လုံးများသည် အလွန် ပွင့်လင်းပြီး အပြင်နယ်မြေမှ အမျိုးသမီးတစ်ဦး၏ ထူးခြားပြီး ပွင့်လင်းသော ပုံစံကို ပြသနေသည်။
မင်းသား ရှီဒီသည် ကျောက်တုံးကဲ့သို့ မလှုပ်မယှက် ထိုင်နေပြီး ဟုန်ယွိ ဝင်လာခြင်းကို ဂရုမစိုက်ပေ။ သူ၏ခါးတွင် လခြမ်းပုံစံ ဓားမောက်တစ်လက်ရှိပြီး သူ၏လက်သည် ထိုဓားမောက်ပေါ်တွင် အမြဲရှိနေသည်။
ဓားမောက်၏ ဓားအိမ်သည် ထူးဆန်းသော တိရစ္ဆာန်၏ သားရေဖြင့် ပြုလုပ်ထားပြီး အကြေးခွံများပင် ရှိနေသည်။ ၎င်းသည် မဟူရာနတ်ဆိုးချီလင်မြင်း၏ ခြေထောက်နှင့် ဝမ်းဗိုက်ရှိ အကြေးခွံများနှင့် အနည်းငယ် ဆင်တူသည်။ ဟုန်ယွိ ကြည့်သော်လည်း ၎င်းသည် မည်သည့်အရာ ဖြစ်သည်ကို သူ တကယ် မသိခဲ့ပေ။
"ဒါ တကယ်ပဲ ချီလင်မြင်းရဲ့ သားရေလား။ ရွှေပင့်ကူ ပြောတာက မင်းသား ရှီဒီဟာ လနတ်ဆိုးဓားမောက်တစ်လက်နဲ့ အနောက်တိုင်း ဒေသကို လှည့်လည်ခဲ့တယ်တဲ့။ သူ ဆယ်နှစ်သားအရွယ်မှာ တစ်ယောက်တည်း သဲကန္တာရထဲမှာ လျှောက်သွားပြီး ဆယ်နှစ်ကြာ ကျင့်ကြံမှု ခက်ခက်ခဲခက် ကျင့်ကြံခဲ့တယ်တဲ့။ သူဟာ သဲကန္တာရ ဓားပြတွေကို ထမင်းစား ရေသောက်သလို လွယ်လွယ်ကူကူ သတ်ဖြတ်ခဲ့တယ်။ သူ့ကိုယ်ပိုင် ဆေဘာပညာရပ် တစ်ခုကို ဖန်တီးခဲ့ပြီး အထွဋ်အထိပ်အထိ လေ့ကျင့်နိုင်ခဲ့တယ်။ အခု ငါ ကြည့်ရသလောက်ဆို, သူက တကယ်ကို ထူးခြားသူပဲ။" ဟုန်ယွိသည် သူ့ကို မထူးဆန်းသလို တစ်ချက်ကြည့်လိုက်ပြီး ဤမင်းသား ရှီဒီသည် သိုင်းပညာကို နှစ်သက်သည့် ထိပ်တန်း ကျွမ်းကျင်သူတစ်ဦး ဖြစ်ကြောင်း သိလိုက် သည်။
ယခုလို မလှုပ်မယှက် ထိုင်နေသည့် အခြေအနေသည်, ဤလောကနှင့်ပတ်သက်ပြီး၊ စိတ်ထဲ ဘာမှမရှိဘဲ သိုင်းပညာကို အစွန်းရောက်သည့်အထိ ကျင့်ကြံနိုင်ခဲ့သော သိုင်းပညာရှင်တွေမှာသာ ဖြစ်ပေါ်နိုင်သည့် အခြေအနေမျိုး ဖြစ်သည်။
ထို့ပြင် ဟုန်ယွိ ဝိုးတဝါး ခံစားမိသည်မှာ, ဤမင်းသား ရှီဒီ၏ ခန္ဓာကိုယ်ထဲတွင် အရိုင်းဆန်သော သဲကန္တာရသဲနှင့် သေဆုံးခြင်း လက်သီးဆန္တစ်မျိုး သိုဝှက်ထားသည်ကို ခံစားမိသည်။
"သူက သိပ်ကြောက်စရာကောင်းတဲ့ လူပဲ။ ရွှေပင့်ကူက သူ့အကြောင်း အမြဲ ပြောနေတာ အံ့သြစရာ မရှိဘူး။ ဒီမင်းသား ရှီဒီက သိုင်းပညာကို ကျင့်ကြံတယ်၊ ဒီယူလူးလက်ကတော့ တာအိုပညာကို ကျင့်ကြံတာ ဖြစ်လိမ့်မယ်။"
ဟုန်ယွိ တွေးလိုက်သည်။ သူသည် အနည်းငယ် လှုပ်ရှားပြီးနောက် သူတို့နှစ်ဦးကို ဂရုမစိုက်တော့ပေ။
သူ၏ လက်ရှိ ကျင့်စဉ်အဆင့်ဖြင့် ရွှေပင့်ကူဘုရင်ပင်လျှင် ချီဝိညာဉ်ဝဲဂယက် သို့မဟုတ်, မဟာလေဟာနယ်လက်ဝါးဖြင့် စိတ်တိုင်းကျ ဖိနှိပ်နိုင်သည်။ ဤဂျူနီယာတွေဆိုလျှင်, ပြောစရာပင် မလိုတော့ပေ။
သိုင်းပညာရှင်များ၏ သိုင်းပညာသည် တာအိုပညာရှင်များကို အနီးကပ် တိုက်ခိုက်ရာတွင် လုံးဝ သတ်ပစ်နိုင်သည်။ သို့သော်, မင်းသား ရှီဒီကဲ့သို့ ပုဂ္ဂိုလ်မျိုး၊ အထူးသဖြင့် မင်းသား ရှီဒီသည် မည်မျှပင် အားကောင်းပြီး မြန်ဆန်နေပါစေ၊ ဟုန်ယွိကို ချောင်းမြောင်းတိုက်ခိုက်ခဲ့သည့် စိတ်ဝိညာဉ် ဖြိုခွဲရုပ်သေးနှင့် ယှဉ်လို့ မရနိုင်သေးပါဘူး။
စိတ်ဝိညာဉ်ဖြိုခွဲရုပ်သေး ခုနစ်လက်မအရွယ် ကလေး၏ သိုင်းပညာသည် နင်ဂျာဘုန်းတော်ကြီးထက်ပင် ပိုအစွမ်းထက်ပါသည်။ ဤမင်းသား ရှီဒီသည် သိုင်းသူတော်စင် နယ်ပယ်ကို မရောက်နိုင်သေးပေ။ သူသည် ကြောက်စရာကောင်းသော်လည်း ဟုန်ယွိအတွက် ခြိမ်းခြောက်မှု မဟုတ်ပေ။
သူ၏ မျက်လုံးများဖြင့် ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းကြည့်ပြီးနောက် ဟုန်ယွိသည် ဤမင်းသားနှင့် မင်းသမီးအတွဲ၏ စွမ်းအားကို ခန့်မှန်းလိုက်သည်။ ထို့နောက် သူသည် ထိုင်လိုက်ပြီး အစေခံမတစ်ဦးက ပေးလာသော လက်ဖက်ရည်ခွက်ကို ယူကာ လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်ပါသည်။
"ဟမ့်။"
ဟုန်ယွိ လက်ဖက်ရည် သောက်နေစဉ် အနည်းငယ် အေးစက်သော နှာမှုတ်သံကို ကြားလိုက်ရသည်။
ဤအေးစက်သော နှာချေသံသည် ကွန်ဖြူးရှပ် ပညာရှင်ဝတ်စုံကို ဝတ်ဆင်ထားသည့် နှင်းပြည်နယ်ရှိ ကောင်းကင်ဓားဂိုဏ်း၏ ခေါင်းဆောင် အသက်အလတ်ပိုင်းအရွယ် ဂန်ချင်ဖုန်းထံမှ လာခြင်း ဖြစ်သည်။
ဂန်ချင်ဖုန်းသည် တကယ်ပင် စိတ်မသက်မသာ ဖြစ်နေသည်။ အခုနက မင်းသား ကိုယ်တိုင် လာပြီး နှုတ်ဆက်တော့ သူသည် ဂုဏ်သရေရှိ ပုဂ္ဂိုလ်တစ်ဦးဟု ထင်ခဲ့သော်လည်း၊ နောက်မှ ရောက်လာသူက ခန့်ညားသော လူငယ်တစ်ဦး ဖြစ်ပြီး ဟန်ပန်ကြီးတခွဲသားဖြင့် လက်ဖက်ရည် သောက်နေသည်။ သူသည် မည်သို့ စိတ်ကျေနပ်မူ ရှိမည်နည်း။
"ဟင်..၊ သခင်ချင်ဖုန်း၊ ခင်ဗျား ဘာလို့ နှာခေါင်းရှုံ့တာလဲ။ ကျွန်တော် ဧရာမ ဝေလငါးကျွန်းကို ချေမှုန်းတုန်းက ကောင်းကင်ဓား ပညာရှင် ဂန်လင်းဆိုတဲ့ ဓားပြခေါင်းဆောင်တစ်ဦး တွေ့ဖူးတယ်။ သူက နှင်းပြည်နယ်က ကောင်းကင်ဓားဂိုဏ်းနဲ့ ဘာပတ်သက်မှု ရှိလဲ။"
အေးစက်စက် နှာခေါင်းရှုံ့သံကို ကြားသောအခါ ဟုန်ယွိသည် လက်ဖက်ရည်ခွက်ကို ညင်သာစွာ ချလိုက်ပြီး ဂန်ချင်ဖုန်းဘက်သို့ မျက်နှာမူကာ မေးလိုက်သည်။
ဂန်ချင်ဖုန်းသည် ဟုန်ယွိ၏ စကားကို ကြားသောအခါ လှောင်ပြုံး ပြုံးလိုက်သည်။ သူ ပြန်ပြောဖို့ ပြင်ဆင်နေစဉ် ကောင်းကင်ဓား ပညာရှင် ဂန်လင်းဟူသော နာမည်ကို ကြားလိုက်ရတော့ တုန်လှုပ်သွားသည်။ ထို့နောက် သူက "အဲဒီခွေးမသားဂန်လင်းကို ငါ့ကောင်းကင်ဓားဂိုဏ်းကနေ နှင်ထုတ်ထားတာ ကြာလှပြီ။ ဒီတစ်ခါ ချန်ပီယံမြို့စား ပင်လယ်ထဲ ထွက်တုန်းက ငါ့ကောင်းကင်ဓားဂိုဏ်းဟာ မြို့စားနောက်ကနေ လိုက်ပါခဲ့ပြီး ကျွန်းတစ်ခုပေါ်မှာ သူ့ကို နောက်ဆုံး ဖမ်းဆီးနိုင်ခဲ့တယ်။"
“အော်…. ဟုတ်လား။ ကောင်းကင်ဓားဂိုဏ်းရဲ့ ဓားပညာဟာ ထူးခြားတယ်။ ကျွန်တော် ကြားဖူးနေတာ တော်တော်ကြာပြီ။ အဲဒီဓားဟာ ကောင်းကင်ဓားဂိုဏ်း ခေါင်းဆောင်ရဲ့ သင်္ကေတဖြစ်တဲ့ ငွေမြွေဓားဖြစ်ရမယ်၊ ဟုတ်လား။ ကျွန်တော် ကိုယ်တိုင် စမ်းသပ်ကြည့်ခွင့် ရမလား မသိဘူး။" ဟုန်ယွိ အေးဆေးစွာ ပြောလိုက်သည်။
"ဘာ….။ ဂန်ချီ…၊ သူ့ကို စမ်းကြည့်ခွင့် ပေးလိုက်ပါ။" ဂန်ချင်ဖုန်းက အေးစက်စက် နှာချေသံဖြင့် မကျေနပ်မှုကို ဖော်ပြပြီးနောက်၊ ဟုန်ယွိအနေဖြင့် ဤမျှ ရန်လိုလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သူ၏စကားများတွင်လည်း အချွန်အတက်များဖြင့် ပြည့်နေသည်။
"မလိုပါဘူး၊ ကျွန်တော် ကိုယ်တိုင် ယူလိုက်မယ်။"
ဟုန်ယွိက ရုတ်တရက် ထရပ်ပြီး လှုပ်ရှားလိုက်သည်။ သူ၏ခန္ဓာကိုယ်သည် လျှပ်တစ်ပြက် နှစ်ကြိမ်ခန့် လင်းလက်သွားပြီး အရိပ်များအဖြစ် ပြောင်းလဲသွားသည်။ မျက်တောင်တစ်ခတ်အတွင်း သူသည် ဓားကိုင်ထားသော လူငယ်ရှေ့သို့ ရောက်သွားခဲ့သည်။ သူက ဓားကို ဆွဲယူပြီး ဘယ်ညာ ဝှေ့ယမ်းကာ ပြင်းထန်သော လက်သီးဆန္ဒကို ထုတ်လွှတ်လိုက်သည်။
ဖျစ်…။
လက်သီးဆန္ဒ ထွက်လာသည်နှင့်တစ်ပြိုင်နက် ကောင်းကင်ဓားဂိုဏ်းခေါင်းဆောင် ဂန်ချင်ဖုန်းသည် မတ်တပ်ရပ်ပြီး ရုတ်တရက် သူ၏ လက်ချောင်းကို ဟုန်ယွိ၏ လည်ချောင်းသို့ ချိန်ရွယ်လိုက်သည်။
သို့သော် ဟုန်ယွိသည် ခြေတစ်လှမ်း နောက်ဆုတ်ပြီး သူ၏ ထိုင်ခုံသို့ ပြန်ရောက်သွားခဲ့သည်။ သူသည် သူ၏ လက်ထဲတွင် ဓားကို ကိုင်ထားပြီး ရုတ်တရက် ဆွဲထုတ်လိုက်သည်။ ငွေရောင် အလင်းက လင်းလက်သွားပြီး ဓား၏ ကိုယ်ထည်သည် ငွေမြွေကဲ့သို့ ဖြစ်သည်။ သို့သော် ဓား၏ မျဉ်းကြောင်းများသည် အလွန် ချောမွေ့သည်။ လင်းလက်သွားသော ငွေရောင် အလင်းသည် လူတစ်ဦး၏ အရေပြားကို ဖြတ်တောက်နိုင်ပုံရသည်။
"ဓားကောင်းပဲ။"
ဓားကို ကြည့်ပြီးနောက် ဟုန်ယွိ ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်ပြီး ဓားကို ပစ်ပေးလိုက်သည်။ ကောင်းကင်ဓားဂိုဏ်းခေါင်းဆောင် ဂန်ချင်ဖုန်း သည် လက်တစ်ဖက်ဖြင့် အလျင်အမြန် ဖမ်းယူလိုက်သည်။ သူ၏ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်နေပြီ။
"ဒီလောက်မြန်တဲ့ ခြေလှမ်းသိုင်းကွက်။ ဒီလောက် ပြင်းထန်တဲ့ ခြေထောက် စွမ်းရည်။"
မင်းသား ရှီဒီသည် ခေါင်းမော့ပြီး ဟုန်ယွိကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးများတွင် အံ့အားသင့်မှု တစ်စွန်းတစ်စ လင်းလက်နေသည်။
"ဂန်ချင်ဖုန်း၊ ကျွန်တော်က ကျွန်တော့်ရဲ့ စွမ်းအားကို သက်သေပြတာပါ။ ဘာပဲဖြစ်ဖြစ်၊ စိတ်မဆိုးပါနဲ့။ ကျွန်တော်တို့ အားလုံးဟာ မင်းသားအတွက် အလုပ်လုပ်နေကြတာပါ။" ဟုန်ယွိက လက်ဝှေ့ယမ်းပြီး မျက်နှာမသာမယာ ဖြစ်နေသော ကောင်းကင်ဓားဂိုဏ်း၏ ခေါင်းဆောင်ကို အပြုံးဖြင့် ကြည့်လိုက်သည်။
သူသည် ကောင်းကင်ဓားဂိုဏ်း၏ ခေါင်းဆောင်က တာအိုပညာကို ကျင့်ကြံထားပြီး မဟာဆရာသခင်နယ်ပယ်တွင် ရှိနေသည်ကို သဘာဝအတိုင်း မြင်နိုင်သည်။ သို့သော် သူ၏ သိုင်းပညာသည် သူ့အတွက် ပြိုင်ဘက်မဖြစ်နိုင်ပေ။ သူ ခုနက လှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းမှာ သိုင်းပညာတွင် သူ၏ စွမ်းအား ကို အခြားသူအား ပြသရန် ဖြစ်သည်။
"ကောင်းလိုက်တဲ့ သိုင်းပညာ..." ဂန်ချင်ဖုန်း ဟုန်ယွိ ပြောစကားကို ကြားတော့ ထိုင်လိုက်သည်။ သူ၏ အမူအရာက ပုံမှန် ပြန်ဖြစ်သွားသည်။
"ကျွန်မတို့က မင်းသားအတွက် အလုပ်လုပ်နေတာ မဟုတ်ပါဘူး။ ငွေကြေးအတွက် လုပ်နေတာ။" ထိုအချိန်တွင် ထူးဆန်းသော နာမည်ကို ပိုင်ဆိုင်ထားသည့် မင်းသမီး ယူလူလက်က ပြောလိုက်သည်။ "ရှင့်သိုင်းပညာက မဆိုးပေမဲ့ နောင်မှာ ခက်ခဲတဲ့ ကိစ္စတွေ သေချာပေါက် ရှိလာပါလိမ့် မယ်။ ရှင် တန်ရာတန်ကြေး ပေးနိုင်သရွေ့ ကျွန်မတို့ ရှင့်အတွက် လုပ်ပေးပါ့မယ်။ ဒါက ကျွန်မရဲ့ ဖိတ်စာပါ။"
သူမ စကားပြောနေစဉ် ယူလူလက်က ရွှေရောင် ဖိတ်စာတစ်ခုကို ပစ်ပေးလိုက်သည်။ ဟုန်ယွိက ဖမ်းယူပြီး ကြည့်လိုက်သည်။ ဖိတ်စာပေါ်တွင် တော်ဝင်ချန်စာလုံးဖြင့် စာတစ်ကြောင်း ပါပြီးသည်။ ထို့နောက် ပုံပျက်နေသော ယွန်မင်စာလုံးနှင့် ဟွာလော် စာလုံးများလည်း ပါဝင်သည်။ ၎င်းသည် သာမန် ဖိတ်စာ မဟုတ်ပေ။
အကြောင်းမှာ သာမန် ဖိတ်စာများတွင် ပုဂ္ဂိုလ်၏ နာမည်နှင့် ကိုယ်ရေးအကျဉ်းများ ပါလေ့ရှိသည်။ သို့သော် ဤဖိတ်စာတွင် စီးပွားရေးလုပ်ငန်း၏ နာမည်ဖြစ်သော "ဆန်းကြယ်ကောင်းကင် ကုန်သွယ်ရေးအဖွဲ့" ဟူသည့် နာမည်ပါရှိသည်။ ထို့အပြင် ထိုအဖွဲ့လက်ခံသော လုပ်ငန်း အမျိုးအစားများ နှင့် ဆက်သွယ်ရန် နေရာများနှင့် အဆက်အသွယ်များလည်း ပါဝင်သည်။
၎င်းသည် သာမန် အစောင့်အရှောက် အဖွဲ့စည်းလုပ်ငန်းများနှင့် လုံးဝ ကွဲပြားသည်။
ဟုန်ယွိကို အာရုံစိုက်စေခဲ့သည့် အရာက ဖိတ်စာပေါ်တွင် မဟူရာချီလင်မြင်းဖြင့် ပုံနှိပ်ထားခြင်း ဖြစ်သည်။ ၎င်းသည် ချန်ပီယံ မြို့စား၏ ချီလင် စစ်တပ်၏ သင်္ကေတတစ်ခု ဖြစ်နေသည်မှာ ထင်ရှားသည်။
"ခင်ဗျားတို့နှစ်ယောက်က ရိုရန် မင်းသားနဲ့ မင်းသမီးတွေ ဖြစ်တယ်။ ခင်ဗျားတို့က သီးသန့် ကိုယ်ရံတော် လုပ်ငန်းအချို့ လုပ်နေတယ်။ ပြီးတော့ တစ်ခါတစ်ရံ ပင်လယ်ထဲမှာ ကျွန်ရောင်းတယ်လို့လည်း ကျွန်တော် ကြားဖူးတယ်။ ခင်ဗျားတို့ဟာ အနောက်ပိုင်းဒေသက မုန်တိုင်းတပ်ရင်းရဲ့ ကာကွယ်မှုကိုလည်း ရရှိထားတယ်။ ဒါပေမဲ့ ဘာလို့ အခု နာမည် ပြောင်းလိုက်တာလဲ။" ဟုန်ယွိက မေးလိုက်သည်။
“အော်…၊ ရှင်ကလည်း တကယ်ကို မလွယ်တဲ့လူပဲ။ ရှင့်သိုင်းပညာက ဒီလောက် မြင့်မားတယ်၊ ပြီးတော့ မြက်ခင်းပြင်နဲ့ အနောက်တိုင်း ဒေသရဲ့ မုန်တိုင်းတပ်ရင်းအကြောင်းကိုတောင် ရှင် တကယ်ကို သိနေတာပဲ။" ယူလူလက်၏ နီလာပြာရောင် မျက်လုံးများက မှိတ်တုတ်မှိတ်တုတ် ဖြစ်သွား သည်။ "ဒါပေမဲ့ အခုတော့ မုန်တိုင်း တပ်ရင်းဟာ ချန်ပီယံ မြို့စားနဲ့ ပူးပေါင်းပြီးဦ ဆန်းကြယ်ကောင်းကင် ကုန်သွယ်ရေးအဖွဲ့လို့ နာမည် ပြောင်းလိုက် ပြီ။ ဒီတစ်ခါ ရာဇဝတ်သားကို ခေါ်ဆောင်ရာမှာ အစောင့်ရှောက်အဖြစ် ကူညီဖို့ မင်းသားယုက ကျွန်မတို့ကို ခိုင်းတာပဲ။ ဒါက စီးပွားရေး သဘော သက်သက်ပါ။ မင်းသားယု၊ ရာဇဝတ်သားကို ဒီကို ဘေးကင်းစွာ ခေါ်ဆောင်လာပြီးပြီ။ ရှီဒီနဲ့ ကျွန်မ သွားပါတော့မယ်။ လိုက်ပို့စရာ မလိုပါဘူး။"
ထိုသို့ ပြောပြီးနောက် ယူလူလက်နှင့် ရှီဒီတို့သည် ထရပ်ပြီး ဟုန်ယွိကို နက်ရှိုင်းစွာ ကြည့်လိုက်ပြီးမှ လှည့်ထွက်သွားကြသည်။
"ကောလဟာလတွေအရ အနောက်ပိုင်းဒေသရဲ့ အကြီးဆုံး မုန်တိုင်း တပ်ရင်းဟာ ချန်ပီယံ မြို့စားရဲ့ အမိန့်အောက်မှာ ရှိနေတယ်တဲ့လား။ ဒီလူရဲ့ စွမ်းအား... နေရာတိုင်းမှာ ပျံ့နှံ့နေတာပဲ။"
မင်းသမီး ယူလူလက်နဲ့ မင်းသား ရှီဒီ ထွက်ခွာသွားသည်ကို မြင်သောအခါ ဟုန်ယွိ၏ ရင်ထဲတွင် သတိထားသည့် စိတ်ခံစားချက် ပေါ်လာသည်။
ရိုရန် မြက်ခင်းပြင်သည် အနောက်ပိုင်း ဒေသနှင့် ချိတ်ဆက်ထားပြီး ထိုနေရာရှိ မြေအနေထားသည် စိတ်ကူးမယဉ်နိုင်လောက်အောင် ကျယ်ပြောသည်။ သဲကန္တာရ၊ မြက်ခင်းပြင်၊ အိုအေစစ်၊ ကြီးမားသော တောင်တန်းများ၊ မပြတ်စီးဆင်းသော မြစ်များ၊ မြေဩဇာကောင်းသော မြေများ၊ ရေခဲမြစ်များ၊ နှင်းဖုံးတောင်များ ... ရှိသည်။ နိုင်ငံငယ်၊ နိုင်ငံကြီးများလည်း အများအပြား ရှိပြီး ရာနှင့်ချီ သို့မဟုတ် ထောင်နှင့်ချီပင် ရှိနိုင်သည်။ ကုန်သည်များလည်း အများအပြား သွားလာနေကြသည်။
မင်းဆက်တစ်လျှောက်လုံးတွင် တော်ဝင်ချန်မှ ကုန်သည်များသည် ကြွေထည်၊ ပိုးထည်၊ လက်ဖက်ရည်နှင့် အခြား ကုန်ပစ္စည်းများကို အနောက်ပိုင်း ဒေသသို့ သယ်ယူပို့ဆောင်ခဲ့ကြသည်။ အနောက်ပိုင်း ဒေသမှ ကုန်သည်အချို့က ကျောက်မျက်ရတနာ၊ အမွှေးအကြိုင်၊ သားမွေး၊ ကျောက်စိမ်း၊ မြနှင့် အခြား ကုန်ပစ္စည်းများကို တော်ဝင်ချန်သို့ သယ်ယူ ရောင်းချခဲ့ကြသည်။
တော်ဝင်ချန်၏ ကျောက်စိမ်းမြို့တော်တွင် ဆယ်ကီလိုမီတာအကျယ်ရှိသော "ဟွာလူမျိုး" လမ်းရှိကြောင်းကို ပြောစရာပင် မလိုပေ။
အနောက်ပိုင်း ဒေသမှ လူများစွာသည် တော်ဝင်ချန်သို့ စီးပွားရေး လုပ်ရန် ရောက်လာကြသည်။ အနောက်ပိုင်း ဒေသမှ အမျိုးသမီးများအတွက် "ဟွာဂျီအိမ်တော်"ဆိုသည့် ပြည့်တန်ဆာရုံပင် ရှိသည်။ ၎င်းသည် နန်းတွင်း အရာရှိများစွာ လျှို့ဝှက် သွားရောက်လေ့ရှိသော နေရာဖြစ်သည်။
စီးပွားရေးရှိလျှင် သူခိုးဓားပြများ ရှိမည်။ သူခိုးဓားပြများ ရှိလျှင် ကိုယ်ရံတော် ရှိရမည်။ ဟုန်ယွိသည် အနောက်ပိုင်း ဒေသ၏ ဓလေ့ထုံးတမ်းများကို မှတ်တမ်းတင်ထားသော ဝတ္ထုများစွာ ဖတ်ဖူးသည်။ ၎င်းတို့ထဲမှ တစ်ခုတွင် မုန်တိုင်းတပ်ရင်းအကြောင်းကို ဖော်ပြထားသည်။ ထိုတပ်ရင်းသည် ကိုယ်ရံတော် လုပ်ငန်းတွင် အကြီးဆုံး စီးပွားရေး အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ၎င်းတွင် ရှည်လျားပြီး ရှေးကျသော သမိုင်းကြောင်းလည်း ရှိသည်။ ၎င်း၏နောက်ခံသမိုင်းကြောင်းမှာ မူလဝိညာဉ် ဘုရားကျောင်း အနှစ်သာရနတ်ဘုရားကျောင်းမှ ဖိနှိပ်ခံခဲ့ရသော အလွန် ဝေးကွာသောအရပ်မှ ဂိုဏ်း တစ်ခု ဖြစ်သည်။
တကယ်တော့ ဟုန်ယွိသည် ပင်လယ်ပြင်မှာ ရှိနေစဉ်တုန်းက အနောက်ပိုင်း ဒေသမှ ကျွမ်းကျင်သူအချို့ကို ငှားရမ်းဖို့ စဉ်းစားခဲ့ဖူးသည်။ ဒါပေမဲ့ ထိုကုန်သွယ်ရေးအဖွဲ့များနှင့် အစောင့်အရှောက် လုပ်ငန်းများသည် လုပ်ငန်းလက်ခံခြင်းကို ယာယီရပ်ဆိုင်းထားသည်ဟု နတ်ဘုရားလေနိုင်ငံတွင် သူ့ကို ပြောခဲ့ကြသည်။ ထိုကြောင့် သူသည် လက်လျှော့ရုံမှတစ်ပါး အခြား ရွေးချယ်စရာ မရှိခဲ့ဘူး။ မမျှော်လင့်ဘဲ အနောက်ပိုင်း ဒေသမှ ဤကြီးမား သော စီးပွားရေး အဖွဲ့အစည်းများသည် ချန်ပီယံ မြို့စားဘက်သို့ လှည့်သွားခဲ့သည်။
"မင်းသား…၊ မင်းသားက ဝံပုလွေကို ဝါးမျိုဖို့ ကျားကိုမောင်းနှင်ကာ၊ ကောင်းကောင်း ကစားခဲ့တယ်။ ဒါပေမဲ့ ချန်ပီယံ မြို့စားကတော့..." ဟုန်ယွိ သူ၏ လက်ထဲရှိ ဖိတ်စာကို ကိုင်ထားပြီး ပြန်ထိုင်ကာ မင်းသားကို ပြောလိုက်သည်။
"ဒါပေမယ့်, ချန်ပီယံ မြို့စားမှာ တစ်နိုင်ငံလုံးကို လွှမ်းခြုံထားတဲ့ အလွန် ကြီးမားတဲ့ စီးပွားရေး ကွန်ယက်ကြီး ရှိနေတယ်။ အပြင်ပနိုင်ငံက နယ်မြေ တွေပါ မကျန်ဘူး။ ငါ တွက်ချက်ကြည့်သလောက်ဆို၊ နန်းတော်က သူ့ကို ငွေကြေးနဲ့ စားနပ်ရိက္ခာ မပေးရင်တောင်, သူက သူ့လက်အောက်ခံ စစ်သား သိန်းပေါင်းများစွာကို ဆယ်နှစ်ကျော် ထောက်ပံ့နိုင်သေးတယ်။ သူက နန်းတော်ရဲ့ ထောက်ပံ့မှုမပါဘဲ လုံးဝ အလုပ်နိုင်သေးတယ်။" မင်းသားယုက ပြောလိုက်သည်။
အခန်း (၂၈၂)။
"စစ်သည် သိန်းပေါင်းများစွာရှိတဲ့ တပ်ကြီးတစ်ခုက အင်ပါယာတရားရုံးရဲ့ ထောက်ပံ့မှု မလိုဘူးဟုတ်လား။" ဟုန်ယွိသည် အလွန်တည်ငြိမ်သော အမူအရာ ရှိသော်ငြားလည်း မင်းသားယု၏ စကားကို ကြားသောအခါ, သူသည် အံ့သြသွားရပါသည်။
အင်ပါယာတရားရုံးသည် တစ်နိုင်ငံလုံးတွင် စစ်သည် သန်းပေါင်းများစွာကို ထိန်းချုပ်ထားပြီး၊ ၎င်းတို့၏ အသက်သွေးကြောမှာ ရိက္ခာ၊ ထောက်ပံ့ရေးပစ္စည်းနှင့် လစာများ ဖြစ်သည်။ ယခု မင်းသားယု၏ စကားအနည်းငယ်ဖြင့် ချန်ပီယံ မြို့စားသည် တစ်နိုင်ငံလုံးနှင့် အနောက်ပိုင်း မြက်ခင်းလွင်ပြင်အထိပင် ကြီးမားကျယ်ပြန့်သော ကုန်သွယ်ရေး ကွန်ယက်ကို ပိုင်ဆိုင်ထားပြီး၊ အင်ပါယာတရားရုံး၏ ထောက်ပံ့ရေးပစ္စည်းနှင့် ငွေကြေးများကိုပင် မလိုအပ်တော့ပေ။
ဤသည်မှာ အသေးအဖွဲ ကိစ္စမဟုတ်ပေ။
၎င်းသည် အင်ပါယာတရားရုံး၏ နယ်စပ်ဒေသမှ စစ်သည် သိန်းပေါင်းများစွာအပေါ် ထိန်းချုပ်မှုသည် အနည်းဆုံး အဆင့်တစ်ခုသို့ လျော့ကျသွားပြီဟု ဆိုလိုသည်။
လက်ရှိ ငြိမ်းချမ်းရေး ခေတ်တွင် ထိုစစ်သည် သိန်းပေါင်းများစွာသည် ပြဿနာရှိမည် မဟုတ်ဟု ဆိုနိုင်သော်လည်း၊ အင်ပါယာတရားရုံး၏ ဗဟို အဖွဲ့စည်းများတွင် ပြဿနာတစ်စုံတစ်ရာ ဖြစ်ပျက်လာပါက၊ ထိုစစ်သည် သိန်းပေါင်းများစွာသည် "ဧကရာဇ်ဘက်တော်သားများကို ရှင်းလင်းခြင်း" နှင့် အခြားအလားတူ အလံများကို အကြောင်းပြချက်အဖြစ် အသုံးပြုကာ ဗဟိုအဖွဲ့အစည်းနှင့် နန်းတော်ကိုပင် ထိန်းချုပ်ရန် ကြိုးပမ်းလာနိုင်သည်။ ဤသည်မှာ လက်ရှိ ဧကရာဇ်အတွက် ကြီးမားသော ခြိမ်းခြောက်မှုဖြစ်သည်။ မည်သည့် ဧကရာဇ်ကမှ မိမိ၏သားတော် ဖြစ်နေစေကာမူ ထိုသို့သော ပုဂ္ဂိုလ်တစ်ဦး၏ တည်ရှိမှုကို ခွင့်ပြုမည် မဟုတ်ပေ။
"ဒါတော့ မဖြစ်နိုင်ဘူး။ စစ်သည် သိန်းပေါင်းများစွာရဲ့ ထောက်ပံ့ရေးရိက္ခာက ငွေကြေးတစ်ခုတည်းနဲ့ ဖြေရှင်းလို့ မရနိုင်ဘူး။ လက်ရှိမှာ နန်းတော်ရဲ့ ထင်း၊ အဝတ်အထည်၊ တဲ၊ လက်နက်၊ ပစ္စည်းကိရိယာ၊ မြင်း၊ ရိက္ခာ၊ ဟင်းသီးဟင်းရွက်၊ ဆားနဲ့ဆီ ခွဲဝေချထားပေးမှု မပါဘဲ၊ အကြီးဆုံး ကုန်သွယ်ရေး အဖွဲ့စည်းကတောင် ထောက်ပံ့နိုင်မှာ မဟုတ်ဘူး။ ချန်ပီယံ မြို့စားဟာ နတ်ဘုရားတစ်ပါးလို လေထဲကနေ ဒီပစ္စည်းတွေကို ဖန်တီးနိုင်တာလား။"
ဟုန်ယွိ၏ မျက်လုံးများက လင်းလက်သွားပြီး သူသည် မေးခွန်းထုတ်လိုက်ပါသည်။ စစ်တပ်ကို ထောက်ပံ့ခြင်းသည် ငွေကြေးသက်သက်ဖြင့် ဖြေရှင်းနိုင်သော ကိစ္စမဟုတ်ကြောင်း သိထားရမည်။ ဥပမာအားဖြင့်၊ ဟုန်ယွိတွင် လက်ရှိ သန်းရာနှင့်ချီသော ငွေကြေးများကို ပိုင်ဆိုင်ထားပြီး၊ နိုင်ငံတစ်နိုင်ငံနှင့် ယှဉ်နိုင်လောက်အောင် ချမ်းသာသော်လည်း၊ တကယ်တမ်း စစ်သည် တစ်သိန်းကို စစ်တပ်ဖွဲ့စည်းပြီး၊ ထောက်ပံ့မည်ဆိုပါက သူ လုပ်ဆောင်နိုင်မည့် နည်းလမ်းမရှိပေ။
စစ်တပ်အတွက် ရိက္ခာထောက်ပံ့ကိစ္စတွင် အရာများစွာ ပါဝင်ပြီး အချို့အရာများကို ငွေကြေးဖြင့် ဝယ်ယူ၍ မရနိုင်ပေ။
အထင်ရှားဆုံး ဥပမာပြရလျှင်, ယခုအခါ ဆောင်းရာသီ ရောက်လာပြီဖြစ်ရာ စစ်သည် တစ်သိန်းအတွက် အဝတ်အစား လဲလှယ်ပေးရန် လိုအပ်သည်။ ငွေကြေးရှိသည်ဆိုလျှင်ပင် အဝတ်အစား၊ စောင်နှင့် ဘွတ်ဖိနပ် အစုံတစ်သိန်းကို အချိန်တိုအတွင်း စုဆောင်းရန် မဖြစ်နိုင်ပေ။ ၎င်းတို့ကို တစ်နိုင်ငံလုံး ခွဲဝေချထားပေးရန်အတွက် အင်ပါယာတရားရုံး၏ အာဏာ လိုအပ်သည်။
အင်ပါယာတရားရုံး၏ စစ်တပ်ကနေ တစ်ဦးတည်း ခွဲထွက်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ ချန်ပီယံ မြို့စားသည် လေထဲကနေ ပစ္စည်းများကို ဖန်တီးနိုင် သော အင်မော်တယ်တစ်ဦး မဟုတ်ပါက၊ သူသည် အင်ပါယာတရားရုံး၏ ထိန်းချုပ်မှုကနေ လုံးဝ လွတ်မြောက်နေသည်ဟု ဆိုလာလျှင်, ဟုန်ယွိအနေ ဖြင့် လုံးဝ မယုံကြည်ပေ။
သူသည် စစ်တပ်ကို ဦးဆောင်ခဲ့ဖူးပြီး၊ လူတစ်ထောင်ကို ပြန်လည် ထောက်ပံ့ရန်ပင် အနည်းငယ် ခက်ခဲနေခဲ့ရာ, လူသိန်းပေါင်းများစွာကို ထောက်ပံ့ရန်မှာ ပြောစရာပင် မလိုတော့ပေ။
"ငါလည်း မယုံပါဘူး၊ ဒါပေမဲ့ ငါက အခွန်ဘဏ္ဍာဝန်ကြီးဌာနကို တာဝန်ခံ ကိုင်တွယ်ရတာ။ ဒီကမ္ဘာကြီးရဲ့ ငွေကြေးနဲ့ ရိက္ခာတွေကို ခွဲဝေရတာ။ ဒီရက်ပိုင်းတွေမှာ ငါ အခွန်ဘဏ္ဍာဝန်ကြီးဌာနရဲ့ ဟောင်းနွမ်းနေတဲ့ စာရင်းတွေကို သေချာ စစ်ဆေးကြည့်တော့ ပိုပိုပြီး တုန်လှုပ်လာရတယ်။ အခု ဆောင်းရာသီ ရောက်လာပြီ။ နိုင်ငံရဲ့ နယ်စပ်ဒေသက စစ်သူကြီးတွေနဲ့ တပ်မှူးတွေ အားလုံး အရေးပေါ် အစီရင်ခံစာတွေ ပို့လာကြပြီး၊ အခွန် ဘဏ္ဍာဝန်ကြီးဌာနကို ဝါဂွမ်းကပ်အင်္ကျီနဲ့ စောင်တွေ ပို့ပေးဖို့ တောင်းဆိုနေကြတယ်။ အနောက်ပိုင်း နယ်စပ်ကို စောင့်ကြပ်နေတဲ့ နတ်ဘုရား တန်ခိုးရှင် ဘုရင်ယန်တူးတောင် ချိတ်ပိတ်ထားတဲ့ အသနားခံစာ သုံးစောင် ပို့လာခဲ့တယ်။ ဆီးနှင်းတွေ ကျဆင်းမှုကြောင့် အနောက်ပိုင်း နယ်စပ်ရှိ စစ်တပ်တစ်ခုလုံး အေးခဲနေပြီး၊ လူငါးထောင်ကျော် နှင်းကိုက်ခံနေရတယ်။ တပ်ရင်းအချို့ဆို ပုန်ကန်မှုတွေ စတင်နေပြီလို့တောင် ပြောထားတယ်။ ချန်ပီယံ မြို့စားကလည်း အသနားခံစာတစ်စောင် ပေးပို့လာတယ်။ သူက ဝါဂွမ်းကပ်အင်္ကျီ၊ စောင်နဲ့ ထင်းတွေကို ချက်ချင်း စုဆောင်းနိုင်ပြီး အင်ယာပါတရားရုံးအနေနဲ့ စိတ်ပူစရာမလိုဘူးလို့ ပြောထားတယ်။ တစ်ချိန်တည်းမှာပဲ၊ သူက ကုန်သည်တွေကို စေလွှတ်ပြီး အကောင်းစား မီးသွေး လှည်းသုံးသောင်း၊ သားမွေးဝတ်စုံ ငါးသောင်း၊ ရိက္ခာနဲ့ ဟင်းသီးဟင်းရွက်လှည်း ခုနစ်သောင်းကို အနောက်ပိုင်း နယ်စပ်ကို ထောက်ပံ့စေခဲ့တယ်။ ဒါတစ်ခုတည်းနဲ့တင် အင်ယာပါတရားရုံးရဲ့ ကုန်ကျစရိတ် ငွေဒင်္ဂါးငါးသန်းလောက် သက်သာသွားတယ်။"
မင်းသားယုသည် ထိုင်ခုံပေါ်တွင် ထိုင်နေသည်။ သူသည် စကားပြောပြနေစဉ် လက်ဖက်ရည်ခွက်ကို ကိုင်ထားပြီး သူ၏ လက်များက အနည်းငယ် တုန်ခါနေသည်။ သူသည် ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်၍ မဟုတ်ဘဲ ကြောက်လန့်နေသောကြောင့် ဖြစ်သည်။
ဟုန်ယွိလည်း နားထောင်ရင်း တုန်လှုပ်သွားသည်။
ဆောင်းရာသီတိုင်းတွင် ဒေသအသီးသီးမှ ဗိုလ်ချုပ်များ၊ တပ်မှူးများနှင့် စစ်ဗိုလ်ချုပ်ကြီးတို့သည် ငွေကြေး၊ ရိက္ခာနှင့် ဆောင်းရာသီအတွက် အဝတ်အထည်များ တောင်းခံသော အသနားခံစာများကို နှင်းပွင့်များကဲ့သို့ မြို့တော်ကို ပို့လေ့ရှိကြသည်။
ဤသည်မှာ မည်သူမဆို ခေါင်းရှုပ်စေနိုင်သည့် စာရင်းဟောင်းကြီး ဖြစ်သည်။ ၎င်းသည် လုံးဝ ခေါင်းရှုပ်စေသည်။
နိုင်ငံတဝှမ်းရှိ စစ်သည် သန်းပေါင်းများစွာကို စဉ်းစားကြည့်ရုံဖြင့်, လိုအပ်သော ကုန်ကျစရိတ်သည် နိုင်ငံတော်ဘဏ္ဍာကို အခွံဖြစ်စေဖို့အထိ လုံလောက်သည်။ ဆောင်းရာသီရောက်တိုင်း ဒေသအသီးသီးမှ စစ်ဗိုလ်ချုပ်ကြီးများနှင့် တပ်မှူးများသည် အင်ပါယာတရားရုံး၊ အခွန်ဘဏ္ဍာ ဝန်ကြီးဌာနတို့နှင့် အငြင်းပွားရသော အချိန်အခါလည်း ဖြစ်သည်။ လာဘ်ပေးလာဘ်ယူကိစ္စ၊ ငွေကြေးနှင့် စားနပ်ရိက္ခာ မှားယွင်းစွာ တောင်းဆို တင်ပြခြင်း၊ ကုန်ကျစရိတ်ကို မှားယွင်းစွာ အစီရင်ခံပြီး မိမိတို့၏ အိတ်ကပ်များကို ဖြည့်တင်းခြင်းစသည့် အခြေအနေများ အားလုံး ဖြစ်ပေါ်တတ် သည်။
ဟုန်ယွိသည် အင်ပါယာတရားရုံး၏ ထိုကိစ္စများကိုလည်း စဉ်းစားခဲ့ဖူးသည်။ ဤကိစ္စများကို အင်မော်တယ်တစ်ဦးကပင် ရှင်းရှင်းလင်းလင်း ကိုင်တွယ် ဖြေရှင်းရန် ခက်ခဲကြောင်း သူ သိသည်။
"အခွန်ဘဏ္ဍာဝန်ကြီးဌာနရဲ့ ကိစ္စတွေက တကယ်ကို ရှုပ်ပွနေတဲ့ စာရင်းဟောင်းတွေ များလွန်းတယ်။ ငွေကြေးနဲ့ ရိက္ခာကို တကယ်တမ်း ဖြောင့်ဖြောင့်မတ်မတ် ခွဲဝေနိုင်ဖို့ဆိုတာ အလွန် ဂုဏ်သိက္ခာရှိတဲ့ ကိစ္စလည်း ဖြစ်တယ်။ မင်းသားသာ ဒီကိစ္စမှာ အောင်မြင်အောင် စီမံခန့်ခွဲနိုင်ရင် အင်ပါယာတရားရုံးက အရာရှိတွေနဲ့ အရာရှိမဟုတ်သူတွေရဲ့ စိတ်ထဲမှာ ကြီးမားတဲ့ အဆင့်အတန်းကို ရရှိမှာ သေချာတယ်။ အင်ပါယာတရားရုံးက အရာရှိတွေ အားလုံးလည်း ဒီကိစ္စကို ကောင်းကောင်း နားလည်ကြပြီး ဧကရာဇ်ကိုယ်တိုင်လည်း နားလည်ပါတယ်။ ကျွန်တော် ဒီနေ့ မင်းသားစံအိမ် ကို ရောက်လာတာက မင်းသားကို အချက်နှစ်ချက် ပြောပြဖို့ပါ။ ပထမအချက်က၊ မင်းသားဟာ ကြီးမားတဲ့ နိုင်ငံရေး အောင်မြင်မှုတွေ ရရှိရမယ်။ အရပ်ဘက်နဲ့ စစ်ဘက်ဆိုင်ရာ အရာရှိတွေကြားမှာ ဂုဏ်သိက္ခာ ရရှိထားရမယ်။ ဒုတိယအနေနဲ့ မင်းသားရဲ့ သိုင်းတာအိုဟာ တစ်ဆင့်တစ်ခုအထိ တိုးတက်ပြီး သိုင်းသူတော်စင်အဆင့်အထိ ကျင့်ကြံထားနိုင်ရမယ်။ ဒီအချက်နှစ်ချက်ကို တစ်ချိန်တည်းမှာ လုပ်ဆောင်နိုင်ရင် ဧကရာဇ်ရဲ့ စိတ်ကို လှုပ်ခတ်နိုင်မှာဖြစ်ပြီး၊ အိမ်ရှေ့စံမင်းသားကိုလည်း သေချာပေါက် ဆူးခုံပေါ် ထိုင်နေသလို ခံစားရစေလိမ့်မယ်။"
ဟုန်ယွိသည် သူ၏လက်ထဲရှိ ဆန်းကြယ်ကောင်းကင် ကုန်သွယ်ရေးအဖွဲ့၏ ကတ်ကို ကစားရင်း ချန်ပီယံ မြို့စား၏ စွမ်းအားကို ဆန်းစစ်နေသည်။ တစ်ချိန်တည်းမှာပင် သူသည် မင်းသားယုအား စိတ်အားထက်သန်မှုနှင့် ယုံကြည်စိတ်ချမူရှိရန် ပြောပြသည်။
"ဒီကိစ္စနှစ်ခုကို ငါလည်း မင်းသားကို ပြောပြဖူးပါတယ်။ ဒါပေမဲ့ ဒီကိစ္စနှစ်ခုစလုံးက အပြောလွယ်ပြီး လုပ်ရတာ ခက်တယ်။ မင်းမှာ မင်းသားအတွက် အထူးကောင်းမွန်တဲ့ အကြံပြုချက်များ ရှိဦးမလား မသိဘူး။ အခွန်ဘဏ္ဍာဝန်ကြီးဌာနရဲ့ ငွေကြေးနဲ့ ရိက္ခာကို တည့်မတ်အောင် စီမံနိုင်ဖို့ဆိုတာက အတိတ်မင်းဆက်တွေတုန်းက ပညာရှင်တွေတောင် မလုပ်နိုင်ခဲ့တဲ့ ကိစ္စပဲ။ သိုင်းသူတော်စင် ဖြစ်ဖို့ဆိုတာလည်း ကံကောင်းမှု လိုအပ်တယ်။ ဒီကိစ္စနှစ်ခုက လောကလူသားတွေရဲ့ အိပ်မက်မက်နေတဲ့အရာတွေပဲ။ ဘယ်လိုလုပ် လွယ်ကူမှာလဲ။"
ဤအချိန်တွင် ကောင်းကင်ဓားဂိုဏ်း၏ ခေါင်းဆောင် ဂန်ချင်ဖုန်းက ပြောလိုက်သည်။
ဟုန်ယွိသည် အသက်အလတ်ပိုင်းအရွယ် ထိုကွန်ဖြူးရှပ် ပညာရှင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် မင်းသားယုကို ကြည့်လိုက်ပါသည်။
မင်းသားယုသည် ဟုန်ယွိ၏ ဆိုလိုရင်းကို သိသည်နှင့် ချက်ချင်း ပြောလိုက်သည်၊ "သခင်ဂန်က ငါတို့ဘက်က လူပါ။ သခင်ဂန်ရဲ့ သမီးကို ငါက ညီမလေးအဖြစ် သစ္စာဆိုထားပြီးသားပါ။ ဟုန်ယွိ၊ မင်း လွတ်လွတ်လပ်လပ် ပြောပါ။"
"ငွေကြေးနဲ့ ရိက္ခာကို တည့်မတ်အောင် စီမဲ့ဖို့ဆိုတာက တကယ်ပဲ ခက်ခဲပါတယ်။ ဒါပေမဲ့ အခုက အလှည့်အပြောင်းကာလတစ်ခု ရောက်ရှိနေပြီ။ အဲဒီ အလှည့်အပြောင်းကလည်း ချန်ပီယံ မြို့စားပဲ။ မင်းသားက ချန်ပီယံ မြို့စားရဲ့ ဆန်းကြယ်ကောင်းကင် ကုန်သွယ်ရေးအဖွဲ့ကို အသုံးပြုပြီး၊ မကောင်းဆိုးဝါးဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင် ထာဝရမိခင်ကို ကျောက်စိမ်းမြို့တော်ကို ပို့ဆောင်ပြီး လျှို့ဝှက် ထောင်ချထားတယ်။ ဒီကိစ္စက တကယ်ပဲ ပြောင်မြောက်ပြီး သပ်သပ်ရပ်ရပ် လုပ်ဆောင်ခဲ့တာပဲ။ ဒါ့အပြင် ချန်ပီယံ မြို့စားရဲ့ စီးပွားရေးက အရမ်း ကြီးမားလွန်းတော့ သူ ကိုယ်တိုင် ငွေကြေးနဲ့ ရိက္ခာတွေကို ဒီလောက် အများကြီး စုဆောင်းနိုင်တာ။ ဒီလိုဆိုရင် မင်းသားအနေနဲ့ ဒီကိစ္စတွေကို အသေးစိတ် စုံစမ်းစစ်ဆေးကြည့်ဖို့ ကျွန်တော် အကြံပြုချင်တယ်။ ဒီ ချန်ပီယံ မြို့စားမှာ ဘယ်လို ပရိယာယ်တွေ ရှိသလဲဆိုတာ ကျွန်တော်တို့ ကြည့်ရမယ်။ သူ့စီးပွားရေး အဖွဲ့အစည်းက ဘယ်လောက် ကြီးမားလဲ။ အရာအားလုံး စုံစမ်းစစ်ဆေးပြီးမှ အသေးစိတ် ဆွေးနွေးကြတာပေါ့။" ဟုန်ယွိ၏ မျက်လုံးများက လင်းလက်သွားပြီး ဧည့်ခန်းရှိ မီးသွေးမီးဖိုကို စူးစိုက်ကြည့်နေသည်။ သူ၏ မျက်ဝန်းများထဲတွင် မီးလုံးတစ်လုံး ကခုန်နေသည့်အတိုင်းပင်။
"ဟမ့်၊ ချန်ပီယံ မြို့စားက ခန့်မှန်းရခက်တယ်။ သူ့ကို စုံစမ်းစစ်ဆေးတဲ့သူတွေ ဘယ်သူမှ ကောင်းကျိုး မရကြဘူး။ ချင်ပြည်နယ်က ကျင်းမိသားစုနဲ့ ကျန်းမိသားစုတို့ဟာ ရာစုနှစ်များစွာ သက်တမ်းရှည်ကြာတဲ့ မြင့်မြတ်တဲ့ မင်းမျိုးမင်းနွယ်ဝင် မိသားစုတွေဆိုတာ မင်း သိရဲ့လား။ သူတို့က ချမ်းသာ ကြွယ်ဝကြပြီး ပိုင်ဆိုင်မှု သန်းရာချီ ရှိတယ်။ သူတို့ရဲ့ အကြီးအကဲတွေဟာ စွမ်းအားကြီးတဲ့ ဆေးပညာရှင်တွေနဲ့ ကျင့်ကြံသူတွေပဲ။ ဒါတောင်, ချန်ပီယံ မြို့စားက သူ့စီးပွားရေးကို ထိခိုက်စေခဲ့လို့ သူ့ကျွမ်းကျင်သူတွေကို လျှို့ဝှက်စေလွှတ်ပြီး ပြဿနာရှာခဲ့တယ်။ နောက်ဆုံးမှာတော့ သူတို့လည်း လုံးဝ ပျက်စီးသွားခဲ့ရတယ်။ သူတို့ရဲ့ စီးပွားရေးတွေဟာလည်း အကြီးအကျယ် ထိခိုက်ခဲ့တယ်။ အဲဒီအတွက် အဲဒီမြင့်မြတ်တဲ့ မိသားစုနှစ်ခုဟာ ငြိမ်းချမ်းရေးယူဖို့ကလွဲပြီး ရွေးချယ်စရာ မရှိခဲ့ကြဘူး။ အခု သူတို့ရဲ့ အချစ်ဆုံး သမီးတွေကို ချန်ပီယံမြို့စားဆီ ကိုယ်လုပ်တော်အဖြစ် ဆက်သခဲ့ရ တယ်။ သူတို့ရဲ့ စီးပွားရေးဟာလည်း ဆန်းကြယ်ကောင်းကင် ကုန်သွယ်ရေးအဖွဲ့နဲ့ ပေါင်းစည်းသွားခဲ့ပြီ။ မင်းသားဟီဆို ချန်ရှာကောကနေ ပြန်လာ ပြီးတဲ့နောက် ချန်ပီယံ မြို့စားကို လုံးဝ ယုံကြည်သွားခဲ့တယ်။ ဒါ့အပြင် ချန်ပီယံ မြို့စားဟာ သူ့ကို စုံစမ်းစစ်ဆေးတဲ့သူတွေကို အမုန်းဆုံးပဲ။ မင်းက မင်းသားကို စုံစမ်းစစ်ဆေးခိုင်းတော့, မင်းက မင်းသားကို လေထဲကနေ ရန်သူကြီးတစ်ဦး ထွက်ပေါ်လာအောင် လုပ်ဆောင်ခိုင်းလိုက်တာ မဟုတ်ဘူးလား။" (ချန်ရှာကော - ဟူသည် နေရာဒေသတစ်ခု ဖြစ်ပါလိမ့်မည်)။
ဂန်ချင်ဖုန်းသည် ဟုန်ယွိ၏ စကားကို ကြားပြီးနောက် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြန်သည်။
ဟုန်ယွိသည် ဂန်ချင်ဖုန်းကို လူမိုက်တစ်ဦးကို ကြည့်နေသကဲ့သို့ ကြည့်လိုက်သည်။
"သေချာပေါက်, မင်းသားကိုယ်တိုင် စုံစမ်းစစ်ဆေးမှာ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ သူက အိမ်ရှေ့စံမင်းသားကို အသုံးပြုပြီး စုံစမ်းစစ်ဆေးခိုင်းလို့ ရတယ်လေ။ ထာဝရမိခင်က အိမ်ရှေ့စံမင်းသားကို ခြိမ်းခြောက်နိုင်ဖို့ အကောင်းဆုံးလက်နက်တစ်ခုပဲ။ ကျွန်တော့်ရဲ့ မဟာအစီအစဉ်ကြီးက ထာဝရမိ ခင်နဲ့ ပတ်သက်နေတယ်။ ပထမအချက်၊ မင်းသားက ထာဝရမိခင်ဟာ မင်းသားရဲ့ လက်ထဲမှာ ရှိနေတဲ့အကြောင်း အိမ်ရှေ့စံမင်းသားကို ပြောပြနိုင်တယ်။ ဒါပေမယ့်, ထာဝရမိခင်နဲ့ အိမ်ရှေ့စံမင်းသားတို့ကြား ပူးပေါင်းကြံစည်မှုကို ထောက်ပြမယ့်အစား၊ မကောင်းဆိုးဝါးဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်ကို ဖမ်းဆီးထားတယ်လို့ ပြောပြီး အိမ်ရှေ့စံမင်းသားကို ကြီးမားတဲ့ ကမ္မကုသိုလ်ကြီး ပြုပေးလိုက်ပါ။ အိမ်ရှေ့စံမင်းသားလည်း သဘာဝအတိုင်း နားလည်လိမ့်မယ်။ မင်းသားက ဒီအခွင့်အရေးကိုယူပြီး ချန်ပီယံမြို့စားနဲ့ ပတ်သက်တဲ့ အချက်အလက်အားလုံးကို အိမ်ရှေ့စံ မင်းသားထံမှာ တောင်းဆိုနိုင်တယ်။ ဒုတိယအချက်က၊ မင်းသားအနေနဲ့ သိုင်းသူတော်စင် နယ်ပယ်ကို ချိုးဖောက်ဝင်ရောက်နိုင်ဖို့ တော်ဝင် မိသားစုရဲ့ လျှို့ဝှက် လေ့ကျင့်ရေး နည်းလမ်းတွေကိုလည်း အိမ်ရှေ့စံမင်းသားထံမှာ တောင်းဆိုနိုင်သေးတယ်။"
ဟုန်ယွိသည် ဤအချက်နှစ်ချက်ကို ထောက်ပြပြီး ပြောလိုက်သည်။ ဂန်ချင်ဖုန်း၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး ဟုန်ယွိ၏ အစီအစဉ် ကို စဉ်းစားနေပုံရသည်။
ဂန်ချင်ဖုန်း၏ နောက်တွင် ဓားကိုင်ထားသော လူငယ်က မနေနိုင်ဘဲ ပြောလိုက်သည်၊ "မင်းသားမှာ ထာဝရမိခင်၊ အိမ်ရှေ့စံမင်းသားနဲ့ မကောင်းဆိုးဝါးဂိုဏ်းတွေကြားက သက်သေအထောက်အထားတွေ ရှိနေမှတော့ ဘာလို့ အင်ပါယာတရားရုံးမှာ တိုက်ရိုက် ထုတ်ဖော် မပြောတာလဲ။ အိမ်ရှေ့စံမင်းသားကို ဖြုတ်ချလို့ မရရင်တောင်မှ, အနည်းဆုံး အိမ်ရှေ့စံမင်းသားကို နာမည်ပျက်ပြီး ဆေးကြောရခက်အောင် လုပ်လို့ရတယ်လေ။"
"ပါးစပ်ပိတ်စမ်း၊ မင်းက ဘာမိုလို့ ကြားဖြတ်ပြောတာလဲ။" လူငယ် ပြောလိုက်သည်နှင့် ဂန်ချင်ဖုန်းသည် ချက်ချင်း ဆဲဆိုကျိန်းမောင်းလိုက်သည်။ "ဒီကိစ္စကို ထုတ်ဖော်လိုက်ရင် နန်းတော်ကို မတည်မငြိမ် ဖြစ်စေလိမ့်မယ်။ အိမ်ရှေ့စံမင်းသား ဖြုတ်ချခံရ၊ မခံရဆိုတာက နောက်ပိုင်းကိစ္စ။ အနည်းဆုံးတော့ ဧကရာဇ်ရဲ့ စိတ်ထဲမှာ မင်းသားဟာ “အခြေအားလုံးကို ဂရုမစိုက်သူ”အဖြစ် တံဆိပ်ကပ်ခံရပြီးသား ဖြစ်သွားလိမ့်မယ်။ ဒါ့အပြင်, မင်းသားဟာ အကျင့်ပျက်ပြီး အိမ်ရှေ့စံမင်းသားကို အသရေဖျက်နေသူအဖြစ် သတ်မှတ်သွားလိမ့်မယ်။ ဒါက သစ္စာမဲ့သူအဖြစ် ကျော်ကြားသွားနိုင် တယ်။ ဒါက ရန်သူအယောက် ၁,၀၀၀ ထိခိုက်စေပေမယ့် ကိုယ့်ဘက်ကလည်း အယောက် ၈၀၀ ထိခိုက်စေတာပဲ။ သခင်ဟုန်ရဲ့ အကြံကတော့ တကယ်ကို ထူးချွန်တယ်။ ချန်ပီယံ မြို့စားနဲ့ အိမ်ရှေ့စံမင်းသားကို တိုက်ခိုက်ခိုင်းရုံတင်မကဘူး ကိုယ်ရဲ့ကိုယ်ပိုင် စွမ်းအားကိုလည်း မြှင့်တင်ပေးနိုင် တယ်။"
ဤအချိန်တွင် ဂန်ချင်ဖုန်းသည် ဟုန်ယွိကို သခင်ဟု ခေါ်ဝေါ်ပုံ ပြောင်းလဲသွားသည်။ ဟုန်ယွိ၏ ထူးချွန်သော အစီအစဉ်ကို သူ လေးစားသွားသည်မှာ ထင်ရှားသည်။
"ဒါပေမဲ့ အိမ်ရှေ့စံမင်းသားက အစွမ်းထက်တယ်။ တကယ်လို့, မင်းသားသာ အဲဒီလိုလုပ်ခဲ့ရင်, အိမ်ရှေ့စံမင်းသားက သူ့ကို လျှို့ဝှက် မုန်းတီးသွားဖို့ များတယ်။ တကယ်လို့, အိမ်ရှေ့စံမင်းသား စိတ်ဆိုးပြီး အရှက်ရသွားခဲ့ရင်…... " ဂန်ချင်ဖုန်းက ဟုန်ယွိကို မေးလိုက်သည်။
“ကောင်းကင်ဓားဂိုဏ်းရဲ့ ခေါင်းဆောင်က လူနုံလူအ မဟုတ်ဘူး။ သူက အတော်လေး ဉာဏ်ရည်ထက်မြက်ပြီး၊ နည်းနည်းပါးပါး အရိပ်မြွက် ပြလိုက်ရုံ နဲ့ နားလည်နိုင်တယ်။ မင်းသားယုက သူ့ကို အကြံပေးအဖြစ် ခန့်ထားတာ အံ့သြစရာ မရှိဘူး” ဟုန်ယွိသည် စိတ်ထဲကနေ တွေးလိုက်ပါသည်။
"မင်းသားက ထာဝရမိခင်ကို ဖမ်းဆီးထားကတည်းက အိမ်ရှေ့စံမင်းသားက စိတ်ဆိုးပြီး အရှက်ရကာ၊ လုပ်ကြံသတ်မှာကို မကြောက်လို့ပေါ့။ ခေါင်းဆောင်ဂန် စိတ်ပူစရာ မလိုပါဘူး။" ဟုန်ယွိ ပြုံးလိုက်သည်။
"ကောင်းပြီ။ ဒီနေ့ ဆွေးနွေးမှုက တကယ်ကို ကျေနပ်စရာကောင်းတယ်။ ငါ တစ်ခါမှ ဒီလောက် သက်တောင့်သက်သာ မခံစားရဖူးဘူး။ ဟုန်ယွိ၊ မင်းက တကယ်ပဲ ငါ့ရဲ့ ကျောရိုးတစ်ခုပဲ။" မင်းသားယုက ထရပ်လိုက်သည်။ "ကောင်းပြီ၊ အားလုံး မနက်စာ မစားရသေးဘူး။ စားပြီးမှ ဆက်လက် ဆွေးနွေးကြတာပေါ့။"
သူ ပြောနေစဉ် အစေခံ မိန်းမလေး အချို့သည် စားပွဲတစ်လုံးကို သယ်လာကြသည်။ စားပွဲပေါ်တွင် ခေါက်ဆွဲ ပူပူနွေးနွေး တစ်ပန်းကန်၊ သရေစာအဖြစ် လက်ရာမြောက်မုန့်အချို့နှင့် နို့ဖြူပူပူ တစ်ပန်းကန် ရှိနေသည်။
"ဒါက နို့လား။"
ဟုန်ယွိသည် နို့ရည်ဖြူပူပူ တစ်ပန်းကန်ကို ကြည့်လိုက်ပြီး ၎င်းသည် နို့ထိန်းများထံမှ ယခုလေးတင် ညှစ်ထားသော လူနို့ဖြစ်ကြောင်း သိလိုက်သည်။ ၎င်းသည် ကျောက်စိမ်းမြို့တော်မှ မင်းမျိုးမင်းနွယ်များ၏ အကြိုက်ဆုံး ကျန်းမာရေး သောက်စရာလည်း ဖြစ်သည်။
ထို့အပြင်, ဆေးကျမ်းများအရဆို, လူနို့ကို ကြာရှည် သောက်သုံးခြင်းက ခွန်အားကို တိုးမြှင့်စေပြီး နုပျိုမှုကို ထိန်းသိမ်းပေးနိုင်သည်ဟု မှတ်တမ်းတင်ထားသည်။ သို့သော် ဟုန်ယွိသည် လူနို့သောက်ခြင်းကို ကျင့်သားမရသဖြင့် ခေါက်ဆွဲကို တူတစ်စုံဖြင့် ကောက်ယူကာ စားလိုက်သည်။
ခေါက်ဆွဲ ပါးစပ်ထဲသို့ ဝင်သွားသည်နှင့် ဝါးရလွယ်ပြီး ချောမွေ့သည်ဟု ခံစားရသည်။ ၎င်းကို စားပြီးနောက် ဗိုက်က နွေးထွေးလာပြီး အပူလှိုင်းတစ်ချို့ လှိမ့်တက်လာသည်။
"ဒါက တော်ဝင် မိသားစုရဲ့ ဂုဏ်ထူးဆောင်ဖြစ်တဲ့ နဂါးအရွတ် ခေါက်ဆွဲပဲ။ ရှားပါး ဆေးဖက်ဝင် အပင် ဒါဇင်ပေါင်းများစွာနဲ့ လက်ရာမြောက် ထုတ်လုပ်ထားတာ။ ခေါက်ဆွဲတစ်မျှင်ရဲ့ တန်ဖိုးက ဒီ ရွှေချည်နဲ့ ညီမျှတယ်။ ဒါဟာ အလွန်အကျွံ ဇိမ်ခံတာဖြစ်ပေမဲ့ သိုင်းပညာရှင်တစ်ဦးအနေနဲ့ စားရမှာပဲ။ မဟုတ်ရင် ငါ ဘယ်လိုလုပ် မဟာဆရာသခင် နယ်ပယ်ကို ဒီလောက် လွယ်လွယ်ကူကူနဲ့ ရောက်နိုင်မှာလဲ။"
ပန်းကန်ထဲက ခေါက်ဆွဲကို ကြည့်ရင်း မင်းသားယုက သက်ပြင်းချလိုက်သည်။
"စားသောက်နဲ့ ပတ်သက်ရင် ဘယ်တော့မှ မငြီးညူသင့်ဘူး။ ဒါက ပညာရှင်တွေရဲ့ စကားပဲ။ မင်းသားအနေနဲ့ သက်ပြင်းချဖို့ မလိုပါဘူး" ဂန်ချင်ဖုန်း ပြောလိုက်သည်။ ထို့နောက် သူက ဟုန်ယွိဘက်သို့ လှည့်ကြည့်ကာ "သခင်လေးဟုန်၊ သခင်လေးအသက် ဘယ်လောက်ရှိပြီလဲ။ ကိုယ်ပိုင်မိသားစုတစ်ခုရှိပြီလား မသိဘူး။။"
"ကျွန်တော် အသက် ၁၆ နှစ် ရှိပါပြီ၊ ဇနီးလည်း ရှိပါတယ်" ဟုန်ယွိ တူကို ချပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။
"ဘာ…၊ ဟုန်ယွိ၊ မင်း အိမ်ထောင်ပြုပြီးပြီလား။ ငါ မင်းကို ထိမ်းမြားပေးဖို့ ပြင်ဆင်နေတာ။ မင်းဇနီးက ဘယ်သူလဲ သိပါရစေ။ တွေ့လို့ ရမလား" မင်းသားယုက အံ့အားသင့်စွာ မေးလိုက်သည်။
"ကျွန်တော့် ဇနီးက ယွန်နိုင်ငံရဲ့ မင်းသမီးပါ။ သူမက အခု တိတ်ဆိတ်စွာ ကျင့်ကြံနေလို့ ပါမလာခဲ့ဘူး။ မင်းသားရဲ့ ကြင်နာမှုကို ကျေးဇူးတင်ပါတယ်" ဟုန်ယွိက ပြောလိုက်သည်။
"ယွန်နိုင်ငံရဲ့ မင်းသမီးလား။ ဘယ်မင်းသမီးလဲ မေးလို့ ရမလား။" ဂန်ချင်ဖုန်းက သူ၏လက်ကို လှုပ်လိုက်ပြီး သူ၏တူက မြေပြင်ပွဲပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ သူသည် သိုင်းတာအိုတွင် မဟာဆရာသခင်အဆင့် ဖြစ်သော်လည်း တူကို မကိုင်နိုင်ခဲ့ပေ။ သူ မည်မျှ တုန်လှုပ်သွားကြောင်း သိသာ ထင်ရှားလွန်းသည်။
"မင်းသမီး ချန်ယင်းရှာပါ" ဟုန်ယွိက ပြောလိုက်သည်။
"ယင်း..." ဂန်ချင်ဖုန်း၏ တစ်ကိုယ်လုံး တုန်ခါသွားသည်။ သူ၏ နှုတ်ခမ်းများက လှုပ်ခါသွားပြီး၊ သူ၏ ပါးစပ်ထောင့်မှ ခေါက်ဆွဲ အကြွင်းအကျန်များပင် လှုပ်ယမ်းသွားခဲ့သည်။ ထို့နောက် သူက သူ့ကိုယ်ကို စိတ်တည်အောင်ထားပြီး "အခုနက ကျွန်တော် ရိုင်းပြသွားပါတယ်။ သခင်လေးဟုန် အနေနဲ့ ခွင့်လွှတ်ပေးပါ။ ဟိုင်တင်း၊ ကျီဝေ၊ ချီချီ ယုံချွန်မင်းသမီးရဲ့ စံအိမ်ကနေ ပြန်လာတဲ့အခါ, သူမကို တောင်းပန်ဖို့အတွက် ကြည်လင်ဖန်သားအချပ် ၅၀ကို အစိမ်းရောင် မိုးမခစံအိမ် ယူသွားခိုင်းလိုက်ပါ။"
"ဟမ်…" ဟုန်ယွိသည် ဂန်ချင်ဖုန်း၏ သဘောထား ပြောင်းလဲသွားသည်ကို မြင်သောအခါ ပြုံးမိသွားသည်။ သူသည် အမှန်ပင် တောင်းပန်နေသည်။ ဤ ကောင်းကင်ဓားဂိုဏ်း ခေါင်းဆောင်သည် ချန်ယင်းရှာ၏ ဂုဏ်သတင်းကို သိထားသည်မှာ ထင်ရှားသည်။
"ချင်ဖုန်း၊ ဒီကိစ္စကို လျှို့ဝှက်ထားပါ" မင်းသားယုက လျင်မြန်စွာ ပြောလိုက်သည်။
"အရှင်မင်းသား၊ သခင်လေးဟုန်က အရှင်မင်းသားအတွက် လမ်းညွှန်ပေးနေမှတော့, အရမ်းကို ဘေးကင်းမယ်ဆိုတာ ကျွန်တော် သိပါတယ်။ သခင်လေး ဟုန်၊ သခင်လေးက အရှင်မင်းသားရဲ့ အကြံပေး ဖြစ်ဖို့ အရမ်းငယ်သေးတယ်လို့ ခုနက ကျွန်တော် ထင်နေခဲ့တာ။ ဒါပေမဲ့ သခင်လေးက ဒီလောက် ထူးခြားလိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ခဲ့ဘူး။ အခုကစပြီး သခင်လေးက မင်းသားရဲ့ အကြံပေးအဖြစ် နေပေးပါ။ ကျွန်တော်က ဒုတိယ အဆင့်ကို ဆုတ်ခွာပြီး သခင်လေးရဲ့ အမိန့်ကို နားထောင်ပါ့မယ်။"
"ပြဿနာ မရှိပါဘူး။ ကောင်းကင်ဓားဂိုဏ်းဟာ နှင်းပြည်နယ်မှာ သြဇာလွှမ်းမိုးမူ ကြီးမားတယ်။ နှင်းပြည်နယ်ရဲ့ အပြင်ဘက်မှာတော့ အေးခဲပြီး ကျယ်ပြောလှတဲ့ နှင်းလွင်ပြင်ဒေသနဲ့ ရေခဲသမုဒ္ဒရာ လွင်ပြင်တို့ရှိပြီး၊ ယွမ်တူနိုင်ငံရဲ့ ပိုင်နက်တွေလည်း ဖြစ်တယ်။ ကျွန်တော်က ယွမ်တူနိုင်က အစစ်မှန် ခုနှစ်စဉ်ကြယ်ဂိုဏ်းနဲ့ ဘိုင်မိသားစုရဲ့ သတင်းအချက်အလက်တွေ လိုအပ်တယ်။ သခင်ဂန်က ကျွန်တော့်အတွက် သုံးရက်အတွင်း ရှာပေးနိုင်မလား မသိဘူး။"
ဟုန်ယွိသည် ဂန်ချင်ဖုန်း၏ ကြေညာချက်ကို ကြားပြီးနောက် သူ၏တာဝန်ကို ငြင်းပယ်ခြင်း မရှိပေ။
"သခင်လေးက အစစ်မှန် ခုနှစ်စဉ်ကြယ်ဂိုဏ်းရဲ့ သတင်းအချက်အလက်တွေ လိုချင်တာလား။ ကောင်းပါပြီ။ ကျွန်တော် သခင်လေးအတွက် သုံးရက် အတွင်း ရှာပေးပါ့မယ်။" ဂန်ချင်ဖုန်းက ခဏရပ်ပြီးမှ ပြောလိုက်သည်။
"ကောင်းပြီ၊ နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်။ သခင်ဂန်၊ ခင်ဗျားရဲ့ ကောင်းကင်ဓားဂိုဏ်းက ကျွမ်းကျင်သူစာရင်းကို အခုပဲ ထုတ်ပေးပြီး ကျွန်တော့်ရဲ့ အစိမ်းရောင်မိုးမခံအိမ်မှာ စုဝေးခိုင်းပေးပါ။ ကျောက်စိမ်းမြို့တော်က အခု အရမ်းရှုပ်ထွေးနေလို့ ကျွန်တော်လည်း မင်းသားကို အခြေအနေကို ထိန်းချုပ်နိုင်ဖို့ ကူညီပေးရုံကလွဲပြီး ရွေးချယ်စရာ မရှိဘူး။ အနည်းဆုံး မင်းသားရဲ့ လက်အောက်မှာရှိတဲ့ ကျွမ်းကျင်သူအားလုံးကို ကျွန်တော် သိထားဖို့ လိုအပ်တယ်။ ဒါမှ နေရာချထားနိုင်မှာပါ။"
ဟုန်ယွိက ဆက်ပြောသည်။
"ဒါ့အပြင်, မင်းသား၊ ကျေးဇူးပြုပြီး၊ နန်းတော်အတွင်းက မိန်းမစိုးတွေ၊ မောင်းမမိဿံတွေ၊ မြင့်မြတ်တဲ့ ကြင်ယာတော်တွေ၊ မိဖုရားတွေနဲ့ မိဖုရားခေါင်တို့ရဲ့ အချက်အလက်အားလုံးကို ကျွန်တော်ကို ကြည့်ရှုခွင့်ပေးပါ။ ဒါ့အပြင်, နွေဦးအခန်း စာမေးပွဲအတွက် ကျွန်တော့်ကို ပြင်ဆင်ပေးပါ။" (နွေဦးအခန်း စာမေးပွဲ) သည် တရုတ်ပြည်၏ ရှေးခေတ် စာမေးပွဲစနစ် (အင်ပါယာစာမေးပွဲစနစ်တွင် အရေးပါဆုံးအဆင့်တစ်ခုကို ရည်ညွှန်းပါသည်)။
"ကောင်းပြီ၊ ငါလည်း ဒီရည်ရွယ်ချက်မျိုး ရှိတယ်။ ဟုန်ယွိ၊ မင်းက ငါ့စံအိမ်ရဲ့ အရပ်ဘက်နဲ့ စစ်ဘက်ဆိုင်ရာ ကိစ္စတွေကို တာဝန်ယူပါ။ အာဏာအားလုံးကို မင်းဆီမှာ ထားခဲ့မယ်။"
မင်းသားယုက နောက်ဆုံးတွင် ဆုံးဖြတ်ချက်ချလိုက်သည်။
ထိုအချိန်တွင် အစောင့်တစ်ဦးသည် ရုတ်တရက် အပြင်ဘက်မှ အလျင်အမြန် ဝင်လာပြီး မင်းသား၏ နားအနားတိုးကာ စကားအနည်းငယ် တိုးတိုးလေး ပြောလိုက်သည်။
"အိမ်ရှေ့စံမင်းသားဟာ ရုပ်ဖျက်ပြီး နန်းတော်ကနေ ထွက်ခွာလာတာ စံအိမ်အဝင်ဝကို ရောက်နေပြီ။ သူက မင်းသားနဲ့ တွေ့ဆုံချင်ပါတယ်တဲ့။ မိန်းမစိုး ယင်လျန်ဟွာနဲ့ နတ်ဘုရားသခင် ဗျူဟာတပ်ရင်းရဲ့ တပ်ရင်းမှူး ဟုန်ရှီတို့လည်း သူ့နောက်ကနေ လိုက်ပါလာပါတယ်" ထိုအစောင့်၏ အသံ က ဟုန်ယွိ၏ နားထဲသို့ ရောက်ရှိလာပါသည်။ (နတ်ဘုရားစက်ယန္တရားတပ်ရင်း- ဟု ရှေ့မှာတုန်းက ပြန်ဆိုခဲ့သည်။ ယခုအပိုင်းမှစ၍ နတ်ဘုရားသခင် ဗျူဟာတပ်ရင်းဟု ပြောင်းလဲ ပြန်ဆိုပါမည်။