အခန်း (၂၈၉-၂၉၀)
Vol. 26 Ch. 289-290
အခန်း (၂၈၉)။
"နန်းတော်တစ်ခုလုံး စုစုပေါင်း အခန်းပေါင်း ၃၆,၀၀၀ ရှိပြီး၊ အပျိုတော်နဲ့ မိန်းမစိုးပေါင်း ၂၀,၀၀၀ ကနေ ၃၀,၀၀၀ ကျော် ရှိတယ်...။ ပင်မနန်းဆောင်တစ်ခုတည်းမှာတင် ချင်းဂန် ခန်းမ၊ ကွန်ယွမ် ခန်းမ၊ ယန်ရှင်း ခန်းမ၊ ရီဟွာ ခန်းမ၊ ယွဲ့ဟွာ ခန်းမ၊ ဇီဝူခန်းမ၊ ဖေးရှန် ခန်းမ၊ ဝန်ကြီးအဖွဲ့ ခန်းမ၊ မိုးပျံတိမ်တိုက် ခန်းမ၊ ကျောက်စိမ်းနဂါး ခန်းမ၊ ထိုက်ကျိ ခန်းမ၊ လန်ယာ ခန်းမ၊ တောင်ပင်လယ် ခန်းမ၊ သာယာဝပြောရေး ခန်းမ၊ ဓလေ့ထုံး တမ်း ခန်းမ အစရှိသဖြင့် အဓိက ခန်းမကြီး ၃၆ ခု ပါဝင်တယ်...။ ငါသာ မင်းသားယုကို နန်းတော်နဲ့ပတ်သက်ပြီး အထွေထွေ အပြင်အဆင်မူအဖြစ် ကြိုတင် မမေးထားဘူးဆိုရင်၊ ငါ ခေါင်းမူးနေပြီး ရှာလို့တောင် တွေ့မှာ မဟုတ်ဘူး။"
ဟုန်ယွိ၏ နတ်ဘုရား စိတ်ဝိညာဉ်သည် မြေပြင်ထဲသို့ ဖြောင့်တန်းစွာ တူးဝင်သွားခဲ့သည်။ ကျုံးကို ဖြတ်ကျော်ပြီးနောက်၊ သူသည် အတွင်းမြို့ရိုးမှ ထွက်လာခဲ့သည်။
သူသည် အနက်ရောင် ကတ္တရာစေး ရွှေအုတ်ခဲများပေါ်သို့ ခြေချလိုက်သည်။ (ဤကမ္ဘာပေါ်ရှိ နန်းတော်တွင် အခန်းပေါင်း ၉,၀၀၀ ကျော်သာ ရှိသော်လည်း၊ ဤယန်နတ်ဘုရားဝတ္ထုရှိ ကမ္ဘာလောက၏ နန်းတော်သည် ဤကမ္ဘာပေါ်ရှိ နန်းတော်ထက် အများကြီး ပိုကြီးမားသည်။)
သူသည် သူ့ရှေ့ရှိ ရှည်လျားသော လမ်းမကြီး၊ မိုးထိလုနီးပါး မြင့်မားသော ခန်းမဆောင်ကြီးများ၊ အိမ်များနှင့် မီးအိမ်များ သယ်ဆောင်လာသည့် မိန်းမစိုးများကို မြင်လိုက်ရသည်။ ဟုန်ယွိသည် မင်းသားယုထံမှ ရရှိခဲ့သော နန်းတော်၏ ပထဝီမြေအနေထား ဖြန့်ခွဲထားပုံကို ပြန်လည် အောက်မေ့နေခဲ့သည်။ သူသည် မမေ့နိုင်သည့် မှတ်ဉာဏ်ကို ပိုင်ဆိုင်ထားသော်လည်း၊ နန်းတော်ရှိ ခန်းမအမျိုးမျိုးနှင့် အပြင်များကြောင့် အနည်းငယ် စိတ်ရှုပ်ထွေးနေဆဲ ဖြစ်သည်။
နန်းတော်၏ ပထဝီမြေအနေထား ဖြန့်ဝေပုံသည် အနက်နဲဆုံး ကျမ်းဂန်များထက်ပင် နားလည်ရန် ပိုမို ခက်ခဲသည်။
သူသည် ဝူဝမ်မြို့စား၏ စံအိမ်ထဲသို့ ဝင်ပြီးနောက် လမ်းရှာရန်ပင် ခက်ခဲခဲ့ဖူးပြီး၊ နန်းတော် တစ်ခုလုံးသည် ဝူဝမ်မြို့စား၏ စံအိမ်ထက် အဆပေါင်း ရာနှင့်ချီ၍ ကြီးမားကျယ်ဝန်းလှသည်။ ထို့ကြောင့် အဆပေါင်း ရာနှင့်ချီ၍ ပိုမို ရှုပ်ထွေးလှပြီး၊ သဘာဝအတိုင်း ရှာဖွေရန် ပို၍ ခက်ခဲပေသည်။
အထူးသဖြင့် ဟုန်ယွိသည် သူ၏ အတွေးများကို ခွဲထုတ်ပြီး ကျယ်ကျယ်ပြန့်ပြန့် လှည့်ပတ် ရှာဖွေရန် မဖြစ်နိုင်သောအခါမျိုး ဖြစ်သည်။
မိုနိုဂါတာရီသာ မဟုတ်ပါက၊ ထိုသို့သော အဆင်ခြင်မဲ့ အပြုအမူမျိုးသည် သေမင်းကို ဖိတ်ခေါ်နေခြင်းသာ ဖြစ်လိမ့်မည်။
ထို့ပြင် မင်းသားယု သိရှိသော နန်းတော်၏ တည်နေရာ ဖြန့်ဝေပုံသည် တစ်စိတ်တစ်ပိုင်းသာ ဖြစ်ပြီး၊ ပြည့်စုံခြင်း မရှိပေ။ ထို့ကြောင့် ဟုန်ယွိသည် ဆက်လက် သတိထားရပေမည်။
သူ မြေပြင်ပေါ်သို့ ခြေချပြီး လမ်းလျှောက်လိုက်သည်နှင့် အနည်းငယ်သော မသက်မသာ ခံစားချက်ကို ခံစားလိုက်ရသည်။
ဟုန်ယွိသည် မြေပြင်ပေါ်ရှိ ကြမ်းပြင်ကို ကြည့်လိုက်သည်။ ၎င်းသည် ရွှေရောင် ကြယ်များ ပါရှိသော ကတ္တရာစေး အနက်ရောင် ပြားတစ်ခု ဖြစ်သည်။ နန်းမြို့တော်၏ ကြမ်းခင်းများကို ကျင်းပြည်နယ်မှ လာသော "အနက်ရောင် ရွှေမြေစေး" ဟူသော ကြီးမားသော အုတ်ခဲတစ်မျိုးဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ၎င်းကို ကျောက်ပြားဖြင့် ပြုလုပ်ထားခြင်း မဟုတ်သလို၊ ကျောက်စိမ်းဖြူဖြင့်လည်း ပြုလုပ်ထားခြင်း မဟုတ်ပေ။
ဤ "အနက်ရောင် ရွှေမြေစေး" ကို မီးဖိုထဲတွင် ဖုတ်ပြီးနောက် သံမဏိကဲ့သို့ မာကျောပြီး မှန်ကဲ့သို့ ပြားချပ်နေသည်။ ၎င်း၏နက်မှောင်နေသော အလယ်ဗဟိုတွင် ရွှေရောင် ကြယ်ပွင့် အစက်အပြောက်များ ပါရှိပြီး၊ သန့်ရှင်းပြီး နက်နဲဆန်းကြယ်သော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။
ဟုန်ယွိ၏ နတ်ဘုရား စိတ်ဝိညာဉ် ထွက်ပေါ်လာသောအခါ အနည်းငယ် မသက်မသာ ခံစားလိုက်ရသည်။ ခဏမျှ စဉ်းစားပြီးနောက် သူသည် ချက်ချင်း နားလည်လိုက်သည်။ "အနက်ရောင် ရွှေမြေစေး" ဖြင့် ပြုလုပ်ထားသော ဤအုတ်ခဲများကို မီးဖိုထဲတွင် သွေးများဖြင့် ယဇ်ပူဇော်ထားခြင်း ဖြစ်သည်။
ဆိုလိုသည်မှာ အုတ်ဖိုတစ်ခုအား အလွန် သန်မာသော လူ့သွေး သို့မဟုတ် ကျားသွေး ယဇ်ပူဇော်ရန် လိုအပ်မည်။
ဤအုတ်ခဲများကို နန်းဆောင်များ ဆောက်လုပ်ရန် အသုံးပြုနိုင်ပြီး၊ တစ္ဆေသရဲများနှင့် ဝိညာဉ်များ အန္တရာယ် ပေးခြင်းမှ ကာကွယ်နိုင်ပေသည်။
"ကျွတ်...ကျွတ်…၊ ဝတ္ထုမှတ်တမ်းတွေအရ ကျင်းပြည်နယ်ရဲ့ ဧကရာဇ်မီးဖိုတွေ အုတ်လုပ်တဲ့အခါ၊ မီးဖိုတိုင်းမှာ ကြောက်မက်ဖွယ် ကျားတစ်ကောင် ကို သတ်ရမယ်တဲ့.. ရက်စက်ကြမ်းကြုတဲ့ ကျား သွေးနဲ့ မီးဖိုကို ယဇ်ပူဇော်ပြီး၊ ကျားမကောင်းဆိုးဝါး အစစ်မှန်ချီကို မကောင်းဆိုးဝါး ဝိညာဉ်တွေကို တွန်းလှန်ရာမှာ အသုံးပြုတယ်' ဆိုတာ တကယ်ပဲကို။"
ဟုန်ယွိသည် သမိုင်းမှတ်တမ်းများရှိ မှတ်တမ်းများကို ပြန်ပြောင်း အမှတ်ရပြီး အတည်ပြုချက် ရရှိခဲ့သည်။
မြေပြင်ပေါ်တွင် သတ်ဖြတ်လိုသော စိတ်ဆန္ဒ တစ်မျိုး ရှိနေသည်မှာ အမှန်ပင်။ ပုံမှန်အားဖြင့် နေ့လမ်းလျှောက်ခြင်း နယ်ပယ်အထိ ကျင့်ကြံထား သော တာအိုပညာရှင်တစ်ဦးပင် ခံနိုင်ရည် ရှိရန် ခက်ခဲလိမ့်မည်။ သို့သော် ဟုန်ယွိကဲ့သို့ မိုးကြိုးကပ်ဘေးအဆင့် စိတ်ဝိညာဉ်အတွက်မူ အနည်းငယ် မသက်မသာ ခံစားရရုံသာ ဖြစ်သည်။
"အားလုံးပဲ ညဘက် လှည့်ကင်းကြတဲ့အခါ သတိထားကြ.. ဘာမှ မဖြစ်အောင် ဂရုစိုက်ကြ.. မဟုတ်ရင် ငါတို့ရဲ့ သိုင်းပညာကို ဖျက်ဆီးခံရပြီး ချင်ပြည်နယ်ကို ပို့ဆောင်ခံရပြီး သံချပ်ကာ တပ်ဖွဲ့တွေရဲ့ ကျေးကျွန်တွေ ဖြစ်သွားလိမ့်မယ်။"
ဟုန်ယွိသည် ပင်မလမ်းမတစ်လျှောက် လမ်းလျှောက်နေပြီး နန်းတော်၏ မြင်ကွင်းများကို လေ့လာနေစဉ်တွင် မီးအိမ်များ သယ်ဆောင်လာသော မိန်းမစိုးအဖွဲ့တစ်ဖွဲ့သည် သူ့ဘေးမှ လျှောက်သွားခဲ့သည်။ ဦးဆောင်နေသော မိန်းမစိုးသည် အစိမ်းရောင် ဝတ်စုံ ဝတ်ဆင်ထားပြီး သူသည် ရှင်တန်သိုင်းသခင်တစ်ဦး ဖြစ်နေသည်။
ဤမိန်းမစိုး၏ ဘေးတွင် ခရမ်းရောင် မတ်စတက်ဖ်ခွေး တစ်ကောင် ရှိသည်။ အခြားအရောင် အမွေးတစ်ပင်မျှ မရှိပေ။ ၎င်းသည် ခြင်္သေ့နှင့်တူသည်။ ဤမတ်စတက်ဖ်ခွေးတွင် ငါးနံ့မရှိဘဲ ပန်းပွင့်ရနံ့များသာ ရှိနေသည်။ ထင်ရှားသည်မှာ ၎င်းသည် နေ့တိုင်း ပန်းရနံ့ ရေမွှေးဖြင့် ရေချိုးပေးခြင်း ခံရသည်။
ဤသည်မှာ အမြင့်ဆုံးအဆင့်ရှိ ခရမ်းရောင် မတ်စတက်ဖ်ခွေး ဖြစ်သည်။ ၎င်းသည် မတ်စတက်ဖ်ခွေးဘုရင်နှင့် အဆင့်တူသည့် သတ္တဝါဖြစ်သည်။ နှစ်ကောင်စလုံးသည် မတ်စတက်ဖ်ခွေးများ၏ ဘုရင်များ ဖြစ်ကြသည်။ ၎င်းတို့သည် ခြင်္သေ့များထက်ပင် ပို၍ ကြောက်မက်ဖွယ် ကောင်းသည်။ ၎င်းတို့သည် အလွန် ဉာဏ်ကောင်းပြီး လူများကို နားလည်နိုင်စွမ်း ရှိသည်။ ၎င်းတို့သည် ယင်ချီအတွေးများကဲ့သို့ မျက်စိဖြင့် မမြင်နိုင်သော အရာများကို ပင် ထိုးထွင်း မြင်နိုင်စွမ်း ရှိသည်။
ဤအဖွဲ့တွင် စုစုပေါင်း မိန်းမစိုး တစ်ဆယ့်နှစ်ဦးနှင့် ခရမ်းရောင် မတ်စတက်ဖ်ခွေး တစ်ကောင် ပါဝင်သည်။ ထိုသို့သော ပေါင်းစပ်မူဖြင့် လှည့်ကင်းအဖွဲ့ငယ် တစ်ခုကို ဖွဲ့စည်းထားသည်။
ထမင်းတစ်ခါစားချိန် အချိန်တောအတွင်းမှာ ဟုန်ယွိသည် ထိုသို့သော မိန်းမစိုးအဖွဲ့ ခုနစ်ဖွဲ့ ရှစ်ဖွဲ့လောက် လှည့်ကင်း လှည့်သွားသည်ကို မြင်တွေ့ခဲ့ရသည်။ နန်းမြို့တော်ကို လုံခြုံရေး အပြည့်အဝ ချထားကြောင်း မြင်နိုင်သည်။
"ချင်ပြည်နယ် ဟုတ်လား.. ချင်ပြည်နယ်က အရင်က မြေဩဇာ မကောင်းတဲ့ နယ်မြေပဲ.. ယွမ်မင်နိုင်ငံနဲ့ နယ်နမိတ်ချင်း ထိစပ်နေတယ်..။ အခု ချန်ပီယံ မြို့စားက အဲဒါကို ပြောင်းလဲလိုက်ပြီလို့ ကြားတယ်..။ နေရာတိုင်းမှာ မြေဩဇာ ကောင်းတဲ့ လယ်ကွင်းတွေ ရှိနေပြီ..။ ရိုးရိုးသားသား ပြောရရင် နန်းမြို့တော်ထဲမှာ နေ့တိုင်း ဒီဘဝကြီးနဲ့ နေထိုင်ရတာ တကယ် ပျင်းစရာ ကောင်းတယ်..။ ငါ အပြင်ထွက်ပြီး လေကောင်းလေသန့်လေး ရှူချင်တယ်။"
ဤမိန်းမစိုးအဖွဲ့သည် ဟုန်ယွိအနားမှ ဖြည်းဖြည်းချင်း လျှောက်သွားစဉ်တွင် သူတို့သည် တိုးတိုးလေး ဆွေးနွေးနေကြသည်။
လှည့်ကင်း လှည့်ခြင်းသည် ပျင်းစရာကောင်းသော အလုပ်ဖြစ်သည်။ လှည့်ကင်း လှည့်နေစဉ်တွင် စကားတိုးတိုးလေး ပြောခြင်းသည်ပင် လွတ်လပ်မှု မရှိသော ဤမိန်းမစိုးများ၏ ပျော်ရွှင်ဖွယ် အခိုက်တန့် ဖြစ်သည်။
"ဒီလောက်အများကြီး ဘယ်သူက ဂရုစိုက်နေမှာလဲ.. ငါတို့ လှည့်ကင်း လှည့်ပြီးရင် ဝိုင်တစ်ခွက် သောက်၊ ဘဲသားလေးစား၊ ပြီးတော့ သက်တောင့်သက်သာ အိပ်လို့ရ တယ်" မိန်းမစိုးတစ်ဦးက ပြောလိုက်သည်။
"အသုံးမကျလိုက်တာ... လှည့်ကင်း လှည့်ပြီးလို့ မင်းတို့ အိမ်ပြန်တဲ့အခါ သိုင်းပညာ လေ့ကျင့်ရမယ်လေ။ ရှင်တန်သိုင်းသခင်နယ်ပယ်ကို စောစော ဝင်ရောက်နိုင်ရင်၊ မင်းတို့ ခေါင်းဆောင်ငယ်အဖြစ် ရွေးချယ်ခံရနိုင်တယ်။ ဥပမာငါ့ကို ကြည့်ပေါ့။ ငါ ရှင်တန်သိုင်းသခင်နယ်ပယ်ကို ဝင်ရောက်ပြီးပြီ..။ ငါသာ နောက်ထပ် တစ်လှမ်းတိုးပြီး မဟာဆရာသခင် နယ်ပယ်ထဲ ဝင်ရောက်နိုင်ရင်၊ မိန်းမစိုးခေါင်းဆောင်ဖန်ကို ချော့မော့ပြီး၊ နန်းတော်ထဲမှာ အကြီးအကဲတစ်ဦး ဖြစ်လာနိုင်တယ်.. အဲဒီ အာဏာကတော့...။"
အစိမ်းရောင် ဝတ်စုံ ဝတ်ဆင်ထားသော မိန်းမစိုးတစ်ဦးက ကျိန်မောင်းလိုက်သည်။ "တကယ်တော့ ငါတို့ မိန်းမစိုးတွေက သိုင်းပညာ လေ့ကျင့်ရာမှာ အကောင်းဆုံးပဲ.. သာမန်လူတွေနဲ့ မတူဘူး။ ငါတို့မှာ ဘာတပ်မက်မူမှ မရှိဘူး။ တက်မက်မူ ရှိလာတာနဲ့, ဒီတက်မက်မှူကို ဖွင့်ထုတ်ပစ်ဖို့ လိုအပ်တယ်..။ ဒါဆို ငါတို့ရဲ့ အနှစ်သာရကို ဖြုန်းတီးမူကနေ ရှောင်ရှားဖို့ ခက်ခဲတယ်..။ ငါတို့မှာ အဲဒီအနှစ်သာရကို ဖွင့်ထုတ်ဖို့ နေရာတောင် မရှိဘူး..။ ငါတို့ စွမ်းအင်တွေ အပြည့်အဝ ရှိနေတဲ့အခါ၊ ဒါကို ခွန်အားအဖြစ် ပြောင်းလဲနိုင်တယ်။ သင်းကွပ်ခံရပြီးနောက် နေ့တိုင်း အဆုံးမဲ့ စွမ်းအင်တွေ ရှိနေတယ်လို့ မင်းတို့ မထင်ဘူးလား..။ မြင်းတစ်ကောင်ကို သင်းကွပ်လိုက်တဲ့အခါ ဆယ်နှစ်ကျော် အလုပ်လုပ်နိုင်တယ်..။ လူတွေအတွက်လည်း အတူတူပဲ..။ ငါတို့ မိန်းမစိုးတွေထဲမှာ ကျွမ်းကျင်သူတွေ ရှိတယ်။ တကယ်ပဲ.. မင်းတို့သာ သိုင်းသူတော်စင် နယ်ပယ်ကို ရောက်သွားခဲ့ရင်၊ အင်မတန် အစွမ်းထက်လာလိမ့်မယ်..။ မင်း အပြင်ထွက်တဲ့အခါ မင်းသားတွေတောင်မှ မင်းတို့ကို အနည်းငယ် ကြောက်ရလိမ့်မယ်။"
"မိန်းမစိုးတန်…၊ မင်းရဲ့ သိုင်းပညာက အစွမ်းထက်တယ်..။ မင်းက ညတိုင်း သိုင်းပညာကို လေ့ကျင့်နေတာ ဖြစ်ရမယ်။ ငါတို့ကိုလည်း လမ်းညွှန်ပေးပါဦး..။ ငါတို့လည်း တိုးတက်ချင်တယ်။"
မိန်းမစိုးများက အလျင်အမြန် မြှောက်ပင့်ပြောဆိုကြသည်။
ဤစကားများကို ကြားလိုက်ရသောအခါ ဟုန်ယွိသည် ပြုံးလိုက်မိပါသည်။
တကယ်တော့ မိန်းမစိုးများသည် သင်းကွပ်ခံထားရသည်။ ၎င်းတို့တွင် အလိုရမ္မက် ရှိသော်လည်း ထုတ်ဖော်၍ မရပေ။ ယင်းအစား သူတို့သည် စွမ်းအင်ကို စုဆောင်းပြီး နေ့တိုင်း အားအင်ပြည့်ဝနေသည်။ သူတို့သည် သိုင်းပညာ လေ့ကျင့်ရန်အတွက် အကောင်းဆုံး ဖြစ်သည်။
ထို့ပြင် သင်းကွပ်ခံထားရသော ခန္ဓာကိုယ်သည် စိတ်ဝိညာဉ်အတွင်းရှိ ကိလေသာကိုလည်း သွယ်ဝိုက်၍ ဖြတ်တောက်ပစ်သည်။ ၎င်းသည် တာအို ပညာရပ်များ လေ့ကျင့်ရာတွင်လည်း အထောက်အကူ ဖြစ်စေသည်။ ဥပမာအားဖြင့် မိန်းမစိုးတစ်ဦးသည် အတွင်းနတ်ဆိုးဖြစ်သည့် ကျောက်စိမ်း သမီးပျို ကောင်းကင်နတ်ဆိုး၏ သက်ရောက်မှု နည်းပါးလိမ့်မည်။
အတိတ်တုန်းက သိုင်းပညာကို စိတ်အားထက်သန်စွာ လိုက်စားကြသော ပညာရှင်အချို့ ရှိခဲ့ကြသည်။ သူတို့သည် စွမ်းအင် မယိုစိမ့်စေရန် အတွက် ကိုယ့်ကိုယ်ကိုယ် သင်းကွပ်ခဲ့ကြသည်။
သိုင်းပညာ လေ့ကျင့်သော မိန်းမစိုးများသည် သာမန်လူများထက် အားသာချက် ပိုမို ကြီးမားသည်။ သူတို့သည် သင်းကွပ်ခံထားရသော မြင်းများကဲ့သို့ ပင် ဖြစ်သည်။
သင်းကွပ်ခံရပြီးနောက် မြည်းများ၊ မြင်းများ၊ နွားများနှင့် ဆိတ်များသည် ခွန်အား ပိုမို ရှိလာခြင်း၊ ပိုမို လျင်မြန်စွာ ပြေးနိုင်ခြင်း၊ ပိုမို ကြိုးစားပမ်းစား အလုပ်လုပ်နိုင်ခြင်းနှင့် ပိုမို နာခံမှု ရှိလာခြင်းတို့ ဖြစ်ပေါ်စေနိုင်သည်။ ၎င်းသည် ဤအကြောင်းရင်းကြောင့်ပင် ဖြစ်သည်။
ရွှီး၊ ရွှီး၊ ရွှီး... မိန်းမစိုးအဖွဲ့သည် ဟုန်ယွိအနားမှ လျှောက်သွားစဉ်တွင် ဟုန်ယွိကို လုံးဝ အရေးမထားခဲ့ကြပေ။
အမြင့်ဆုံး အဆင့်ရှိ ခရမ်းရောင် မတ်စတက်ဖ်ခွေးကသာ မျက်ခွံများကို အနည်းငယ် မြှင့်တင်ပြီး နှစ်ကြိမ် အနံ့ခံလိုက်သည်။ ၎င်းသည် ဘာကိုမျှ မတွေ့ရှိရသေးသောကြောင့် ခေါင်းငုံ့ပြီး ဆက်လျှောက်သွားခဲ့သည်။
ဟုန်ယွိ၏ ပုံရိပ်ယောင်လေဟာနယ်ကမ္ဘာအောက်တွင် ဤမိန်းမစိုးများသည် ဟုန်ယွိကို လုံးဝ မမြင်နိုင်ကြပေ။ သူတို့သည် မျက်နှာချင်းဆိုင် ဖြစ်နေလျှင်ပင် သူ့ကို ထိတွေ့နိုင်ခြင်း သို့မဟုတ် ကိုင်တွယ်နိုင်ခြင်း မရှိကြပေ။
ဟုန်ယွိ၏ တည်ရှိနေမူကို ခံစားမိရန်အတွက် အလွန်မင်း မြင့်မားသော ကျင့်စဉ်အဆင့်နှင့် အပြစ်အနာအဆာ ကင်းစင်ပြီး ပြီးပြည့်စုံသော စိတ်ကို ပိုင်ဆိုင်ထားသည့် သိုင်းသူတော်စင်များသာ ဟုန်ယွိ၏ တည်ရှိနေခြင်းကို ခံစားမိနိုင်ပေမည်။
ထိုသို့သော သိုင်းသူတော်စင်မျိုးသည် လူသားအင်မော်တယ် ဖြစ်ရန် ခြေတစ်လှမ်းသာ လိုတော့သည့် အထွက်အထိပ် သိုင်းသူတော်စင်များ တစ်ဦး ဖြစ်သည်။
ယင်လျန်ဟွာကဲ့သို့ မိန်းမစိုးအိုကြီးတစ်ဦးပင် ထိုသို့သော နယ်ပယ်ကို မရောက်နိုင်ပေ။
ဟုန်ယွိက သူ့ကို သတ်ဖြတ်ချင်နေပြီး သူ့ထံသို့ ချဉ်းကပ်လာမှသာ ခံစားနိုင်လိမ့်မည်။ ဟုန်ယွိက သူ့ကို သတ်ဖြတ်ချင်စိတ် မရှိဘူးဆိုလျှင်, သူ့ကို ခံစားမိဖို့ ခက်ခဲလိမ့်မည်။
"အနောက်နန်းဆောင်ကို သွားကြည့်ရမယ်..။ ကြင်ယာတော်ယွမ်ကို မြင့်မြတ်တဲ့ ဧကရာဇ်ကြင်ယာတော်ဘွဲ့ ချီးမြင့်ထားတယ်.. သူမရဲ့ အဆင့်အတန်းက အလွန်မြင့်မားပြီး၊ ဧကရာဇ်မယ်တော်၊ ဧကရာဇ်နဲ့ မိဖုရားခေါင်ကြီးတို့အောက်မှာပဲ ရှိတယ်..။ မင်းသားယုက သူမဟာ အနောက် နန်းဆောင်မှာ နေတယ်လို့ ပြောခဲ့တယ်..။ ငါ သူမကို အရင်ရှာပြီး နှုတ်ဆက်မယ်.. သူမက နန်းမြို့တော်မှာ အချိန်ကြာမြင့်စွာ နေခဲ့တဲ့အတွက် နန်းမြို့တော် အခြေအနေကို မင်းသားယုထက် ပိုသိမှာ သေချာတယ်..။ နန်းမြို့တော်ရဲ့ အတွင်း ဘဏ္ဍာတိုက်မှာ ဘာလျှို့ဝှက်ချက်တွေ ရှိလဲဆိုတာ ငါ သူမကို မေးနိုင်တယ်..။ ဒိုင်ဇင်ဘုရားကျောင်းက ဘုန်းတော်ကြီးတွေရဲ့ ရုပ်ကြွင်းနဲ့ အရိုးတွေကို အတွင်းဘဏ္ဍာတိုက်မှာ ဝှက်ထားသလား ဆိုတာ ငါ သိချင်တယ်..။ အခွင့်အရေး ရရင် ငါ အဲဒါတွေကို ထုတ်ယူပြီး မြှုပ်နှံမယ်..။ လူတွေရဲ့ အရိုးတွေကို တူးဖော်တာက နန်းတော်အနေနဲ့ တကယ်ကို မလုပ်သင့်ဘူး.. ။" (ရှေ့ပိုင်းအစ ကျန်းနန်မင်းသမီးအခန်းမှာတုန်းက ဘုရင်မကြီးဒိုဝါဂါဟု ပြန်ဆိုခဲ့သည်။ ယခုမှစ၍ ဧကရာဇ်မယ်တော်ဟု ပြန်ဆိုပါမည်။)
ဟုန်ယွိသည် ဖြည်းဖြည်းချင်း လျှောက်သွားပြီး ပျံသန်းသွားခြင်း မရှိပေ။ သူသည် ရှည်လျားသော နန်းဆောင် လမ်းတစ်လျှောက် လျှောက်သွားရင်း ဘယ်ညာ ကွေ့ကာ ရှေ့တိုးလိုက်၊ နောက်ဆုတ်လိုက်၊ တံခါးများနဲ့ နံရံများကို ဖြတ်သန်းသွားသည်။ နာရီဝက်ခန့် လမ်းလျှောက်ပြီးနောက် ကောင်းကင်မှ ဆီးနှင်းများ ဆက်လက် ကျဆင်းနေဆဲ ဖြစ်သည်။ ၎င်းသည် တိတ်ဆိတ်ပြီး ငြိမ်းချမ်းသော်လည်း အသက်ဝင်နေဆဲ ဖြစ်သည်။
ဟုန်ယွိသည် နန်းမြို့တော်၏ ညခရီးစဉ်က သာယာသော ခရီးစဉ်ဖြစ်ကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။ သူသည် ကဗျာရွတ်ဆိုရန် စိတ်အားထက်သန်မူပင် အနည်းငယ် ဖြစ်ပေါ်လာခဲ့သည်။
သို့သော် သူသည် ကဗျာစပ်ချင်သည့် စိတ်အခြေအနေတွင် ရှိနေသော်လည်း ကဗျာစပ်ရန် အချိန် မဟုတ်ပေ။ ဟုန်ယွိသည် သူ၏ စိတ်လှုပ်ရှားမှုကို မြိုသိပ်လိုက်ပြီး အနောက်နန်းဆောင် ကြင်ယာတော်ယွမ်၏ နေအိမ်သို့ လျှောက်သွားလိုက်သည်။
ကျယ်ပြောလှသော နန်းမြို့တော်တွင် ပင်မနန်းဆောင်နှင့် အတွင်းပိုင်းနန်းဆောင်များမှလွဲ၍ အနောက်ဘက်တွင် နန်းတော် ဥယျာဉ်တစ်ခု ရှိသည်။ တော်ဝင် စာကြည့်တိုက်၊ တော်ဝင် ဥယျာဉ်၊ ဟိုင်ဇီ ရေကန် နှင့် အတွင်းဘဏ္ဍာတိုက်တို့လည်း ရှိသည်။ ဤသည်မှာ နန်းမြို့တော်၏ ကိုယ်ပိုင် ငွေ၊ ရွှေ၊ ရတနာများ၊ ဂါရဝပြု ပစ္စည်းများနှင့် ဆေးဖက်ဝင် ပစ္စည်းများ သိုလှောင်ထားရာ နေရာ ဖြစ်သည်။
အတွင်း ဘဏ္ဍာတိုက်၏ ဘဏ္ဍာတိုက်သည် လျှို့ဝှက်သော တည်ရှိမှု ဖြစ်သည်။ ဧကရာဇ်မှလွဲ၍ လူအနည်းငယ်သာ ဤအကြောင်းကို သိကြပေလိမ့်မည်။
မင်းသားယုပင် နန်းမြို့တော်၏ အတွင်းဘဏ္ဍာတိုက် မည်သည့်နေရာတွင် ရှိသည်ကို မသိပေ။ ဟုန်ယွိသည် နန်းမြို့တော်ထဲသို့ ဝင်ရောက်ခြင်း၏ ရည်ရွယ်ချက်မှာ အလွန် ရှင်းလင်းသည်။ ပထမအချက်၊ သူသည် ကြင်ယာတော်ယွမ်နှင့် တွေ့ဆုံရန်ဖြစ်ပြီး၊ ဒုတိယအချက်အနေဖြင့် အိမ်ရှေ့စံမင်းသား၏ လှုပ်ရှားမှုများကို ရှာဖွေရန်နှင့် တတိယအချက်ကတော့ အတွင်း ဘဏ္ဍာတိုက်၏ ရတနာများကို ရှာဖွေရန် ဖြစ်သည်။
သူသည် ရတနာများ ခိုးယူရန် ဘဏ္ဍာတိုက်ကို ရှာဖွေနေခြင်း မဟုတ်ပေ။ ယင်းအစား ဒိုင်ဇင် ဘုရားကျောင်းမှ ကွယ်လွန်သွားသော ထင်ရှား ကျော်ကြားသည့် ဘုန်းတော်ကြီးများ၏ ရုပ်ကြွင်းများ ရှိမရှိကို ရှာဖွေလိုခြင်း ဖြစ်သည်။ ရှိနေပါက၊ အနာဂတ်တွင် ၎င်းတို့ကို ခိုးယူပြီး ငြိမ်းချမ်းစွာ မြှုပ်နှံရန် နည်းလမ်း ရှာဖွေမည် ဖြစ်သည်။ ဤသည်မှာ နင်ဂျာဘုန်းတော်ကြီးအတွက် နှစ်သိမ့်ပေးမှုတစ်ခုလည်း ဖြစ်လိမ့်မည်။
နန်းဆောင် နံရံပေါင်း တစ်ရာကျော်ကို ဖြတ်ကျော်ပြီးနောက် ဟုန်ယွိသည် လေထဲမှတဆင့် ပျံလွင့်လာသော အမျိုးသမီး အလှအပစ္စည်း ရနံ့ကို တဖြည်းဖြည်း ရရှိလာသည်။ ညကောင်းကင်ယံတွင် သင်းပျံ့ထွက်ပေါ်လာသော အမျိုးသမီးများစွာ၏ ရနံ့များလည်း ရှိနေသည်။ သူသည် အမျိုးသမီးဆောင်နှင့် နီးကပ်နေပြီ ဖြစ်ကြောင်း သိလိုက်သည်။
ရုတ်တရက် အထိမ်းအမှတ် မုခ်ဦးနှင့်တူသော ကြီးမားသော ခြံဝန်းတစ်ခုသည် နန်းဆောင် နံရံများနောက်တွင် ပေါ်လာခဲ့သည်။ ကြီးမားသော အထိမ်းအမှတ် မုခ်ဦးကြီးတွင် "ကောင်းကင်ရနံ့ စံအိမ်" ဟူသော စကားလုံး သုံးလုံးကို ရေးထိုးထားသည်။
ဤခြံဝန်းတွင် လှပစွာ ထွင်းထုထားသော လက်ရန်းများ၊ ကျောက်စိမ်း အုတ်ခဲများဖြင့် တည်ဆောက်ထားသော လှပသော အိမ်တစ်လုံးရှိပြီး၊ ဆင်စွယ်တဲများ၊ ကော်ဇောများ၊ မီးတောက်နေသော မီးထွန်းအိုးကြီးများက နေရာတိုင်းတွင် ရှိနေသည်။ မီးအိမ်များ ထွန်းညှိနေသော အပျိုတော်များ နှင့် မိန်းမစိုးများလည်း လှည့်ကင်း လှည့်နေကြပြီး၊ ၎င်းသည် စည်းစနစ် ကျနပြီး ငြိမ်းချမ်းမှုနှင့် သဟဇာတ ဖြစ်သော ခံစားချက်ကို ဖော်ပြနေသည်။
"ကောင်းကင်ရနံ့ စံအိမ်လား။ ဒါ ကြင်ယာတော်ယွမ် နေထိုင်တဲ့ နေရာမဟုတ်လား..။ အခု နန်းမြို့တော်မှာ မီးပိတ်အချိန်ရောက်ပြီလို့ ထင်ရတယ်..။ ဒီအချိန်မှာ ကြင်ယာတော်ယွမ် အိပ်နေမလား မသိဘူး.။ တကယ်လို့, သူမသာ အိပ်နေရင်၊ ငါ ဒီအချိန်ကြီး သွားရှာတာက နည်းနည်း ရိုင်းသလို ဖြစ်နေလိမ့်မယ်..။ ဒါပေမဲ့ သူမက ကမ္ဘာပေါ်က မဟာနတ်ဆိုးအင်မော်တယ် ရှစ်ဦးထဲက တစ်ဦးဖြစ်တဲ့ ညို့ငင်မြေခွေးဘုရင်မပဲ..။ သူမဟာ ရှင်ခြင်း သေခြင်းကို ကျော်လွန်ပြီးဖြစ်တဲ့ ကျင့်ကြံသူတစ်ဦးပဲ..။ ဒါဆိုရင် ဒီအချိန်က ကျင့်ကြံဖို့ အကောင်းဆုံး အချိန်ပဲ...။ ဒါမှမဟုတ် သူမ အပြင် ထွက်နေမလား..။ ဒါပေမဲ့ ဒီနန်းမြို့တော်က လုံခြုံရေး အရမ်းတင်းကြပ်ထားတယ်။ သူမအနေနဲ့ ဘယ်လို လုပ်ပြီး ပြီးခဲ့တဲ့နှစ်က သူမရဲ့ လူ့ခန္ဓာကိုယ်နဲ့ အပြင်ထွက်လာတာလဲ..။ ငါ အဲဒါကို နားမလည်ဘူး။"
ဟုန်ယွိ၏ စိတ်ထဲတွင် ထူးဆန်းသော အတွေးများစွာ ပေါ်လာခဲ့သည်။ သို့သော် သူသည် ခြံဝန်းထဲသို့ ဝင်ရောက်ပြီး ဗဟိုအခန်းဆီသို့ လျှောက်သွားခဲ့ သည်။
တံခါးက သူ့ကို တားဆီး၍ မရပေ။ အပျိုတော်များနှင့် မိန်းမစိုးများကြားတွင် ကျွမ်းကျင်သူများ ရှိနေသော်လည်း သူတို့သည် သူ့ကို မမြင်နိုင်ကြသလို၊ ရှာဖွေတွေ့ရှိနိုင်မည်လည်း မဟုတ်ပေ။ သူသည် တိတ်ဆိတ်စွာပင် အခန်းထဲသို့ ဝင်ရောက်သွားခဲ့သည်။
အခန်းသည် ပြည့်စုံပြီး ဖိနှိပ်ခြင်း အရှိန်အဝါများဖြင့် ပြည့်နှက်နေပြီး၊ အလွှာလိုက် ရှိနေသည်။ ဝူဝမ်မြို့စား၏ စံအိမ်ပုံစံနှင့် နှိုင်းယှဉ်လျှင် ၎င်းသည် ပို၍ခမ်းနားထည်ဝါပြီး ဆန်းကြယ်သည်။ ဤခြံဝန်းတွင် အခန်း ဒါဇင်ပေါင်းများစွာ ရှိသည်။
ဟုန်ယွိသည် တစ်လှမ်းချင်းစီ လျှောက်လှမ်းရင်း ဗဟိုအခန်းဆီသို့ လျှောက်သွားခဲ့သည်။ ပင်မအခန်း၏ ဝင်ပေါက်တွင် အပျိုတော် အများအပြားသည် တံခါးဝတွင် ရပ်နေကြသည်။ တံခါးသည် တင်းတင်းကျပ်ကျပ် ပိတ်ထားပြီး အတွင်းမှ မည်သည့်လှုပ်ရှားအသံမှ မရှိပေ။ အသက်ရှူသံ သို့မဟုတ် နှလုံးခုန်သံပင် မရှိဘဲ၊ အခန်းလွတ်တစ်ခုကဲ့သို့ ဖြစ်နေသည်။
ဟုန်ယွိသည် ဝင်ခါနီးတွင် သူ ရုတ်တရက် နှလုံးခုန်နှုန်း မြန်လာသည်ကို ခံစားလိုက်ရသည်။
ဤသို့ နှလုံးခုန်ရခြင်းနှင့် စိတ်လှုပ်ရှားရသည့် အကြောင်းအရင်းကို ဟုန်ယွိသည် ကောင်းစွာ သိရှိထားသည်။ "လွန်ခဲ့တဲ့ တစ်နှစ်ခန့်တုန်းက ငါဟာ ဘာသိုင်းပညာ ဘာမှော်စွမ်းအားမှ မရှိတဲ့ လူဆင်းရဲပညာရှင်လေးတစ်ဦး ဖြစ်ခဲ့တယ်..။ ကြင်ယာတော်ယွမ်နဲ့ ငါတွေ့တဲ့အခါတုန်းက, ငါ ဘာကိုမှ နားမလည်သေးဘူး..။ ဒါပေမဲ့ အခု ပြန်စဉ်းစားကြည့်တော့ တကယ်ကို ရယ်စရာ ကောင်းတယ်..။ ဒါပေမဲ့ တစ်နှစ်ကြာမှာတော့ ငါဟာ မိုးကြိုးကပ်ဘေးတစ်ပိုင်းအဆင့် တာအိုသခင်တစ်ဦး ဖြစ်နေပြီ။ ဒါပေမဲ့ ငါ ဒီလို အောင်မြင်မှုတွေ ရရှိခဲ့တာက ကြင်ယာတော်ယွမ်ကြောင့်ပဲ..။ သိုင်းကျမ်းတစ်ခုကနေ ဖန်တီးပေးလိုက်တဲ့ အတိတ်ကျမ်းကြောင့် ဆိုရင်တောင်.. ကြင်ယာတော်ယွမ်နဲ့ ဇီယန်တို့နှစ်ဦးစလုံးက ငါ့ကို ဘဝသစ် ပေးခဲ့တယ်လို့ ပြောလို့ရတယ်..။ အတိတ်ကျမ်းကလည်း သူတို့ရဲ့ကျမ်း ဖြစ်တယ်လို့ ပြောနိုင်တယ်..။ အခု ဒီတစ်ကြိမ် ငါ ကြင်ယာတော်ယွမ်ကို တွေ့တဲ့အခါ၊ ငါ သူမကို ဘယ်လို ရင်ဆိုင်သင့်သလဲ..။ အတိတ်ကျမ်းအကြောင်း သူမကို ပြောပြသင့်လား..။ ဒါပေမဲ့ နင်ဂျာဘုန်းတော်ကြီးက ငါ အတိတ်ကျမ်းကို ရရှိခဲ့တာ ကံကြမ္မာလို့ ပြောခဲ့တယ်..။ ငါကျင့်ကြံပြီးနောက် တခြားသူတွေကို မသင်ကြားပေးသင့်ဘူး..။ အတိတ်ကျမ်းက ဒိုင်ဇင်ဘုရားကျောင်းပဲနဲ့ သက်ဆိုင်ပြီး နင်ဂျာဘုန်းတော်ကြီးကလည်း ဒိုင်ဇင်ဘုရားကျောင်းရဲ့ မျိုးဆက်ပြတ်ကျန်ရစ်ခဲ့သူတစ်ဦး ဖြစ်တယ်..။ ဒါကြောင့် သူက ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်..။ နှစ်ဦးစလုံးကို ကျေနပ်အောင် လုပ်ဖို့က တကယ် ခက်ခဲတယ်.. ငါ ဆုံးဖြတ်ဖို့ ခက်ခဲနေတယ်။”
ဟုန်ယွိသည် အတွေးများဖြင့် ချာချာလည်နေစဉ်တွင် သူသည် တံခါးကို ဖြတ်ကျော်ပြီး ပင်မခန်းမ၏ အတွင်းခန်းထဲသို့ ဝင်ရောက်သွားခဲ့သည်။
သူ စိတ်ကူးထားသည့်အတိုင်း အခန်းထဲမှာ ဖန်သားပြင်များ၊ အိပ်ရာ၊ အလှပြင်စားပွဲနှင့် အခြား အရာများစွာ ရှိနေသော်လည်း အတွင်း၌ မည်သူမျှ မရှိပေ။ ၎င်းသည် အခန်းလွတ်ဖြစ်ပြီး၊ မည်သူမှ မရှိပေ။
"ဟင်.. ပုံရိယောင်လေဟာနယ်ကမ္ဘာလား…။"
ဟုန်ယွိသည် တစ်ချက်ကြည့်လိုက်ရုံဖြင့် အခန်းသည် အခန်းလွတ်ဖြစ်နေကြောင်း၊ အတွင်း၌ မည်သူမှ မရှိကြောင်း သိလိုက်သည်။ ၎င်းသည် တစ်စုံတစ်ဦးက ပုံရိပ်ယောင်လေဟာနယ်ကမ္ဘာတစ်ခု တည်ဆောက်ထားခြင်း ဖြစ်သည်။ သို့သော် စကြာဝဠာအိတ် ကို နားလည်ပြီးနောက် သူသည် ပုံရိပ်ယောင် လေဟာနယ်ကမ္ဘာများအပေါ် အလွန် အာရုံခံစားနိုင်စွမ်း ရှိသည်။ သူ၏ မျက်လုံးများက လင်းလက်သွားပြီး ကြည်လင်သော အလင်းရောင် တစ်ချက် လင်းလက်သွားကာ၊ ပုံရိပ်ယောင်လေဟာနယ်ကမ္ဘာထဲသို့ ဝင်ရောက်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူသည် ပုံရိပ်ယောင် လေဟာနယ်ကမ္ဘာထဲရှိ အရာများကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ခဲ့သည်။ လူငါးဦး ဝင်ဆံ့နိုင်အောင် ကြီးမားသော ရေချိုးကန်ကြီး တစ်ခု ရှိသည်။ ရေချိုးကန်ထဲတွင် ရေနွေးများ ဆူပွက်နေပြီး၊ မျက်နှာပြင်ပေါ်တွင် ပန်းပွင့် ပွင့်ချပ်များ ပျံဝဲနေသည်။
ရေချိုးကန်ထဲတွင် အမျိုးသမီးတစ်ဦး ရေချိုးနေသည်။ သူမ၏ အရေပြားသည် တောက်ပပြီး ဖြူဖွေးနေကာ၊ လှပသော မြင်ကွင်းတစ်ခုကို ရှင်းရှင်း လင်းလင်း မြင်လိုက်ရပါသည်။
"ဘယ်သူလဲ။"
ဟုန်ယွိ ပုံရိပ်ယောင်လေဟာနယ်ကမ္ဘာထဲသို့ ဝင်ရောက်ပြီး ရေချိုးနေသော အမျိုးသမီးကို မြင်လိုက်သည့်အခိုက်တွင်၊ သူမသည် မျက်လုံးများကို ဖွင့်လိုက်ပြီး ခေါင်းကို လှည့်ကြည့်လိုက်သည်။
အခန်း (၂၉၀)။
"အို…၊ မဟုတ်ဘူး။ ကြင်ယာတော်ယွမ်ရဲ့ ပုံရိပ်ယောင်လေဟာနယ်ကမ္ဘာဟာ ရေချိုးဖို့အတွက် ဖုံးကွယ်ထားတဲ့ နည်းလမ်းတစ်ခု ဖြစ်လိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့မိဘူး။ ကံမကောင်းစွာနဲ့ပဲ ငါအင်မော်တယ် ဟုန်ယွိဟာ ၁၆ နှစ်လုံးလုံး လူကြီးလူကောင်း တစ်ယောက် ဖြစ်ခဲ့ပေမဲ့၊ ဒီနေ့မှာတော့ ရမ္မက်ကြီးသူ တစ်ယောက် ဖြစ်သွားခဲ့ရပြီ။ ငါ တော်ဝင်ကြင်ယာတော်ရဲ့ နူးညံ့သိမ်မွေ့တဲ့ ခန္ဓာကိုယ်ကိုတောင် မြင်လိုက်ရတယ်။ ဒီကိစ္စကို နန်းတော် ကသာ သိသွားခဲ့ရင် ငါ အစိတ်စိတ် အမြွှာမြွှာ ခုတ်ပိုင်းခံရမှာကိုတောင် စိုးရိမ်မိတယ်။"
ပုံရိပ်ယောင်လေဟာနယ်ကမ္ဘာကို ဖြတ်ကျော် ဝင်ရောက်လာပြီးနောက် ကြီးမားသော သစ်သားစည်ကြီး၊ ရေနွေး၊ ပန်းပွင့်ချပ်များဖြင့် ရေချိုးနေသော အမျိုးသမီးကို မြင်လိုက်ရသောအခါ, ဟုန်ယွိသည် တကယ်ပင် အရမ်း ဆိုးရွားသွားသည်ဟု ခံစားလိုက်ရသည်။
ရိုးရိုးသားသား ပြောရရင် ကြင်ယာတော်ယွမ်သည် ယခုလိုအချိန်မျိုးမှာ ရေချိုးဖို့အတွက် ပုံရိပ်ယောင်လေဟာနယ်ကမ္ဘာကို ဖန်တီးထားလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ဘူး။
ခုနက မြင်ကွင်းတစ်ချက်ကို ကြည့်လိုက်ရုံဖြင့် ဟုန်ယွိသည် ရေချိုးနေသော ဤအမျိုးသမီးငယ်သည် လွန်ခဲ့သော တစ်နှစ်ခန့်က သူ မြင်ခဲ့ဖူးသော ကြင်ယာတော်ယွမ် ဖြစ်သည်ဟု ရှင်းရှင်းလင်းလင်း သိလိုက်ရပါသည်။
ဟုန်ယွိသည် ကြင်ယာတော်ယွမ်၏ ရုပ်ရည်ကို အလွန် ရှင်းရှင်းလင်းလင်း မှတ်မိသည်။ ပထမဆုံးအကြိမ်က ဆောင်းဦးလ ဘုရားကျောင်းမှာ ဖြစ်ပြီး၊ ဒုတိယအကြိမ်က ကြင်ယာတော်ယွမ်သည် သူမကို ကျေးဇူးပြုဖူးသူကို အသိအမှတ်ပြုသည့်အနေဖြင့် ဆွေမျိုးများထံ လည်ပတ်ရန် အိမ်ပြန်သည့် အနေဖြင့် ဝူဝမ်မြို့စားစံအိမ်မှာ ဖြစ်သည်။
ဤအရာနှစ်ခုသည် ဟုန်ယွိ၏ ဘဝအတွက် အရေးကြီးသော အဖြစ်အပျက်များ ဖြစ်ခဲ့ပြီး၊ သူ မည်သို့ မမှတ်မိဘဲ နေနိုင်မည်နည်း။ ဤထူးဆန်းသော အမျိုးသမီး ကြင်ယာတော်ယွမ်၏ ရုပ်အသွင်သည် သူ့မှတ်ဉာဏ်ထဲတွင် နှစ်မြှုပ်ခံထားရပြီး ဖျောက်ဖျက်ပစ်၍ မရနိုင်တော့ပေ။
သို့သော် ထိုမှတ်ဉာဏ်မျိုးတွင် ရမ္မက်၏ အစိတ်အပိုင်း အနည်းငယ်မျှပင် မပါဝင်ပေ။
ဟုန်ယွိ၏ စိတ်ခံစားမူများတွင် ကြင်ယာတော်ယွမ်သည် အမြဲတမ်း ထူးဆန်းသော အမျိုးသမီးတစ်ဦး၊ တောင်တန်းနှင့် ပင်လယ်များ၏ ဂန္ထဝင်ကျမ်း ထဲကလာသော အမျိုးသမီး အင်မော်တယ်တစ်ဦး၊ ရှန်းရှဝတ္ထုတွေထဲက ပေါ်လာပြီး ပျောက်သွားတတ်သည့် ဖမ်းဆုပ်၍ မရနိုင်သည့်၊ လျှို့ဝှက် ဆန်းကြယ်သော အမျိုးသမီးတစ်ဦးအဖြစ် ရှိနေခဲ့ပြီး၊ ရှင်းလင်းပြီး၊ လတ်ဆတ်နေသူ ဖြစ်သည်။
ကြင်ယာတော်ယွမ်နှင့် ပတ်သက်၍မူ, ဟုန်ယွိသည် အမြဲတမ်း ပုံမှန်အတိုင်း အေးဆေး တည်တည်ငြိမ်ငြိမ် ဖြစ်သော်လည်း ရင်းနှီးဖော်ရွေသော ခံစားချက်မျိုး ရှိနေသည်။ သူ၏ နှလုံးသားထဲတွင် ရမ္မက် သို့မဟုတ် အခြား အာရုံပျံ့လွင့်စေသော အတွေးများ လုံးဝ မရှိပေ။
ယနေ့ညတွင် ကြင်ယာတော်ယွမ်အား ရှာဖွေရန် ရောက်ရှိလာခြင်းမှာလည်း အင်မော်တယ်မိတ်ဆွေ အချင်းချင်း တွေ့ဆုံလိုသည့် စိတ်ဓာတ်ဖြင့်သာ ဖြစ်သည်။ အင်မော်တယ် နှစ်ပါးသည် ဆီးနှင်းများ ကျဆင်းနေသည့် နန်းမြို့တော်တွင် တာအိုနှင့် ကဗျာအကြောင်း ဆွေးနွေးကြသည်။ ဤကား မည်မျှ အံ့သြဖွယ်ကောင်းသော အခြေအနေပါနည်း။
မှန်ချေ၏၊ ဤသည်ကား အင်မော်တယ်မိတ်ဆွေပင် ဖြစ်၏။ ဟုန်ယွိ၏ စိတ်ထဲ၌ ကြင်ယာတော်ယွမ်သည် အင်မော်တယ်မိတ်ဆွေ၏ အခန်းကဏ္ဍတွင်သာ ရှိပါသည်။
ယနေ့ သူ၏ အင်မော်တယ်မိတ်ဆွေနှင့် တာအိုအကြောင်း ဆွေးနွေး၊ အမှတ်တရများ ဖလှယ်ရန် ရောက်လာခဲ့ရာ တစ်ဖက်လူ ရေမိုးချိုးနေသည်ကို မြင်တွေ့ရလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ဤသည်ကား အလွန်တရာ ရှက်ဖွယ်ကောင်းသော အခြေအနေတစ်ရပ် ဖြစ်ပါသည်။ ဟုန်ယွိ၏ လက်ရှိ ကျင့်စဉ်အဆင့်နှင့် စိတ်ပိုင်းဆိုင်ရာ အခြေအနေနှင့်ပင် မတတ်နိုင်ဘဲ အရှက်ရမှုနှင့် အံ့အားသင့်မှုကို ခံစားလိုက်ရ၏။
ထို့အပြင် ဤသို့သော စိတ်ခံစားမှုမျိုးကို ဖိနှိပ်၍ မရနိုင်ချေ။
ချက်ချင်းပင် ဟုန်ယွိသည် သူ၏ အာရုံခံစားမှု အားလုံးကို ဖြတ်တောက်ပစ်လိုက်၏။ သူ မကြည့်တော့သလို၊ နားလည်း မထောင်တော့ချေ။
ယခု သူသည် နတ်ဘုရား စိတ်ဝိညာဉ် ပုံစံဖြင့် ရှိနေသည်ဖြစ်ရာ မျက်လုံးဖြင့် "မြင်" ခြင်း မဟုတ်ဘဲ၊ စိတ်ဝိညာဉ် အာရုံများဖြင့်သာ ခံစားသိရှိနေခြင်း ဖြစ်သည်။ ထိုစိတ်ဝိညာဉ် အာရုံကို ရပ်တန့်ခြင်းသည် သူ၏ ရုပ်ခန္ဓာကိုယ် မျက်လုံးများကို ပိတ်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်တော့၏။
"မင်း ဘယ်လိုလုပ် ဒီလောက် အတင့်ရဲရတာလဲ။"
ဟုန်ယွိသည် သူ၏ အတွေးများကို ရပ်တန့်လိုက်သည့် အခိုက်အတန့်မှာပင်၊ နူးညံ့သောအသံဖြင့် အော်ဟစ်သံက ထွက်ပေါ်လာပါသည်။ ထိုနောက် နှစ်ပေါင်း တစ်သောင်းကြာသော်လည်း အရည်ပျော်နိုင်မည့်အလား ထင်မှတ်ရသည့် အလွန်အမင်း စိမ့်ခဲသော လေပြင်းသည် တိုက်ခတ်လာခဲ့ပြီး၊ ဟုန်ယွိ၏ နတ်ဘုရား စိတ်ဝိညာဉ်ကို ရိုက်ခတ် ဖျက်ဆီးလေတော့၏။
ချက်ချင်းပင် ဟုန်ယွိသည် ရေခဲလိုဏ်ဂူထဲသို့ ကျရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံး အေးခဲသွားကာ အတွေးများလည်း ရပ်တန့်ကုန်သည်။ နွေးထွေးမှုနှင့် အပူဓာတ် အားလုံးသည် သူ့ခန္ဓာကိုယ်မှ ထွက်ခွာပြီး လေထဲ၌ ပျောက်ကွယ်သွားရ၏။
တစ်ချိန်တည်းတွင် ဟုန်ယွိ၏ စိတ်ထဲ၌ ပုံရိပ်ယောင်များ ပေါ်လာသည်။ သူသည် အဆုံးမဲ့ ဆီးနှင်းပြင်ကြီးကိုသာ မြင်နေရပြီး အဝေးတွင်မူ မိုးထိလုနီးပါး ရေခဲတောင်ကြီး တစ်ခု တည်ရှိနေသည်။ အရာခပ်သိမ်း တိတ်ဆိတ်ပြီး အေးခဲလျက်ရှိကာ၊ သူ့နှလုံးသားထဲ၌ အသက်စွမ်းအင် အနည်းငယ်မျှပင် မကျန်ရှိတော့ချေ။ သူ၏ ခန္ဓာကိုယ်ကမူ ဆီးနှင်းပြင်ပေါ်၌ ကိုယ်လုံးတီး ရပ်လျက်၊ အေးခဲ၍ သေဆုံးတော့မည့် အခြေအနေကို ခံစားနေရ၏။ ထို အလွန်အမင်း အေးခဲမှုသည် သူ့အား ရူးသွပ်လုနီးပါး ဖြစ်စေ၏။ ထိုနောက် သူ၏ နတ်ဘုရားအာရုံ လွင့်ပျယ်ပြီး ထာဝရ ရေခဲပန်းပုအဖြစ်သို့ ပြောင်းလဲသွားတော့မည်။
"ဒါက ဘာတာအိုပညာရပ် အမျိုးစားလဲ..။ ဒီပညာက ဘာလို့ ဒီလောက် ထူးဆန်းနေရတာလဲ။ ကံကောင်းလို့ ငါက မိုးကြိုးကပ်ဘေးတစ်ပိုင်းအဆင့် ကျွမ်းကျင်သူ တစ်ယောက် ဖြစ်နေလို့..။ ငါ့ အတွေးတွေက သန့်စင်ပြီး မသေနိုင်ဘူး..။ ငါက မဟာနေမီးလျှံကျမ်းကိုလည်း ကျင့်ကြံထားတယ်..။ မဟုတ်ရင် ဒီတာအိုပညာ တိုက်ခိုက်မှုကြောင့် ငါ့ရဲ့ မူလ စိတ်ဝိညာဉ်ဟာ ပြန့်ကျဲပြီး အေးခဲသွားလိမ့်မယ်။"
ရုတ်တရက် တိုက်ခိုက်မှုကို ရင်ဆိုင်ရသောအခါ ဟုန်ယွိသည် ဤတိုက်ခိုက်မူကား ကြင်ယာတော်ယွမ်၏ တာအိုပညာ ဖြစ်သည်ကို သိရှိပြီး၊ ဤတာအိုပညာ၏ ထူးဆန်းမှုကြောင့် သူ့စိတ်နှလုံးတွင် တိတ်တဆိတ် အံ့အားသင့်နေရ၏။
ကြင်ယာတော်ယွမ်၏ တိုက်ခိုက်မှုကား အတွေးဖြင့် တိုက်ခိုက်ခြင်း ဖြစ်သော်လည်း၊ သူမဖန်တီးလိုက်သည့် ပုံရိပ်ယောင်တို့မှာ အလွန်တရာ လက်တွေ့ဆန်လှသည်။ အတွင်း၌ ပါဝင်သော အေးခဲစေသော ဆန္ဒသည် တစ္ဆေအင်မော်တယ်တစ်ဦး၏ အတွေးများကိုပင် အေးခဲသွားစေရန် လုံလောက်၏။
သူ တိုက်ခိုက်ခံရသည့် အခိုက်အတန့်မှာပင် ဟုန်ယွိ၏ စိတ်ဆန္ဒသည် လှုပ်ရှားလာတော့၏။ အတိတ်ကျမ်း၌ မှတ်တမ်းတင်ထားသော မဟာနေမီးလျှံ ကျမ်းနှင့် သူ၏ လောင်ကျွမ်းနေသည့် စိတ်ဆန္ဒက စတင် အလုပ်လုပ်တော့၏။
ဖျစ်…၊ ဖျစ်…၊
ဟုန်ယွိ၏ နတ်ဘုရား စိတ်ဝိညာဉ် ခန္ဓာကိုယ်အတွင်း၌ ရေခဲအက်ကွဲသံများ ထွက်ပေါ်လာခဲ့၏။ ဤသည်ကား နှစ်ပေါင်း တစ်သောင်းသက်တမ်းရှိသော ရေခဲတောင်ကြီးအား နေမင်းကြီးက အရည်ပျော်စေ၍ ပြိုကွဲစေသည်နှင့် တူလှပေ၏။
"ကြင်ယာတော်ယွမ် မတိုက်ခိုက်နဲ့တော့..။ ကျွန်တော်ပါ။"
မဟာနေမီးလျှံကျမ်း၏ စိတ်ဆန္ဒက ကြင်ယာတော်ယွမ်၏ တာအိုပညာကို ဖျက်ဆီးပြီးနောက် ဟုန်ယွိသည် အရင်ကထက်ပင် အဆတစ်ရာ ပိုမိုအားကောင်းသည့် အေးစိမ့်နေသော အအေးဓာတ် လှိုင်းလုံးကြီးက သူ့ဆီသို့ တိုက်ခတ်လာသည်ကို ခံစားလိုက်ရ၏။
ဤအအေးဓာတ်ကား ကောင်းကင်နှင့် မြေကြီးကိုပင် အေးခဲစေနိုင်သည်ဖြစ်ရာ၊ ၎င်း၏ စွမ်းအားကား အရင်ထက် အဆတစ်ရာ ပိုမို ပြင်းထန်လေသည်။
ဟုန်ယွိသည် ရုတ်တရက် သူ့လက်ဝါးကို ဝှေ့ယမ်းလိုက်သည်နှင့် သူ့လက်ဝါးထဲ၌ “卍” Swastika၊ ပုံသဏ္ဌာန် မီးလျှံပုံရိပ်တစ်ခုသည် လင်းလက်လာခဲ့ သည်။ ထိုအလင်းမီးလျှံဗုဒ္ဓပုံရိပ် ဖြစ်ပေါ်လာလည်နှင့် ထိုအေးစိမ့်ခဲသော စိတ်ဆန္ဒဘက်သို့ ပစ်ခတ်လိုက်လေ၏။
ဘုန်း..။
အဆုံးစွန်သော အအေးဓာတ်နှင့် အဆုံးစွန်သော အပူဓာတ်တို့ အပြင်းအထန် တိုက်မိရာ လေထုသည် လှိုင်းဂယက်များ လှုပ်ခတ်သွားခဲ့သည်။ လေထုပင် ပေါက်ကွဲကာ လေစီးကြောင်းများ ဆုတ်ပြသွားသည်အထိ တုန်လှုပ်ကုန်၏။
နှစ်ဦးစလုံး၏ စိတ်ဆန္ဒများသည် ရုပ်ဝတ္ထုသဖွယ် တည်ရှိနေကြသည်ဖြစ်ရာ၊ ဤတိုက်ခိုက်မှုသည် သိုင်းသူတော်စင်အဆင့် ကျွမ်းကျင်သူ၏ လက်သီးချက် အားထက် မနိမ့်ပေ။ ထို့ကြောင့်ပင် လေကို ပေါက်ကွဲစေပြီး လေစီးကြောင်းကို ဆုတ်ဖြဲနိုင်ခြင်း ဖြစ်သည်။
ကြင်ယာတော်ယွမ်၏ စိတ်ဆန္ဒ တာအိုပညာကို တစ်ချက်တည်းဖြင့် လွင့်ပြယ်စေပြီးနောက် ဟုန်ယွိသည် အလျင်အမြန် အော်ဟစ်ကာ ပြောလိုက်လေ၏။
တစ်ချိန်တည်းတွင်, သူသည် သူ့လက်ချောင်းငါးချောင်းကို ဆန့်ထုတ်လိုက်ရာ၊ ယခင်ကထက် ဆယ်ဆမျှ ပိုမို လက်တွေ့ဆန်သော ပုံရိပ်ယောင်လေဟာနယ်ကမ္ဘာသည် အခန်းထဲသို့ ဆင်းသက်လာခဲ့၏။
ဤပုံရိပ်ယောင် လေဟာနယ်ကမ္ဘာထဲတွင် နေမင်းသည် တောက်ပစွာ ထွန်းလင်းလျက်၊ ကျေးငှက်သာရကာများက တွန်ကျူးလျက်၊ ပန်းများက မွှေးကြိုင်လျက် ရှိ၏။ နွေးထွေးသော နွေဦးရနံ့ဖြင့် ပြည့်နှက်နေသည့် နေသာသော နွေဦးနေ့ရက်မြင်ကွင်းလေးနှင့် တူလှပေသည်။
"သန့်စင်သောယန် ပုံရိပ်ယောင်လား..။ မိုးကြိုးကပ်ဘေးအဆင့် ကျွမ်းကျင်သူ။ မင်းက ဘယ် အင်မော်တယ်လဲ။ ငါ့ကို ဒီလိုမျိုး ဟာသ လာလုပ်ရဲတာလား။"
ကြင်ယာတော်ယွမ်၏ အံ့အားသင့်သည့် အသံ ထွက်ပေါ်လာခဲ့သည်။
တစ်ချိန်တည်းတွင် သူမ၏ ခန္ဓာကိုယ်၌ ပိုးထည်နှင့် ရွှေချည်ထိုး နန်းတွင်းဝတ်စုံ အလွှာတစ်ထည် ဖုံးအုပ်ထားပြီ ဖြစ်သည်။ သူမသည် ကြီးမားသော ရေချိုးကန်ထဲမှ ထွက်လာပြီး၊ ကြီးမားသော အိပ်ရာပေါ်တွင် ထိုင်ကာ၊ နတ်ဆိုးဆန်ပြီး အေးစက်သော မျက်လုံးတစ်စုံဖြင့် ဟုန်ယွိ၏ စိတ်ဝိညာဉ် အရိပ်ကို ကြည့်နေသည်။ တစ်ချိန်တည်းမှာပင်, သူမသည် ရုတ်တရက် ဆင်းသက်လာသော ပုံရိပ်ယောင်လေဟာနယ်ကမ္ဘာကို အကဲဖြတ်နေ၏။
"မင်း အခုနက ပြောစကားအရဆို, မင်းက ငါ့ကို သိနေပုံရတယ်။"
ဟုန်ယွိ၏ စိတ်ဝိညာဉ်နှင့် မျက်နှာသွင်ပြင် ကင်းမဲ့နေသည့် ကြောက်မက်ဖွယ် မျက်နှာကို ကြည့်ရင်း ကြင်ယာတော်ယွမ်က အံ့အားသင့်စွာ ပြောလိုက်သည်။
သူမသည် တိုက်ခိုက်ခြင်းမပြုဘဲ တိုက်ရိုက် မေးမြန်းလိုက်သည်။ ကမ္ဘာပေါ်ရှိ မဟာနတ်ဆိုး အင်မော်တယ် ရှစ်ဦးထဲမှ တစ်ဦးအနေဖြင့်, သူမ၏ အတွေ့အကြုံအရ ဟုန်ယွိသည် အစွမ်းထက်သူ ဖြစ်သည်ကို သဘာဝအတိုင်း သိမြင်နိုင်သည်။ တစ်ချိန်တည်းမှာပင်, သူမ၏ လက်က အိပ်ရာပေါ်ရှိ ကျောက်စိမ်း လက်စွပ်ကို ဆုပ်ကိုင်ထားပြီး၊ သူမ၏ မျက်နှာအမူအရာက တည်ငြိမ်ကာ မြေခွေးနတ်သမီးတစ်ဦး၏ ဉာဏ်ရည်ဉာဏ်သွေးတစ်မျိုးကို ပိုင်ဆိုင်ထားသည်။
ကြင်ယာတော်ယွမ်သည် ရွှေချည်ထိုး နန်းဝတ်စုံဖြင့် ဖုံးအုပ်ထားသည်။ သူမ၏ အရေပြားသည် ကျောက်သလင်းကဲ့သို့ ကြည်လင်နေပြီး သူမ တစ်ကိုယ်လုံးသည် မှည့်ဝင်းနေသော အင်မော်တယ် မက်မွန်သီးနှင့်တူပြီး ဖော်ပြ၍ မရသော စိတ်နေသဘောထားမျိုးကို ပိုင်ဆိုင်ထား၏။
"ကြင်ယာတော်ယွမ်၊ ကျွန်တော်က ဟုန်ယွိပါ။ ခင်ဗျား အဝတ်အစားကို အရင်ဝတ်ပါဦး။ ကျွန်တော် ရှက်ရွံ့မိပါတယ်၊ ရှက်ရွံ့မိပါတယ်။" ကြင်ယာတော်ယွမ် တိုက်ခိုက်ခြင်းမရှိသည်ကို မြင်တော့ ဟုန်ယွိက အလျင်အမြန် ပြောလိုက်ပါသည်။ ထို့နောက် သူ့စိတ်ဝိညာဉ် အာရုံများကို ရုပ်သိမ်းလိုက်ပြီး တစ်ချိန်တည်းမှာပင် သူ၏မျက်နှာသွင်ပြင် ပေါ်လာကာ ပိုးထည် အဝတ်အစား ဝတ်ဆင်ထားသော လူငယ်တစ်ဦး၏ ပုံပန်းသဏ္ဌာန်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
"မင်းက ဟုန်ယွိပါလား။"
ဟုန်ယွိ၏ မျက်နှာကို မြင်သောအခါ ကြင်ယာတော်ယွမ်သည် ရုတ်တရက် အံ့အားသင့်သွားသော်လည်း တွေဝေနေခြင်း မရှိပေ။ လက်ညှိုးဖြင့် အအေးဓာတ် လေပြင်းအချို့ကို ပစ်လွှတ်လိုက်ရာ အိပ်ရာပေါ်ရှိ အဝတ်အထည်အချို့ မြောက်တက်လာပြီး သူမ၏ ခန္ဓာကိုယ်၌ တွယ်ကပ်လာသည်။ ခဏတာအတွင်းမှာပင် သူမသည် အဝတ်အစား ဝတ်ဆင်ပြီးသွားကာ၊ အတွေးလှိုင်းများစွာက လက်ဆယ်ချောင်းသဖွယ် အဝတ်အစားများကို နေရာတကျ ပြုပြင်လိုက်သည်။
အသက်ဆယ်ကြိမ် မရှူရှိုက်မီမှာပင် ကြင်ယာတော်ယွမ်သည် မြင့်မြတ်ပြီး ခန့်ညားလှသော "တော်ဝင် ကြင်ယာတော်" တစ်ဦး အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
"မင်းက ဘယ်လိုလုပ် ဟုန်ယွိ ဖြစ်နိုင်မှာလဲ။ မဖြစ်နိုင်ဘူး။"
"ရာစုနှစ်တစ်ခု သက်တမ်းရှိတဲ့ ငန်းတစ်ကောင်ဟာ သစ်သားနတ်ဆိုးတစ်ကောင် ဖြစ်လာတယ်၊ ကျောက်စိမ်းမီးလျှံသိုက်ကနေ ရယ်မောသံတွေ ထွက်ပေါ်နေတယ်…။ ကြင်ယာတော်ယွမ်၊ ဒါက ကျွန်တော်တို့ ဆောင်းဦးလ ဘုရားကျောင်းမှာ ပထမဆုံး တွေ့ဆုံတုန်းက ကျွန်တော် ရွတ်ဆိုနေတဲ့ ကဗျာပါ.. ကြင်ယာတော်ယွမ် မမှတ်မိဘူးလား။" ဟုန်ယွိသည် ကြင်ယာတော်ယွမ်က သူ့အား မယုံကြည်ကြောင်းစကားကို ကြားလိုက်ရသော်လည်း အံ့အားမသင့်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်တုန်းက သူသည် ဘာမှမဟုတ်သည့် လူတစ်ဦးဖြစ်ပြီး၊ ယခုအခါ, သူသည် မိုးကြိုးကပ်ဘေး တစ်ပိုင်းအဆင့် တစ္ဆေအင်မော်တယ် ဖြစ်လာပြီ ဖြစ်ရာ၊ မည်သူမျှ ယုံကြည်မည် မဟုတ်သည်ကို သူ သိပါသည်။
"ဒါ့အပြင် ကြင်ယာတော်ယွမ်၊ ချိုင့်ဝှမ်းထဲမှာတုန်းက ကမ္ဘာပေါ်မှာ အရေးကြီးဆုံး အရာက ဘာလဲလို့ ကျွန်တော့်ကို မေးခဲ့ဖူးတယ်လေ။ ပြီးတော့ ကျွန်တော်က အကြောင်းပြချက်က အရေးကြီးဆုံးပဲလို့ ဖြေခဲ့ဖူးတယ်။"
ဟုန်ယွိ အတိတ်ကြောင်းကို အကြိမ်ကြိမ် ပြောပြခဲ့သည်။
"မင်းက တကယ်ကို ဟုန်ယွိပဲ။ မင်း ဘယ်လိုလုပ် ဒီလို မှော်စွမ်းအားတွေ ရရှိခဲ့တာလဲ။ ဒီလို အဆင့်မြင့် တာအိုပညာကိုရော။ ပြီးတော့ မင်းက မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ပြီးပြီလား။" ဤအချိန်တွင် ကြင်ယာတော်ယွမ်သည် သူ၏ရှေ့မှ လူငယ်ကား လွန်ခဲ့သော တစ်နှစ်က အားနည်းသော ပညာရှင် ဟုန်ယွိ အမှန်ပင် ဖြစ်သည်ကို နောက်ဆုံးတွင် နားလည်သွားတော့၏။
"ဒီအကြောင်းကို ပြောပြရင် ဇာတ်လမ်းရှည်ကြီးတစ်ပုဒ်လိုပဲ။"
ဟုန်ယွိသည် သူ၏စိတ်ဝိညာဉ်ကို ထုတ်လွှတ်ပြီး အိပ်ရာပေါ် ထိုင်နေသော ကြင်ယာတော်ယွမ်ကို ကြည့်ကာ သက်ပြင်းချရင်း ခြောက်ကပ်သော အသံဖြင့် ပြောလိုက်သည် "မူလကတော့, ဒီနေ့ ကျွန်တော် နန်းတော်ထဲ ခိုးဝင်လာတာ ကြင်ယာတော်ယွမ်နဲ့ အတိတ်က အကြောင်းတွေ ပြန်ပြောင်းပြောဖို့ပဲ။ ပြီးတော့, အိမ်ရှေ့စံမင်းသားရဲ့ လှုပ်ရှားမှုတွေကို စုံစမ်းဖို့ပါ..။ ဒါပေမဲ့ ကြင်ယာတော်ယွမ် ရေချိုးနေလိမ့်မယ်လို့ မမျှော်လင့်မိခဲ့ဘူး..။ ကျွန်တော် ရမ္မက်ကြီးသူ တစ်ယောက် ဖြစ်သွားခဲ့ရတဲ့အတွက် ကျွန်တော် တကယ်ပဲ ရှက်ရွံ့မိပါတယ်။"
"ဟုန်ယွိ၊ မရှက်ပါနဲ့.. ငါတို့ ကျင့်ကြံသူတွေဟာ ရှင်ခြင်းနဲ့ သေခြင်းအတားဆီးကို ကျော်လွန်သွားခဲ့ကြပြီ..။ ငါတို့နှလုံးသားတွေက အရောင်မဲ့နေပြီ။ ဒါကြောင့် သဘာဝအတိုင်း ငါတို့ကလည်း အရောင်မဲ့နေပြီလေ..။ ရုပ်အသွင်အပြင်တွေကို စွဲလမ်းမနေပါနဲ့တော့။"
ဟုန်ယွိ၏ အနည်းငယ် ရှက်ရွံ့နေသော အမူအရာကို မြင်သော် ကြင်ယာတော်ယွမ်က တခစ်ခစ် ရယ်လိုက်ပြီး ခြေဗလာဖြင့် အိပ်ရာပေါ်မှ ဆင်းလာခဲ့သည်။ စားပွဲပေါ်မှ လက်ဖက်ရည်ခွက်ကို ယူကာ ဟုန်ယွိအတွက် လက်ဖက်ရည်တစ်ခွက်ကို အမှတ်အသားအနေဖြင့် ငှဲ့ပေးလိုက်၏။ ဟုန်ယွိသည် နတ်ဘုရား စိတ်ဝိညာဉ်ဖြင့် ဖော်ပြထားခြင်း ဖြစ်၍ လက်ဖက်ရည် မသောက်သော်လည်း၊ ဤရိုးရှင်းသော လုပ်ရပ်က သူ့စိတ်ထဲတွင် အိုးတိုးအမ်းတမ်း ဖြစ်နေသည့် အခြေအနေကို သက်သာစေခဲ့သည်။
"ကြင်ယာတော်ယွမ်၊ ခင်ဗျားဟာ ကမ္ဘာပေါ်ရှိ မဟာနတ်ဆိုး အင်မော်တယ် ရှစ်ဦးထဲက တစ်ဦးဖြစ်တဲ့ ညှို့ငင်မြေခွေးဘုရင်မပဲ.. ခင်ဗျား အခုနက အသုံးပြုခဲ့တဲ့ တာအိုပညာက ကမ္ဘာကြီးကို အေးခဲစေနိုင်ပြီး၊ အေးစိမ့်ရေခဲဆန္ဒက အလွန်မင်း ပြင်းထန်တယ်..။ ဒါ ဘယ်လို တာအိုပညာမျိုးလဲ။"
ဟုန်ယွိသည် လက်ဖက်ရည်ခွက်ကို ဆုပ်ကိုင်လျက် သူ့စိတ်ကို တည်ငြိမ်စေကာ သူ၏ မူလ ပညာရှင်ဟန်ကို ပြန်လည် ထိန်းသိမ်းလိုက်၏။ သူသည် ကြင်ယာတော်ယွမ်နှင့် တိုက်ကွက် အနည်းငယ်ကို ဖလှယ်ပြီးနောက် သူမသည် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ရခြင်းမရှိသေးကြောင်း သိရှိလိုက်သည်။ သို့သော် သူမ၏ တာအိုပညာသည် နက်နဲပြီး သူမ၏ အေးစိမ့်ရေခဲဆန္ဒသည် ချန်ယင်းရှာ၏ နတ်လေမိုးကြိုးငါးခုပညာထက် လုံးဝ မနိမ့်ကျပေ။
ယခင်ချန်ယင်းရှာနှင့် ကြင်ယာတော်ယွမ်တို့ တိုက်ခိုက်ကြမည်ဆိုလျှင်, သူမနှစ်ဦးစလုံးသည် လက်ရည်တူ သရေကျဖွယ် ရှိ၏။
လက်ရှိ ချန်ယင်းရှာသည် ကြင်ယာတော်ယွမ်ထက် တာအိုပညာ၌ ပိုမို နက်ရှိုင်းသည်မှာ မှန်သော်လည်း တာအိုပညာ တိုက်ပွဲများတွင် တာအိုပညာ နက်နဲခြင်း၊ မနက်နဲခြင်း အချက်တစ်ခုတည်းသာ အရေးကြီးသည် မဟုတ်ပေ။ နှစ်ဦးစလုံးသည် တစ္ဆေအင်မော်တယ်များ ဖြစ်ကြရာ အနိုင်အရှုံးကို ဆုံးဖြတ်နိုင်သည့် အချက်များစွာ ရှိသေး၏။
"အော်…။ အခုနက ငါ့တာအိုပညာက ရေခဲဝိညာဉ်အေးစက်အလင်းပါ…။ ဒါက ကောင်းကင်နဲ့ မြေကြီးရဲ့ ပြန်လည်ဝင်စားစက်ဝန်းကို အခြေခံပြီး၊ တစ်နေ့ ကမ္ဘာမြေကြီးလည်း ရေခဲကြောင့် အေးခဲသွားရမယ်ဆိုတဲ့ သဘောတရားကို အခြေခံထားတာ..။ ငါက ဒီပညာကို မြေက်ဘက်စွန်းက မဟာဆိတ်သုဉ်းခြင်း ရေခဲလွင်ပြင်မှာ ဆယ်နှစ်ကြာ ဆင်းရဲဒုက္ခခံပြီး ကျင့်ကြံခဲ့ရတယ်..။ ကမ္ဘာမြေကြီး ရေခဲဖြင့်အေးခဲခြင်း စစ်မှန်တဲ့ သဘောတရားကို နားလည်ပြီး ဒီမဟာပညာကို ကျင့်ကြံနိုင်ခဲ့တာ..။ ဒီသာမန် တာအိုပညာကို တစ္ဆေအင်မော်တယ်တွေတောင် မချိုးဖျက်နိုင်ဘူး..။ မင်း ခုနက အသုံးပြုခဲ့တဲ့ အစစ်မှန်မီးလျှံ အဓိပ္ပာယ်က ဒိုင်ဇင်ဘုရားကျောင်းက တာအိုပညာနဲ့ တူတယ်..။ မဟုတ်သေးဘူး၊ အခု မင်းက မိုးကြိုးကပ်ကပ်ဘေးအဆင့်အထိ ကျင့်ကြံခဲ့ပြီဆိုတော့ မင်း ဦးလေး မိုနိုဂါတာရီနဲ့ တွေ့ဆုံပြီးလောက်ပြီ။ မဟုတ်ရင် မင်း ဒီလောက် မြန်မြန် ကျင့်ကြံနိုင်မှာ မဟုတ်ဘူး..။ ဒါပေမဲ့ မင်း ကျင့်ကြံတာက တိုင်ရှန်တာအိုဂိုဏ်းရဲ့ တာအိုပညာလည်း မဟုတ်ဘူး..။ ဒါက ဘယ်လိုဖြစ်တာလဲ။"
ကြင်ယာတော်ယွမ်သည် ဟုန်ယွိကို စိုက်ကြည့်ရင်း ပဟေဠိ ဖြစ်နေတုန်းပင်။
ခဏတာ တိတ်ဆိတ်ပြီးနောက် ဟုန်ယွိက "ဒါက တော်တော်ကို ရှင်းပြရမယ့် ဇာတ်လမ်းရှည်ကြီး တစ်ပုဒ်ပဲ..။ ကြင်ယာတော်ယွမ်ကို မရှင်းပြခင် ကျွန်တော့် အတွေးတွေကို အရင် စုစည်းခွင့်ပြုပါ.. အဆင်ပြေတယ် မဟုတ်လား။"
"မင်းမှာ လျှို့ဝှက်ချက်တွေ ရှိနေရင် ငါ ထပ်မမေးတော့ပါဘူး။" ကြင်ယာတော်ယွမ်က ဆွဲဆောင်မှုရှိစွာ တဖန် ပြုံးလိုက်ပြန်သည်။
"တစ်နေ့ကျရင် ကမ္ဘာမြေကြီးကို ရေခဲနဲ့ ဖုံးလွှမ်းသွားမှာလား" ဟုန်ယွိက ထပ်မေးလိုက်သည်။
"သေချာတာပေါ့..။ ငါတို့ ခြေထောက်အောက်က ကမ္ဘာမြေကြီးဟာ နှစ်သန်းပေါင်း ရာနဲ့ချီပြီး တည်ရှိခဲ့တာ..။ နှစ်ဆယ်သန်းမှာ တစ်ကြိမ်လောက် ကမ္ဘာမြေကြီးဟာ ဆောင်းရာသီ ရောက်လာတဲ့အတိုင်း ရေခဲနဲ့ ပြန်လည် ဖုံးလွှမ်းသွားနိုင်တယ်..။ နှစ်ပေါင်း ဆယ်သန်းကြာ ရေခဲပြီးနောက် ဖြည်းဖြည်းချင်း အရည်ပျော်ပြီး အသက်ပြန်ဝင်လာလိမ့်မယ်..။ သက်ရှိအားလုံး ကြီးထွားပြီး ရှင်သန်ပေါက်ဖွားလာလိမ့်မယ်..။ ဒီကမ္ဘာမြေကြီးရဲ့ ဒီသံသရာစက်ဝန်းဟာ မရေမတွက်နိုင်တဲ့ သံသရာစက်ဝန်းတွေကို ဖြတ်သန်းခဲ့ရတယ်..။ ငါကျင့်ကြံထားတဲ့ တာအိုပညာက ရှေးဟောင်း ရေခဲဝိညာဉ် တာအိုဖြစ်ပြီး၊ ဒီသဘောတရားကို ကျင့်ကြံခဲ့တာ..။ တာအိုကျမ်းစာက ဒီလို ရှင်းပြထားပေမဲ့၊ အသေးစိတ်ကိုတော့ ငါလည်း သဘာဝအတိုင်း မသိသေးဘူး..။ ဘယ်သူကရော နှစ်ပေါင်း ဆယ်သန်းအထိ အသက်ရှင်နိုင်မှာလဲ..။ ကမ္ဘာမြေကြီး ရေခဲနဲ့ ဖုံးလွှမ်းပြီး အရည်ပျော်တာကို ဘယ်သူ မြင်နိုင်မှာလဲ။"
ကြင်ယာတော်ယွမ်က ပြုံးလိုက်ရာ၊ သူမ၏ မျက်နှာအမူအရာ လှုပ်ရှားမူတိုင်းတွင် အမြဲတစေ ဆွဲဆောင်မှုရှိသော အငွေ့အသက်တစ်မျိုး ရှိနေ၏။
"နှစ်ပေါင်း ဆယ်သန်း။ ယန်စိတ်ဝိညာဉ်သခင် တစ်ဦးတောင် ဒီလောက် အသက်မရှည်နိုင်ဘူး..။ လူဆယ်သန်းမှာ တစ်ယောက်တောင် အသက်ရှင်ဖို့ ခက်ခဲပါလိမ့်မယ်..။ ဘယ်လိုပဲ ကျင့်ကြံစေကာမူ၊ လူသားနဲ့ ကောင်းကင် မြေကြီးကြားက ကွာခြားချက်က တကယ်ပဲ ကြီးမားလွန်းတယ်..။ ကောင်းကင်နဲ့ မြေကြီးလို ရှည်လျားစွာ အသက်ရှင်ပြီး စကြာဝဠာကို ကျော်လွန်ဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး။"
ဟုန်ယွိက သက်ပြင်းချလိုက်သည်။
"မင်း မိုးကြိုးကပ်ဘေးအဆင့် တာအိုသခင်တစ်ဉီး ဖြစ်လာခဲ့ပြီ..။ မင်းရဲ့ တာအိုပညာတွေက ငါ့ထက် အဆင့်မြင့်တယ်..။ မင်းရဲ့စွမ်းအားက ဒီကမ္ဘာကြီးရဲ့ ထိပ်ဆုံးမှာ ရှိနေပြီလို့ သတ်မှတ်နိုင်တယ်..။ ငါ နဂိုကတော့ မင်းကို ကျောက်စိမ်းမြို့တော်နဲ့ ဝေးဝေးမှာ နေစေချင်ခဲ့တာ..။ ဒါကလည်း မင်း ဆိုးဝါးတာတစ်ခုခု ဖြစ်သွားမှာ စိုးလို့ပါ..။ အခု မင်း ပြန်လာပြီဆိုတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ခွန်အားရှိပြီပေါ့..။ ကျောက်စိမ်းမြို့တော်ဟာ အခု မငြိမ်မသက် ဖြစ်နေပြီး နဂါးတွေနဲ့ မြွေတွေကလည်း ထကြွနေတယ်..။ တစ်နှစ် နှစ်နှစ်အတွင်းမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်။"
ကြင်ယာတော်ယွမ်သည် ဟုန်ယွိအား ကြည့်ပြီး မှိန်ဖျော့စွာ သက်ပြင်းချလိုက်သည်။
"ဘာပဲ ဖြစ်ဖြစ် ကြင်ယာတော်ယွမ်ဟာ ကျွန်တော့်အပေါ် ကျေးဇူးပြုခဲ့သူပါ..။ ကျွန်တော် ဟုန်ယွိဟာ ကြင်ယာတော်ယွမ်ကို ဘယ်လို ထိခိုက်မှုမျိုးကိုမှ ခံစားစေမှာ မဟုတ်ပါဘူး။" ဟုန်ယွိက အလေးအနက် ပြောလိုက်သည်။
"တကယ်လား။" ကြင်ယာတော်ယွမ်၏ မျက်လုံးတွေက အံ့အားသင့်စွာ လင်းလက်သွားခဲ့သည်။
"သေချာပါတယ်။" ဟုန်ယွိက ခေါင်းညိတ်လိုက်သော်လည်း၊ ထို့နောက် သူက မေးမြန်းလိုက်သည် "ကြင်ယာတော်ယွမ်ဟာ ညှို့ငင်မြေခွေးဘုရင်မရဲ့ ပြန်လည်ဝင်စားသူလေ..။ သူမ ပြန်လည်ဝင်စားခြင်း စက်ဝန်းကို ကျော်လွန်ပြီး တစ္ဆေအင်မော်တယ်တစ်ဦးလည်း ဖြစ်ခဲ့တယ်.. ဘာလို့ နန်းတော်လို ပြဿနာရှိတဲ့ နေရာမျိုးမှာ လက်ထပ်ခဲ့တာလဲ။"
"မင်းလည်း ရှင်ခြင်းနဲ့ သေခြင်းကို ကျော်လွန်ပြီးသားလူပဲ..။ ဘာလို့ ကျောက်စိမ်းမြို့တော်ကို ပြန်လာခဲ့တာလဲ။" ကြင်ယာတော်ယွမ်က ပြန်မေးလိုက်သည်။
"ကံကြမ္မာက ခက်ခဲလှပါတယ်..." ဟုန်ယွိသည် ကြင်ယာတော်ယွမ်၏ ပြန်လှန်မေးခွန်းကို နားထောင်လိုသော်လည်း ဆက်မမေးတော့ပေ။ သူသည် အရာရာကို အဆုံးကနေအစအထိ သိရှိလိုသူ မဟုတ်ချေ။ ကြင်ယာတော်ယွမ်သည် နတ်ဆိုး အင်မော်တယ် တစ်ဦးဖြစ်ပြီး တော်ဝင်ချန်မင်းဆက်၏ တော်ဝင်မိသားစုနှင့် လက်ထပ်ခဲ့သည်ဖြစ်ရာ၊ ပြောပြ၍ မရနိုင်သော လျှို့ဝှက်ချက်တစ်ခု ရှိနေရမည် ဖြစ်၏။
"ဟုန်ယွိ၊ မင်းရဲ့အဖေက ငါ့ကို သတ်ချင်ရင် မင်း ဘာလုပ်မလဲ..။ မင်းအဖေကို ရင်ဆိုင်ဖို့ ငါ့ကို ကူညီပေးမလား။" ကြင်ယာတော်ယွမ်က ရုတ်တရက် မေးလိုက်သည်။
"ဟွန့်၊ အဲဒီ နှလုံးသား မရှိတဲ့ ဟုန်ရွှန်ကျိလား။ ကြင်ယာတော်ယွမ် သူ့ကို မရင်ဆိုင်ရင်တောင် ကျွန်တော်က သူ့နဲ့ စာရင်းရှင်းရဦးမှာ။" ဟုန်ယွိ၏ မျက်လုံးတွေက အေးစက်သွားခဲ့သည်.. "စကားမစပ်၊ အစ်ကိုဇိယွဲ့ရော ဘယ်မှာလဲ..။ သူလည်း ကျောက်စိမ်းမြို့တော်မှာ ရှိနေသင့်တယ်။"
"သူ ယွမ်တူကို ပြန်သွားခဲ့ပြီ။" ကြင်ယာတော်ယွမ်က အသံဖျော့စွာ ပြောလိုက်တယ်၊ "အစစ်မှန် ခုနှစ်စဉ်ကြယ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ပိုင်ဖေးရှန်ဟာ ဘဝသစ်တစ်ခု ပြန်ဝင်စားတော့မယ်..။ ဒီသတင်းကို သူ ရပြီးနောက် ဂိုဏ်းချုပ် ရာထူးအတွက် တိုက်ခိုက်ဖို့ ပြန်သွားခဲ့တာ။"
"အစစ်မှန် ခုနှစ်စဉ်ကြယ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ပိုင်ဖေးရှန်ဟာ ဘဝသစ်တစ်ခု ပြန်ဝင်စားတော့မယ်။" ဟုန်ယွိသည် ကြင်ယာတော်ယွမ်၏ စကားကို ကြားတော့ ထိတ်လန့်သွားပါသည်.. "ဒါက အသေးဖွဲ့ကိစ္စ မဟုတ်ပေ..။ မြင့်မြတ်နယ်မြေတစ်ခုရဲ့ ဂိုဏ်းချုပ်။ ကမ္ဘာပေါ်ရှိ ထိပ်တန်း ကျွမ်းကျင်သူ တစ်ဦး။ သူ မိုနိုဂါတာရီကို လိုက်ဖမ်းရာကနေ ဒဏ်ရာရခဲ့တာလား။"
အစစ်မှန် ခုနှစ်စဉ်ကြယ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် စစ်မှန်သော ထိပ်တန်း ကျွမ်းကျင်သူ တစ်ဦးပင် ဖြစ်သည်။ သူသည် မိုးကြိုးကပ်ဘေးအဆင့် တစ္ဆေအင်မော်တယ်တစ်ဦး ဖြစ်သလို၊ ဉဒေါင်းဘုရင်နှင့် အဆင့်တူသူဖြစ်သည်။ ဆယ်စုနှစ်များစွာက ဘုန်းတော်ကြီး ယင်ယွဲ့ပင် သူ့အား တိုက်ခိုက်ခဲ့ဖူး၏။
ဟုန်ယွိသည် အဆင့်မြင့်မြင့် ကျင့်ကြံနိုင်ခဲ့သော်လည်း၊ ဤကဲ့သို့ မြင့်မြတ်နယ်မြေများ၏ ဂိုဏ်းချုပ်များနှင့် သူ့ကြားတွင် ကြီးမားသော ကွာဟချက်ကြီး ရှိနေသေးသည်ဟု ခံစားရသည်။ မြင့်မြတ်သော နယ်မြေများ၏ ဂိုဏ်းချုပ်တစ်ဦးသည် ဟုန်ရွှန်ကျိကဲ့သို့သော လူသား အင်မော်တယ်တစ်ဦးနှင့် တူတူပင်။
"မင်း မိုနိုဂါတာရီကို လိုက်ဖမ်းတဲ့ ကိစ္စကိုလည်း သိနေတာလား။" ကြင်ယာတော်ယွမ် အံ့အားသင့်သွားခဲ့သည်။
"သေချာပေါက် သိတာပေါ့..."
ဟုန်ယွိသည် ထိုစကားနှစ်လုံးကို ပြောနေစဉ်မှာ ရုတ်ခြည်း အပြင်ဘက်မှ အသံရှည်ကြီး တခု ထွက်ပေါ်လာလေ၏- "မိဖုရားခေါင်ကြီးမှ တော်ဝင်ကြင်ယာတော်အား မူလမြေနန်းဆောင်သို့ ဆင့်ခေါ်ရန် တော်ဝင် အမိန့်တော် ချမှတ်လိုက်ပါတယ်။"