လျှို့ဝှက်ချက်
Vol. 9 Ch. 91
အေးချမ်းသာယာစားသောက်ဆိုင် ၊ ဧည့်ခန်း၌...
မီးလုံးများအားဖွင့်ထားသည့်အတွက် အခန်းတစ်ခုလုံးက လင်းထိန်နေခဲ့သည်။
ယဲ့ပိုင်သည် သစ်သားထိုင်ခုံတစ်ခုပေါ်တွင် ငြိမ်သက်စွာထိုင်နေခဲ့ပြီး လူသူကင်းမဲ့နေသော လေလံပွဲအား ဂရုမစိုက်သောအကြည့်ဖြင့် ကြည့်နေခဲ့သည်။သူ၏ရှည်လျားသောအနက်ရောင်ဆံပင်များနှင့် ထိုင်ခုံအလွတ်များက ထူးခြားသည့်မြင်ကွင်းအားဖြစ်ပေါ်စေခဲ့သည်။
ထိုအချိန် စကြင်္နလမ်းမှနေ၍ ကြည်လင်သောခြေသံများထွက်ပေါ်လာခဲ့သည်။
အဖြူရောင်ထန်ဝတ်စုံအား ဝတ်ဆင်ထားသည့်မိန်းကလေးသည် လက်တစ်ဖက်ဖြင့်လက်ရမ်းကိုကိုင်ကာ အခြားလက်တစ်ဖက်က ညင်သာစွာလှုပ်ရှားနေခဲ့သည်။
ခန်းမထဲ၌ ယဲ့ပိုင်ထိုင်နေသည်ကိုမြင်သောအခါ သူမ၏ပါးပြင်များက အနည်းငယ်နီမြန်းသွားခဲ့ပြီး သူ၏လေသံကအလွန်ပင်ညင်သာပျော့ပျောင်းသွားခဲ့သည်။
"သခင်လေး...အဆင်ပြေရင် ငါအရင်သွားတော့မယ်...ဒီမှာအရမ်းနောက်ကျနေပြီ"
"အလျင်မလိုနဲ့..."
ယဲ့ပိုင်က ပေါ့ပေါ့ပါးပါးပြန်ဖြေလိုက်သည်။
ကောင်မလေးသည် ယဲ့ပိုင်၏စကားကိုနားထောင်ပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။ထို့နောက် ဧည့်ခန်းမအတွင်းရှိ ထိုင်ခုံအလွတ်တစ်လုံးဆီသို့ သွားထိုင်ကာ စိတ်ရှည်လက်ရှည်စောင့်ဆိုင်းနေခဲ့သည်။
ထိုအချိန်တွင် စကြင်္နလမ်း၌ နောက်ထပ်ပုံရိပ်၇ခုထွက်ပေါ်လာခဲ့သည်။
၎င်းတို့အနက် ရက်ဖ်ကရှေ့ဆုံးမှဦးဆောင်၍ လမ်းလျှောက်လာခဲ့သည်။သူသည် အဖြူရောင်ဝတ်စုံဝတ်ထားသောယဲ့ပိုင်က ခန်းမထံ၌ ငြိမ်သက်စွာထိုင်နေသည်ကို တွေ့မြင်လိုက်ရချိန်တွင် သူ၏မျက်နှာပေါ်ရှိကြွက်သားများက အနည်းငယ်တုန်ခါသွားခဲ့သော်လည်း သူ၏စိတ်အခြေအနေက မကြုံစဖူးတည်ငြိမ်သွားခဲ့သည်။
ရက်ဖ်၏နောက်သို့လိုက်လာသော အဘိုးကြီးများသည်လည်း ယဲ့ပိုင်အားတွေ့မြင်လိုက်ရသောအခါတွင် သူတို့၏မျက်လုံးများ၌ ကြောက်လန့်မှုများဖြစ်ပေါ်လာသော်လည်း လျင်မြန်စွာတည်ငြိမ်သွားခဲ့သည်။သို့သော်လည်း စကြင်္နလမ်းအားကျော်လွန်လာချိန်တွင် သူတို့၏ခြေလှမ်းများက မတည်မငြိမ်ဖြစ်လာခဲ့ကာ သူတို့၏ခန္ဓာကိုယ်များက ထိန်းချုပ်၍မရအောင် တုန်ယင်လာခဲ့သည်။
ယဲ့ပိုင်သည် ဤနေရာ၌ရိုးရိုးလေးထိုင်နေခြင်းဖြစ်သော်လည်း အင်မော်တယ်တစ်ပါးသဖွယ် သူတို့၏နှလုံးသားထဲ၌ ခံစားနေခဲ့ရသည်။
"သခင်..."
ရက်ဖ်သည် ယဲ့ပိုင်၏နံဘေးသို့လျှောက်သွားပြီး အချိန်အတော်ကြာအောင်တုံ့ဆိုင်းနေပြီးမှ ဖြည်းညှင်းစွာစကားဆိုလိုက်သည်။
သူ၏စိတ်ထဲ၌ မရေမတွက်နိုင်သောမေးခွန်းများ ဖြစ်ပေါ်လာသော်လည်း သူ၏ပါးစပ်အားဖွင့်ကာ ထိုသို့သောစကားတစ်ခွန်းအားပြောရန်အတွက် အချိန်အတော်ယူခဲ့ရသည်။
ရက်ဖ်နောက်မှလိုက်လာသော အဘိုးကြီးများ၏တုံ့ပြန်မှုအရှိန်က အလွန်ပင်မြန်ဆန်နေခဲ့သည်။သူတို့သည် မြန်မြန်ဆန်ဆန်ပင် သတိပြန်ဝင်လာခဲ့ကြပြီး သူတို့၏မျက်လုံးများထဲမှ ကြောက်ရွံ့မှုများက တဖြည်းဖြည်းဖြင့်ပြောင်းလဲသွားခဲ့ကာ ယဲ့ပိုင်အားမေးခွန်းမျိုးစုံမေးမြန်းချင်လာခဲ့ကြသည်။
သို့သော်လည်း သူတို့စကားမပြောနိုင်မှီ ယဲ့ပိုင်ကလျစ်လျုရှုထားသည့်လေသံဖြင့် ပြောလိုက်သည်။
"မင်းတို့မှာ လျှို့ဝှက်ချက်တွေရှိလို့လား..."
ယဲ့ပိုင်၏အသံက ကျယ်လောင်ခြင်းမရှိပေ။
သို့သော်လည်း ယဲ့ပိုင်၏စကားတစ်ခွန်းက သူတို့၏စကားပြောလိုစိတ်များအား ချက်ချင်းပင်ချိုးနှိမ်ပစ်လိုက်ကာ ခန်းမအတွင်းရှိ လေထုအားအလွန်ပင်တိတ်ဆိတ်သွားခဲ့သည်။
ထန်မင်းဆက်ဝတ်စုံအား ဝတ်ဆင်ထားသောမိန်းကလေးသည် တစ်စုံတစ်ခုအားတွေးတောနေသကဲ့သို့ သူမ၏မျက်ခုံးမွှေးများ အနည်းငယ်လှုပ်ခတ်သွားကာ နောက်ဘက်သို့ဆုတ်ထိုင်လိုက်သည်။
အဘိုးကြီး၇ယောက်တို့သည် စက္ကန့်အနည်းငယ်ခန့်ကြာသည်ထိ တိတ်ဆိတ်သွားကြပြီးမှ ကိုယ်စီခေါင်းညိတ်ပြလိုက်ကြသည်။
"လျှို့ဝှက်ချက်ရှိရင် မင်းတို့နဲ့အတူမြေကြီးထဲသယ်သွားကြ..."
ယဲ့ပိုင်က တိုးတိုးလေးညည်းညူလိုက်ကာ ထိုင်ခုံပေါ်မှ ဖြည်းညှင်းစွာထရပ်လိုက်သည်။
သူ၏အသံသည် အစမှအဆုံးတိုင်အောင် တည်ငြိမ်နေခဲ့သည်။
သို့သော်လည်း ခန်းမထဲ၌ရပ်နေကြသော အဘိုးကြီး၇ယောက်သည် သူတို့၏နဖူး၌ချွေးအေးများစီးကျလာကြပြီး သူတို့၏နောက်ကျောကလည်း ချွေးအေးဖြင့်ရွှဲရွှဲစိုသွားခဲ့သည်။
သူတို့တစ်ဦးချင်းစီတိုင်းသည် အောက်ခြေမရှိသောချောက်နက်ကြီးထဲ ထိုးကျသွားသလိုခံစားလိုက်ရသည်။ထို့ပြင် စကားလုံးများဖြင့်ဖော်ပြ၍မရနိုင်သော ကြောက်ရွှံ့မှုမျိုးက သူတို့၏စိတ်နှလုံးအောက်ခြေမှ အရူးအမူးပျံ့နှံ့လာခဲ့သည်။
ခန်းမထဲရှိ လေထုအခြေအနေက ပို၍ပင်တိတ်ဆိတ်သွားခဲ့သည်။
အဘိုးကြီး၇ယောက်သည် အသက်ရှုကြပ်သွားခဲ့သည်။
"သွားကြရအောင်..."
ယဲ့ပိုင်သည် သူတို့အားထပ်၍မကြည့်တော့ပေ။ယဲ့ပိုင်သည် ခပ်တိုးတိုးလေးပြောလိုက်ပြီး နောက်၌ထိုင်နေသောမိန်းကလေးကလည်း မတ်တပ်ရပ်လိုက်သည်။
ယဲ့ပိုင်သည် သူ၏အဖြူရောင်အင်္ကျီလက်စများကို လှုပ်ယမ်းလိုက်သည်။ယဲ့ပိုင်နှင့်ကောင်မလေးသည် လူ၇ယောက်၏အကြည့်အောက်၌ ခန်းမတွင်းမှပျောက်ကွယ်သွားကာ ကြည်လင်သောအလင်းရောင်များအဖြစ်သို့ တိုက်ရိုက်ပြောင်းလဲသွားခဲ့သည်။
"ဒါ..."
ရက်ဖ်သည် ထိုမြင်ကွင်းကိုကြည့်၍ သူ၏မျက်လုံးများကပြူးကျယ်သွားကာ သွေးရောင်လွှမ်းသွားခဲ့သည်။
"ငါအိပ်မက်မက်နေသလိုခံစားရတယ်...သူကရုတ်တရက်ပျောက်ကွယ်သွားတာလား..."
တရုတ်ရှေးဟောင်းသုတေသနပညာရှင်က ရုတ်တရက်တုံ့ပြန်လိုက်ပြီးနောက် သူ၏မျက်လုံးများအား ပြင်းပြင်းထန်ထန်ပွတ်သပ်လိုက်ကာ သူ၏မျက်လုံးများ၌ ကြောက်ရွှံ့မှုများကို တွေ့မြင်နေရသည်။
"အို...ဘုရားသခင်...ဒီတစ်ခါတော့ငါတို့တားမြစ်ထားတဲ့အရာကို ထိတွေ့မိလိုက်တာပဲ"
အမေရိကန်ရှေးဟောင်းသုတေသနပညာရှင်က တုန်ယင်သွားခဲ့သည်။
"ငါ...ငါ့နိုင်ငံကိုပြန်သွားတော့မယ်...ငါတရုတ်ပြည်မှာဆက်မနေချင်တော့ဘူး..."
ဂရိရှေးဟောင်းသုတေသနပညာရှင်က ကြောက်ရွှံတုန်လှုပ်နေသည့်အမူအရာဖြင့် အော်ဟစ်လိုက်သည်။
စားသောက်ဆိုင်၏ဧည့်ခန်းထဲတွင် ရှေးဟောင်းသုတေသနပညာရှင်များသည် သူတို့၏အသံကို အတတ်နိုင်ဆုံးထိန်းချုပ်၍ စကားပြောနေခဲ့ကြသည်။သူတို့၏အသားအရောင်များက ဖြူဖတ်ဖြူရော်ဖြစ်လာကြပြီး သူတို့၏စိတ်ထဲတွင် မရေမတွက်နိုင်သော အမှတ်ရစရာများဖြစ်ပေါ်လာခဲ့သည်။
...
တံခါးအပြင်ဘက်...အေးချမ်းသာယာစားသောက်ဆိုင်...
ယဲ့ပိုင်နှင့်ကောင်မလေးတို့သည် လှည်းပေါ်၌အတူတူထိုင်လိုက်ကြသည်။
"သခင်လေး...မင်းရှေးဟောင်းလမ်းကိုပြန်သွားမှာလား..."
လှည်းသမားသည် ယဲ့ပိုင်တို့၂ယောက်က သူ၏လှည်းပေါ်ထိုင်လိုက်သောအခါတွင် သူ၏လှည်းကိုမတင်လိုက်ပြီး စိတ်အားထက်သန်မှုအပြည့်ရှိသောလေသံဖြင့် မေးမြန်းလိုက်သည်။
"အင်း..."
ယဲ့ပိုင်က ပေါ့ပေါ့ပါးပါးပင်ပြန်ဖြေလိုက်သည်။
ကောင်မလေး၏မျက်နှာသည်ကား နီရဲနေကာ စကားတစ်ခွန်းမှမပြောခဲ့ပေ။
လှည်းသမားကလည်း အပိုစကားမပြောခဲ့ပေ။
"ကောင်းပြီသခင်လေး..သေသေချာချာထိုင်ကြ..."
ထိုသို့ပြောပြီးနောက်တွင် သူသည်လှည်းကိုဆွဲ၍ စတင်ထွက်ခွာလာခဲ့ရာ အေးမြသည့်လေနုအေးများက သူ့ထံသို့တိုးဝင်လာခဲ့သည်။
ထို့နောက်တွင် လှည်းသမား၏ဗီဇကစတင်ထွက်ပေါ်လာခဲ့သည်။သူသည် အချိန်ခဏကြာလှည်းကိုဆွဲလာပြီးနောက် စတင်စပ်စုလိုက်သည်။
"သခင်လေး မင်းကမင်းရဲ့ကောင်မလေးကိုခေါ်ဖို့ အေးချမ်းသာယာစားသောက်ဆိုင်ကိုရောက်လာခဲ့တာလား"
လှည်းသမား၏စကားကိုကြားချိန်၌ ကောင်မလေး၏ပါးပြင်ကပိုမိုနီမြန်းလာကာ သူမ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ထားလိုက်သည်။
"လူလာခေါ်တယ်ဆိုတာအမှန်ပဲ...ဒါပေမဲ့သူကငါ့ကောင်မလေးမဟုတ်ဘူး..."
ယဲ့ပိုင်က ပြန်ဖြေလိုက်သည်။
"ကြည့်ရတာ ငါအမြင်မှားသွားပုံရတယ်..."
လှည်းသမားက အနည်းငယ်အံ့သြသွားခဲ့သည်။သို့သော်လည်း ယဲ့ပိုင်၏အဖြေက သူ့အားမရပ်တန့်စေဘဲ ဆက်လက်မေးမြန်းလိုက်သည်။
"ဒါဆိုရင် သခင်လေးရှာနေတဲ့သူကိုကော ရှာတွေ့ပြီလား"
ကောင်မလေးသည် ထိုမေးခွန်းကိုကြားသောအခါ ယဲ့ပိုင်အား အနည်းငယ်စူးစမ်းလိုသောအကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
"တွေ့မှာပါ...ဒါမှမဟုတ်ရင် စောင့်ရမှာပေါ့"
ယဲ့ပိုင်က လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။
ထိုအခိုက်အတန့်တွင် ယဲ့ပိုင်ကကောင်မလေးအား တချက်ကြည့်လိုက်မိသည်။
ထိုမိန်းကလေးသည် ဖြူစင်သန့်ရှင်းကာ အဖြူရောင်ထန်ဝတ်စုံအား ဝတ်ဆင်ထားပေသည်။သူမသည် သေမျိုးတို့၏အနီရောင်မြေမှုန်နှင့်ထိတွေ့ခြင်းမရှိသည့် ကောင်းကင်နတ်မိမယ်သဖွယ်ဖြစ်သော်လည်း သူမ၏အသွင်အပြင်နှင့်မျက်လုံးများက ယဲ့ပိုင်သိရှိထားသည့် ကွယ်လွန်သူနှင့်အတော်လေးကွာခြားလှပေသည်။
"စောင့်ရမယ်...ဒါပေါ့...ငါတို့ကမွေးကတည်းကစောင့်လာတာလေ...ငါတို့အသက်ရှင်နေစဉ်ကာလပတ်လုံး တစ်စုံတစ်ယောက်ကိုစောင့်ဆိုင်းလာကြတာပဲ...တဖြည်းဖြည်းအသက်ကြီးလာတဲ့အခါကျရင် မြေကြီးထဲကိုတိုးဝင်ရတော့မယ့်သူကို စောင့်ဆိုင်းကြတဲ့အခါမှာ တချို့ကတော့ဆုံတွေ့ခွင့်ရသလို တချို့ကလည်းမရခဲ့ကြဘူး..."
လှည်းသမားက ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်သည်။
ကောင်မလေးသည် ငြိမ်သက်သွားသလို ယဲ့ပိုင်ကလည်းနှုတ်ဆိတ်နေခဲ့သည်။
သူတို့သည် အေးချမ်းသာယာစားသောက်ဆိုင်မှ ထွက်ခွာလာပြီးနောက် ရှေးဟောင်းလမ်းသို့ပြန်လည်ရောက်ရှိလာခဲ့သည်။လမ်း၏ဘေးနှစ်ဖက်တွင် သက်ဝင်လှုပ်ရှားမှုများဖြင့် စည်ကားနေခဲ့ကာ လမ်းပေါ်၌ခရီးသွားများဖြင့် ပြည့်နှက်နေခဲ့သည်။
လှည်းသမားသည် လူစုလူဝေးနှင့်ရင်ဆိုင်လာရချိန်တွင် သူ၏အရှိန်နှုန်းက များစွာနှေးကွေးသွားခဲ့သည်။
သူ၏နဖူးပေါ်၌လည်း ချွေးများစီးကျလာခဲ့သည်။
"တခြားရက်တွေဆို လူဒီလောက်မများပါဘူး...ဒီနေ့လူတော်တော်စည်တာပဲ...ဒီတစ်ခါပို့ပြီးသွားရင် အိမ်စောစောပြန်ရမယ်...မဟုတ်ရင်တော့ ငါ့မိန်းမကငါ့ကိုထပ်ပြီးတော့ ဆူပူလိမ့်မယ်..."
လှည်းသမားက လေသံတိုးတိုးလေးဖြင့် ညည်းညူလိုက်သည်။
"ကျမနေတဲ့နေရာက ဒီနေရာနဲ့မီတာရာဂဏန်းလောက်ပဲဝေးတော့တယ်...ဒီကနေဆင်းသွားလိုက်ရင် အဆင်ပြေပါတယ်"
လမ်းတလျှောက်လုံးတိတ်ဆိတ်နေသော မိန်းကလေးက စကားပြောလာခဲ့သည်။
"ကောင်းပြီလေ..."
ယဲ့ပိုင်ကခေါင်းညိတ်ပြလိုက်သည်။
"ဒါကအဆင်ပြေတယ် သခင်လေး...ခုလူတွေအရမ်းများနေတာမလို့ လှည်းကရှေ့မတိုးနိုင်ဖြစ်နေတာပါ...ခဏလေးပဲစောင့် သွားလိုတဲ့နေရာအရောက်ပို့ပေးပါမယ်"
လှည်းသမားသည် အနည်းငယ်ရှက်ရွှံနေသည့်လေသံဖြင့်ပြော၍ ဘေးဘီဝဲယာကို လှည့်ကြည့်လိုက်သည်။
သို့သော်လည်း သူသည်လှည်းပေါ်သို့လှည့်ကြည့်လိုက်ချိန်တွင် လှည်းပေါ်၌ထိုင်ခုံအလွတ်ဖြစ်နေကြောင်း တွေ့လိုက်ရသည်။
လှည်းသမားသည် သူ့နောက်မှလူအုပ်ကြီးအား လှမ်းကြည့်လိုက်သောအချိန်တွင် လူအုပ်ကြီးထဲတိုးရွေ့နေသော အဖြူရောင်ဝတ်စုံနှစ်ထည်၏နောက်ကျောကိုသာ ခပ်ရေးရေးတွေ့မြင်လိုက်ရသည်။
"ဟူး..."
လှည်းသမားက ထိုမြင်ကွင်းကိုကြည့်ကာ သက်ပြင်းချ၍ခေါင်းခါမိလိုက်သည်။ထို့နောက်တွင် သူသည်တုံ့ဆိုင်းမနေတော့ဘဲ လှည်းလက်ကိုင်ကို တင်းကျပ်စွာဆုပ်ကိုင်ကာ လူအုပ်ကြားရှိ ကြားကွက်လပ်များအားရှာဖွေ၍ လိုက်လျောညီထွေစွာဖြင့် ဆက်လက်သွားလာခဲ့သည်။