အလားတူ
Vol. 9 Ch. 92
ရှေးဟောင်းလမ်းမရှိ အပြာရောင်ကျောက်တုံးခင်းထားသောလမ်းပေါ်၌...
ယဲ့ပိုင်သည် အညစ်အကြေးကင်းစင်သော အဖြူရောင်ဝတ်စုံအား ဝတ်ဆင်ထားကာ ကောင်မလေးကသူ၏နံဘေး၌လိုက်ပါလာရင်း နှစ်ယောက်သားဖြည်းညှင်းစွာ လမ်းလျှောက်နေခဲ့ကြသည်။
ကြယ်လေးများက ကောင်းကင်၌တလက်လက်တောက်ပနေကာ လမ်းမပေါ်ရှိလူအများအပြားက အနီရောင်မီးပုံးများကိုကိုင်ဆောင်ရင်း ရယ်မောနေခဲ့ကြသည်။
သို့သော်လည်း ထိုခရီးသွားများသည် ယဲ့ပိုင်နှင့်ကောင်မလေးကို တွေ့လိုက်ချိန်တွင် ခဏတဖြုတ်ရပ်ကာ သူတို့အားကြည့်တတ်ကြသော်လည်း ယဲ့ပိုင်ကဂရုမစိုက်ပေ။
"သခင်လေး...တစ်ယောက်ယောက်ကိုရှာဖို့ ဒီရှေးဟောင်းမြို့ကိုရောက်လာခဲ့တာလား..."
ကောင်မလေးက ညည်းညူလိုက်သည်။
"မဟုတ်ဘူး..."
ယဲ့ပိုင်၏လေသံက အလွန်ပင်နူးညံ့နေခဲ့သည်။
"လှည်းသမားရဲ့စကားအရဆိုရင် သခင်လေးကတစ်ယောက်ယောက်ကို လာရှာတဲ့ပုံစံပဲ"
ကောင်မလေးက အနည်းငယ်အံ့သြသွားခဲ့သည်။
"အချို့လူတွေက တစ်စုံတစ်ယောက်ကိုရှာဖွေနေကြတယ်...အချို့ကတော့တစ်စုံတစ်ယောက်ကို စောင့်မျှော်နေကြတယ်...အချို့ကကျတော့ ဒီကမ္ဘာကြီးရဲ့အပြောင်းအလဲတွေကို တိတ်တဆိတ်စောင့်ကြည့်နေရတာကို နှစ်သက်ကြတယ်...ဒါတွေက လူသားတွေခံစားရမယ့်အရာတွေပဲ"
ယဲ့ပိုင်က ခန့်မှန်းမရနိုင်သည့်လေသံဖြင့် ပြောလိုက်သည်။
"ဒါဆိုရင် သခင်လေးက ဘယ်လိုလူမျိုးလဲ..."
ကောင်မလေးက မေးမြန်းလိုက်သည်။
"ငါကသူတို့နဲ့မတူဘူး..."
ယဲ့ပိုင်က တိုးတိုးလေးပြန်ပြောလိုက်သည်။
"သခင်လေး...မင်းကိုကြည့်ရတာတော်တော်ငယ်သေးတာပဲ...အဲ့ဒီအနီရောင်ဖုန်မှုန့်တွေကနေ လွတ်ကင်းသွားတာဖြစ်နိုင်လို့လား"
ကောင်မလေးက အနည်းငယ်မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်သည်။
ယဲ့ပိုင်ကခေါင်းညိတ်ပြလိုက်သည်။
"ငါက အဲ့ဒီအနီရောင်ဖုန်မှုန့်တွေကိုမမြင်တွေ့နိုင်ပေမဲ့ သူတို့ကိုစောင့်ကြည့်နိုင်တယ်လေ..."
"သိပ်ပြီးတော့နားမလည်ဘူး..."
ကောင်မလေးသည် သူမ၏လက်ကိုနောက်ကျောပို့ကာ လက်ညိုးလေးများကို ထိကပ်ရင်းပြောလိုက်သည်။
"နားမလည်တာ ပိုမကောင်းဘူးလား..."
ယဲ့ပိုင်က ပေါ့ပေါ့ပါးပါးပြန်ပြောလိုက်သည်။
"ကောင်းပြီ သခင်လေး...ခုကစပြီးတော့ ဘယ်ကိုသွားဖို့စီစဉ်ထားလဲ..."
ကောင်မလေးက ကြုံရာကျပန်းမေးခွန်းတစ်ခုကို မေးမြန်းလိုက်သည်။
ယဲ့ပိုင်သည် စက္ကန့်အနည်းငယ်ခန့်နှုတ်ဆိတ်နေပြီး သူ၏ပါးစပ်ကိုဖွင့်လိုက်သည်။
"ငါကဗေဒင်ဆရာဖြစ်နိုင်သလို ဗဟုသုတတွေကိုသင်ကြားပေးတဲ့ဆရာတစ်ယောက်လည်း ဖြစ်နိုင်တာပဲ...သာမန်လူတွေကတော့ သက်ကယ်မိုးတဲ့အိမ်မှာနေပြီး စာအုပ်တွေဖတ် ပန်းတွေကိုစိုက်ပျိုးပြီး ရာသီလေးမျိုးကိုတွေ့ကြုံခံစားနေခဲ့ကြတယ်...နွေရာသီ၊နွေဦးရာသီ၊ဆောင်းရာသီနဲ့ဆောင်းဦးရာသီတွေကို မတူညီတဲ့ရှုခင်းအမျိုးမျိုးနဲ့ပေါင်းစပ်ထားခဲ့တယ်လေ..."
"ကျမလည်း တခါတလေစဉ်းစားမိတယ်...ကိုယ်ချစ်တဲ့သူကိုရှာဖွေပြီး သာမန်ဘဝလေးတစ်ခုကို ဖြတ်သန်းချင်မိတယ်"
ကောင်မလေး၏မျက်လုံးများက အနည်းငယ်မှုန်ဝါးသွားခဲ့ကာ နောက်ကျောသို့ပို့ထားသော သူမ၏ဘက်ကိုဖြည်းညှင်းစွာ ရှေ့ထုတ်ကာ အရှိန်ဖြင့်လှုပ်ယမ်းနေခဲ့သည်။
"ရှာချင်လို့လား..."
ယဲ့ပိုင်က မေးခွန်းထုတ်လိုက်သည်။
ကောင်မလေး၏ပါးပြင်က ချက်ချင်းပင်အနီရောင်ပြောင်းသွားခဲ့ကာ စက္ကန့်အနည်းငယ်ခန့်တွေးတောပြီးမှ ပြောလိုက်သည်။
"တွေ့ပြီ...ဒါပေမဲ့သူကပြန်သွားခဲ့ပြီ..."
"မင်းကတော်တော်တုံးတာပဲ..."
ယဲ့ပိုင်က ခေါင်းခါပြလိုက်သည်။
ကောင်မလေးက ချိုမြိန်သောအပြုံးဖြင့်ပြုံး၍ ပြောလိုက်သည်။
"ကျမက သခင်လေးထက်ပိုသိတယ်ထင်တာပဲ...သခင်လေးကအမြဲတမ်းလေးလေးနက်နက်စကားပြောတတ်တယ်...သခင်လေးကအရမ်းကိုငယ်ပေမဲ့ အမြဲလိုလိုဂရုမစိုက်ဘူး...ပြောလိုက်တဲ့စကားလုံးတိုင်းက လူတွေကိုအချိန်အကြာကြီးတွေးတောရစေတယ်"
"တကယ်လား..."
ယဲ့ပိုင်သည် ခဏလောက်တိတ်ဆိတ်သွားပြီးမှ မေးမြန်းလိုက်သည်။
ကောင်မလေးက ဘေးသို့လှည့်ကြည့်လိုက်သည်။
"အမှန်ပဲ...ဒါကိုသခင်လေးသတိမထားမိဘူးလား..."
"ဖြစ်နိုင်ပါတယ်..."
ယဲ့ပိုင်က ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်သည်။
ကောင်မလေးက လိုက်လျောညီထွေမှုရှိစွာဖြင့် စကားဆက်လိုက်သည်။
"ရှေးဟောင်းမြို့လေးမှာ အဖြစ်အပျက်တွေအများကြီးဖြစ်ပျက်သွားခဲ့တယ်...ဒီနေ့အေးချမ်းသာယာစားသောက်ဆိုင်မှာ ပြသနာဖြစ်ခဲ့ပြီးပြီဆိုတော့ နောက်ထပ်အလုပ်ဆက်လုပ်ဖို့မသင့်တော်တော့ဘူး...မြို့ထဲကနေထွက်သွားရမယ်ထင်တယ်"
"မင်းကဘယ်သွားမလို့လဲ..."
ယဲ့ပိုင်က အနည်းငယ်စိတ်ဝင်စားသွားခဲ့သည်။
ကောင်မလေးက စက္ကန့်အနည်းငယ်လောက်စဉ်းစားပြီး အဖြေပေးလိုက်သည်။
"ခရီးထွက်ပြီးတော့ ကမ္ဘာကြီးကိုစူးစမ်းချင်တယ်..."
"အင်း...မင်းအဲလိုလုပ်သင့်တယ်..."
ယဲ့ပိုင်ကခေါင်းညိတ်ပြလိုက်သည်။ထို့နောက် သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ၏အမူအရာက ပိုမိုလေးနက်လာခဲ့သည်။
"သခင်လေးက အဲလိုထင်လား..."
ကောင်မလေးက ထိုသို့ပြောပြီးနောက် သူမ၏ခြေလှမ်းကိုရပ်တန့်လိုက်သည်။သူမ၏ရှေ့တွင် တံခါးပိတ် လက်လုပ်သစ်သားလက်မှုပစ္စည်းဆိုင်တစ်ခုရှိနေခဲ့သည်။ယခုနှစ်နွေဦးရာသီတွင် အနီရောင်မီးပုံးအသစ်များအား ဤနေရာရှိအမြင့်၌ချိတ်ဆွဲထားခဲ့သော်လည်း အတွင်းဘက်မှအလင်းရောင်က များစွာတောက်ပနေခြင်းမရှိဘဲ အဆုံးမဲ့အထီးကျန်ဆန်မှုကို ပေါ်လွင်စေခဲ့သည်။
"ရောက်ပြီလား..."
ယဲ့ပိုင်က ကောင်မလေး၏နောက်၌ရပ်၍မေးလိုက်သည်။သူ၏ဝတ်ရုံဖြူသည် လေအဝှေ့၌ ညင်သာစွာရွေ့လျားနေခဲ့သည်။
ကောင်မလေးသည် လက်လုပ်သစ်သားလက်မှုပစ္စည်းဆိုင်ရှေ့တွင်ရပ်နေရင်း သူမ၏မျက်နှာ၌အပြုံးတစ်ခုဖြစ်ပေါ်လာကာ ဖြူဖွေးနေသောသွားနှစ်ချောင်းကို ထုတ်ပြလိုက်သည်။
"ဒီနေရာပဲသခင်လေး...အိမ်ရောက်တဲ့ထိပြန်ပို့ပေးလို့ ကျေးဇူးတင်ပါတယ်...ကံမကုန်ရင်တော့ တစ်နေ့မှာပြန်တွေ့နိုင်ဖို့မျှော်လင့်ပါတယ်"
ထို့နောက်တွင် ကောင်မလေးသည် သူမ၏အိတ်ကပ်ထဲမှနေ၍ ရိုးရှင်းသောသော့တစ်ချောင်းကိုထုတ်ယူကာ ရှေးဟောင်းလမ်း၏အလင်းရောင်အောက်တွင် သံချေးအနည်းငယ်တက်နေပြီဖြစ်သော သော့ပေါက်ထဲသို့ထိုးသွင်းလိုက်သည်။
ကလစ်...
စူးရှသောအသံနှင့်အတူ သော့ဖွင့်သံကထွက်ပေါ်လာခဲ့သည်။
ယဲ့ပိုင်သည် လက်နှစ်ဖက်ကိုနောက်ကျောပိုက်ကာ ထိုမြင်ကွင်းကို တည်ငြိမ်စွာရပ်ကြည့်နေခဲ့သည်။
"သခင်လေး...ကျမအထဲဝင်ပါတော့မယ်"
ကောင်မလေးသည် ရှေးဟောင်းသစ်သားတံခါးကို ဖြည်းညှင်းစွာတွန်းဖွင့်လိုက်သည်။အတွင်းပိုင်း၌ မီးအလင်းရောင်မှိန်မှိန်လေးတောက်ပနေသော ဖယောင်းတိုင်တစ်ခု၌ရှိနေသော်လည်း တံခါးဝ၌ရပ်နေသောယဲ့ပိုင်သည် အခန်းတွင်းရှိအခြေအနေကို အသေးစိတ်အစတွေ့မြင်နေခဲ့ရသည်။
အတွင်းပိုင်း၌တွေ့မြင်နေရသော သားရဲရုပ်တုတစ်ခုစီတိုင်းသည် ကွက်ကွက်ကွင်းကွင်းပင် လက်ရာမြှောက်လှပေသည်။
"ကောင်းပြီလေ..."
ယဲ့ပိုင်သည် ရိုးရိုးရှင်းရှင်းပင်တစ်ချက်ကြည့်လိုက်ကာ တိုးတိုးလေးရေရွတ်လိုက်သည်။
ကောင်မလေး၏မျက်နှာပေါ်ရှိ အပြုံးသည်ပျောက်ကွယ်မသွားခဲ့ဘဲ သစ်သားဆိုင်ထဲသို့ဝင်ရောက်သွားပြီးနောက် ယဲ့ပိုင်အားညင်သာစွာလက်ဝှေ့ယမ်းပြလိုက်သည်။
ထို့နောက်တွင် ကောင်မလေးကတံခါးကို ညင်သာစွာပိတ်လိုက်သည်။
သို့သော်လည်း သစ်သားတံခါးသည် လုံးလုံးမပိတ်သွားမှီ အခိုက်အတန့်လေးတွင် ယဲ့ပိုင်သည် ထန်မင်းဆက်၏အဖြူရောင်ဝတ်စုံအား ဝတ်ဆင်ထားသောမိန်းကလေးကိုကြည့်ကာ မေးမြန်းလိုက်သည်။
"မိန်းကလေး...ငါတို့အရင်ကတွေ့ဖူးကြလား..."
ယဲ့ပိုင်၏အသံသည် အကျယ်ကြီးမဟုတ်သော်လည်း ကောင်မလေး၏နားထဲသို့ ရှင်းရှင်းလင်းလင်းပင်တိုးဝင်သွားဆဲဖြစ်သည်။
ထိုအချိန်တွင် တံခါးကိုပိတ်နေသည့်ကောင်မလေး၏လက်သည် ရပ်တန့်သွားကြောင်း ယဲ့ပိုင်တွေ့မြင်လိုက်ရသည်။
"ဖြစ်ကောင်းဖြစ်နိုင်ပါတယ်...ဒါမှမဟုတ် သခင်လေးလူမှားတာပဲဖြစ်ပါလိမ့်မယ်"
ကောင်မလေး၏အသံက တိုးတိုးလေးထွက်ပေါ်လာခဲ့သည်။
နောက်အခိုက်အတန့်တွင် သစ်သားဆိုင်၏တံခါးက အလုံးစုံပိတ်ဆို့သွားခဲ့သည်။
ယဲ့ပိုင်သည်ကား လမ်းမပေါ်၌ရပ်နေဆဲဖြစ်သည်။
ခရီးသွားဧည့်သည်များသည်ကား သူ၏ပတ်ဝန်းကျင်၌ အဆက်မပြတ်သွားလာနေခဲ့ကာ ပတ်ဝန်းကျင်ရှိရှုခင်းများကလည်း အထပ်ထပ်အခါခါပြောင်းလဲနေခဲ့သည်။
ယဲ့ပိုင်သည်ကား ငြိမ်ငြိမ်လေးရှိနေဆဲဖြစ်ကာ အချိန်များကတဖြည်းဖြည်းကုန်လွန်သွားခဲ့ပြီး ရှေးဟောင်းလမ်းကလည်း တဖြည်းဖြည်းတိတ်ဆိတ်သွားခဲ့သည်။
ဆိုင်ပိုင်ရှင်များသည် သူတို့၏မျက်လုံးများ၌ ပျော်ရွှင်မှုအရိပ်အယောင်များရှိနေသော်လည်း မောပန်းနွမ်းနယ်မှုကြောင့် သမ်းဝေကာ ဆိုင်တံခါးကိုပိတ်ချလိုက်ကြသည်။
သို့သော်လည်း ယဲ့ပိုင်က တိတ်ဆိတ်စွာမတ်တပ်ရပ်နေဆဲဖြစ်သည်။လမ်းပေါ်၌ ခရီးသွားအရေအတွက် တဖြည်းဖြည်းလျော့နည်းလာသောကြောင့် သူ၏အတွေးများကလည်း တိတ်ဆိတ်စွာဖြင့်လွှင့်မျောသွားခဲ့သည်။
ထိုနေ့က ဝတ်စုံဖြူဝတ်လူငယ်လေးသည် တောရိုင်းကြိုးကြာများနှင့်တိမ်ဖြူများအား ဖြတ်သန်းကာ ရွာငယ်လေးတစ်ခုသို့ ဖြတ်သွားခဲ့သည်။
ထိုရွာလေး၌ လူသူကင်းမဲ့နေသောကျမ်းစာဆောင်တစ်ခုရှိကာ အနီးအနားတွင် အမွှေးနံ့သာပေါင်းတို့ဖြင့် ရစ်ပတ်ထားသော ကျမ်းဂန်ကြုတ်တစ်ခုရှိပေသည်။လူငယ်သည် စိတ်အားထက်သန်စွာဖြင့် သစ်ပင်ပေါ်၌ထိုင်ချလိုက်ကာ ကျမ်းစာကြုတ်ကို ညင်သာစွာလှည့်လိုက်သည်။
ကြုတ်ကိုဖွင့်လိုက်ချိန်၌ အသံကရုတ်တရက်ထွက်ပေါ်လာခဲ့သည်။
အပြင်ဘက်၌ကစားနေသောကောင်လေးက ခေါင်းညိတ်ပြလိုက်ပြီး အမှန်တကယ်သိချင်နေသောလေသံဖြင့် မေးမြန်းလိုက်သည်။
"မင်းက တခြားတစ်ယောက်ယောက်နဲ့ အစားထိုးဖို့ကြိုးစားနေတာလား"
လူငယ်ကခေါင်းခါပြလိုက်သည်။
"ငါတစ်ယောက်ယောက်ကို စောင့်နေတာပဲ..."
ကောင်လေးသည် ထိုအကြောင်းကိုမှန်းဆကြည့်သော်လည်း ခန့်မှန်း၍မရသည့်အဆုံး ခေါင်းကုတ်၍ပြောလိုက်သည်။
"ဒါဆိုရင် မင်းစောင့်နေတာဘယ်လောက်တောင်ကြာသွားပြီလဲ..."
"သံသရာစက်ဝန်းပေါင်းများစွာ..."
လူငယ်က ထူးထူးခြားခြားပြန်ဖြေလိုက်သည်။
ကောင်လေးသည် လူငယ်၏အဖြေကြောင့် အံ့သြကာထွက်ခွာသွားခဲ့သည်။လူငယ်သည် ကျမ်းစာကြုတ်အား ချထားလိုက်ကာ ဝတ်ရုံဖြူကိုဝတ်ဆင်၍ လက်ကိုနောက်ကျောပိုက်ကာ ခရီးဆက်ခဲ့သည်။
ရှေးဟောင်းလမ်း၌ အချိန်ကလျင်မြန်စွာကုန်ဆုံးသွားခဲ့သည်။အချိန်အတော်ကြာပြီးနောက် လမ်းဘေးဝဲယာတွင် ယဲ့ပိုင်တစ်ယောက်သာကျန်ခဲ့တော့သည်။ယဲ့ပိုင်သည် သူ၏အတွေးများကိုပြန်လည်စုစည်းလိုက်ပြီးနောက် သစ်သားတံခါးမှအကြည့်ကိုဖယ်ခွာ၍ အဝေးသို့လှည်းကြည့်ကာ တိုးတိုးလေးရေရွတ်လိုက်သည်။
"အဲ့နေ့က ကျမ်းစာဆောင်မှာ မီးရှို့ပူဇော်ထားတဲ့အမွှေးနံ့သာတွေကြား ငါမျက်လုံးမှိတ်လိုက်ချိန်မှာ ကျမ်းဂန်ကိုရွတ်ဖတ်နေတဲ့အသံကိုကြားခဲ့ရတယ်...ဒါဟာထူးကဲသာလွန်မှုအတွက်မဟုတ်ဘဲ မင်းရဲ့လက်ချောင်းထိပ်တွေနဲ့ထိတွေ့မိဖို့ ကျမ်းစာကြုတ်တွေကို ငါခါယမ်းခဲ့တယ်..."
ထိုကဗျာအား ရွတ်ဆိုလိုက်ပြီးနောက် ယဲ့ပိုင်သည် အမှတ်၃၂ရှေးဟောင်းလမ်းမှ ပြခန်းသို့ပြန်သွားခဲ့သည်။
ကောင်းကင်သည် ပိုမိုတောက်ပလာခဲ့ကာ မိုးကုပ်စက်ဝိုင်းမှနေ၍ နေဝန်းကတိတ်ဆိတ်စွာစတင်ထွက်ပေါ်လာခဲ့သည်။
ကားတစ်စီးသည် မနက်ခင်း၌နိုးထလာသော ရှေးဟောင်းလမ်းကိုဖြတ်ရင်း ပြခန်းဆီသို့တည့်တည့်မတ်မတ်ဦးတည်လာခဲ့သည်။