သစ်သားရုပ်တု
Vol. 9 Ch. 96
ရှေးဟောင်းပစ္စည်းဆိုင်သည် ခရီးသွားများပြည့်နှက်နေကာ ဆူညံပွက်လောရိုက်နေခဲ့သည်။
"ဒီပန်းပုရုပ်တုနှစ်ခုက တကယ်ကြီးသစ်သားနဲ့လုပ်ထားတာလား...အထူးပစ္စည်းတစ်မျိုးမျိုးနဲ့လုပ်ထားတာမဟုတ်ဘူးလား"
ကြွေထည်အကြောင်းကိုသိထားသူက အော်ဟစ်နေဆဲဖြစ်သည်။
ဆံပင်ဖြူနေသည့် အဘိုးအိုတစ်ယောက်ကပြောလိုက်သည်။
"ရှေးဟောင်းပစ္စည်းအကြောင်းကို ငါနည်းနည်းသိထားတယ်...ဒီအိုးက သာမန်ရိုးရိုးဆိုပေမဲ့ အနည်းဆုံးနှစ်ပေါင်းရာချီတဲ့ သမိုင်းကြောင်းရှိတယ်...ဒီသစ်သားပန်းပုရုပ်တုနှစ်ခုက သစ်သားနဲ့သာတကယ်ကြီးလုပ်ထားမယ်ဆိုရင် ကြောက်စရာကောင်းသွားလိမ့်မယ်..."
"အဲ့ဒီအိုးပုံစံက ငါတို့နိုင်ငံရဲ့ လက်မှုပုံစံတစ်ခုမဟုတ်ဘူးဆိုတာ သေချာတယ်...အဲ့ဒါကိုနိုင်ငံရပ်ခြားက လက်မှုပုံစံတစ်ခုမှာ ငါအရင်ကတွေ့ဖူးတယ်...အီဂျစ်လား ရှေးဟောင်းရောမမြို့လားဆိုတာ ငါသိပ်မသေချာဘူး"
သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်က မေးစေ့ကိုလက်တစ်ဖက်ဖြင့်ကိုင်၍ တစ်စုံတစ်ခုအားသတိရရန်ကြိုးစားရင်း တိုးတိုးလေးရေရွတ်နေခဲ့သည်။
ကျန်းချီထျန်းနှင့်ဖန်ရှန့်ချန်တို့သည် ရှေးဟောင်းပစ္စည်းဆိုင်ရှိ ဆူညံသံများကြောင့် ပြေးထွက်လာခဲ့ကြသည်။သူတို့သည် အခြေအနေအား မေးမြန်းစစ်ဆေးပြီးနောက်တွင် မြေပြင်ပေါ်ရှိ သစ်သားရုပ်တုနှစ်ခုအား တွေ့လိုက်ရပြီးနောက် တုန်လှုပ်ခြောက်ခြားသွားခဲ့သည်။
"အဲ့ဒီကြွေအိုးထဲမှာ ဘာတွေဝှက်ထားသေးလဲဆိုတာ ငါသိချင်နေတာ သစ်သားပန်းပုရုပ်၂ခုဖြစ်နေတာပဲ...ဒါကမယုံနိုင်စရာကောင်းတယ်မဟုတ်လား..."
ဖန်ရှန့်ချန်က အကြိမ်ကြိမ်အခါခါခေါင်းယမ်းမိလိုက်သည်။
ကျန်းချီထျန်း၏မျက်လုံးများက အနည်းငယ်တောက်ပသွားခဲ့သည်။သူသည် မြေပေါ်၌ကျကွဲနေသော ကြွေထည်အပိုင်းအစများကိုကြည့်ရင်း ကွဲပြားသည့်အမြင်အချို့ရှိနေပုံရသည်။ထို့ကြောင့် သူ၏ဘေးနားရှိဖန်ရှန့်ချန်အား လေသံတိုးတိုးဖြင့်ပြောလိုက်သည်။
"ရှန့်ချန်...မင်းတွေးတာမှားနေပြီ...တကယ်မယုံနိုင်စရာကောင်းတာက အိုးထဲမှာရှိနေတဲ့သစ်သားရုပ်တုနှစ်ခုမဟုတ်ဘူး...အဲ့ဒီအစားကြွေအိုးထဲမှာ သစ်သားရုပ်တုတွေရှိတယ်ဆိုတာကို သူဘယ်လိုသိတာလဲ..."
ထိုစကားကိုပြောပြီးနောက် သူတို့နှစ်ယောက်လုံး ချက်ချင်းပင်ငြိမ်သက်သွားခဲ့ကြသည်။ထို့နောက်တွင် သူတို့သည် ရှေးကျသောဝတ်စုံဖြူအားဝတ်ဆင်ထားသော ယဲ့ပိုင်ကိုတစ်ချက်ကြည့်လိုက်ကာ သူတို့၏မျက်နှာအရောင်က ချက်ချင်းဖျော့တော့သွားခဲ့သည်။
"ညီလေး...မင်းဒီအကြောင်းကိုဘယ်လိုသိတာလဲ..."
ကျန်းချီထျန်းက လျင်မြန်စွာပင်တုံ့ပြန်လိုက်ကာ ရှေ့တိုး၍ယဲ့ပိုင်အား မေးမြန်းလိုက်သည်။
"မင်းကပန်းချီပြခန်းထဲကမဟုတ်ဘူးလား...ရှေးဟောင်းပစ္စည်းအကြောင်းကိုလည်း သိသေးတာလား"
ဖန်ရှန့်ချန်က မသိမသာစကားနှိုက်လိုက်သည်။
ထိုအခိုက်အတန့်တွင် ဝူစန်းရီကလည်းတုံ့ပြန်ခဲ့သည်။သူ၏အိုမင်းသောလက်များကလည်း အနည်းငယ်တုန်ခါသွားခဲ့ကာ စကားပြောရန်ကြံစည်လိုက်သော်လည်း ယဲ့ပိုင်၏အသံက သူ၏နားထဲသို့တိုးဝင်လာခဲ့သည်။
"ဒီသစ်သားပန်းပုရုပ်တွေက မင်းအတွက်အသုံးမဝင်ဘူး..."
ထိုသို့ပြောပြီးနောက် သစ်သားပန်းပုရုပ်နှစ်ခုအား ဂရုမစိုက်သည့်အမူအရာဖြင့် ကောက်ကိုင်လိုက်သည်။
ရှေးဟောင်းပစ္စည်းအရောင်းဆိုင်ရှိ ခရီးသွားဧည့်သည်များကလည်း ထိုမြင်ကွင်းအားတွေ့မြင်ချိန်၌ ငြိမ်သက်သွားကာ ယဲ့ပိုင်အား ပဟေဠိဖြစ်နေသောအကြည့်ဖြင့် စိုက်ကြည့်လိုက်ကြသည်။
သို့သော်လည်း ယဲ့ပိုင်က ထိုအကြည့်များအားလျစ်လျူရှုလိုက်ကာ လက်ထဲရှိသစ်သားရုပ်တုများအား တစ်ချက်လှည့်၍ ဆန်းကြယ်စွာသိမ်းဆည်းလိုက်သည်။ထို့နောက် ပြခန်းရှိရာသို့ တည်ငြိမ်သောခြေလှမ်းများဖြင့် ပြန်လျှောက်လာခဲ့သည်။
ယဲ့ပိုင်သည် ပြခန်းရှိရာသို့ ပြန်လျှောက်သွားသည့်အခါတွင် ရှေးဟောင်းပစ္စည်းဆိုင်ထဲရှိ လူများအားလုံး ပြန်လည်တုံ့ပြန်ခဲ့ကြသည်။
"ဒီကောင်လေးကဘယ်သူလဲ...သူကသစ်သားရုပ်တုတွေကို သိမ်းသွားတာလား..."
တစ်စုံတစ်ယောက်က အံ့သြတကြီးရေရွတ်လိုက်သည်။
"ဟေးသူဌေး...ပန်းပုရုပ်တုနဲ့ရှေးဟောင်းကြွေအိုးရဲ့အပိုင်းအစတွေအတွက် ငါ၂သန်းပေးမယ်"
တစ်စုံတစ်ယောက်၏မျက်လုံးများက တောက်ပသွားခဲ့ကာ အကျိုးအမြတ်ရှာနိုင်မည်အထင်ဖြင့် ဝူစန်းရီကိုလှမ်းအော်လိုက်သည်။
"ဘောစ့်...မင်းအဲပစ္စည်းတွေကိုရောင်းချင်တာလား...ငါ၃သန်းပေးမယ်"
ထို့နောက် အခြားတစ်ယောက်၏အသံကလည်း ထွက်ပေါ်လာခဲ့သည်။
ခဏအကြာတွင် ရှေးဟောင်းပစ္စည်းဆိုင်ထဲ၌ အလားတူအသံများ ဆက်တိုက်ထွက်ပေါ်လာကာ ဆူညံပွက်လောရိုက်သွားခဲ့သည်။
ဖန်ရှန့်ချန်နှင့်ကျန်းချီထျန်းတို့သည်ပင် ယခုအချိန်၌စိတ်မထိန်းနိုင်လောက်အောင် ဖြစ်သွားခဲ့သည်။
"အဘိုးကြီးဝူ...မင်းခုထိစာချုပ်မချုပ်ရသေးဘူးမလား....ဒါကြောင့်ငါတို့စကားပြန်ပြင်လို့ရတယ်...ငါ့အမြင်အရဆိုရင် အဲ့ဒီသစ်သားပန်းပုရုပ်တုနှစ်ခုက လုံးဝကိုအံ့မခန်းနိုင်ပြီး သူတို့ရဲ့စျေးနှုန်းကလည်း ကြောက်မခန်းလိလိမြင့်တက်နေလိမ့်မယ်...အဲ့ဒါတွေကခုထိပန်းချီပြခန်းထဲရှိနေမှာပဲ...ငါတို့အဲ့ကောင်လေးဆီကနေပြီးတော့ ချက်ချင်းပြန်ယူလိုက်လို့ရတယ်..."
ဖန်ရှန့်ချန်က လက်သီးကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်ပြီး ဝူစန်းရီ၏နံဘေးသို့လျှောက်လာရင်း လေသံတိုးတိုးဖြင့် တိုက်တွန်းလိုက်သည်။
ကျန်းချီထျန်းကမူ ပို၍ပင်တက်ကြွနေဟန်ရှိသည်။
"ဘယ်လိုလဲအဘိုးကြီးဝူ...ငါတို့ပြန်သွားယူကြမလား"
"ငါ့ကိုစဉ်းစားခွင့်ပေးအုံး..."
ဝူစန်းရီက သူ၏မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်ထားလိုက်ကာ သူ၏ခေါင်းပေါ်ရှိဆံပင်ဖြူအနည်းငယ်အား ပွတ်သပ်လိုက်သည်။ထိုဝတ်စုံဖြူဝတ်ထားသောကောင်လေးသည် သာမန်မဟုတ်ကြောင်း သူ၏မသိစိတ်ကသူ့အားပြောပြနေသော်လည်း ထိုသစ်သားရုပ်တုနှစ်ခုသည် ကြောက်မက်ဖွယ်ကောင်းသော မူလဇာစ်မြစ်ကို ပိုင်ဆိုင်ထားကြောင်း သိသာထင်ရှားနေခဲ့သည်။
ငါလုပ်သင့်လား...
လက်ရှိအချိန်၌ ဝူစန်းရီ၏စိတ်အခြေအနေက လုံးဝရှုပ်ထွေးနေခဲ့သည်။
...
ခြံဝင်းတွင်း၌ ဝါးညှပ်များ ၊ လက်ရေးလှပန်းချီများနှင့် ပန်းချီကားများစွာ မကျန်တော့ပေ။ဝူဖန်ရှန့်နှင့်ဝူယွမ်ဒေါင်တို့သည် သူတို့၏ဝတ်စုံများကို ချွတ်ထားကြပြီး သူတို့၏ဆံပင်များကအနည်းငယ်ရှုပ်ပွနေကာ မျက်နှာ၌လည်း ချွေးများဖြင့်ပြည့်နှက်နေခဲ့သည်။သို့သော်လည်း သူတို့၏မျက်လုံးများ၌ စိတ်လှုပ်ရှားမှုများဖြင့်ပြည့်နှက်နေခဲ့သည်။သူတို့သည် မကျေနပ်သည့်အရိပ်အယောင်အနည်းငယ်ပင်မရှိဘဲ ယာဉ်မောင်းများကိုပင် အကူအညီမတောင်းခဲ့ကြပေ။
ဝမ်ကူ၏ခန္ဓာကိုယ်သည် အိုမင်းနေပြီဖြစ်ကာ ချွေးစေးများထွက်နေပြီဖြစ်သော်လည်း အပြင်ဘက်ရှိအခြေအနေနှင့်ပတ်သက်၍ အလွန်ပင်စိုးရိမ်နေခဲ့သည်။
"သခင်က ရှေးဟောင်းပစ္စည်းဆိုင်ကိုသွားတာတောင် မကြာသေးဘူး...ဆူဆူညံညံဖြစ်သွားတော့တာပဲ..."
ဝမ်ကူက တိုးတိုးလေးရေရွတ်လိုက်သည်။
ဝူဖန်ရှန်းသည် ထိုစကားကိုကြားဖူးပေရာ သံသယစိတ်အနည်းငယ်ပင်မရှိဘဲ သူ၏မျက်နှာပေါ်၌ ကြည်ညိုလေးစားမှုအပြည့်ဖြင့်ပြောလိုက်သည်။
"ဟုတ်တယ်သခင်လေးကတော့ လုပ်ချလိုက်ပြန်ပြီ...သခင်လေးက ရှေးဟောင်းပစ္စည်းဆိုင်မှာ သန်းနဲ့ချီတဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို ရိုက်ချိုးလိုက်ပြီးတော့ ရှေးဟောင်းပစ္စည်း၂ခုကို ထုတ်ယူခဲ့တယ်...ခုဆိုရင် ဆိုင်ရှင်ကော ဖောက်သည်တွေရော အကုန်လုံးဆူညံပွက်လောရိုက်ကုန်ကြပြီ..."
ဝူယွမ်ဒေါင်သည် ဝါးညှပ်များအား ဂရုတစိုက်ရွေ့လျားရင်း သားဖြစ်သူက ထိုသို့ပြောသည်ကိုကြားချိန်၌ ကြိမ်းမောင်းလိုက်သည်။
"ငတုံးလိုစကားတွေမပြောနဲ့...ဒါတွေကိုမြန်မြန်ရွေ့စမ်း...သခင်လေးရဲ့ကိစ္စတွေကိုနှောင့်နှေးဝံ့ရင် မင်းအဖေကမင်းကို ဘယ်လိုအပြစ်ပေးမလဲဆိုတာ မင်းစောင့်ကြည့်နေလိုက်"
ဝူယွမ်ဒေါင်သည် ပါးစပ်မှနေ၍ထိုသို့ပြောနေသော်လည်း ဝါးညှပ်များကို လက်မှကိုင်ဆောင်ထားရင်း ဧည့်ခန်းသို့လှမ်းကြည့်လိုက်သည်။သို့သော်လည်း သူသည်ဧည့်ခန်း၌ထိုင်နေသောယဲ့ပိုင်ကို စက္ကန့်အနည်းငယ်ကြာကြည့်နေခဲ့မိသည်။ထိုသစ်သားရုပ်တုနှစ်ခုသည် မည်သည့်အရာဖြစ်ကြောင်း သိရှိလိုစိတ်ပြင်းပြနေခဲ့သည်။
ယဲ့ပိုင်သည် သစ်သားစားပွဲတစ်ခုရှေ့၌ ပေါ့ပေါ့ပါးပါးထိုင်နေရင်း အပြင်ဘက်ရှိဆူညံသံများကို လျစ်လျူရှုထားခဲ့သည်။
သူသည် ထိုနေရာ၌ထိုင်နေစဉ် လက်လုပ်သစ်သားပန်းပုရုပ်၂ခုအား စားပွဲပေါ်၌ တင်ထားခဲ့သည်။သစ်သားရုပ်တု၂ခုအနက် အမျိုးသားဖြစ်သူ၏ သစ်သားပန်းပုရုပ်တုကို နှစ်၁၀၀၀၀သက်တမ်းရှိသော အနိရောင်စန္ဒကူးသစ်သားဖြင့် ပြုလုပ်ခဲ့သည်။ထိုသစ်သားသည် မာကျောသည့်အပြင် ၎င်း၏ဖွဲ့စည်းပုံကလည်း အလွန်ကောင်းမွန်ကာနူးညံ့ပေသည်။ထိုရုပ်တုသည် ရှေးဟောင်းဝတ်စုံရှည်အားဝတ်ဆင်ထားကာ ဆံပင်ရှည်များရှိပေသည်။ထူးခြားချက်မှာ ရုပ်တု၏မျက်လုံးများဖြစ်သည်။ထိုမျက်လုံးများကို ဂရုတစိုက်ကြည့်ပါက စကြာဝဌာကြီးတစ်ခုလုံးကို သိမ်းဆည်းထားသကဲ့သို့ သေမျိုးများ၏အနှောင်အဖွဲ့မှ လွတ်ကင်းနေသည်ကို တွေ့မြင်ရမည်ဖြစ်သည်။
အမျိုးသမီးရုပ်တု၏ သစ်သားပန်းပုအား မွှေးကြိုင်သောသစ်သားဖြင့် ထုလုပ်ထားကာ ၎င်း၏ပုံစံကအလွန်လှပပေသည်။ထိုရုပ်တု၏ဆံပင်ရှည်များသည် လေပေါ်လွှင့်မျောနေပုံပေါ်ကာ စားပွဲပေါ်တင်ထားချိန်၌ စွဲမက်ဖွယ်ရနံ့များက ပျံ့လွှင့်နေခဲ့ကာ အံ့သြဖွယ်ကောင်းလှပေသည်။
"နှစ်ပေါင်း၅၀၀၀ကြာမြင့်ပြီးတဲ့နောက်မှာ ဒီသစ်သားရုပ်တုတစ်စုံကို ငါပြန်ရှာတွေ့ခဲ့တယ်...ခူးဖူ...မင်းရဲ့မူလကတိကိုဖြည့်ဆည်းဖို့ တော်တော်ခက်ခဲတာပဲ...မင်းရဲ့သားမြေးတွေကလည်း သိပ်ပြီးတော့ဖော်ရွှေမှုမရှိဘူး...ဖာရောဘုရင်အပေါ်ပေးခဲ့တဲ့ ကတိတဝတ်တွေကိုလည်း မေ့ပျောက်ခဲ့တာကြာပြီလေ..."
ယဲ့ပိုင်သည် အချိန်အတော်ကြာပြီးမှ သက်ပြင်းချလိုက်မိသည်။
သို့သော်လည်း ယဲ့ပိုင်၏အတွေးများက အတိတ်ဆီသို့တဖြည်းဖြည်းလွှင့်ပျံသွားတော့မည့်အချိန်တွင် ပြခန်းတံခါးဝမှနေ၍ ကြမ်းတမ်းသောဟိန်းဟောက်သံတစ်ခုထွက်ပေါ်လာသည့်အတွက်ကြောင့် ယဲ့ပိုင်၏အတွေးများက ချက်ချင်းပင်နှောင့်ယှက်ခံလိုက်ရသည်။
တံခါးဝတွင် ခန္ဓာကိုယ်ဝဖြိုး၍ နားရွက်ခပ်ကြီးကြီးကိုပိုင်ဆိုင်သည့် အမျိုးသားတစ်ယောက်သည် သူ၏လည်ပင်း၌ရွှေဆွဲကြိုးအထူကြီးကို ဝတ်ဆင်ထားခဲ့ကာ လက်နှစ်ဖက်ဖြင့်ခါးထောက်၍ ပြခန်းအဝင်ဝကိုပိတ်ဆို့ထားခဲ့သည်။သူ၏ဘေးတွင် လူမိုက်၃ယောက်ရပ်နေခဲ့သည်။
"ဟေး...အင်္ကျီဖြူဝတ်ထားတဲ့ကောင်လေး...မင်းကသစ်သားပန်းပုရုပ်နှစ်ခုကို ရိုက်ချိုးလိုက်တယ်လို့ငါကြားတယ်...ဒါပေမဲ့မင်းကအဲ့အတွက် ပိုက်ဆံမပေးရသေးဘူးမလား....ငါပြောမယ် ခုချိန်ထိအဲသစ်သားရုပ်တုတွေကပိုင်ရှင်ရှာမတွေ့သေးဘူး...ဆိုင်ရှင်ကိုယ်တိုင်က ပိုက်ဆံများများပေးနိုင်တဲ့သူကိုရောင်းမယ်လို့ကတိပေးထားတယ်...မင်းသစ်သားရုပ်တုတွေကို မြန်မြန်လွဲပေးလိုက်...မဟုတ်ရင်မင်းဆိုင်ကိုဖျက်လိုက်တာပိုကောင်မယ်..."
ထိုအခိုက်အတန့်တွင် ပတ်ဝန်းကျင်က လုံးဝတိတ်ဆိတ်သွားခဲ့သည်။
ဝါးညှပ်နှင့်လက်ရေးလှပန်းချီများအား သယ်ဆောင်နေသည့်ဝမ်ကူသည် ခေတ္တရပ်တန့်၍ ထိုလူများအားကြည့်ကာခေါင်းခါရင်း ငြိမ်သက်သွားခဲ့သည်။
သို့သော်လည်း ဝူဖန်ရှန်းနှင့်ဝူယွမ်ဒေါင်တို့သည် ထိုလူများကိုကြည့်ကာ ငြိမ်သက်နေခဲ့ကြပြီး ကြောက်မက်ဖွယ်ရာအအေးဓာတ်က သူတို့၏မျက်လုံးများမှနေ၍ ချက်ချင်းထွက်ပေါ်လာခဲ့သည်။
ဆန့်ကျင်ဘက်အားဖြင့် ရှေးဟောင်းလမ်းမှဆိုင်ရှင်အများအပြားက ဤနေရာသို့ဝိုင်းအုံလာခဲ့ကြသည်။သူတို့သည် နားရွက်ကြီးကြီးဖြင့် လူဝကြီးအားတွေ့မြင်ပြီးနောက်တွင် နားလည်သွားဟန်ဖြင့် ခေါင်းညိတ်ပြလိုက်ကြသည်။ထို့နောက် သူတို့၏မျက်နှာများပေါ်၌ ပြပွဲကောင်းတစ်ခုအားကြည့်ရန် စောင့်မျှော်နေသည့် စိတ်အားထက်သန်သောအမူအရာများ ဖြစ်ပေါ်လာခဲ့ကြသည်။